← Chapters

သံသယများ ဖြေရှင်းခြင်း

Vol. 03 Ch. 140

သံသယများ ဖြေရှင်းခြင်း

Vol. 03 Ch. 140

ဂူရှောင်ရွှဲ့ မျက်မှောင်ကြုတ်သွားသည်။ အိုးရန်လူလူအား တွေ့ခြင်းအတွက် သူမ အလွန် ပျော်ရွှင်မိသော်လည်း သည်နေ့ ထန်ရှုနှင့် ဆွေးနွေးမည့် အကြောင်းအရာသည် အလွန်အမင်း အရေးကြီးသည်။ ထို့ပြင် အိုးရန်လူလူနှင့် ထန်ရှု မည်သည့်အတွက်ကြောင့် အတူရှိနေရခြင်းသည် သူမအတွက် အလွန်ထူးဆန်းနေသည်။ ချက်ချင်း သူမသည် ထန်ရှုအား မျက်ဝန်းများဖြင့် မေးလိုက်သည်။

“ငါ သူမကို ကားမောင်းသူအဖြစ် ခဏခေါ်လာတာ။ သူမကို ပြန်သွားပါလို့ ပြောတာမရဘူး။ အဲ့ဒါကြောင့် နင့်အလှည့်”

ထန်ရှုသည် ဂူရှောင်ရွှဲ့ရှေ့သို့လာကာ ပေါ့ပေါ့ပါးပါး ပြောပြသည်။

ဂူရှောင်ရွှဲ့ ရုတ်ခြည်းပင် နားလည်သွားသည်။ တောင်းပန်သော အမူအရာဖြင့် သူမသည် အိုးရန်လူလူအား ကြည့်ကာ ပြောလိုက်သည်။

“လူလူ ... ကြယ်တာရာမှာ နင့်ကို တွေ့ရတာ ငါလည်း အရမ်းဝမ်းသာပါတယ်။ ဒါပေမဲ့ ငါနဲ့ထန်ရှုက အလွန်အရေးကြီးတဲ့ အကြောင်းအရာ တစ်ခုကို ဆွေးနွေးဖို့ ရှိလို့ ငါတို့ကို အချိန်အချို့ပေးပြီး ထွက်သွားပေးလို့ရမလား။ ကျင်းမန်ကျွန်း ပြန်ရောက်တာနဲ့ ငါ နင့်ကို ဆက်သွယ်ပါမယ်”

“ဘာ ...”

အိုးရန်လူလူ၏ ခေါင်းထဲတွင် လျှပ်စီးလက်သွားသည့်နှယ် ဖြစ်သည်။ ဂူရှောင်ရွှဲ့သည် ထန်ရှုပြောသည့် အတိုင်းပင် ပြောလိမ့်မည်ဟု သူမ မထင်ထားမိချေ။

ဒါလား ... သူမရဲ့ညီမကောင်း။

ဂူရှောင်ရွှဲ့က တကယ်ကို ထန်ရှုအပေါ် ချစ်ကြိုက်သွားတာ ဖြစ်နိုင်လား။ ဘာမှ မသိတော့တဲ့ပုံ ဖြစ်သွားနိုင်လား။

အိုးရန်လူလူသည် ထန်ရှုနှင့် ဂူရှောင်ရွှဲ့အား ကြည့်လိုက်သည်။ ကူကယ်ရာမဲ့ကာ အတော်စိတ်ဓာတ် ကျနေသည့်ဟန်ဖြင့် ခေါင်းညိတ်ကာ သူမ ပြောလိုက်သည်။

“အဲ့လိုဆိုမှဖြင့် နင်တို့ စကားပြောကြပါ။ ငါ အရင်သွားလိုက်မယ်”

အနီးအနားရှိ ကြည့်နေသူများသည် လင့်ရိုဗာကား မြင်ကတည်းက စပ်စုနေကြသည်။ သူတို့သည် အိုးရန်လူလူနှင့် ထန်ရှု ထွက်လာသည်ကို မြင်သောအခါ ချက်ချင်း ကြောင်ငေးသွားကြရသည်။

အိုးရန်လူလူအပေါ်သို့ ထိုလူများ၏၉၉% မျက်လုံးများ ကျရောက်နေသောကြောင့် ထိုလူများသည် ထန်ရှုအား လျစ်လျူရှုထားကြသည်။ အဘယ့်ကြောင့်ဆိုသော် သူမ၏အလှသွင်ပြင်သည် စကတ်အဖြူ ဝတ်ဆင်ထားသော နတ်သမီးလေးနှင့် နှိုင်းယှဉ်လုနီးပါး လှပနေသောကြောင့်ဖြစ်သည်။

“ဘောပဲကွာ။ ဂေါ်ဖီထုပ် အကောင်းစားတွေကို ဝက်စားသွားသလိုပဲ”

ထန်ရှုအား မြင်သောခဏတွင် ထိုလူများသည် အားကျသော မျက်ဝန်းများဖြင့် ကြည့်နေကြသည်။ သို့သော် အိုးရန်လူလူသည် လင်ရိုဗာကားဆီသို့ ပြန်သွားကာ တန်းမောင်းထွက်သွားသည်ကို  သူတို့ တွေ့လိုက်ကြသည်။ ထန်ရှုနှင့် ဂူရှောင်ရွှဲ့တို့၂ယောက် အဆောက်အဦ၏ အနောက်ဘက်သို့ လျှောက်သွားသည်ကို မီးတောက်နေသော အမူအရာများဖြင့် သူတို့ မြင်လိုက်ကြရသည်။

“ငါပဲ ကန်းသွားတာလား။ ဒီနတ်သမီး၂ပါးကပဲ ကန်းနေတာလား။ ဒီငနဲနဲ့ သူတို့ဘယ်လို ပတ်သက်နေတာပါလိမ့်”

“ယီးလိုပဲ။ အဲဒီဘဲက ဘယ်က ထွက်လာတာလဲ။ နတ်သမီးလေးတစ်ပါးတောင်မှ သူ့နောက် လိုက်သွားရတယ်”

“ဘုရားရေ ... ငါ့အသည်းတွေ ကွဲပါပြီကွာ။ ငါ့ရဲ့အိပ်မက်ချစ်သူက တခြားအမျိုးသားနဲ့”

“ငါ အဲဒီကောင်ကို အရေဆုတ်ချင်တယ်။ ဘယ်လိုတောင် အလှလေးတွေနဲ့ ကံကောင်းနေရတာလဲ”

“ ...”

ထန်ရှုနှင့် ဂူရှောင်ရွှဲ့သည် မည်သည့်စကားမျှ မဆိုဘဲ တိတ်ဆိတ်စွာဖြင့် ဘေးချင်းကပ် လျှောက်လာကြသည်။ ကြယ်အလင်းအဆောက်အဦ၏ ၄လွှာတွင် နာမည်ကြီး မြင်ကွင်းလှသော၊ ပြတင်းပေါက်များအနီးတွင် ထိုင်ခြင်းဖြင့် မြို့ဧရိယာအား ကြည့်နိုင်သော ကော်ဖီဆိုင်ရှိသည်။

“ဘာမှာပါမလဲ”

လှပသော အမျိုးသမီး စားပွဲထိုးရောက်လာပြီး ဝန်ဆောင်မှုပေးသော အပြုံးဖြင့် မေးလိုက်သည်။

“ရေသန့် ...”

“ရေသန့် ...”

ထန်ရှုနှင့် ဂူရှောင်ရွှဲ့ ပြိုင်တူ ပြောမိခြင်းဖြစ်သည်။

အံ့အားသင့်စွာဖြင့် စားပွဲထိုးသည် သူတို့အား ကြည့်လိုက်သည်။ မည်သည့်အကြောင်းကြောင့် သည်ကော်ဖီဆိုင်သို့လာကာ ရေသန့်ပဲ မှာနေသည်ကို သူမ နားမလည်ပါချေ။ သို့သော်လည်း စားသုံးသူသည် နတ်ဘုရားအလား ဖြစ်သောကြောင့် စားသုံးသူ မှာကြားသည့်အတိုင်း သူမ ဆောင်ရွက်ပေးရမည်ဖြစ်သည်။ ထို့နောက် သူမသည် အပြုံးမပျက်စေရဘဲ ပြောလေသည်။

“ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါရှင်”

ဂူရှောင်ရွှဲ့၏ လှပသော မျက်ဝန်းများသည် ထန်ရှုအား ကြည့်နေကာ လေးနက်သောအသံဖြင့် စတင်ပြောလိုက်သည်။

“ဖုန်းထဲမှာတုန်းက နင်က ရေနဂါးထောင်အစီအရင်နဲ့ ထောင်ပေါင်းများစွာ ချိုးဖြတ်ခြင်း အစီအရင်ကို ဖန်တီးတဲ့သူလို့ ပြောခဲ့တယ်နော်။ အဲ့ဒါ အမှန်ပဲလား”

သူ၏စိတ်ဝိညာဉ်အာရုံဖြင့် ထန်ရှုသည် အနီးပတ်ဝန်းကျင်အား စစ်ဆေးလိုက်ပြီးနောက် မီတာရာပေါင်းများစွာ အတွင်း မည်သည့် ကျင့်ကြံသူမှ မရှိကြောင်း သေချာသွားတော့မှ စိတ်သက်သာရာ ရသွားပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“မှန်တယ်။ ငါ ဖန်တီးခဲ့တာ”

ဂူရှောင်ရွှဲ့၏ ခန္ဓာကိုယ်သည် ချက်ချင်း တောင့်တင်းသွားပြီး

“ငါ သိသလောက်ဆိုရင် ရေနဂါးထောင် အစီအရင်နဲ့ ထောင်ပေါင်းများစွာ ချိုးဖြတ်ခြင်း အစီအရင်က

အင်မော်တယ်ကမ္ဘာက ထူးချွန်တဲ့ ကျင့်ကြံသူတစ်ယောက်ဆီက လာတာ။ သူ့နာမည်က နင်နဲ့တူတယ်။ ထန်ရှုပဲ။ နင်တို့ ၂ယောက်ကြားက ပတ်သက်မှုကို ရှင်းပြပေးနိုင်မလား”

ထန်ရှု သက်ပြင်းတစ်ချက်ချလျက်

“ကြည့်ရတာ နင် တကယ်ကို အများကြီး သိထားတာပဲ။ အစက အင်မော်တယ်ကမ္ဘာက လူတွေ ကမ္ဘာကို လာလိမ့်မယ်ဆိုတာ ငါ မယုံဘူး။ ဒါပေမဲ့ ဒါတွေက အမှန်လို့ ယူဆရမှာလား။ နင့်ရဲ့မေးခွန်းကို ငါ မဖြေခင်မှာ နင့်ဆရာ ဘယ်သူလဲဆိုတာတော့ ငါ့ကို ပြောရမယ်။ ဘာကြောင့် ထာဝရခိုင်မြဲခန်းမမှာ ရေနဂါးထောင် အစီအရင်နဲ့ ထောင်ပေါင်းများစွာ ချိုးဖြတ်ခြင်း အစီအရင် ရှိနေရတာလဲ”

“ဂူယန်အာ ငါ နင့်ကို ပြောပြဖူးပါတယ်”

ထန်ရှု ခေါင်းကိုယမ်းကာ အလေးအနက်ထား ပြောလိုက်သည်။

“ငါ နာမည် မေးတာ မဟုတ်ဘူး။ သူမရဲ့ဇာစ်မြစ်ကို သိချင်တာ”

ဂူရွှဲ့အာသည် ထန်ရှုအား နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်သည်။ အချိန်အတန်ကြာအောင် တိတ်ဆိတ်နေပြီးနောက်  သူမသည် ဖြည်းညင်းစွာ တုံ့ပြန်လာခဲ့သည်။

“နင်က အင်မော်တယ်ကမ္ဘာကို သိနေတယ်ဆိုတော့ ငါ ပြောပြပါမယ်။ ငါ့ဆရာကလည်း အင်မော်တယ်ကမ္ဘာက လာခဲ့တာပါ”

ထန်ရှုသည် သူ၏အတွင်းစိတ်နှလုံးမှ စိတ်လှုပ်ရှားမှုကြောင့် ဝုန်းကနဲပင် မတ်တတ်ရပ်လိုက်မိသည်။

သူ၏ကိုယ်လုံးသည် တုန်ခါလျက် လက်နှစ်ဖက်သည် စားပွဲအစွန်းအား ကိုင်ထားကာ ဂူရှောင်ရွှဲ့၏မျက်လုံးများအား စိုက်ကြည့်လျက် တစ်လုံးချင်း ပြောလိုက်သည်။

“နင် အစားကို ကြုံသလို စားနိုင်တယ်။ စကားကို လက်လွတ်စပယ် မပြောရဘူး။ အင်မော်တယ်ကမ္ဘာနဲ့ ဒီကမ္ဘာက ၃ဖက်မြင် ဒိုင်မင်းရှင်းတစ်ခု ရှိတယ်။ အဲ့ဒါအပြင် အင်မော်တယ်ကမ္ဘာနဲ့ ဒီကမ္ဘာကို ဆက်သွယ်တဲ့ လမ်းကြောင်းမရှိဘူး။ အဲ့ဒါကြောင့် နင့်ဆရာမက ဒီကမ္ဘာကို ဘယ်လိုလာတာလဲ”

ဂူရှောင်ရွှဲ့သည် ထန်ရှု၏မယုံသင်္ကာ ဆက်ဆံခြင်းအား လက်မခံချေ။ သူမသည် ထန်ရှုအား ပြန်စိုက်ကြည့်လိုက်ပြီး

“ပုံမှန်အားဖြင့် ငါ့ဆရာမှာ သူမရဲ့ကိုယ်ပိုင်နည်းတွေ အများကြီး ရှိတယ်။ ငါ နင့်မေးခွန်းတွေ ဖြေပြီးသွားပြီ။ အခု နင်ဖြေရမယ့်အလှည့်”

ထန်ရှု ငြိမ်ကျသွားသည်။ သူ၏နေရာတွင် ပြန်ထိုင်လိုက်ပြီး မျက်လုံးများအား ဖြည်းညင်းစွာ မှိတ်ထားလိုက်သည်။

အချိန်အတန်ကြာပြီးနောက် ...

ထန်ရှုသည် တောက်ပသော မျက်လုံးများအား ဖွင့်ကြည်လာကာ အမူအရာ ကင်းမဲ့စွာဖြင့် ပြောလေသည်။

“ငါ နင့်ကို နောက်ဆုံး မေးခွန်းတစ်ခု မေးချင်တယ်။ နင့်အဖြေတွေအားလုံးကို ငါကျေနပ်တယ်ဆိုရင် နင့်မေးခွန်းတွေ ငါ ဖြေမယ်”

“မေးပါ” ဂူရှောင်ရွှဲ့ မျက်ခုံးများ တွန့်သွားသော်လည်း ပြန်ဖြေသည်။

“နင် ဒီနာမည်တွေ ကြားဖူးလား။ နတ်သမီး ဝမ်ဟွား၊ ကြီးမြတ်သောအင်ပါယာ တန်ကျင်းနဲ့ ဇီသာနတ်ဆိုး ကျိုးယောင်”

နတ်သမီး ဝမ်ဟွား ...

ကြီးမြတ်သောအင်ပါယာ တန်ကျင်း ...

ဇီသာနတ်ဆိုး ကျိုးယောင် ...

လူသတ်လိုသည့် အေးစက်သော အော်ရာသည် ဂူရှောင်ရွှဲ့ထံမှ ထွက်ပေါ်လာပြီး လေသံမာမာဖြင့် ပြောတော့သည်။

“မရေမတွက်နိုင်လောက်အောင် ဒီနာမည်တွေကို ငါ့ဆရာ သတိလစ်နေတဲ့အချိန်မှာ ရေရွတ်နေတာ ကြားဖူးတယ်။ သူတိုအားလုံး ငရဲရောက်မယ့်သူတွေ သူတို့အားလုံး သေကိုသေရမယ်”

သူတို့အားလုံး သေကိုသေရမယ်တဲ့လား ...

လူသတ်လိုသည့် အော်ရာအား ဂူရှောင်ရွှဲ့ထံမှ ခံစားမိသောကြောင့် ထန်ရှု၏နှလုံးသားသည် တုန်လှုပ်လာခဲ့သည်။

ထိုတစ်ခဏ အတွင်းမှာပင် သူ၏ချစ်လှစွာသော တပည့်မလေးသည် အသက်ရှင်လျက် ရှိနေသေးကြောင်း နောက်ဆုံးတွင် သူ ကောက်ချက်ချနိုင်ခဲ့သည်။ သူမသည် အသက်ရှင် နေသေးရုံသာမက သူမည်ကဲ့သို့ ဖြစ်ပျက်နေသည်ကိုလည်း သိနေခဲ့သည်။ ပိုပြီး အရေးကြီးလှစွာ သူမသည် သူ့အား သစ္စာဖောက်ခဲ့သော ထိုဆိုးယုတ်သောသူများအား မုန်းတီးနေခဲ့ပြီး သတ်ဖြတ်လိုသည့် ပြင်းထန်သော ရည်ရွယ်ချက်ပင် ရှိနေခဲ့သည်။

“ဟူး ...”

သူ အစိုးရိမ်ဆုံးသော အရာများသည် ဖြစ်မလာခဲ့ပါပေ။ သည်အရာသည် သူ့အား ပျော်ရွှင်စေသည့်နည်းတူ သူ စောင့်ရှောက်ကြီးပြင်း လာစေခဲ့သော သူ၏တပည့်မလေးအား လွမ်းဆွတ်သောစိတ်သည်လည်း တိုးမြင့်လာခဲ့သည်။

သူသည် ဂူရှောင်ရွှဲ့အား ကြည့်ကာ အလေးအနက် ဆိုလိုက်သည်။

“အင်မော်တယ်ကမ္ဘာမှာ မထင်မှတ်တာတွေ ဖြစ်ပျက်ခဲ့ပြီး အပြောင်းအလဲတွေ ဖြစ်ခဲ့တယ်။ နှစ်ပေါင်းတစ်သောင်း အင်မော်တယ်ကမ္ဘာမှာ ငါ နေထိုင်ခဲ့တယ်။ လျှပ်တစ်ပြက်အတွင်းမှာ ပျက်စီးသွားခဲ့တယ်။ ငါ့ရဲ့စိတ်ဝိညာဉ်က မပျက်စီးဘဲ ဒီကမ္ဘာကို ပြန်ရောက်လာတယ်။ ဒီဘဝမှာ ငါ အလွမ်းဆုံးလူတွေ ရှိသလို ငါ အမုန်းဆုံးလူတွေလည်း ရှိတယ်။ တစ်ခါတုန်းက ငါ တပည့်တစ်ယောက် လက်ခံခဲ့ဖူးတယ်။ သူမနာမည်က ဂူယန်အာတဲ့။ အဲဒီနာမည်က ငါ သူမကို ပေးခဲ့တဲ့နာမည်ပေါ့။ သူမကို မွေးစားခဲ့တယ်။ ကျွေးမွေးစောင့်ရှောက်ရင်း ကြီးပြင်းလာစေတယ်။ ကံမကောင်းအကြောင်းမလှတော့ ....”

ဂူရွှဲ့အာသည် ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။ သူမ၏ကိုယ်လုံးလေးသည် သိသိသာသာပင် တုန်ယင်နေပြီး သူ၏အမှတ်တရ မှတ်ဉာဏ်များအား ပြန်လည်စုစည်းနေဟန်ရှိသော ထန်ရှုအား ကြည့်လိုက်သည်။ ကော်ဖီဆိုင်ထဲမှ ကြည့်နေကြသော လူများ၏ မျက်လုံးများအား ဂရုမစိုက်ဘဲ သူမသည် စားပွဲအား ပတ်လာကာ ဒူးထောက်လျက် တုန်ယင်သောအသံဖြင့် ပြောလိုက်သည်။

“မြေးတပည့် ဂူရှောင်ရွှဲ့ ... ဆရာအဘိုးကို ဂါရဝပြုပါတယ်”

ထန်ရှု အလျင်စလို မေးလိုက်သည်။

“နင့်ရဲ့ဆရာက တကယ်ကို ငါ့တပည့်လား”

“ဟုတ်ပါတယ်” ဂူရှောင်ရွှဲ့၏အဖြေသည် လုံးဝသေချာခိုင်မာသည်။

“သူမ ဘယ်မှာလဲ”

“ထာဝရခိုင်မြဲခန်းမမှာ ရှိပါတယ်”

ထန်ရှု၏မျက်လုံးများ  ဝိုင်းစက်သွားသည်။ တွေဝေခြင်းမရှိဘဲ သူ ပြောလိုက်သည်။

“အခုကျင်းမန်ကျွန်းကို သွားကြစို့။ ထာဝရခိုင်မြဲခန်းမကို ချက်ချင်း သွားမယ်”

အချိန်များ ကုန်ဆုံးသည်မှာ မြားတစ်စင်းအလားပင်။

ဆရာတစ်ယောက်သည် အဖေတစ်ယောက်လည်း ဖြစ်သည်။ နောက်ဆုံးတွင်  သူ၏တပည့်မလေးသတင်းအား သူ ရခဲ့လေပြီ။ သူ မစောင့်နိုင်တော့ဘဲ အတောင်များရှိပါက ချက်ချင်းပင် ကျင်းမန်ကျွန်းမှ ထာဝရခိုင်မြဲခန်းမရှိ တပည့်မလေးအား တွေ့လိုလှသည်။ သူ့တွင် မေးချင်နေသည်များ ရှိသည်။ အတိတ်တွင် မည်သည့်အကြောင်းကြောင့် သူမထံမှ ဘာသတင်းမှ မရရှိပါသနည်း။ မည်သည့်အကြောင်းကြောင့် နှစ်ထောင်ပေါင်းများစွာအထိ သူမအား သူလိုက်ရှာလို့ မတွေ့ရပါသနည်း။

ဂူရှောင်ရွှဲ့သည် မတ်တတ်ရပ်လိုက်သော်လည်း အပြင်သို့သွားရန် ထန်ရှု နောက်သို့မလိုက်ပေ။ သူမ၏မျက်နှာထက်တွင် စကားပြောချင်သေးသည့် အမူအရာသည် အထင်းသားရှိနေသော်လည်း ထိုသို့ပြုလုပ်ရန် သူမ တွေဝေနေခဲ့သည်။ ထန်ရှု ခြေလှမ်းဒါဇင်ပေါင်းများစွာ လှမ်းထွက်သွားသည်ကို ကြည့်ပြီး သူမသည် အားယူပြုံးကာ ပြောလိုက်သည်။

“ဆရာအဘိုး ... ကျေးဇူးပြုပြီး စောင့်ပေးနိုင်မလား”

ထန်ရှုသည် သူ၏ခြေလှမ်းများရပ်ကာ လှည့်ကြည့်လိုက်ပြီး အံ့အားသင့်စွာဖြင့် မေးတော့သည်။

“နင် ထွက်မလာရသေးဘူးလား”

ဂူရှောင်ရွှဲ့သည် ထန်ရှုဆီ အေးဆေးစွာ လျှောက်လာပြီး မချိပြုံး ပြုံးကာ ပြောလိုက်သည်။

“ဆရာအဘိုး ... အရင်ဆုံး  နေရာကို ပြန်သွားရအောင်။ ငါ ပြောပြစရာအချို့ ရှိနေသေးတယ်။ အဲ့ဒါတွေ ပြောပြီးသွားတော့မှ ကျင်းမန်ကျွန်းကို အခု သွားမယ် မသွားဘူး ဆရာအဘိုး ဆုံးဖြတ်နိုင်တယ်”

ထန်ရှု၏မျက်ခုံးများ တွန့်ချိုးသွားရသည်။ သူသည် ဂူရှောင်ရွှဲ့အား ခဏကြာအောင် စိုက်ကြည့်ပြီးနောက် နေရာသို့ ပြန်သွားကာ ထိုင်လိုက်သည်။ သူ၏အရှေ့မှ ဂူရှောင်ရွှဲ့အား ကြည့်ကာ

“ပြောပါ။ ငါ နားထောင်နေတယ်”

ဂူရှောင်ရွှဲ့သည် ခပ်ဖွဖွ ခေါင်းညိတ်လိုက်ကာ

“ဆရာအဘိုး ... နေရာလွတ် မှော်အစီအရင်ကို ကြားဖူးလား”

နေရာလွတ် မှော်အစီအရင် ဟုတ်လား။

သည်အရာသည် အရိပ်နတ်ဆိုး ကျူးဝူရှို့ မည်သည့်အခါမျှ လက်ဆင့်မကမ်းခဲ့သော၊ မပြသခဲ့သော အရာမဟုတ်ပေဘူးလား။ အင်မော်တယ်ကမ္ဘာတွင် ကျူးဝူရှို့သည် အသန်မာဆုံးသော ပညာရှင်များထဲမှ တစ်ယောက်ဖြစ်ပြီး သူသည် အချိန်နှင့် နေရာလွတ်အား နားလည်သူလည်း ဖြစ်သည်။ သူသည် စွမ်းအားရှိသော  နေရာလွတ် မှော်အစီအရင်အား ဖန်တီးခဲ့သည်။ အင်မော်တယ်ကမ္ဘာတွင် အလျင်မြန်ဆုံးနှင့် ထူးထူးဆန်းဆန်း အရာများအား အမြဲရှာဖွေသူအား ပြပါဆိုလျှင် သံသယမရှိ အရိပ်နတ်ဆိုး ကျူးဝူရှို့အား ပြရမည်ဖြစ်သည်။

“ငါ သိတယ်” ထန်ရှုသည် ခေါင်းညိတ်ကာ ဖြေလိုက်သည်။

ဂူရှောင်ရွှဲ့ ဖြည်းညင်းစွာ ဆက်ပြောပြသည်။

“လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ငါ့ဆရာက အချိန်ကျွန်းကို ထိုးဖောက်ပြီး စွန့်စားမှုကြီးတစ်ခု လုပ်ခဲ့တယ်။ နည်းလမ်းတိုင်းကိုတွေးပြီးတော့ အရိပ်နတ်ဆိုး ကျူးဝူရှို့ကို ယှဉ်ပြိုင်နိုင်တဲ့ စီစဉ်မှုကို လုပ်မယ်ဆိုတဲ့ အတွေးနဲ့ပေါ့။ သူ့ရဲ့ပင်မတပည့် ဖြစ်လာခဲ့ပြီး အဲဒီ နေရာလွတ်မှော်အစီအရင်ကို ရအောင် ယူခဲ့တယ်။ ဆရာက အဲဒီအစီအရင်ကို နားလည်ဖို့ အကြိမ်ပေါင်းများစွာ အာရုံစူးစိုက်ခဲ့တယ်။ ကျူးဝူရှို့ကလည်း ဆရာ့နောက်ကို နှစ်ထောင်ပေါင်းများစွာ လိုက်လံဖမ်းဆီးတယ်။ နောက်ဆုံးမှာ ဆရာက အဲဒီ နေရာလွတ်မှော်အစီအရင်ကို နှံ့နှံ့စပ်စပ် နားလည်ခဲ့တယ်။ နောက်ဆုံးတစ်ကြိမ် ဆရာ အဲဒီအစီအရင်ကို သုံးတဲ့အချိန်မှာ ကျူးဝူရှို့က ဆရာ့ကို ဆည်းဆာ အိပ်မက်ဆိုးနဲ့ ဒဏ်ရာပြင်းထန်စွာ ရအောင် လုပ်ခဲ့တယ်”

“နင် ဘာပြောလိုက်တယ်”

ထန်ရှု၏မျက်နှာသည် အကြီးအကျယ် ပျက်သွားပြီး သူ၏ရင်ထဲမှ သံသယအားလုံးသည် ကွယ်ပျောက်သွားရပြီဖြစ်သည်။

နောက်ဆုံးတွင် သူ၏တပည့်မလေးသည် ဘာကြောင့် ကမ္ဘာမြေသို့ လာနိုင်သည်ကို သူ သိသွားပေပြီ။

အင်မော်တယ်ကမ္ဘာရှိ ပညာရှင်ကြီးများကြားတွင် ကမ္ဘာမြေအား လာနိုင်သည်ဟု မျှော်လင့်ရသူမှာ အချိန်နှင့် နေရာလွတ်၏ လျှို့ဝှက်ချက်အား နားလည်သူ ကျူးဝူရှို့သာ ဖြစ်သည်။ သူ၏ပါဝင်မှုနှင့် ကျူးဝူရှို့တွင် သူ့အား ပေးဆပ်ရန် အကြွေးစာရင်း အချို့ရှိပါက သူသည် ကမ္ဘာမြေတွင် ရှာနိုင်ပေမည်။ သို့သော် အင်မော်တယ်ကမ္ဘာတွင် ထန်ရှုနေစဉ်က သူ့တွင် အဆက်အသွယ် အနည်းငယ်သာ ရှိပြီး သူတို့အကြားတွင်  အကြွေးမရှိချေ။  ထို့ပြင် သူသည်  ကမ္ဘာမြေ၏ နေရာလွတ်အား တွက်ချက်ရန် စွမ်းရည်တစ်ခုရှိရမည် ဖြစ်သည်။ ထိုအရာသည် ကောင်းကင်ဘုံအင်ပါယာ၏ ကြယ်ရွေ့လျားမှုအား ခန့်မှန်းခြင်းပညာ၏ အဆုံးမဲ့ လျှို့ဝှက်ချက်အား သင်ယူခြင်းဖြစ်သည်။ တစ်နည်းဆိုရသော် ကျူးဝူရှို့သည်လည်း ကမ္ဘာမြေသို့ မလာနိုင်ချေ။

သူ၏ချစ်လှစွာသော တပည့်မလေးသည် နေရာလွတ်အစီအရင်အား သင်ယူထားရုံမက ကောင်းကင်ဘုံအင်ပါယာ၏ ကြယ်ရွေ့လျားမှုအား ခန့်မှန်းခြင်းပညာ၏ အဆုံးမဲ့ လျှို့ဝှက်ချက်အား သင်ယူခြင်းပညာကိုလည်း တတ်မြောက်ထားပေသည်ဟု ထန်ရှု ခိုင်မာစွာ ပြောနိုင်သည်။

“နင် ပြီးပြီလား” ထန်ရှုသည် ဂူရှောင်ရွှဲ့အား လေးလေးနက်နက် ကြည့်ကာ ပြောလိုက်သည်။

ဂူရှောင်ရွှဲ့ ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဆရာ့အကြောင်း သိသမျှ ဒါအကုန်ပါပဲ။’

ထန်ရှုသည် မတ်တတ်ရပ်ကာ ပြောလိုက်သည်။

“ကျင်းမန်ကျွန်းကို သွားကြစို့”

သူတို့သည် လေဆိပ်သို့ ကားဖြင့် ရောက်လာသောအခါ ထန်ရှု စိတ်ဓာတ်ကျသွားသည်။ ကျင်းမန်ကျွန်းသို့ နေ့စဉ် လေယာဉ်၂စင်းသာ ထွက်သည်။ နောက်ဆုံးလေယာဉ် ထွက်သွားသည်မှာ မိနစ်၂၀ကြာခဲ့ပြီ ဖြစ်သည်။ သူ ဒီနေ့ ကျင်းမန်ကျွန်းသို့ သွားလိုပါက အခြားနည်း ရှာရန် လိုအပ်သည်။

သို့သော်လည်း အခြားနည်းသည် အချိန်များစွာ ယူသည်။ သည်အရာသည် ထန်ရှုအား သည်းမခံနိုင်လောက်အောင် စိတ်မရှည်မှု ဖြစ်ရသည်။

“ကူညီနိုင်မယ့်သူ တစ်ယောက်တော့ရှိတယ်” ထန်ရှုဘေးတွင် ရပ်နေသော ဂူရှောင်ရွှဲ့သည် တွေးဆသော အမူအရာဖြင့် ပြောလိုက်သည်။

“ဘယ်သူ့ကို နင် စဉ်းစားမိလဲ” ထန်ရှု မေးလိုက်သည်။

***

All Chapters