တုန်လှုပ်ခဲ့ရသည့် အိုးရန်လူလူ
Vol. 03 Ch. 141
ဂူရှောင်ရွှဲ့၏အေးစက်လှပသော မျက်နှာထက်တွင် အပြုံးနုနုတစ်ပွင့် ပွင့်လန်းလာခဲ့သောကြောင့် နူးညံ့သွားခဲ့ရသည်။
“အိုးရန်လူလူက ချမ်းသာတဲ့အမျိုးသမီးတစ်ယောက် ဖြစ်တယ်။ သူမ မကြိုက်ဆုံးအရာက တစ်စုံတစ်ယောက်ရဲ့ယာဉ်ကို စီးနင်းရတာပဲ။ အဲဒါကြောင့်မို့ သူမက လေယာဉ်ပျံတွေ ယူလာတဲ့နေရာမှာ ငွေတွေ သုံးတတ်တယ်။ ကျွန်မထင်တာ မမှားရင် သူမရဲ့ ကိုယ်ပိုင်ကားကို ကိုယ်တိုင်မောင်းပြီ ဆိုကတည်းက ကျင်းမန်ကျွန်းကနေ ဒီကိုလာတာ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ လာတာပဲ ဖြစ်ရမယ်”
ထန်ရှု ကြက်သေသေလျက် …
“သူမက ကိုယ်ပိုင်ကားကို သယ်လာတယ်ဟုတ်လား။ ဒီနေ့ အိုးရန်လူလူက သူမရဲ့ကိုယ်ပိုင်ကားမှာ ငါ့ကို ကားစီးနင်းခွင့်ပေးပြီး ငါ့ရဲ့ကားမောင်းသူအဖြစ် နေပေးခဲ့တယ်လို့ ဆိုလိုတာလား”
ဂူရှောင်ရွှဲ့ အလျင်အမြန် ပြောလိုက်သည်။
“အဲဒီလိုတော့ မဟုတ်ဘူး။ သူမ အမြဲစီးတဲ့ကားမှာ လိုင်စင်ပြားပါတယ်။ ဒီကားလို ယာယီလိုင်စင်ပြားနဲ့ မဟုတ်ဘူး။ အဲဒါကြောင့် ဒီနေ့ယူလာတဲ့ကားက သူမရဲ့ယာယီကားသာ ဖြစ်တယ်”
ထန်ရှု အံ့အားသင့်စွာဖြင့်
“နင် သတိထားမိတယ်လား”
ဂူရှောင်ရွှဲ့ ခပ်ဖွဖွ ပြုံးလျက်
“ကျွန်မရဲ့ စူးစမ်းလေ့လာမှုအမြင်က အမြဲကောင်းတယ်လေ”
ထန်ရှု မည်သူမည်ဝါ ဖြစ်သည်ဟု သေချာသိပြီးကတည်းက သူမသည် ထန်ရှုနှင့် ပိုမိုရင်းနှီးလာဟန်ရှိသည်။ ဂူယန်အာ သူမအား မွေးစားစဉ်က သူမသည် ကလေးအရွယ်သာရှိသေးသည်။ သူမအား ကျွေးမွေးပြုစု စောင့်ရှောက်ကာ ပညာများသင်ကြားပေးခဲ့သည်။ ဂူယန်အာသည် သူမ၏ဆရာဖြစ်သူအား စိတ်ရင်းမှ ရိုသေလေးစားရန်အတွက် ဆိုဆုံးမခဲ့သည်။ ဂူရွှဲ့အာသည် သူမ၏ဆရာအား ထန်ရှုမှ မွေးစားခဲ့သည်ကို သိထားခဲ့သည်။ ထန်ရှု မရှိရင် သူမ၏ဆရာ ရှိလာမည်မဟုတ်၊ သူမ၏ဆရာ မရှိခဲ့ပါက ဂူရွှဲ့အာဆိုသည့် သူမသည်လည်း ဒီနေ့တွင် ရှိနိုင်လိမ့်မည်မဟုတ်ပေ။
ထန်ရှုသည် သူ၏ဖုန်းအား ထုတ်ကာ အိုးရန်လူလူဆီ ဆက်လိုက်သည်။
“ဘာလဲ” အိုးရန်လူလူ၏ မရွှင်ပျသောအသံသည် ဖုန်းထဲမှ ထွက်ပေါ်လာခဲ့သည်။
ထန်ရှုစိတ်ထဲ ကိုးရိုးကားရားနိုင်လှသည်ဟု တွေးမိသည်။ သူ၏အဖြစ်သည် တစ်စုံတစ်ယောက်အား လိုအပ်မှ ခေါ်ပြီး မလိုအပ်ပါက နှင်ထုတ်လိုက်သည့် ယောက်ျားတစ်ယောက်ကဲ့သို့ ဖြစ်နေသည်ဟု ခံစားမိရသည်။ ထိုကဲ့သို့ မဖြစ်ချင်သောကြောင့် သူ၏သဘောထားအား ယခင်ကထက် ပိုမိုရင်းနှီးသည့်အသွင် ဆောင်လိုက်သည်။ သူသည် နူးညံ့သော အသံဖြင့်
“လူလူ… ငါ မင်းကို မေးစရာတစ်ခုရှိလို့။ ကြယ်တာရာက မင်းရဲ့ကိစ္စအခြေအနေ ဘယ်လိုရှိပြီလဲ”
လူလူတဲ့လား။ ငါ..ငါ နားကြားမှားနေတာတော့ မဟုတ်ပါဘူးနော်။
တစ်ဖက်တွင် ဒေါသဖြင့် နားထောင်နေသော အိုးရန်လူလူ၏မျက်နှာသည် ချက်ချင်း အေးခဲသွားသည်။ ထန်ရှုမှ သူမအား ယခုကဲ့သို့ ခေါ်ခြင်းသည် ဒါ ပထမဆုံးအကြိမ် ဖြစ်သည်။ မယုံနိုင်ဟန်မျက်ဝန်းများဖြင့် ဖုန်းကို ကိုင်လိုက်ကာ
“သောက်ကျိုးနည်း… ဘယ်လို ရယ်စရာကောင်းတဲ့ ဇာတ်လမ်း နင့်မှာ အခု ရှိနေပြန်ပြီလဲ။ ငါ နင့်ကို ပြောလိုက်မယ်။ ဒီအမျိုးသမီးက ကျိန်းသေကို နင့်ရဲ့ယာဉ်မောင်းသူအဖြစ် ထပ်လုပ်လိမ့်မှာ မဟုတ်ဘူး”
သူမသည် ယာဉ်မောင်းဟူသော စကားတွင် တစ်လုံးချင်း လေးနက်စွာ ပြောလိုက်သည်။
ထန်ရှုသည် ရယ်မောလိုက်ရင်း
“ငါ့မှာ မင်းအကူအညီနဲ့မှ လုပ်လို့ရမဲ့အရာ ရှိနေလို့။ မင်း ငါ့ကို ကူညီမယ်ဆိုရင် နောက်ဆို မင်းက ငါ့သူငယ်ချင်းပဲ”
“တကယ်ပြောတာလား” အိုးရန်လူလူ အံ့အားသင့်စွာ တုံ့ပြန်လိုက်သည်။
သေချာပိုင်နိုင်သော လေသံဖြင့် ထန်ရှုက
“တကယ်ပါဟ။ အစစ်အမှန် ရွှေတုံးလိုမျိုးလေ”
အိုးရန်လူလူသည် ပျော်ရွှင်စွာဖြင့်
“ကဲ.. ဆိုပါဦး။ ငါ့ကို ဘယ်ကူညီစေချင်တာလဲ”
ထန်ရှုသည် ရယ်မောကာ
“အမှန်တော့ ဒါက အပေးအယူအကြီးကြီးတော့ မဟုတ်ပါဘူး။ ငါ့မှာ အရေးတကြီးကိစ္စနဲ့ ကျင်းမန်ကျွန်းကို သွားဖို့ လိုနေလို့။ ဒါပေမဲ့ ဒီနေ့အတွက် နောက်ဆုံးလေယာဉ်က ထွက်သွားပြီလေ။ ဒါပေမဲ့ မင်းမှာ ကိုယ်ပိုင်ဂျက်လေယာဉ်ရှိတယ်လို့ ငါ ရှောင်ရွှဲ့ဆီက ကြားတာနဲ့ ကျင်းမန်ကျွန်းကို သွားဖို့ ငှားချင်တာပါ။ ဘယ်လိုလဲ။ ငါ့ကို ကူညီနိုင်မလား”
“ရှောင်ရွှဲ့ဟုတ်လား။ နင် သူမကိုလည်း အဲဒီလို ရင်းရင်းနှီးနှီး ခေါ်တာလား။ မရဘူး။ ငါ မကူညီတော့ဘူး”
အိုးရန်လူလူ၏ရင်ထဲတွင် ဝမ်းနည်းပူဆွေးမှုများ ဖြစ်ပေါ်လာခဲ့ပြီး သူမသည် စိတ်ပျက်သောအသံဖြင့် အော်ချင်ယောင်ဆောင်လိုက်သည်။ သူမ၏စိတ် ပုံမှန်အနေအထား မဟုတ်ကြောင်း ရိပ်မိသည်နှင့် အလျင်အမြန် ထပ်ပြောလိုက်သည်။
“ဒါပေမဲ့ နင် ငါ့ကို နားဝင်ချို စိတ်ကျေနပ်စေမဲ့အရာ တစ်ခုခု ပြောပြရင် ငါ ချက်ချင်း လေဆိပ်လာပြီး နင်တို့ကို ကျင်းမန်ကျွန်း လိုက်ပို့ပေးမယ်။ ဘယ့်နှယ်လဲ”
ထန်ရှု မျက်တောင် ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားပြီး စိတ်ရှုပ်ထွေးသွားရသည်။
ဒီမိန်းကလေးရဲ့စိတ်က ဘာကြီးလဲကွာ။
သူမစိတ်ကျေနပ်အောင် နားထောင်ကောင်းတဲ့ အရာတစ်ခုခု သူ့ကို ပြောစေချင်နေတာလား။
သူမက အိုးရန်လူလူ မဟုတ်ဘူးလား။ သူက လူလူလို့ တစ်ကြိမ်ခေါ်ပြီးတာနဲ့ တရင်းတနှီး ဖြစ်သွားပြီလေ။ အဲဒါ သူမကို ကျေနပ်စေတာလား။ နားထောင်ကောင်းတဲ့အရာတစ်ခုခု သူမကို ပြောမှကိုဖြစ်မှာလား။
“အိုးရန်လူလူက ပြောတယ်။ ငါက သူမအတွက် နားဝင်ချိုစေမဲ့အရာတစ်ခုခု ပြောရမယ်တဲ့။ ငါ သူမကို ဘာပြောလိုက်ရမလဲ”
ထန်ရှုသည် ဂူရှောင်ရွှဲ့ဘက်သို့ လှည့်လိုက်ကာ ပဟေဠိဖြစ်နေသော အမူအရာဖြင့် မေးလိုက်သည်။
အမှန်တကယ်အားဖြင့် ဂူရှောင်ရွှဲ့သည် ထန်ရှုနှင့် အိုးရန်လူလူတို့ ပြောနေသော အကြောင်းအရာအား ကြားနိုင်သည်။ ထန်ရှု၏မျက်ဝန်းများထဲမှ စိတ်ရှုပ်နေသော အမူအရာအား ကြည့်ပြီး သူမ စိတ်ထဲတွင် စိတ်ကြီးဝင်ချင်သွားရသည်။ ထန်ရှု ဟန်ဆောင်နေသည်လား တကယ် ဦးနှောက်မရှိသည်လားပင် သူမ မသိတော့ချေ။ အိုးရန်လူလူသည် မိန်းမပျိုလေးတစ်ယောက် ဖြစ်သည်။ သူမ၏ဒေါသကိုလည်း ရင်ဆိုင်ရပြီးသည့်အပြင် သူမက သူ့အား တမင်သက်သက် ကျီစားနေသည်ကို ထန်ရှသည် ထိုအရာအား အမှန်တကယ်ပင် မသိနားမလည်လေရော့သလား။
သို့သော်လည်း အိုးရန်လူလူသည် ပုံမှန်အားဖြင့် ဂုဏ်သရေရှိ မင်းသမီးလေးတစ်ပါး အနေဖြင့်သာ ပြုမူနေထိုင်သူ ဖြစ်သည်။ သည်တစ်ကြိမ်တွင် သူမသည် ထိုကဲ့သို့ ခက်ခဲမှုများအား ဆရာအဘိုးအတွက် မည်ကဲ့သို့ ဖန်တီးနေနိုင်ရပါသနည်း။ ဆရာအဘိုးမှ သူ၏ယာဉ်မောင်းသူအဖြစ် ပြုလုပ်ခိုင်းမှုအား မကျေမလည် ဖြစ်နေသောကြောင့်လား။
ဂူရှောင်ရွှဲ့၏စိတ်သည် ဟာလာဟင်းလင်း ဖြစ်သွားသည်။ သူမသည် အချိန်အကြာကြီး စဉ်းစားနေပြီးမှ အသံနှိမ့်ကာ
“ဆရာအဘိုး… သူမရဲ့အလှအပနဲ့ ကောင်းမွန်တဲ့ဟန်ပန်အမူအရာ ရှိတာကို ချီးကျူးလိုက်ပါ။ လှပစွာ ဖူးပွင့်နေတဲ့ ပန်းကလေးတစ်ပွင့်ကို ကြည့်နေရသလိုပဲ လူတိုင်းက သူမကို ချစ်ကြတယ်ဆိုပြီး ပြောပြပါ”
“အာ…”
ထန်ရှုသည် ဂူရှောင်ရွှဲ့အား ထူးဆန်းသောအမူအရာဖြင့် ကြည့်လိုက်ပြီး သူမ အကြံပေးသည့်အတိုင်း ဖုန်းထဲမှ ပြောလိုက်သည်။
“လူလူ… မင်းက အလှလေးတစ်ယောက်ဖြစ်ပြီးတော့ တအားကို လှတယ်။ မင်းမှာ ကောင်းမွန်တဲ့ ဟန်ပန်အမူအရာ ရှိတယ်။ လှပစွာ ဖူးပွင့်နေတဲ့ ပန်းကလေးတစ်ပွင့်ကို ကြည့်နေရသလိုပဲ လူတိုင်းက မင်းကို ချစ်ကြတယ်။ မင်း..မင်းမှာ တရားနဲ့ယှဉ်တဲ့ နှလုံးသားလည်း ရှိပါတယ်။ အခု ငါတို့ကို ကျင်းမန်ကျွန်းကို ခေါ်သွားနိုင်ပြီလား”
ဘေးတစ်ဖက်တွင်…
ဂူရှောင်ရွှဲ့သည် သူမ၏ဆရာအဘိုးအား လေးစားရုံသာ တတ်နိုင်တော့သည်။ ထန်ရှုသည် သူမသင်ပေးသည့်အတိုင်း တစ်လုံးမှ မလွဲစေရပဲ အတိအကျ ကူးပြီး ပြောလိုက်သည့်အတိုင်း ဖြစ်လိမ့်မည်ဟု မထင်မိခဲ့ပေ။
ဆန်းသစ်ပြီးတော့ ပိုမို နားထောင်ကောင်းတဲ့အရာများ မဖန်တီးတော့ဘူးလားဟယ်။
ဂူရှောင်ရွှဲ့သည် အိုးရန်လူလူ၏အကျင့်စရိုက်အား ကောင်းစွာ သိနားလည်သည့်အလျောက် သူမသည် ထိုကဲ့သို့သော စကားမျိုးအား သေချာပေါက် ကျေနပ်နေလိမ့်မည် မဟုတ်ဘဲ ထန်ရှုအား ခက်ခဲသော အရာများအား ဆက်လက် ပြုလုပ်နိုင်လေသည်။
အခြားတစ်ဖက်တွင် အိုးရန်လူလူ၏ ဒေါသများသည် နောက်ဆုံးတွင် ပြေလျော့သွားခဲ့ပြီ ဖြစ်သည်။ သူမသည် ပျော်ရွှင်စွာဖြင့်
“စဉ်းစားမှု ပြီးဆုံးပြီ။ ဒီကြီးမြတ်တဲ့အန်တီလေးက အခု ပျော်ရွှင်နေတဲ့အတွက် စိတ်မပါပေမဲ့ နင့်ကို တစ်ခါ ကူညီမယ်။ နင်က အိုးရန်လူလူရဲ့ သူငယ်ချင်းဆိုတာ နောက်ဆို စိတ်ထဲမှာ မှတ်ထားပါ။ သူငယ်ချင်းဆိုတာ လျှို့ဝှက်ချက်တွေ မထားရဘူး။ ငါ့ကို အရာရာ ပြောပြရမယ်။ ဒါပဲ”
“အေးပါ” ထန်ရှု၏တုံ့ပြန်မှုသည် ရိုးရိုးရှင်းရှင်းပင် ဖြစ်သည်။
“အခု လေဆိပ်မှာ ငါ့ကို စောင့်နေပါ။ ငါ ချက်ချင်းလာခေါ်မယ်”
ထန်ရှုသည် ဖုန်းချလိုက်ပြီးနောက် ဂူရှောင်ရွှဲ့အား ကြည့်ကာ
“အိုးရန်လူလူ ခုချက်ချင်း ငါတို့ကို လာခေါ်လိမ့်မယ်။ ဒီမှာပဲ သူမကို စောင့်ကြစို့”
ဂူရှောင်ရွှဲ့ သူမ၏ခေါင်းထဲတွင် လျှပ်စီးလျှပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ မာနကြီးကာ စိတ်နေမြင့်သော မင်းသမီးတစ်ပါးကဲ့သို့သော အိုးရန်လူလူသည် ထန်ရှုအား အလွယ်တကူ ခွင့်လွှတ်ပေးနိုင်သည်ကို ကြည့်ပြီး သူမ၏ဦးနှောက် ပူထူသွားအောင် စဉ်းစားလျှင်တောင်မှ အဖြေရှာမရသောကြောင့် ထန်ရှုအား မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်မိသည်။ အိုးရန်လူလူသည် ပျော်ရွှင်စွာဖြင့် နာခံကတိပေးလိုက်သေးသည်။ ရုတ်တရက် သူမသည် ပုံရိပ်ယောင်နယ်မြေထဲသို့ ရောက်သွားသည့်အလားပင် ထင်မြင်လိုက်မိသည်။ မည်သည့်မှော်ပညာမျိုးဖြင့် သူမ၏ဆရာဘိုးဘေးသည် အိုးရန်လူလူအား သိမ်းသွင်းလိုက်ပါသနည်း။
နာရီဝက်ကြာသော်…
အိုးရန်လူလူသည် အနက်ရောင်သားရေ ဘွတ်ဖိနပ်ရှည်ဖြင့် ရှေ့သို့ အပြေးထွက်လာသည်။ သူမသည် တောက်ပသော အနက်ရောင်သားရေ အဝတ်အစားအား ဝတ်ဆင်ထားသောကြောင့် အားလုံးအနက်ဖြစ်နေသည်။
ထန်ရှုသည် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော ဂူရှောင်ရွှဲ့အား ကြည့်လိုက်သည်။ ထို့နောက် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော အိုးရန်လူလူအား ကြည့်လိုက်မိသည်။ အသုံးအဖြုန်းကြီးသော သားတစ်ယောက်ကဲ့သို့ သူ့လက်ထဲတွင် ဘာမှမရှိတော့ဟု ဖြစ်ရမည့်အစား လက်ရှိမြင်ကွင်းသည် တောက်ပပြီး အံ့သြစရာကောင်းသည့် ခံစားမှုအား သူ့အတွက် ဖြစ်ပေါ်နေသေးသည်။
“ငါက ကြည့်ကောင်းရဲ့လား” အိုးရန်လူလူသည် နူးညံ့စွာ ပြုံးလိုက်ပြီး ထန်ရှု၏ရှေ့တွင် တစ်ပတ်လှည့်ပြလိုက်သည်။ သူမ၏ လေကာအနက်ရောင် ကုတ်ရှည်သည် တရွှမ်းရွှမ်း ဝှေ့ယမ်းသွားခဲ့သည်။ သူမသည် အမိုက်စားပုံစံလေးဖြစ်နေပြီး ချစ်စရာကောင်းလှသည့် အထဲတွင် သဘာ၀ အရိုင်းဆန်သော ခံစားမှုမျိုးအား ရရှိစေသည်။
“မင်း ကြည့်လို့ကောင်းပါတယ်” ထိုခဏတွင် ထန်ရှုသည် ရရှိသော ခံစားချက်အား မဖိနှိပ်ပဲ ရိုးသားစွာဖြင့် အဖြေပေးလိုက်သည်။
အိုးရန်လူလူသည် ကျေနပ်စွာဖြင့် ပြုံးလိုက်ပြီးနောက် ချက်ချင်း ဂူရှောင်ရွှဲ့ဘေးသို့ လျှောက်သွားကာ သူမ၏လက်မောင်းအား တရင်းတနှီး ကိုင်လိုက်သည်။
“ရှောင်ရွှဲ့… နင် ဆွေးနွေးစရာတွေ ပြီးသွားပြီလား”
“အင်း” ဂူရှောင်ရွှဲ့ ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။
အိုးရန်လူလူသည် ရယ်မောလိုက်ရင်း
“ထန်ရှု နင့်ကို အနိုင်ကျင့်ရဲရင် ငါ့ကို ပြောပါ။ ဒီလူက ပုံမှန်အားဖြင့်တော့ စိတ်ကြီးဝင်ပြီး စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အမူအရာမျိုး ဖြစ်နေပေမဲ့ နွေးထွေးတဲ့ နှလုံးသား ရှိပါတယ်။ ဒါပေမဲ့ ငါက သူ့အသိုင်းအဝိုင်းထဲက လူတစ်ယောက်ဖြစ်သွားပြီဆိုတော့ သူ့ကို ဆွဲဆန့်ရမဲ့နည်းတွေ အများကြီး ရှိတယ်”
ဂူရှောင်ရွှဲ့ အမြန်ပြောလိုက်သည်။
“လူလူ… ဆရာအဘိုးကို အဲဒီလိုမပြောပါနဲ့”
“နင် ဘာပြောလိုက်တယ်”
အိုးရန်လူလူ ကြက်သေသေသွားပြီး သူမ၏နားများအား ခပ်နာနာပင် ပွတ်လိုက်မိသည်။
နားကြားလွဲမှုတစ်ခုပေလား။ ဟုတ်မှာပါ။ သူမ နားကြားမှားတာပဲ ဖြစ်မှာပါ။
အိုးရန်လူလူ ထပ်ပြောလိုက်သည်။
“ရှောင်ရွှဲ့… ထန်ရှုက တကယ့်ကို အနိုင်ကျင့်ရာမှာ တော်တဲ့သူတစ်ယောက်ပဲ။ နင် သူနဲ့ တစ်ခုခု အမှားအယွင်း ဖြစ်ခဲ့တာရှိရင် ငါ့ကို ပြောနိုင်တယ်။ ငါနင့်အတွက် တရားမျှတမှုကို တောင်းဆိုပေးမယ်”
ဂူရှောင်ရွှဲ့သည် ထန်ရှုအား စိတ်လှုပ်ရှားစွာ ကြည့်လိုက်ပြီး
“လူလူ… ဆရာအအဘိုးက အမြင်ကျယ်ပါတယ်ဟ။ သူများအပေါ်လည်း တကယ်ကောင်းတာပါ။ နင် နောက်ကို အဲဒီလို ထပ်မပြောပါနဲ့။ နို့မို့ဆိုရင် ငါ နင့်ကို စိတ်ဆိုးရလိမ့်မယ်”
အိုးရန်လူလူသည် အံ့အားသင့်စွာဖြင့် ထန်ရှုအား ညွှန်ပြလိုက်ပြီး အော်ပြောလိုက်သည်။
“နင်… နင်… ထန်ရှုကို ဘယ်လိုခေါ်လိုက်တာ။ ဆရာအဘိုးလို့ ခေါ်လိုက်တာလား။ ငါ နားကြားမှားခဲ့တာ မဟုတ်ဘဲ နင် တကယ်ခေါ်ခဲ့တာပေါ့။ သူ..သူက ဘယ်လိုလုပ်ပြီး နင့်ဆရာအဘိုး ဖြစ်နိုင်မှာတုံး”
ဂူရှောင်ရွှဲ့သည် ခေါင်းညိတ်ပြကာ လေးနက်သောပုံစံဖြင့်
“သူက တကယ် ငါ့ရဲ့ဆရာအဘိုးပဲ။ ငါ့ဆရာရဲ့ဆရာပါ။ လူလူ နင် ငါနဲ့ သူငယ်ချင်းဖြစ်နေချင်သေးတယ် ဆိုရင် ငါ့ရဲ့ဆရာအဘိုးကို လေးစားပေးပါ”
အိုးရန်လူလူသည် ဂူရှောင်ရွှဲ့၏စကားများကြောင့် ကြက်သေသေလျက် ရှိနေသည်။ ထန်ရှုသည် ဂူရှောင်ရွှဲ့၏ဆရာအဘိုး ဖြစ်နေရုံသာမကဘဲ သူမဆရာ၏ဆရာပင် ဖြစ်နေလိမ့်မည်ဟု အိုးရန်လူလူ ယောင်လို့ပင် တွေးမထင်ခဲ့မိပါပေ။
ဒါ..ဒါဆို…ထန်ရှု၏အသက်က ဘယ်လောက်ရှိပြီလဲ။
ဂူရှောင်ရွှဲ့အား သူမ၏ဆရာမှ မြေတောင်မြှောက်ပေးခဲ့သည်။ သူမ၏ဆရာသည် သူမအသက်၏ ၂ဆဖြစ်သည်ဆိုပါက…
အသက်၄၀အရွယ် အမျိုးသမီးတစ်ယောက်က ထန်ရှကို ဆရာလို့ အမှန်တကယ် ခေါ်တာလား။
ဒါ…
ဂူရှောင်ရွှဲ့ ထပ်မံ မရှင်းပြသကဲ့သို့ ထန်ရှုသည်လည်း ရှင်းပြလိမ့်မည်မဟုတ်ပေ။ အိုးရန်လူလူ၏ အံ့သြတုန်လှုပ်နေသော အမူအရာအား ကြည့်ရင်း နှစ်ယောက်သား တိတ်ဆိတ်နေကြသည်။
“ရှောင်ရွှဲ့… နင် ငါမေးတာ ဖြေဦးလေ” အချိန်အတော် ကြာသွားပြီးနောက် အိုးရန်လူလူသည် ဂူရှောင်ရွှဲ့၏ လက်မောင်းအား လှုပ်ကာ မေးလိုက်သည်။
“ငါ ဒီမေးခွန်းကို မဖြေနိုင်ဘူး” ဂူရှောင်ရွှဲ့ ဆက်ပြောလိုက်သည်။ “နင် သည်အဖြစ်အပျက်ကို တခြားသူတွေကို ပြန်မပြောဖို့ ငါ မျှော်လင့်ပါတယ်။ နင့်မိသားစုကိုတောင်မှ ပြန်ပြောလို့မရဘူး”
ဂူရှောင်ရွှဲ့နှင့် ထန်ရှုအကြားတွင် လျှိ့ဝှက်ချက်အများအပြား ရှိနေသည်ကိုသာ အိုးရန်လူလူ ယခု နားလည်လိုက်သည်။ သိချင်စိတ်တို့သည် သူမ၏ရင်ထဲတွင် အပြင်းအထန် နှိုးဆွကာနေသည်။ သို့သော်လည်း အိုးရန်လူလူ၏စကားအရ သူမသည် ထိုစိတ်တို့အား ချိုးနှိမ်ထားလိုက်သည်။ အချိန်အတန်ကြာအောင် တိတ်ဆိတ်နေပြီးသော် သူမသည် ဖြည်းညင်းစွာ ခေါင်းညိတ်ကာ
“ငါ ကတိပေးတယ်။ ဒါကို ငါ့ရင်ထဲ အနက်ရှိုင်းဆုံးနေရာမှာ သိမ်းထားလိုက်မယ်”
ထို့နောက် ထန်ရှုမှ
“အခု သွားကြစို့။ ငါ အလျင်လိုနေလို့”
အိုးရန်လူလူသည် ထန်ရှုအား နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်သည်။ သူ့အကြောင်းအား သူမပိုသိလေ ထန်ရှုအား နှံ့နှံ့စပ်စပ် မမြင်နိုင်ဘူးလို့ သူမ ခံစားရလေဖြစ်သည်။ သူမအတွက်မူ ထန်ရှုသည် အားကောင်းသော သံလိုက်စက်ကွင်းအား ထုတ်လွှင့်နေသကဲ့သို့ သူ့အပေါ် သူမ၏ စိတ်ဝင်စားမှုသည် ပိုမို များပြားနေခဲ့ပြီး ထန်ရှုအား လွှမ်းခြုံထားသော အလွှာများအားလုံးအား ဖယ်ရှားပစ်လိုသည့်အထိပင် ဆွဲဆောင်ခြင်းအား ခံနေရပေသည်။
ကြယ်တာရာ လေဆိပ်တွင် အိုးရန်လူလူသည် ထန်ရှုနှင့် ဂူရှောင်ရွှဲ့အား ဦးဆောင်လျက် အထူးလမ်းပေါက်အား ဖြတ်သန်းလာကြပြီး လေဆိပ်ဝန်ထမ်းမှ ကားတစ်စီးဖြင့် သူတို့အား လေယာဉ်များ ရပ်နားရာကွင်းထဲသို့ ခေါ်ဆောင်သွားသည်။ ငွေရောင် ဂျက်လေယာဉ်လေး တစ်စင်းသည် ထန်ရှု၏ရှေ့တွင် ပေါ်လာခဲ့သည်။ ၎င်းသည် လေနှင့်ရေတို့၏ ပွတ်တိုက်မှုအရှိန်အား လျှော့ချပေးနိုင်သည့် ပုံစံဖြစ်ပြီး ပီအိုနီပန်းပွင့်ကဲ့သို့ ချစ်စရာကောင်းသော သွင်ပြင်ဖြင့် အနီရောင်လိုင်းများ ပါဝင်ပေသည်။ ၎င်း၏တောင်ပံတစ်စုံအား ဖွင့်ထားသည့်ဟန်မှာ မြေပြင်ပေါ်မှ ငှက်ကြီးတစ်ကောင်အလားပင် ဖြစ်တော့သည်။
“ဘော့စ်..”
ရင့်ကျက်သော သွင်ပြင်ဟန်အမူအရာရှိသော အမျိုးသားတစ်ယောက်သည် စာရွက်စာတမ်းတစ်ထပ်အား ကိုင်ဆောင်ကာ လှေကားအောက်တွင် စောင့်လျက်ရှိသည်။
အိုးရန်လူလူ မေးလိုက်သည်။
“လေယာဉ်ပျံသန်းမဲ့ အစီအစဉ်တွေကို လေဆိပ်အုပ်ချုပ်ရေးအဖွဲ့ဆီ ပေးပို့ပြီးပြီလား”
ထိုအမျိုးသားသည် လေးစားသော အမူအရာဖြင့်
“ကျွန်တော် ဖောင်တွေဖြည့်ပြီး တင်ပြီးပါပြီ။ သူတို့ကလည်း ခွင့်ပြုလိုက်တာမို့ နောက်၁၅မိနစ်ဆို လေယာဉ်တက်လို့ရပါပြီ။ လေယာဉ်မှူးနဲ့ လေယာဉ်ဝန်ထမ်းတွေက လေယာဉ်ထဲမှာ စောင့်နေပါပြီ”
“ကောင်းတယ်” အိုးရန်လူလူ တုံ့ပြန်လိုက်ပြီး လှေကားမှတစ်ဆင့် တက်ရန် ထန်ရှုတို့အား ဦးဆောင်ခေါ်သွားခဲ့သည်။
အတွင်းအပြင်အဆင်သည် နူးညံ့သော ကော်ဇော၊ ကျယ်ဝန်းသော ဆိုဖာနှင့် အကောင်းစား ပရိဘောဂများဖြင့် ခမ်းနားကြီးကျယ်လှပေသည်။ သည်ဂျက်လေယာဉ်၏တန်ဖိုးအား မသိလင့်ကစား အတွင်းခန်း အပြင်အဆင်နှင့်ပင် လုံးဝခမ်းနားလှသည်ကို ထန်ရှု မြင်နိုင်သည့်အတွက် စိတ်ထဲမှ တိတ်တဆိတ် ချီးမွှမ်းလိုက်သည်။
“နင် ဘယ်လိုထင်လဲ။ ငါ့ကိုယ်ပိုင်လေယာဉ်က ကောင်းရဲ့လား” ဝင့်ကြွားလိုရိပ်များ အနည်းငယ် စွန်းထင်းနေသော အမူအရာဖြင့် အိုးရန်လူလူသည် ထန်ရှုအား ကြည့်ကာ မေးလိုက်သည်။
“မဆိုးပါဘူး” ထန်ရှုသည် ခပ်ဖွဖွ ပြောလိုက်သည်။
သူ၏မျက်လုံးထဲတွင် မဆိုးပါဘူးဟူသည့် အကဲဖြတ်မှုသည့် ခက်ခက်ခဲခဲ ဖြစ်ပေါ်လာသည့် အကဲဖြတ်မှုတစ်ခု ဖြစ်သည်။ အိုးရန်လူလူသည် ထန်ရှု၏အကျင့်စရိုက်အား နားမလည်သော်လည်း ဂူရှောင်ရွှဲ့သည် ထိုအကြောင်းအား ရှင်းရှင်းလင်းလင်း သိသည်။ ထန်ရှုသည် အင်မော်တယ်ကမ္ဘာတွင် သာလွန်သော ပညာရှင်တစ်ယောက် ဖြစ်ခဲ့သည်။ သူသည် သန်းရာပေါင်းများစွာသော လူများနှင့် သန်မာကာ စွမ်းအားကြီးသူများ၏ အထက်တွင် ရှိခဲ့ဖူးသည်။ သူ မမြင်ဖူးသော ခမ်းနားကြီးကျယ်သည့် မြင်ကွင်းမျိုးကား ဘယ်မှာ ရှိလိမ့်အံ့ပါမည်နည်း။
******