သမုဒ္ဒရာ၏အောက်ခြေတွင် တည်ရှိနေပါသော ...
Vol. 03 Ch. 142
အိုးရန်လူလူသည် ထန်ရှု၏မှတ်ချက်စကားအား ကြားရသောအခါ မျက်လုံးများ ဝိုင်းစက်သွားသည်။ ထို့နောက် သူမသည် ဂူရှောင်ရွှဲ့အား သူမ၏ ကိုယ်ပိုင်ဂျက်လေယာဉ်သို့ စိတ်အားထက်သန်စွာဖြင့် ခေါ်ဆောင်လာသည်။ ကိုယ်ပိုင်ဂျက်လေယာဉ်ငယ်၏ အတွင်းအပြင်အဆင်သည် ဧည့်ကြိုကောင်တာ မပါသည်မှလွဲ၍ အိပ်ခန်း၊ မီးဖိုချောင်၊ အိမ်သာ၊ အဝတ်လဲခန်းတို့သာမက ခမ်းနားလှသည့် ရေချိုးခန်းတောင်မှ ပါဝင်ပေသည်။
ဂူရှောင်ရွှဲ့သည် သူမ၏ခံစားချက်မရှိသော အမူအရာအား အမြဲထိန်းသိမ်းထားပြီး ခမ်းနားလှသော အတွင်းခန်းအား မြင်ရသော်လည်း အနည်းငယ်မျှ သူမ၏အမူအရာတွင် အပြောင်းအလဲ မဖြစ်ပါချေ။ ထိုအစား သူမသည် ထန်ရှုအား ရိုသေလေးစားသော အကြည့်ဖြင့် တစ်ချက် လှမ်းကြည့်လိုက်သည်။
အမှန်တကယ်တွင် အိုးရန်လူလူသာ ထန်ရှုအပေါ်တွင် စူးစမ်းသိလိုစိတ်ရှိနေသည်သာ မဟုတ်ဘဲ ဂူရှောင်ရွှဲ့သည်လည်း ထိုနည်းတူပင်ဖြစ်သည်။ အင်မော်တယ်ကမ္ဘာတွင် တစ်ချိန်တုန်းက ထိပ်ဆုံးအမြင့်သို့ ရောက်ခဲ့သည့် ပညာရှင်တစ်ယောက်သည် ထိုနေရာသို့ ပြန်လည်ရောက်ရှိအောင် မည်ကဲ့သို့ လုပ်ဆောင်မည်ကို သူမ အမှန်တကယ်ကို သိလိုလှသည်။ သာမန်လူများနှင့် နှိုင်းယှဉ်မည်ဆိုပါက ထိုကဲ့သို့ လူတစ်ဦးတွင် မည်သည့်ခြားနားချက်များ ရှိနေနိုင်ပါသနည်း။
ကျင်းမန်ကျွန်းလေဆိပ်တွင်....
ငွေရောင်ကိုယ်ပိုင်ဂျက်လေယာဉ် ဆိုက်ရောက်လာချိန်သည် နေမွန်းတည့်လုနီး ဖြစ်တော့သည်။ သူတို့၃ယောက် လေဆိပ်အပြင်ဘက် ရောက်သည်နှင့် တင်းမာသည့် အကြည့်ဖြင့် လူထွားကြီးတစ်ဦးသည် သူတို့ဆီရောက်ရှိလာပြီး နှုတ်ဆက်လေသည်။
“သူဌေးလေး...”
ဂူရှောင်ရွှဲ့သည် ခပ်ဖွဖွ ခေါင်းတစ်ချက်ညိတ်ပြကာ ထန်ရှုအား ညွှန်ပြလျက်
“ဦးလေးအားဝမ်..ဦးလေးအားရှို့... သူက ထန်ရှုပါ။ အခုကစပြီး သူက ထာဝရခိုင်မြဲခန်းမရဲ့ သခင်တစ်ယောက် ဖြစ်သွားပြီ။ ကျွန်မဆရာကို ဆက်ဆံတဲ့အတိုင်း သူ့ကိုဆက်ဆံပေးရမှာ ဖြစ်တယ်။ နားလည်တယ်နော်”
“မစ္စတာထန်လား”
မိုအားဝမ်နှင့် မိုအားရှို့တို့သည် ထန်ရှုအား အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။ သူတို့သည် ထန်ရှုအား သိကြသူများဖြစ်သည်။ ရှေ့ရက်များက ထန်ရှုသည် ထာဝရခိုင်မြဲခန်းမတွင် ရုတ်ရုတ်သဲသဲတစ်ခု ဖြစ်အောင် ဖန်တီးခဲ့သောသူဟုပင် ဆိုနိုင်သည်။ သူတို့သည် ထန်ရှုအပေါ် လေးစားမှုသည် နက်ရှိုင်းစွာ ရှိနှင့်နေပြီဖြစ်သည်။ ထို့ကြောင့် သူဌေးလေး၏စကားအား ကောင်းစွာ နားမလည်သော်လည်း သူတို့သည် ထိုအတိုင်း နာခံရန် ရွေးချယ်လိုက်ပြီး လေးစားသော အမူအရာဖြင့်
“သူဌေးကြီး...”
ထန်ရှုသည် ဂူရှောင်ရွှဲ့ဘက်သို့ လှည့်ပြီး မျက်မှောက်ကြုတ်ကာ
“နင် ဒီဟာ ဘာကိုဆိုလိုတာလဲ”
ဂူရှောင်ရွှဲ့မှ
“ရှင်က ကျွန်မရဲ့ ဆရာအဘိုးလေ။ ဒီဟာက အရင်ကတည်းက ဆရာက ကျွန်မကို ပြောထားပြီးသား ဖြစ်တယ်။ ဆရာညွှန်ကြားထားတဲ့အတိုင်း ကျွန်မက ဆောင်ရွက်ရုံပါ”
ထန်ရှုသည် ကူကယ်ရာမဲ့စွာဖြင့် ဖျစ်ညှစ်ပြုံးလိုက်သည်။ သူသည် မည်သည့်စကားမျှ မဆိုဘဲ ထိုညီအစ်ကို၂ယောက်အား ကြည့်ကာ ခေါင်းသာ ညိတ်ပြနိုင်တော့သည်။
မိုအားဝမ်သည် လေးစားသော အမူအရာဖြင့်
“သူဌေးကြီး... သူဌေးလေး... ကားအဆင်သင့် ဖြစ်နေပါပြီ။ ကျွန်တော်တို့ ထာဝရခိုင်မြဲခန်းမကို ပြန်ကြမလား ဒါမှမဟုတ်...”
“ကျွန်မတို့ ထာဝရခိုင်မြဲခန်းမကို ပြန်ကြမယ်”
အိုးရန်လူလူသည် ဂူရှောင်ရွှဲ့အား ကြည့်လိုက်ပြီး ထန်ရှုအား ကြည့်လိုက်သည်။ အမှန်တကယ်အားဖြင့် သူမသည် ထို၂ယောက်နှင့်အတူ ထာဝရခိုင်မြဲခန်းမသို့ လိုက်ပါလိုလှသော်လည်း သူတို့ထံတွင် အရေးတကြီး ဆောင်ရွက်စရာ ရှိနေမှန်း သူမ နားလည်သည်။ သူမ လိုက်ရန်မသင့်တော်သည့် အရာလည်း ဖြစ်နိုင်ပေသည်။ ထို့ကြောင့် သူမ၏ သိချင်စိတ်အား ရင်ထဲတွင် မျိုသိပ်လျက်
“အဲဒါဆို ငါ သုခဘုံအသင်းကို သွားတော့မယ်”
ဂူရှောင်ရွှဲ့သည် ခေါင်းညိတ်လျက်
“နင် အချိန်ရလို့ရှိရင် ငါ့ကို ထာဝရခိုင်မြဲခန်းမမှာ လာရှာပါ”
“ကောင်းပြီ”
အိုးရန်လူလူသည် နေရာတွင် ရပ်လျက် ထန်ရှုနှင့် ဂူရှောင်ရွှဲ့ ထွက်ခွာသွားသည်အား စိုက်ကြည့်နေရင်း ကူကယ်ရာမဲ့သော ခံစားချက်တို့သည် သူမ၏ ရင်ထဲတွင် မြင့်တက်လာခဲ့သည်။ သူမသည် ထန်ရှု၏ ယာဉ်မောင်းသူအဖြစ် ထပ်မလုပ်တော့ဟု ကြွေးကြော်ခဲ့သော်လည်း ထန်ရှု၏ချီးမွမ်းစကား အနည်းငယ်အောက်တွင် နစ်မျောခဲ့ရပြီး ယာဉ်မောင်းသူအဖြစ် ဒုတိယအကြိမ် ထပ်မံလုပ်ပေးမိခဲ့သည်။
ထာဝရခိုင်မြဲခန်းမတွင်...
ကား၂စီးသည် ကားရပ်နားရာနေရာတွင် ရပ်လိုက်ပြီး ထန်ရှုနှင့် ဂူရှောင်ရွှဲ့တို့သည် ကားပေါ်မှ ဆင်းလာကာ ဘေးချင်းယှဉ်လျက် လူသွားလမ်းလေးဆီသို့ ဦးတည်လျှောက်လာခဲ့သည်။ ထိုလမ်းကလေးသည် ကမ်းခြေဆီသို့ ဦးတည်နေသည်ကို သူ မြင်နိုင်ပေသည်။
ကမ်းခြေတွင်...
ဂူရှောင်ရွှဲ့သည် လှေငယ်လေးအား ကြိုးဖြည်ကာ ထွက်ခွာရန် ပြင်ဆင်နေသည်။ ထန်ရှုသည် သူမ၏နောက်သို့ လိုက်ကာ လှေပေါ် ထိုင်လိုက်ပြီး ဇဝေဇဝါဟန်ဖြင့် မေးလိုက်သည်။
“ငါတို့ အခု ဘယ်သွားကြမှာလဲ။ ပင်လယ်ဘက်ကိုလား။ ယန်အာက ပင်လယ်ထဲမှာလား”
ဂူရှောင်ရွှဲ့သည် ခေါင်းညိတ်ပြလျက်
“ဆရာအဘိုး..ကျွန်မနဲ့ လိုက်ခဲ့ရင် ရှင်းရှင်းလင်းလင်း သိသွားပါလိမ့်မယ်”
လှေငယ်သည် လှော်တက်မရှိသော်လည်း ထန်ရှုတို့နှစ်ယောက် တက်ပြီးသွားသောအခါ လေမတိုက်ပါဘဲ အလိုအလျောက် ထွက်ခွာသွားသည်။ ပင်လယ်ဆီသို့ ရှေးရှုကာ ထွက်သွားသော လှေငယ်လေးသည် တစ်ကီလိုမီတာ သွားပြီးသောအခါ ပင်လယ်အလယ်တွင် ရပ်တန့်သွားတော့သည်။
ဂူရှောင်ရွှဲ့သည် ခြေမလေးအား ခပ်ဖွဖွပုတ်လိုက်ရာ သူမ၏ နူးညံ့လှပသည့် ပုံရိပ်လေးသည် လေထဲသို့ လှပစွာ ပျံတက်သွားပြီး ပင်လယ်ရေ မျက်နှာပြင်အထက် ၁၀မီတာအကွာတွင် တည်ရှိနေသည်။ ထို့နောက် သူမသည် လက်နှစ်ဖက်အား ဝှေ့ယမ်းလျက် လက်ဟန်တစ်ခု ပြုလုပ်လိုက်ရာ အားကောင်းသော ချီလမ်းကြောင်းသည် လူသွားလမ်းတစ်ခုအား ဖြစ်ပေါ်စေလာသည်။
“အစီအရင် တစ်ခုလား” ထန်ရှု၏အမူအရာသည် ပြောင်းလဲသွားပြီး သူ၏စိတ်ဝိညာဉ်အာရုံအား နက်ရှိုင်းစွာ ဖြန့်ကြက်လိုက်သည်။ ပင်လယ်ရေ မျက်နှာပြင်သည် ဓားရှည်ဖြင့် ခုတ်ပိုင်းလိုက်သည့်အလား ထက်ခြမ်းကွဲသွားပြီး ရေများသည် ဘေးတစ်ဖက်တစ်ချက်စီ ကပ်သွားကြလေသည်။ ထန်ရှု၏စိတ်ဝိညာဉ် အာရုံလေ့လာမှုအရ ပင်လယ်အောက်ခြေမှ ထုတ်လွှတ်နေသော အစီအရင်ရောင်ပြန်အား ခံစားသိရှိလိုက်သည်။
“ကောင်းကင်မြေကြီး ကျောက်စိမ်းသမုဒ္ဒရာ အစီအရင်မဟုတ်လား”
ထန်ရှုသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး အတိတ်အား လွမ်းဆွတ်သွားရသည်။ ယခင်က သူ၏စာကြည့်တိုက် ပွဲကြည့်စင်ထဲတွင် ထိုအစီအရင်ရှိခဲ့သည်။ ဂူရှောင်ရွှဲ့သည် ထန်ရှုနှင့် ဘေးချင်းယှဉ်လျက် ပင်လယ်အထက်တွင် ရှိနေရင်း စိတ်လှုပ်ရှားသော အမူအရာသည် သူမ၏မျက်နှာထက်တွင် ထင်ဟပ်လျက် ထန်ရှုအား တလေးတစား ပြောလိုက်သည်။
“ဒီအဖိုးတန်အစီအရင်က ဆရာ ပြုလုပ်ခဲ့တာပါ။ ဆရာက ပင်လယ်အောက် မီတာ၁၀၀မှာ ရှိပါတယ်။ ကျွန်မနဲ့အတူ သွားကြရအောင်”
“ကောင်းပြီ” ထန်ရှုသည် ဂူရှောင်ရွှဲ့၏နောက်မှ လိုက်ကာ ပင်လယ်ရေမှ လူသွားလမ်းလေးဆီသို့ ခုန်ချလိုက်သည်။
ပင်လယ်ရေအောက် မီတာ၁၀၀အနက်တွင်...
၁၀မီတာ ဉာဏ်တော်အမြင့်ရှိသည့် သပ္ပာယ်လှသော စေတီတော်တစ်ဆူသည် တောက်ပသော ရောင်ခြည်တော်အား ထုတ်လွှတ်လျက်ရှိနေပြီး စေတီအတွင်းသို့ ဦးတိုက်လျက် စီးဆင်းနေသည့် ဒီရေလှိုင်းများ ရှိနေသော်လည်း ပင်လယ်ကြမ်းပြင် နေရာအနှံ့မှ ချီများသည် ထိုစေတီတွင် များပြားလျက်ရှိသည်။ အကြည့်တစ်ချက်နှင့်ပင် သည်ဟာသည် ယခင်က ဂူယန်အာအား သူ ခွင့်ပြုပေးခဲ့သော ဆန်းကြယ်ပစ္စည်းဖြစ်သည်။ ထိုပစ္စည်းသည် တိုက်ခိုက်ရန်အတွက် အသုံးပြုနိုင်သလို အင်မော်တယ်ကမ္ဘာရှိ ရတနာများအား စောင့်ရှောက်ရန်အတွက်လည်း အသုံးပြုကြသည်။
ဂူယန်အာသည် စေတီတံခါးရှေ့တွင် ရပ်လိုက်ပြီး ထန်ရှုဘက် လှည့်ကာ ပြောလိုက်သည်။
“ဆရာအဘိုးက ဒီဆန်းကြယ်ပစ္စည်းကို ဆရာ့ကို ခွင့်ပြုပေးခဲ့သူဆိုတော့ ဒီစေတီတံခါးကို ဖွင့်တဲ့နည်းကို သိနိုင်တာပေါ့။ ဆရာအဘိုး ဖွင့်ကြည့်မလား”
ထန်ရှုသည် ခေါင်းညိတ်ပြကာ သူ၏လက်ချောင်းများသည် တံခါးပေါ်ရှိ ထွင်းထုထားသော ကြာပန်းပုံအား ထိတွေ့လျက် လေသံနှိမ့်ကာ အော်လိုက်သည်။
“ကောင်းကင်နဲ့မြေကြီးကို အစိုးရတဲ့ ကြီးကျယ်မြင့်မြတ်တဲ့ ဧကရာဇ်အပေါင်းတို့… ငါသည်သာ ကြီးကျယ်မြင့်မြတ်သောသူ ဖြစ်သည်”
သို့သော် ထန်ရှု၏ အော်သံဆုံးသွားသော်လည်း စေတီ၏တံခါးသည် တုတ်တုတ်မျှ မလှုပ်ရုံသာမကာ အသံသဲ့သဲ့လေးတောင်ပင် ထွက်မလာခဲ့ချေ။ ထန်ရှုသည် ခံစားချက်မဲ့စွာဖြင့် စိုက်ကြည့်လိုက်ပြီး မပြုံးချင် ပြုံးချင်ဖြင့် ပြုံးလိုက်သည်။ သူသည် ခေါင်းကိုယမ်းလျက်
“ငါ့ရဲ့စွမ်းအားတွေက ပျောက်ဆုံးသွားခဲ့တယ်။ ငါ့ခွန်အားက ဒီဟာကို အသုံးပြုဖို့အတွက် အဝေးကြီးလိုသေးတယ်။ အဲဒါကြောင့် ဒီစေတီရဲ့တံခါးကို ပုံမှန်နည်းလမ်းနဲ့ ငါ ဖွင့်လို့မရဘူး”
ထိုသို့စကားဆိုလိုက်ပြီး ထန်ရှုသည် စေတီအနီးရှိ နံရံဆီသို့ သွားကာ ထွင်းထုထားသော ရွှေရောင်နဂါးအား သူ၏လက်ချောင်းလေးများဖြင့် ဖွင့်ရမည့် ပုံစံအစဉ်အတိုင်း ကိုးကြိမ်တိတိ နှိပ်လိုက်သည်။ ပထမအကြိမ်က မလှုပ်ရှားခဲ့သော တံခါးသည် ရုတ်တရက် ဖြည်းညင်းစွာ ပွင့်လာခဲ့သည်။
“ဒါက..”
ဂူရှောင်ရွှဲ့သည် ထန်ရှု၏နည်းလမ်းအား အံ့အားသင့်စွာ ကြည့်နေမိသည်။ သူမသည် ထန်ရှု၏ပုံရိပ်အား စိုးစဉ်းမျှ သံသယမရှိပါသော်လည်း ထန်ရှုအား စမ်းသပ်လိုသည့်အတွေး အနည်းငယ်ရှိနေသောကြောင့် ထန်ရှုအား စေတီတော်၏တံခါးအား ဖွင့်ရန်အတွက် တောင်းဆိုခဲ့ခြင်း ဖြစ်ပေသည်။ ထို့အပြင် လူတွေ ပြောကြသည့်အတိုင်း ကိုယ်တိုင်ကိုယ်ကျ သက်သေပြုလိုက်ခြင်းပင် ဖြစ်တော့သည်။
ထန်ရှုသည် နှိုးဆွသည့်စကားအား ကြွေးကြော်လိုက်သော အချိန်တွင် သူ၏ကိုယ်ရောင်ကိုယ်ဝါသည် ပြောင်းလဲသွားသည်ကို သူမ ကောင်းစွာ သတိပြုမိသည်။ သို့သော် ဂူရှောင်ရွှဲ့အား တိတ်တဆိတ် အံ့အားသင့်စေရသည့်အချက်မှာ သူမအား ပြသလိုက်သော အခြားနည်းလမ်းများ ထန်ရှုထံတွင် ရှိနေလိမ့်မည်ဟု ထင်မထားမိခြင်းပင်ဖြစ်သည်။
“ဆရာအဘိုး… ရှင် ဒါကို ဘယ်လိုလုပ်လိုက်တာလဲ”
ထန်ရှုသည် အပြုံးဖြင့်
“ဒီခမ်းနားကြီးကျယ်တဲ့ စေတီတော်ကို ယန်အာအတွက် အတိတ်တုန်းက ငါ ပေးခဲ့တာလေ။ ပုံမှန်တော့ ဒီဟာကိုဖွင့်ဖို့ တခြားနည်းလမ်းတွေ ငါ့မှာ ရှိသေးတယ်။ ယန်အာလည်း အဲဒီအကြောင်းကို သိတယ်”
ဂူရှောင်ရွှဲ့ နားလည်သွားခဲ့ပြီ ဖြစ်သည်။ သူမသည် လေးစားသော အကြည့်တို့ဖြင့်
“ဆရာအဘိုး… အထဲဝင်ကြရအောင်။ ဆရာ… ဆရာ..အထဲမှာ ရှိပါတယ်”
ထန်ရှုသည် ခေါင်းညိတ်လျက် စေတီတော်၏ တံခါးပေါက်အား ဖြတ်သန်းကာ အတွင်းသို့ ဝင်လိုက်သည်။
“ဟင်…”
အတွင်းသို့ ဝင်ရောက်ရုံသာ ရှိသေးသည်။ လေထဲမှ စူးနစ်ထိုးဖောက်လာသော အအေးဒဏ်အား ခံစားလိုက်ရသည်။ စေတီတော်အတွင်းရှိ အအေးဓာတ်သည် အပြင်လောကထက် ဆယ်ဆပိုအေးနေသည်။ ကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း ထိုအအေးဒဏ်ကြောင့် သူ၏ကိုယ်လုံးသည် တုန်ယင်လာခဲ့သည်။
“ဘယ်သူလဲ”
မနွေးထွေးသောအသံသည် စေတီတော်၏ အတွင်းပိုင်းဆီမှ ပဲ့တင်သံထပ်လျက် ထွက်ပေါ်လာခဲ့သည်။
ရွှေရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အဘွားအိုတစ်ဦးသည် နဂါးခေါင်းတောင်ဝှေးနှင့်အတူ ထန်ရှု၏အရှေ့တွင် ချက်ချင်းပေါ်ထွက်လာခဲ့သည်။
“အကြီးအကဲကျိ… မရိုင်းပါနဲ့”
ဂူရှောင်ရွှဲ့သည် ရှေ့တွင် ပေါ်လာပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။
အဘွားအို၏အမူအရာသည် အနည်းငယ် ပြောင်းသွားပြီးနောက် ဂူရှောင်ရွှဲ့အား မျက်နှာချင်းဆိုင်လျက် ခေါင်းညိတ်လိုက်ရင်း တည်ကြည်သောအသံဖြင့်
“သခင်မလေး… ဆရာက ဒီစေတီတော်ထဲကို သခင်မလေးကလွဲပြီး မည်သူမျှ မဝင်လာရဘူးဆိုပြီး တစ်ချိန်တုန်းက ပြောဖူးတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်မှာ အပြင်လူတစ်ယောက် ပါလာတယ်။ သခင်မလေးရဲ့ ရည်ရွယ်ချက်က ဘာများလဲ”
ဂူရှောင်ရွှဲ့သည် ထန်ရှုအား ညွှန်ပြလျက်
“သူက ဆရာတစ်ချိန်လုံး လိုက်ရှာနေခဲ့တဲ့သူပါ”
“ဘာ..”
အဘွားအို၏မျက်လုံးအစုံသည် ပြူးကျယ်သွားကာ ထန်ရှုအား အံ့သြတုန်လှုပ်စွာ ကြည့်လိုက်သည်။
ထန်ရှုသည် အဘွားအိုအား အကြိမ်အနည်းငယ်မျှ အကဲခတ် လေ့လာလိုက်ပြီးနောက် အမူအရာကင်းမဲ့စွာဖြင့်
“အခြားသူတွေရဲ့ လှုပ်ရှားမှုကိုထိန်းချုပ်နိုင်တဲ့ နတ်ဘုရားကလန်က မျိုးဆက်သွေးက ဒီလေးစားဖွယ် ကျွန်တော့်ရှေ့မှာ မလေးမစား လုပ်ရဲတယ်ပေါ့။ မှတ်မိသလောက်ဆိုရင် အရင်တုန်းက ကျွန်တော်သာ မကာကွယ်ပေးခဲ့ဘူဆိုရင် ခင်ဗျားတို့ကလန်တစ်ခုလုံး ချမ့်ရန်ရှန့်ဘုရင် (မျက်လုံးတစ်ထောင်နတ်ဆိုး)ရဲ့ အစုအပြုံလိုက် သတ်ဖြတ်မှုအောက်မှာ တစ်ယောက်မှ အသက်ရှင်ကျန်ရစ်ခဲ့မှာ မဟုတ်လောက်ဘူး”
“ဒုန်း…ဒုန်း..”
အဘွားအို၏ကိုယ်သည် တုန်ရီလာကာ ထန်ရှု၏အရှေ့တွင် ဒူးထောက်လျက်သား ဖြစ်သွားသည်။
ထန်ရှု ပြောလိုက်သည့်အတိုင်း သူသည် တစ်ခါက မမျှော်လင့်ပဲ အခြားသူတွေရဲ့ လှုပ်ရှားမှုကို ထိန်းချုပ်နိုင်တဲ့ နတ်ဘုရားကလန်ဆီသို့ သူသည် ရောက်သွားပြီး ထိုသူများအား ကာကွယ်ကူညီပေးခဲ့ခြင်းသည် ကံကောင်းလှသည့် တိုက်ဆိုင်မှုတစ်ခု ဖြစ်ခဲ့သည်။ သို့မဟုတ်ပါက သူတို့ကလန်၏ နာမည်သည် အင်မော်တယ်ကမ္ဘာတွင် ဖယ်ရှားခြင်းခံရလိမ့်မည် ဖြစ်သည်။ ကမ္ဘာမြေမှ သူမ၏ဆရာဖြစ်သော ဂူယန်အာသည်ပင် ထိုအကြောင်းအား မသိပါချေ။
“ကျိချွိမိန်…လေးစားရတဲ့သခင်အား အရိုအသေပေးပါတယ်”
ထန်ရှုသည် အမူအရာကင်းမဲ့စွာဖြင့်
“ရပ်လိုက်ပါ။ ခင်ဗျားဒဏ်ရာက အရမ်းပြင်းထန်တယ်။ ချက်ချင်းသာ မကုသဘူးဆိုရင် နှစ်အနည်းငယ်လောက်ပဲ ခင်ဗျားအသက်ရှင်နိုင်တော့မယ်”
ကျိချွိမိန်သည် ခါးသီးသော အမူအရာဖြင့်
“ဒီဂျူနီယာလေး သိပါတယ်။ ဒါပေမဲ့ ကမ္ဘာမြေမှာက ရင်းမြစ်ရှားပါးလွန်းတော့ ကုသဖို့အတွက် ဘာမှမရှိဘူးဖြစ်နေတယ်။ ဒီနေ့အထိ ရှင်သန်နိုင်လာတာကိုက ကျွန်မအတွက် ကံကောင်းလွန်းနေပါပြီ။ သခင်မလေးက လေးစားရတဲ့သခင်ကို ရှာနိုင်စွမ်းရှိခဲ့တာ ဆရာသာနိုးလာခဲ့ရင် တအားပျော်သွားရှာမှာ”
နိုးလာခဲ့ရင်…ဟုတ်လား...
ထန်ရှု အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး လေးနက်သောအသံဖြင့်
“ယန်အာရဲ့အခြေအနေက အခု ဘယ်လိုနေလဲ”
“ဒါ…”
ကျိချွိမိန်၏မျက်နှာ အနည်းငယ် ပျက်သွားပြီး ခေါင်းငုံ့သွားကာ စကားတစ်လုံးမျှပင် မဆိုရဲတော့ပေ။
ခါးသီးနာကျင်နေသော အမူအရာဖြင့် ဂူရှောင်ရွှဲ့သည်
“ဆရာအဘိုး… ဆရာ့ရဲ့ ဒဏ်ရာအခြေအနေက အကြီးအကဲကျိထက် ပိုပြီးပြင်းထန်တယ်။ ၁၀နှစ်အတွင်းမှာ ဆရာက အကြိမ်များစွာ သတိလစ်ခဲ့တယ်။ သူ သတိရလာရင်တောင်မှ နေ့တစ်ပိုင်းလောက်ပဲ။ ပြီးရင် သတိပြန်လစ်သွားတာ”
ဆည်းဆာအိပ်မက်ဆိုးလား။
ထန်ရှုသည် ဂူရှောင်ရွှဲ့ ပြောပြထားခဲ့သော အကြောင်းအရာများအား ပြန်လည် စဉ်းစားလိုက်သည်။ သူ၏ရင်ထဲတွင် ငလျင်ပြင်းထန်စွာ လှုပ်ခတ်သွားပြီး ချက်ချင်းပင် နှောင့်နှေးခြင်းမရှိဘဲ လှေကားများဆီသို့ ဦးတည်လိုက်သည်။
ခမ်းနားသပ္ပာယ်လှသော စေတီတော်သည် စုစုပေါင်း ၇လွှာရှိပြီး အားဖြည့်ပစ္စည်းများ အများအပြား သိုလှောင်ထားရာ ပထမအလွှာမှလွဲကာ ကျန်၆လွှာသည် ဗလာအလွတ်များဖြစ်သည်။
ထန်ရှု၏အရှိန်သည် အလွန်အမင်း မြန်ဆန်နေခဲ့ပြီး သူသည် ၇လွှာထက်တွင် ပေါ်လာခဲ့သည်။ ထိုအလွှာရှိ လေထုသည် အလွန်အကျူးကို အေးခဲနေသည်။ သူ၏မျက်လုံးများသည် ရေခဲခုတင်ထက်တွင် ဝတ်စုံဖြူ ဝတ်ဆင်ထားသည့် နက်မှောင်သောဆံနွယ်များနှင့် အသည်းနှလုံးအား လှုပ်ခါသွားနိုင်သည့် လှပသောမျက်နှာပိုင်ရှင်လေး၏ ကျောက်စိမ်းသဏ္ဌာန် ပုံရိပ်ပေါ်တွင် ကျရောက်သွားသည်။ သူမ၏ပုံဟန်သည် အသက်၂၀၀န်းကျင်သာ ရှိသေးသည့်အသွင်ဖြစ်ပြီး ခုတင်ထက်တွင် ငြိမ်သက်စွာ လဲလျောင်းနေခဲ့သည်။
“သူမလား…”
လှပသော ပုံရိပ်လေးအား ရှင်းလင်းစွာ မြင်ရပြီးသည့်နောက်တွင် သူ၏နှလုံးခုန်သံသည် အချက်ပေါင်းများစွာ တုန်ရီခုန်နေခဲ့သည်။ ဂူယန်အာ၏သွင်ပြင်သည် ယခင်နှင့် များစွာခြားနားသွားသော်လည်း သူ့အား အမြဲသတိရနေစေခဲ့သော ရင်းနှီးကျွမ်းဝင်လှသည့် ပုံရိပ်လေးအား ဖမ်းဆုပ်ရလျက် ရှိနေသေးသည်။
“တပည့်လေး…”
ထန်ရှုသည် ရေခဲခုတင်အနီးသို့ ကပ်လာသည်။ တုန်ယင်နေသော လက်များဖြင့် ဂူယန်အား မချီလိုက်ကာ ဂရုတစိုက် ထွေးပိုက်လိုက်သည်။ ရင်းနှီးနေသော မျက်နှာလေး၊ ရင်းနှီးနေသော သင်းပျံ့ပျံ့မွှေးရနံ့၊ ရင်းနှီးနေသော ကိုယ်ငွေ့။ သူ ပျိုးထောင်ခဲ့သော တပည့်လေးအား ထပ်မံတွေ့ရလိမ့်မည်ဟု သူ မည်သည့်အခါမျှ မမျှော်လင့်ခဲ့မိသလို အိပ်မက်ပင် မမက်ခဲ့ဖူးပါချေ။
အတိတ်က မြင်ကွင်းတို့သည် သူ၏အတွေးတွင် တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။
“ဆရာ… ယန်အာ ဆာနေပြီ။ ကျောက်စိမ်းနဂါး အင်မော်တယ်သစ်သီးကို ကျေးဇူးပြုပြီး ယန်အာ့ကို ခူးပေးပါလားဆရာ”
“ဆရာ.. ယန်အာ နတ်သမီးလိပ်ပြာ ပျံဝဲလာအကကို သင်လာခဲ့တယ်။ ယန်အာ ကပြမယ်။ ဆရာ ကြည့်ကြည့်ပါဦး”
“ဆရာ..ယန်အာ ကျင့်ကြံမှုအဆင့်ကို ချိုးဖြတ်သွားနိုင်ပြီ။ အစစ်အမှန် အင်မော်တယ်နယ်ပယ်ကို ရောက်ဖို့ ယန်အာ သိပ်မကြာလောက်တော့ဘူး။ အဲဒီအချိန်ဆိုရင် ယန်အာ ဆရာ့ကို ကာကွယ်ပေးနိုင်ပြီ”
“ဆရာ… ယန်အာ့အတွက် နတ်သမီးဝတ်စုံလှလှလေး ဝယ်လာပေးတယ်။ ဝတ်စုံအဖြူလေးတွေကို ယန်အာ သိပ်သဘောကျတာပဲ”
“ဆရာ…”
ထန်ရှု၏မျက်ဝန်းတို့သည် စိုစွတ်လာခဲ့သည်။ သူသည် ဂူယန်အာ၏ မျက်နှာလေးမှတစ်ဆင့် ပါးလေးများဆီ ညင်သာစွာ ပွတ်သပ်ပေးနေခဲ့သည်။ ထို့နောက် သူသည် ရေခဲခုတင်အစွန်းတွင် ဖြည်းညင်းစွာ ထိုင်ချလိုက်ကာ ကျိချွိမိန်နှင့် ဂူရှောင်ရွှဲ့တို့အား ကြည့်လိုက်ပြီး တည်ကြည်သော လေသံဖြင့်
“ကျွန်တော့်ကို ဖြစ်ပျက်ခဲ့သမျှ အကုန်ပြောပြပါ”
******