← Chapters

မိန်းမောတွေဝေ

Vol. 03 Ch. 143

မိန်းမောတွေဝေ

Vol. 03 Ch. 143

ကျိချွိမိန်သည် ထန်ရှုအား နတ်ဘုရားဘဝ ဖြစ်စဉ်ကတည်းက လေးစားခဲ့သူဖြစ်သည်။ ထန်ရှု၏မေးခွန်းအား နားထောင်ပြီးနောက် သူမသည် တရိုတသေဖြင့်

“လေးစားရတဲ့သခင်… ဒီငယ်သားက အကြောင်းအရာ အနည်းငယ်လောက်ပဲ သိပါတယ်။ သိတဲ့ အကြောင်းအရာတစ်ခုက ဆရာက သခင့်ကို မဖော်ပြနိုင်လောက်အောင် ကြိုးစားအားထုတ်မှုတွေနဲ့ နှစ်ထောင်ပေါင်းများစွာ လိုက်ရှာနေတယ်ဆိုတာပါပဲ။ အဲဒီနောက်မှာတော့ သခင် လုပ်ကြံခံလိုက်ရပြီး  စိတ်ဝိညာဉ်တောင်မှ မကျန်ခဲ့ဘူးဆိုတာကို ဆရာသိသွားတယ်။ ဆရာက အဲဒါကို မယုံကြည်နိုင်ခဲ့ဘူး။ နဝမဘုံကိုအပြေးအလွှား သွားရောက်ခဲ့တယ်။ နောက်ဆုံးမှာတော့ ကောင်းကင်အင်ပါယာ ထျန်းကျိရဲ့ တရားမဝင် တပည့်တစ်ယောက် ဖြစ်လာလို့ ကောင်းကင်အင်ပါယာ ကြယ်ရွေ့လျားမှု ခန့်မှန်းခြင်းပညာ၏ အဆုံးမဲ့ လျှို့ဝှက်ချက်ကို စိတ်ပါလက်ပါ သင်ယူနိုင်ခဲ့တယ်။ ပြင်းထန်ရက်စက်မှုတွေကို ဆရာ့ခမျာ သနားစရာ ပေးဆပ်ပေးပြီးတဲ့နောက် နောက်ဆုံးမှာ သခင်ဘယ်ကိုရောက်သွားလဲ ဆိုတာကို သိလာခဲ့တယ်။ ဒါပေမဲ့လည်း ဒီနေရာကို ရှာဖို့က မလွယ်ကူတဲ့အတွက် ဆရာက အရိပ်နတ်ဆိုးကျူးဝူရှို့ကို ရင်ဆိုင်နိုင်ဖို့ အချိန်ကျွန်းကို လျှို့ဝှက်ဝင်ရောက်ပြီး သူ့ရဲ့အောင်မြင်တဲ့ တပည့်ဖြစ်လာအောင် လုပ်ခဲ့တဲ့အတွက် အဆုံးမှာ ဆရာက နေရာလွတ်မှော်အစီအရင်ရဲ့ အစီအရင်ပြားကို ရရှိခဲ့တယ်သခင်။ ဆရာက မရေမတွက်နိုင်အောင် အကြိမ်ကြိမ် ကြိုးစားအားထုတ်ပြီးမှ နေရာလွတ်အစီအရင်ကို ခင်းကျင်းနိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ အရိပ်နတ်ဆိုးကျူးဝူရှို့က ကျွန်မတို့ကို ရှာတွေ့သွားခဲ့လို့ သူရဲ့ ပြင်းထန်လှတဲ့ တိုက်ခိုက်မှုတွေကို အလူးအလဲ ခံရတယ်။ ဆရာ့ကိုလည်း ဆည်းဆာအိပ်မက်ဆိုး ထိမှန်သွားခဲ့တယ်”

သတ်ဖြတ်လိုသော စိတ်သည် ထန်ရှု၏မျက်ဝန်းအစုံမှ ပေါ်ထွက်လာခဲ့သည်။ ထို့နောက် သူသည် လေးနက်သောအသံဖြင့် မေးလိုက်သည်။

“ငါ သတိရတာ မမှားဘူးဆိုရင် ခင်ဗျားတို့တစ်တွေက ကမ္ဘာမြေကို လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက ရောက်တာလို့ ဂူရှောင်ရွှဲ့ ပြောခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်က ကမ္ဘာမြေကို  ဒီနှစ်မှ ပြန်ရောက်လာတာ။ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ”

ကျိချွိမိန် ပြန်ရှင်းပြသည်။

“ဆရာ့ရဲ့ နေရာ အချိန် ဥပဒေသကို နားလည်မှုက အလွန်နက်ရှိုင်းတဲ့အဆင့်ကို ရောက်နေခဲ့ပြီဖြစ်တယ်။ ဒါပေမဲ့ ကျွန်မတို့ ကမ္ဘာမြေကို မရောက်ခင် ကျူးဝူရှို့က ဆည်းဆာနတ်ဆိုးနဲ့ ရိုက်ခတ်ခဲ့လို့ ထာဝရအချိန်မြစ်ထဲမှာ လမ်းလွဲသွားခဲ့တယ်။ အဲဒါကြောင့် ကျွန်မတို့က သခင့်ထက် ဆယ်စုနှစ်များစွာ စောပြီး ကမ္ဘာမြေကို ရောက်နေခဲ့တာပါ”

ထန်ရှုရင်ထဲတွင် ရှိနေသောမေးခွန်းသည် အဖြေရရှိချိန်တွင်တော့ ပျောက်ကွယ်ခဲ့ပြီဖြစ်သည်။ နောက်ဆုံးတွင်တော့ ထာဝရခိုင်မြဲခြင်းခန်းမတွင် ထောင်ပေါင်းများစွာ ကျော်ဖြတ်ခြင်းအစီအရင်နှင့် ရေနဂါးထောင်အစီအရင် ဘာကြောင့်ရှိနေရသည်ကို သူ နားလည်ခဲ့ပြီဖြစ်သည်။ သည်အရာများသည် ဂူယန်အာ၏ စီမံမှုကြောင့် ဖြစ်ပေါ်တည်ရှိနေခဲ့ခြင်း ဖြစ်သည်။ သူမ လုပ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ခဲ့ပြီး အလွန်အမင်း ပြင်းထန်နာကျင်မှုကို ပေးဆပ်ခဲ့ခြင်းသည် ကမ္ဘာမြေသို့ ကိုယ်တိုင် လာနိုင်ရန် တစ်ခုတည်းအတွက်သာ ဖြစ်သည်။

ထန်ရှု၏နှလုံးသားသည် ကျောက်ခဲနှင့် ပြုလုပ်ထားခြင်း မဟုတ်သောကြောင့် ထိုအကြောင်းအရာများသည် သူ့အား စိတ်လှုပ်ရှားစေပြီး သူ၏နှလုံးသားထဲတွင် စိတ်ခံစားမှုများသည် ဒီရေလှိုင်းများသဖွယ် တလိမ့်လိမ့် တက်လျက်ရှိသည်။ သူ့တွင် ရှိသော ချစ်ခြင်းနှင့် မြတ်နိုးခြင်းတို့ကြောင့် အရိပ်နတ်ဆိုး ကျူးဝူရှို့အား မုန်းတီးစိတ်များသည် တဖွားဖွား ဖြစ်ပေါ်လျက်ရှိသည်။ သူ အင်မော်တယ် ကမ္ဘာသို့ ပြန်ရောက်သောတစ်နေ့တွင် အရိပ်နတ်ဆိုး ကျူးဝူရှို့သည် ထိုအရာအတွက် အဆိုးဝါးဆုံး ပေးဆပ်စေရမည်ဟု သူ ကျိန်ဆိုလိုက်သည်။

ဘေးတွင် ရပ်ကာ ထန်ရှု၏သွင်ပြင်အား ကြည့်ရှုနေသော ဂူရှောင်ရွှဲ့၏ရင်ထဲတွင် ခံစားချက်အမျိုးမျိုး ဖြစ်ပေါ်လျက်ရှိသည်။ ဆရာဖြစ်သူ၏ စိတ်ဆန္ဒများအား သူမ အားလုံး သိထားသောကြောင့် နှစ်ထောင်ပေါင်းများစွာ ဆရာဖြစ်သူသည် မည်သည်ကို စိတ်ထဲ တမ်းတစွဲနေသည်ကိုလည်း သူမ သိသည်။ ယခု သူမ၏ဆရာသည် သတိမေ့မြောလျက် နေသေးသော်လည်း ဆရာအဘိုးမှ ပွေ့ဖက်ထားပေရာ ဆရာဖြစ်သူသည် ပျော်ရွှင်နေလေမလားဟုသည့် အတွေးသည် သူမ၏စိတ်ထဲတွင်  ဖြစ်ပေါ်နေသည်။

“ယန်အာ… ဘယ်အချိန်လောက် သတိပြန်ရနိုင်မလဲ”

ထန်ရှုသည် ကျိချွိမိန်အား လှည့်ကြည့်လိုက်ပြီး တည်ကြည်လေးနက်စွာ မေးလိုက်သည်။

ကျိချွိမိန်သည် လေးစားသော အမူအရာဖြင့်

“လွန်ခဲ့သော ၃လက ဆရာက နောက်ဆုံးအကြိမ် သတိရလာတယ်။ ပုံမှန်လည်ပတ်ပုံ အတွေ့အကြုံအရဆိုရင် ၃လအတွင်း ဆရာ သတိရလာလိမ့်မယ်။ ဒါပေမဲ့ ကျွန်မတို့မှာ စိတ်တည်ငြိမ် ကျောက်တုံးတွေက ပစ္စည်းပြတ်တော့မယ်။ ကျန်တဲ့ကျောက်တုံးတွေက ၂နှစ်နဲ့၆လလောက်ပဲ ဆရာ့အခြေအနေကို ထိန်းသိမ်းနိုင်တော့မယ်။ ဒီအချိန်အတွင်း နောက်ထပ် စိတ်တည်ငြိမ်ကျောက်တုံးတွေ မရနိုင်ဘူးဆိုရင် ကျွန်မကြောက်မိတယ်…ဆရာ တစ်ခုခု ဖြစ်သွားမလားဆိုပြီး…”

စိတ်တည်ငြိမ် ကျောက်တုံးလား။

စိတ်တည်ငြိမ် ကျောက်တုံးက ပုံမှန်မဟုတ်တဲ့ စိတ် ဒါမှမဟုတ် စိတ်ဝိညာဉ်အခြအနေကို တည်ငြိမ်စေပြီး ကာကွယ် စောင့်ရှောက်ပေးတာလား။

ထန်ရှုသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလျက် ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခုသည် မျက်ဝန်းတို့တွင် ထင်ဟပ်သွားသည်။ စိတ်တည်ငြိမ် ကျောက်တုံးတွေကို ရှာရန်အတွက် ဖြစ်နိုင်သည့် နည်းလမ်းတိုင်းကို ရှာဖွေရန် သူစဉ်းစားရမည်ဖြစ်ပြီး အချိန်သလင်းကျောက်နှင့် နတ်ဆိုးသက်ဝင်မြက်ပင်တို့ကို ရှာဖွေရန် အရာတိုင်းအား သူ လုပ်ဆောင်ရမည် ဖြစ်သည်။ စိတ်တည်ငြိမ် ကျောက်တုံးသည် ယာယီဖြေရှင်းနိုင်ရုံသာ ဖြစ်ပြီး ပြဿနာအား ဖြေရှင်းနိုင်သည့် ရင်းမြစ်မဟုတ်ပေ။ ထိုပစ္စည်း၂ခုကို ရှာဖွေတွေ့ရှိခြင်း သို့မဟုတ် အာနိသင်တူသည့် အခြားပစ္စည်းများကို ရှာဖွေတွေ့ရှိခြင်းသည်သာလျှင် ဂူယန်အာအား လုံးဝပျောက်ကင်းအောင် ကုသပေးနိုင်မည်ဖြစ်သည်။

“ခင်ဗျားတို့၂ယောက်ထဲက ဘယ်သူ ဆေးလုံးဖော်စပ်တာကို နားလည်သလဲ”

ဂူရှောင်ရွှဲ့နှင့် ကျိချွိမိန်တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီးနောက် ဂူရှောင်ရွှဲ့ ချက်ချင်း တုံ့ပြန်လိုက်သည်။

“ကျွန်မကတော့ နည်းနည်းပဲ သိတယ်။ ဆရာကတော့ ဆေးပညာအကြောင်း သိလို့ တစ်ခါ သင်ပေးဖူးတယ်။ ဒါပေမဲ့ ပြောင်မြောက် လောက်အောင်တော့ မဖော်စပ်နိုင်ခဲ့ဘူး”

ကျိချွိမိန်မှ “ကျွန်မ ဖော်စပ်နိုင်တယ်”

“ကျွန်တော် ယန်အာရဲ့အနားမှာ ဒီတစ်ညလုံး ရှိမယ်။ မနက်ဖြန်ကျရင် ကျွန်တော်နဲ့ ကြယ်တာရာကို လိုက်ခဲ့ပါ။ ကျွန်တော့်ဆီမှာ စိတ်ဝိညာဉ်ငြိမ်သက်စေတဲ့ ဆေးလုံးကို ဖော်စပ်ရာမှာ အဓိကကျတဲ့ သွေးခရုခွံပန်းရှိတယ်။ ဆေးဖော်စပ်နည်းပါ ပေးလိုက်မယ်။ အခြားဆေးပစ္စည်းတွေ လိုအပ်ရင် ရှာဖို့ ဖြစ်နိုင်တဲ့နည်းတွေ ခင်ဗျား စဉ်းစားထားလို့ ရတာပေါ့”

“စိတ်ဝိညာဉ် ငြိမ်သက်စေတဲ့ ဆေးလုံး… ဟုတ်လား”

အံ့သြပျော်ရွှင်မှု အရိပ်အယောင်သည် ကျိချွိမိန်၏ မျက်ဝန်းများတွင် ထင်ဟပ်လျက်ရှိသည်။ သူမသည် အင်မော်တယ်ကမ္ဘာတွင် နှစ်ထောင်ပေါင်းများစွာ နေခဲ့သောကြောင့် သည်စိတ်ဝိညာဉ် ငြိမ်သက်စေသည့် ဆေးလုံး၏ အဖိုးထိုက်တန်မှုနှင့် အကျိုးကျေးဇူးများအား သိရှိထားခဲ့သည်။ သူမသာ ထိုဆေးလုံးအား ဖော်စပ်နိုင်ခဲ့ပါက ဆရာဖြစ်သူ၏ အခြေအနေအား ၃နှစ်မှ ၅နှစ်ထိ ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။

“ကျေးဇူးအများကြီး တင်ပါတယ် လေးစားရတဲ့သခင်”

ကျိချွိမိန်သည် ဒူးကိုညွှတ်ကာ အရိုအသေ ပေးလိုက်သည်။

ထန်ရှုသည် လက်ကို ဝှေ့ယမ်းလျက်

“ကျွန်တော်တို့က အခု အင်မော်တယ်ကမ္ဘာမှာ မဟုတ်သလို ကျွန်တော်ကလည်း အဲဒီကမ္ဘာက ပြိုင်ဘက်ကင်း ထန်ရှု မဟုတ်တော့ဘူး။ အခုကစပြီး အခြားသူတွေရှေ့မှာ ကျွန်တော့်ကို အရိုအသေပေးတာတို့ ဦးညွှတ်တာတို့ မလုပ်မိဖို့ သတိထားပေးပါ။ ကျွန်တော်က အခုဆို အစကနေ ပြန်စနေရတဲ့ ခေတ်သစ်လူသား တစ်ယောက်ပါ။

ကဲ… ခင်ဗျားတို့ ထွက်သွားလို့ရပါပြီ”

“ဟုတ်ကဲ့ပါ” ကျိချွိမိန်နှင့် ဂူရှောင်ရွှဲ့တို့သည် တလေးတစား ပြန်ဖြေလိုက်သည်။

စေတီတော်အတွင်းရှိ အပူချိန်သည် အနှုတ်၁၀ဒီဂရီအထိ ကျဆင်းခဲ့ပြီး အအေးခန်း သိုလှောင်ခန်းနှင့် နှိုင်းယှဉ်ပါက ပို၍ပင်အေးနေသည်ဟု ဆိုနိုင်သေးသည်။ သို့သော်လည်း သူ၏ သန်မာဖျတ်လတ်မှုနှင့် ချီစွမ်းအားတို့ကို အမှီသဟဲပြုကာ ထန်ရှုသည် ထိုအအေးဒဏ်အား ကြံ့ကြံ့ခံခဲ့ပြီး ထိုစေတီအတွင်းတွင် တစ်ညလုံး သူ နေထိုင်ခဲ့လေသည်။ သူမအား နှစ်ထောင်ပေါင်းများစွာ သူ မမြင်တွေ့ခဲ့ရပဲ သူ့အတွက် ပေးဆပ်ခဲ့သော ထိုတစ်စုံတစ်ယောက်အား ထန်ရှု ထားရစ်ခဲ့နိုင်စွမ်း မရှိပါပေ။ သူမ သတိလစ်နေသည် ဆိုလျှင်တောင်မှ ထန်ရှု အဖော်လုပ်ပေး နေချင်သေးသည်။

နောက်တစ်နေ့ မနက်စောစောတွင်…

ထန်ရှုသည် စေတီတော်အတွင်းမှ ထွက်လာခဲ့ပြီး ပင်လယ်ကမ်းရိုးတန်းဆီ ပြန်လာခဲ့သည်။ ထို့နောက် သူ့အား အချိန်ကြာမြင့်စွာ အတူတကွ ရပ်စောင့်နေခဲ့သော ဂူရှောင်ရွှဲ့နှင့် ကျိချွိမိန်တို့အား တွေ့လိုက်ရသည်။

“ဆရာအဘိုး… အိုးရန်လူလူ လာနေပြီ” ဂူရှောင်ရွှဲ့ တလေးတစား ပြောလိုက်သည်။

ထန်ရှုသည် ပေါ့ပေါ့ပါးပါးဖြင့်

“သူ လာရင် ကျွန်တော့်အတွက် အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ပြီ။ ကျိချွိမန်… ခင်ဗျားမှာ အိုင်ဒီကတ်ရှိလား”

“မရှိပါဘူး” ကျိချွိမန် ခေါင်းကိုယမ်းလျက် ပြောလိုက်သည်။

ထန်ရှုသည် ဂူရှောင်ရွှဲ့ကို ကြည့်လျက်

“နင် အကြီးအကဲကျိအတွက် အိုင်ဒီကတ်တစ်ခုရအောင် လုပ်ပေးလိုက်ပါ။ အဲဒါရှိရင် ကမ္ဘာမြေမှာ နေထိုင်ရတာ အခက်အခဲ အတော်လျော့သွားလိမ့်မယ်။ ကဲ… အိုးရန်လူလူဆီ သွားတွေ့ကြရအောင်”

“ဆရာအဘိုး… သူ့ကိုထပ်ပြီး ယာဉ်မောင်းသူ လုပ်ခိုင်းဦးမလို့လား”

ဂူရှောင်ရွှဲ့နှုတ်ခမ်းထက်တွင် အပြုံးတစ်ချက် ပွင့်ဟလာသည်။

ထန်ရှုသည် လမ်းစလျှောက်လိုက်ရင်း ပြန်မေးလိုက်သည်။

“အကြီးအကဲကျိမှာ အိုင်ဒီကတ်မရှိသေးတော့ အိုးရန်လူလူရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ကြယ်တာရာကို ပြန်တာက ပိုမြန်လိမ့်မယ်လို့ နင် မထင်ဘူးလား”

“ဆရာအဘိုး… ပြောတဲ့အတိုင်းပါပဲ”

ဂူရှောင်ရွှဲ့၏ မျက်နှာထက်မှ အပြုံးသည် ပိုမိုသိပ်သည်းလာခဲ့သည်။ သူမသည် အိုးရန်လူလူ၏ အကျင့်စရိုက်အား သိထားသည်။ အိုးရန်မိသားစု၏ အနည်းငယ် ဆိုးသွမ်းတတ်သော မင်းသမီးလေးသည် အလွန်ဝင့်ကြွားတတ်ပြီး မိုးထိအောင် မာနကြီးသူဖြစ်သည်။ သို့သော် သူမ၏ ဆရာအဘိုးသည် ထိုကဲ့သို့သော မင်းသမီးလေးအား သိမ်မွေ့လာအောင် လုပ်နိုင်စွမ်းသူဖြစ်သည်။ သူ၏ဆွဲဆောင်နိုင်သည့် အရည်အချင်းသည် ထိုမျှပင် စွမ်းအားကြီးလေသည်လား။ သို့မဟုတ် အိုးရန်လူလူအတွက် ဒုက္ခပေးသော အရာအဖြစ် တည်ရှိလာလေသည်လား။ ဂူရှောင်ရွှဲ့ အဖြေရှာမရလေပြီ။

မိနစ်အနည်းငယ်ကြာပြီးနောက်…

ထာဝရခန်းမ၏ ကားရပ်နားရာနေရာတွင်  အိုးရန်လူလူသည် မျက်လုံးအစုံတို့သည် ဒေါသဖြင့် ပြူးကျယ်ကာ ထန်ရှုအား စိုက်ကြည့်နေလျက် အော်ပြောလိုက်သည်။

“ဘာ… နင်က ငါ့ကို ထပ်ပြီး ယာဉ်မောင်းသူ လုပ်စေချင်သေးတယ် ဟုတ်လား။ အိပ်မက် မက်နေလိုက်။ ဒီကြီးမြတ်တဲ့အဒေါ်ကြီးက အမြဲတမ်း သူများကိုပဲ အမိန့်ပေးခဲ့တာ။ ငါ့ကို သူများက လာပြီး အမိန့်ပေးတာမျိုး ခံတာမဟုတ်ဘူး။ ထန်ရှု… နင်လိုချင်တာ ငါ မလုပ်ပေးနိုင်ဘူး”

ထန်ရှုသည် ဂုဏ်ယူဝင့်ကြွားကာ အဓိပ္ပာယ်ပြည့်ဝသော လေသံဖြင့်

“လူလူ… မင်း ပြောခဲ့တာ ငါ မှတ်မိပါသေးတယ်။ ငါတို့က သူငယ်ချင်းတွေဆို။ သူငယ်ချင်းတွေက အချင်းချင်း မကူညီသင့်ဘူးလား။ သူမမှာ အိုင်ဒီကတ်မရှိလို့ ကြယ်တာရာကို သွားဖို့ လေယာဉ်စီးလို့ မရဘူးလေ။ အဲဒါကြောင့် သူငယ်ချင်းတစ်ယောက်အနေနဲ့ မင်းရဲ့ လေယာဉ်လေးကိုငှားဖို့ အကူအညီတောင်းလို့ ရမလား”

“နင်..”

အိုးရန်လူလူသည် သူမပြောခဲ့သော စကားများအား ထန်ရှုသည် သေနတ်တစ်လက် ပစ်သကဲ့သို့ အသုံးပြုလိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူမ၏ရင်ထဲတွင် မလုပ်ပေးချင်စိတ်တို့ ကြီးစိုးနေသော်လည်း ထန်ရှုအား သူငယ်ချင်းအဖြစ်မှ ဆုံးရှုံးရမည်ကို မလိုလားပါချေ။ ပိုကောင်းသော ရွေးချယ်မှုများအစား သူမသည်  သုံးနေကျနည်းလမ်းကိုသာ အသုံးပြုလျက် တစ်ဖက်သားအား အခက်တွေ့စေလိုက်သည်။

“ငါ နင့်ကို အမှန်တကယ် ကူညီနိုင်တယ်။ ဒါပေမဲ့ ငါဘာအကြိုက်ဆုံးလဲဆိုတော့ ချီးကျူးစကားပြောတာကို နားထောင်ရတာ ကြိုက်တယ်။ နင့်ရဲ့ချီးကျူးစကားတွေကို ငါ သဘောကျရင် ငါ ချက်ချင်း လေယာဉ်စီစဉ်ပေးပြီးတော့ နင့်ကို စောင့်ရှောက်ပြီးတောင် လိုက်ပို့လိုက်ဦးမယ်… ဘယ်လိုလဲ”

“လူလူ… မင်းက အလှလေးတစ်ယောက် ဖြစ်ပြီးတော့ တအားကို လှတယ်။ မင်းမှာ ကောင်းမွန်တဲ့ ဟန်ပန်အမူအရာ ရှိတယ်။ လှပစွာ ဖူးပွင့်နေတဲ့ ပန်းကလေးတစ်ပွင့်ကို ကြည့်နေရသလိုပဲ လူတိုင်းက မင်းကို ချစ်ကြတယ်။ မင်း..မင်းမှာ တရားနဲ့ယှဉ်တဲ့ နှလုံးသားလည်း ရှိပါတယ်။ အခု ငါတို့ကို ကျင်းမန်ကျွန်းကို ခေါ်သွားနိုင်ပြီလား”

“ခွိ..” ဘေးတွင် ရပ်နေသော ဂူရှောင်ရွှဲ့သည် ပြုံးနေရာမှ အသံထွက်အောင်ပင် ရယ်မောလိုက်တော့သည်။

အိုးရန်လူလူ၏ နှုတ်ခမ်းများသည် အကြိမ်အနည်းငယ်မျှ တဆတ်ဆတ် တုန်လှုပ်သွားပြီး ဒေါသတကြီး အော်ပြောလိုက်သည်။

“ထန်ရှု… နင်  ဒါ သက်သက်လုပ်တာ မဟုတ်လား။ ငါ့ကို မှတ်ဉာဏ်မကောင်းဘူးလို့ နင်ထင်နေတယ်ပေါ့လေ။ ငါ့ကို ပြောင်ချော်ချော် လုပ်နေတာလား။ ငါ ရှင်းရှင်းလင်းလင်းကြီးကို မှတ်မိနေသေးတယ်။ နင် အရင်ကလည်း ဒီချီးကျူးစကားတွေပဲ ပြောခဲ့တာပဲ။ ပြီးတော့ ဒီစကားတွေကလည်း မဆိုးပါဘူး”

နောက်ဆုံးတော့ သူမသည် “ဒီစကားတွေကလည်း မဆိုးပါဘူး” ဟုသာ လေသံလေးလေးကြီးဖြင့် ပြောလိုက်ရတော့သည်။

“….”

ထန်ရှုသည် တိတ်ဆိတ်နေသည်။ ပေါင်းသင်း ဆက်ဆံရေးရာတွင် သူ ညံ့သည်ကို သူကိုယ်တိုင်လည်း သိပါသည်။

ဂူရှောင်ရွှဲ့သည် ပါးစပ်လေးဟလျက်

“လူလူ… ကျေးဇူးပြုပြီးတော့ ဆရာအဘိုးကို အခက်တွေ့အောင် လုပ်လို့မရဘူးလား။ အကြီးအကဲကျိက ကြယ်တာရာမှာ ဆရာအဘိုးနဲ့ အရေးတကြီး လုပ်စရာရှိနေလို့ သူတို့ကို ကူညီပေးလိုက်ပါဟာ။ နော်..လို့”

အိုးရန်လူလူသည် ထန်ရှုအား မျက်စောင်းအကြီးစား တစ်ချက် ထိုးလိုက်ပြီး နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။

“ဟမ့်…ဒီလိုပဲ  လုပ်ကြတာပေါ့။ ရှောင်ရွှဲ့မျက်နှာကြောင့် ဒီတစ်ကြိမ် နင့်ကို လျှော်ပေးလိုက်မယ်။ အခု သွားကြအောင်။ ငါလည်း ချူယီနဲ့ဆွေးနွေးစရာတွေ ရှိသေးတော့ ကြယ်တာရာကို ထပ်သွားရမှာပဲ။ နင်တို့ကို ခေါ်သွားရတာ အပန်းမကြီးပါဘူး”

“ကျေးဇူးအများကြီး တင်ပါတယ်” ထန်ရှုသည် ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

ထန်ရှု ကြယ်တာရာကို ပြန်ရောက်ချိန်သည် နေ့လယ်ခင်း ရှိနေပြီဖြစ်သည်။ တောင်တံခါးရှိ သူ၏အိမ်မှ သွေးခရုခွံပန်းအား ကျိချွိမိန်အား ယူပေးလိုက်ပြီး အိုးရန်လူလူနှင့် ပြန်လည်ဆုံတွေ့ရန် သူမဘာသာ စီစဉ်ခိုင်းလိုက်သည်။ ထို့နောက် သူသည် အငှားကားဖြင့် ကြယ်တာရာ တရုတ်တိုင်းရင်းဆေး ဆေးရုံကြီးသို့ လာခဲ့သည်။ မူလက သူသည် ကြယ်တာရာ အထက်တန်းကျောင်းသို့ မနက်အစောပိုင်းတွင် သွားကာ သတင်းပို့ရန် စီစဉ်ထားသော်လည်း နောက်ကျမှ လုပ်ရန် ဆုံးဖြတ်လိုက်သည်။ ထို့ပြင် သူသည် မနေ့ညက ကျင်းမန်ကျွန်းတွင် ရှိခဲ့သောကြောင့် ယွမ်ချူးလင်နှင့် ကျန်သောသူများအား စာဆွေးနွေးပေးသည့် အစီအစဉ်လည်း ပျက်ကွက်ခဲ့သည်။ သူ အထူးလူနာဆောင်သို့ ရောက်လာချိန်တွင် သူ၏မိခင်သည် နေ့လယ်စာ စားတော့မည့်ဆဲဆဲ ဖြစ်သည်။

“အမေ… ဘယ်လိုနေသေးလဲ။ နာကျင်တာတွေ ခံစားနေရသေးလား”

စုလင်းယွမ်သည် ပြုံးလျက်

“ဘာမှနာကျင်တာ မရှိတော့ဘူး။ ရှုအာ..သား ဘယ်လို ရောက်လာလဲ။ ကျောင်းအတန်းတွေ မတက်ဘူးလား”

“ကျောင်းသင်ရိုးက ပြီးတာကြာပြီအမေ။ ကျန်တဲ့လတွေမှာ သင်ခန်းစာတွေကို ပြန်နွှေးနေရတာ။ ကျွန်တော့်အဆင့်တွေလည်း အတော်ကောင်းလာပါတယ်။ ဖတ်စာအုပ်တွေထဲက အကြောင်းအရာတွေကို ကျွန်တော်အကုန်သိနေပါပြီ အမေ။ ဆရာမဟန်ကလည်း သားအကြောင်းသိလို့ ဆေးရုံမှာ အမေ့ကို လာကြည့်တာလောက်ကတော့ ကျွန်တော့်လေ့ကျင့်မှုမှာ မနှောင့်နှေးပါဘူးလို့ သူမလည်း တွေးခဲ့တယ်”

စုလင်းယွမ်သည် ပြုံးလျက်

“အင်း။ အမေသိပါတယ်။ မနေ့ညနေက ဆရာမဟန်လာသွားပြီး သားရဲ့ အဆင့်တွေအကြောင်း ပြောသွားတယ်။ ဆရာမက သားအတွက် ဂုဏ်ယူနေတာ။ အမေ့ရှုအာလေးအတွက် တောက်ပတဲ့ အနာဂတ်တစ်ခု ရှိနေတယ်လို့ အမေသိပါတယ်။ အာ..သား မစားရသေးဘူးမဟုတ်လား။ အမေနဲ့အတူတူ စားမလား”

ထန်ရှုသည် ခေါင်းကိုယမ်းလျက်

“ကျွန်တော် မဆာဘူးအမေ။ ကျောင်းကို ပြန်ရဦးမှာမို့ အကြာကြီး နေလို့မရဘူး။ ဟိုရောက်မှပဲ စားလိုက်တော့မယ်။ ဒါနဲ့…ဆရာမဟန်လာတယ်လို့ အမေပြောလိုက်တာလား။ ကျွန်တော် သူ့ကို အမေ့ရဲ့ လူနာဆောင်နံပါတ် မပြောထားမိပါဘူး”

သူတို့ စကားပြောနေစဉ်တွင်…

အထူးလူနာဆောင်တံခါးသည် ပွင့်သွားပြီး ဆေးရုံအုပ်လီဟွန်ဂျီသည် ပြုံးရွှင်သော မျက်နှာထားဖြင့် မတ်တတ်ရပ်နေလျက် ရှိသည်။ သူ၏လက်ထဲတွင် စာရွက်စာတမ်းအချို့ ပါဝင်သော အိတ်တစ်ခုအား ကိုင်ဆောင်ထားလျက် ရှိသည်။

“အာ… ဆေးရုံအုပ်လီ.. ကျေးဇူးပြုပြီးတော့ ထိုင်ပါဦး”

စုလင်းယွမ်သည် စားရန်အချိန်မရှိတော့ပဲ ကြိုးစားကာ မတ်တတ်ရပ်လိုက်သည်။

လီဟွန်ဂျီသည် လျင်မြန်စွာဖြင့်

“ကျေးဇူးပြုပြီး…အဲဒီလိုမကြိုဆိုပါနဲ့ဗျာ။ ဒါနဲ့… ထန်ရှု… မင်းအတွက် ဆေးပညာလက်မှတ်တွေ ငါ ရလာခဲ့ပြီ။ ကျန်းမာရေးဗျူရိုရဲ့ အမြင့်ပိုင်းတွေကတော့ အတော်မေးမြန်းကြတယ်ကွ။ ဒါပေမဲ့ ငါ့နာမည်နဲ့ အာမခံလိုက်တော့ သူတို့ ပျော်ပျော်ရွှင်ရွှင် ထုတ်ပေးကြပါတယ်။ မင်းအတွက် သမားတော်ဆိုတာ အမည်ခံမဟုတ်တော့ပဲ တကယ်ဖြစ်လာခဲ့ပြီ။ အဲဒါကြောင့် မင်း ငါတို့ဆေးရုံကို ဘယ်တော့လောက် လာပြီး လူနာတွေကို ကြည့်ပေးတော့မလဲ”

ထန်ရှုသည် ဖိုင်တွဲအား ယူလိုက်ပြီး အတွင်းမှ စာရွက်စာတမ်းများအား ယူကာ ဖတ်ကြည့်လိုက်ရင်း

“ကျွန်တော် ကောလိပ်ဝင်ခွင့်ဖြေပြီးတဲ့အထိ စောင့်ပေးပါဦး။ နို့မို့ဆို အမေကလည်း ကျွန်တော် အခု လူနာတွေကြည့်ဖို့အတွက် သဘောတူမှာ မဟုတ်သေးဘူး”

******

All Chapters