← Chapters

ကျောင်းသို့အပြန်

Vol. 03 Ch. 144

ကျောင်းသို့အပြန်

Vol. 03 Ch. 144

လီဟွန်ဂျီအတွက်မူ ထန်ရှုကို ခန့်အပ်နိုင်ခြင်းသည် ကောင်းကင်ဘုံမှ ပေးအပ်သော ပျော်ရွှင်ကျေနပ်စရာ ကောင်းသောအရာအဖြစ် တည်ရှိနေပြီးဖြစ်သည်။ ထန်ရှု၏အဖြေကို ရပြီးနောက် သူသည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လျက်

“အထွေအထူးမရှိဘူးဆိုရင် ငါ မင်းအတွက် ရုံးခန်းတစ်ခု ပြင်ဆင်ထားပြီးသား။ မင်း လာတဲ့အခါ အဲဒါကို သုံးလို့ရတယ်”

“ကောင်းပါပြီ” ထန်ရှု ပြောလိုက်သည်။

လီဟွန်ဂျီသည် ပြုံးလျက်

“ဒီလိုဆိုမှတော့ ငါလည်း မင်းတို့ကို အနှောင့်အယှက် မပေးတော့ဘူး”

ထန်ရှုသည် လီဟွန်ဂျီအား လိုက်ပို့လိုက်ပြီးနောက် ဖိုင်တွဲအား လက်တွင် ကိုင်ထားလျက် သူ၏မိခင်အား မေးလိုက်သည်။

“အမေ… ဘန်ရှိုတို့အဖွဲ့ ဘယ်ရောက်နေလဲ။ ကျွန်တော်လာကတည်းက သူတို့ကို မမြင်မိဘူး”

စုလင်းယွမ်သည် ပြုံးလျက်

“အမေ သူတို့ကို ပြန်ဖို့ ပြောလိုက်တယ်။ အမေက အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်မို့လို့ သူတို့လို ယောက်ျားလေးတွေက နေ့တိုင်း အမေ့ကို အဖော်လုပ်ပေးနေရင် မသင့်တော်ဘူးလေ။ နောက်ပြီး ဆေးရုံကလည်း သူနာပြု၂ယောက်ကို လွှတ်ပေးပြီး အမေ့ကို ဂရုစိုက်ဖို့နဲ့ အမေ့လိုအပ်ချက်တွေကို လုပ်ပေးဖို့ နေ့တိုင်း လွှတ်ပေးထားတယ်။ အဲဒါနဲ့ကို လုံလောက်နေပါပြီ”

ထန်ရှုသည် သူ၏စိတ်ဝိညာဉ်အား ထုတ်လွှင့်လိုက်ရာ ဘန်ရှိုနှင့် ဒင်ဇီတို့သည် အနီးနားရှိ ကော်ရစ်ဒါတွင် ရှိနေကြောင်း တွေ့လိုက်ရသဖြင့် တိတ်တဆိတ် ကျေနပ်သွားခဲ့သည်။ ထို့နောက် …

“ကျွန်တော်သိပြီအမေ။ အမေနေရတာ အဆင်ပြေတယ်ဆိုရင် ကျွန်တော် ကျောင်းကို ပြန်လိုက်ဦးမယ်”

“ကောင်းပြီ ရှုအာ..။ သား စာကို သေချာလေ့လာရမယ်။ အကောင်းဆုံးတက္ကသိုလ်မှာ တက်ရောက်နိုင်သူ ဖြစ်ရမယ်” စုလင်းယွမ် အလျင်အမြန် ပြောလိုက်သည်။ သူမအတွက် အရေးကြီးဆုံးအရာသည် သားဖြစ်သူ၏ပညာရေးပင် ဖြစ်သည်။

“သေချာပေါက် ဖြစ်ရစေမယ်အမေ” ထန်ရှုသည် အာမခံမှုပေးလိုက်ပြီး ပြုံးလိုက်သည်။ ထို့နောက် သူသည် ဆေးရုံမှ ထွက်လာခဲ့လိုက်သည်။

ကြယ်တာရာ ပထမအထက်တန်းကျောင်း….

ဟန်ကျင်းဝူသည် သူမ၏ရုံးခန်းထဲတွင် ဒေါသထွက်နေသော အမူအရာဖြင့် ထိုင်နေသည်။ ယခုဆိုလျှင် ထန်ရှု၏ခွင့်သည် ရက်ပြည့်နေပြီဖြစ်ပြီး ကျောင်းသို့ ပြန်လာရတော့မည့်အချိန် ဖြစ်သည်။ သို့သော်လည်း သည်ကျောင်းသားလေးသည် ယနေ့ထိ ကျောင်းသို့ မရောက်လာသေးချေ။ ကျောင်းကို တက်ရန် ဘာကြောင့်မုန်းနေရသည်ကို သူမ မတွေးတတ်အောင်ပင် ရှိသည်။ သူ၏အဆင့်များ ကောင်းမွန်သည်ဆိုရင်တောင်မှ  သည်အမှန်တရားကို သူ နားလည်သင့်ပေသည်။

“စစ်ပွဲမတိုက်ခင် သင်၏လက်နက်များကို ထက်မြအောင် လုပ်ထားသင့်သည်။ လက်နက်များ ဟောင်းနွမ်းနေရင်တောင်မှ တောက်ပနေလိမ့်မည်”

“အမ်..ဆရာမဟန်။ နေ့လယ်စာ သွားမစားသေးဘူးလား”

အခြားအတန်းပိုင်ဆရာသည် သော့အား ဝှေ့ယမ်းကာ ပြန်လာရင်း ဟန်ကျင်းဝူအား တွေ့သောအခါ သူသည်  ချက်ချင်း ပြုံးလိုက်ပြီး မေးလိုက်သည်။

“ငါ ဒေါသနဲ့ကို ဗိုက်ပြည့်နေပြီ” ဟန်ကျင်းဝူသည် စိတ်လက်မကြည်မသာဖြင့် ပြန်ပြောလိုက်သည်။

“ဟမ်.. ဘယ်လိုဖြစ်လို့လဲ” ထိုအတန်းပိုင်ဆရာသည် အံ့အားသင့်သွားရသည်။

ဟန်ကျင်းဝူသည် သူမ စိတ်မထိန်းနိုင်ဘဲ လွှတ်ခနဲ ထွက်သွားသည်ကို သိလိုက်သဖြင့် အလျင်အမြန်ပင် …

“ဒါက အရေးမကြီးပါဘူး။ ကျောက်းသားတစ်ယောက်ပါ။ ဆရာလီ..ရှင် နေ့လယ်စာ သွားစားမလို့လား။ ကျွန်မလည်း ကန်တင်းလာပြီး အဲဒီမှာ ရှင်နဲ့ လာဆုံပါမယ်”

“ကောင်းပြီ”

ထိုအတန်းပိုင်ဆရာသည် ဟန်ကျင်းဝူအနေဖြင့် သူမဒေါသထွက်နေရသည့် အကြောင်းရင်းအား ပြောပြလိုစိတ် မရှိမှန်း ပြောနိုင်ပေသည်။ ထို့ကြောင့် သူသည် ချက်ချင်း ခေါင်းညိတ်လိုက်ပြီး ထွက်ခွာသွားတော့သည်။

“ဒေါက်…ဒေါက်…”

မိနစ်အနည်းငယ် ကြာသောအခါ ရုံးခန်းတံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။

ဟန်ကျင်းဝူသည် တံခါးဆီသို့ လှမ်းကြည့်လိုက်သည်။ သူမသည် ချက်ချင်း ကုလားထိုင်မှ ခုန်ထလိုက်ရာ အပြင်ဘက်တွင် မတ်တတ်ရပ်နေသော ထန်ရှုအား တွေ့လိုက်ရသည်။ သူမသည် ရုတ်ခြည်းပင် ထန်ရှုဆီသို့ လျှောက်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ထန်ရှု… နင် ကျောင်းသား ဟုတ်လား မဟုတ်ဘူးလား။ နင် ဒီနေ့ ကျောင်းပြန်တက်ရမယ်လို့ ငါတို့ သေချာပြောခဲ့တာ မဟုတ်ဘူးလား။ အခုမှ လာတယ်ပေါ့လေ။ မနက်အတန်းက ပျက်ကွက်ဖြစ်သွားပြီ ဆိုတာကိုရော နင် သိရဲ့လား”

ထန်ရှုသည် ကူကယ်ရာမဲ့စွာဖြင့်

“ဆရာမဟန်…ဒေါသကြီးပဲဗျာ။ စိတ်အေးအေးထားပြီး ကျွန်တော် ပြောတာ အရင်နားထောင်ပါဦး။ ပြီးရင် ဆရာမ ထပ်ပြောလို့ရတယ်… အိုကေလား”

ဟန်ကျင်းဝူ ဒေါသတကြီး တုံ့ပြန်လိုက်သည်။

“ဘာလဲ။ နင်က အတန်းပျက်တာကို ညှိနှိုင်းချင်သေးတာလား။ နင့်လက်ချောင်းတွေ ချိုးပြီး ကိုယ့်ဘာသာ ရေတွက်လိုက်။ နင့်ကို ဆေးရုံမှာ နောက်ဆုံးတွေ့ရချိန်ကနေ ခုချိန်ထိ နင် အတန်း ဘယ်နှကြိမ်တက်ပြီးလို့လဲ”

ထန်ရှုသည် ခေါင်းကိုယမ်းလျက်

ဆရာမဟန်… ကျွန်တော့်ကို တန်းခွဲ-၁၀မှာ ထားတယ်ဆိုကတည်းက ကျွန်တော့်ကိုယုံလို့။ သေချာပေါက် ကျွန်တော်တို့ကြားမှာ နှစ်ဦးနှစ်ဖက် အကျိုးရှိလို့။ တန်းခွဲ-၁၀ရောက်ကတည်းက ကျွန်တော့်ကြောင့် ဆရာမ အရှက်ရတာမျိုးရှိဖူးလား။ ကျွန်တော့်ကို အတန်းမတက်နိုင်လောက်အောင် လုပ်နေတဲ့ အရမ်း အရေးကြီးတဲ့အရာတွေကို ကျွန်တော်လုပ်နေခဲ့ရတယ်။ ကောလိပ်ဝင်ခွင့် ဖြေရမှာကို ကျွန်တော် သိပါတယ်။ ဘယ်ဟာအရေးကြီးတယ်။ ဘယ်ဟာအရေးမကြီးဘူးလဲ ကျွန်တော် နားလည်ပါတယ်။ အဲဒါကြောင့်မို့ ကျွန်တော် ကျောင်းပျက်တာတွေကြောင့် ဆရာမ စိတ်သောကရောက်စရာ မလိုပါဘူးလို့”

ဟန်ကျင်းဝူသည် စိတ်ဆိုးမာန်ဆိုးဖြင့် ဆတ်ခနဲ ပြောလိုက်သည်။

“ပြီးရင် ငါပေးတဲ့ယုံကြည်မှုကို သုံးပြီး နင် ပျက်စီးဦးမှာမလား”

ထန်ရှုသည် အလေးအနက်ပုံစံဖြင့်

“ကျွန်တော်သာ ကျောင်းပျက်ချင်တယ်ဆိုရင် ကျွန်တော့်ခွင့်အတွက် ကျောင်းကို ပြောနိုင်တယ်။ ကျောင်းအုပ်ကြီးကလည်း ခွင့်ယူရတဲ့ အကြောင်းရင်းကို သိရင် ခွင့်ပြုပေးမှာပဲ။ ဆရာမနှလုံးသားက ဒေါသတွေနဲ့ ဖုံးအုပ်ခံနေရတယ်။ ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ဆရာမ စိတ်အေးအေးထားပြီး ကျွန်တော်ရှင်းပြတာကို နားထောင်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒါအပြင် ဆရာမက တန်းခွဲ-၁၀ရဲ့ တာဝန်ရှိတဲ့ အတန်းပိုင်ဆရာမလေ။ ဆရာမဆီမှာ ဒီလိုစိတ်ပူတဲ့အမူအရာ စိတ်အကျင့် ရှိသင့်တာပေါ့”

အလွန်အမင်း ဒေါသထွက်နေသော်လည်း ဟန်ကျင်းဝူသည် ပြုံးလိုက်ပြီး ထန်ရှုအား လက်ညှိုးထိုးကာ …

“ကောင်းတယ်…ကောင်းတယ်…ကောင်းတယ်။ နင်က အဲဒီလိုအကြောင်းပြချက် ပေးလိုက်တာနဲ့ ငါက နားထောင်ပေးရမယ်ပေါ့။ တံတွေး စင်လိုက်တာဟယ်”

ထန်ရှုသည် သူ၏လက်ထဲမှ ဖိုင်တွဲအား မြှောက်ပြလိုက်ရင်း ဖြည်းညင်းစွာ ပြောလိုက်သည်။

“ကျွန်တော်က အရမ်း ဉာဏ်ကောင်းလွန်းတော့ စာလေ့လာရတာ ကျွန်တော့်အတွက် အရမ်း လွယ်ကူလွန်းနေတယ်။ အဲဒါကြောင့် ကျွန်တော် ဆေးပညာစာအုပ်တွေပါ လေ့လာခဲ့တယ်။ ကျောင်းက တစ်ပတ် အားလပ်ရက်ပေးလို့ ကျင်းမန်ကျွန်းကို သွားခဲ့တုန်းက မတော်တဆ လူတစ်ယောက်ကို ကယ်ခဲ့မိတယ်။ အဲဒီလူနာက ထူးဆန်းတဲ့ အဖျားရောဂါရှိတဲ့ မိန်းကလေးငယ်လေးမို့ သူမရဲ့မိခင်က ကလေးကို ကုဖို့ နေရာအနှံ့က ကျော်ကြားတဲ့ သမားတော်တွေဆီ သွားခဲ့တယ်။ ကြယ်တာရာ တရုတ်တိုင်းရင်းဆေး ဆေးရုံအုပ်ကြီးတောင်မှ မကုနိုင်ခဲ့ဘူး။ အမေဆေးရုံတက်တော့ ဆေးရုံအုပ်ကြီး လီဟွန်ဂျီက ကျွန်တော် အဲဒီကောင်မလေးကို ကုပေးခဲ့တာ သိသွားတယ်။ သူတို့ဆေးရုံမှာ အလုပ်လာလုပ်ဖို့ ကိုယ်တိုင် လာဖိတ်ခဲ့တယ်။ သူက ကျွန်တော့်ကို အဲဒီအတွက် အခြား အကျိုးခံစားခွင့်တွေကိုတောင်မှ ပေးတယ်။ ဒါပေမဲ့ ကျွန်တော်က သမားတော်လုပ်ဖို့ စိတ်ကူးမရှိလို့ သူ ကမ်းလှမ်းတာကို ငြင်းခဲ့တယ်”

ဟန်ကျင်းဝူသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး

“နင့်ဇာတ်လမ်းတွေကလည်းဟယ်… တစ်မျိုးပြီးတစ်မျိုး မရိုးရပါလား”

ထန်ရှုသည် သူ၏လက်ထဲမှ ဖိုင်အား ဟန်ကျင်းဝူ၏လက်ထဲသို့ လွှဲပေးလိုက်ကာ

“ဆရာမ ယုံချင်ယုံ မယုံချင်နေ… ကျွန်တော် သူ ကမ်းလှမ်းတာကို ငြင်းခဲ့ပေမဲ့ သူက လက်မလျှော့ဘဲ ခဏခဏ တောင်းဆိုခဲ့တယ်။ နောက်ဆုံးတော့ ကောလိပ်ဝင်ခွင့်ပြီးရင် ဆေးရုံမှာ လာလုပ်ပါမယ်လို့ ပြောခဲ့ရတယ်။ သမားတော်တွေက ဆေးကုသဖို့အတွက်ဆိုရင် အောင်လက်မှတ်ရအောင် လုပ်ရတာ ဆရာမ သိတယ်မဟုတ်လား။ ဒီဟာက ကျွန်တော်ရဖို့ ကူညီပေးလိုက်တဲ့ အောင်လက်မှတ်ပဲ”

ဟန်ကျင်းဝူသည် ဖိုင်တွဲအား ဖွင့်လိုက်ကာ မှုန်ကုပ်နေသော မျက်နှာထားဖြင့် ကြည့်လိုက်သည်။

သို့သော် ကျန်းမာရေးဝန်ကြီးဌာန၏ တံဆိပ်တုံး ထုနှိပ်ထားသော အောင်လက်မှတ်အား တွေ့သောအခါ မယုံကြည်နိုင်သော အမူအရာများ ဖြစ်လာခဲ့သည်။

“နင်… ဒီအောင်လက်မှတ်က အစစ်လား”

ထန်ရှုသည် သူ၏ဖုန်းအား ထုတ်ကာ လီဟွန်ဂျီ၏ဖုန်းနံပါတ်အား ပြလိုက်သည်။ ထို့နောက် သူသည် ဟန်ကျင်းဝူအား ပေးလိုက်ကာ

“ဒါ ကြယ်တာရာ တရုတ်တိုင်းရင်းဆေး ဆေးရုံအုပ်ကြီးရဲ့ ဖုန်းနံပါတ်ပဲ။ ဆရာမ မယုံရင် ဖုန်းဆက်မေးပြီး ကျွန်တော့်အခြေအနေကို အတည်ပြုလို့ရတယ်။ နောက်ပြီး ဒီဖုန်းနံပါတ်ကို မယုံသေးရင် မှန်လား မမှန်လားဆိုတာကို စစ်ခိုင်းကြည့်နိုင်သေးတယ်”

ဟန်ကျင်းဝူသည် ဖုန်းနံပါတ်အား ကြည့်လိုက်ပြီး တစ်ခဏမျှ တိတ်ဆိတ်သွားသည်။ သူမ၏ဒေါသထွက်နေသော အမူအရာသည် တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားသည်။ ထို့နောက် ထန်ရှုအား ကြည့်ကာ

“ငါ ဘယ်ဖုန်းနံပါတ်ကိုမှ သက်သေပြုဖို့ ခေါ်မှာမဟုတ်ဘူး။ နင့်ကိုယုံကြည်ဖို့ ငါ ရွေးလိုက်မယ်။ နင့်ရဲ့ကျောင်းမတက်မှု အပေါ်လည်း နောက်ထပ် စိုးရိမ်သောက ရောက်တော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ နင် ထပ်ကျောင်းမပျက်တော့ပဲ ကျောင်းမှာ သေချာစာလုပ်ပြီး လေ့ကျင့်ပါ”

“ကျွန်တော် ကတိပေးတယ်” ထန်ရှုသည် တွေဝေခြင်းမရှိဘဲ ပြောလိုက်သည်။

“နင့်… ညနေဘက် အခြေအနေရော..”

“အရင်၂ညက ယွမ်ချူးလင်တို့ကို ကျွန်တော် သူတို့သင်ခန်းစာတွေအတွက် မှတ်ယူပုံနည်းတွေ ပြောပြပေးခဲ့တယ်။ ဆရာမ သူတို့ကို မေးထားပြီးပြီလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် သူတို့ကို ဘာမှ ထပ်လုပ်ပေးဖို့ မလိုဘူးလို့ ဆရာမထင်ရင် ကျွန်တော်လိုက်နာဖို့ အသင့်ပါပဲ။ အဲဒါဆို ကျွန်တော် ခွင့်ယူပြီး ညဘက် သူတို့ကို လေ့ကျင့်ပေးဖို့ မလိုတော့ဘူးလေ”

“ငါ နင့်ကို အားလပ်ရက်ပေးမယ်”

သူမသည် အရူးတစ်ယောက် မဟုတ်ပေ။ သူမသည် ထန်ရှု လေ့ကျင့်ပေးသည့်ရလဒ်အား ယွမ်ချူးလင်တို့ထံတွင် စုံစမ်းထားပြီးဖြစ်ရာ ရလဒ်ည် သူမ ယုံကြည်ရန် ခက်ခဲလောက်အောင်ပင် ထိုကျောင်းသား၄ယောက်သည် ထန်ရှုအား ချီးမွမ်းနေကြပြီး အကျိုးကျေးဇူးများစွာ ရရှိသည်ကို ပြောပြကြသည်။ သူမတာဝန်ယူထားသော တန်းခွဲ-၁၀သည် ထိပ်တန်းကျောင်းသားများ မဟုတ်ဘဲ ကျောင်းသားများ၏ ပညာရေးမှတ်တမ်းသည်လည်း  ပျမ်းမျှအမှတ်သာရှိသည်။ ထန်ရှု၏ လေ့ကျင့်ရေးအစီအစဉ်သည် ကောလိပ်ဝင်ခွင့်ကို ရင်ဆိုင်နိုင်ရန် အမှန်တကယ် ထိရောက်သည်ဆိုပါက သူတို့၏အမှတ်များသည် ဧကန်စင်စစ် တိုးတက်လာမည်မှာ မလွဲပင်။

ထန်ရှုသည် ဟန်ကျင်းဝူထံမှ သူ၏ဆေးပညာအသိအမှတ်ပြု စာရွက်များအား ပြန်ယူလိုက်ပြီး သွက်လက်စွာဖြင့်

“ဆရာမဟန်… ဆေးရုံအုပ်ကြီးက နေ့လယ်စာ စားဖို့ ဖိတ်တာကို ကျွန်တော် ငြင်းခဲ့တာမို့လို့ ဗိုက်တအားဆာနေပြီ။ ကျွန်တော် နေ့လယ်စာစားဖို့ ကန်တင်းသွားလိုက်ဦးမယ်”

“ငါလည်း လိုက်မယ်” ဟန်ကျင်းဝူ ချက်ချင်း ပြောလိုက်သည်။

ထန်ရှုသည် ဇဝေဇဝါဖြင့် “အခုမှ အတန်းပြီးသွားတာလား။ ဆရာမ နေ့လယ်စာ မစားရသေးဘူးလား”

ဟန်ကျင်းဝူသည် ထန်ရှုအား ဆတ်ခနဲ ကြည့်လိုက်ပြီး

"နင့်ကို ဒေါသထွက်ရတာနဲ့ ငါ ဗိုက်ပြည့်နေတာ။ ဘယ်လိုစားချင်စိတ်ရှိမှာလဲ။ အခု နင်ရှင်းပြတာကို နားထောင်ပြီး ငါ့ဒေါသတွေ ပျောက်သွားတော့ ဗိုက်ဆာလာပြီပေါ့"

“အာ…” ထန်ရှုသည် အားယူပြုံးလိုက်ပြီး ခေါင်းကိုယမ်းလိုက်သည်။

သိပ်မကြာမီ ထန်ရှုနှင့် ဟန်ကျင်းဝူတို့သည် ကျောင်းကန်တင်းသို့ ရောက်လာကြသည်။ သူတို့နှစ်ယောက် ရောက်လာသည်နှင့် မရေမတွက်နိုင်သော ဆရာများနှင့် ကျောင်းသူကျောင်းသူများ အာရုံစိုက်မှုကို ခံလိုက်ရတော့သည်။

“ဘုရားရေ… အဲဒါ ထန်ရှုမဟုတ်လား။ ကျောင်းမလာတာ ရက်ဘယ်လောက်တောင် ရှိနေပြီလဲ..ဒီနေ့မှ ပြန်ပေါ်လာတယ်။ ကျောင်းက သူ့ကို မထုတ်သေးဘူးလား။ ပန်းသီးပုပ်ကောင်”

“ငါ့ကောင်တွေ.. ငါကတော့ ဒီချာတိတ်ကို ညှစ်ပစ်ချင်နေပြီ။ သူက ဆရာမဟန်နဲ့ အတူလာစားတာကို မြင်ချင်လို့လား။ ဆရာမဟန်ဆိုတာ ငါ့နတ်သမီးလေး။ သူမက ဘယ်လိုဖြစ်ပြီး ထန်ရှုနဲ့ လာစားရတာလဲ”

“ယွမ်ချူးလင်နဲ့ ချန်းယန်နန်က သူ့အကြောင်း ကောင်းတာတွေ အများကြီး ပြောပေမဲ့လည်း ငါတော့ ဒီချာတိတ်က အဲဒီလောက်မကောင်းဘူးလို့ ထင်တယ်။ ဆရာမဟန်က သူနဲ့အတူ နေ့လယ်စာ လာစားရတယ်လို့ကွာ”

“ငါကတော့ မနာလိုဘူးကွာ။  မုန်းစရာကောင်းလိုက်တာ။ ဆရာမဟန်က တစ်ခါမှ ဘယ်ယောက်ျားလေးနဲ့မှ ကန်တင်းလာပြီး စားဖူးတာမဟုတ်ဘူး။ သည်ကောင်စုတ်က အဲဒီလိုကောင်းတဲ့ ကံရှိတယ်ပေ့ါလေ။ ဒီဟာက ငါ့ကို တကယ်ဒေါသထွက်စေတယ်”

“….”

အရင်ဘဝမှာရော..ယခုဘဝမှာရော ထန်ရှုသည် လူအများ၏အာရုံစိုက်မှုအား မရေမတွက်နိုင်လောက်အောင် ခံရသည်။ ထို့ကြောင့် လူတွေ၏ စပ်စုလိုသော ဒေါသထွက်သော အကြည့်တို့အား မသိချင်ယောင်ဆောင်ထားသည်။ နေ့လယ်စာ စားရန် ကန်တင်းမီးဖိုမှ စားပွဲသို့ စားစရာများ သယ်ဆောင်လာသည့် သူ၏အနောက်မှ ဟန်ကျင်းဝူအား သူကြည့်လိုက်သည်။ သည်ဟာသည် ရပိုင်ခွင့်ဖြစ်တယ်ဆိုပါက သူလက်ခံရန် ရွေးချယ်လိုက်သည်။ ဆရာမဟန် သူ့အား ဆူသည့်အတွက် ရရှိသော နစ်နာကြေးဟု သူ တွေးလိုက်ရုံသာဖြစ်သည်။

ထန်ရှုသည် ဟန်ကျင်းဝူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်ကာ စားသောက်ရန် တူတစ်စုံအား ကိုင်ဆောင်လျက် စဉ်းစားနေခြင်းဖြစ်သည်။ သူ၏နေ့လယ်စာအား တစ်ဝက်ခန့် စားပြီးချိန်တွင် ယွမ်ချူးလင်၊ ချန်းယန်နန်၊ ရှားဝမ်ဖန်နှင့် လီရှောင်ချင်းတို့သည် ကန်တင်းသို့ အပြေးရောက်လာကြသည်။

“အိုး…ဆရာမဟန်နဲ့ နေ့လယ်စာအတူစားနိုင်တဲ့အထိ ကံကောင်းနေတာ ဘယ်သူလဲဆိုပြီး အံ့သြနေတာ အစ်ကိုကြီးဖြစ်နေတာကိုး။ မနေ့ကတောင် အစ်ကိုကြီးအိမ်သွားခဲ့သေးတယ်။ ကံမကောင်းချင်တော့ မရှိနေဘူး။ ဖုန်းကလည်း ဆက်မရဘူး။ ဒီညရော အခြေအနေ ဘယ်လိုလဲ”

ယွမ်ချူးလင်သည် ထန်ရှု၏ပခုံးအား လက်ဖြင့်အုပ်ကာ ကိုင်လျက် အနားတွင် ထိုင်ချလိုက်သည်။

ထန်ရှုသည် သူ၏လက်မောင်းအား တွန်းလိုက်ပြီး ပေါ့ပါးစွာဖြင့်

“ငါတို့ ညနေပိုင်းအချိန်လေး ဆက်ရှိနေမယ်”

ချမ်းယန်နန်၏ မျက်ဝန်းများတွင် အရောင်တစ်ချက်လက်သွားပြီး စိတ်လှုပ်ရှားစွာဖြင့်

“အဲဒါ ကောင်းတယ်။ ငါတို့ အဲဒီကို အချိန်မှန်ရောက်လာမယ်။ ဒီတစ်ခေါက်တော့ တတိယနှစ် ဖတ်စာအုပ်တွေ ပြင်ဆင်ထားပြီးပြီ”

ထန်ရှုသည် ခေါင်းညိတ်လိုက်ကာ

“အေးပါဟာ။ နင်တို့ တခြား ပြောစရာမရှိရင် စာသင်ခန်းထဲ အရင်ပြန်နှင့်။ ငါ နေ့လယ်စာ စားပြီး လာခဲ့မယ်”

“အိုကေ”

ချန်းယန်နန်သည် ခေါင်းညိတ်ပြလိုက်သည်။ ယွမ်ချူးလင်သည် စကားထပ်ပြောချင်နေပုံ ရသော်လည်း သူမသည် သူ့အား ဆွဲခေါ်သွားကာ ကန်တင်းအပြင်ဘက်သို့ လျှောက်သွားလိုက်တော့သည်။

ဟန်ကျင်းဝူ၏ မျက်ခုံးအစုံတို့ မြင့်တက်သွားကာ ဖြည်းညင်းစွာ ပြောလိုက်သည်။

“ဝိုး… နင့်ကို အဲဒီလို ကြိုဆိုလက်ခံမယ်လို့တောင် ထင်မထားမိဘူး။ နင် သူတို့သင်ခန်းစာကို ပြင်ဆင်လေ့ကျင့်ပေးတာ တကယ်ထိရောက်ပါစေလို့ ငါ မျှော်လင့်ပါတယ်”

*****

All Chapters