← Chapters

တစ်ယောက်မှ မရှိ

Vol. 03 Ch. 145

တစ်ယောက်မှ မရှိ

Vol. 03 Ch. 145

နေ့လယ်စာ စားပြီးနောက် ထန်ရှုသည် စာသင်ခန်းသို့ ပြန်လာခဲ့သည်။ အတန်းမစမီ ၁၀မိနစ်အလိုတွင် ခန်းရှသည် သူ့ဆီ ဖုန်းဆက်လာပြီး လုပ်ငန်းအတွက် ဝန်ထမ်းခန့်အပ်ခြင်းမှာ ပြီးဆုံးသွားပြီဖြစ်ကြောင်းနှင့် အကြမ်းဖျင်း ကုမ္ပဏီ ဖွဲစည်းပုံ ပြီးပြီဖြစ်ကြောင်း ပြောပြကာ ငှားရမ်းထားသော ရုံးခန်းတည်ရှိရာ လိပ်စာအား ပေးပို့ပေးလိုက်သည်။

နေ့လည်ဘက် လစ်ထွက်ရန်မှာ ထန်ရှုအတွက် ခက်ခဲနေသောကြောင့် ကျောင်းမှ ပေးသော အားလပ်ချိန်တွင်သာ လာနိုင်တော့မည်ဖြစ်ကြောင်း ခန်းရှအား ပြောပြလိုက်သည်။ စကားပြောဆိုမှု ပြီးဆုံးသွားသောအခါ သူ၏စိတ်ထဲတွင် ပထမဆုံးသတိရမိသော ပြဿနာသည် ကျန်းမာရေးအထောက်အကူပြု ထုတ်ကုန်အတွက် အကြောင်းအရာဖြစ်သည်။

သူ့တွင် ကုန်ပစ္စည်းအတွက် ဖော်မြူလာရှိသည်။ သို့သော် သူသည် ထိုကုန်ပစ္စည်းအား ထုတ်လုပ်မည်ဆိုပါက အကျိုးသက်ရောက်မှုနှင့် ထိရောက်မှုတို့အတွက် တရုတ်တိုင်းရင်းဆေးများနှင့် ထိုဖော်မြူလာများအား ညှိနှိုင်းတွဲစပ်ရန် လိုအပ်သည်။ အခုလက်ရှိတွင် နမူနာစောင့်နေသော ခန်းရှသာမက လုံကျန့်လင်းပါ ရှိနေသည်။ ပထမအဆင့် ထုတ်ကုန်တိုးတက်မှုအတွက် သာမက ထုတ်ပိုးမှု၊ ဈေးကွက်ထိုးဖောက်ခြင်း၊ ရောင်းချခြင်းနှင့် အခြားအရာများအတွက် ပြီးပြည့်စုံအောင် စီစဉ်ပြီးပါက ထုတ်လုပ်မှု စတင်လည်ပတ်နိုင်တော့မည် ဖြစ်သည်။

ထန်ရှုသည် စာသင်ချိန်၃ချိန်အား အတွေးများနှင့် ကုန်ဆုံးစေခဲ့သည်။ သူ၏ဦးနှောက်သည် အချိုးအစား၊ ထုတ်ကုန်ဖော်မြူလာများ၏ ခန့်မှန်းခြေ၊ ဝင်ဆံ့နိုင်မည့် ပုလင်းအရေအတွက်၊ ပုလင်းထုပ်ပိုးမှုအတွက် ဖြစ်လာနိုင်သော ပြဿနာများနှင့် အကျိုးသက်ရောက်မှု…အစရှိသည်တို့အား တွက်ချက်အဖြေရှာနေသည်။

“ဒေါင်…ဒေါင်…ဒေါင်…”

နောက်ဆုံးစာသင်ချိန် ပြီးဆုံးသည်နှင့် ထန်ရှုသည် သူ၏ပစ္စည်းများအား သိမ်းဆည်းထုပ်ပိုးကာ ခမ်းနားသော ထန်လုပ်ငန်းစုအတွက် ခန်းရှငှားထားသော အဆောက်အဦဆီသို့ သွားရန် ဟန်ပြင်လိုက်သည်။ မည်သို့ပင်ဖြစ်စေ ကုမ္ပဏီစီမံခန့်ခွဲမှုအတွက် ခန်းရှအား လုပ်ပိုင်ခွင့် ပေးထားသည် ဆိုသော်ငြားလည်း သူသည် ခမ်းနားသော ထန်လုပ်ငန်းစု၏ နောက်ကွယ်မှ သူဌေးကြီးဖြစ်သည့်အတွက် သူ၏ ကုမ္ပဏီတည်ရှိရာကို မသိဘူးဆိုပါက မဖြစ်သင့်သောအရာ ဖြစ်သည်။

“အစ်ကိုကြီး… ငါလည်း မင်းနဲ့အတူ လိုက်မယ်။ မင်းအိမ်မှာ ညစာစားချင်လို့”

ယွမ်ချူးလင်၏မျက်နှာထက်တွင် ညစ်ကျယ်ကျယ်အပြုံး ပေါ်လာကာ သူ ပြောပြီးသည်နှင့် တဟားဟား အော်ရယ်လိုက်သည်။

ထန်ရှုသည် ဆတ်ခနဲ သူ့အား ပြောလိုက်သည်။

“ဟေ့..ငါ့အိမ်က စားသောက်ဆိုင်တစ်ဆိုင် မဟုတ်ဘူးနော်။ မင်းစားချင်ရင် ကိုယ့်အိမ်ပြန်ပြီး စား”

မျက်နှာထူထူဖြင့် ယွမ်ချူးလင်သည်

“ဘယ်သူပြောလဲ မင်းအိမ်က စားသောက်ဆိုင် မဟုတ်ဘူးလို့။ ငါရောက်ဖူးတာ မင်းသိပါတယ်။ အဲဒါအပြင် မင်းရဲ့အိမ်တော်ထိန်း… အာ..ဘယ်သူပါလိမ့်။ အစ်မကြီးမူ..သူမရဲ့ဟင်းချက်စွမ်းရည်က အရမ်းကောင်းလွန်းတယ်။ သူမချက်တာကိုမှ ငါ မကြိုက်ဘူးဆိုရင် သေချာတယ် ငါ့ရဲ့ အစာအိမ်နဲ့ပါးစပ်က တစ်ခုခု မှားနေတာပဲဖြစ်ရမယ်”

“ငါလည်းလိုက်မယ်”  သူတို့ပြောစကားအား ကြားနေရသော ရှေ့တန်းမှ ချန်းယန်နန်သည် ခေါင်းလှည့်လာပြီး နွေးထွေးသောအပြုံးဖြင့် ပြောလိုက်သည်။

ထန်ရှုသည် မပြုံးချင်ပြုံးချင် ပြုံးလိုက်ပြီး

“နင်တို့ တစ်ခုခုလုပ်ရင်း ငါ့ကို စောင့်နေရမယ်နဲ့တူတယ်။ ငါ အိမ်ပြန်ရောက်ဖို့ နည်းနည်း ကြာဦးမယ်”

ယွမ်ချူးလင် ဇဝေဇဝါဟန်ဖြင့်  “ဘယ်ကိုသွားမလို့လဲ အစ်ကိုကြီး”

“ဆေးပင်ဈေး အရင်သွားမယ်။ ပြီးရင် နောက်တစ်နေရာ ဝင်စရာရှိသေးတယ်”

“အစ်ကိုကြီးကို ဒီတလော အတော် လျှို့ဝှက်ဆန်းကြယ်နေတယ်လို့ ခံစားနေရတယ်။ လျှို့ဝှက်လုပ်နေတာများ ရှိနေတာလား။ အဲဒါ မကောင်းဘူး။ အစ်ကိုကြီးနဲ့လိုက်မှကို ဖြစ်မှာပါ။ ပါတီပွဲမှာ မစားရတာ ကိစ္စမရှိဘူး။ ဗိုက်ဆာနေတဲ့အချိန်မှာ စားရတဲ့အစားအစာက ပိုပြီး အရသာရှိတာ။

“ဟုတ်တယ်။ ငါလည်း အတူတူပဲ” ချန်းယန်နန် ဖြည့်စွက်လိုက်သည်။

ထန်ရှုသည် ကူကယ်ရာမဲ့စွာဖြင့်

“နင်တို့၂ယောက်ဟာလေ တကယ့်ကို ပလာစတာတွေလိုပဲ။ ငါ့နောက်ကို တကယ်လိုက်ချင်ရင် လိုက်လို့ရတယ်။ ဒါပေမဲ့ ငါ့စီးပွားရေးအကြောင်း ဘယ်သူ့ကိုမှ မပြောရဘူး။ တခြားကျောင်းသားတွေဆီ ပြန့်သွားမှာ ငါ မလိုလားဘူး”

“အဆင်ပြေတယ်”

“ပြဿနာမရှိဘူး”

ချန်းယန်နန်နှင့် ယွမ်ချူးလင် တစ်ပြိုင်နက်တည်း ဖြေလိုက်ကြသည်။

ကျောင်းမှ ထွက်ခွာလာပြီးနောက် ထန်ရှုသည် အငှားကားတစ်စီး တားလိုက်ပြီး ၃ယောက်သား ကြယ်တာရာဆေးပင်ဈေးသို့ အပြေးသွားတော့သည်။ သူသည် ကျန်းမာရေး အထောက်အကူပြု ထုတ်ကုန်အတွက် အသုံးပြုမည့် တရုတ်တိုင်းရင်းဆေး ဖော်မြူလာအတွက် လိုအပ်မည်ဖြစ်သော ဆေးပင်ဆေးမြစ် အမြောက်အမြားအား ဝယ်ယူခဲ့သည်။

“အစ်ကိုကြီး… ဘာအတွက် ဆေးပင်ဆေးမြစ်တွေ အများကြီး ဝယ်တာလဲ။ ဟော့ပေါ့လုပ်မလို့လား” အိတ်ကြီးအပြည့် ထန်ရှု ဝယ်ယူလာသော ဆေးပင်များအား ကြည့်ကာ ယွမ်ချူးလင် အဖြေရှာမရဟန်ဖြင့် မေးလိုက်သည်။

“တချို့က ဟော့ပေါ့အတွက်။ တချို့က တခြားအသုံးအတွက်။ အခုမမေးနဲ့ဦး။ နောက်တော့ သိလိမ့်မယ်”

ယွမ်ချူးလင်သည် မျက်လုံး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ဆတ်ခနဲ ပြောလိုက်သည်။

“အစ်ကိုကြီး… လျှို့ဝှက်သည်းဖို မလုပ်ပါနဲ့တော့။ ကျွန်တော် သိချင်စိတ်ကို ထိန်းမရတော့ဘူး”

တစ်ခဏကြာအောင် တိတ်ဆိတ်နေပြီးမှ ထန်ရှုသည် ဖြည်းညင်းစွာဖြင့်

“မင်းတို့ အဖြေသိချင်ရင် မေးတာလျှော့၊ ပိုပြီးစောင့်ကြည့်။ အဲဒါဆို အဖြေရလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် အခုနောက်ကျနေပြီ။ သွားကြစို့”

ကြယ်တာရာ အရှေ့တိုင်းရွှေရောင်နေရာ…

ထိုနေရာသည် ကြယ်တာရာမြို့တစ်ခုလုံး၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး အဖြစ်ထွန်းဆုံးနေရာ ဖြစ်သည်။ လုံခန်းမနှင့် တစ်ဘလောက်သာ ဝေးသည်။ အဆောက်အဦသည် အထပ်၅၀နီးပါး မြင့်မားပြီး အဓိက ကုမ္ပဏီအများစုသည် ထိုနေရာတွင် ငှားရမ်းလုပ်ကိုင်ကြသည်။ ရုံးချုပ်အဖြစ် မထားခဲ့လျှင်တောင်မှ သူတို့၏ ရုံးခွဲအဆောက်အဦအဖြစ် ငှားရမ်းကြလိမ့်မည် ဖြစ်သည်။

ခမ်းနားသော ထန်လုပ်ငန်းစုသည် ၄၁လွှာနှင့် ၄၂လွှာအား ၂နှစ်စာချုပ်ဖြင့် ငှားရမ်းထားပြီး တစ်ထပ်ချင်းစီသည် စတုရန်းမီတာ ၆၀၀၀ခန့် ကျယ်ဝန်းသည်။ ရုံးခန်းပဲလုပ်လုပ် ရုံး၏လုပ်ငန်းခွင်ပဲလုပ်လုပ် ၎င်းတို့သည် အရမ်းကို တောက်ပကျယ်ဝန်းလှသည်။

ဓာတ်လှေကားအတွင်းတွင်…

ယွမ်ချူးလင်သည် ထန်ရှုအား ထူးဆန်းသောအမူအရာဖြင့် ကြည့်နေသည်။ သူ၏မိသားစုသည် သည်နေရာတွင် ရုံးခွဲတစ်ခုဖွင့်ခဲ့သည်။ သို့သော် ရုံးခွဲသည် အရောင်းမြှင့်တင်ခြင်း လုပ်ငန်းများကို လုပ်ကိုင်ပြီး သူတို့၏ အဓိကကျသော လုပ်ငန်းမဟုတ်ပေ။ ထိုလုပ်ငန်းသည် သူ၏မိခင် တည်ထောင်သော ကြော်ငြာလုပ်ငန်းဖြစ်သည်။

“အစ်ကိုကြီး…ကျွန်တော်တို့ကို ဘယ်ခေါ်သွားချင်တာလဲ”

တစ်ခဏမျှ ချီတုံချတုံ ဖြစ်ပြီးနောက် ယွမ်ချူးလင်သည် မနေနိုင်တော့သည့်အဆုံး မေးလိုက်သည်။

ထန်ရှုသည် တိတ်တဆိတ် ကလော်တုတ်လုပ်မိသည်။ ယွမ်ချူးလင်သည် တကယ်ကို စိတ်မရှည်သူဖြစ်သည်။ သူ၏ သိလိုစိတ်ကို မထိန်းထားနိုင်တော့ပဲ မေးတော့မည်ဆိုတာကို သူ သိသည်။ သို့သော် ထန်ရှုသည် ရှင်းပြချင်စိတ် မရှိသောကြောင် ခပ်ဖွဖွသာ သတိပေးလိုက်သည်။

“ငါ အစက ဘာပြောထားခဲ့လဲ။ မေးတာလျှော့၊ နားထောင်၊ ပိုပြီးစောင့်ကြည့်”

“….”

ယွမ်ချူးလင် သူ၏လက်ခလယ်အား ထန်ရှုအား မြှောက်ပြလိုက်ပြီး ရှုံ့မဲ့နေသောမျက်နှာဖြင့် ဘေးသို့ လှည့်သွားသည်။

ဓာတ်လှေကားသည် လျင်မြန်စွာ တက်သွားရာ ၄၁ထပ်သို့ ရောက်ရှိလာပြီး လှပကာ ချစ်စရာကောင်းသော အင်ဒီသည် ဓာတ်လှေကားတံခါး ပွင့်လာသည်နှင့် အပြုံးဖြင့် ဆီးကြိုနေသည်။ ထန်ရှုကို မြင်သည်နှင့် ချက်ချင်း ၉၀ဒီဂရီ ဦးညွတ်ကာ အရိုအသေ ပေးလိုက်သောကြောင့် သူမ၏ကျယ်ဝန်းသော အင်္ကျီကော်လံမှတစ်ဆင့် ရင်ညွှန့်မှ လက်နက်ကြီးများအား မြင်လိုက်ရသည်။

“ဟိုင်း…သူဌေး..”

ထန်ရှုသည် ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်ပြီး ဓာတ်လှေကားထဲမှ ထွက်သည်နှင့် မေးလိုက်သည်။

“ခန်းရှရော ဘယ်ရောက်နေလဲ”

တောက်ပသော မျက်ဝန်းအစုံဖြင့် အင်ဒီသည် ချစ်စရာကောင်းစွာ ပြုံးလိုက်ပြီး

“အကြီးအကဲခန်းက သူမရုံးခန်းမှာပါ။ ကျွန်မတို့ အခု ၄၁ထပ်ကို ရှင်းပြီးသွားလို့ ဒါကို ယာယီ အသုံးပြုလို့ရမယ်။ ၄၂ထပ်ကတော့ ခုမှ စရှင်းနေတာမို့လို့ နောက်ရက်အနည်းငယ်လောက်မှပဲ သုံးလို့ရမယ်”

“ခင်ဗျားတို့ ဒါတွေကို စီမံပေးနေတော့ ကျွန်တော် စိတ်သက်သာသွားတယ်”

အင်ဒီ၏မျက်နှာမှ အပြုံးသည် ပိုမိုတောက်ပလာပြီး ရွှင်မြူးစွာဖြင့်

“ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သူဌေး။ ကျွန်မတို့ ဒါကို သေချာပေါက် ပြည့်စုံအောင်လုပ်မှာပါ”

ထန်ရှုသည် နောက်ထပ် မပြောတော့ချေ။ ယွမ်ချူးလင်သည် အင်ဒီအား လက်ဖက်ရည် ပန်းကန်ပြားခန့် ပြူးကျယ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေပြီးနောက် သူ၏အစ်ကိုကြီးအား ပါးစပ်အဟောင်းသားဖြင့် အံ့အားသင့်စွာ ကြည့်နေသည်။ သူတို့၂ယောက်ကြားမှ ပြောနေသည့်စကားများအား နည်းနည်းလေးမှ အာရုံမထားချေ။ သို့သော် ချန်းယန်နန်မှာမူ သူတို့၏စကားများအား ရှင်းလင်းစွာ ကြားနိုင်လိုက်သည်။

သူဌေးလား။ ထန်ရှုက ဒီမှာ တကယ် သူဌေးလား။

သူက အထက်တန်းကျောင်းသားတစ်ယောက် မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး ဒီမှာ သူဌေးတစ်ယောက် ဖြစ်လာတာလဲ။

မယုံကြည်နိုင်ဟန် အကြည့်များဖြင့် ချန်းယန်နန်သည် ထန်ရှုအား ကြည့်လိုက်ပြီး ရင်းနှီးနေဟန်ရှိသော အမည်တစ်ခုသည် သူမ၏စိတ်ထဲတွင် ဖြစ်ပေါ်လာခဲ့သည်။

“ခန်းရှဟုတ်လား။ ဒီနာမည် ငါ အရင်က ဘယ်မှာ ကြားဖူးနေပါလိမ့်”

ချန်းယန်နန်သည် ဘေးဘက်အား အသာကြည့်လိုက်ရာ ယွမ်ချူးလင်သည် အင်ဒီအား မျက်တောင်ပင်မခတ်ဘဲ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် သူ့အား တံတောင်ဖြင့် တွက်လိုက်သည်။ နောက်ဆုံး ယွမ်ချူးလင် အသိဝင်လာတော့မှ လေသံတိုးတိုးဖြင့် မေးလိုက်သည်။

“နင် ခန်းရှဆိုတဲ့နာမည် ကြားဖူးလား”

“ဘာရီး” ယွမ်ချူးလင် ဇဝေဇဝါဟန်ဖြင့် ပြန်မေးလိုက်သည်။

ချန်းယန်နန်သည် ဘဝင်မကျဟန်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး လေသံတိုးတိုးဖြင့် ထပ်ပြီး

“ငါ ပြောတာ ခန်းရှဆိုတဲ့နာမည်လေ။ နင် ကြားဖူးလားလို့။ အဲဒီနာမည်က အတော်ရင်းနှီးနေတယ်လို့ ငါထင်မိတယ်”

ယွမ်ချူးလင်သည် အင်ဒီ၏ကိုယ်လုံးလေးအား သိမ်းကျုံးကြည့်မိပြီး တံတွေးတစ်ချက် မျိုချလိုက်သည်။

“ဟင့်အင်း။ လူတူ နာမည်တူတွေ အများကြီး ရှိနေတာပဲ။ အမှန်လည်း ငါ မကြားဖူးဘူး။ ဘာဖြစ်လို့လဲ။ တစ်ခုခု မှားနေလို့လား”

“နှာဘူးကောင်”

သူမ၏ထက်မြက်လှသော အကြည့်ကြောင့် ချန်းယန်နန်သည် ယွမ်ချူးလင်၏မျက်လုံးများ မည်သည့်နေရာသို့ ရောက်နေသည်ကို မြင်နိုင်ပေသည်။ စိတ်ထဲမှ တီးတိုးကျိန်ဆဲလိုက်ပြီး သူ့အား ထပ်မပြောတော့ချေ။

အထွေထွေ မန်နေဂျာရုံးခန်းတွင်…

ခန်းရှသည် သူမ၏စားပွဲတွင် ထိုင်နေပြီး လက်ထဲရှိ စာရွက်စာတမ်းများအား ကြည့်ရှုနေသည်။  သူမ၏အရှေ့တွင် ဝေ့ကျုံးဖန်သည် စာရွက်စာတမ်း တစ်ထပ်ကြီးအား ကိုင်ထားရင်း ပြောလိုက်သည်။

“စက်ရုံဘက်ကိုတော့ ငါ လူတချို့လွှတ်ပြီး စစ်တမ်းကောက်ခိုင်းထားပြီးပြီ။ ဒီစာရင်းထဲမှာ စက်ရုံ၃ရုံရှိတယ်။ တစ်ခုက ကိုယ်ပိုင်အလုပ်ရုံဖြစ်ပြီး နောက်၂ခုက အလှကုန်လုပ်ငန်းတစ်ခုက ပိုင်တာဖြစ်တယ်။ စစ်တမ်းကောက်ယူမှုရလဒ်အရ ဆိုရင် ကိုယ်ပိုင်အလုပ်ရုံက ကျန်၂ခုထက် သာတယ်။ ဒါပေမဲ့လည်း ငါကိုယ်တိုင် အဲဒီနေရာတွေကို ကွင်းဆင်းမကြည့်ရသေးတော့ အသေးစိတ်တော့ သေချာ မပြောနိုင်သေးဘူး”

ခန်းရှမှ     “ငါ အဲဒီကို ကိုယ်တိုင် သွားလိုက်မယ်။ နင် တခြားအလုပ် လုပ်စရာရှိတယ်”

ဝေ့ကျုံးဖန် ဇဝေဇဝါဟန်ဖြင့် “ဘာအလုပ်တွေများလဲ”

ခန်းရှမှ ပြောလိုက်သည်။

“သူဌေးက နင့်ကို အခြေခံ အရောင်းစာရေးအနေနဲ့ ခန့်ခဲ့တယ်ဆိုပေမဲ့လည်း ငါတို့ လက်ရှိမှာ အရောင်းဝန်ထမ်းတွေ ပိုလိုအပ်တယ်။ အဲဒါကြောင့် ပိုလုပ်နိုင်တဲ့လူတွေက အလုပ်အများဆုံး လုပ်သင့်တယ်လို့ ငါထင်တယ်။ ပထမဆုံး နင် ငါ့ကို တချို့အရာတွေမှာ ကူညီပြီး စီမံခန့်ခွဲပေးပါ။ ငါ လွှတ်ထားတဲ့လူတွေဆီက စုံစမ်းမှုရလဒ်တွေက ထိရောက်တယ်ဆိုရင် ပြည်နယ်လက်အောက်မြို့တော်မှာ ရှိတဲ့ ငွေသစ်ခွလုံခြုံရေး လုပ်ငန်းတစ်ခု ရှိတယ်။ အများ ယုံကြည်လက်ခံတာကြောင့်ပဲ ဖြစ်ဖြစ်၊ စွမ်းရည်ကြောင့်ပဲဖြစ်ဖြစ် သူတို့က သာမန်ထက်တော့ ထူးကဲကောင်းမွန်တယ်။ မနက်ဖြန် နင် အဲဒီကိုသွားပြီး ကွင်းဆင်း စစ်ဆေးခဲ့ပါ။ နင့်စိတ်ထဲ သူတို့က ကောင်းတယ်ထင်ရင် လုံခြုံရေးအယောက်၂၀လောက် ကိုယ်တိုင်ငှားလာခဲ့ချေ”

ဝေ့ကျုံးဖန် ပဟေဠိဖြစ်လျက် “လုံခြုံရေးတွေကို အခုငှားတော့မလို့လား”

ခန်းရှ ခေါင်းညိတ်လျက်

“ငါတို့က မကြာခင် စက်ရုံတစ်ရုံ တည်ထောင်တော့မှာမို့ လုံခြုံရေးပြဿနာက ငါတို့အတွက် အဓိကဦးစားပေးပဲ။ နေ့ဘက်မှာ ငါတို့ အဲဒီမှာ ရှိနေတော့ စိုးရိမ်စရာမလိုပေမဲ့ ညဘက် ငါတို့ ပြန်တဲ့အခါ တစ်စုံတစ်ယောက်က ငါတို့ ရုံးခန်းကို ချိုးဖောက်ပြီး အရေးကြီးတဲ့ အချက်အလက်တွေ ခိုးသွားခဲ့ရင် ငါတို့ ကြိုးစားခဲ့သမျှက သဲထဲရေသွန် ဖြစ်သွားလိမ့်မယ်”

“လုံခြုံရေးပြဿနာ ငါလုပ်လိုက်မယ်” ထန်ရှု၏အသံသည် တံခါးအပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။

မကြာမီ ထန်ရှု..သူ၏နောက်တွင် အင်ဒီ.. ထို့နောက်တွင် ယွမ်ချူးလင်နှင့် ချန်းယန်နန်တို့သည် ရုံးခန်းအတွင်းသို့ လျှောက်လာသည်။

“သူဌေး…”

“ဟိုင်း…သူဌေး…”

ခန်းရှနှင့် ဝေ့ကျုံးဖန်တို့ နှုတ်ဆက်လိုက်ကြသည်။

ထန်ရှုသည် လက်ကို ဝှေ့ယမ်းပြလိုက်ရင်း ခန်းရှသည် သူမ၏စားပွဲမှ ထပေးလိုက်သည်ကို မြင်လိုက်သည်။ သူသည် ထိုနေရာတွင် ဒီအတိုင်း ဝင်ထိုင်လိုက်ရင်း စားပွဲအား သူ၏ လက်ချောင်းလေးများဖြင့် တဒေါက်ဒေါက်ခေါက်ကာ ပြောလိုက်သည်။

“ခန်းရှ ပြောတာမှန်တယ်။ လုပ်ငန်းရဲ့ အရေးကြီးတဲ့ လျှို့ဝှက်အချက်အလက်တွေက အခိုးခံရလို့ လုံးဝမဖြစ်ဘူး။ ဒီပြဿနာအတွက် အရေးကြီးဆုံးက စွမ်းအားကြီးတဲ့ လုံခြုံရေးတွေ ကျွန်တော်တို့မှာ ရှိဖို့ပဲ။ အဲဒါကြောင့် ကျွန်တော် ဒီလုံခြုံရေး အယောက်၂၀လိုနေတာကို ဆောင်ရွက်မယ်”

အံ့အားသင့်နေသော အမူအရာဖြင့် ခန်းရှသည်

“သူဌေး… ငွေသစ်ခွလုံခြုံရေး လုပ်ငန်းထက် ပိုကောင်းတဲ့လူတွေကို နင်ရှာနိုင်တာလား”

ထန်ရှုသည် သူ၏ဖုန်းအားထုတ်ကာ နံပါတ်တစ်ခုကို ခေါ်ဆိုလိုက်ပြီး မေးလိုက်သည်။

“ရှောင်ရွှဲ့… ထာဝရခိုင်မြဲခန်းမရဲ့ လုံခြုံရေးအဖွဲ့က ဘယ်လိုနေလဲ။ ယုံကြည်စိတ်ချ အားကိုးရနိုင်လား”

“ဆရာအဘိုး…ကျွန်မတို့စားသောက်ဆိုင်ရဲ့ လုံခြုံရေးတစ်ဝက်ခန့်က ဆရာလေ့ကျင့်ပေးထားတဲ့ ကျွမ်းကျင်သူတွေပါ။ သူတို့က ကျင့်ကြံမှုလမ်းကြောင်းကို ယူထားတဲ့သူတွေ မဟုတ်ပေမဲ့လည်း သူတို့ရဲ့ သိုင်းပညာအုတ်မြစ်က အရမ်းကို နက်ရှိုင်းနေပါပြီ။ တစ်ယောက်ချင်းစီတိုင်းက သိုင်းပညာဆရာကြီးတွေနဲ့ ယှဉ်ပြိုင်နိုင်ပါတယ်”

“လူဘယ်နှယောက် ငါတို့မှာရှိလဲ”

“တစ်ဝက်က ဆရာလေ့ကျင့်ပေးထားပြီးတော့ ကျန်တစ်ဝက်က ကျွန်မ လေ့ကျင့်ပေးထားတာပါ”

“ကျွန်တော့်ဆီ လူ၂၀လွှတ်လိုက်ပါ။ မနက်ဖြန် သူတို့ကို  ကြယ်တာရာကို လာခိုင်းပြီးတော့ တောင်တံခါးမြို့အိမ်ရာဝင်းမှာ စောင့်နေပါလို့။ ကျွန်တော် ကုမ္ပဏီတစ်ခု တည်ထောင်လိုက်တာမို့ ယုံကြည်စိတ်ချရတဲ့ လုံခြုံရေးတွေ လိုအပ်တယ်”

“နားလည်ပါပြီ”

ထန်ရှုသည် ဖုန်းချလိုက်ပြီး ခန်းရှကိုကြည့်လျက်

“ကျွန်တော် မနက်ဖြန် ခင်ဗျားဆီကို လုံခြုံရေးအယောက်၂၀ ပို့လိုက်မယ်။ ကုမ္ပဏီရဲ့ လက်ရှိအခြေအနေလေး ပြောပြပါဦး”

ခန်းရှသည် ထန်ရှုအား နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ရင်း

“လုံခြုံရေးပြသာနာ ပြေလည်သွားပြီဆိုတော့ စက်ရုံအကြောင်း ပြောပြပါမယ်။ အလှကုန်လုပ်ငန်းနဲ့ ဆက်နွယ်နေတဲ့ စက်ရုံတစ်ဒါဇင်ကို စုံစမ်းပြီးတဲ့အချိန်မှာ နောက်ဆုံး ၃ရုံပဲ ဆန်ကာတင် ကျန်ခဲ့တယ်။ မနက်ဖြန် အဲဒီစက်ရုံ၃ခုကို ငါကိုယ်တိုင် ကွင်းဆင်းလေ့လာမလို့။ ပြီးရင်တော့ အဲဒါနဲ့ပတ်သက်တဲ့ အစီအစဉ်တစ်ခု ပြုလုပ်မယ်”

*****

All Chapters