ထပ်မံဆုံတွေ့ကြရသည့် ရန်သူတော်များ
Vol. 03 Ch. 146
ခန်းရှ ပြောပြသောကြောင့် ခမ်းနားသော ထန်လုပ်ငန်းစုကုမ္ပဏီ၏ တိုးတက်မှုအခြေအနေအား ထန်ရှု နားလည်သွားပြီး ခန်းရှသည် အမှန်တကယ် စွမ်းဆောင်နိုင်သူ ဖြစ်သောကြောင့် သူ အတော်ပင် စိတ်ကျေနပ်မိသည်။ အချိန်အနည်းငယ်သာ ရှိသေးသော်လည်း ကုမ္ပဏီသည် ချမှတ်ထားသော နည်းဗျူဟာ၏ ကနဦးအဆင့်အား စတင်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။
“ခင်ဗျား တကယ်ကောင်းကောင်း လုပ်နိုင်တာပဲ”
ထန်ရှုသည် ခန်းရှအား ချီးကျူးလိုက်ပြီးနောက် ဝေ့ကျုံးဖန်ဘက်သို့ လှည့်ကြည့်လိုက်သည်။
ခန်းရှသည် အလျင်အမြန်ပင်
“သူဌေး…ငါတို့မှာ အခုဝန်ထမ်းလိုအပ်ချက် ရှိနေသေးလို့ ဝေ့ကျုံးဖန်ကို တချို့အလုပ်တွေ ငါ့ကိုကူပေးဖို့ ပြောထားတယ်။ ကုမ္ပဏီရဲ့ပြဿနာအားလုံး ဖြေရှင်းပြေလည်သွားပြီ ဆိုရင်တော့ အရောင်းဌာနမှာ ပြန်လုပ်ခိုင်းမှာပါ”
ထန်ရှုမှ
“ဝေ့ကျုံးဖန်…ကျွန်တော့်ဆုံးဖြတ်ချက် နောက်ကွယ်က ရည်ရွယ်ချက်ကို အရင်က ခင်ဗျားနားလည်လား။ ခင်ဗျား အမှန်တကယ် နားလည်ပြီဆိုရင် ကျွန်တော့်ဆုံးဖြတ်ချက်ကို ပြောင်းပြီး ကုမ္ပဏီရဲ့ ထိပ်ပိုင်းစီမံခန့်ခွဲမှုမှာ တန်းထည့်မယ်”
တစ်ခဏမျှ ဝေ့ကျုံးဖန် ငြိမ်သက်သွားပြီးနောက် တလေးတစားဖြင့်
“ကိုယ့်ကိုယ်ကိုယ် ပြုပြင် တိုးတက်ရန်အတွက် ဖြစ်တယ်”
ထန်ရှုသည် ခေါင်းညိတ်လိုက်ရင်း
“မှန်တယ်။ ခင်ဗျားအဖြေကို ကျွန်တော် ကျေနပ်တယ်။ သံတုံးကို အချက်ပေါင်းများစွာ ရိုက်နှက်ပြီး လိုရာပုံသွင်းသလိုမျိုးပဲ။ ကြည့်ရတာ ခန်းရှပြောသလိုပဲ ခင်ဗျားက အရည်အချင်းရှိတဲ့ သူတစ်ယောက် အမှန် ဖြစ်လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ခင်ဗျားရဲ့ရာထူးကို ခန်းရှ ပြန်လည်စီစဉ်ပေးလိမ့်မယ်”
ပျော်ရွှင်သော အရိပ်အယောင်သည် ဝေ့ကျုံးဖန်၏မျက်နှာထက်တွင် ပေါ်ပေါက်လာပြီး လျင်မြန်စွာ ခေါင်းညိတ်ပြကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ် သူဌေး”
ထန်ရှုသည် ဝေ့ကျုံးဖန်အား ထွက်သွားနိုင်ကြောင်း အချက်ပြလိုက်သည်။ ထို့နောက် သူသည် နေရာမှ ထလိုက်ကာ ရုံးခန်းဆိုဖာတွင် သွားထိုင်လိုက်ပြီး အံ့အားသင့်နေသော ယွမ်ချူးလင်နှင့် ကြက်သေသေနေသော ချန်းယန်နန်တို့အား လက်ယမ်းပြလိုက်သည်။ ထို့နောက် သူသည် အခြားတစ်ဖက်တွင် ထိုင်နေသော ခန်းရှအား စကားဆိုလိုက်သည်။
“ကျွန်တော် ခင်ဗျားကို ကျွန်တော့်အတွက် အလုပ်လုပ်ပေးဖို့ ခန့်ခဲ့ပြီး ခင်ဗျားဆန္ဒအတိုင်း စီမံခန့်ခွဲ လုပ်နိုင်ဖို့အတွက်လည်း လုပ်ပိုင်ခွင့်အာဏာ ပေးထားခဲ့ပြီးပြီ။ ဒါပေမဲ့လည်း ကျွန်တော့်မှာ တောင်းဆိုချက်အချို့တော့ ရှိနေတယ်။ အဲဒါကို ခင်ဗျားလုပ်နိုင်တယ်ဆိုရင် ကွန်တော် အကဲဖြတ်ဆုံးဖြတ်ထားတာ မမှားဘူးဆိုတာကို သက်သေပြလိမ့်မယ်။ မလုပ်နိုင်ဘူးဆိုရင်တော့ ခင်ဗျားရဲ့စွမ်းဆောင်ရည်က မေးခွန်းမေးစရာရှိနေပြီလို့ ဆိုလိုတဲ့သဘော သက်ရောက်တယ်”
ခန်းရှ၏အမူအရာသည် ပြောင်းသွားပြီး အလေးအနက် တုံ့ပြန်လိုက်သည်။
“ကျေးဇူးပြုပြီး ပြောပါ”
“ကျွန်တော် ခင်ဗျားကို စက်တင်ဘာ ၁ရက်နေ့မတိုင်ခင်အထိ အချိန် ၃လ ၄လ ပေးမယ်။ ကုမ္ပဏီရဲ့ ကနဦးအဆင့်အတွက် ပြင်ဆင်မှုအားလုံးကို ပြည့်စုံအောင် လုပ်ရလိမ့်မယ်။ ထုတ်လုပ်မှုအတွက် စက်ရုံပြီးပြည့်စုံသွားပြီး ကျွန်တော်တို့ ထုတ်ကုန်အများကြီး လက်ထဲမှာ ရှိဖို့လိုတယ်။ အဲဒါကြောင့် ကျွန်တော့်ရဲ့ ပထမဆုံးတောင်းဆိုမှုက စက်တင်ဘာလမှာ ကျွန်တော်တို့ထုတ်ကုန်တွေကို တစ်နိုင်ငံလုံး ဖြန့်ချိပြီး ဈေးကွက်ထဲဝင်မယ်”
“သိပ်မကြာမီလား” ခန်းရှ၏မျက်နှာ တစ်ခဏမျှ ဟာလာဟင်းလင်းဖြစ်သွားပြီး အံ့အားသင့်စွာ မေးလိုက်သည်။
“ကျွန်တော် ပိုက်ဆံပြတ်နေပြီ။ ငွေပေါ်ဖို့ လိုပြီလေ” ထန်ရှု ပြောလိုက်သည်။
၂မိနစ်ကြာအောင် စဉ်းစားပြီးနောက် ခန်းရှ၏မျက်ဝန်းထဲတွင် ခိုင်မာသော အရိပ်အယောင် ဖြတ်သန်းသွားပြီး ခေါင်းကို ညိတ်ကာ
“နင့်တောင်းဆိုချက်အတိုင်း အောင်မြင်အောင် ငါ အရာရာ လုပ်ပေးမယ်”
“ဒုတိယတောင်းဆိုမှုက နောက်၆လအတွင်း ငါတို့ကိုယ်ပိုင်စက်ရုံကြီး ရှိနိုင်ဖို့ မျှော်လင့်တယ်။ အလှကုန်အတွက်ပင် မဟုတ်ဘဲနဲ့ ကျန်းမာရေးအထောက်အကူပြု ထုတ်ကုန်တွေအတွက်ပါ ပါတယ်”
“ငါ လုပ်နိုင်တယ်” ခန်းရှ တည်ကြည်စွာ ဆိုလိုက်သည်။
ထန်ရှုသည် ခေါင်းကို ညိတ်လျက်
“တတိယတောင်းဆိုချက်က ၂နှစ်အတွင်း ကျွန်တော်တို့ရဲ့ ခမ်းနားသော ထန်စီးပွားရေးလုပ်ငန်းစုက ဒီနေရာက ရွှေ့ပြောင်းပြီး ကိုယ်ပိုင်ရုံးချုပ်နေရာကို တည်ထောင်မယ်။ ကျွန်တော်တို့ကုမ္ပဏီရဲ့ တရားဝင်ချပြတဲ့ ဘဏ္ဍာရေးငွေကြေးက ဂဏန်း၁၀လုံးထက် မနည်းရဘူး”
“ပြဿနာ မရှိဘူး” ခန်းရှ ခေါင်းညိတ်လျက် တုံ့ပြန်လိုက်သည်။
“စတုတ္ထတောင်းဆိုမှု။ နောက်ဆုံးတောင်းဆိုမှုလည်း ဖြစ်တယ်။ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုကို ၄နှစ်အတွင်းမှာ ပြည်တွင်းထိပ်တန်း ကုမ္ပဏီ၅၀ထဲမှာ ဝင်စေချင်ပြီးတော့ နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်ချင်တယ်”
၄နှစ်အတွင်းလား။
ခန်းရှ တိတ်ဆိတ်သွားသည်။ ပြည်တွင်းထိပ်တန်း ကုမ္ပဏီ၅၀အတွင်းရှိ လုပ်ငန်းစုများ မည်မျှ သန်မာအားကောင်းသည်ကို သူမကောင်းစွာ သိပေသည်။ သူတို့၏ ခန်းနားသော ထန်စီးပွားရေး လုပ်ငန်းစုအနေဖြင့် ပြည်တွင်းထိပ်တန်း ကုမ္ပဏီ၅၀အတွင်းသို့ ဝင်နိုင်ရန်ဖြစ်တန်စွမ်းသည် မရှိသလောက်ပင်ဖြစ်သည်။ သို့သော် ထန်ရှု သူမအား ပေးထားသော ထုတ်ကုန်များသည် အမှန်တကယ် ပြိုင်ဘက်ကင်းသည်ဟု သူမ အာရုံခံစားမိသည်။ နောက်၄နှစ်အတွင်း ကုမ္ပဏီသည် မည်မျှ တိုးတက်လာလိမ့်မည်ကို သူမအနေဖြင့် မခန့်မှန်းနိုင်ချေ။
“ဘယ်လိုလဲ။ ခင်ဗျား အောင်မြင်နိုင်မလား” ထန်ရှုသည် အေးချမ်းသော အမူအရာဖြင့် မေးလိုက်သည်။
ခန်းရှသည် ခေါင်းကိုယမ်းလျက်
“၁၀၀%တော့ ငါ အာမမခံနိုင်ပေမဲ့ အောင်မြင်မှုရဖို့အတွက် ငါ အကောင်းဆုံးလုပ်မှာပါ။ စက်ရုံဖွင့်ဖို့နဲ့ နိုင်ငံတကာဈေးကွက်ကို ဝင်ဖို့တော့ ငါ နည်းနည်းမှ စိတ်မပူပါဘူး။ ထုတ်ကုန် စာရင်းသွင်းပြီးတာနဲ့ အာရုံစိုက်မှုအကြီးကြီးကို ဖန်တီးနိုင်ပြီး ဈေးကွက်ကို ရိုက်ခတ်လိမ့်မယ်။ ပြည်ပအလှကုန် စီးပွားရေးလုပ်ငန်းစုတွေတောင် အဲဒီအချိန်ဆို စုဝေးရောက်လာကြမယ်လို့ ငါယုံတယ်။ ငါတို့ရဲ့ထုတ်ကုန်တွေကို သူတို့ဆီ ရောင်းဖို့ ဖြစ်နိုင်မဲ့နည်းလမ်းတိုင်းကို ရှာဖွေဖို့ ကြိုးစားရုံသာမကဘူး ငါတို့ကုမ္ပဏီကို တိုက်ခိုက်သိမ်းယူဖို့ ဖြစ်နိုင်တဲ့ နည်းလမ်းတွေကိုတောင်မှ ရှာဖွေကြိုးစားကြလိမ့်မယ်”
ထန်ရှုသည် လှောင်ရယ်ရယ်လျက်
“သူတို့မှာ အဲဒီလိုလုပ်နိုင်တဲ့ အစွမ်းရှိရင် လာစမ်းပါစေ”
ခန်းရှသည် ချီတုံချတုံဖြင့်
“သူဌေး… ငါတို့ကုမ္ပဏီကို စတော့ဈေးကွက်ထဲ စာရင်းမသွင်းဘူးဆိုရင်တော့ ငါတို့ကုမ္ပဏီရဲ့ရှယ်ယာကို ရဖို့ သူတို့မှာ ဘာနည်းလမ်းမှ ရှိမှာမဟုတ်ဘူး။ ငါတို့ကုမ္ပဏီကို ဝယ်ဖို့အတွက်လည်း မဖြစ်နိုင်တော့ဘူး”
“အဲဒီလိုဆိုရင် ငါတို့ကုမ္ပဏီကို စတော့ဈေးကွက်မှာ စာရင်းမသွင်းပါနဲ့”
“နားလည်ပြီ”
ဘေးတွင် ထိုင်နေသော ယွမ်ချူးလင်၏နှလုံးသားသည် အင်ဒီမှနေ ခန်းရှဆီသို့ ပြောင်းသွားသည်မှာ ကြာခဲ့ပြီဖြစ်သည်။ သည်နေရာကို ရောက်ကတည်းက မိန်းမလှတိုင်းပြည်သို့ ရောက်နေသည်ဟု သူ ခံစားနေရသည်။ အင်ဒီ၏အလှသည် အနောက်တိုင်းဆန်ကာ အလွန်ချစ်စရာ ကောင်းလှသော်လည်း ခန်းရှ၏အလှသည် အသက်ရှူမှားလောက်အောင် လှသည့်အလှမျိုး ဖြစ်သည်။ မြို့တော်ရှိ နံပါတ်တစ်အလှပိုင်ရှင် အမျိုးသမီးအား သူမြင်ဖူးသော်လည်း သူမသည် ခန်းရှနှင့် နှိုင်းယှဉ်မည်ဆိုပါက ခန်းရှ၏ အလှတစ်ဝက်ကိုပင် မီနိုင်မည်မဟုတ်ပါချေ။
“ခွမ်း…”
သူ၏အနားတွင် ထိုင်နေသော ချန်းယန်နန်၏လက်ထဲမှ လက်ဖက်ရည်ခွက်သည် ကြမ်းပေါ်သို့ ပြုတ်ကျကာ အပိုင်းပိုင်းအစစ ကျိုးပဲ့သွားသည်။ သို့သော်လည်း သူမသည် ထိုအရာအား သတိပြုမိဟန်မရဘဲ သူမ၏မျက်နှာလှလှထက်တွင် မယုံကြည်နိုင်သောဟန်ဖြင့် ခန်းရှအား စိုက်ကြည့်နေသည်။ သူမ၏နှုတ်ခမ်းများသည် တရွရွဖြစ်နေသော်လည်း မည်သည့်စကားသံမျှ ထွက်မလာပါချေ။
ထန်ရှုသည် မျက်မှောင်တွန့်သွားပြီး
“ချန်းယန်နန်… နင် ဘာဖြစ်လို့လဲ”
ချန်းယန်နန်သည် သူမ၏ခေါင်းအား ထန်ရှုဘက်သို့ ခက်ခက်ခဲခဲလှည့်ကာ ကြည့်လိုက်ပြီး အမောတကော လေသံဖြင့်
“ငါ ခန်းရှရဲ့နာမည်ကို ရင်းနှီးနေတယ်လို့ ခံစားနေရတာ ခုမှပဲ သိတော့တယ်။ စီးပွားရေးလောကမှာ ထူးချွန်တဲ့ပါရမီရှင် မဟုတ်လား။ ကမ္ဘာ့ငွေကြေးစင်တာဖြစ်တဲ့ ဝေါစထရိက ပြန်လာခဲ့တာလေ”
“ဟုတ်တယ်” ထန်ရှု ခေါင်းညိတ်ပြလိုက်သည်။
စိတ်ဝင်စားသော အမူအရာဖြင့် ခန်းရှသည် ချန်းယန်နန်အား ကြည့်လိုက်ရင်း အပြုံးဖြင့်
“ငါ ဒီလောက် နာမည်ကြီးလိမ့်မယ်လို့ ထင်မထားဘူး။ ဒီလိုမိန်းမလှလေးကတောင်မှ ကြားဖူးနေတယ်။ ငါ အလွန်ကို မြောက်ချင်သွားပါပြီနော်”
ချန်းယန်နန်သည် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး မယုံနိုင်ဟန်ဖြင့် အော်ပြောလိုက်မိသည်။
“ထန်ရှုလက်အောက်မှာ ရှင်က အလုပ်လုပ်တယ်..အဲဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ ရှင့်ကို အဓိက စီးပွားရေး လုပ်ငန်းစုတွေကတောင် အမြဲအလုပ်ခန့်ချင်နေတာ မဟုတ်လား။ ဒါပေမဲ့ ရှင်..ရှင်..”
ထန်ရှုသည် ဖျော့တော့သော လေသံဖြင့်
“ဘာမှားနေလို့လဲ။ ခန်းရှကို အလုပ်ခန့်ဖို့ ငါ့မှာ လုံလောက်တဲ့ အရည်အချင်းမရှိဘူးလို့ နင် ထင်တာလား”
ထိုခဏအတွင်းတွင် ချန်းယန်နန်သည် သူမ၏စကားများသည် သင့်တော်မှုမရှိသည်ကို ချက်ချင်း သဘောပေါက်သွားပြီး လျင်မြန်စွာဖြင့်
“ငါ ပြောချင်တာ အဲဒီလိုမဟုတ်ပါဘူး။ ခန်းရှက မမျှော်လင့်ပဲ ကြယ်တာရာကို လာပြီး နင့်အတွက် အလုပ်လုပ်ပေးလို့ အံ့သြတုန်လှုပ်သွားတာပါ။ ထန်ရှု နင် အဲဒါတွေ မသိဘူး။ ငါ့ရဲ့ဒုတိယဦးလေးတောင်မှ ခဏခဏသွားပြီး ကိုယ်တိုင် ၃ကြိမ်တိတိ ဖိတ်တာတောင်မှ ခန်းရှက ငြင်းလိုက်တာ”
စေ့စပ်စဉ်းစားသော အမူအရာဖြင့် ထန်ရှု မေးလိုက်သည်။
“နင့်ရဲ့ဒုတိယဦးလေးက ဘယ်သူလဲ”
“ချန်းကျန့်ကုံး..”
ခန်းရှသည် အပြုံးဖြင့်
“အာ..နင်က ချန်းကျန့်ကုံးရဲ့ တူမလေးလား။ နင့်ဦးလေးက ငါ့ဆီ ၃ကြိမ်လာပြီး ချန်းမိသားစုရဲ့ ကုမ္ပဏီအုပ်စုမှာ စီအီးအိုရာထူးကို လုပ်စေချင်တယ်။ ဒါပေမဲ့ နင်တို့မိသားစုဝင်တွေက ကုမ္ပဏီကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်မှုတွေက များလွန်းတော့ အဲဒါက ငါ့ကို အကန့်အသတ်အများကြီး ဖြစ်စေတယ်”
“ချန်းမိသားစုက တအား နာမည်ကြီးလား” ထန်ရှု မေးလိုက်သည်။
ခန်းရှ ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်။ သူတို့က အတော် နာမည်ကြီးတယ်။ ချန်းမိသားစုက ပေကျင်းက မိသားစုကြီးတွေကြားထဲမှာ နေရာတစ်ခုရှိတယ်။ နိုင်ငံရေးအသိုင်းအဝန်းမှာ လွှမ်းမိုးနိုင်ရုံသာမကဘူး စီးပွားရေးလောကမှာလည်း ထင်ရှားတဲ့ရပ်တည်မှုတစ်ခု ရှိတယ်။ ငါ့မှတ်ဉာဏ်မမှားဘူးဆိုရင် ချန်းကျန့်ကုံးက မြောက်ပိုင်းနယ်မြေရဲ့ စီးပွားရေးအဖွဲ့အစည်းမှာ ဒုတိယဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ထမ်းဆောင်တယ်”
အံ့အားသင့်သော အမူအရာဖြင့် ထန်ရှုသည် ချန်းယန်နန်အား ကြည့်လိုက်ပြီး
‘နင်တို့မိသားစုက မြို့တော်မှာ ဒီလောက်နာမည်ကြီးတာကို ဘယ်လိုဖြစ်ပြီး ကြယ်တာရာကို ပြောင်းပြီး စာလာသင်တာတုန်း။ နင့်အစ်မကြီးကလည်း ကြယ်တာရာ မှုခင်းစုံစမ်းရေးဋ္ဌာနမှာ ဘာလို့ တာဝန်ထမ်းဆောင်နေတာလဲ။ နင်တို့နောက်ခံနဲ့ဆို ပေကျင်းမှာ နေတာက ပိုပြီးတိုးတက်မှာလေ”
ချန်းယန်နန်သည် တိတ်ဆိတ်နေသည်။
ဆိုရိုးရှိသည့်အတိုင်း မိသားစုတိုင်းတွင် ကိုယ်ပိုင်ပြဿနာများစွာ ရှိသည်။
ချန်းမိသားစုသည် စီးပွားရေးလုပ်ငန်းစုကြီး တစ်ခုရှိပြီး အမှန်တကယ်ပင် ပိုင်ဆိုင်မှုများစွာဖြင့် မိသားစုကြီးတစ်ခုဖြစ်သည်။ သို့သော် သူတို့တွင် ပြောရေးဆိုခွင့်ရှိသော မိသားစုဝင်များစွာ ရှိနေသည်။ သူမ၏အဘိုးမှသာ ဝင်ရောက်ပါဝင်ခြင်းသာ မရှိပါလျှင် ချန်းမိသားစုသည် အစိတ်စိတ်အမြွှာမြွှာပင် ပြိုကွဲသွားနိုင်သည်။ မိသားစုအတွင်း ငွေကြေးကြွယ်ဝမှုနှင့် အာဏာအတွက် ပြိုင်ဆိုင်နေကြရာတွင် မမျှော်မှန်းနိုင်သော စီစဉ်မှုများနှင့် အဆက်အသွယ်များ အများအပြား ရှိနေကြပြီး သိသိသာသာပင် ပြင်းထန်သည်။ နိုင်ငံရေးရည်ရွယ်ချက်များ အတွက် ပေးဆပ်လိုက်ရသောသူ မဖြစ်ချင်သောကြောင့် သူမ၏အစ်မကြီးသည် မိသားစုမှ စီမံသော အိမ်ထောင်ရေးအား ငြင်းဆန်ပြီး ကြယ်တာရာသို့ ပြောင်းလာကာ သူမ၏ ကိုယ်ပိုင်အရည်အချင်းဖြင့် ရပ်တည်နေခြင်းဖြစ်သည်။ သူမမှာမူ အစ်မဖြစ်သူ ပြောင်းရာနောက်သို့ လိုက်လာခဲ့သည်။
ထန်ရှုသည် လူတစ်ဖက်သား၏အောက်ဖဲအား လှန်တတ်သောသူ မဟုတ်သောကြောင့် ချန်းယန်နန် မဖြေချင်သည့်အမူအရာအား ကြည့်ပြီး နောက်ထပ် မမေးတော့ပဲ မတ်တတ်ရပ်လိုက်ကာ ခန်းရှအား ကြည့်လျက်
“ဘာပဲဖြစ်ဖြစ် ကျွန်တော် ဒီညမှာ လုပ်စရာရှိနေသေးလို့ ပြန်နှင့်တော့မယ်။ ကျွန်တော် ပြောခဲ့တဲ့စကားတွေအတွက် ဒီကုမ္ပဏီကို ခင်ဗျားကို စီမံခန့်ခွဲဖို့ ပေးထားတာ ငြိမ်းအေးစေတယ်လို့ ခံစားရတယ်”
မိနစ်အနည်းငယ် ကြာသောအခါ…
ယွမ်ချူးလင်၊ ချန်းယန်နန်တို့နှင့်အတူ ထန်ရှုသည် ခမ်းနားသောထန် လုပ်ငန်းစုရုံးခန်းမှ ထွက်ခွာလာခဲ့သည်။ ဒီညအဖို့ ထန်ရှုအတွက် ယွမ်ချူးလင်နှင့် အခြားသူများအား ကျောင်းသင်ခန်းစာများ လေ့ကျင့်ပေးရုံသာမက ကျန်းမာရေးအထောက်အကူပြု ထုတ်ကုန်အတွက် လေ့လာပြင်ဆင်ရဦးမည် မဟုတ်ပါလော။
အရှေ့တိုင်း ရွှေရောင်နေရာဂိတ်တွင်…
မာစီးဒီးဘင့်ကားတစ်စီးတွင် ဖြည်းညင်းစွာ ရပ်လာပြီး ဒေါက်ဖိနပ်အမြင့်၊ ပိုးသားခြေအိတ်၊ ပန်းပွင့်ဝတ်စုံနှင့် ပန်းနုရောင်နေကာမျက်မှန် တပ်ဆင်ထားသော အမျိုးသမီးတစ်ယောက်သည် နောက်ခန်းမှ ဆင်းလာခဲ့သည်။ ကား၏တစ်ဖက်မှ လူရွယ်တစ်ယောက်သည် စိတ်မပါလက်မပါဖြင့် ဖြည်းညင်းစွာ ဆင်းလာခဲ့သည်။
“အစ်မကြီး.. ကျွန်တော် ဘယ်နှကြိမ် ပြောရမှာလဲ။ စီးပွားရေးကို ကျွန်တော် စိတ်လည်း မဝင်စားဘူး စွမ်းဆောင်ရည်လည်း မရှိပါဘူးဆို။ သုံးပြီးသား ပစ္စည်းအကောင်းတွေကို မျက်စိမှိတ်ရွေးပြီး မုန့်ဖိုးအတွက် ပြန်ရောင်းချတာနဲ့ကို ကျွန်တော့်အတွက် အဆင်ပြေနေပါပြီဗျ။ ကျွန်တော်တို့ မိသားစုစီးပွားရေးကြီးကို စီမံဖို့ကတော့ မဖြစ်နိုင်ဘူး။ ကျွန်တော့်ကို လွတ်မြောက်ခွင့်ပေးပါ။ ပြီးတော့ ဟိုနှစ်ကောင်..ဟုဝမ်ကျွင်းနဲ့ ရွှဲ့ရန်ဖေးတို့လည်း စူပါ၄အက်စ်ကားဆိုင်မှာ ကျွန်တော့်ကို စောင့်နေကြတယ်”
ကျန်းယုံကျင်းသည် သူ၏အရောင်ထွက်နေသော ခေါင်းအား ပွတ်သပ်လျက် ကူကယ်ရာမဲ့စွာ ပြောဆိုနေသည်။
ကျန်းသဲချင်သည် သူမ၏မျက်လုံးများအား မှေးစင်းလိုက်ပြီး ပေါ့ပါးစွာဖြင့်
“ရတယ်လေ။ နင် စူပါ၄အက်စ်ကားဆိုင်ကို သွားနိုင်တယ်။ နင် ထွက်သွားပြီး ၂မိနစ်အတွင်း နင့်မှာ ရှိတဲ့ ဘဏ်ကတ်တွေကို ငါ ဖျက်သိမ်းပြီး ဝင်ငွေရမဲ့နေရာတွေကိုလည်း ဖြတ်လိုက်မယ်။ အဲဒါအပြင် လွန်ခဲ့တဲ့ရက် ကိုယ်ဝန်နဲ့ ကောလိပ်ကျောင်းသူတစ်ယောက် အိမ်ကို လာခဲ့တယ်။ မိဘတွေကို ငါ အသိမပေးထားဘူး။ သတို့သားအဖြစ် နင် ပြင်ဆင်ထားပေတော့”
“ဘာရီး…”
ကျန်းယုံကျင်း တုန်လှုပ်သွားပြီး လျင်မြန်စွာ ပြုံးလိုက်ကာ
“အစ်မကြီး.. ကျွန်တော့်ရဲ့သွေးသားရင်းချာ အစ်မကြီးက အဲဒီလိုမကောင်းတာတွေ မလုပ်ဘူးမဟုတ်လား။ ရတယ် ကျွန်တော် အစ်မကြီး ဘာပြောပြော နားထောင်ပါမယ်။ ကုမ္ပဏီအတွက် မလုပ်ပေးနိုင်ရင် ကျွန်တော် အိမ်မှာပဲ နေဆိုနေပါမယ်။ ပြဿနာမရှိဘူး။ အခု အစ်မကြီး… ကျွန်တော့်ကို ဘာလုပ်ခိုင်းချင်တာလဲ”
ကျန်းသဲကျင်၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ချက် ပေါ်ထွက်လာခဲ့ပြီး
“မှတ်ထားနော်။ ဒီဟာက နင်ဖြစ်ချင်တာ။ ငါ နင့်ကို ဖိအားပေးပြီး လုပ်ခိုင်းတာ မဟုတ်ဘူး။ နားလည်လား”
“ဟုတ်ကဲ့..ဟုတ်ကဲ့ပါ”
ကျန်းယုံကျင်းသည် စိတ်ထဲမှ မိုးသီးမိုးပေါက်ပမာ တိတ်တဆိတ် တရစပ် ပြစ်တင် ကျိန်ဆဲနေလျှင်တောင်မှ သူ၏နှုတ်ဖျားမှ မထွက်ရဲပါချေ။ သူ ကလေးဘဝကတည်းက မိဘနှစ်ပါးသည် အလုပ်ရှုပ်နေကြသောကြောင့် သူ့အား သွန်သင်ဆုံးမရန် အချိန်အများကြီး မရှိခဲ့ပေ။ သို့သော် သူ၏ ၇နှစ် ၈နှစ်ခန့်ကြီးသော အစ်မကြီးသာ သူ့အတွက် အရေးကြီးသော ကာကွယ်စောင့်ရှောက်သူ ဖြစ်လာပြီး သူ၏ အရေးကြီးသော၊ အရေးမကြီးသော အရာများအတွက် ထိန်းချုပ်စီမံပေးသူ ဖြစ်လာသည်။
“ဟင်…”
ရုတ်တရက် ကျန်းယုံကျင်း၏မျက်ဝန်းတို့သည် တစ်နေရာဆီသို့ ရောက်သွားပြီး သူ၏ခြေလှမ်းများ ရပ်တန့်သွားသည်။ သူ၏အကြည့်တို့သည် အတွင်းမှ ထွက်လာသော ထန်ရှုအား စူးစိုက်ကြည့်နေလေသည်။
“ရန်ဘက်တွေက အမှန်တကယ်ကို ဆုံတွေ့ဖို့ ဖြစ်ပေါ်လာတာပဲ။ ဟမ့်..”
ကျန်းယုံကျင်းသည် အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်သည်။ သူသည် ထန်ရှုအပေါ် ကြောက်ရွံ့မှုအချို့ ရှိနေသော်လည်း သူ၏အစ်မကြီးသည် ယခုအချိန်တွင် သူနှင့်အတူ ရှိနေသောကြောင့် သူ၏ရဲစိတ်သည် မြင့်တက်လာရသည်။
တစ်ဖက်တွင် ကျန်းသဲကျင်သည် သူမ၏မောင်ငယ်လေး မူမမှန်သည်ကို သတိထားမိသွားသဖြင့် သူ၏အကြည့်တို့နောက်သို့ လိုက်ကြည့်လိုက်ရာ သူမ၏အမူအရာသည် အနည်းငယ် ပြောင်းလဲသွားသည်။ ယခုအချိန်ထိ သူမ အလေးအနက်ထားရသော လူငယ် အနည်းငယ်သာ ရှိပြီး ထန်ရှုသည် ထိုအထဲတွင် တစ်ယောက်အပါအဝင် ဖြစ်သည်။ သူမသည် လုံကျန့်ယုနှင့် ယှဉ်ပြိုင်ရသော နောက်ဆုံး လောင်းကစားပွဲအား ပြန်လည် သတိရသွားသည်။ သူမအရှေ့တွင် ရှိနေသော သည်လူငယ်သာ မရှိခဲ့ပါက နောက်ဆုံး အနိုင်ရသူသည် သေချာပေါက် သူမ ဖြစ်လိမ့်မည်ဖြစ်သည်။
******