← Chapters

လက်ဝါးတစ်ချက် ပါးတစ်ဖက်

Vol. 03 Ch. 147

လက်ဝါးတစ်ချက် ပါးတစ်ဖက်

Vol. 03 Ch. 147

ထန်ရှုသည် ကျန်းသဲကျင်နှင့် ကျန်းယုံကျင်းတို့ မောင်နှမအား တွေ့သော်လည်း သူ၏အမူအရာသည် ပုံမှန်အတိုင်း အေးအေးဆေးဆေးပင် ဖြစ်သည်။ သူသည် ထို၂ယောက်အား တစ်ချက်သာ လှမ်းကြည့်လိုက်ရင်း သည်အတိုင်းသာ လျစ်လျူရှုသွားရန်သာ ရွေးချယ်လိုက်သည်။ ကျန်းယုံကျင်းအား သင်ခန်းစာ အကြိမ်ကြိမ် ပေးခဲ့သောကြောင့် သင်ခန်းစာ ရနေလောက်ပြီဟု သူယုံကြည်သည်။ သူတို့သာ သူ့အား ရန်မစသရွေ့ ထိုအပျော်အပါးမက်သော သခင်လေးအား အာရုံစိုက်မည်မဟုတ်ချေ။

မွေးကာစအရွယ်မှ အိမ်ထောင်ဦးစီးဖြစ်လာသည်အထိ ကိုယ်တိုင်ကြုံတွေ့ရသော ဘဝသင်ခန်းစာများစွာ ရှိသည်။ မိမိတွင်ရှိသော စွမ်းဆောင်ရည် ဘဝသင်ခန်းစာများအား ကြီးမားသော အားထုတ်မှုအဖြစ် အသုံးချကာ အနာဂတ်အား ဖန်တီးကြသူများ ရှိသလို အားမထုတ် မကြိုးစားကြသူများလည်း ရှိရာ ထိုသူများအတွက် ကြီးမြတ်သောသူတစ်ယောက် ဖြစ်ရန် ခက်ခဲပေလိမ့်မည်။ ကျန်းယုံကျင်းသည် ထန်ရှု၏မျက်လုံးထဲတွင် ထိုကဲ့သို့သော ဒုတိယအုပ်စုထဲတွင် ပါဝင်ပေသည်။

“ထန်ရှု မဟုတ်လား။ ငါတို့ ထပ်တွေ့ကြပြန်ပြီ”

ကျန်းသဲကျင်သည် ရှေ့သို့ အနည်းငယ်လျှောက်လာပြီး ထန်ရှုနှင့် သူ၏ သူငယ်ချင်း၂ယောက်  သွားမည့်လမ်းကြောင်းအား ပိတ်ကာရပ်လိုက်သည်။

ထန်ရှု၏နဖူးသည် တွန့်ချိုးသွားပြီး ထူးမခြားနားဟန်ဖြင့်

“ခင်ဗျား တစ်ခုခု လိုအပ်တာရှိလို့လား”

ကျန်းသဲကျင်မှ

“ငါ လူတစ်ယောက်ကို နင့်အကြောင်း စုံစမ်းခိုင်းလိုက်တယ်။ နင့်မှာ လှည့်ကွက်အချို့ရှိတာကြောင့် ကြက်ပေါက်လေးတစ်ကောင်က ကြက်ခြံကနေထွက်ပြီး ဖီးနစ်ငှက်တစ်ကောင်အလား ပျံသန်းခဲ့တယ်။ လုံကျန့်ယုနဲ့ လုံကျန့်လင်းတောင်မှ နင့်ကို မြင့်မြင့်မားမား တွေးထင်ကြတယ်။ ဒါပေမဲ့လည်း စုံစမ်းမှုအရ နင်က ငါ့မောင်လေးကို အနိုင်ကျင့်ခဲ့တယ်လို့ ဆိုတယ်။ အဲဒါမှန်လား”

ထန်ရှုသည် ကျန်းယုံကျင်းအား ကြည့်လိုက်ပြီး အမူအရာကင်းမဲ့စွာဖြင့်

“ခင်ဗျားတို့မိဘတွေက သူ့ကို သေချာမဆုံးမခဲ့ကြတော့ ကျွန်တော်က သူတို့ကိုယ်စား ဆုံးမပေးတာလေ။ အဲဒါမှားလို့လား”

“နင်…”

ကျန်းသဲကျင် ဒေါသထွက်သွားသည်။ သူမ မကြိုက်ဆုံး အကြောင်းအရာသည် သူတို့၏မိဘများမှ သူတို့အား သွန်သင်ဆုံးမခြင်းမရှိဟု အခြားသူများမှ မှတ်ချက်ချခြင်းပင် ဖြစ်သည်။ သူမမောင်လေး၏ နှလုံးသားထဲတွင် အခြားသူများအတွက် သည်စကားများသည် မပြောအပ်သောအရာဟု မှတ်ယူထားသည်ကို သူမ သိသည်။

မျှော်လင့်ထားသည့်အတိုင်း ကျန်းယုံကျင်း၏ မျက်နှာထက်တွင် ဒေါသအရိပ်အယောင် ပေါ်ထွက်လာပြီး ထန်ရှုရှေ့သို့ လျင်မြန်စွာ ရောက်သွားကာ လက်ညှိုးငေါက်ငေါက်ထိုးလျက် ဒေါသဖြင့် ကျိန်ဆဲတော့သည်။

“မင်းကိုယ်မင်း ဘာထင်နေလဲ ဟေ့ကောင်။ မင်းက တိုက်ခိုက်နိုင်စွမ်းအား ကောင်းတာလေးနဲ့ ဒီလိုမျိုး မောက်မာခွင့်ရှိတယ်လို့ မင်းထင်နေတာလား။ ငါ့မိဘတွေ ငါ့အပေါ် ဘယ်လိုသင်သင် မင်းမှာ ပြောပိုင်ခွင့် မရှိဘူး”

ထန်ရှုသည် တိတ်တဆိတ် ခေါင်းယမ်းလျက်

“အပွင့်လင်းဆုံးပြောရရင် ခင်ဗျားတို့နှစ်ယောက်လုံးကို ကျွန်တော် တကယ့်ကို အာရုံမစိုက်ချင်ဘူး။ ကျွန်တော့်ကို မစော်ကားသရွေ့ ဘာမှ လုပ်မှာမဟုတ်ဘူး။ အယဉ်ကျေးဆုံး အကြံပေးချင်တာ တစ်ခုကတော့ ကိုယ့်လမ်းကိုယ်လျှောက်ဖို့ပါပဲ။ နောက်တစ်ကြိမ်မှာ မြစ်ရေနဲ့ တွင်းရေက မရောယှက်သလို တစ်ယောက်နဲ့တစ်ယောက် မတွေ့မိဖို့ပဲ လိုတယ်။ အဲဒီလိုမှ မဟုတ်ရင် ခင်ဗျားတို့ နောက်ခံဘာကြီးပဲရှိရှိ နောင်တရသွားအောင် လုပ်နိုင်တယ်”

ကျန်းသဲကျင် အလွန်အမင်း ဒေါသထွက်သွားသောကြောင့် ဒေါသသံဖြင့် ရယ်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။

“လေကြီးလှချည်လား။ လုံကျန့်ယုတောင်မှ ငါ့ကို ဒီလိုမျိုး မပြောရဲဘူး။ ငါ တကယ်ကို သိချင်မိတယ်။ နင့်လို တောသားလေးဆီမှာ ဒီလိုသတ္တိမျိုး ဘယ်က ရလာတာပါလိမ့်”

ရန်လိုသော အမူအရာဖြင့် ယွမ်ချူးလင်သည် ရှေ့သို့ အနည်းငယ်တက်လိုက်ပြီး ကျန်းသဲကျင်အား ကြည့်လိုက်ကာ အေးစက်စက် နှာတစ်ချက်မှုတ်လိုက်ပြီး

“ဟမ့်.. ကျန်းမိသားစုက အစ်မကြီးက ရန်လိုလှချည်လားဗျ။ ထန်ရှုက ငါ့ရဲ့အစ်ကိုဖြစ်လို့ သူ့ကို တစ်ခုခု ဒုက္ခပေးမယ်ကြံရင် မင်းအဖေငါ့ကို မင်းကို ရိုက်တဲ့အတွက် အပြစ်မတင်ပါနဲ့”

ကျန်းသဲကျင်နှင့် ကျန်းယုံကျင်းတို့သည် ထန်ရှုအပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်ထားသောကြောင့် သူ၏နောက်တွင် ရှိသော ယွမ်ချူးလင်အား သတိမပြုမိခဲ့ကြချေ။ ယွမ်ချူးလင်၏ပုံရိပ်အား သိသွားသည့်အခါတွင် ကြောက်ရိပ်တစ်ခု ဖြတ်သန်းသွားသော်လည်း ကျန်းမိသားစု၏ခွန်အားနှင့် ယွမ်မိသားစုခွန်အားသည် မတိမ်းမယိမ်းဖြစ်သောကြောင့်  အများကြီး ကြောက်ရွံ့မှုမရှိချေ။

“နင်က ငါ့ရှေ့မှာ စိတ်ကြီးဝင်ပြီး မောက်မာရဲတာ အံ့သြစရာ မရှိဘူးပဲ။ လုံကျန့်ယုတို့ ညီအစ်ကိုနှစ်ယောက်အပြင် ယွမ်မိသားစုက သားအကြီးဆုံးကပါ နင့်ကို ထောက်ပံ့ပေးနေတာကိုး။ ဟဟ.. ထန်ရှု နင်က သူများနောက်မှာ အမြဲရပ်နေတဲ့ လိပ်ကလေး တစ်ကောင်သာသာပဲ”

“ဖြန်း…”

ထန်ရှုသည် ခြေတစ်လှမ်း လှုပ်ရှားလိုက်ရာ ကျန်းသဲကျင်၏အရှေ့သို့ ချက်ချင်းရောက်သွားပြီး သူမ၏မျက်နှာအား တစ်ချက်ရိုက်လိုက်သည်။

ကျန်းသဲကျင်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။ သူမ၏နီရဲသောပါးပြင်အား ကာကွယ်ရန် လက်အား မြှောက်လိုက်ပြီး မယုံကြည်နိုင်ဟန် ဖြစ်နေသည်။ ထန်ရှုသည် သူမအား မမျှော်လင့်ပဲ နှိပ်ကွပ်လိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးချေ။ စကားတစ်လုံးမျှ မဆိုဘဲ ထန်ရှုသည် ချက်ချင်း ရွေ့လျားလာပြီး သူမအား ရိုက်ခဲ့သည်။ သက်တော်စောင့်များ ခေါ်မလာမိသောကြောင့် ထိုခဏတွင် သူမ နောင်တရသွားသည်။ သို့သော် သူမသည် လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ သူမ၏ မျက်ဝန်းအကြည့်တို့သည် အနီးနားရှိ အဆောက်အဦ၏ လုံခြုံရေးများဆီသို့ ချက်ချင်း ရောက်သွားခဲ့ပြီး အော်ဟစ်လိုက်သည်။

“လုံခြုံရေး… ငါက ကျန်းဂရုက အထွေထွေမန်နေဂျာ ကျန်းသဲကျင်ပါ။ လူတချို့က အနိုင်ကျင့်နေတာကို နင်တို့ ဘာလို့ ရပ်နေကြသေးတာလဲ”

ထိုအသံအား ကြားပြီး လုံခြုံရေးအစောင့်အချို့သည် နေရာမှ အပြေးအလွှား ပြေးလာကြသည်။ သူတို့သည် ကျန်းသဲကျင်၏ပုံရိပ်အား သိကြသောကြောင့် ထန်ရှုနှင့် ယွမ်ချူးလင်အား ဒေါသထွက်နေသော လုံခြုံရေး၃ယောက်သည် ဝိုင်းထားလိုက်သည်။

“မင်းတို့ ဘယ်သူတွေလဲ။ အရှေ့တိုင်း ရွှေရောင်နေရာရဲ့ စည်းမျဉ်းတွေကို မသိဘူးလားကွဟေ။ ဆောင့်ကြောင့်ထိုင်ချလိုက်စမ်း။ အဲဒီလိုမှ မဟုတ်ရင် ငါတို့ကို မယဉ်ကျေးဘူးလို့ အပြစ်မတင်နဲ့”

သက်လတ်ပိုင်း လုံခြုံရေးခေါင်းဆောင်သည် ထန်ရှုအား လက်ညှိုးထိုးကာ စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။

ထန်ရှုသည် အေးစက်စက် ပြုံးလိုက်ပြီး

“ခင်ဗျားမှာ ကျွန်တော်တို့ကို သိဖို့အခွင့်မရှိဘူး။ ဘေးဒုက္ခမရောက်ချင်ရင် မျက်စိရှေ့က ထွက်သွားလိုက်”

“မင်း…”

လုံခြုံရေးခေါင်းဆောင်သည် တုန်လှုပ်သွားသည်။ ထန်ရှုသည် အလွန်အားကြီးလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ သို့သော်လည်း သူသည် အရှေ့တိုင်းရွှေရောင်နေရာတွင် လုံခြုံရေးလုပ်ခဲ့သည်မှာ ၅နှစ် ၆နှစ် ရှိပြီဖြစ်သည်။ သူ့အနေဖြင့် မြင့်မားသော အခြေအနေနှင့် မရေမတွက်နိုင်သော လူများစွာအား ဆုံတွေ့ခဲ့ဖူးသည်။ ထိုကဲ့သို့သော လူများသည် သူ့အနေဖြင့် မပြစ်မှားသင့်သော လူများဖြစ်သည်ကို သူ သဘောပေါက်လေသည်။ ထန်ရှုသည် မည်သူမှန်း သူ မသိသောကြောင့် မည်ကဲ့သို့ပြုလုပ်ရမည်ကို သူ မသိဖြစ်နေသည်။

ကျန်းသဲကျင်သည် ဒေါသတကြီး အော်ပြောလိုက်သည်။

“နင်တို့ ဘာရပ်ကြည့်နေကြတာတုံး။ သူတို့က အနိုင်ကျင့်တဲ့သူတွေလေ။ နင်တို့က လုံခြုံရေးတွေ မဟုတ်လား။ ဘာမို့လို့ မသိချင်ယောင်ဆောင်နေတာတုန်း။ ဒီကောင်စုတ်တွေရဲ့ခြေလက်တွေ ချိုးလိုက်စမ်းပါ။ ငါ တာဝန်ယူတယ်”

လုံခြုံရေးအစောင့်များသည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။ လုံခြုံရေးခေါင်းဆောင်၏ မသိမသာ ခေါင်းညိတ်ပြမှုတွင် သူတို့သည် တုတ်တိုများအား ရုတ်တရက် ဆွဲထုတ်လိုက်ကာ ထန်ရှုဆီသို့ ပြေးလာကြသည်။

“မင်းတို့အားလုံးက နာချင်နေကြတာပဲ”

ယွမ်ချူးလင် တိုက်ခိုက်ရန် ပြေးတော့မည့်ဆဲဆဲတွင် ထန်ရှုသည် ချက်ချင်း ရှေ့သို့ ရွေ့လျားပြီး အလွန်လျင်မြန်သော လက်သီးထိုးချက်များနှင့်အတူ ဦးဆောင် တိုက်ခိုက်လိုက်သည်။ သူ့ခွန်အား၏ ၁၀%သာ အသုံးပြုထားသော်လည်း အထိုးခံလိုက်ရသည့် လုံခြုံရေးသည် မြောက်တက်သွားကာ ပြုတ်ကျသွားတော့သည်။ တစ်ချိန်တည်းမှာပင် သူ၏ဘေးမှ အခြားလုံခြုံရေးအား ကန်ထည့်လိုက်သည်။ အော်သံအဆုံးတွင် ထိုသူသည် ပြုတ်ကျလာကာ ခုနလူအပေါ်တွင် ထပ်သွားတော့သည်။

“ဘန်း…ဘန်း…”

ကျန်နေသေးသော လုံခြုံရေး၂ယောက်သည်လည်း အသက်၂ရှိုက်စာအတွင်း ထန်ရှုသည် လှဲသိပ်လိုက်သည်။

“နင်…”

ပြူးကျယ်ဝိုင်းစက်ကာ မယုံကြည်နိုင်ဟန် မျက်လုံးများဖြင့် ကျန်းသဲကျင်သည် ပုံမှန်အားဖြင့် ဝတ်စုံပြည့်ဝတ်ဆင်ထားကာ သင့်တော်သည့် လှုပ်ရှားမှုရှိသော လုံခြုံရေး၄ယောက်သည် စက္ကန့်ပိုင်းအတွင်း ထန်ရှု၏လက်ချက်ကြောင့် လဲကျကုန်သည်ကို အကြောင်သား ကြည့်မိသည်။ ထန်ရှုသည် သူမတို့ မောင်နှမ၂ယောက်အား ထွက်သွားခွင့်မပေးဘဲ ပြင်းထန်စွာ ရိုက်နှက်နိုင်သည်ဟူသော အတွေးကြောင့် ကျန်းသဲကျင် ကြောက်စိတ်များ ဝင်လာမိသည်။

သို့သော် ထန်ရှုသည် စိတ်မဝင်စားဟန်ဖြင့်

“မင်းတို့က ငါ့ကို အရင်ဆုံး ရန်လာစတယ်။ ပြေလည်ဖို့ အခွင့်အရေးတစ်ခု ငါ ပေးလိုက်မယ်။ ကိုယ့်ပါးကို ၃ချက်ရိုက်ပြီး ထွက်သွား။ အဲဒီလိုမှပဲ ဘယ်လိုကံကောင်းသွားသလဲ ဆိုတာ မင်းတို့ ရှင်းရှင်းလင်းလင်းသိမယ်လို့ ငါထင်တယ်”

ကျန်းယုံကျင်းသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလာပြီး ထန်ရှုအား စိုက်ကြည့်ကာ ဒေါသတကြီးဖြင့်

“ထန်မျိုးရိုးကောင်… မင်းက သန်မာမှန်း ငါသိတယ် ဒါပေမဲ့ သိပ်ပြီး မမောက်မာနဲ့။ ငါတို့ မင်းအပေါ် မှားခဲ့တယ်။ မင်းကို အရင် ရန်မစသင့်ဘူး။ ငါ့အတွက်နဲ့ အစ်မကြီးအတွက် ငါ့ကိုယ်ငါ ၃ချက် ရိုက်မယ်။ ဘယ်လိုသဘောရလဲ”

ထန်ရှုသည် မထီတထီသံဖြင့် တုံ့ပြန်လိုက်သည်။

“ငါနဲ့ဈေးဆစ်ဖို့ မင်းက ထိုက်တန်လို့လား”

ကျန်းယုံကျင်း ဒေါသတကြီးဖြင့် “အဲဒါဆိုလည်း ၆ချက် ရိုက်မယ်ကွာ”

ဖြန်း..ဖြန်း..ဖြန်း.. ဖြန်း..ဖြန်း..ဖြန်း..

ဘေးပတ်ဝန်းကျင်တွင် ရုံးဝန်ထမ်းများစွာ ရှိနေသည့် အရှေ့တိုင်းရွှေရောင်နေရာ၏ အပေါက်ဝတွင် ပြတ်သား ကျယ်လောင်သော ပါးရိုက်သံကြီးသည် ပဲ့တင်ထပ်ကာ ပေါ်ထွက်လာခဲ့သည်။

ထန်ရှု မျက်ခုံးများ တွန့်သွားရသည်။ ဒေါသအပြည့်ဖြစ်နေသော ကျန်းသဲကျင်၏မျက်နှာအား ကြည့်လိုက်ပြီးနောက် ကျန်းယုံကျင်းကိုပါ ကြည့်လိုက်မိသည်။ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက်

“ပထမတော့ မင်းက စကားပြောဖို့တောင် မထိုက်တန်တဲ့ အမှိုက်သာသာလို့ပဲ ထင်ခဲ့မိတယ်။ ဒါပေမဲ့ မင်းမှာ ယောက်ျားတစ်ယောက်ရဲ့ ရဲသွေးရှိသေးပြီး မင်းအစ်မကြီးကို ထွက်ပြေးဖို့ မစွန့်ခွာခဲ့ဘူး။ အစ်မကြီးအတွက် မားမားရပ်တည်ပြီး ကာကွယ်ပေးချင်စိတ်တောင်မှ ရှိတယ်။ ဒီပြဿနာ ဒီမှာပဲ အခု အဆုံးသတ်ကြရအောင်။ ဒါပေမဲ့ မင်း ငါ့ကိုထပ်ပြီး ရန်စလာရင်တော့ ရိုင်းတယ်လို့ အပြစ်မတင်နဲ့”

ပြောပြီးသည်နှင့် ထန်ရှုသည် အပြင်ဘက် လမ်းမဆီသို့ လျှောက်သွားတော့သည်။ ချစ်ခင်လေးစားရသော အကြည့်တို့ဖြင့် ယွမ်ချူးလင်သည် ထန်ရှုအား ကြည့်မိသည်။ လုံခြုံရေး၄ယောက်သည် စက္ကန့်ပိုင်းအတွင်း ထန်ရှု၏လက်ချက်ကြောင့် လဲကျရသည်အထိ ထန်ရှု စွမ်းအားရှိလိမ့်မည်ဟု သူ မထင်ထားမိချေ။ ကျန်းသဲကျင်နှင့် ကျန်းယုံကျင်းတို့ မောင်နှမ၂ယောက်ဘက်သို့ လျင်မြန်စွာ လှည့်လိုက်ကာ လက်ခလယ်ထောင်ပြလိုက်ပြီး ထန်ရှုနောက်သို့ ညစ်ကျယ်ကျယ် အမူအရာဖြင့် လိုက်သွားတော့သည်။

ချန်းယန်နန်သည် တစ်ချိန်လုံး တိတ်ဆိတ်နေပြီး အဖြစ်အပျက်တစ်ခုလုံးအား အာရုံစိုက်ထားသည်။ သူမသည်လည်း ထန်ရှုမှ စတင်ကာ တိုက်ခိုက်လိမ့်မည်ဟု မထင်ထားခဲ့မိချေ။ မကောင်းကြံခံရတာတောင်ပင် နောက်ဆုံးအနိုင်ရသူ ဖြစ်လာသည်။ သူမသည် ကျန်းသဲကျင်နှင့် ကျန်းယုံကျင်းတို့ မောင်နှမအား မသိသော်ငြားလည်း ထိုမောင်နှမ၂ယောက်သည် ထန်ရှုအား အလွတ်ပေးလိမ့်မည်မဟုတ်ဟု သူမ သိနေသည်။ သူတို့သည် သည်နေရာတွင် အနိုင်ကျင့်ခံရသောကြောင့် ထန်ရှုအပေါ်တွင် လက်စားချေလိမ့်မည်ဖြစ်သည်။

“ဟူး…” သူမသည် ရင်ထဲတွင် သက်ပြင်းချလိုက်ပြီး ထန်ရှုတို့နောက်သို့ အပြေးတစ်ပိုင်း လိုက်သွားတော့သည်။

ကျန်းသဲကျင်၏မျက်နှာသည် ရှက်စိတ်ဖြင့် သုန်မှုန်နေသည်။ ထွက်ခွာသွားသော လူ၃ယောက်အား အမုန်းတရားများဖြင့် စိုက်ကြည့်နေရင်း သူမ၏ဖုန်းအား ထုတ်ကာ နံပါတ်တစ်ခုအား နှိပ်လိုက်သည်။

“ထျန်းချန်း.. ကျွန်မမောင်လေးကို လူတစ်ယောက်က ရိုက်သွားတယ်။ သူက အရှေ့တိုင်း ရွှေရောင်နေရာ၏ အပေါက်ဝမှာတောင် ကျွန်မကို ရိုက်လုနီးပါးပဲ။ အင်း.. ကျွန်မ ရှင့်ကို ကုမ္ပဏီရုံးခန်းမှာ စောင့်နေမယ်”

သူ၏အစ်မကြီး ပြောဆိုနေသံကို ကြားပြီး ကျန်းယုံကျင်း၏ မျက်လုံးများ အရောင်လက်သွားသည်။ သူသည်လည်း ထန်ရှုအား မုန်းတီးနေသောကြောင့် အံ့သြ ကျေနပ်နေသောအသံဖြင့် ပြောလိုက်သည်။

“အစ်မကြီး.. ကျွန်တော့်ယောက်ဖလောင်းကို လှုပ်ရှားစေချင်တာလား။ သူသာ လှုပ်ရှားမယ်ဆို သည်ခွေးကောင် ထန်ရှုတော့ ကြောက်လန့်ပြီး သေချာပေါက် မိဘတွေတပြီး ငိုရလိမ့်မယ်”

ကျန်းသဲကျင်သည် အေးစက်စက် ပြုံးလိုက်သည်။ ထို့နောက် သူမသည် ကျန်းယုံကျင်း၏ပါးပြင်မှ နီရဲနေသောအရာအား ကြည့်ကာ ချစ်ခင်ကြင်နာမှု အပြည့်ဖြင့်

“နာနေလား။ ငါတို့ ဆေးရုံသွားပြီး စစ်ဆေးကြမလား”

ကျန်းယုံကျင်းသည် ခေါင်းကို ယမ်းလျက်   “အစ်မကြီး.. ကျွန်တော် အဆင်ပြေပါတယ်”

ကျန်းသဲကျင်သည် ခေါင်းညိတ်လိုက်ကာ ခါးသီးသောအမူအရာဖြင့်

“ထျန်းချန်းကို လုပ်ခိုင်းလိုက်တာ ပထမအဆင့်ပဲရှိသေးတယ်။ သူ ကြယ်တာရာကနေ ထွက်သွားရတဲ့အထိ မရေမတွက်နိုင်တဲ့ ငါ့ရဲ့လက်တုံ့ပြန်မှုတွေကို ခံစားစေရမယ်။ နေနှင့်ဦးပေါ့။ သူ့မှာ အစွမ်းအစရှိတဲ့ သူငယ်ချင်းတွေရှိတာနဲ့ပဲ မောက်မာလို့ရမယ်လို့ ထင်နေတယ်။ ငါတို့ကို ပြစ်မှားတဲ့အတွက် ဘယ်လိုဘေးဆိုးတွေ့မလဲဆိုတာ သူသိအောင် လုပ်ပြမယ်”

ကျန်းယုံကျင်းသည် အပျော်အပါးမက်သူ တစ်ယောက် ဖြစ်သော်လည်း သူသည် အရူးမဟုတ်ချေ။ ချီတုံချတုံဖြစ်ပြီးနောက် လေသံနှိမ့်ကာ

“အစ်မကြီး.. လုံကျန့်ယုက သူ့ကို တအား မျက်နှာသာပေးတာနော်။ အခုဆိုရင် သူ့ဘေးမှာ ယွမ်ချူးလင်ပါ ရှိနေတယ်။ လုံနဲ့ ယွမ်မိသားစု၂စု လက်တွဲပြီး ကျွန်တော်တို့ကို နှိပ်ကွပ်ရင်…”

ကျန်းသဲကျင်သည် လှောင်ပြောင်သံဖြင့်

“ဒီကောင်စုတ်လေး တစ်ယောက်အတွက်နဲ့ သူတို့တွေက ကျန်းမိသားစုနဲ့ စစ်တစ်ပွဲ အဖြစ်ခံမလား။ လုံဟန်ဝမ်နဲ့ ယွမ်ကျန်းရွှမ်တို့က အရူးတွေမှ မဟုတ်တာ။ ကျန်းမိသားစုနဲ့ တိုက်ခိုက်ရင် ရမဲ့အကျိုးဆက်တွေ သူတို့ ရှင်းရှင်းလင်းလင်းကို သိတယ်။ သူတို့ ငါတို့မိသားစုကို အနိုင်ယူရင်တောင်မှ အနာတရမဖြစ်ဘဲ ထွက်မလာနိုင်ဘူး”

ကျန်းယုံကျင်းသည် တွေဝေနေဆဲရှိနေသေးပြီး လေသံတိုးတိုးဖြင့်

“အစ်မ.. ကျွန်တော်တို့ ဒီကောင်ရဲ့နောက်ကြောင်းကို တစ်ယောက်ယောက်ကို ထပ်ပြီး စုံစမ်းခိုင်းရင်ရော။ ကျွန်တော်တို့ အရာရာကို ကြိုတင်ပြင်ဆင်ရလိမ့်မယ်”

ကျန်းသဲကျင်သည် ထီမထင်ဟန်ဖြင့်

“ထပ်စုံစမ်းစရာ မလိုတော့ဘူး။ ငါ လူလွှတ်ပြီး စုံစမ်းခိုင်းပြီးသား။ သူ့နောက်ကြောင်းနဲ့ နောက်ခံကို ငါ ကောင်းကောင်းသိတယ်။ နင် ဒီအစ်မကြီးကို ယုံလိုက်စမ်းပါ”

“အိုကေ” ထိုစကားကို  ကြားပြီး ကျန်းယုံကျင်း ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း သူ၏အတွင်းစိတ်ထဲတွင်မူ သက်သာရာရမသွားချေ။ ထန်ရှုသည် သူ့အား အကြိမ်ကြိမ်အခါခါ သင်ခန်းစာပေးခြင်းကို ခံရသောကြောင့် သူ၏အတွင်းစိတ်ထဲတွင် ကြောက်ရွံ့မှုရှိနေခြင်းကြောင့် ဖြစ်နေရာသည်။

“အစ်မကြီး… ကျွန်တော်တို့ ကုမ္ပဏီကို ဒီနေ့မသွားကြတော့ဘူး မဟုတ်လား။ အဲဒီစာရွက်စာတမ်းတွေကို ကျွန်တော့်ကို ပေးချင်ရင် မနက်ဖြန်မှ ပေးတာပိုကောင်းလိမ့်မယ်။ ထန်ရှုနဲ့ ကျွန်တော်တို့ ပတ်သက်မိပြီဆိုတော့ ဟုဝမ်ကျွင်းနဲ့ ရွှဲ့ရန်ဖေးတို့ကိုပါ ဆွဲထည့်လိုက်ရင် ပိုကောင်းမယ်။ သူတို့၂ယောက်လည်း ထန်ရှုကို မုန်းနေကြတာ။ အစ်မကြီးကိုယ်တိုင် သူ့ကို တိုက်ခိုက်နေတာကို သိရင် သူတို့ သေချာပေါက် ကျွန်တော်တို့ကို ကူညီမှာပဲ” ကျန်းယုံကျင်း လေသံနှိမ့်ကာ ပြောလိုက်သည်။

ကျန်းသဲကျင်သည် တစ်ခဏမျှ တွေးလိုက်ပြီး သဘောတူလိုက်သည်။

“ယုံကျင်း.. နင် ပြောတာမှန်တယ်။ ငါတို့ ဟုနဲ့ရွှဲ့မိသားတွေကိုပါ ဆွဲထည့်လိုက်ရင် လုံနဲ့ယွမ်မိသားစုက ဒီကောင်စုတ်အတွက် ရပ်တည်ချင်ရင်တောင် ၂ခါပြန်စဉ်းစားရလိမ့်မယ်။ အခုသွားပြီး သူတို့ကိုရှာချေ။ ပြီးရင် သူတို့ကို ကုမ္ပဏီရုံးခန်းဆီ ငါနဲ့တွေ့ဖို့ ခေါ်လာခဲ့”

“ကောင်းပါပြီ” ကျန်းယုံကျင်း လိုက်နာလိုက်ပြီး သူ၏မျက်နှာအား ကွယ်ကာ အမြန်ထွက်သွားတော့သည်။

*****

All Chapters