← Chapters

ကမ်းကုန်အောင် အရှက်မဲ့ကြခြင်း

Vol. 03 Ch. 148

ကမ်းကုန်အောင် အရှက်မဲ့ကြခြင်း

Vol. 03 Ch. 148

ထန်ရှုသည် တောင်တံခါးဂိတ်မြို့သို့ ပြန်ရောက်ချိန်တွင် ညစာသည် ပြင်ဆင်ပြီး အဆင်သင့် ဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။ အံ့အားသင့်စွာပင် အချို့သူများ ရှိနေသည်ကိုသာမက မမျှော်လင့်သော သူတစ်ယောက်အား သူ တွေ့လိုက်ရသည်။ အပြုံးတစ်ခုကို ဆင်မြန်းထားသော လီလီပင်သည် ယွမ်ချူးလင်နှင့် ချန်းယန်နန်တို့အား တစ်ချက်ကြည့်လိုက်ပြီးနောက် ထန်ရှုအား ….

“မစ္စတာထန်… ငါ အလည်လာတာ နင့်အတွက် စိတ်အနှောင့်အယှက် မဖြစ်ဘူးလို့ မျှော်လင့်ပါတယ်။ ဒီကို လာရတဲ့အကြောင်းက အရေးကြီးတဲ့အချက်ကို တွေ့သွားလို့ နင်နဲ့ အဲဒီအကြောင်းပြောချင်တာလည်း ပါတယ်”

“ဂူရင်ရဲ့လေ့လာမှုနဲ့ ပတ်သက်နေတယ်မလား” ထန်ရှုမေးလိုက်သည်။

လီလီပင်သည် ခေါင်းညိတ်လျက် …

“ဟုတ်တယ်။ ငါတို့ကျောင်းက သီးသန့်ဆရာ၃ယောက်က ဂူရင်နဲ့ သင်ကြားမှုအချိန် လုပ်ပြီးသွားတဲ့အခါမှာ အရေးကြီးတဲ့အရာအချို့ တွေ့ခဲ့တယ်။ အဲဒါကြောင့် ငါတို့ သင်ကြားမှုအစီအစဉ်ကို သင့်တော်အောင် ပြန်ပြင်ခဲ့တယ်။ နင် အခုကြည့်ပေးမလား”

ထန်ရှုသည် လက်ကို ယမ်းလျက်

“ညစာစားပြီးပြီလား။ ဒီကိုရောက်မှတော့ အတူတူ ညစာစားကြတာပေါ့”

“ဒါ…” လီလီပင် ချီတုံချတုံ ဖြစ်သွားသည်။

မုကျင်းပင်သည် အပြုံးဖြင့်

“ကျွန်မ သက်သတ်လွတ် ဟင်းသီးဟင်းရွက်ပွဲတွေ အများကြီး လုပ်ထားတယ်။ သူဌေးလီနဲ့ ဆရာ၃ယောက်က စိတ်မရှိဘူးဆိုရင် ညစာ အတူစားသွားပါ။ ကျွန်မသမီးရဲ့ ကျောင်းသင်ခန်းစာမှာ သင်ပြပေးနေတဲ့အတွက် ကျွန်မက တကယ် ကျေးဇူးတင်နေတာ။ ဒီညစာကို ကျွန်မရဲ့ကျေးဇူးတင်မှုကို ဖော်ပြတာလို့ စဉ်းစားပေးပါ”

လီလီပင်သည် ခေါင်းညိတ်လျက် အပြုံးဖြင့်

“အဲဒါဆို ဖိတ်ကြားတာကို ကျွန်မတို့ တလေးတစား လက်ခံပါတယ်”

ဂူရင်သည် ထန်ရှုဆီ ပေါ့ပါးစွာ ပြေးလာပြီး အပြုံးဖြင့်

“ဆရာ… ရင်ရင် အရမ်းတော်မှန်း သိသွားပြီ။ ဖတ်စာအုပ်တွေထဲက အကြောင်းအရာတွေ အများကြီးကို ကိုယ့်ဘာသာ လေ့လာလိုက်တယ်။ ဆရာ၃ယောက်သင်ပေးတဲ့ သင်ခန်းစာ ဗဟုသုတတွေကိုလည်း အကုန်လုံး သေချာ မှတ်နေတယ်”

ထန်ရှုသည် ပြုံးလျက် ဂူရင်၏ခေါင်းလေးအား အသာပွတ်ပေးကာ

“တော်လိုက်တာ။ နင့်ရဲ့ တိုးတက်မှုအခြေအနေကို အကဲဖြတ်ဖို့ လစဉ် မေးခွန်းတစ်စုံစီ ဆရာပေးပြီး ဆုချမယ်”

“အွန်း…” ဂူရင် အပြုံးဖြင့် လိုက်နာလိုက်သည်။

ညစာ စားပြီးနောက်…

ထန်ရှုသည် ယွမ်ချူးလင်နှင့် ချန်းယန်နန်တို့အား အစည်းအဝေးခန်းမသို့ ခေါ်ဆောင်သွားခဲ့သည်။ ရှားဝမ်ဖန်နှင့် လီရှောင်ချင်းတို့လာသည်ကို စောင့်ရင်း သင်ခန်းစာများအား ပြန်လည်နွှေးထားရန် သူတို့၂ယောက်အား ပြောလိုက်ပြီးနောက် ဒုတိယထပ်ရှိ ဂူရင်၏အခန်းသို့ သွားခဲ့သည်။ သက်လတ်ပိုင်း လူတစ်ယောက်သည် ဂူရင်အား သင်ကြားလျက် ရှိနေသေးသည်ကို တွေ့လိုက်ရသောကြောင့် စီစဉ်မှုကို ပြီးဆုံးစေရန်အတွက် လီလီပင်ဘက်သို့ လှည့်လိုက်ကာ တံခါးအပြင်ဘက်သို့ ထွက်လာခဲ့သည်။

ပထမထပ် ဧည့်ခန်းတွင်…

ထန်ရှုနှင့် လီလီပင်တို့သည် ဆိုဖာပေါ်တွင် ထိုင်လျက် မုကျင်းပင် တည်ခင်းသော လက်ဘက်ရည်အား သောက်နေကြသည်။ သို့သော် ဧည့်ခန်း၏ ကော်ရစ်ဒါထောင့်တွင် ယွမ်ချူးလင်နှင့် ချန်းယန်နန်တို့သည် သိလိုစိတ်ပြင်းပြနေသော အကြည့်များဖြင့် ဧည့်ခန်းဘက်ဆီသို့ ကြည့်နေသည်ကို သိလိုက်ရသောကြောင့် ထန်ရှု ငိုရမလို ရယ်ရမလို ဖြစ်သွားရသည်။ ထို့ပြင် သူတို့သည် လီလီပင်နှင့် ထန်ရှုကြားမှ စကားပြောသံများ ကြားရစေရန် အစွမ်းကုန် နားစွင့်ထားလျက်ရှိသည်။

“မစ္စတာထန်…ဒီဟာ ငါတို့ပြင်ဆင်ထားတဲ့ သင်ကြားမှုအစီအစဉ်ပါ။ မူလက ငါတို့ မနေ့ကတည်းက ပေးဖို့ဟာကို နင့်ကို ဆက်သွယ်လို့မရတာနဲ့ ဒီနေ့ကိုယ်တိုင်လာခဲ့တာ” လီလီပင်သည် လက်ထဲမှ ဖိုင်တွဲအား လှမ်းပေးလိုက်ကာ နူးညံ့စွာ ပြောလိုက်သည်။

ထန်ရှု လှမ်းယူလိုက်ပြီး သင်ကြားမှုအစီအစဉ်အား ဖတ်လိုက်ပြီးနောက် ခေါင်းညိတ်လျက်

“အစ်မရဲ့ ပုံစံတကျသင်ကြားမှု အစီအစဉ်အတွက် အထူးအထွေ ပြောစရာမရှိပါဘူး။ နောက်ပြီး ဆရာတွေက ဆရာသမားတွေပဲ မဟုတ်လား။ ကျွန်တော်မေးချင်တာက ရင်ရင်ရဲ့ သင်ယူလေ့လာမှု အခြေအနေက ဘယ်လိုရှိလဲ။ ဒီသင်ခန်းစာတွေကို သူ သင်ယူနိုင်မယ်မလား”

လီလီပင်သည် အားယူပြုံးထားရသော အပြုံးဖြင့်

“ရင်ရင့်အမေနဲ့ စကားမပြောရသေးပေမဲ့ အရင်တုန်းက ၂တန်းအထိပဲ ကျောင်းနေခဲ့ဖူးတယ်ဆိုတာကို ငါတို့ တကယ်ကို မယုံနိုင်အောင် ဖြစ်နေရတယ်။ သူမက အရမ်းကို ထက်မြက်လွန်းတယ်။ ကလေးတစ်သောင်းလောက်ကို ငါ မြင်ဖူးပေမဲ့ သူမလို ထက်မြက်တဲ့ ကလေးမလေးမျိုး တစ်ခါမှ  မတွေ့ဖူးဘူး။ သင်ယူနိုင်မှုစွမ်းရည်က အရမ်းမြန်တယ်။ ဆရာတွေတောင်မှ သူမရဲ့စည်းချက်ကို မလိုက်နိုင်လုနီးပါးပဲ”

ကျေနပ်ပျော်ရွှင်သော အပြုံးဖြင့် ထန်ရှု ပြောလိုက်သည်။

“အဲဒီလိုဆိုမှဖြင့် အစ်မတို့ကျောင်းက ဆရာတွေကို တကယ့်ကို ကျေးဇူးတင်ရမှာပဲ။ ကျေးဇူးတရားကို ပြောရင်းနဲ့ပဲ လက်တွေ့ မဖော်ပြရသေးတာကို ကျွန်တော် အမှတ်ရသွားတယ်။ ကျွန်တော့်ကို ဝန်ဆောင်ခ ပြောပါဦး။ အခု လွှဲပေးလိုက်ရအောင်လို့”

“လစဉ် ဆရာတစ်ယောက်ကို နှစ်သောင်း ၃ယောက်ဆိုတော့ ၆သောင်း။ အခုကနေ စက်တင်ဘာလအထိဆိုရင် ၃လရှိတယ်ဆိုတော့ ၁သိန်း၈သောင်း စုစုပေါင်းကျမယ်။ ဈေးနှုန်း အဆင်ပြေရဲ့လား”

“ကိစ္စမရှိပါဘူး။ သင်ရတာ အဆင်ပြေနေသရွေ့ ကျွန်တော်လည်း ဈေးနှုန်း အဆင်ပြေပါတယ်”

သိပ်မကြာမီ ထန်ရှုသည် ယွမ် ၁သိန်း၈သောင်းအား သူ၏ဖုန်းမှတစ်ဆင့် လီလီပင်၏ ဘဏ်အကောင့်ထဲသို့ ထည့်ပေးလိုက်သည်။

လီလီပင်သည် မတ်တတ်ရပ်လိုက်ပြီး အပြုံးဖြင့်

“မစ္စတာထန်… ငါတို့ ဆွေးနွေးပြီးကြပြီဆိုတော့ ဒီကလေးရဲ့ လေ့လာသင်ယူ အောင်မြင်မှုရလဒ်ကို ကြည့်ပြီးတော့ နောက်မှ ထပ်တွေ့ကြတာပေါ့။ ငါ မနှောင့်ယှက်တော့ဘူး။ ပြန်လိုက်ပါဦးမယ်”

ထန်ရှုသည် သူမအား တံခါးနားအထိ လိုက်ပို့လိုက်ပြီး ခြံတံခါးဂိတ်မှ ပျောက်ကွယ်သွားသည်အထိ ကြည့်နေပြီးနောက် သူ၏ခေါင်းအား လှည့်လိုက်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ဟေး.. နင်တို့နှစ်ယောက် ဘာတွေကြားပြီးပြီလဲ။ အခု ထွက်ခဲ့ပါဦး”

အံ့အားသင့်သော အမူအရာဖြင့် ယွမ်ချူးလင်နှင့် ချန်းယန်နန်တို့၂ယောက် ထွက်လာပြီး စပ်စုလိုက်သည်။

“ထန်ရှု.. ငါတို့ချောင်းနားထောင်နေတာ နင် ဘယ်လိုသိလဲ။ နင့်မှာ ရောင်ခြည်မျက်လုံးများ ပါနေသလားဟယ်။ ဒါမှမဟုတ် စူပါအကြားအာရုံများ ရနေတာလား”

“ငါ့မှာ ၃၆၀ဒီဂရီ စွမ်းအားရှိတော့ ဘယ်ဘက်မဆို လှည့်နိုင်တယ်လေ။ ငါ့မှာ ရောင်ခြည်မျက်လုံး ပါတယ်လို့လည်း နင် ပြောနိုင်တယ်။ အဝတ်အစား ဝတ်ဝတ် မဝတ်ဝတ် ငါ့ရှေ့မှာ အရာရာက အတူတူပဲ”

“သေလိုက်ပါလား” ချန်းယန်နန်၏ ချစ်စရာကောင်းသော မျက်နှာသည် နီရဲသွားပြီး ကျိန်ဆဲလိုက်သည်။ ပြီးနောက် သူမသည် ချာကနဲလှည့်ကာ သင်ခန်းစာများလေ့လာသည့် အစည်းအဝေးခန်းမဆီသို့ ပြေးထွက်သွားတော့သည်။

ပျောက်ကွယ်သွားသည့် ချန်းယန်နန်၏နောက်ကျောအား ကြည့်ကာ ယွမ်ချူးလင်သည် ထန်ရှုဘက် လှည့်ကြည့်လိုက်ရင်း လက်မထောင်ပြလိုက်သည်။

“သောက်ကျိုးနည်းကို အံ့သြစရာ။ အစ်ကိုကြီး.. မင်းဆီမှာ အဲဒီလိုအမူအရာနဲ့ ဉာဏ်ကောင်းမှုမျိုး အရင်က ငါ မမြင်ဖူးပါဘူး”

ထန်ရှုသည် ရယ်မောလျက်

“အတူတူပါပဲကွာ။ မင်းရဲ့အနမ်းစွမ်းရည်လို ထိရောက်အောင် လုပ်နိုင်တာမျိုး ငါလည်း ရှာမတွေ့ပါဘူး။

ကဲ ဒါတွေအသာထား။ မင်း စာသွားလေ့လာတော့။ ဆရာမဟန်က ကောလိပ်ဝင်ခွင့်မှာ မင်းတို့အမှတ်တွေ ပျမ်းမျှပဲရတယ်ဆိုရင် ငါ့ရဲ့ ကျရှုံးမှုလို့ စဉ်းစားမယ်ဆိုပြီး အမိန့်ထုတ်ထားတယ်”

“ငါ ကတိပေးတယ်။ မင်းရဲ့ မျှော်လင့်ချက် မပျက်စေရဘူး”

သူ၏မိဘနှစ်ပါးသည် ဟန်ဆောင်ကွာရှင်းခြင်း ဖြစ်သည်ကို သိပြီးသည့်နောက်ပိုင်း ယွမ်ချူးလင်သည် ပြောင်းလဲလာခဲ့သည်။ သင်ခန်းစာများ လေ့လာရာတွင် ပိုမို စိတ်အား တက်ကြွလာသည့်အပြင် ထန်ရှုထံမှ ထူးခြားသည့် နည်းစနစ်များကြောင့်လည်း ပိုမို စိတ်ဓာတ် မြင့်တက်လာခဲ့သည်။

ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံတွင်…

အထူးလူနာဆောင် အတွင်းတွင် စုရှန်းဝမ်နှင့် သူ၏ဇနီးဖြစ်သူ ကျန်းမေယွမ်တို့သည် စုလင်းယွမ်၏အရှေ့တွင် ရပ်လျက် အိပ်ရာထက်မှ စုလင်းယွမ်အား လှောင်ပြောင်လိုသော အကြည့်များဖြင့် ကြည့်နေကြသည်။

“ညီမလေး… နင့်ကို ငါ မပြောဘူးလား။ နင်လည်း အရွယ်ရောက်သူတစ်ယောက် မဟုတ်လား။ လူတိုင်းကို ဘာလို့ စိုးရိမ်ပူပန်ရအောင် လုပ်နေတာလဲ။ အခု ဘာတွေဖြစ်နေလဲဆိုတာ ကြည့်စမ်းပါဦး။ သူများရိုက်တာခံရပြီး ဆေးကုနေရပြီမဟုတ်လား။ ငါ နင့်စားသောက်ဆိုင်ကို ခုပဲရောက်ခဲ့ပြီး ဖျက်ဆီးခံထားရတာ တွေ့ခဲ့တယ်။ အခု နင့်ကို ကြည့်ရတာ ဆေးရုံမှာ အတော်နေ နေရဦးမဲ့အခြေအနေပဲ။ နင့်ရဲ့ ငွေကြေးအခြေအနေအရဆိုရင် ဆိုင်ပြန်ပြင်ဖို့ ဘယ်လောက်မှ ပိုက်ဆံကျန်မှာ မဟုတ်လောက်ဘူး” စုရှန်းဝမ်သည် ခနိုးခနဲ့ဖြင့် ပြောလိုက်သည်။

ကျန်းမေ့ယွမ်သည်လည်း သရော်လိုသည့်ဟန်ဖြင့် ပြောလိုက်သည်။

“မှန်တယ်။ အစက စုရှန်းဝမ်က နင့်ဆီ ပိုက်ဆံချေးဖို့ သွားခဲ့တယ်။ နင်က ယွမ်တစ်သိန်းပဲရှိတယ်လို့ ပြောတယ်။ အခု နင့်ကို ကြည့်ရတာ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရထားတဲ့အခြေအနေပဲ။ ဘယ်နတ်ဘုရားက နင့်ကို မစနေတယ်မသိဘူး။ ဒီလိုကောင်းမွန်တဲ့ အခန်းမှာတောင် နေနိုင်တယ်။ သေချာပေါက် နေ့တိုင်း နင် ပိုက်ဆံအများကြီး ကုန်မှာပဲ။ စားသောက်ဆိုင် ပြင်ဖို့ ပိုက်ဆံမရှိတော့ဘူးဆိုရင် အဲဒီဆိုင်ပိုင်ဆိုင်မှုကို ငါတို့ကို လွှဲလိုက်တာ အကောင်းဆုံးနေလိမ့်မယ်။ နင့်မှာ သွားစရာမရှိရင် ပြဿနာမရှိဘူး။ နင် ကျန်းမာလာတာနဲ့ ငါတို့ဆိုင်မှာ လာချက်ပေးနိုင်တယ်။  ငါတို့ နင့်ကို အာ..ယွမ်၂ထောင်ပေးမယ်”

ယွမ်နှစ်ထောင် ဟုတ်လား။

စိတ်ထိခိုက်နာကျင်စွာဖြင့် စုလင်းယွမ်သည် သူမ၏ရှေ့တွင် ရောက်နေသော အစ်ကိုနှင့်ယောင်းမဖြစ်သူအား ကြည့်လိုက်မိသည်။ လွန်ခဲ့သော နှစ်များစွာကတည်းက အစ်ကိုနှင့်ယောင်းမသည် သူမအား မနှစ်သက်သည်ကို သိခဲ့ပြီးဖြစ်သည့်အပြင် ထိုသူများသည် အရှက်တရားပင် ကင်းမဲ့ကြသည်။ သို့သော်  ထိုသူများသည် သည်ဆိုင်ကိစ္စတွင်ပါ အရှက်ကင်းမဲ့လိမ့်မည်ဟု သူမ အိပ်မက်ထဲတွင်ပင် မမျှော်လင့်ခဲ့ချေ။ သူတို့၏ တောင်းဆိုချက်အား အကဲဖြတ်မည်ဆိုပါက အနုနည်းနှင့် ဓားပြတိုက်နေသည် ပုံစံပင် မဟုတ်ပေလော။

ယွမ်၂ထောင်သည် အတော်များသည့်ဟန် ရှိသော်လည်း သူမ၏စားသောက်ဆိုင်မှ ဝန်ထမ်းများအား ပေးသည့်လခကပင် သည်ငွေထက် များနေသေးသည်။

“ထွက်သွား..”

စုလင်းယွမ်သည် ထိုသူများအား မောင်းထုတ်ရန် တွေးလိုက်သည်။ သို့သော် သူမအနေဖြင့် ဒဏ်ရာပြင်းထန်စွာ ရထားသောကြောင့် ထိုသူတို့၏ ပြိုင်ဘက် ဖြစ်လာလိမ့်မည် မဟုတ်ချေ။

စုရှန်းဝမ်၏ မျက်နှာထက်တွင် ရေခဲတမျှ အေးစက်သောအမူအရာ ဖြစ်ပေါ်လာပြီး စုလင်းယွမ်အား စိုက်ကြည့်လျက် မခိုးမခန့် ပြောလိုက်သည်။

“စုလင်းယွမ်… နင်က အကောင်းအဆိုးကို ခွဲခြားနိုင်စွမ်းမရှိဘူးပဲ။ နင် အဲဒီစားသောက်ဆိုင်လေးကို ငါ့ကို လွှဲပေးလိုက်ရင် ပိုက်ဆံအချို့ နင်တို့ကို ပေးမယ်။ အဲဒီပိုက်ဆံက မုဆိုးမတစ်ယောက်ဖြစ်တဲ့ နင်နဲ့ နင့်ရဲ့အဖမဲ့သားအတွက် ချောမွေ့တဲ့ဘဝတစ်ခုကို တည်ဆောက်ဖို့ လုံလောက်မှာပါ။ ဒါပေမဲ့ နင် ခေါင်းမာနေဦးမယ် ဆိုရင်တော့ အနာဂတ်မှာ ခါးသီးမှုတွေကိုပဲ ခံစားရလိမ့်မယ်”

စုလင်းယွမ်သည် ဒေါသထွက်စွာဖြင့်

“နင့်မှာ ပိုက်ဆံမရှိဘူးလို့ မပြောခဲ့ဘူးလား။ ဘယ်ကပိုက်ဆံနဲ့ နင်က ငါ့ကိုပေးမှာလဲ”

စုရှန်းဝမ်က ပြောလိုက်သည်။

“ငါ့မှာ ပိုက်ဆံ အခုတော့ မရှိဘူး။ ငါ ချေးလို့တော့ရမှာပါ။ အဲဒီအခါကျ နင့်ကို ပေးမှာပေါ့။ ငါလိမ်မယ်လို့ နင် ထင်နေတာလား”

“နင်… အရှက်မဲ့လှချည်လား”

ဆိုင်ပိုင်ဆိုင်မှုအား သူမလွှဲပေးလိုက်သည်နှင့် ထိုပိုက်ဆံအား စုရှန်းဝမ်သည် မည်သည့်အခါမျှ ပေးတော့မည်မဟုတ်ကြောင်း စုလင်းယွမ် သေချာပေါက် သိနေသည်။ သိသိသာသာကြီးကို သူသည် သူမအား အနုနည်းနှင့် ငွေညှစ်နေခြင်းပင် ဖြစ်တော့သည်။ သူသည် သူမ၏စိတ်ပိုင်းဆိုင်ရာ အားနည်းချက်အား အသုံးချနေခြင်းဖြစ်သည်။ အကြိမ်ပေါင်းများစွာ စုရှန်းဝမ် ထိုသို့ လုပ်သည်ကို သူမ ကြုံဖူးသည်။ သူမတွင် ကြင်နာတတ်သည့်နှလုံးသား ရှိသော်လည်း ထိုအချင်းအရာသည် သူမ နုံအသည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ သူမအတွက် သူမ၏အစ်ကိုသည် မည်သို့သော လူစားမျိုးဖြစ်သည်ကို ကောင်းကောင်းကြီး သိပေသည်။

“ဧည့်သည်၂ယောက်… လူနာက အနားယူဖို့ လိုပါတယ်။ ရှင်တို့၂ယောက် ပြန်ကြဖို့ တောင်းဆိုပါတယ်” သူနာပြုဆရာမက ပြောလိုက်သည်။

ကျန်းမေယွမ်သည် သူနာပြုဆရာမအား စိုက်ကြည့်လိုက်ပြီး ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။

“ကိုယ့်အလုပ်ကိုယ်လုပ်စမ်း။ ဒါ ငါတို့မိသားစု ပြဿနာ။ နင့်မှာ ကြားဝင်ပြောဖို့ အခွင့်မရှိဘူး။ အမြန်ထွက်သွားပြီးတော့ နောက်ထပ် ဘာမှမပြောနဲ့”

သူနာပြုဆရာမသည် ဒေါသတကြီး လှည့်လာပြီး ပြောလိုက်သည်။

“ရှင် ဘာပြောတာလဲ။ ထွက်မသွားဘူးဆိုရင် ဆေးရုံလုံခြုံရေးတွေကို ဒီကိုလာဖို့ ခေါ်လိုက်မယ်”

ကျန်းမေယွမ်သည် လှောင်ရိပ်သန်းသော အသံဖြင့်

“လုံခြုံရေးတွေ ခေါ်ပြီး ငါ့ကို စမ်းချင်တာလား။ နင် ယုံချင်ယုံ မယုံချင်နေ ဒီအဘွားကြီးကို မောင်းထုတ်လို့ ရမှာ မဟုတ်ဘူး။ နင့်ထမင်းအိုးပျောက်သွားအောင်တောင် ငါ လုပ်နိုင်တယ်။ နင့်လိုအသုံးမကျတဲ့သူတောင် နင့်လောက်အသုံးမကျမှာ မဟုတ်ဘူး။ မျက်နှာသာလေး ပေးလိုက်တာနဲ့ ရွှေရေးပန်းကန် တက်ချင်နေတယ်”

စုရှန်းဝမ်သည်လည်း အေးစက်စက်လေသံဖြင့်

“နင့်ကိုယ်နင် ဘာထင်နေလဲ။ အခြားမိသားစုအရေးမှာ ကြားဝင်စွက်စရာလား။ နင့်ကို ထွက်သွားဖို့ ငါ ယဉ်ယဉ်ကျေးကျေးပဲ ပြောလိုက်မယ်။ အဲဒီလိုမှမဟုတ်ရင်တော့ နင်ရင်ဆိုင်ရမဲ့ အကျိုးဆက်က နင်တောင် ခံနိုင်မှာမဟုတ်ဘူး”

သူနာပြုဆရာမသည် စုလင်းယွမ် ရင်ဆိုင်နေရသော ပြဿနာအား ကြားပြီးဖြစ်သည်။ သူမသည် ထန်ရှုအား မြင်ဖူးထားသောကြောင့် ဆေးရုံအုပ်ကြီးမှ သူ့အား မည်မျှ အလေးထားသည်ကိုလည်း ရှင်းရှင်းလင်းလင်း သိထားသည်။ ဆေးရုံအုပ်ကြီးသာ ဒီအကြောင်းအား သိသွားပါက သူမသည် အပြစ်ပေးခံရမည့်သူတစ်ယောက် ဖြစ်သွားလိမ့်မည်။ ထို့ကြောင့် သူမသည် စုရှန်းဝမ်နှင့် ကျန်းမေယွမ်တို့၏ ခြိမ်းခြောက်မှုအား ရိုးရှင်းစွာပင် လျစ်လျူရှုထားပြီး သူမ၏ဖုန်းအား လျင်မြန်စွာ ထုတ်ကာ ဆေးရုံလုံခြုံရေးရုံးခန်းသို့ ဆက်သွယ်လိုက်သည်။

“ကောင်းပြီ။ ငါ အဲဒီကို ချက်ချင်း လာခဲ့မယ်” လုံခြုံရေးခေါင်းဆောင် ချန်ထောင်မှ ဖြေလိုက်ခြင်းဖြစ်သည်။

သူနာပြုဆရာမသည် ဖုန်းချလိုက်ပြီးသည်နှင့် စိတ်ဆိုးစွာ ပြောလိုက်သည်။

“ကျွန်မ ဆေးရုံလုံခြုံရေးကို အကြောင်းကြားပြီးပြီ။ ရှင်တို့ အခုမသွားရင် ဆွဲထုတ်ခံရလိမ့်မယ်”

စုရှန်းဝမ်နှင့် ကျန်းမေယွမ်သည် စိုးရိမ်စိတ်များဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်သည်။ သို့သော်လည်း စုရှန်းဝမ်သည် ရှန်းဝမ်အိမ်ခြံမြေ လုပ်ငန်း၏ သူဌေးဖြစ်နေသေးသည်။ ယခုအချိန်တွင် သူ၏ သူငယ်ချင်းအများအပြားက သူ့အား ရှောင်ဖယ်နေကြသော်လည်း သည်တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ်ကဲ့သို့သော အချို့သူများသည် သူ၏သူငယ်ချင်းအဖြစ် ရှိနေကြသေးသောကြောင့် ဆက်သွယ်လိုက်ကာ အကူအညီတောင်းလိုက်သည်။

“ဟယ်လို… သူငယ်ချင်းဟောင်းလျူလား။ ငါက ရှန်းဝမ်အိမ်ခြံမြေက စုရှန်းဝမ်ပါ။ ဒီဆေးရုံမှာ မင်းအလုပ်အကိုင်ရော ဘယ်လိုနေလဲ။ ငါလား။ မင်း ခယ်မလေးနဲ့အတူ မင်းရဲ့ အတွင်းလူနာဌာနက ငါ့ညီမဆီကို လာကြည့်တာ။ ဒါပေမဲ့ မိသားစုပြဿနာလေးကြောင့် ငါ့ညီမနဲ့ အငြင်းပွားမှု နည်းနည်းဖြစ်နေတာကို မင်းတို့ဆေးရုံက သူနာပြုဆရာမက ငါတို့ကို အနိုင်ကျင့်ရဲတယ်။ လုံခြုံရေးကိုတောင် ခေါ်ပြီး နှင်ထုတ်ဖို့ လုပ်ပြီးပြီ။ အင်း… မင်းကို အနှောင့်အယှက် ပေးရတာ ဝမ်းနည်းပါတယ်ကွာ။ ငါ ဒီ အထူးလူနာဆောင်မှာ မင်းကို စောင့်နေမယ်။ အာ..ကောင်းပြီ။ နံပါတ်က…”

******

All Chapters