← Chapters

ပို၍ ပို၍ အာဏာကြီးသော

Vol. 03 Ch. 149

ပို၍ ပို၍ အာဏာကြီးသော

Vol. 03 Ch. 149

စုရှန်းဝမ်သည် ဖုန်းချပြီးသည်နှင့် သူနာပြုဆရာမ၏ တပ်ဆင်ထားသော အမည်ကတ်အား အေးစက်စက်အကြည့်တို့ဖြင့် လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။

“မင်း တောင်းပန်ပြီး အခုချက်ချင်း ရိုရိုကျိုးကျိုးထွက်သွားရင် ဘာမှမဖြစ်ခဲ့ဘူးလို့ ငါ စဉ်းစားပေးမယ်။ ဒုဆေးရုံအုပ်လာတဲ့အခါ စကားကောင်းတောင် ပြောပေးလိုက်ဦးမယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ မင်း အထုပ်အပိုးပြင်ပြီး အထုတ်ခံရဖို့သာ ပြင်ပေတော့”

ရာထူးဂုဏ်အပေါ် အမှီသဟဲပြုခြင်းလား။

သူနာပြုဆရာမသည် ရိုးသားဖြောင့်မတ်သော သူတစ်ယောက်ဖြစ်သည်။ စုရန်းဝမ်သည် ဒုဆေးရုံအုပ်အား ဖုန်းခေါ်သည်ကို မြင်လိုက်ရသောအခါ သူမသည် ရုတ်ခြည်းပင် ဒေါသထွက်သွားသည်။ ဒုဆေးရုံအုပ်သည် ဆေးရုံအုပ်ကြီးထက် အာဏာပိုရှိလိမ့်မည်ဟု သူမ မယုံကြည်ခဲ့ပေ။ တံခါးဆီသို့ မပြေးရုံတမည် လျှောက်သွားလိုက်ပြီး ကော်ရစ်ဒါတွင် ရပ်ကာ အော်ခေါ်လိုက်သည်။

“ဌာနမှူး..ဌာနမှူး.. အထဲမှာ ရှိပါသလားရှင့်။ လူတချို့က ပြဿနာဖန်တီးနေလို့ပါ”

အတွင်းလူနာဆောင်၏ ဌာနမှူးရုံးခန်းသည် စုရှန်းဝမ်ရှိသော လူနာဆောင်နှင့် ၃ဆောင်သာခြားသည်။ သူ၏ရုံးခန်းသည် ယခုမှ ဖွင့်ပြီး စာရွက်စာတမ်းများအား ကြည့်ရှုနေတုန်းအချိန်တွင် အပြင်မှ အော်ဟစ်သံကို ကြားလိုက်ရကာ သူ၏ရုံးခန်းအတွင်းသို့ ခြေလှမ်းကြဲကြီးများဖြင့် အပြေးဝင်ရောက်လာခြင်းကို ကြုံရသောကြောင့် ဌာနမှူး၏ မျက်နှာအမူအရာ ပြောင်းသွားသည်။

တစ်ခုသိရမည်မှာ သည်ဟာသည် အထူးလူနာဆောင်ဖြစ်သည်။ သည်လူနာဆောင်တွင် ချမ်းသာပြီး အာဏာရှိသော မြင့်မားသော အဆင့်အတန်းရှိသူများသာ လာရောက်ကုသကြသည်။ သည်နေရာတွင် မတော်တဆတစ်ခုခုသာ ဖြစ်ခဲ့ပါက သူ ထမင်းပင် စားနိုင်လိမ့်မည်မဟုတ်ချေ။

“ဘာတွေဖြစ်လို့လဲ”

သူနာပြုဆရာမကိုကြည့်ပြီး ဌာနမှူး၏မျက်နှာ အကြီးအကျယ် ပျက်သွားသည်။ ထိုသူနာပြုဆရာမအား သူ သိသည်။ သူမသည်  စုလင်းယွမ်အား ဂရုစိုက်ရန်အတွက် တာဝန်ပေးအပ်ထားသည်မှ တစ်ယောက်ဖြစ်သည်။

သူနာပြုဆရာမသည် အသံကျယ်ကျယ်ဖြင့်

“ဌာနမှူး… လူတချို့က လူနာဆောင်ထဲလာပြီး ပြဿနာရှာနေတယ်။ ကျွန်မ သူတို့ကို ထွက်သွားပေးဖို့ တောင်းဆိုတာတောင် သူတို့က မထွက်သွားပဲ ပြန်ပြီး ခြိမ်းခြောက်နေတယ်။ သူတို့က အရမ်းမောက်မာပြီး ကျွန်မရှေ့မှာတင် အနိုင်ကျင့်နေကြတယ်။ ပြီးတော့ ကျွန်မကို အလုပ်ထုတ်ပစ်ဖို့ ဒုဆေးရုံအုပ်ဆီတောင် ဖုန်းဆက်ခဲ့တယ်။ ကျွန်မကို ကူညီပြီး တရားမျှတမှု ရှာပေးပါ။ သူတို့က လူနာနဲ့ ကျွန်မကို နိုင့်ထက်စီးနင်း လုပ်နေတယ်”

ဌာနမှူး၏ မျက်နှာထက်တွင် ဒေါသအကြည့်တစ်ချက် ဖြစ်ပေါ်လာသည်။ ထိုပြဿနာ ဖန်တီးသူများသည် ဒုဆေးရုံအုပ်ကို ခေါ်စေဦးတော့ သူ အနည်းငယ်မျှ ကြောက်ရွံ့မှုမရှိပေ။ စုလင်းယွမ်ကို ကာကွယ်ပေးနေသူက မည်သူပါနည်း။ ဆေးရုံအုပ်ကြီး မဟုတ်ပါပေလော။ ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံကြီးတွင် မည်သူအာဏာအရှိဆုံးနည်းဟု တစ်စုံတစ်ယောက်က မေးလာခဲ့မည်ဆိုပါက ဆေးရုံအုပ်ကြီးဟုသာ အမှန်တကယ်ဖြေဆိုရပေမည်။

သို့သော် သူသည် တရားမဲ့လုပ်တတ်သော သူတစ်ယောက် မဟုတ်သလို ဦးနှောက်မရှိသူ တစ်ယောက်လည်း မဟုတ်ပါချေ။ ဒုဆေးရုံအုပ်နှင့် ဖက်ကာ မဖြစ်ချင်သောကြောင့် သူ၏ဖုန်းအား ထုတ်ကာ ဆေးရုံအုပ်ကြီး လီဟွန်ဂျီဆီသို့ ဆက်လိုက်တော့သည်။

“ဖုန်းဆက်တာ ဘယ်သူပါလဲ”

လီဟွန်ဂျီ၏ သြဇာအာဏာရှိသော အသံသည် ဖုန်းထဲမှ ထွက်ပေါ်လာသည်။

“ဆေးရုံအုပ်ကြီး… ကျွန်တော် ရှောင်ဝမ်ပါ။ အတွင်းလူနာဆောင်ကပါ။ ကျွန်တော် အရေးတကြီး တင်ပြစရာရှိပြီး ဆေးရုံအုပ်ကြီးရဲ့အမြင်ကို နားထောင်ချင်လို့ပါ”

အတွင်းလူနာဆောင်၏ ဌာနမှူးမှပြောလိုက်သည်။

“ဘာတွေဖြစ်လို့လဲ” လီဟွန်ဂျီ မေးလိုက်သည်။

ဌာနမှူးမှ အလျင်အမြန် တုံ့ပြန်လိုက်သည်။

“ဆေးရုံအုပ်ကြီး… ကျွန်တော် အခုပဲ အစီအရင်ခံစာတစ်ခု ရခဲ့တယ်။ လူတချို့က ကျွန်တော်တို့ရဲ့ အတွင်းလူနာဆောင်မှာ ပြဿနာရှာနေတယ်။ ကြည့်ရတာ သူတို့မှာ နောက်ခံအချို့ရှိတယ် ထင်တယ်။ ကျွန်တော်တို့ သူနာပြုကိုတောင် အလုပ်ဖြုတ်နိုင်တယ်လို့တောင်မှ သူက အော်ဟစ်နေခဲ့တယ်။ နောက်ပြီး သူက ဒုဆေးရုံအုပ်ဆီတောင် ဖုန်းဆက်ခဲ့တယ်။ ဆေးရုံအုပ်ကြီးကို ဒီပြဿနာကို ဘယ်လိုမြင်လဲ...”

လီဟွန်ဂျီ ဒေါသထွက်သွားသည်။

“ဆေးရုံမှာ ပြဿနာ လာရှာနေတယ်ဟုတ်လား။ သူ့ဘာသာ ဘုရင်မကလို့ ဘာကြီးဖြစ်နေနေ သူ့အဖေ ငါက သောက်ရေးလုပ်ရမှာလား။ လုံခြုံရေးကို အကြောင်းကြားပြီးပြီးလား။ သူတို့ကိုခေါ်.. အဲဒီကို အမြန်သွားပြီး ဆုံးမလိုက်”

“အဲဒီအတိုင်း လုပ်လိုက်ပါမယ်”

အတွင်းလူနာဆောင်၏ ဌာနမှူးသည် ပျော်ရွှင်စွာဖြင့် နာခံလိုက်သည်။ ထို့နောက် သူ၏မျက်လုံးများ ပြူးသွားပြီး တစ်ချက်ထပ်ပြောလိုက်သည်။

“ဆေးရုံအုပ်ကြီး… ကျွန်တော် အမိန့်အတိုင်း ဆောင်ရွက်လိုက်ပါမယ်။ ဒါပေမဲ့ ဒုဆေးရုံအုပ်ကို ဘယ်လိုလုပ်ရမလဲ”

“ငါ သူ့ဆီ ဆက်လိုက်မယ်” လီဟွန်ဂျီသည် လေးနက်သောအသံဖြင့် ပြောလိုက်သည်။

ဌာနမှူးသည် အလျင်အမြန် ထပ်ပြောလိုက်သည်။

“ဆေးရုံအုပ်ကြီးကို အနှောင့်အယှက်ပေးရတဲ့ အတွက် ကျွန်တော် တောင်းပန်ပါတယ်။ အာ..အဲဒီလူတွေက စုလင်းယွမ်ကို အနှောင့်အယှက် ပေးနေကြတာတဲ့ခင်ဗျ”

“အိုကေ..ငါ သိပြီ”

လီဟွန်ဂျီသည် စိတ်မရှည်စွာဖြင့် ဖုန်းချလိုက်သည်။ ဒုဆေးရုံအုပ်လျူ၏ ဖုန်းနံပါတ်အား နှိပ်နေဆဲတွင် သူ၏အတွေးထဲသို့ လူငယ်တစ်ယောက်၏မျက်နှာ ရုတ်တရက် ပေါ်လာပြီး တုံ့ခနဲ ဖြစ်သွားသည်။

စုလင်းယွမ်…။ နေပါဦး… အဲဒါ ထန်ရှုရဲ့အမေ မဟုတ်လား။

လီဟွန်ဂျီ ဝုန်းခနဲ ထရပ်လိုက်မိသည်။ ဖုန်းအား ထပ်မဆက်တော့ပဲ ခြေလှမ်းကျဲကြီးများဖြင့် ရုံးခန်းထဲမှ အပြင်သို့ ထွက်လာခဲ့တော့သည်။

အတွင်းလူနာဌာန၏ အထူးလူနာဆောင်ထဲတွင် စုရှန်းဝမ်သည် အတွင်းလူနာဆောင်ဌာနမှူးအား ချိုးဖဲ့ချင်သောအကြည့်တို့ဖြင့် ကြည့်လိုက်သည်။ သူ၏မျက်ခုံးနှစ်ဖက်သည် တွန့်ချိုးလျက်ရှိသည်။ သို့သော် သူသည် အားနည်း ကြောက်ရွံ့တတ်သူများအား အာဏာဖြင့် အမြဲလိုလို အနိုင်ကျင့်သော သူတစ်ယောက် ဖြစ်သည်။ ယခုလည်း သူ၏သူငယ်ချင်းဖြစ်သူ ဒုဆေးရုံအုပ် ကျောထောက်နောက်ခံ ရှိနေသောကြောင့် အတွင်းလူနာဌာနမှူးအား သူ၏မျက်လုံးထဲတွင်ပင် ထည့်မထားဘဲ ခပ်တည်တည်ဖြင့်

“အဖြူရောင်ကုတ်အင်္ကျီကို ဝတ်ထားတဲ့မင်းကို ကြည့်ရတာ ဆေးရုံရဲ့လူကြီးပိုင်းထဲက တစ်ယောက်ဖြစ်လိမ့်မယ် ဟုတ်တယ်မလား။ မင်းတို့ဆေးရုံက ဘာလဲ။ မင်းတို့ရဲ့ သူနာပြုဆရာမတွေကတောင် ဒီပြဿနာအတွက် အာဏာနဲ့ လုပ်ပိုင်ခွင့်အပေါ်မှာ အမှီသဟဲပြုနေရတာလား။ ငါ့ညီမ ဆေးရုံတက်ရလို့ အစ်ကိုလုပ်တဲ့သူက လာကြည့်တာတောင် တားမြစ်ခံနေရတယ်”

“လူကြီးမင်း… စကားပြောတာ ဆင်ဆင်ခြင်ခြင် ပြောပေးပါ”

အေးစက်သောသွင်ပြင်ဖြင့် အတွင်းလူနာဌာနမှူးမှ တုံ့ပြန်လိုက်သည်။ ထို့နောက် သူသည် သူနာပြုဆရာမဘက်သို့ လှည့်လိုက်သည်။

သူနာပြုဆရာမမှ အလျင်အမြန် ပြောပြလိုက်သည်။

“ဌာနမှူး… သူတို့ ပြောနေတာက အမှန်တရားနဲ့ဝေးနေတယ်။ သူတို့က မစ္စစုကို အနိုင်ကျင့်ရုံတင်မကဘူး သူမရဲ့ စားသောက်ဆိုင်လေးကိုပါ လိုချင်နေကြတာ။ မစ္စစု အနားယူဖို့ လိုအပ်နေပြီလို့ ကျွန်မ ထင်တဲ့အတွက်  သူတို့ကို ပြန်ဖို့ တောင်းဆိုလိုက်တာ။ အဲဒီအစား သူတို့က ကျွန်မကို ခြိမ်းခြောက်နေတယ်။ သူတို့အနိုင်ကျင့်တာခံရလို့ မစ္စစု ငိုနေတာကို ဌာနမှူးကိုယ်တိုင်လည်း တွေ့နေတာပဲ”

အတွင်းလူနာဆောင် ဌာနမှူးသည် စုလင်းယွမ်ကို ကြည့်လိုက်မိပြီး သူမအား အတော်ပင် ကရုဏာသက်မိသည်။ သည်ကဲ့သို့ အရှက်မရှိသော အစ်ကိုတစ်ယောက်နှင့် သွေးသားတော်စပ်ရသည်မှာ အသက်ပင် ၈ဆလျော့သွားနိုင်သည်။

“လူကြီးမင်းတို့… ဒီနေရာက အထူးလူနာဆောင်နေရာပါ။ လူနာက မလိုလားဘူးဆိုရင် ကျေးဇူးပြုပြီး အခု ပြန်ပေးပါ။ ဒုဆေးရုံအုပ်လျူနဲ့ ခင်ဗျား ဘယ်လိုပတ်သက်နေမှန်း မသိပေမဲ့ သည်နေရာမှာ အရေးကြီးဆုံးလူက လူနာပါ”

စုရှန်းဝမ်သည် လှောင်ပြောင် ပြောဆိုလိုက်သည်။

“ငါ သတိရတာ မမှားဘူးဆိုရင် မင်းတို့ဆေးရုံမှာ ဒုဆေးရုံအုပ်ရဲ့ရာထူးက အတော်ကြီးတယ် မဟုတ်လား။ မင်း ငါ့ကို နှင်ထုတ်ဖို့ လုပ်ပိုင်ခွင့်ရှိမယ်လို့ ငါ မထင်ဘူး။ ဘာပဲဖြစ်ဖြစ် ဒုဆေးရုံအုပ်လျူရဲ့ စကားကို စောင့်ကြတာပေါ့”

ထူးမခြားနားသော အမူအရာဖြင့် အတွင်းလူနာဆောင်ဌာနမှူးမှ …

“တကယ် စိတ်မကောင်းပါဘူး။ ဒုဆေးရုံအုပ်က အလုပ်များနေတဲ့အတွက် ခင်ဗျားကို စိတ်ပျက်စေမှာတောင် ကြောက်မိပါတယ်။ သူ ဒီနေရာကို လာဖို့ အချိန်တောင် ရှိမယ်မထင်ဘူး”

စုရှန်းဝမ်သည် မျက်မှောင်ကြုတ်သွားပြီး အေးစက်စွာ ပြောလိုက်သည်။

“စိတ်ကြီး ဝင်မနေစမ်းပါနဲ့။ သူ လာမယ်မလာဘူးဆိုတာ မင်း ဆုံးဖြတ်လို့ရတဲ့အရာ မဟုတ်ဘူး။ ငါ သူ့ကို ဖုန်းဆက်ထားတယ်။ ဒီနေရာကို အမြန်လာခဲ့မယ်လို့လည်း သူ သေချာပြောထားပြီးပြီ။ ဒုဆေးရုံအုပ်လျူ လာရင်သာ မင်းတို့ ဒီစကားတွေ ပြောနိုင်သေးလားဆိုတာ ငါ ကြည့်ချင်မိသေးတယ်”

အတွင်းလူနာဆောင်၏ ဌာနမှူးသည် စိတ်တွင်းမှ ကြိတ်လှောင်လိုက်သည်။ အာဏာနှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ကာ စုလင်းယွမ်အား အနိုင်ကျင့်ကြသည့် ထိုရွံစရာကောင်းသော သူများအား မတုံ့ပြန်ချင်တော့ပေ။ သူသည် အပြုံးတစ်ချက်အား ဖြစ်ညှစ်ပြုံးပြလိုက်ပြီး စုလင်းယွမ်၏ ခုတင်အနားသို့ သွားကာ

“မစ္စစု… ခင်ဗျားက ကုသမှုခံယူနေဆဲပဲ ရှိသေးတာ။ အရမ်းကြီး စိတ်မကောင်းမဖြစ်ပါနဲ့ဗျာ။ မိုးပြိုမှာ တွေးကြောက်တဲ့ တစ်တီတူးလို ယုတ္တိမတန်တဲ့အရာတွေကို စိတ်ပူစရာမလိုပါဘူးဗျ။ တစ်စုံတစ်ယောက်က ခင်ဗျားအတွက် ရပ်တည်ပေးဖို့ အသင့်ရှိနေပါလိမ့်မယ်။ မစ္စတာထန် ဒီကိုလာဖို့ အဆင်မပြေရင်တောင်မှ  ကျွန်တော်တို့ဆေးရုံက မသိချင်ယောင် ဆောင်မနေပါဘူး”

စုလင်းယွမ် အငိုရပ်သွားပြီး တိတ်ဆိတ်စွာ ခေါင်းညိတ်ပြလိုက်သည်။

မစ္စတာထန်လား။

စုရှန်းဝမ်နှင့် ကျန်းမေ့ယွမ်တို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိပြီး သူတို့၏မျက်နှာထက်တွင် ဇဝေဇဝါဟန်များ ပေါ်ပေါက်လာခဲ့သည်။ အတွင်းလူနာဆောင်ဌာနမှူး ပြောလိုက်တာ မည်သူပါနည်း။ ထိုသည်မှာ ထန်ရှု မဟုတ်ပေလား။ သည်ဟာ တကယ်ဖြစ်နိုင်ပါမည်လား။ သူသည် အထက်တန်းကျောင်းသား တစ်ယောက်သာလျင် ရှိသေးသည်။ လုံဂရု၏သူဌေးနှင့် အဆက်အသွယ်ရှိခြင်း၊ အဆုံးမဲ့ဂုဏ်ရည် ဆေးဝါးလုပ်ငန်းစု၏သူဌေးမှ ဆရာတင်ထားခြင်းသည် ထန်ရှုတွင် စွမ်းဆောင်နိုင်မှုအချို့ ရှိသောကြောင့် ဖြစ်သည်။ သို့သော် ယခုမူ သူ၏အစစ်အမှန်မျက်နှာအား ဖော်ပြထားပြီး ဖြစ်သောကြောင့်ပင်လား။

ကျန်းမေ့ယွမ်သည် ချီတုံချတုံဖြစ်ကာ ကျယ်လောင်စွာ မေးလိုက်သည်။

“ဌာနမှူးဝမ်… ရှင်ပြောတဲ့ မစ္စတာထန်က ဘယ်သူလဲ။ ဒီမိမစစ်ဖမစစ်ကောင်လေး ထန်ရှုလား”

စုလင်းယွမ်သည် လူနာခုတင်ပေါ်တွင် လှဲနေရာမှ ဒေါသထွက်လာသည့် ခြင်္သေ့မပမာ ချက်ချင်းထိုင်လိုက်ပြီး ဒေါသတကြီး အော်ပြောလိုက်သည်။

“နင်က ငါ့သားကို ဆဲဆိုတယ်ပေါ့။ အခုချက်ချင်း ငါ့ရှေ့က ထွက်သွား”

ကျန်းမေ့ယွမ်သည် လှောင်ပြောင်သော အသံဖြင့်

“အဲဒါမှ မဟုတ်ရင် ဘာလဲ။ နင့်ရဲ့အသုံးမကျတဲ့သားကို ငါ ကျိန်ဆဲတာ မလုပ်ရဘူးလား။ အဖေ သင်ကြားမှုမခံရပဲ အမေတစ်ယောက်တည်း ကြီးပြင်းအောင် လုပ်ခဲ့ရတဲ့ ဒီလိုအစုတ်အပြတ်ကောင် မဟုတ်ဘူးလား။ နင်တကယ် ဦးနှောက် မကောင်းတော့ဘူးပဲ။ နင့်မှာ ဂုဏ်သိက္ခာမရှိဘဲ သူ့ကို ကာကွယ်နေသေးတယ်”

“ဘယ်သူတွေ ပြဿနာ လုပ်နေတာလဲ”

တံခါးအပြင်ဘက်မှ အော်သံနှင့်အတူ လုံခြုံရေးခေါင်းဆောင် ချန်တောင်သည် အခြား လုံခြုံရေး၃ယောက်နှင့်အတူ လူနာဆောင်သို့ အပြေးရောက်လာသည်။

စက်ဆုပ်ရွံရှာနေသော အမူအရာဖြင့် အတွင်းလူနာဆောင် ဌာနမှူးသည် စုရှင်းဝမ်နှင့် ကျန်းမေ့ယွမ်တို့အား ကြည့်ကာ တည်ကြည်သောအသံဖြင့် ပြောလိုက်သည်။

“သူတို့ပဲ။ အပြင်ကို ဆွဲထုတ်သွား။ သူတို့ငြင်းဆန်ရင် ရိုက်လိုက်။ ပြီးတာနဲ့ အရိုးဌာနကို တိုက်ရိုက်ထည့်လိုက်။ သူတို့ မသေသရွေ့ ငါ တာဝန်ယူတယ်”

အမိန့်ရသည်နှင့် ချန်တောင်သည် ချက်ချင်းပင် စုရှန်းဝမ်၏ အင်္ကျီကော်လာအား ဆွဲစုကိုင်လိုက်ပြီး မျက်နှာအား ပြင်းထန်စွာ ရိုက်လိုက်ပြီးနောက် ခွေးတစ်ကောင်ကဲ့သို့ တံခါးအပြင်ဘက်သို့ ဆွဲထုတ်ခေါ်လာသည်။

“ရပ်လိုက်စမ်း”

ဒုဆေးရုံအုပ်လျူသည် သက်လတ်ပိုင်း ဆရာဝန်၂ယောက်နှင့်အတူ ခြေလှမ်းကျဲကြီးများဖြင့် အပြေးရောက်လာသည်။ သူတို့ရှေ့မှ မြင်ကွင်းအား တွေ့လိုက်ရသောအခါ ဒေါသ ချက်ချင်းထွက်သွားကာ ကျယ်လောင်စွာ အော်လိုက်သည်။

ချန်တောင် ကြောင်တောင်တောင် ဖြစ်သွားသည်။ ဒုဆေးရုံအုပ်လျူအား သူ သိသော်လည်း ထိုကဲ့သို့ ရာထူးကြီးမားသူ တစ်ယောက် ရောက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ ချီတုံချတုံဖြစ်သွားလျက် အတွင်းလူနာဆောင် ဌာနမှူးအား လှည့်ကြည့်လိုက်ပြီးနောက် စုရှန်းဝမ်အား လွှတ်ပေးလိုက်သည်။

ဒုဆေးရုံအုပ်လျူသည် ချန်တောင်အား ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး အပြုံးတစ်ခု ဖျစ်ညှစ်ပြုံးလိုက်ကာ တောင်းပန်လိုက်သည်။

“သူဌေးစု… ငါတို့ဆေးရုံလုံခြုံရေးရဲ့ အပြုအမူအတွက် ငါ တောင်းပန်ပါတယ်။ ခင်ဗျားကိုတောင် ရိုက်ရဲလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး။ ဒါအတွက် ခင်ဗျား စိတ်မပူပါနဲ့။ ဒီကိစ္စကို ငါကိုယ်တိုင် ဖြေရှင်းပြီး ကျေနပ်လောက်တဲ့ အဖြေတစ်ခု ပေးပါမယ်”

အတွင်းလူနာဆောင် ဌာနမှူးသည် အထူးလူနာဆောင် အပြင်ဘက်သို့ ထွက်လိုက်စဉ်တွင် ဒုဆေးရုံအုပ်လျူ ရောက်လာသည်ကို တွေ့ရသောအခါ အံ့အားသင့်သည့် အရိပ်အယောင်သည် သူ၏မျက်ဝန်းထဲတွင် ဖြတ်ပြေးသွားခဲ့သည်။ ဆေးရုံအုပ်ကြီးမှ ဒုဆေးရုံအုပ်လျူအား ပြောလိုက်မည်ဟု သူ့အား ပြောလိုက်သည် မဟုတ်ပါလော။ သို့သော် ဒုဆေးရုံအုပ်လျူသည် ရောက်ရှိလာရဲသေးသည်။ မည်သို့ပင်ဖြစ်စေ သူ့တွင် ပြောရန် သတ္တိရှိသေးသောကြောင့်

“ဒုဆေးရုံအုပ်လျူ… ဒီပြဿနာမှာ ကြားဝင်မပါဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒီလင်မယားက အထူးလူနာဆောင်မှာ ပြဿနာရှာပြီးတော့ လူနာရဲ့အခြေအနေကို ပိုဆိုးရွားအောင် လုပ်နေတယ်”

ဒုဆေးရုံအုပ်လျူ ဒေါသဖြစ်လာပြီး ပြောလိုက်သည်။

“သူဌေးစုက ငါ့ကို ဖုန်းထဲမှာ ရှင်းရှင်းလင်းလင်း ပြောပြီးပြီ။ ဒီမှာ ဆေးရုံတက်နေတဲ့ သူ့ညီမကို ကြည့်ဖို့ သူ့မိန်းမနဲ့ အတူလာတာကို ဘာများ မှားနေလို့လဲ။ အဲဒီဉာဏ်နည်းတဲ့ သူနာပြုဆရာမ ဘယ်မှာလဲ။ လူနာရဲ့မိသားစုဝင်တွေကို ခက်ခဲအောင် လုပ်ဖို့ သူ့မှာ ဘယ်ချိန်တုန်းက လုပ်ပိုင်ခွင့်ရှိသွားတာလဲ။ ဒီလိုလူနဲ့သက်ဆိုင်တဲ့ ငါတို့ဆေးရုံက ဘယ်လိုအမျိုးအစား ဖြစ်သွားမလဲ”

အတွင်းလူနာဆောင် ဌာနမှူးမှ ပြန်ချေပလိုက်သည်။

“ဒုဆေးရုံအုပ်လျူ… တစ်ဖက်တည်းစကားကိုပဲ ခင်ဗျား နားမထောင်သင့်ဘူး။ ဒီလင်မယားက လူနာကို အနိုင်ကျင့်နေတာ ကျွန်တော်ကိုယ်တိုင် သက်သေရှိတယ်။ သူတို့က စိတ်ကြီးဝင် မောက်မာနေသေးတဲ့အပြင်…”

ဒုဆေးရုံအုပ်လျူမှ ကြားဖြတ်ကာ အေးစက်စွာ ကြိမ်းမောင်းလိုက်သည်။

“ငါ့ကို ပြန်မပြောနဲ့။ လူနာနဲ့ သူ့မိသားစုဝင်တွေ သူတို့ဘာသာ မိသားစုအရေး ပြောနေရင် ငါတို့ဆေးရုံက ကြားဝင်ခွင့်ရှိတယ်လို့ မင်းထင်နေတာလား။ ငါ ပြောတာကို သင့်တော်တယ်၊ မသင့်တော်ဘူးလို့ မင်းမှာ ပြောပိုင်ခွင့်ကို မရှိဘူး။ မင်းနဲ့စကားပြောနေတာ ဘယ်သူမို့လို့လဲ”

သူ၏ရင်ထဲတွင် ဒေါသများ တဟုန်းဟုန်း တောက်လောင်နေသည်။ ဒုဆေးရုံအုပ်အနေဖြင့် သူသည် တရုတ်တိုင်းရင်းဆေးရုံကြီး၏ နောက်တက်လာမည့် ဆေးရုံအုပ်ကြီးဖြစ်ရန် အဖြစ်နိုင်ဆုံးလူများထဲမှ တစ်ယောက်ဖြစ်သည်။ မတော်တဆတစ်ခုခုသာ မဖြစ်ပွားခဲ့ပါက နောက်တက်မည့် ဆေးရုံအုပ်ကြီးဖြစ်ရန် သူ့အတွက် အချိန်ဘယ်လောက်မျှ မလိုတော့ပေ။ သို့သော်လည်း ယခုအချိန်တွင် တစ်စုံတစ်ယောက်သည် သူ၏လုပ်ပိုင်ခွင့်အာဏာကိုပင် စိန်ခေါ်ရဲနေသောကြောင့် အပြစ်ပေးရန် သူ၏ရင်တွင်းမှ ဆုံးဖြတ်လိုက်သည်။ သည်တစ်ယောက်အား အပြစ်ပေးလိုက်ခြင်းဖြင့် အခြားသောသူများကိုပါ သတိပေးလိုက်ရာ ကျပေလိမ့်မည်။ ထိုနည်းတူ သူ၏ပုံရိပ်အား ခိုင်မာသော ပုံရိပ်တစ်ခုအဖြစ် တည်ဆောက်ပြီးခြင်းလည်း ဖြစ်ပေလိမ့်မည်။

“ဌာနမှူးဝမ်… မင်းလည်း အတွင်းလူနာဆောင်ဌာနမှူးအဖြစ် ရှိနေခဲ့တာ ကြာပြီဆိုတော့ ဒီအချိန်က ရွှေ့ပြောင်းရမဲ့ အချိန်လို့လည်း ငါ ထင်တယ်။ ဒီအဖြစ်အပျက်ကို ဆေးရုံအုပ်ကြီးကို ငါကိုယ်တိုင် အစီရင်ခံလိုက်မယ်။ မင်းရဲ့စိတ်ကို ပြင်ဆင်ထားလိမ့်မယ်လို့ ငါ မျှော်လင့်တယ်” ဒုဆေးရုံအုပ်လျူမှ ထီမထင်ဟန်ဖြင့် ပြောလိုက်သည်။

အတွင်းလူနာဆောင်ဌာနမှူးသည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။

“ဒီပြဿနာကို ဆေးရုံအုပ်ကြီးဆီ ခင်ဗျားကိုယ်တိုင် အစီရင်ခံဖို့ မလိုတော့ပါဘူး။ ကျွန်တော် အစောကတည်းက လုပ်ထားပြီးပြီ”

“ကောင်းတယ်”

အတွင်းလူနာဆောင်ဌာနမှူး၏ စကားအဆုံးတွင် သြဇာအာဏာပြည့်ဝသော အသံသည် ကော်ရစ်ဒါမှ ထွက်ပေါ်လာပြီး လီဟွန်ဂျီနှင့်အတူ တရုတ်တိုင်းရင်းဆေးရုံကြီး၏ ထိပ်ပိုင်းခေါင်းဆောင်၄ဦးပါ ရောက်ရှိလာခဲ့သည်။ ထိုစကားသံအား ပြောလိုက်သူမှာ လီဟွန်ဂျီကိုယ်တိုင်ပင် ဖြစ်ပေသည်။

“ဒုဆေးရုံအုပ်လျူ… မင်းက ဆေးရုံအုပ်တောင် မဖြစ်သေးဘူး ဆေးရုံအုပ်ရဲ့ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုချင်နေတာလား။ အတွင်းလူနာဆောင်ဌာနမှူးကို အလုပ်ဖြုတ်ဖို့ လုပ်ပိုင်ခွင့်ကိုတောင်မှ မင်းမှာ ရှိနေပြီပေါ့။ အဲဒီလိုလုပ်ချင်သပဆိုရင် ငါ့နေရာမှာ ရောက်ပြီးမှသာ လုပ်ပါလေ။ ဌာနမှူးဝမ်က ငါ့ကို ဒီပြဿနာအကြောင်းစုံအားလုံး ပြောပြထားပြီးပြီ။ လူနာမိသားစုဝင်တွေနဲ့ မင်း ဘယ်လိုပင် ပတ်သက်စေဦးတော့ ငါတို့ဆေးရုံအတွက် အရေးကြီးဆုံးလူတွေက လူနာတွေပဲ ဖြစ်တယ်”

*****

All Chapters