← Chapters

အနိုင်ကျင့်ခံရပြီးသည့်နောက်

Vol. 03 Ch. 150

အနိုင်ကျင့်ခံရပြီးသည့်နောက်

Vol. 03 Ch. 150

ဒုဆေးရုံအုပ်လျူ၏ မျက်လုံးများ ဝိုင်းစက်သွားသည်။ ဆေးရုံအုပ်ကြီးကိုယ်တိုင် သည်ပြဿနာအား ဖြေရှင်းရန် လာလိမ့်မည်ဟု သူ မထင်ထားမိခဲ့ချေ။ ဆေးရုံအုပ်ကြီး၏ သဘောထားမှာ သိသာထင်ရှားလှသည်။ ဌာနမှူးဝမ်နှင့် လူနာဘက်မှ ရပ်တည်နေပေသည်။

“သေစမ်း။ ဒီစုရှန်းဝမ် ခွေးမသား ငါ့ကို ဒုက္ခထဲ တွန်းထည့်လိုက်ပြီ”

ဒုဆေးရုံအုပ်လျူ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ သို့သော် သူ၏မျက်နှာထက်တွင် ခါးသီးသော အမူအရာပြလျက်

“ဆေးရုံအုပ်ကြီး… ကျွန်တော်တို့ ဒီပြဿနာကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် အမှန်တကယ် စစ်ဆေးသင့်ပါတယ်။ အဲဒီသူနာပြုဆရာမက ကြမ်းပိုးကို လိပ်ဖြစ်အောင် လိမ်ပြောနေတယ်လို့ ကျွန်တော် သံသယရှိတယ်။ လူနာနဲ့ မိသားစုဝင်တွေကြားမှာ အငြင်းပွားမှုတွေ ပဋိပက္ခတွေ ရှိကောင်းရှိလိမ့်မယ် ဆိုပေမဲ့လည်း သူတို့အချင်းချင်း ဆွေးနွေးတာနဲ့ ပြီးသွားနိုင်တာမို့လို့ ဆိုးဆိုးရွားရွား ပြဿနာကြီးတစ်ခု ဖြစ်မှာ မဟုတ်ပါဘူး”

လီဟွန်ဂျီမှ အေးစက်စွာ ပြောလိုက်သည်။

“သူတို့ကြားမှာ ပဋိပက္ခတွေ ရှိနေရင်တောင်မှ ဆေးရုံက ဘာကြောင့် အသုံးမဝင်သလို ရပ်နေရမှာလဲဆိုတာကို မင်း ရှင်းပြပေးနိုင်မလား။ လူနာက ကုသမှုခံယူနေဆဲပဲ ရှိသေးတယ်.. မင်းက လူနာအခြေအနေ ပိုဆိုးသွားတာကို မြင်ချင်တာလား”

“ဒါ…”

ဒုဆေးရုံအုပ်လျူ စကားတစ်ခွန်းမှ မပြောနိုင်တော့ပဲ ကျောက်ရုပ်သဖွယ် ဖြစ်သွားရသည်။ သူ၏ရင်တွင်းမှ စုရှန်းဝမ်အား မကျေမနပ်ဖြစ်မှုသည် ကြီးမားသည်ထက် ကြီးမားလာတော့သည်။

လီဟွန်ဂျီသည် စုရှန်းဝမ်အား စိတ်မပါစွာ ကြည့်လိုက်ပြီး

“မင်းက လူနာရဲ့မိသားစုဝင်ရော တကယ်ဟုတ်ရဲ့လား။ ခံစားချက်မရှိ အသည်းနှလုံးမရှိတဲ့လူတွေကို ငါ မြင်ဖူးပေမဲ့ မင်းလိုလူမျိုးတော့ သည်တစ်ခါပဲ တွေ့ဖူးသေးတယ်။ ဒီလူနာက မင်းရဲ့မိသားစုဝင်ဖြစ်ပြီး သူ့အခြေအနေကို ပိုမိုဆိုးရွားအောင် လုပ်တာတော့ လွန်လွန်းတယ်။ ဒီဟာကို မိသားစုဝင်တွေကြားက ပတ်သက်မှုလို့ မင်းက ခေါ်တာလား။ အခု ငါ တရားဝင် ကြေညာတယ်။ ငါတို့ဆေးရုံက မင်းလိုလူမျိုးတွေ ဆေးရုံကိုလာတာ လက်မခံဘူး။ မင်း ချက်ချင်း ထွက်သွားပေးဖို့ မျှော်လင့်တယ်။ အဲဒီလိုမှမဟုတ်ရင်တော့ ငါတို့ဆေးရုံရဲ့ လုံခြုံရေးတွေက လျစ်လျူရှုနေမှာမဟုတ်ဘူး”

လီဟွန်ဂျီ ရောက်ချလာကတည်းက စုရှန်းဝမ် ရင်ထဲလေးလံနေခဲ့သည်။ သူ၏စကားများအား ကြားလိုက်ရသောအခါ စုရှန်းဝမ်၏ ခန္ဓာကိုယ်သည် အေးစက်သွားပြီး မျက်နှာထက်တွင် ယုံကြည်ရန် ခက်ခဲသည့်အမူအရာ ဖြစ်ပေါ်လာတော့သည်။ လီဟွန်ဂျီကဲ့သို့သော တရုတ်တိုင်းရင်းဆေးရုံအုပ်ကြီးမှ အဘယ်အကြောင်းကြောင့် စုလင်းယွမ်အား ကာကွယ်ပေးနေသည်ကို သူ့အနေဖြင့် မစဉ်းစား တတ်လောက်အောင် ဖြစ်နေပေသည်။

မစ္စတာထန်..

စုရှန်းဝမ်သည် အတွင်းလူနာဆောင်ဌာနမှူး ပြောလိုက်သောအမည်အား သတိရလိုက်သည်။ ရုတ်တရက် အသက်ရှူမဝသကဲ့သို့ သူ ခံစားလိုက်ရသည်။ ထန်ရှုသည် အထက်တန်းကျောင်းသား တစ်ယောက်သာ ဖြစ်သောကြောင့် ထိုမစ္စတာထန်သည် ထန်ရှုကို ကိုယ်စားပြုလိမ့်မည်ဟု သူ မယုံကြည်ပေ။ ထန်ရှုတွင် စွမ်းဆောင်နိုင်ရည် အနည်းငယ်မျှ သို့မဟုတ် တရုတ်တိုင်းရင်းဆေးရုံအုပ်ကြီး ရောက်လာရသည်အထိ လုပ်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ချေ။

ဒုဆေးရုံအုပ်လျူကြောင့် လာတာများ ဖြစ်လေမလား။

ဆေးရုံအုပ်ကြီးသည် အမှားကို ပယ်ချင်ပြီး ဒုဆေးရုံအုပ်လျူအား သင်ခန်းစာပေးချင်လိုသည့် အချိန်တွင် ထိုသို့ ပြုလုပ်ရန်အတွက် အခွင့်အရေးတစ်ခုမှ ရှာမတွေ့ခြင်း ဖြစ်နိုင်လေမလား။ ယခုပြဿနာအား အကြောင်းပြု အကျိုးအမြတ်ထုတ်ကာ ဒုဆေးရုံအုပ်လျူအား ပြုပြင်လိုခြင်း ဖြစ်နိုင်မလား။ ထိုသို့သာ ဖြစ်မည်ဆိုပါက သူသည် ဒုဆေးရုံအုပ်လျူနှင့် ပတ်သက်နေသည့်တစ်ယောက် မဖြစ်သွားပေဘူးလား။

စုရှန်းဝမ်သည် ထိုအချက်အား တွေးမိလိုက်သည်နှင့် သူ၏မျက်နှာထက်တွင် တောင်းပန်သည့်အမူအရာ ထွက်ပေါ်လာပြီး

“ဆေးရုံအုပ်ကြီးလီ… ခင်ဗျားရဲ့ နာမည်ဂုဏ်သတင်းကို ကျွန်တော် ကြားဖူးနေတာ ကြာပါပြီ။ ကျွန်တော်တို့ ကြယ်တာရာ တိုင်းရင်းဆေးရုံကြီးမှာ လေးစားရတဲ့ ပြိုင်ဘက်ကင်း သမားတော်တစ်ယောက်ပါပဲ။ ဒုဆေးရုံအုပ်လျူနဲ့ ကျွန်တော်က သာမန်သူငယ်ချင်းတွေပါ။ သူက ခင်ဗျားကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်ဆိုရင် သူနဲ့တိုက်ရိုက်ပြောတာ ပိုကောင်းပါလိမ့်မယ်။ ကျွန်တော့်ကို ခင်ဗျားတို့ပြဿနာထဲက ကျေးဇူးပြုပြီး ထွက်ခွင့်ပြုပါ”

“စုရှန်းဝမ်… မိမစစ် ဖမစစ်ကောင်”

စုရှန်းဝမ်သည် သူ့အား ယခုချက်ချင်းပင် ရောင်းစားလိမ့်မည်ဟု ဆေးရုံအုပ်လျူ အိပ်မက်ထဲတွင်ပင် မမက်ခဲ့ပါချေ။ ခံစားချက်တစ်စုံတစ်ရာ မရှိဘဲ သူ့အား ရိုးရိုးရှင်းရှင်း ထိုးကျွေးရုံသာ လုပ်လိုက်ခြင်းပင် ဖြစ်တော့သည်။

စုရှန်းဝမ်သည် စိတ်ဆိုးစွာဖြင့် ပြောလိုက်သည်။

“ဒုဆေးရုံအုပ်လျူ… ယောက်ျားတစ်ယောက်က သူလုပ်ခဲ့တာအတွက် တာဝန်ရှိတယ်။ မင်းနဲ့ဆေးရုံအုပ်ကြီးကြားမှာ ဖြေရှင်းရမှာရှိနေတာကို အခြားသူတွေကို ဆွဲထည့်ရသလား။ ငါတို့က သာမန်လူတွေပါ မင်းတို့ပြဿနာကြားမှာ ဝင်မပါချင်ဘူး။ ငါနဲ့ ငါ့မိန်းမက ငါ့ညီမကို လာကြည့်ကြတာ။ သူမကို တွေ့ပြီးတာမို့ ငါတို့လည်း မကြာခင် ပြန်ကြတော့မှာပါ။ အဲဒါကြောင့် ငါ မင်းကို နှုတ်ဆက်ပါတယ်”

“စု… ရှန်း…ဝမ်”

ဒုဆေးရုံအုပ်လျူ စိတ်လွတ်သွားသည်အထိ ဒေါသတကြီး ဖြစ်လာသည်။ သူ၏စိတ်မှ မဆုံးဖြတ်ရသေးခင်မှာပင် လှည့်ထွက်တော့မည့်ဟန် ပြင်နေသော စုရှန်းဝမ်အနားသို့ လျှပ်စီးကဲ့သို့ လျင်မြန်ခြင်းဖြင့် ရောက်ရှိသွားကာ ပြင်းထန်သော လက်သီးများဖြင့် ထိုးကြိတ်တော့သည်။

သူ၏ဒေါသများအတွက် ထွက်ပေါက်လိုအပ်နေပြီ ဖြစ်သည်။ သူ၏ရင်တွင်းမှ အမုန်းတရားများ၊ မကျေနပ်ချက်များအတွက် ထွက်ပေါက်ရှိရမည်။ ထိုပစ်မှတ်သည် လူနာစုလင်းယွမ်၊ သူနာပြုဆရာမ၊ အတွင်းလူနာဆောင်ဌာနမှူးလည်း မဟုတ် ယုတ်စွအဆုံး ဆေးရုံအုပ်လီပင် မဟုတ်ခဲ့ချေ။ ထိုအရာသည် သူ့အား ရောင်းစားလိုက်သော ခွေးသူတောင်းစား စုရှန်းဝမ်သာ  ဖြစ်တော့သည်။ စုရှန်းဝမ်အား ကြမ်းပြင်ပေါ်လဲကျသည်အထိ အားရပါးရ ထိုးကြိတ်ရုံပင်အားမရသေး နာကျင်စွာ အော်နေရသည်အထိ ထိုးကြိတ်တော့သည်။

“ရပ်…ရပ်တော့..”

သူမ၏အရှေ့မှ လက်ရှိမြင်ကွင်းသည် ကျန်းမေ့ယွမ်အား ကြက်သေသေစေသည်။ သူမ၏ယောက်ျား ဖိတ်ခေါ်ခဲ့သော အားကိုးရာသည် ယောက်ျားဖြစ်သူအား ရိုက်နှက် ထိုးကြိတ်လိမ့်မည်ဟု သူမ ယောင်လို့ပင် မတွေးခဲ့မိချေ။ ထိုသူသည် ပြင်းပြင်းထန်ထန်နှင့် အကြင်နာကင်းမဲ့စွာပင် ထိုးကြိတ်နေပေသည်။ သူမ အသိဝင်လာချိန်တွင် ဒုဆေးရုံအုပ်လျူဆီ ပြေးသွားကာ သူ့အား သူမ၏ယောကျ်ားနှင့် ဝေးအောင် ရိုက်နှက်ရန် အားထုတ်တော့သည်။

ချန်တောင်သည် လျင်မြန်စွာ လှုပ်ရှားလာပြီး ကျန်းမေ့ယွမ်အား ဘေးမှ ချက်ချင်းတားလိုက်ကာ ကြမ်းပေါ်သို့ လဲစေလိုက်သည်။

သူ၏အရှေ့မှ မြင်ကွင်းအား ကြည့်ကာ လီဟွန်ဂျီသည် ကြက်သေသေလျက် အာစေးမိနေသကဲ့သို့ ဖြစ်နေရသည်။ စုရှန်းဝမ်အား ဒုဆေးရုံအုပ်လျူမှ စတင်ကာ ထိုးကြိတ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိချေ။ သို့သော်လည်း သူ အသိဝင်လာသောအခါ ဒုဆေးရုံအုပ်လျူသည် အလွန် သနားစရာကောင်းသည်ဟု သူ ချက်ချင်းခံစားမိရသည်။ ဒုဆေးရုံအုပ်လျူသည် ခေါင်းကိုမကာ ကြိုးစားထနေသော စုရှန်းဝမ်ဆီ ပြေးသွားချိန်တွင် ထိုစုရှန်းဝမ်သည် ဆတ်ခနဲ သူ၏နောက်ကျောအား လှမ်းကိုက်ကာ အနှောင့်အယှက် ပေးလိုက်သေးသည်။

“အား..”

သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် လီဟွန်ဂျီသည် လုံခြုံရေးများအား အချက်ပြလိုက်သောကြောင့် အချို့သည် ဒုဆေးရုံအုပ်လျူနှင့် စုရှန်းဝမ်တို့အား လျင်မြန်စွာ ဆွဲကာ လူခွဲလိုက်သည်။

လီဟွန်ဂျီသည် လက်ကိုဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။

“သူ့ကို အရေးပေါ်အခန်းကို ခေါ်သွားပြီး စစ်ဆေးလိုက်ပါ။ သူ့ခန္ဓာကိုယ်မှာ ဘာမှ အမှားမရှိဘူးဆိုရင် ဆေးရုံအပြင်ဘက်သာ ဆွဲထုတ်လိုက်။ နောက်ဆိုရင် ငါတို့ဆေးရုံကို ထပ်လာရဲသေးရင် ချက်ချင်း မောင်းထုတ်ရမယ် ဆိုတာကို စိတ်ထဲမှတ်ထားလိုက်။ သူ မလိုက်နာရင် မင်း သူ့ကို ပြင်းပြင်းထန်ထန် သတိပေးနိုင်တယ်”

“နားလည်ပါပြီ” ချန်တောင်သည် ကျယ်လောင်စွာ ပြောလိုက်သည်။

ဆေးရုံခေါင်းဆောင်များစွာ ခြံရံလျက် လီဟွန်ဂျီသည် အထူးလူနာဆောင်သို့လာခဲ့ပြီး စုလင်းယွမ်အား သူ၏စာနာမှုအား ပြသခဲ့သည်။ ထို့နောက် သူတို့သည် ပြန်လည်ထွက်ခွာသွားခဲ့သည်။ လီဟွန်ဂျီသည် အတွင်းလူနာဆောင်ဌာနမှူးနှင့် သူနာပြုဆရာမတို့အား ချီးကျူးစကားဆိုခဲ့သည်။ ဒုဆေးရုံအုပ်လျူကိုမူ ကျန်းမာရေးဗျူရိုဆီသို့ သည်အဖြစ်အပျက်အား အစီရင်ခံစာရေးကာ ထိုမှပြန်ရောက်လာမည့် ရာထူးမှ ထုတ်ပယ်သည့် အကြောင်းကြားစာအား စောင့်ဆိုင်းရန်အတွက် ဆုံးဖြတ်ထားသည်။

အထူးလူနာဆောင်အတွင်းတွင်…

စုလင်းယွမ်၏မျက်နှာသည် သေခါနီးလူပမာ ဖြူဖျော့နေပေသည်။ ဆေးရုံအုပ်ကြီးနှင့် အခြားရာထူးကြီးမားသူများမှ ကိုယ်တိုင်လာရောက်ကာ သူမအား နှစ်သိမ့်ပေးသည်ဆိုသော်ငြား သူမ၏ရင်ထဲမှ မကျေနပ်ချက်များသည် ကွယ်ပျောက်မသွားဘဲ ရှိသည်။

စုရှန်းဝမ်က မည်သူဖြစ်ပါသနည်း။ သူမ၏ သွေးသားတော်စပ်သော အစ်ကို မဟုတ်ပေလော။

သူ အလွန်အရှက်မဲ့သည်ကိုသာ ယခင်က သူမ သိခဲ့သည်။ ထိုအရှက်မဲ့မှုသည် သူမ၏စိတ်ထဲတွင် မည်သည့်အခါမှ အနှောင့်အယှက်မဖြစ်ချေ။ သူမအား ပြုစုစောင့်ရှောက်ပေးသော သူနာပြုဆရာမမှတစ်ဆင့် လူနာဆောင်အပြင်ဘက်တွင် ဖြစ်ပွားခဲ့သော အကြောင်းအရာအားလုံးအား သူမ သိခဲ့ရသည်။ စုရှန်းဝမ်သည် ဒုဆေးရုံအုပ်လျူအား ပြန်လည်ကိုက်ခဲ့သောအခါ သူမ၏ရင်ထဲတွင် ထိုကဲ့သို့သော သွေးရင်းအစ်ကို ရှိနေခြင်းသည် ကြီးစွာသော အရှက်တရားကို ဖြစ်ပေါ်စေပြီး စိတ်အနှောင့်အယှက် ဖြစ်လျက်ရှိသည်။

“ရှုအာက အရာရာကို နှံ့နှံ့စပ်စပ် မြင်နိုင်တာပဲ။ စုရှန်းဝမ်နဲ့ ကျန်းမေ့ယွမ်တို့က လူတွေ မဟုတ်ကြဘူး။ သူတို့တွေက ငါ့ကို မိသားစုဝင်လို့ မသတ်မှတ်မှတော့ နောင်မှာ သူတို့တွေက ငါ့အတွက် သူစိမ်းတွေပဲ ဖြစ်လိမ့်မယ်”

ထိုခဏတွင် စုလင်းယွမ်သည် သူမ၏စိတ်နှလုံးအား ခိုင်မာအောင် နောက်ဆုံးတွင် ထားနိုင်လိုက်ပြီဖြစ်ပြီး စုရှန်းဝမ်နှင့် အဆက်အသွယ်ဖြတ်ရန် အတွက်ပါ ဆုံးဖြတ်ခဲ့တော့သည်။

စုလင်းယွမ်တို့ မမြင်အောင် ပုန်းကာရှိနေသော ဘန်ရှိုနှင့် ဒင်ဇီတို့သည် ဆေးရုံထဲတွင် ဖြစ်ပျက်နေသော အရာအားလုံးအား ရှင်းရှင်းလင်းလင်း တွေ့နေရသည်။ အမှန်တကယ်အားဖြင့် သူတို့သည် ထိုအဖြစ်အပျက် အစကတည်းမှ စိုက်ကြည့်နေကြသော်လည်း စုရှန်းဝမ်နှင့် ကျန်းမေ့ယွမ်တို့သည် စုလင်းယွမ်အား ကိုယ်ထိလက်ရောက် နာကျင်အောင် မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်သောကြောင့် သူတို့၂ယောက်သည် ထွက်မလာခဲ့ခြင်းဖြစ်သည်။ သူတို့သည် ဖြစ်ပျက်သမျှ အရာရာတိုင်းအတွက် သက်သေအဖြစ်ပါ ရှိနေသည်။ အရာရာ တည်ငြိမ်သွားပြီးနောက် ဘန်ရှိုသည် ထန်ရှုဆီသို့ ဖုန်းဆက်ကာ အကြောင်းစုံ ပြောပြလိုက်တော့သည်။

တောင်တံခါးမြို့အိမ်ရာ…

ထန်ရှုသည် ယွမ်ချူးလင်နှင့် ကျန်၃ယောက်အား သင်ခန်းစာ လေ့လာညွှန်ကြားမှုများ ပေးနေဆဲဖြစ်သည်။ ဖုန်းလက်ခံပြောပြီးနောက် သူသည် အတန်ကြာမျှ ငြိမ်သက်သွားခဲ့သည်။ စုရှန်းဝမ်တို့လင်မယားသည် လျှောက်သွားနေသော ဘေးဆိုးနှင့်တူသည်ဟု သူသိခဲ့သည်မှာ ကြာပြီဖြစ်သည်။ မိခင်ဖြစ်သူ၏ခံစားချက်ကို ထည့်တွက်နေသောကြောင့်သာ သူ ရက်ရက်စက်စက် မလုပ်သေးခြင်း ဖြစ်သည်။ ယခုမူ ထိုလင်မယားသည် ထပ်ကာထပ်ကာ သူတို့သားအမိအား နိုင်ထက်စီးနင်း စော်ကားလာသောကြောင့် နောက်ဆုံးတွင် သူသည် ထပ်ပြီး သည်းညည်းမခံနိုင်တော့ပါချေ။

ယနေ့ညတွင် ထန်ရှုသည် ဖုန်း၂ခု ခေါ်ခဲ့သည်။ တစ်ခုသည် ချန်းကျီကျုံးဖြစ်ပြီး အခြားတစ်ခုမှာ လုံကျန့်ယုအား ခေါ်ဆိုခြင်းဖြစ်သည်။ သူ၏ရည်ရွယ်ချက်သည် ရှင်းသည်။ ရှန်းဝမ်အိမ်ခြံမြေ လုပ်ငန်းအား ဒေဝါလီခံသွားစေရုံသာမက စုရှန်းဝမ်အား ပြန်လည် နာလန်ထူနိုင်သည့် အခွင့်အရေးမရအောင်ပင် ကာကွယ်မည်ဖြစ်သည်။ ထိုအရာအတွက် အကောင်းဆုံး နည်းလမ်းသည် စုရှန်းဝမ်အား သံတိုင်များ၏နောက်တွင် သူ၏ကျန်ရှိသော ဘဝတစ်လျှောက်လုံး ကုန်ဆုံးသွားရန်အတွက် လုပ်ဆောင်ခြင်းသာ ဖြစ်တော့သည်။

အရုဏ်မတက်မီ…

ယွမ်ချူးလင်တို့ ကျောင်းသူ ကျောင်းသား၄ယောက် အိပ်မောကျနေစဉ်တွင် သူတစ်ယောက်တည်း ဂိုဒေါင်ဘက်သို့ သွားပြီး အတွင်းမှ သော့ခတ်လိုက်သည်။ ထို့နောက် ကျန်းမာရေးအထောက်အကူပြု ထုတ်ကုန်များအတွက် ဖော်မြူလာပေါ်တွင် စမ်းသပ်မှုများ ပြုလုပ်တော့သည်။

စီးပွားဖြစ်ရောင်းချရန် ရည်ရွယ်ထားသောကြောင့် ထန်ရှုသည် အထူးဂရုစိုက်ရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့ပဲ အမှားသေးသေးလေးပင် မလုပ်ရဲပါချေ။ စမ်းသပ်မှုများစွာအား အကြိမ်ကြိမ်အဖန်ဖန် ပြုလုပ်ပြီးသည့်နောက် ၁၅ကြိမ်မြောက် ကြိုးစားပြီးသည့်အခါ နောက်ဆုံးတွင် တရုတ်တိုင်းရင်းဆေးကို အခြေခံသည့် ကျန်းမာရေးအထောက်အကူပြု ထုတ်ကုန်အတွက် ပါဝင်ဖော်စပ်ရမည့် အရာများအား ချိန်ညှိဖန်တီးနိုင်ခဲ့သည်။ သည်ဆေး၏ ထိရောက်မှုအစွမ်းသည် လုံကျန်လင်းကို သူ ပေးခဲ့ဖူးသော ဆေး၏ ဆယ်ပုံတစ်ပုံသာ ရှိသော်လည်း ဆေးရည်ပမာဏအား ဒါဇင်ကြိမ်ပေါင်းများစွာ တိုးလာခဲ့ခြင်းဖြင့် ထိုဆေးကို ယှဉ်နိုင်မည်ဖြစ်သည်။

ထိုခဏတွင် သူသည် တွက်ချက်မှုတစ်ခု လုပ်ခဲ့သည်။ ကျန်းမာရေး အထောက်အကူပြု ထုတ်ကုန် ပုလင်း၂၀သည် လုံကျန်လင်းယူသွားသော တစ်ပုလင်းနှင့် ညီမျှသည်။ ချမ်းသာမှု နည်းလမ်းသည် မိနစ်တိုင်း မိနစ်တိုင်းတွင် တည်ငြိမ်နေသော အရှိန်စီးကြောင်းတစ်ခုသဖွယ် အတိအကျ ဖြစ်နေမည်။

ထန်ရှု၏ မျက်ဝန်းများထဲတွင် အရောင်တစ်ချက် လက်သွားပြီး ခပ်ဖွဖွ ပြုံးလိုက်သည်။ သည်ကျန်းမာရေး အထောက်အကူပြု ထုတ်ကုန်သည် ဈေးကွက်အား တစ်ကြိမ်ရိုက်ခတ်ရုံမျှဖြင့် လူနည်းစု၏ အသိအမှတ်ပြုမှုကို ရရှိပြီး ထိုးဖောက်မှု အကြီးစားတစ်ခုအား ဖန်တီးပေလိမ့်မည်။ ထိုရောင်းအားသည် ပြင်းထန်စွာ ပေါက်ကွဲသွားပြီး အခြားအလှကုန်၂ခုထက်ပင် ပိုမိုကောင်းမွန်လိမ့်မည် ဖြစ်ပေသည်။

ထန်ရှသည် ဆေးပင်များင့် ပါဝင်သည့်ကုန်ကြမ်းများ၏ အချိုးအား စာရွက်တစ်ရွက်ပေါ်တွင် ချရေးလိုက်ပြီးနောက် အောင်မြင်စွာ စမ်းသပ်ပြီးသော ထုတ်ကုန်များအား ကြိုတင်ကာ ပုလင်းများထဲသို့ ထည့်လိုက်သည်။ ထို့နောက် ဂိုဒေါင်တံခါးအား ဖွင့်လိုက်ပြီး အိမ်ဘက်ဆီသို့ ပြန်လာခဲ့တော့သည်။

အချိန်တွေ ကုန်လွန်သွားပြီးနောက် မျက်စိတစ်မှိတ် အတွင်းမှာပင် နောက်တစ်နေ့၏ ညနေခင်းသို့ ရောက်ရှိလာခဲ့သည်။

ထန်ရှုသည် ကျောင်းမှ ပြန်လာပြီး တောင်တံခါးမြို့အိမ်ရာသို့ ပြန်သွားခဲ့သည်။ သို့သော် သူ၏အရှေ့မှ မြင်ကွင်းသည် သူ့အား မျက်မှောင်ကြုတ်မိ သွားစေသည်။ အယောက်၂၀၀န်းကျင် ရှိသော အနက်ရောင်ဝတ်စုံပြည့်နှင့် လူများသည် ဂိတ်တံခါးအနီးတွင် စနစ်တကျ စီတန်းကာ ရပ်နေကြပြီး တောင်တံခါးအိမ်ရာ လုံခြုံရေးအယောက်၃၀သည် ထိုသူများ၏အရှေ့တွင် မျက်နှာချင်းဆိုင် ရပ်နေကြသည်။ မည်သည့်နေရာမှ ရောက်လာမှန်းမသိသော ရန်သူများနှင့် ပြဿနာတစ်ခုရှိနေသော အရေးကြီးဆုံး အချိန်ဖြစ်သည်ဟု တွေးထင်စရာ မြင်ကွင်းဖြစ်သည်။

တောင်တံခါးအိမ်ရာ၏ စီမံခန့်ခွဲရေးမန်နေဂျာ လုံရွှဲ့ယောင်သည် မျက်မှောင်ကြုတ်ကာ စိတ်ပူနေသောဟန်ဖြင့် ထိုခွန်အားကြီးသော လူအယောက်၂၀အား ကြည့်လိုက်သည်။ ယခုအချိန်တွင် သူမသည် ရဲကိုသာ အမှန်တကယ် ခေါ်လိုက်ချင်တော့သည်။ သို့သော် ထိုသို့လုပ်ရန်အတွက် သူမတွင် အကြောင်းပြချက် မရှိချေ။ ထိုသူများသည် အလွန်စည်းကမ်းကျနစွာ လေ့ကျင့်လာသူများနှင့် တူနေပြီး သူတို့သည် အိမ်ရာဝင်းထဲဝင်ခြင်းသော် လည်းကောင်း အနည်းငယ်မျှ ပြဿနာရှာခြင်းသော် လည်းကောင်း လုံးဝ မပြုလုပ်ထားသောကြောင့် ဖြစ်သည်။

ထိုသူတို့၏ ခေါင်းဆောင်များမှပင် ပြောသည်မှာ သူတို့၏သူဌေးအတွက် စောင့်ရန် သည်နေရာသို့ လာခြင်းဖြစ်သည်ဟုပင်။

လုံရွှဲ့ရှောင် အမှန်တကယ်ပင် သိချင်စိတ်ပြင်းပြနေသည်။ မည်ကဲ့သို့သော စွမ်းအားကြီးသော သူ သို့မဟုတ် ကြောက်စရာ ကောင်းသောသူက ထိုသူများ၏ သူဌေးဖြစ်နေနိုင်မည်နည်း။

သည်အိမ်ခြံမြေမှ လုံခြုံရေးများအားလုံးသည် အငြိမ်းစား စစ်သားများသာဖြစ်သည်။ စစ်တပ်ရှုထောင့်အနေဖြင့် သူတို့သည် မြင့်မားသော စွမ်းဆောင်ရည်ရှိကြပြီး အောင်မြင်မှုများ ရရှိထားကြသူများလည်း ဖြစ်သည်။ စည်းကမ်းအရဖြစ်စေ စွမ်းဆောင်ရည်အရ ဖြစ်စေ သူတို့အား ယှဉ်ပြိုင်နိုင်မည့် သာမန်လူများအား ရှာဖွေရခြင်းသည် ခက်ခဲသည်။ သို့သော်လည်း ထိုသူတို့ပင်လျှင် ထိုလူအယောက်၂၀အား ယှဉ်ပြိုင်နိုင်မည့်အဆင့်တွင် မရှိကြပေ။

ရုတ်တရက် လုံရွှဲ့ယောင်၏ မျက်လုံးများသည် ထန်ရှုလာသည်ကို မြင်ရသောအခါ တောက်ပသွားရသည်။ သူမ၏ရင်ထဲမှ စိုးရိမ်သောကများကိုပင် မေ့ပျောက်သွားပြီး နွေးထွေးသော အပြုံးဖြင့် ပြောလိုက်သည်။

“မစ္စတာထန်… ပြန်လာပြီလား။ ဘယ်သွားနေတာလဲ”

ထန်ရှုသည် ခေါင်းညိတ်လျက် ပြောလိုက်သည်။

“အင်း… ကျွန်တော် ကျောင်းကလွှတ်တဲ့ ခရီးတစ်ခုက ပြန်ရောက်လာတာ”

ကျောင်းက လွှတ်တဲ့ခရီးသွားနေတာ ဟုတ်လား။

သည်အချိန်ထိ လုံရွှဲ့ယောင်သည် ထန်ရှုအား ကျောင်းသားတစ်ယောက်သာ ဖြစ်မှန်း မသိသေးချေ။ သူ၏တုံ့ပြန်မှုအား နားထောင်ပြီး တိတ်တဆိတ် အံ့အားသင့်သွားရသည်။ သို့သော်လည်း သူမ၏အံ့အားသင့်မှုအား ရင်ထဲတွင် မျိုသိပ်လိုက်ပြီးနောက် အနီးမှမြင်ကွင်းအား လှည့်ကာ ကြည့်လိုက်သည်။ မချိပြုံး ပြုံးလျက် သူမမှ ရှင်းပြလိုက်သည်။

“မစ္စတာထန်… ကျွန်မ စိတ်မကောင်းပါဘူး။ ဒီလူအယောက်၂၀က ဘယ်ကရောက်လာမှန်း ကျွန်မ တကယ်မသိဘူး။ သူတို့ ပြောတာကတော့ သူတို့ရဲ့သူဌေးကို လာစောင့်နေတာဆိုပဲ။ ပြောတယ်။ ရှင် မစိုးရိမ်ပါနဲ့။ ကျွန်မတို့အိမ်ရာက လုံခြုံရေးဝန်ထမ်းတွေလည်း ဒီနေရာမှာ ရှိနေတာဆိုတော့ သူတို့ အိမ်ရာဧရိယာထဲ အနှောင့်အယှက်ပေးမှာ မဟုတ်ပါဘူး”

ဖြောင့်တန်းတည့်မတ်စွာ ရပ်နေကြသော ထိုလူအယောက်၂၀ကို ကြည့်ရသည်မှာ တကယ့်ကို ခွန်အားရှိသောသူများဟု ထန်ရှု ခံစားမိသည်။ ထာဝရခိုင်မြဲခန်းမမှ ဂူရှောင်ရွှဲ့ စေလွှတ်လိုက်မည်ဟု ပြောသော ထိုပုဂ္ဂိုလ်များအား မြင်ရသည်မှာ ထန်ရှုအတွက် ကျေနပ်စရာကောင်းလှသည်။ သူ၏အကြည့်အား ပြန်ရုပ်သိမ်းလိုက်ပြီးနောက် လုံရွှဲ့ယောင်အား အိုးတို့အန်းတမ်း အမူအရာဖြင့် ထန်ရှု ပြောလိုက်သည်။

“ကျွန်တော် သိပါတယ်။ သူတို့ရဲ့သူဌေးက ကျွန်တော်ဖြစ်နေတဲ့အတွက် သူတို့က အိမ်ရာဧရိယာထဲ အနှောင့်အယှက်ပေးမှာ မဟုတ်ပါဘူး”

*****

All Chapters