← Chapters

လုံခြုံရေးဝန်ထမ်းများ ရောက်ရှိလာခြင်း

Vol. 04 Ch. 151

လုံခြုံရေးဝန်ထမ်းများ ရောက်ရှိလာခြင်း

Vol. 04 Ch. 151

“ဘာ…”

လုံရွှဲ့ယောင် ကြက်သေသေသွားသည်။ ထန်ရှု၏ တည်ငြိမ်သောမျက်နှာအား အလန့်တကြား ကြည့်မိရင်း သူမ၏ရင်ထဲတွင် ပြင်းထန်စွာ တုန်လှုပ်မိရသည်။ ထိုလူအယောက်၂၀သည် ထန်ရှု၏ လက်အောက်ငယ်သားများ ဖြစ်လိမ့်မည်ဟု သူမ ယောင်ယမ်းပြီးတောင် မတွေးကြည့်မိပါချေ။

သူ… သူက အမှန်တကယ် ဘယ်သူလဲ။

ထန်ရှုအပေါ် လုံရွှဲ့ယောင်၏သိလိုစိတ်သည် အမြင့်ဆုံးအဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။ လုံကျန့်ယုမှ သည်အိမ်ရာ၏ အကောင်းဆုံးအိမ်ကို ပေးစဉ်ကတည်းက သူမ သိလိုစိတ် ပြင်းပြခဲ့သည်။ ထန်ရှုနှင့် အကြိမ်များစွာ မတွေ့ဆုံဖူးသော်လည်း သူနှင့်ဆုံသည့်အကြိမ်တိုင်း သူမ၏သိလိုစိတ်သည် ကြီးထွားလာရသည်သာ ဖြစ်သည်။ ယခုတော့ ထန်ရှု၏ပုံရိပ်နှင့် အကြောင်းစုံအား  သူမ အမှန်တကယ်ကို သိချင်နေပြီဖြစ်တော့သည်။

“သူတို့က ကျွန်တော့်လူတွေမို့ ကျွန်တော် ခေါ်သွားတော့မယ်။ ကျွန်တော် အိမ်ပြန်ပြီး အဝတ်အစားလဲဖို့ လိုအပ်တာမို့ သူတို့ကို အခု ခေါ်သွားလို့ရနိုင်မလား”

“အာ..ဟုတ်..ရပါပြီ” လုံရွှဲ့ယောင် အသိဝင်လာပြီး လျင်မြန်စွာ တုံ့ပြန်လိုက်သည်။

သူမအား ခေါင်းညိတ်ပြလိုက်ပြီးနောက် ထိုလူများ၏အရှေ့သို့ လျှောက်သွားကာ တည်ကြည်စွာ ပြောလိုက်သည်။

“ခင်ဗျားတို့ ရှာနေတဲ့သူက ကျွန်တော်ပဲ။ ကျွန်တော့်နောက် လိုက်ခဲ့ပါ”

ထိုသို့ ပြောပြီးနောက် ထန်ရှုသည် တောင်တံခါးမြို့အိမ်ရာဝင်းထဲသို့ တန်းဝင်သွားလိုက်သည်။ ထိုလူအယောက်၂၀သည် ထန်ရှု၏ပုံအား မြင်ဖူးထားပြီးသောကြောင့် ထိုခဏ၌ပင် သူ့အား အသိအမှတ်ပြုခဲ့ကြပြီး မည်သူမျှ အသံတစ်သံမျှ မထွက်ကြဘဲ ထန်ရှုနောက်မှ တန်းစီကာ တိတ်ဆိတ်စွာ လိုက်ပါသွားကြသည်။

အိမ်ထဲရောက်သည်နှင့် ထန်ရှုသည် ထိုသူများအား ကြည့်လိုက်ပြီး တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။

“ကျွန်တော်က ထန်ရှုပါ။ ထာဝရခိုင်မြဲခန်းမကို ကျွန်တော် ၂ခေါက်တောင် လာထားတော့ တချို့သူတွေလည်း သိနှင့်ပြီးဖြစ်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ကစပြီး ကျွန်တော်က ခင်ဗျားတို့ရဲ့သူဌေးပဲ။ ကျွန်တော် ခင်ဗျားတို့ကို တောင်းဆိုချင်တာ တစ်ခုပဲရှိပါတယ်။ ကျွန်တော် ပြောသမျှအရာတိုင်းကို လိုက်နာပေးဖို့ပါပဲ။ လုပ်ပေးနိုင်မယ် မဟုတ်လား”

“လုပ်နိုင်ပါတယ် သူဌေး” လူအယောက်၂၀မှ တညီတညာတည်း ဖြေလိုက်ကြသည်။

ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်ပြီး ထန်ရှု ဆက်ပြောလိုက်သည်။

“ခင်ဗျားတို့ကို ကြိုဆိုတဲ့အနေနဲ့ ဒီညနေ ကျွန်တော် ညစာဧည့်ခံပါမယ်။ ခင်ဗျားတို့ ကြယ်တာရာမှာ အချိန်အတန်ကြာအောင် နေရမဲ့အပြင် ကျွန်တော့်မှာလည်း စီမံခန့်ခွဲဖို့ အချိန်အလုံအလောက် မရှိတော့ ကျွန်တော့်ရဲ့ အထွေထွေမန်နေဂျာအောက်မှာ တာဝန်ထမ်းဆောင်ရလိမ့်မယ်။ သူမက အခြေခံလိုအပ်ချက်တွေ အားလုံးနဲ့ အလုပ်စီစဉ်မှုတွေကို လုပ်ဆောင်ပေးမှာမို့လို့ သူမရဲ့စကားကိုတော့ နားထောင်ပေးဖို့ လိုလိမ့်မယ်”

လုံစားသောက်ခန်းမ…

ထန်ရှုသည် သီးသန့်ခန်းအတွက် ကြိုတင်မှာထားရန် ဖုန်းခေါ်လိုက်သော်လည်း အခန်းလွတ် မကျန်တော့ကြောင်း ဝန်ထမ်းမှ ပြောလာသဖြင့် ရွေးချယ်စရာမရှိတော့ပဲ သူ့အား ကူညီမှာပေးရန်အတွက် ချန်းကျီကျုံးအား ဖုန်းဆက်ရတော့သည်။

သည်နေရာတွင် လူများအား သာမန်လူတန်းစားနှင့် အထက်တန်းစားဟု သေချာပေါက် အတန်းအစား ခွဲခြားထားသည်။ ထန်ရှုသည် ထိုအရာအား များစွာ ဂရုမစိုက်လှပေ။ ယခုအချိန်တွင် သူသည် ဘာမှမရှိသော သူတစ်ယောက် ဖြစ်သော်လည်း နောင်တွင် စွမ်းအားကြီးသူတစ်ယောက် ဖြစ်လာပေလိမ့်မည်။ ကံကြမ္မာဆိုသည်မှာ တစ်နေရာတည်းတွင် ရပ်တန့်နေသည်မဟုတ်ဘဲ အနိမ့်အမြင့် အတက်အကျ ပြောင်းလဲမှုများစွာဖြင့် ဖြစ်ပေါ်နေခြင်းဖြစ်သည်။ နောင်တွင် လုံစားသောက်ခန်းမတွင် သူ လာရောက် စားသောက်သည့်အခါ ထိုသူများသည် သူ့အား အထူးပုဂ္ဂိုလ်အဖြစ် အရေးပေးလာရပေလိမ့်မည်။

ချန်းကျီကျုံးသည် သီးသန့်ခန်းအား ကြိုတင်မှာကြားလိုက်ပြီး ထန်ရှုအား အခန်းနံပါတ် ပြောပြလိုက်သည်။ ထန်ရှုသည် ထိုလူအယောက်၂၀အား အရင်သွားနှင့်ရန် ပြောကြားလိုက်ပြီးနောက် ရေမိုးချိုးကာ အဝတ်အစားလဲလိုက်သည်။ မနေ့ညက ဖော်စပ်ခဲ့သော ကျန်းမာရေးအထောက်အကူပြု ထုတ်ကုန်များအား ပြီးပြည့်စုံအောင် လုပ်ဆောင်ရန်နှင့် ဖော်စပ်နည်း ယူဆောင်လာရန် လိုအပ်သောကြောင့် အတွက်လည်း ဖြစ်သည်။ ခန်းရှနှင့်တွေ့မည့်ညနေတွင် ထိုအရာများနှင့် ထိုလူအယောက်၂၀အား သူမအား ပေးအပ်ရမည်ဖြစ်သည်။

နာရီဝက်ကြာသော်…

ထန်ရှုသည် တောင်တံခါးမြို့အိမ်ရာမှ ထွက်ခွာလာသောအခါ အချို့သောသူများသည် သူ့တွင် အကြည့်များရောက်နေသည်ကို သတိထားမိသည်။ ထိုသူများအား အာရုံမထားဘဲ လုံစားသောက်ခန်းမသို့သာ ကားငှားကာ လာလိုက်သည်။ သီးသန့်ခန်းထဲ့သို့ သူ ဝင်လာသောအခါ ခန်းရှသည် သူ့အား ထူးဆန်းသော အမူအရာဖြင့် ကြိုဆိုနှုတ်ဆက်သည်ကို ကြုံလိုက်ရသည်။

ထိုလူအယောက်၂၀သည် စားပွဲခုံရှည် ကျောက်ရုပ်တုများသဖွယ် ထိုင်ကာ ခန်းရှ၏ထူးဆန်းသော အမူအရာအား ကြည့်နေကြသည်။ ထန်ရှုသည် ပေါ့ပါးစွာ ရယ်လိုက်ကာ

“အာ..ဘာလို့တုန်း။ ဒီလူတွေကို ခင်ဗျား သဘောမကျဘူးလား”

လုပ်ယူထားရသောအပြုံးဖြင့် ခန်းရှ ပြန်ပြောလိုက်သည်။

“ငါ မကျေနပ်တာ မဟုတ်ပါဘူး။ အကျေနပ်လွန်နေတာ။ သူဌေး… ကမ္ဘာ့အကောင်းဆုံး လုံခြုံရေးအဖွဲ့တွေကို ငါ တွေ့ဖူးတယ်။ သူတို့အများစုက နိုင်ငံတကာအထူးတပ်ဖွဲ့တွေက အငြိမ်းစားပင်စင် ယူလာကြတာတွေများတယ်။ သူတို့က စစ်ရေးစွမ်းရည်ကို ကောင်းကောင်းလေ့ကျင့်ထားကြတဲ့ သူတွေအပြင် တစ်ယောက်ချင်း တိုက်ခိုက်ရည်မှာလည်း ထူးချွန်ကြတဲ့သူတွေ။ အလုပ်ရှင်ကို ကာကွယ်စောင့်ရှောက်ရင်း ဘေးရန်ကြုံရင်တောင် သေခြင်းတရားနဲ့ ပြေးတွေ့တဲ့အထိ ရဲရင့်ကြတာ။ ဒါပေမဲ့ သူတို့ကို ဒီလူ၂၀နဲ့ ယှဉ်ကြည့်လိုက်ရင် ဒီလူတွေက ပိုသာမယ်လို့ ထင်ရတယ်”

ထန်ရှုသည် အံ့အားသင့်စွာဖြင့် ပြန်မေးလိုက်သည်။

“ကွာဟချက်ကြီးက ဘာများလဲ”

ခန်းရှ ခေါင်းကို ညိတ်လျက် ဆက်ပြောသည်။

“လုံးဝပဲ။ ငါ သူတို့ကို မိနစ်၂၀ အကဲခတ်ကြည့်ပြီးပြီ။ သူတို့ထိုင်တဲ့နေရာကနေ နည်းနည်းလေးမှ လှုပ်ရှားမှုမရှိဘူး။ မျက်တောင်တောင် တစ်ချက်မခတ်သေးဘူး။ သူတို့ ဒီအခန်းထဲကို လမ်းလျှောက်ဝင်လာတာကိုသာ ငါ မတွေ့ခဲ့ဘူးဆိုရင် ပုံသွင်းရုပ်တုတွေလို့တောင် ငါ ထင်မိလိမ့်မယ်”

ထန်ရှုသည် ထိုလူ၂၀အား သိမ်းကျုံးကြည့်လိုက်ကာ ခပ်ဖွဖွ ပြုံးလိုက်သည်။

“ကိုယ့်လူတို့… ဒီညက ခင်ဗျားတို့ကို ကြိုဆိုဧည့်ခံတဲ့ညစာပါ။ အားလပ်ချိန်လို့ သဘောထားပြီး လွတ်လွတ်လပ်လပ် သုံးဆောင်ကြပါ။ စည်းကမ်းတင်းကျပ်ခံထားရတဲ့ တပည့်တွေလို နေဖို့မလိုဘူး။ ရဲရင့်ပြီး သံမဏိစိတ်ဓာတ်ရှိတဲ့ စစ်သားတွေကို ကျွန်တော် တွေ့ဖူးတယ်။ သူတို့က စစ်မြေပြင်မှာ ရဲစိတ်အပြည့်နဲ့ စည်းကမ်းသေဝပ်စွာ နေထိုင်ပြီး ရန်သူတွေကို အားမာန်အပြည့် သတ်ဖြတ်တယ်။ သူတို့ အားလပ်ချိန်နဲ့ အနားယူချိန်မှာတော့ အားပါးတရ စားသောက်ကြပြီး ပျော်ပျော်ရွှင်ရွှင် နေကြတယ်”

လူအယောက်၂၀၏ မျက်လုံးများ တစ်ချိန်တည်းလိုလို အရောင်လက်သွားသည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြပြီး ခေါင်းတညိတ်ညိတ်ရှိနေသည်။ ထို့နောက် တစ်ပြိုင်နက်တည်း မတ်တတ်ရပ်လိုက်ကြကာ ထန်ရှုအား မျက်နှာမူလျက် လက်သီးဆုပ် အရိုအသေပေးလိုက်ပြီး ပြောလိုက်ကြသည်။

“ကျေးဇူးအထူးတင်ပါတယ်..သူဌေး..”

ထန်ရှုသည် ရယ်မောကာ ပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ် ယန်အာက ငါ့တပည့်မလေးပဲ။ သူမက ခင်ဗျားတို့ကို ကောင်းကောင်း လေ့ကျင့်ပေးထားခဲ့တာပဲ။ အနာဂတ်မှာ ခင်ဗျားတို့ရဲ့ သစ္စာခိုင်မြဲမှုနဲ့ အလုပ်တာဝန်ကျေပွန်မှု အပေါ် ကြည့်ပြီး နောက်ထပ် လမ်းကြောင်းတစ်ခုကို တက်လှမ်းဖို့ ခွင့်ပြုပေးမယ်”

နောက်ထပ် လမ်းကြောင်းလား..

လူအယောက်၂၀၏ခန္ဓာကိုယ်သည် တုန်ခါသွားပြီး အရူးအမူးစွဲလန်းသည့် အမူအရာများ ပေါ်ပေါက်လာသည်။ ဂူယန်အာသည် သူတို့အား ၆နှစ် ၇နှစ်အရွယ်ကတည်းက မွေးစားခဲ့ပြီး အနှစ်၂၀ သို့မဟုတ် အနှစ်၃၀တိုင် သူမကိုယ်တိုင် လေ့ကျင့်သင်ကြားပေးခဲ့သည်။ သူတို့သည် ဂူယန်အာ၏ သစ္စာရှိသော လူယုံများဟုပင် ပြောနိုင်သကဲ့သို့ ထိုနည်းတူစွာ သူတို့သည်လည်း ဂူယန်အာ၏ ပုံရိပ်အားလည်း သတိပြုမိခဲ့ပြီးဖြစ်သည်။

အင်မော်တယ် ကျင့်ကြံခြင်းလမ်းကြောင်း… သည်လမ်းကြောင်းသည် တစ်ယောက်တည်း ဖြည်းဖြည်းနှင့် မှန်မှန် ပြင်းပြင်းထန်ထန် လေ့ကျင့်ရသော လမ်းကြောင်းဖြစ်သည်။

သူတို့သည် မာကျောသော သံမဏိလူသားများအဖြစ် ပုံသွင်းခံထားပြီးဖြစ်သည်။ သူတို့ကလေးဘဝကတည်းပင် မြောက်မြားလှစွာသော တန်ဖိုးတို့အား အသုံးပြုကာ သူတို့အား ပျိုးထောင်ခဲ့ပြီး အေးစက်ပြင်းထန်သော လေ့ကျင့်မှုများဖြင့် လေ့ကျင့်ပေးခဲ့သည်။ သူမသည် သူတို့အား အသက်ရှင်ရမည့်နေရာများ ဖြစ်သော ယှဉ်ပြိုင်ပွဲများ၊ နိုင်ငံရပ်ခြားမှ စစ်မြေပြင်များသို့ စေလွှတ်ခဲ့သည်။ သီးခြားကျွန်းများသို့ပင် စေလွှတ်လျက် စွမ်းအားကြီးသော သားရဲများအား အမဲလိုက်ခြင်း၊ သတ်ဖြတ်ခြင်းတို့ကို ပြုလုပ်စေခဲ့သည်။ သူတို့သည် သတ်ဖြတ်ခြင်းများဖြင့် သွေးစွန်းနေသော လက်များဖြင့် ကာလရှည်ကြာစွာ ကြီးပြင်းလာခဲ့ရသည်ဟု ဆိုပါက မှားအံ့မထင်ချေ။

သူတို့သည် သေရမည်ကို မကြောက်သကဲ့သို့ အထီးကျန်ခြင်း၊ ဇာတ်သိမ်းမလှခြင်းတို့ကိုလည်း မကြောက်ရွံ့ပါချေ။ သူတို့၏ အနာဂတ်လမ်းကြောင်းဆီသို့ သွားရောက်ရန် သူတို့၏ရဲရဲနီသော သွေးများအား အသုံးပြုမည် ဖြစ်သောကြောင့် သူတို့လိုအပ်သည်မှာ စိတ်အားတက်ကြွခြင်း၊ စိတ်ဆန္ဒနှင့် နှိုးဆွခြင်းတို့ပင်ဖြစ်သည်။

အင်မော်တယ်လမ်းကြောင်း…

သည်ဟာသည်သာ သူတို့၏သက်တမ်းအား တိုးမြှင့်ပေးနိုင်ပြီး သူတို့၏ ဘဝနှင့်လောကအား အခန်းသစ်တစ်ခု ဖွင့်ပေးလိမ့်မည်ဖြစ်သည်။ တစ်နေ့တွင် ဂူယန်အာကဲ့သို့ လွတ်လပ်ပေါ့ပါးစွာ ပျံသန်းနိုင်ရမည်ဟုပင် သူတို့ မျှော်လင့်ထားကြသည်။

“ကျေးဇူးတင်ပါတယ် သူဌေး..”

ထိုလူအယောက်၂၀သည် စားပွဲနှင့် ကုလားထိုင်များကို ဖယ်ကာ ဒူးတစ်ဖက်ထောက်လိုက်ပြီး လက်သီးများဆုပ်ကာ သန်မာခိုင်ကြည်သောအသံဖြင့် အော်ဟစ်လိုက်သည်။ အတွေ့အကြုံ ရင့်ကျက်သော ခန်းရှပင်လျှင် ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ တုန်လှုပ်သွားလျက် သတိလွတ်သွားမိတော့သည်။ ထိုလူအယောက်၂၀သည် လုံခြုံရေးအဖွဲ့များနှင့် မတူတော့ပဲ ထန်ရှုလေ့ကျင့်ပေးထားသော သန်မာသည့် သံမဏိသွေးသားတို့ဖြင့် ဖွဲ့စည်းထားသည့် ကိုယ်ပိုင်စစ်သားများပင် ဖြစ်နေဟန်တူသည်။

“ဘာဖြစ်လို့လဲ။ အစားအသောက်တွေ စီစဉ်ထားတယ်မဟုတ်လား” ထန်ရှုသည် ငေးကြောင်ကြောင်ဖြစ်ကာ အသိလွတ်နေသကဲ့သို့ရှိသော ခန်းရှအား အပြုံးဖြင့် မေးလိုက်သည်။

ခန်းရှသည် အိပ်မက်မှ နိုးလာသူတစ်ယောက်ကဲ့သို့ ဖြစ်နေပြီး အယောင်ယောင်အမှားမှား တုံ့ပြန်လိုက်သည်။

“အာ.. ကောင်းပြီ။ အားလုံးအေးဆေးပေါ့။ အာ… မဟုတ်သေးပါဘူး။ ငါ အားလုံး စီစဉ်ထားပြီးသားပါ။ လုံစားသောက်ခန်းမက အကောင်းဆုံး အစားအစာနဲ့ ဝိုင်ကို မှာထားပြီးသား။ မကြာမီ လာချတော့မယ်”

ထန်ရှုသည် ရယ်မောလိုက်ပြီး

“ကဲ… အားလုံး ထိုင်ကြစို့ရဲ့။ ဒီနေ့မှာ ကိုယ့်ကိုကိုယ် ထိန်းချုပ်မထားဘဲ ကောင်းကောင်း အပန်းဖြေပါ။ ပြီးတော့ ကောင်းကောင်းစားသောက်ပါ။ နောက်နေ့တွေက အလုပ်များတဲ့ရက်တွေ ဖြစ်လာလိမ့်မယ်”

၂နာရီကြာသည့်တိုင်…

ထန်ရှုနှင့်ခန်းရှတို့သည် ထိုလူအယောက်၂၀နှင့်အတူ ပျော်ပျော်ရွှင်ရွှင် စားသောက်နေကြသည်။ အရက်ပုလင်း၄၀ ကုန်သွားသော်လည်း ထိုသူများသည် မျက်နှာသာ နီရဲပြီး မမူးကြသောကြောင့် ထန်ရှု တိတ်တဆိတ် ကျေနပ်သွားရသည်။ ထိုလူများသည် သောက်နိုင်စားနိုင်သော လူကောင်းများ ဖြစ်ကြပေသည်။

သို့သော်လည်း….

လုံစားသောက်ခန်းမမှ ထွက်ခွာလာတော့မည့် ဆဲဆဲတွင် ခန်းရှသည် ကျသင့်ငွေ ရှင်းပြီးနောက် မပျော်ရွှင်သော အမူအရာဖြင့် ပြန်လာသည်။ ထန်ရှုတောင်းဆိုသောကြောင့် ပြုလုပ်ပေးခဲ့သော  ညစာစားပွဲ ကုန်ကျစရိတ်သည် ယွမ်၂မီလီယံ ကျသင့်ခဲ့ပေသည်။ ခမ်းနားသော ထန်လုပ်ငန်းစုသည် လက်ရှိတွင် အမှန်တကယ်ကို ငွေကြေးပြတ်လပ်နေပြီ ဖြစ်သည်။ ငွေကြေးအမြောက်အမြား မြင်ဖူးသော ခန်းရှသည်ပင် ထိုကဲ့သို့ ငွေအမြောက်အမြား သုံးလိုက်ရသောကြောင့် နာကျင်မိရလေသည်။

လုံစားသောက်ခန်းမ၏ အရှေ့တံခါးအနီးနားတွင်…

ကျူးထျန်းချန်းသည် သူ၏ ညီအစ်ကို၄ယောက်နှင့်အတူ လုံစားသောက်ခန်းမ၏ အဝင်အထွက် ဧည့်သည်စာရင်းအား တိတ်တဆိတ် ကြည့်နေသည်။ လက်နက်များကို ဖုံးကွယ် ပိုင်ဆိုင်ထားသည့် ဒါဇင်များစွာသော လူမိုက်များသည် သူတို့အနားပတ်ဝန်းကျင်တွင် ရှိနေသည်။ သူ၏ဇနီးလောင်းနှင့် ယောက်ဖလောင်းအား ရိုက်လိုက်ခြင်းသည် သူ၏ပါးအား ရိုက်လိုက်ခြင်းပင် ဖြစ်သည်ကို သံသယဖြစ်စရာ မလိုပေ။ သူ၏ရင်ထဲတွင် ထိုလူရမ်းကားအား မည်သို့မျှ ခွင့်လွှတ်နိုင်မည်မဟုတ်ဘဲ ဒေါသများဖြင့် ပြည့်နေသည်။

“အစ်ကိုကြီး… ဒီကောင် ဝင်သွားတာ ၂နာရီလောက်တော့ ရှိရော့မယ်။ သူတို့ ဖြည်းဖြည်းလေး စားတယ်ဆိုရင်တောင်မှ မကြာခင် ပြီးလိမ့်မယ်။ ငါတို့ညီအစ်ကိုတွေက ဒီမှာ အဆင်သင့်ပဲ။ သူထွက်လာတာနဲ့ ချက်ချင်း လှုပ်ရှားလို့ရတယ်။ ငါတို့ဆရာရဲ့ အနာဂတ်ခယ်မလေးကို သူ ရိုက်ရဲမှတော့ သူ တကယ် အသက်မရှင်ချင်တော့ဘူး ထင်တယ်” မျောက်မျက်နှာနှင့် သက်လတ်ပိုင်းလူမှ သူ၏မေးစေ့အား ပွတ်ကာ ပြောလိုက်သည်။

ကျူးထျန်းချန်းသည် အေးစက်စွာဖြင့်

“ငါတို့ သူ့ကို ဖမ်းရမယ်။ ဒါပေမဲ့ လုံစားသောက်ခန်းမရှေ့မှာတော့ မဟုတ်ဘူး။ ဒီနားက လူစည်တယ်။ ငါတို့ သူ့ကို တစ်ခုခု လှုပ်ရှားတာနဲ့ ပြဿနာဖြစ်နိုင်ပြီး ရဲတွေတောင် ရောက်လာနိုင်တယ်။ ဒီကနော သူ့နောက်ကို လိုက်ပြီး လူနည်းတဲ့နေရာ ရောက်တဲ့အထိ စောင့်ကြတာပေါ့။ အဲဒီနေရာရောက်တာနဲ့ ဒီကောင့်ကို နွှာပြီပဲ”

မျောက်မျက်နှာနှင့်လူသည် ခေါင်းညိတ်လျက်

“ကောင်းပြီ။ အစ်ကိုကြီး ပြောတဲ့အတိုင်း လုပ်ကြတာပေါ့။ ဒီနေ့မှာ အဲဒီကောင်ကို မဆုံးမလိုက်ရရင် ငါပြန်သွားရင်တောင် အိပ်လို့ပျော်မှာ မဟုတ်ဘူး”

သည်အချိန်တွင်…

ထန်ရှုနှင့် ခန်းရှသည် လုံစားသောက်ခန်းမမှ ဘေးချင်းယှဉ်လျက် ထွက်လာသည်။

“ခင်ဗျား သူတို့နဲ့ လိုက်မသွားဘူးလား”

ထန်ရှုသည် ခန်းရှအား  အံ့အားသင့်စွာ ကြည့်လိုက်သည်။ ထိုလူအယောက်၂၀သည် မြေအောက်ကားရပ်နားရာ နေရာသို့ ထွက်သွားနှင့်ကြသည်ဖြစ်ပြီး ခန်းရှသည် အမှန်တကယ်ပင် သူ့နောက်သို့ လိုက်ပါလာခြင်းဖြစ်သည်။

ခန်းရှသည် ပြုံးလျက်

“သူဌေးမှ မသွားသေးတာ။ ငါက ဘယ်လိုလုပ်ပြီး ထွက်သွားရမှာလဲ”

တစ်စက္ကန့်မျှ အံ့အားသင့်သွားပြီးနောက် ထန်ရှုသည် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“အာ… ကျွန်တော့်ကို တစ်ခုခု မေးချင်နေတာ မဟုတ်လား။ ဒီလိုဆိုမှဖြင့် မေးပါ။ ကျွန်တော် ဖြေပါမယ်”

သူမ၏လက်မလေးအား ထောင်ပြလျက် ခန်းရှသည် ချစ်ခင်လေးစားစွာဖြင့် ပြောလိုက်သည်။

“နင်ကတော့ တကယ့်ကို သူဌေးပီသပါပေတယ်။ ငါ့ရဲ့စိတ်ကိုတောင်မှ ဖတ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ငါ တစ်ခုလောက်တော့ မေးချင်တယ်။ နင် ဒီလူအယောက်၂၀ကို ဘယ်က ရလာတာလဲ။ သူတို့က ကြေးစားစစ်သားတွေ မဟုတ်ဘူးမဟုတ်လား။ ငါတို့ညစာ စားတုန်းက ကျုံးတိုက်ယွီရဲ့လက်မောင်းမှာ သေနတ်ဒဏ်ရာတွေကို မထင်မှတ်ပဲ ငါ တွေ့လိုက်တယ်။ သူ့မှာ ဓားဒဏ်ရာတွေလည်း ရှိတယ်”

ကျုံးတိုက်ယွီ… သူသည် သည်လူအယောက်၂၀၏ ခေါင်းဆောင်ဖြစ်ပြီး ဗလတောင့်တောင့်နှင့် သန်မာထွားကျိုင်းကာ အတော်လည်း သောက်နိုင်သူဖြစ်သည်။

ထန်ရှုသည် ခေါင်းကို ယမ်းလျက် ပြောလိုက်သည်။

“သူတို့မူလအစကို ကျွန်တော် မသိသလို သူတို့ကို အရင်ကလည်း မသိဘူး။ ဒါပေမဲ့ ကျွန်တော် အယုံကြည်ရဆုံးသူက သူတို့ကို လေ့ကျင့်ပေးခဲ့အတွက် သူတို့ကို ကျွန်တော် ယုံတယ်။ နောင်ကို သူတို့တွေက ခင်ဗျားနောက် လိုက်ကြလိမ့်မယ်။ သူတို့ကို ကောင်းမွန်စွာ ဆက်ဆံရမှာဖြစ်သလို ခင်ဗျားအတွက် အယုံကြည်ရဆုံးသူတွေ အဖြစ် ရှိနေကြလိမ့်မယ်။ ကျွန်တော့်ကို ယုံပါ။ သူတို့ အရမ်းသန်မာကြတယ်။ ခင်ဗျား သူတို့ကို အစောင့်အရှောက်အဖြစ် ထားခဲ့ရင် သူတို့က ချောင်းမြောင်း သတ်ဖြတ်သူတွေထက်တောင် ပိုပြီးသန်မာလိမ့်မယ်”

အံ့အားသင့်သော အမူအရာဖြင့် ခန်းရှ ပြောလိုက်သည်။

“နင် ဆိုလိုတာက သူတို့က လူအများကြီးရဲ့ သွေးတွေကို မြင်ဖူးတယ်လို့ ပြောချင်တာလား”

“သူတို့က သွေးကို မြင်ဖူးရုံတင်မကဘူး သွေးပင်လယ်ကို ဖြတ်ပြီး လူသေအလောင်း အထပ်ထပ်ကိုတောင် ဖြတ်ကျော်ဖူးလိမ့်မယ်။ သေချာတာတော့ သူတို့ အနည်းဆုံး တစ်ဒါဇင်မက လူတွေကို သတ်ခဲ့ပြီးလောက်ပြီ။ ကျွန်တော်ပြောသမျှ အရာရာတိုင်းကို ခင်ဗျားရင်ထဲမှာပဲ သိမ်းထားပါ။ ဘယ်သူမှ လျှောက်မပြောပါနဲ့”

“သူတို့…” ခန်းရှသည် ဖြောင့်မတ်တည်ကြည်သော စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်သာ ဖြစ်သောကြောင့် ထန်ရှု၏စကားများသည် သူမအား ရုတ်တရက် ကြောက်ရွံ့တုန်လှုပ်စေသည်။

ထန်ရှု ပြောလိုက်သည်။

“ခန်းရှ… သူတို့ရဲ့အတိတ်ကို ခင်ဗျား စိတ်မဝင်စားပါနဲ့။ အခုအချိန်မှာ သူတို့တွေက လုံခြုံရေးတွေဆိုတာ သတိရပေးပါ။ ခင်ဗျား သူတို့ကို ခင်ဗျားရဲ့ ယုံကြည်စိတ်ချရတဲ့သူတွေ အဖြစ် သတ်မှတ်နိုင်တယ်။

*****

All Chapters