← Chapters

ပြဇာတ်ကောင်းတစ်ပုဒ်

Vol. 04 Ch. 152

ပြဇာတ်ကောင်းတစ်ပုဒ်

Vol. 04 Ch. 152

သူတို့ စကားပြောနေစဉ်တွင် ထန်ရှု၏အမူအရာ ပြောင်းလဲသွားသည်။ ဘေးပတ်ပတ်လည်မှ သူ့အား မကောင်းစိတ်ဖြင့် ကြည့်နေကြသော မျက်လုံးတို့အား သူ သိသိသာသာပင် သတိထားမိသည်။

“ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ”

ချက်ချင်းဆိုသလိုပင် သူ၏ စိတ်ဝိညာဉ်အာရုံအား ဘေးပတ်ဝန်းကျင် မီတာ၂၀၀အား ခြုံငုံမိအောင် ဖြန့်ကြက်လိုက်သည်။ လူအများအပြားသည် အမှန်တကယ်ပင် သူ့အား စိုက်ကြည့်နေကြောင်း ခံစားမိသောကြောင့် သူ၏မျက်ခုံးအစုံတို့ တွန့်ချိုးသွားရသည်။ ဓားများ၊ တုတ်များအား ဝှက်ကာ သယ်ဆောင်ထားသည့် အယောက်၃၀ထက် မနည်းသော လူမိုက်များ ဖြစ်ကြသည်။

တစ်ခဏ ထန်ရှု ငြိမ်သက်သွားသည်။ ထို့နောက် သူ ရုတ်တရက် ပြောလိုက်သည်။

“ခန်းရှ… ခင်ဗျား သွားစရာရှိသေးလား”

ခန်းရှသည် ခေါင်းကိုယမ်းလျက်

“တစ်နေ့လုံး အလုပ်တွေ များနေခဲ့တာလေ။ ငါက သံမဏိအမျိုးသမီး မဟုတ်တော့ ပုံမှန်ဆိုရင် အိမ်ပြန်ပြီး အိပ်တော့မှာ။ ဘာဖြစ်လို့လဲ။ စိတ်ထဲတစ်ခုခု ရှိနေလို့လား”

“ကျွန်တော့်နောက်ကို လိုက်ခဲ့ဖို့ စိတ်ဝင်စားရင် ပြဇာတ်ကောင်းတစ်ပုဒ် ကြည့်ရလိမ့်မယ် လိုက်မလား”

ပြဇာတ်ကောင်း တစ်ပုဒ်လား…

မျက်ခုံးအစုံတို့ မြင့်တက်လျက် ခန်းရှ ပြန်မေးလိုက်သည်။

“ဘယ်လို ပြဇာတ်ကောင်းမျိုးလဲ”

တည်ငြိမ်အေးဆေးသော အသံဖြင့် ထန်ရှုမှ

“ခင်ဗျားကိုယ်တိုင် တွေ့ရလိမ့်မယ်။ မလိုက်ချင်ဘူးဆိုရင် အခုပြန်နိုင်ပါတယ်။ လိုက်မယ်ဆိုရင်တော့ ကျွန်တော့်နောက်က အသာလိုက်လာခဲ့”

“လိုက်ခဲ့မယ်” ခန်းရှ ခေါင်းညိတ်လိုက်သည်။

၁၀မိနစ်ဝန်းကျင်ခန့် ကြာပြီးနောက် ထန်ရှုနှင့် ခန်းရှသည် လူအလာနည်းသော ပန်းခြံဘေးသို့ ရောက်ရှိလာကြသည်။ လရိပ်သည် နွေအပူရှိန်ကြောင့် တလျှပ်လျှပ်နှင့် လှုပ်ခါနေကာ ကနေသကဲ့သို့ ရှိသည်။

ထို့နောက် ထန်ရှုသည် မြင့်မားသော သစ်ပင်ကြီး တစ်ပင်အောက်တွင် ရပ်လိုက်သည်။

ဇဝေဇဝါဟန်ဖြင့် ခန်းရှ ပြောလိုက်သည်။

“သူဌေး…ငါ့ကို ဘာအတွက် ဒီနေရာ ခေါ်လာတာလဲ”

ထန်ရှု၏မျက်နှာတွင် အပြုံးဖျော့ဖျော့တစ်ခု ဖြစ်တည်လာသည်။ သူ၏စိတ်ဝိညာဉ်အာရုံဖြင့် အဆိုပါလူများသည် လျင်မြန်စွာ စုဝေးလာပြီး သူ၏နေရာအား ဦးတည်ထားသည်ကို သူ မြင်နိုင်ပေသည်။ ထို့နောက် သူသည် ကျယ်လောင်သောအသံဖြင့်

“ဟေ့လူတွေ… ရောက်လာမှတော့ ထွက်ခဲ့ကြတော့လေဗျာ။ ဒီနေရာမှာ ကျွန်တော်တို့၂ယောက်တည်း ရှိနေတာကို ပုန်းဖို့လိုနေသေးလို့လား”

“သောက်ရူးကောင်…”

သူ၏ နောက်လိုက်၄ယောက်အား ဦးဆောင်လျက် ကျူးထျန်းချန်းသည် ထန်ရှုနှင့် ခန်းရှရှေ့တွင် ပေါ်လာသည်။ သူတို့အနားတွင် လူမိုက်အယောက်၃၀သည် တုတ်များ၊ ဓားများကိုင်ဆွဲကာ ထန်ရှုတို့၂ယောက်အား ဝိုင်းထားသည်။

အေးစက်ကာ သီးခြားဖြစ်တည်သော အမူအရာဖြင့် ထန်ရှုသည် ကျူးထျန်းချန်းအား ကြည့်လိုက်ပြီး သူ၏ဖုန်းအား ထုတ်ကာ ဆက်လိုက်သည်။

“ခင်ဗျားတို့ ဘယ်မှာလဲ”

“ဒီနားတစ်ဝိုက်မှာပဲ” ကျုံးတိုက်ယွီ၏ အသံအေးစက်စက်သည် ဖုန်းထဲမှ ထွက်ပေါ်လာသည်။

“သည်နေရာကို ချက်ချင်းလာပြီး ဒီကောင်တွေကို ဝိုင်းထားလိုက်၊ ဒီည ရန်လာစတဲ့သူတွေထဲက သွေးမထွက်ဘဲ ထွက်သွားနိုင်တဲ့သူ မရှိစေရဘူး” ထန်ရှု အမိန့်ပေးလိုက်သည်။

“နားလည်ပြီ”

ဖုန်းချလိုက်သည်နှင့် ထန်ရှု၏ လူအယောက်၂၀သည် ငယ်ရွယ်သော လူမိုက်များ၏နောက်တွင် တိတ်တဆိတ် ချဉ်းကပ်လာခဲ့သည်။ ထိုသူတို့၏ အမူအရာများသည် အေးစက်မှုန်တင်းနေသည်။ သို့သော် ထန်ရှုမှ အမိန့်မပေးသေးသောကြောင့် သူတို့ တစ်စုံတစ်ရာ လှုပ်ရှားမှု မပြုလုပ်ကြသေးချေ။

“ဟမ်…”

ကျူးထျန်းချန်း၏အမူအရာ ပြောင်းလဲသွားသည်။ သူ၏ဘေးတွင် ရှိသော တပည့်၄ယောက်၏ အမူအရာများသည်လည်း အံ့အားသင့်သော အမူအရာများ ဖြစ်သွားကြသည်။ ထန်ရှုသည် သူတို့၏အစီအစဉ်အား ပြောင်းပြန် ပြန်လုပ်ကာ သူတို့အား ပြန်လည်ဝိုင်းထားလိမ့်မည်ဟု မထင်ထားခဲ့မိကြချေ။ ထိုလူမိုက်ငယ်၃၀ယောက် သည်လည်း အကြီးအကျယ် မျက်နှာပျက်သွားကြသည်။ သူတို့သည် အားနည်းသောသူများအား အနိုင်ကျင့်ရသည်ကို အမြဲတစေ နှစ်သက်သောသူများဖြစ်သည်။ သို့သော် ယခု ထိုသန်မာထွားကြိုင်းသော လူအယောက်၂၀သည် ရုတ်တရက် ပေါ်လာပြီး ထိုသူများသည် သူတို့၏လူများ မဟုတ်သည်မှာ သိသာထင်ရှားသည်။

ကျူးထျန်းချန်းနှင့် သူ၏အဖွဲ့အား ကြည့်ကာ ထန်ရှုသည အပြုံးဖြင့် ပြောလိုက်သည်။

“မင်းတို့ ဘယ်သူလဲ ဘာလဲ ငါ မသိဘူး။ မင်းတို့နောက်ခံ ဘာရှိလဲဆိုတာလည်း ငါ စိတ်မဝင်စားဘူး။ တစ်ခုပဲ မေးချင်တယ်။ မင်းတို့ ဖြေရင် မင်းတို့ရဲ့ကံကြမ္မာ လူတိုင်းထက် ၁၀ဆပိုကောင်းစေရမယ်လို့ ငါ အာမခံတယ်”

ကျူးထျန်းချန်း၏ မျက်ဝန်းများထဲတွင် လှောင်ပြောင်ရိပ်သန်းသွားပြီး ပြောလိုက်သည်။

“မင်းက ထန်ရှု မဟုတ်လား။ ငါ ရထားတဲ့သတင်းတွေအတိုင်း မင်းက တကယ်ကို စိတ်ကြီးဝင်ပြီး စည်းလွတ်ဝါးလွတ် ဖြစ်နေတာပဲ။ မင်းရဲ့ ကွန်ဖူးပညာလေးကို အမှီပြုပြီး မင်းက လူတိုင်းထက် ပိုမြင့်မားတယ်လို့ ထင်နေတယ်ပေါ့။ ငါတို့ရဲ့ရှေ့မှာ ဘဝင်မြင့်နိုင်ဦးမယ်လို့ မင်းက ထင်နေတာလား။ ငအတစ်ယောက်ပဲ။ မြင့်မြတ်တဲ့ နဂါးသိုင်းသင်တန်းကျောင်းက ငါတို့တွေသာ သူများကို အမြဲ အနိုင်ကျင့်နေတာ။ သူများက ငါတို့ကို လာလုပ်လို့မရဘူး”

ထန်ရှု မျက်မှောင်ကြုတ်သွားသည်။ ထိုကျောင်းမှ လူများသည် သူ့အား မနှစ်သက်ကြခြင်းကို တွေ့ရှိရသည်။  နောက်ဆုံးအကြိမ်သည် ဖေးကျင်းနှင့် သူ၏နောက်လိုက်များ ဖြစ်သည်။ သည်တစ်ကြိမ်တွင်လည်း ထိုကျောင်းမှ အခြားလူများ ထပ်ဖြစ်နေပြန်သည်။

“ငါ့နောက်လိုက်နေရခြင်း အကြောင်း ပြောစမ်းပါဦး” ထန်ရှု တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

ခပ်ကြမ်းကြမ်း ရယ်မောသံနှင့်အတူ ကျူးထျန်းချန်း ပြောလိုက်သည်။

“ဘာလဲ။ ငါတို့က မြင့်မြတ်တဲ့ နဂါးသိုင်းသင်တန်းကျောင်းက ဆိုတာနဲ့ စိတ်လှုပ်ရှားသွားပြီလား။ မင်းဖေဖေငါက ပြောပြရမှာပေါ့။ မင်းက ငါ့ကောင်မလေးကို ရိုက်ရဲတယ်ပေါ့။ ဒါ မင်းရဲ့ကံကြမ္မာကို အလွန်အမင်း ဇာတ်သိမ်းမကောင်းဖို့ ဖန်တီးလိုက်တာပဲ။ မင်း လူဘယ်လောက်ခေါ်လာလဲ ငါ ဂရုမစိုက်ဘူး။ ငါ့မျက်လုံးထဲမှာတော့ သူတို့က အမှိုက်သာသာပဲ”

“မင်းကောင်မလေးက ဘယ်သူလဲ”

အေးစက်စက် နှာမှုတ်လိုက်ပြီး ကျူးထျန်းချန်း ပြန်ပြောလိုက်သည်။

“ကျန်းသဲကျင်.. သူမအကြောင်း ဘာမှမသိဘူးလို့ မင်း ငါ့ကို လာမပြောနဲ့”

ထန်ရှုသည် ရုတ်တရက် ပြုံးလိုက်ပြီး ပြောလိုက်သည်။

“ကြည့်ရတာ သူမက မင်းကို ရှာပြီး လက်စားချေပေးဖို့ တောင်းဆိုတယ်နဲ့တူတယ်။ ဒီမောင်နှမက ကောင်းတာမရှိဘူး။ မင်းလည်း အတူတူပဲလို့ ငါ ပြောနိုင်တယ်။ မင်းက အမှိုက်တစ်ခုပဲဆိုတော့ ငါ ရှင်းလင်းရလိမ့်မယ်။ ဟိုမောင်နှမကိုလည်း ငါ ရှင်းမယ်”

ထိုသို့ ပြောပြီးသည်နှင့် ကြောက်ရွံ့စိတ် တုန်လှုပ်စိတ်တို့ တစိုးတစိမျှ ရှိမနေသော ခန်းရှဘက်သို့ လှည့်ကာ အပြုံးဖြင့် မေးလိုက်သည်။

“ပြောပါဦး။ ဒီလူတွေကို ကစားစေချင်လား။ ကျွန်တော်ကိုယ်တိုင် သရုပ်ဆောင်သင့်သလား”

“ဒီလူအများကြီးကို နင်နိုင်လား” ခန်းရှ မေးလိုက်သည်။

ထန်ရှု ခေါင်းညိတ်ကာ ပြုံးလိုက်သည်။

“ကျွန်တော် ခင်ဗျားကို ပြမယ်။ ဒီနားမှာ ရပ်နေပြီး လှုပ်လှုပ်ရှားရှား မလုပ်နဲ့။ ဒီနေ့ ဒီပြဇာတ်ကို ဘယ်လို သရုပ်ဖော်မလဲဆိုတာ ကြည့်နေ”

သူ၏စကားဆုံးသည်နှင့် ထန်ရှုသည် ချက်ချင်း ရှေ့ကို ပြေးထွက်သွားရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျူးထျန်းချန်းနှင့် သူ၏ ညီအစ်ကို၄ယောက်အနား ၇မီတာ ၈မီတာအကွာသို့ ရောက်လာသည်။ သူ၏ လက်သီးထိုးနှက်ချက်များသည် ကျည်ဆံများ ပစ်ခတ်လိုက်သည့်အလား ထူးဆန်းစွာ ဆက်တိုက်ထွက်ပေါ်လာပြီး ကျူးထျန်းချန်း၏ ဝဲဘက်အောက်နံရိုးအား ထိခိုက်သွားစေသည်။ သို့သော် သူသည် တစ်ခဏမျှ ရပ်တန့်ခြင်းမရှိဘဲ အနားရှိနောက်တစ်ယောက်၏ ညာဘက်အောက်နံရိုးအား ဆက်တိုက်ထိုးနှက်လိုက်သည်။

“အား…”

နာကျင်လှသဖြင့် သည်းထန်စွာ အော်ဟစ်လိုက်သောအသံသည် ကျူးထျန်းချန်းနှင့် ထိုလူ၏နှုတ်ဖျားဆီမှ ထွက်ပေါ်လာခဲ့တော့သည်။

“လွှတ်လိုက်စမ်း..”

သက်လတ်ပိုင်း လူတစ်ယောက်သည် ထန်ရှု၏ခြေကန်ချက်မှာ သူ့အား ထိမှန်တော့မည့်ဆဲဆဲ ဖြစ်နေသောကြောင့် ထိုခြေကန်ချက်အား တွန်းလှန်ရန် သူ၏လက်များအား ချက်ချင်း မြှောက်လိုက်သည်။ သို့သော် သူ၏ပခုံးရိုးကျိုးသံကိုသာ ရှင်းရှင်းလင်းလင်း ကြားလိုက်ရပြီး မြေပေါ်သို့ ချက်ချင်း လဲကျသွားတော့သည်။

“ဘန်း…ဘန်း…”

ထန်ရှု၏မျက်နှာထက်တွင် အေးစက်ပြီး တင်းမာနေသောအပြုံးသည် တွဲလွဲခိုလျက်ရှိသည်။ သူ၏လှုပ်ရှားမှုများသည် ညှာတာမှုအလျဉ်းမရှိ ပြင်းထန်လှသည်။ သည်လူ၅ယောက်သည် မြင့်မြတ်သည့်နဂါးသိုင်း သင်တန်းကျောင်းမှ သင်တန်းဆရာများဖြစ်သည်။ သို့သော် အသက် လေး၊ ငါးရှိုက်အတွင်း ထိုသူများအား ထန်ရှု လှဲသိပ်ခဲ့ပြီဖြစ်သည်။ သူ၏လှုပ်ရှားမှုများသည် ရွေ့လျားနေသော တိမ်တိုက်များနှင့် စီးဆင်းနေသော ရေကဲ့သို့ အချုပ်အနှောင် အတားအဆီးမရှိ လွပ်လပ်ချောမွေ့နေပြီး ရန်သူများအား ပြင်းထန်ဆိုးရွားသွာ ထိခိုက်နာကျင်မှုများ ဖြစ်ပေါ်စေပေသည်။ ထန်ရှု၏လှုပ်ရှားမှုအား ကြည့်ရင်း သူ၏သန်မာလှသော လူအယောက်၂၀၏အမူအရာသည် အနည်းငယ် ပြောင်းလဲသွားရသည်။

“ဒီနေ့အတွက်တော့ ဒီလောက်ပဲ”

ထန်ရှုသည် သူ၏လက်များအား ပွတ်သပ်လိုက်ပြီး ခန်းရှအား ကြည့်ကာ မေးလိုက်သည်။

“ဘယ်လိုလဲ။ ကျွန်တော် သရုပ်ဆောင်တာမှ ကောင်းရဲ့လား”

တောက်ပသော အရိပ်အယောင်တစ်ခု ခန်းရှ၏မျက်ဝန်းများထဲတွင် လက်ခနဲဖြစ်သွားခဲ့ပြီး သူမသည် လက်မထောင်ပြလိုက်ကာ လေးစားဟန်ဖြင့် ပြောလိုက်သည်။

“ကောင်းတာပေါ့။ ရုပ်ရှင်ထဲက နိုင်ငံခြားလက်ဝှေ့သမားတွေ တိုက်ခိုက်ရေးသမားတွေထဲ တောင်မှ နင့်လောက် စွမ်းအားရှိတဲ့သူ ငါ တစ်ခါမှ မမြင်ဖူးသေးဘူး။ နင့်ကို မီတဲ့သူတစ်ယောက်မှ မရှိဘူးလို့တောင် ငါ ပြောနိုင်တယ်။ နင် သူတို့ကို ရိုက်လိုက်တဲ့အချိန်မှ ပြသွားတဲ့ တချို့ပုံရိပ်ယောင်တွေ အချို့ကိုတောင်မှ ငါ ရလိုက်တယ်”

ထန်ရှုသည် တမင်တကာ လုပ်ယူထားသောရယ်သံဖြင့်

“ဘယ်လောက်တောင် စကားပြောကောင်းလိုက်လဲ။ အဲဒါကြောင့် စီးပွားရေးလောကမှာ ခင်ဗျားလောက် ထူးချွန်တဲ့သူမရှိဘူးလို့ ပြောကြတာ အံ့သြစရာမရှိတော့ဘူး”

ခန်းရှသည် ခပ်ဖွဖွ ပြုံးလိုက်ပြီး

“သူဌေးက ချီးမွန်းလွန်းနေပါပြီ။ ဒါနဲ့ ဒီအကြောင်းအရာ အားလုံးက ဘာလဲ။ သူတို့ ပြောတာတော့ နင်က သူ့ကောင်မလေးကို ရိုက်လိုက်လို့ နင့်ကို လက်စားချေဖို့ ရှာတာဆို”

ထန်ရှုသည် ခပ်ပေါ့ပေ့ါပင် ပြောလိုက်သည်။

“အဲဒီလူတွေနဲ့ ကျွန်တော် အရင်တုန်းက ပြဿနာမရှိပါဘူး။ ဒါပေမဲ့ အဲဒီအမျိုးသမီးရဲ့မောင်လေးက အရမ်း မောက်မာလို့ ကျွန်တော်က သင်ခန်းစာ အနည်းငယ် ပေးလိုက်တာကို သူက တေးထားတယ်။ အဲဒီအမျိုးသမီးက လုံကျန့်ယုနဲ့ လောင်းကစားလုပ်တုန်းက ကျွန်တော်က လုံကျန့်ယုကို ကစားပွဲနိုင်အောင် ကူညီခဲ့တယ်။ အဲဒါကြောင့် ပြီးခဲ့တဲ့နှစ်ရက်က သူတို့နဲ့ ထပ်တွေ့တော့ ကျွန်တော့်ကို ပေါက်တတ်ကရတွေပြောတာနဲ့ သူမကို ရိုက်ခဲ့တာ။ တခြားသူကို အကူအညီတောင်းပြီး တုံ့ပြန်မယ်လို့ မထင်ထားခဲ့မိဘူး”

ခန်းရှ ရုတ်တရက် ပြောလိုက်သည်။

“သူဌေး… အနည်းနဲ့အများတော့ နင့်ရဲ့အကျင့်စရိုက်ကို ငါ သိပါတယ်။ နင်က စပြီးတော့ သူများကို ပုတ်ခတ်မဲ့သူတော့ မဟုတ်ပါဘူး။ အဲဒါကြောင့် အဲဒီအမျိုးသမီးရဲ့နှုတ်က ထွက်လာတဲ့ စကားတွေက သာမန်ပုတ်ခတ်တဲ့စကားတွေ မဟုတ်လောက်ဘူးလို့ ငါ ပြောနိုင်တယ်”

ထန်ရှုသည် ပြုံးလိုက်ပြီး လူအယောက်၂၀မှသည် အကြီးအကျယ် အမူအရာပျက်နေသော လူမိုက်ငယ်အယောက်၃၀သို့ ကြည့်လိုက်ပြီးနောက် လေးနက်သောအသံဖြင့် အော်လိုက်သည်။

“သူတို့ကို ရိုက်ပြီး လှဲသိပ်လိုက်။ ခြေထောက်တွေ ချိုးဖို့လည်း မမေ့နဲ့ဦး။ ဒီကောင်တွေက ငယ်ပေမဲ့ ဆရာသမားကောင်းဆီမှာ မသင်ခဲ့ရတော့ သာမန်လူတွေကို နောက်ထပ်အနိုင်မကျင့်ဖို့ ကာကွယ်ရမယ်”

“ဟုတ် သူဌေး”

သန်မာထွားကြိုင်းသော အယောက်၂၀၏အသံသည် တစ်သံတည်း ထွက်လာကြပြီး လူမိုက်ငယ်များဆီသို့ မုန်တိုင်းတိုက်သည့်နှယ် ပြေးဝင်သွားသည်မှာ ကျားများနှင့် ဝံပုလွေများအလားပင် ဖြစ်သည်။ ထိုလူများ၏ တိုက်ခိုက်မှုသည် တစ်ချိန်တည်းမှာပင် မြန်ဆန်သည်၊ ရက်စက်သည်၊ တိကျသည်၊ ပြင်းထန်သည်။ တစ်မိနစ်ပင် မကြာလိုက်ပဲ ထိုအနိုင်ကျင့်တတ်သည့် ငမိုက်သားအယောက်၃၀သည် အလဲလဲအပြိုပြို ဖြစ်ကုန်ကာ ခြေထောက်တစ်ဖက်စီ ဆုံးရှုံးသွားရပြီဖြစ်သည်။

ထန်ရှုသည် နာကျင်လှသဖြင့် အော်ညည်းနေကြသော ထိုငမိုက်သားလူငယ်၃၀အား ကြည့်လိုက်သည်။ ထို့နောက် သူ၏တိုက်ခိုက်မှုကြောင့် ခွေးသေတစ်ကောင်ကဲ့သို့ ဖြစ်နေသော ကျူးထျန်းချန်းအား ကြည့်လိုက်ပြန်သည်။ ထို့နောက် သူသည် လေးနက်သောအသံဖြင့်

“အဲဒီ၅ယောက်ကို သယ်ပြီး ကျွန်တော့်နောက်လိုက်ခဲ့ပါ”

ချက်ချင်းပင် လူ၅ယောက်သည် ကျူးထျန်းချန်းတို့၅ယောက်အား သယ်ဆောင်လျက် ထန်ရှုနောက်မှ လိုက်ပါကာ ရပ်ထားသောဘတ်စ်ကားဆီသို့ လျှောက်လာကြသည်။ ဘတ်စ်ကားမောင်းသူသည် သက်လတ်ပိုင်း လူဝကြီးတစ်ဦးဖြစ်ပြီး လူရည်လည်သူတစ်ဦး ဖြစ်ဟန်ရှိသည်။ မကြာသေးမီက အကွာအဝေးတစ်ခုတွင် ဖြစ်ပွားခဲ့သော ရန်ပွဲအား ရှင်းရှင်းလင်းလင်း သူ မြင်ထားသောကြောင့် ထန်ရှုနှင့် အခြားသူများသည် သူ၏ဘတ်စ်ကားဆီသို့ လျှောက်လာသည်ကို မြင်ရသောအခါ ချက်ချင်းပင် ချီတုံချတုံဖြစ်သွားပြီး တုန်တုန်လှုပ်လှုပ်ဟန်ဖြင့် ပြောလိုက်သည်။

“ငါ..ငါက ကုမ္ပဏီကားမောင်းသူ တစ်ယောက်ပါ။ မင်းတို့ပြဿနာတွေက ငါ့ကို ဘာမှ လုပ်စရာမရှိပါဘူး”

“ခင်ဗျားနဲ့ ဒီပြဿနာ ဘာမှမပတ်သက်ဘူး။ ခင်ဗျားလုပ်ရမှာက ဘတ်စ်ကားမောင်းဖို့ပဲ  လိုတယ်။ ကျွန်တော်တို့အပြုအမူတွေက နိုင်ထက်စီးနင်း ဖြစ်လွန်းတယ်လို့ ခင်ဗျားထင်ရင် မနက်ဖြန် ဒီအလုပ်က ထွက်တာပဲကောင်းတယ်” ထန်ရှု ခပ်ဖွဖွ ပြောလိုက်သည်။

ကားမောင်းသူလူဝကြီး ချက်ချင်း ပြောလိုက်သည်။

“အာ… မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ ငါ အလုပ်ကို အရမ်းသဘောကျပါတယ်။ ဒါပေမဲ့ ငါ ကြောက်တာ…”

ထန်ရှုသည် ပြောနေသော သူ၏စကားအား ကြားဖြတ်ကာ

“ခမ်းနားသော ထန် လုပ်ငန်းစုမှာ ဝင်လုပ်လိုက်ပါ။ အဲဒီလုပ်ငန်းစုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သွားရင် ကြောက်စရာ မလိုတော့ဘူးပေါ့။ ကျွန်တော်တို့က သူများကို စပြီး အနိုင်မကျင့်ဘူး။ ဒါပေမဲ့ တခြားသူက ကျွန်တော်တို့ကို အနိုင်ကျင့်လာရင်လည်း ငြိမ်ခံနေမဲ့သူတွေ မဟုတ်ဘူး။ ဒါနဲ့… ခင်ဗျား မြင့်မားတဲ့ နဂါးသိုင်းသင်တန်းကျောင်း ဘယ်မှာရှိလဲသိလား”

ကားမောင်းသူ လူဝကြီးသည် သံသယဖြင့် မေးလိုက်သည်။

“မင်းတို့ မြင့်မားတဲ့ နဂါးသိုင်းသင်တန်းကျောင်းကို သွားချင်တာလား။ ဒါပေမဲ့ သင်တန်းကျောင်းက ၂နေရာရှိတယ်။ တစ်ခုက ပင်မကျောင်းဖြစ်ပြီးတော့ နောက်တစ်ခုက သင်တန်းခွဲပဲ။ ဘယ်နေရာကို သွားချင်တာလဲ”

“ပင်မကျောင်း…”  ထန်ရှုသည် တွေဝေခြင်းမရှိဘဲ ပြောလိုက်သည်။

သူ၏ဘေးတွင် ရှိနေသော ခန်းရှပင် အဖြေအားကြားပြီး ဇဝေဇဝါဖြစ်သွားသည်။

“သူဌေး… နင် မြင့်မားတဲ့ နဂါးသိုင်း သင်တန်းကျောင်းကို သွားပြီး ဘာလုပ်မလို့လဲ”

“အကြွေးသွားရှင်းရမယ်။ အဲဒီကျောင်းကလူတွေက ကျွန်တော့်ကို ပြဿနာရှာနေတာ ၂ကြိမ်ရှိပြီ။ အဲဒါကြောင့် ကျွန်တော် အတော်တင်းသွားပြီ။ ဒီနေ့ရဲ့အခွင့်အရေးကို ယူပြီး ဒီပြဿနာကို ရှင်းရမယ်” ထန်ရှု ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ဒါလည်း ဒီညပြဇာတ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ ဟုတ်တယ်မလား” ခန်းရှ မေးလိုက်သည်။

“မှန်တယ်” ထန်ရှု တည်ငြိမ်စွာဖြင့် ဖြေလိုက်သည်။

****

မြင့်မားသည့် နဂါးသိုင်း သင်တန်းကျောင်းသည် ကြယ်တာရာမြို့၏ အနောက်ဘက်အစွန်တွင် တည်ရှိပြီး မြင့်မားသော အဆောက်အအုံများနှင့် လူစည်ကားသော ဧရိယာတွင် ရှိသည်။ လမ်းများသည် ကားများဖြင့် စည်ကားနေပြီး ထွန်းထားသော ညမီးများ၏ တောက်လျှောက် လင်းလက်နေမှုကြောင့် တောက်ပနေသည့် နဂါးကြီးတစ်ကောင်အလားပင် ဖြစ်တော့သည်။

နှစ်ပေါင်းများစွာ ကွဲကွာနေသော သူငယ်ချင်းတစ်ယောက် အလည်ရောက်လာသောကြောင့် ကျန့်ဖုန်း အလွန်ပျော်ရွှင်နေသည်။ သူငယ်ချင်းဖြစ်သူအား ထူးကဲကောင်းမွန်လှသည့် ညစာဖြင့် တည်ခင်းဧည့်ခံပြီးနောက် ရှေးယခင်တိုက်ခိုက်ပွဲများတွင် သူသည် အနိုင်ရရှိသူဖြစ်သော်လည်း သူ၏ခြေသိုင်းပညာမှာ တိုးတက်လာသည့်အပြင် သူငယ်ချင်းဟောင်း၏ ကွန်ဖူးပညာသည်လည်း ထူးချွန်လာကြောင်း သတိပြုမိသည့်အတွက် မှတ်စုများ ယှဉ်ရန် ဟန်ပြင်လိုက်သည်။

“အဘိုးကြီးယန်… ဒီညီလေးရဲ့ကွန်ဖူးက မပျက်စီးသေးဘူး မဟုတ်လား။ အရင်တုန်းက ငါ ဒီကွန်ဖူးပုံစံကို ကြီးမားတဲ့ အနောက်မြောက်ဘက် နယ်မြေမှာ ဖန်တီးတွင်ကျယ်စေခဲ့ပြီး လူအများအပြားကို အနိုင်ယူခဲ့တယ်။ မင်း အများကြီး တိုးတက်လာပေမဲ့ ငါ့ကို မကျော်နိုင်သေးပါဘူး” ကျန့်ဖုန်းသည် သူ၏ မီးခိုးရောင် မုတ်ဆိတ်များအား ပွတ်သပ်ကာ ပြုံးပြုံးကြီး ပြောလိုက်သည်။

******

All Chapters