← Chapters

ရလဒ်

Vol. 04 Ch. 154

ရလဒ်

Vol. 04 Ch. 154

မြင့်မားသော နဂါးသိုင်းသင်တန်းကျောင်းမှ သင်တန်းဆရာများ အားလုံးသည် သန်မာပြီး စွမ်းအားကြီးသူများဖြစ်သည်။ တစ်ယောက်ချင်းစီတိုင်းတွင် တိုက်ခိုက်ရေးစွမ်းရည်များ၊ တိုက်ခိုက်မှုနည်းပညာများ သို့မဟုတ် စုပေါင်းတိုက်ခိုက်သည့် အတွေ့အကြုံများ ရှိကြသည်။ အထက်ပိုင်းနှင့် အောက်ပိုင်းအတွက် လူ၃ယောက်အားဖြည့်ကာ ၎င်းတို့၏လက်သီးများနှင့် ခြေကန်ချက်များဖြင့် လူထွားကြီး တိုက်ခိုက်လာမှုအား ကြက်ခြေခတ် တားလိုက်သည်။

“မျှော်လင့်ချက်မဲ့တဲ့လူရွှင်တော်တွေ”

လူထွားကြီးသည် ကြောက်ရွံ့မှုမရှိချေ။ သူသည် ရှောင်တိမ်းခြင်းပင်မပြုဘဲ သူ၏အရှေ့မှလူအား လက်သီးဖြင့် ပြင်းထန်စွာ ထိတွေ့စေလိုက်ပြီး လွင့်ထွက်သွားစေသည်။ ထို့နောက် ညာဘက်သို့ အမြန်လှည့်ကာ အခြားလူတစ်ယောက်၏ တံတောင်ဆစ်အား လက်သီးဖြင့် ကျိုးစေလိုက်ကာ လွင့်ထွက်သွားစေပြန်သည်။

ထိုင်ခုံပေါ်တွင် ထိုင်နေသော ထန်ရှုသည် ခန်းရှုဘက်လှည့်ကာ အပြုံးဖြင့် ကြည့်ရင်း မေးလိုက်သည်။

“ခင်ဗျား ဘယ်လိုထင်လဲ။ သူတို့ရဲ့ခွန်အားက လုံလောက်မှုရှိရဲ့လား”

ခန်းရှသည် သူမ၏ မျက်နှာအနီးတွင် လက်လေးချောင်း ထောင်ပြလျက် ပြောလိုက်သည်။

“သူတို့ကို သတ်ဖို့ သူ အခွင့်အရေး၄ကြိမ် ရခဲ့တယ်။ သူ့ရဲ့ လက်ချောင်းလေးတွေကြားမှာ ချွန်ထက်တဲ့အရာတစ်ခုကို ငါ ရှင်းရှင်းလင်းလင်း မြင်ရတယ်။ ဒါပေမဲ့ ပြိုင်ဘက်ကို အဲဒါနဲ့ထိမိတော့မယ် ဆိုတာနဲ့ ချက်ချင်း သူ့ရဲ့တိုက်ခိုက်မှုပုံစံ လမ်းကြောင်းကို ပြောင်းလိုက်တယ်”

ထန်ရှုသည် အံ့အားသင့်သော အမူအရာဖြင့် မေးလိုက်သည်။

“ခင်ဗျား အဲဒါကို ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်ဟုတ်လား”

ခန်းရှသည် ဂုဏ်ယူဝင့်ကြွားသော အပြုံးဖြင့် ပြန်ဖြေသည်။

“ငါ့ရဲ့မျက်စိအမြင်က ပုံမှန်လူထက် ၂.၅ဆ ပိုမြင်နိုင်တယ်။ ဒါပေမဲ့ သူ့အရှိန်အား တအားမြန်တော့ ပျမ်းမျှ လူတစ်ယောက်ရဲ့ အကန့်အသတ်ထက် ကျော်လွန်နေပြီးသား။ လရောင်ရဲ့ ရောင်ပြန်ဟပ်တာကြောင့်သာ မဟုတ်ရင် ငါလည်း မြင်နိုင်မှာမဟုတ်ဘူး”

အံ့အားသင့်လျက်ပင် ထန်ရှု ဆက်မေးလိုက်သည်။

“ခင်ဗျားရဲ့ မျက်စိစွမ်းရည်က မွေးကတည်းကလား ဒါမှမဟုတ် နောက်မှ ခင်ဗျား လေ့ကျင့်ထားတာလား”

“မွေးရာပါ” ခန်းရှ ပြန်ဖြေလိုက်သည်။

ထန်ရှုသည ခေါင်းညိတ်ပြလိုက်ပြီး သူ၏စိတ်ထဲတွင် အလားတူ တခြားအကြောင်းအရာအား တွေးတောနေသည်။ သူသည် အင်မော်တယ်ကမ္ဘာတွင် ရှိစဉ်အခါက မျက်လုံးကျင့်စဉ်များတွင် ပါရမီပါသော သူတစ်ယောက်အား တွေ့ခဲ့ဖူးသည်။ ထိုသူ၏အမြင်အာရုံသည် သာမန်လူများထက် ၁၀သန်မာပြီး နှစ်ပေါင်း၁၈၀၀အတွင်း ကောင်းကင်ဘုံ မျက်လုံးဘုရင်အဖြစ် ကျော်ကြားခဲ့သည်။

ယခုဖြစ်ရပ်တွင် ခန်းရှ၏မျက်လုံးသည် ကောင်းကင်ဘုံမျက်လုံးဘုရင်၏ အဖြစ်နှင့် အတော်တူညီနေလေသည်။ သို့ဖြစ်ရာ သူမသည် မျက်လုံး အထူးကျင့်စဉ်တစ်ခုအား ကျင့်ကြံနိုင်ပြီး သူမ၏စွမ်းရည်အား မြှင့်တင်နိုင်သည်ဟု ဆိုလိုခြင်းပင်ဖြစ်တော့သည်။

သူတို့နှစ်ယောက် စကားပြောနေစဉ်တွင် ထန်ရှ၏လူထွားကြီးသည် မြင့်မားသော နဂါးသိုင်းသင်တန်းကျောင်းမှ သင်တန်းဆရာများအား လှဲသိပ်ခဲ့ပြီးပြီ ဖြစ်တော့သည်။ သူသည် ထိုလူများအား မသတ်ချင်ခဲ့သော်လည်း သူ၏လှုပ်ရှားမှုများနှင့် တိုက်ကွက်များသည် အလွန်ရက်စက်ပေသည်။ ထိုသင်တန်းဆရာ ၁၀ယောက်၏ လက်များ သို့မဟုတ် ခြေထောက်များသည် ကျိုးကုန်ကြရာ လေ့ကျင့်ရေးကွင်းတွင် အော်ညည်းသံများသည် တစ်သံတည်း ထွက်နေပေတော့သည်။

ထန်ရှုသည် မျက်လုံးများ နီရဲနေသော ကျန့်ဖုန်းအား ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ကောင်းပြီ။ ငယ်တဲ့သူတွေကတော့ သူတို့အပိုင်းကို ကစားပြသွားကြပြီးပြီ။ အဘိုးကြီး … အခု ခင်ဗျား လှုပ်ရှားသင့်ပြီ မဟုတ်ဘူးလား။ ကျွန်တော် ကြားတာကတော့ ခင်ဗျားက အလွန်သန်မာတယ်ဆိုပဲ။ ကျွန်တော့်လူတွေထဲက တစ်ယောက်နဲ့ ကစားကြည့်ချင်သေးလား”

ကျန့်ဖုန်းသည် ရှေ့သို့ တစ်လှမ်းထွက်လာကာ ထီမထင်ဟန်ဖြင့် ပြောလိုက်သည်။

“ငါ သိုင်းပညာအရာမှာ ဆရာကြီးအဆင့်ကို ရောက်ခဲ့တာ ၁၀နှစ်ရှိခဲ့ပြီ။ မင်းရဲ့လူတွေက ငါ့ကို ရိုက်နိုင်မယ်လို့ မင်းထင်ရင် စလိုက်ကြရအောင်”

ထန်ရှုသည် ကျုံးတိုက်ယွီအား ကြည့်ကာ ထူးမခြားနားစွာဖြင့် ပြောလိုက်သည်။

“သူ့ကို ကူညီပြီး ကစားပေးလိုက်။ ဒီအဘိုးကြီးက သူ့တပည့်တွေကို အများကြီး မသင်နိုင်ပေမဲ့ ကိုယ်ကျင့်တရား ကောင်းတယ်လို့ ကျွန်တော် ကြားတယ်။ သူ့ကို ညှာတာပေးလိုက်ပါ”

“ကောင်းပြီ”

ကျုံးတိုက်ယွီသည် ပြန်ဖြေလိုက်ပြီး ရှေ့ကွက်လပ်ဆီသို့ လမ်းလျှောက်သွားခဲ့သည်။

ကျန့်ဖုန်း၏ မျက်လုံးအစုံသည် မှေးစင်းသွားခဲ့သည်။ သူသည် အိုမင်းကောင်း အိုမင်းနိုင်သော်လည်း သူ၏ခွန်အားနှင့် တုံ့ပြန်အားသည်လည်းကောင်း ဆယ်စုနှစ်များစွာ အပြင်းအထန် လေ့ကျင့်ထားသဖြင့် အထွတ်အထိပ်သို့ ရောက်ရှိပြီးသော သူ၏ ကွန်ဖူးပညာသည် လည်းကောင်း အားနည်းနေသည်ဟု ဆိုလိုနိုင်လိမ့်မည် မဟုတ်ပေ။

အနားတွင် မတ်တတ်ရပ်နေသော ရန်ရှန်ယုသည် ထန်ရှု၏လူများ စွမ်းအားကြီးသည်ကို တွေ့မြင်ပြီး ဖြစ်သောကြောင့် သူ၏ သူငယ်ချင်းဟောင်းသည် သည်နေ့တွင် ရှုံးနိုင်ချေရှိသည်ကို သူ ကောင်းစွာ သတိပြုမိသည်။ ချီတုံချတုံဖြစ်လျက် သူသည် ကျန့်ဖုန်းအား သတိပေးလိုက်သည်။

“သတိထားပါ။ မင်းပြိုင်ဘက်ရဲ့ အတိမ်အနက်ကို ငါတောင် မမြင်နိုင်ဘူး”

ကျန့်ဖုန်းသည် သရော်သံဖြင့်

“ဟ… သူ့အသက်ပဲ ကြည့်စမ်းပါ။ အများဆုံး အသက်၄၀ ဒါမှမဟုတ် အဲဒီအနား ပတ်ဝန်းကျင်လောက်ပဲ ရှိဦးမှာပေါ့။ သူ့အမေဗိုက်ထဲမှာကတည်းက လေ့ကျင့်လာတယ် ဆိုရင်တောင်မှ သူက သိုင်းပညာရှင်ကြီးအဆင့်ကို ရောက်နှင့်လိမ့်မယ်လို့ ငါ မယုံဘူး။ သူ့ကို အနိုင်ရဖို့ဆိုတာ လွယ်ပါတယ်”

ဖျစ်ညှစ်ပြုံးထားရသော အပြုံးဖြင့် ရန်ရှန်ယုသည် ပြောလိုက်သည်။

“အဲဒီလိုဆိုရင်တောင်မှ မင်း အကောင်းဆုံး ကြိုးစားပါ။ နို့မဟုတ်ရင် လျှပ်တစ်ပြက်အတွင်းမှာ မင်းရဲ့နာမည်နဲ့ ဂုဏ်သတင်း ပျက်စီးသွားလိမ့်မယ်”

ထိုစကားအား ကြားရသော ကျန့်ဖုန်းသည် ရုတ်ခြည်းဆိုသလိုပင် သတိအနေအထား ဖြစ်သွားသည်။

ထန်ရှုသည် ရန်ရှန်ယုအား ကြည့်လိုက်ပြီး မကြည်လင်သော အမူအရာဖြင့် မေးလိုက်သည်။

“ခင်ဗျားက မြင့်မားတဲ့နဂါး သိုင်းသင်တန်းကျောင်းကလား။ အဲဒီလိုမှမဟုတ်ရင် ပါးစပ်ပိတ်ထားတာ ကောင်းလိမ့်မယ်”

ရန်ရှန်ယုသည် ထန်ရှုအား လှည့်ကြည့်လိုက်ပြီး ခေါင်းကိုယမ်းလျက် သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။

“အိုက်ယား… ယနေ့ခေတ်လူငယ်တွေက လူကြီးတွေကို ဘယ်လိုလေးစားရမှန်း ငယ်ရွယ်သူကို ဘယ်လိုဂရုစိုက်ရမှန်း တကယ် မသိကြတော့ဘူးပဲ။ မင်းရဲ့လူတွေမှာ တူညီတဲ့ စွမ်းရည်ရှိဖို့ ငါ မျှော်လင့်တယ်။ အဲဒီလိုမှမဟုတ်ရင် ဒီနေ့ မင်းရှုံးလိမ့်မယ်”

အခြားဘက်တွင် လူအချို့၏ထူမခြင်းကို ခံယူနေသော ကျူးထျန်းချန်းသည် ရုတ်တရက် အော်ကာ ပြောလိုက်သည်။

“ဆရာ… စွမ်းအားအကောင်းဆုံးက ဆရာ့ရှေ့ကလူ မဟုတ်ဘူး။ အဲဒီမှာ ထိုင်နေတဲ့သူပဲ။ ကျွန်တော်တို့ ညီအစ်ကို၅ယောက်စလုံး ၁၀စက္ကန့်တောင် မခံနိုင်ဘူး။ ကျွန်တော်တို့ကို အလဲထိုးနိုင်ခဲ့တယ်”

“ဘာ…”

မယုံကြည်နိုင်သော အမူအရာသည် ကျန့်ဖုန်းနှင့် ရန်ရှန်ယုတို့၏ မျက်နှာများတွင် ပေါ်ထွက်လာခဲ့ပြီး တုန်လှုပ်သည့် အရိပ်အယောင်များ သူတို့၏မျက်ဝန်းများထဲတွင် ဖြတ်သန်းသွားခဲ့သည်။ ကျူးထျန်းချန်းသည် သူတို့ကို မလိမ်နိုင်မှန်း ထိုခဏအတွင်းတွင် သူတို့ သေချာပေါက် သိသော်လည်း ကျူးထျန်းချန်းတို့ ၅ယောက်အား ၁၀စက္ကန့်အတွင်း ဘာမှလုပ်နိုင်ခြင်းမရှိဘဲ လှဲသိပ်လိုက်ခြင်းသည် သူတို့အား အချက်ပေးနေသကဲ့သို့ ရှိသည်။ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်သည့် ခွန်အား၊ စွမ်းအားမျိုးပါနည်း။

ထန်ရှုသည် မချိုမချဉ် ပြောလိုက်သည်။

“အိုက်ယား.. သိပ်မလန့်ကြပါနဲ့။ ကျွန်တော်က အရမ်း အားနည်းပါတယ်။ ကျွန်တော့်အသက်ပဲ ကြည့်ပါဦး။ အမေ့ဗိုက်ထဲမှာကတည်းက လေ့ကျင့်လာတယ် ဆိုရင်တောင်မှ ဒီလိုအောင်မြင်ဖို့ နည်းလမ်း မရှိပါဘူး”

ကျန့်ဖုန်း၏အမူအရာသည် ဝက်အသည်းကဲ့သို့ နီစွေးသွားခဲ့သည်။ သူ၏စကားလုံးများဖြင့် တစ်ဖက်လူသည် သူ၏မျက်နှာအား ဖြတ်ရိုက်နေခြင်းကို သူ ကောင်းစွာ သိသည်။

ထန်ရှုသည် ကျန့်ဖုန်းအား ကြည့်ကာ ပြောလိုက်သည်။

“ခင်ဗျားတို့၂ယောက် အချိန်မဖြုန်းကြနဲ့တော့။ ကျေးဇူးပြုပြီး တိုက်ခိုက်တာလေး မြန်မြန် လုပ်ကြရအောင်။ ကျွန်တော် အိမ်ပြန်ပြီးရင် အတန်းဖော်တွေကို ကျောင်းသင်ခန်းစာတွေကို ကူပြီး ညွှန်ပြပေးရမှာ ရှိသေးတယ်ဗျ။ ကျွန်တော့်မှာ အချိန်သိပ်မရှိတော့ဘူး”

အမ်… မင်းမေကြီးဒေါ် … ဘာရီး… အတန်းဖော်တွေကို ကျောင်းသင်ခန်းစာတွေကို ကူပြီး ညွှန်ပြပေးရမှာ ရှိသေးတယ်ဟုတ်လား။

ကျန့်ဖုန်းသည် ထိုခဏအတွင်းတွင် ငူငူကြီး ဖြစ်သွားသကဲ့သို့ မြင့်မားသည့် နဂါးသိုင်းသင်တန်းကျောင်းမှ အားလုံးသော လူတိုင်းသည် ကြက်သေသေသွားကြကုန်သည်။ သူတို့သည် ထန်ရှုအား ယုံကြည်ရန် ခက်ခဲသည့်အမူအရာများဖြင့် လှမ်းကြည့်မိကြသည်။ ထိုကဲ့သို့သော လူငယ်လေးတွင် စွမ်းအားကြီးသော လူတစ်စုရှိနေခြင်းသည် စိတ်တောင်မကူးကြည့်မိသည့် အရာပင် ဖြစ်သည်။ ထို့ထက်ပိုသည်မှာ ထိုလူငယ်လေးသည် အထက်တန်းကျောင်းသား တစ်ယောက်ပင် ဖြစ်တော့သည်။

သို့သော်လည်း ကျန့်ဖုန်းသည် အတွေ့အကြုံများစွာ ရှိသည့် လူတစ်ယောက်ပီပီ ပြန်လည်တည်ငြိမ်သွားသည်။ သူသည် ရှေ့ရှိ ကျုံးတိုက်ယွီအား ကြည့်လိုက်ပြီး လက်သီးဆုပ်ကာ ပြောလိုက်သည်။

“ငါက  မင်းထက် အသက်ကြီးပြီး သိုင်းပညာရှင် ဆရာကြီးအဆင့်ကို ရောက်ခဲ့ပြီးဖြစ်တယ်။ အဲဒါကြောင့် ငါ မင်းကို သုံးကွက်အကျောပေးမယ်။ အဲဒီသုံးကွက်အတွင်း ငါ့ကို နိုင်အောင် မချနိုင်ရင် မင်းအတွက် အခွင့်အရေး မရှိတော့ဘူး”

ကျုံးတိုက်ယွီသည် အလေးမထားဟန်ဖြင့် ပြောလိုက်သည်။

“မလိုပါဘူးဗျ။ သူဌေးက ပြဇာတ်ကောင်းတစ်ပုဒ်ကို ကြည့်ချင်နေတာမို့ ခင်ဗျား အကောင်းဆုံးတိုက်ကွက် ထုတ်တာ ပိုကောင်းလိမ့်မယ်။ နို့မို့ဆို သူဌေးက ကျွန်တော့်ကို ညင်ညင်သာသာ လုပ်ဖို့ ပြောထားပေမဲ့လည်း မထနိုင်အောင် လုပ်မိလိမ့်မယ်”

“မင်း..”

ကျန့်ဖုန်း ဒေါသပေါက်ကွဲသွားသည်။ ကျုံးတိုက်ယွီအား သိုင်းကွက်၃ကွက် အကျောပေးရန် တွေးထားခဲ့သည်။ အလွန်တည်ငြိမ်သော ခြေလှမ်းများနှင့်အတူ နာနတ်ပင်ကဲ့သို့ တည့်မတ်စွာ ရပ်နေရမှ လေးတစ်စင်းကဲ့သို့ ကွေးကာ ခြင်္သေ့တစ်ကောင်မှ ယုန်တစ်ကောင်အား ဖမ်းတော့မည့်ဟန်ဖြင့် ခုန်အုပ်လိုက်သည်။ သူ၏ခြေမသည် မြေကြီးအား ထောက်လိုက်ပြီး ကျုံးတိုက်ယွီထံ အရှိန်ဖြင့် ရွေ့သွားခဲ့သည်။ သူ၏လက်ဖဝါးအား လက်သီးအသွင်ပြောင်းကာ ကျုံးတိုက်ယွီအား အကြိမ်ဒါဇင်ပေါင်းများစွာ တစ်ဆက်တည်း ထိုးနှက်လိုက်သည်။

“ဘန်း… ဘန်း…”

ကျုံးတိုက်ယွီအတွက် ထိုတိုက်ခိုက်ခြင်းသည် ထမင်းစားနေသလောက်သာ ရှိသည်။ ကျန့်ဖုန်း၏လက်သီးများအား ထိပ်တိုက်တွေ့လိုက်ပြီး သူ၏လက်မောင်းများအား အဆက်မပြတ် ဝှေ့ယမ်းလိုက်ရာ ကျန့်ဖုန်းထက်ပင် မြန်သွားတော့သည်။ ထူးခြားသော ခြေလှမ်းကွက်အား အသုံးပြုရွေ့လျားလျက် ကျန့်ဖုန်း၏ လက်သီးချက်များအား တုံ့ပြန်တိုက်ခိုက်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် အရိုးမရှိတော့သကဲ့သို့ ပျော့ပြောင်းသွားကာ ဟိုဘက်ဒီဘက် ရွေ့လျားတိုက်ခိုက်လိုက်ခြင်း ဖြစ်သောကြောင့် ကျန့်ဖုန်း၏ခေါင်းသည် ကျုံးတိုက်ယွီ၏ ညာဘက်အောက်ပိုင်းမှ ရုတ်တရက် ပေါ်လာသဖြင့် ကျုံးတိုက်ယွီ၏ လက်သီးတစ်ချက်သည် ကျန့်ဖုန်း၏ချိုင်းကြားအား ထိုးမိသွားသည်။

“ဖုန်း…”

ကျန့်ဖုန်း၏ ညာဘက်လက်မောင်း အဆစ်ပြုတ်သွားပြီး နောက်သို့ ခြေလှမ်း ၄လှမ်း သို့မဟုတ် ၅လှမ်းခန့် တရွတ်တိုက် နောက်ဆုတ်သွားရသည်။

ကျုံးတိုက်ယွီသည် သူ၏နောက်သို့ လိုက်မသွားဘဲ ထိုအစား သူ၏ဘေးဘက်သို့ ယိမ်းနွဲ့ကာ သူ၏လည်ပင်းဆီသို့ ရှေးရှုလိုက်သည်။  ခန္ဓာကိုယ်၏ အားအရှိန်နှင့်အတူ သူသည် ကျန့်ဖုန်းဆီသို့ လက်သီးတစ်လုံး ပစ်လွှတ်လိုက်ရာ ကျယ်လောင်သော အသံတစ်ခု မြည်ဟည်းသွားသည်။

“ဘယ်လိုခွန်အားပါလိမ့်။ သူက ငါ့ထက်တောင် ပိုမို သန်မာ မြန်ဆန်နေသေးတယ်။ သူ့ရဲ့ တိုက်ခိုက်မှုအတွေ့အကြုံက နက်ရှိုင်းတယ်။ အရင်တုန်းက ဒီလူက သေချာပေါက် ရက်စက်ပြီး လူတွေကို သတ်ဖူးခဲ့လိမ့်မယ်။ ဒီလူတွေရဲ့နောက်ခံက ဘာလဲ။ သူတို့ ဘယ်နေရာကလာပြီး ဒီလူငယ်လေးမှာ ဘယ်လို ပုံရိပ်တွေ ရှိနေတာလဲ”

ညာဘက်လက်မောင်းဆီမှာ နာကျင်နေမှုကို ခံစားနေရသည့်ကြားမှ ကျန့်ဖုန်းသည် ထိုအကြောင်းအား မတွေးဘဲ မနေနိုင်ပါချေ။ ထို့နောက် သူ၏ ညာဘက်လက်မောင်းအား ဘယ်ဘက်လက်ဖြင့် တည့်မတ်လိုက်ရင်း ညင်ညင်သာသာ ရွေ့လျားကာ လေးနက်စွာ ပြောလိုက်သည်။

“မင်းက အလွန်သန်မာလွန်းတယ်။ ငါဖြတ်သန်းလာတဲ့ တစ်လျှောက်မှာ အဲဒီလိုမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ ကောင်းပြီ… ငါ မညှာတော့ဘူး။ မင်း ငါ့ကို စိတ်ပျက်အောင် မလုပ်ဖို့ မျှော်လင့်ပါတယ်”

“ခင်ဗျား စကားများလွန်းတယ်”

ကျုံးတိုက်ယွီသည် ခနဲ့လိုက်ရင်း ကျန့်ဖုန်းဆီသို့ ရွေ့လျားလိုက်သည်။ သူ၏ အလျင်နှင့်ခွန်အားသည် မျက်စိတစ်မှိတ်အတွင်း တိုးမြင့်လာပြီး ခုခံမှုပုံစံရှိနေသော ကျန့်ဖုန်း၏ လက်မောင်းများဆီသို့ ကန်လိုက်သည်။ တစ်ဆက်တည်းမှာပင် သူ၏ကန်ချက်သည် အပေါ်သို့ မြင့်တက်သွားပြီး ကျန့်ဖုန်း၏ပါးဆီသို့ ရောက်ရှိသွားတော့သည်။

“ဘန်း…”

ကန်ချက်သည် ကျန့်ဖုန်း၏ပါးရိုးအား မကျိုးစေသော်လည်း ၂စက္ကန့်မျှ သူ၏မျက်လုံးများအား ပြာဝေသွားကာ မူးနောက်သွားစေသည်။ သို့သော် ကျွမ်းကျင်ပညာရှင်များကြားရှိ တိုက်ပွဲသည် ၂စက္ကန့်မဆိုထားဘိ စက္ကန့်ဝက်မျှလောက်ပင် တိုက်ပွဲ၏ရလဒ်အား  အဆုံးအဖြတ်ပေးနိုင်သည်။ ရာသီတိုက်ပွဲသမားတစ်ဦးဖြစ်သူ ကျုံးတိုက်ယွီသည် ထိုအခွင့်အရေးကို လက်လွတ်မခံဘဲ အသက်တစ်ရှိုက်အတွင်း ဒါဇင်ပေါင်းမျှသော ထိုးနှက်ကန်ချက်များဖြင့် လျင်မြန်စွာ တိုက်ခိုက်တော့သည်။ ကျန့်ဖုန်း၏ ရင်ဘတ်ဆီသို့ ကျရောက်လာသော ထိချက်များသည် အသုံးမဝင်သော လှုပ်ရှားမှုများ မဟုတ်ဘဲ တိုက်ခိုက်မှုတိုင်းသည် ပြင်းထန်သည်ချည်း ဖြစ်သည်။

တစ်ချက်… တစ်ချက်ပြီး တစ်ချက်…

ထပ်ကာထပ်ကာ ကျရောက်လာသော တိုက်ခိုက်မှုများကြောင့် ကျန့်ဖုန်း၏ ခန္ဓာကိုယ်သည် နောက်ဘက် ၁၀မီတာအကွာသို့ လွင့်စဉ်သွားကာ ပါးစပ်အပြည့် သွေးတစ်လုတ် အန်လိုက်ရသည်။ ကျန့်ဖုန်း ခက်ခက်ခဲခဲ ထရပ်လိုက်ရသော်လည်း အချည်းနှီး ဖြစ်ရပြီး မြေပြင်ပေါ် တွားသွားနေရသည်။

ကျုံးတိုက်ယွီသည် ကျန့်ဖုန်းအား လှည့်ပင်မကြည့်ဘဲ ထန်ရှု၏အရှေ့သို့ လာကာ လက်သီးစုလျက် ပြောလိုက်သည်။

“သူဌေး… ခိုင်းထားတဲ့အလုပ် ပြီးပါပြီ”

ထန်ရှုသည် အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်ရင်း ဘေးဘက်သို့ လာရန် အချက်ပြလိုက်သည်။ ထို့နောက် သူ၏အကြည့်အား ကျန့်ဖုန်းဘက်သို့ ရွှေ့ကာ ထူးမခြားနားသော အမူအရာဖြင့် ပြောလိုက်သည်။

“ခင်ဗျား ရှုံးပြီ။ ခင်ဗျားရဲ့သင်တန်းကျောင်းကို ရှင်းထုတ်တာမှာ ကျွန်တော် နိုင်တယ်လို့ ဆိုနိုင်တယ်မဟုတ်လား။ သိုင်းပညာအဖွဲ့အစည်းရဲ့ ထုံးတမ်းဓလေ့အရဆိုရင် ခင်ဗျား အခု ဘာလုပ်သင့်သလဲ”

သင်တန်းဆရာများ၏ ထူမမှုအကြားတွင် ရှိနေသော ကျန့်ဖုန်းသည် ရှိရင်းစွဲထက် ၁၀နှစ် အိုစာသွားသည်ဟု ထင်ရပေသည်။ သေချင်လောက်အောင်ပင် စိတ်ထိခိုက်ရသော်လည်း သူ ပြောလိုက်သည်။

“မြင့်မားသော နဂါးသိုင်းသင်တန်းကျောင်းရဲ့ နာမည်ပြားကို ဖြုတ်ပြီး မင်းကို ပေးပါမယ်။ ငါ့ရဲ့ကွန်ဖူးပညာက သူ့ထက် အများကြီး နိမ့်ကျတယ်ဆိုတာ ငါ ဝန်ခံတာမို့ ဒါဟာ ငါ့ရဲ့အရှုံးပါ။ သူသာ မညှာတာခဲ့ရင် အစောကြီးကတည်းက ငါ အသတ်ခံနေရပြီဆိုတာ ငါလည်း သတိပြုမိပါတယ်”

ထန်ရှုသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။

“ကျွန်တော် ခင်ဗျားကျောင်းရဲ့ နာမည်ပြားကို စိတ်မဝင်စားဘူး။ ရည်ရွယ်ချက် အစစ်အမှန်က ကျွန်တော့်ရဲ့ရန်သူတွေကို ထိုက်သင့်တဲ့ တန်ဖိုးပေးဆပ်ရမယ်ဆိုတာ သိစေချင်တာပဲ။ ကျူးထျန်းချန်းနဲ့ အခြားတပည့်၄ယောက်က ကျွန်တော့်ကို လက်စားချေရုံတင်မကဘူး လူမိုက်အယောက်၃၀ပါ သူက ခေါ်လာသေးတယ်။ သူက ပန်းသီးပုပ်တစ်လုံးလို့ ကျွန်တော် ထင်တယ်။ သူ့အမျိုးသမီးကိုပါ ခေါ်ခိုင်းပြီး ဒီပြဿနာကို အဆုံးသတ်ကြရအောင်”

ကျန့်ဖုန်းသည် ကျူးထျန်းချန်းဘက်သို့ လှည့်လိုက်သည်။

ကျူးထျန်းချင်းသည် လျင်မြန်စွာ ပြောလိုက်သည်။

“ဒီနေ့ အဆင်မပြေဘူး။ သဲကျင်က အရေးတကြီး စီးပွားရေး ဆွေးနွေးမှုတချို့ရှိလို့ ဒီနေ့ မြို့တော်က ထွက်သွားတယ်။ သူမ ပြန်လာတဲ့အထိ စောင့်ပေးပါ။ ငါကိုယ်တိုင် သူမကို တောင်းပန်ဖို့ ခေါ်လာပါမယ်”

တစ်ခဏမျှ ထန်ရှု တိတ်ဆိတ်သွားသည်။ သူ ပြန်လည် ပြောဆိုမည့်ဆဲဆဲတွင် ခန်းရှသည် ရုတ်တရက် ပြောလိုက်သည်။

“ရှင့်အမျိုးသမီး မလာနိုင်ဘူးဆိုမှတော့ တခြားနည်းလမ်း ပြောင်းလိုက်ရအောင်။ ရှင့်ကြောင့် ကျွန်မတို့ရဲအချိန်တွေ အများကြီး ဆုံးရှုံးသွားရပြီ။ ကျွန်မတို့ရဲ့အချိန်က ရွှေလိုပဲ အလွန်တန်ဖိုးရှိတယ်။ အဲဒါကြောင့် ကျွန်မတို့ရဲ့နစ်နာမှုအတွက် ရှင် ငွေသားနဲ့ လျော်ကြေးပေးနိုင်တယ်”

“……”

ကျန့်ဖုန်းနှင့် ရန်ရှန်ယုတို့ တစ်ခဏမျှ ကြောင်တောင်တောင် ဖြစ်သွားရသည်။ သူတို့နှစ်ယောက်သည် ရှင်းလင်းသွားသည့် အမူအရာဖြင့် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်မိကြသည်။ ထိုခဏတွင် သူတို့တွေးမိနေသည်မှာ ထန်ရှု သူတို့အား စိန်ခေါ်ရခြင်း၏ အကြောင်းရင်းသည် ကျောင်း၏နာမည်ပြားအား ယူရန်မဟုတ်ဘဲ ငွေရှာရန်ဟူ၍ပင်။

“ဘယ်လောက်လဲ”

ကူကယ်ရာမဲ့စွာဖြင့် ကျူးထျန်းချန်း မေးလိုက်သည်။

မျက်တောင်တစ်ချက်ပင် မခတ်ဘဲ ခန်းရှ ပြန်ဖြေလိုက်သည်။

“မီလီယံ ၁၀၀”

“မင်း..ဘာ..။ နေ့ခင်းကြောင်တောင် ဓားပြတိုက်နေတာလား”

ကျူးထျန်းချန်းသည် ခန်းရှ၏စကားအား ကြားပြီး ရုတ်တရက် တုန်လှုပ်သွားကာ ချက်ချင်းပင် ဒေါသပေါက်ကွဲလာရသည်။ ယွမ် ၁၀၀မီလီယံသည် သူ့အတွက် များသည်မဆိုနိုင်ပဲ ထိုပမာဏအား ပေးနိုင်ရုံမျှ ရှိသည်ဆိုသော်လည်း နောက်ပိုင်းတွင် သူသည် ကျပ်တည်းသွားပေလိမ့်မည်။

ခန်းရှသည် ချစ်စရာကောင်းလှစွာ ပြုံးလိုက်ပြီး ကျူးထျန်းချန်းအား ကြည့်ကာ ပြောလိုက်သည်။

“မိန်းမတစ်ယောက်ရဲ့ အသည်းနှလုံးဟာ ပျားတစ်ကောင်ရဲ့ အဆိပ်မြီးထက် ပိုပြီး အဆိပ်ပြင်းတယ်ဆိုတဲ့ စကားပုံကို ရှင်မကြားဖူးဘူးလား။ ရှင် ဘာသိလို့လဲ။ ကျွန်မရဲ့သူဌေးက အရမ်းကြင်နာတတ်တဲ့ စိတ်နှလုံးရှိတာမို့ သူက ဘယ်သူကိုမှ မသေစေချင်ဘူး။ ဒါပေမဲ့ ကျွန်မကိုတော့ သူဌေးက ပြောထားတယ်။ ကျွန်မ ဖြေရှင်းနေတဲ့ ကိစ္စတွေမှာ သူ ဝင်မစွက်ဖက်ဘူးဆိုပြီးပေါ့။ ကဲ.. အခု ဘယ်လိုလဲ။ ရှင်နဲ့ ရှင့်ညီအစ်ကို၄ယောက်ရဲ့ အသက်က ယွမ် ၁၀၀မီလီယံတောင် မထိုက်တန်ဘူးလား”

******

All Chapters