← Chapters

တန်ရာတန်ကြေး

Vol. 04 Ch. 155

တန်ရာတန်ကြေး

Vol. 04 Ch. 155

အေးစက်မှုသည် ကျူးထျန်းချန်း၏ရင်ထဲတွင် ရိုက်ခတ်လာခဲ့သည်။ ထန်ရှု ခေါ်ဆောင်လာသော ထိုအယောက်၂၀အဖွဲ့မှ လူတိုင်းသည် အညှာအတာကင်းမဲ့ကာ စွမ်းအားကြီးမှန်း သူ တွေ့နိုင်သည်။ ပြီးခဲ့သော သိုင်းပညာယှဉ်ပြိုင်ပွဲတွင် သူတို့သည် တစ်ဦးတစ်ယောက်ကိုမျှ မသတ်ခဲ့သော်လည်း သိုင်းသင်တန်းကျောင်းမှ တပည့်တိုင်းသည် နာကျင်မှုနှင့် ပြင်းထန်သောဒဏ်ရာများ ရရှိခံစားနေရသည်။

သည်ပြသနာတွင်…

သူတို့သာ ထိုလျော်ကြေးအား မပေးခဲ့ဘူးဆိုပါက ထိုသူများ၏ဆရာသခင်သည် သူတို့၏အသက်များအား နှုတ်ယူနိုင်လိမ့်မည်လား။

ထိုအတွေးအား တွေးမိသော ကျူးထျန်းချန်းသည် သူ၏ခေါင်းအား တိတ်တဆိတ် ယမ်းလိုက်မိတော့သည်။ ဆိုရိုးရှိသည့်အတိုင်း လူဆိုသည်မှာ ရွေးချယ်စရာမရှိတော့ပါက သူတို့သည် မြေကြီးထိမတတ် ဦးညွှတ်ကြသည်ဟုပင်။ ယခုအခြေအနေအရဆိုပါက ကပ်ဘေးကို ရှောင်ရှားရန် လျော်ကြေးပေးလိုက်ခြင်းမှတစ်ပါး သူ့တွင် အခြား ရွေးချယ်စရာမရှိပါပေ။

“ကောင်းပြီ။ ငါ ပေးမယ်။”

ခန်းရှသည် လက်ခုပ်တီးကာ အပြုံးဖြင့် ပြောလိုက်သည်။

“ဉာဏ်ပညာရှိတဲ့ အမျိုးသားတွေက အခြေအနေကို ဘယ်လိုဖြေရှင်းဆောင်ရွက်ရမလဲဆိုတာ အမြဲသိကြတာပဲ။ ငွေကြေးက အသိဉာဏ်မရှိတဲ့ အရာတစ်ခုဖြစ်ပြီး အဖိုးအဖြတ်နိုင်တဲ့ အရာတော့ မဟုတ်ပါဘူး။ ရှင် အသက်ရှင်နေသရွေ့ ဒါကို အမြဲ ရှာဖွေနိုင်တယ်။”

ဖျော့တော့သော အမူအရာဖြင့် ကျူးထျန်းချန်းသည် အားဆုတ်ယုတ်စွာ တုံ့ပြန်လိုက်သည်။

“၁၀၀ မီလီယံက ငါ့အတွက် ပမာဏများတာမို့လို့ စုဆောင်းဖို့ အချိန်တစ်ခုတော့ ငါ့ကို ပေးပါ။ ပြည့်တာနဲ့ ငါ မင်းဆီကို ချက်ချင်း ပို့ပေးပါမယ်။”

ခန်းရှ၏မျက်နှာအမူအရာ ပြောင်းသွားကာ အေးစက်သောအသံဖြင့် ပြောလိုက်သည်။

“ရှင်က ကျွန်မတို့ကို ၃နှစ်ကလေးတွေများ မှတ်နေလား။ ကျွန်မတို့က အလွယ်တကူ ပျောက်ပျက်ပေးရမှာလား။ ကျွန်မ ရှင့်ကို နာရီဝက်အချိန်ပေးမယ်။ အဲ့ဒီအချိန်အတွင်း ကျွန်မရဲ့သူဋ္ဌေးဆီကို ရှင် ၁၀၀ မီလီယံ မပေးရသေးဘူးဆိုရင် ရှင့်ဆီက လျော်ကြေးယူဖို့ မလိုတော့ဘူး။”

“ငါ…”

ကျူးထျန်းချန်း ပါးစပ်ကြီး ဟလျက် ကျန့်ဖုန်းအား အကူအညီအတောင်းသည့်အနေဖြင့် ကြည့်လိုက်သည်။

ကျန့်ဖုန်းသည် စိတ်တွင်းမှ သက်ပြင်းချလိုက်မိသည်။ သည်နေ့တွင် ထန်ရှုအား စိတ်ကျေနပ်အောင် မပြုလုပ်ပေးနိုင်ပါက ထိုပြသနာသည် အေးချမ်းစွာ ပြီးဆုံးသွားမည် မဟုတ်သည်ကို သူ သိလေသည်။ သူသည် ချက်ချင်း ဖြည်းညှင်းစွာ ပြောလိုက်သည်။

“လျော်ကြေး ငါ စိုက်ပေးပါမယ်။ ပြသနာတွေကို ဒီနေ့မှာပဲ အဆုံးသတ်လိုက်ရအောင်။”

ထန်ရှုသည် ခန်းရှအား ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။ သူသည် သည်အမျိုးသမီး၏လိမ်မာပါးနပ်မှုအား ကြိတ်ကာ လေးစားလိုက်မိသည်။ သူမသည် အခြားသူများ၏ခွန်အားဖြင့် ငွေညှစ်ယူသည်ဆိုသော်ငြားလည်း ထိုအရာသည် အမှန်တကယ် အလုပ်ဖြစ်ပေသည်။ သူမ၏နှုတ်ဖျားမှ ထွက်လာသော စကားများကြောင့် ၁၀၀မီလီယံ ရရှိခဲ့ပြီဖြစ်သည်။ ခမ်းနားသော ထန် စီးပွားရေးလုပ်ငန်းစုသည် ဖွံ့ဖြိုးမှုလုပ်နေဆဲကာလ ဖြစ်သောကြောင့် အမှန်တကယ်ပင် ငွေလိုနေပေသည်။ သည်၁၀၀မီလီယံနှင့်ဆိုပါက ပိုမိုအရေးကြီးသော လိုအပ်ချက်များအား လုံလောက်မှု ရှိလိမ့်မည်ဟု သူ ယုံကြည်သည်။

“ခန်းရှ… သူတို့ကို ကျွန်တော်တို့ရဲ့အကောင့်နံပါတ် ပေးလိုက်ပါ။ သူတို့ ကျွန်တော့်ကို မလိမ်ဘူးလို့ ယုံကြည်တယ်။ သွားကြစို့။ ဒီနေ့ ကျွန်တော် အချိန်တွေ အများကြီး ဖြုန်းမိသွားပြီ။ သူငယ်ချင်းတွေတောင် စောင့်နေသေးရဲ့လားမသိဘူး။”

ထန်ရှုသည် မတ်တတ်ရပ်လိုက်ကာ ကျန့်ဖုန်းအား တစ်ချက်မျှ မကြည့်တော့ဘဲ ခြေလှမ်းကြဲကြီးများဖြင့် ထွက်ခွာသွားတော့သည်။

ကျန့်ဖုန်း၏အမူအရာ ပြောင်းသွားပြီး ကျယ်လောင်စွာ မေးလိုက်သည်။

“သခင်လေး… မင်းရဲ့နာမည် ငါ့ကို မပြောရသေးဘူး။”

“ကျွန်တော့်နာမည် ထန်ရှု။ ခင်ဗျားရဲ့လူတွေကို ကျွန်တော့်ကို ရန်မစသင့်တဲ့အကြောင်း သတိပေးထားလိုက်ဦး။ နို့မဟုတ်ရင် အားလုံးကို သတ်ပစ်ဖို့ ကျွန်တော် ဝန်လေးနေမှာ မဟုတ်ဘူး။”  လမ်းလျှောက်ရင်းဖြင့်ပင် ထန်ရှု ဖြေသွားသည်။

ထန်ရှု…

ထိုနာမည်သည် ကျန့်ဖုန်း၏စိတ်အတွင်းတွင် နက်ရှိုင်းစွာ အမြစ်တွယ်ဝင်သွားတော့သည်။

အခြားဘက်တွင် ရန်ရှန်ယုသည် ထန်ရှု၏နောက်ကျောအား စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်နေခဲ့သည်။ ရိုးရှင်းစွာပင် ထိုနာမည်အကြောင်းအား သူ သတိမရ မတွေးတောမိချေ။ သူ၏ရင်ထဲတွင် သိလိုစိတ်ပြင်းပြနေသည်မှာ ထိုလူငယ်၏နောက်ခံအမျိုးအစားပင် ဖြစ်တော့သည်။ သူ့ထံတွင် ကျွမ်းကျင်သိုင်းပညာရှင် အယောက်၂၀အား သက်တော်စောင့်အဖြစ် ရှိထားရုံသာမက သူ၏ကိုယ်ပိုင်ခွန်အားသည်ပင် ကြောက်စရာကောင်းလှချေသည်။

မိနစ်အနည်းငယ်ကြာပြီးသော်…

မြင့်မားသောနဂါးသိုင်းသင်တန်းကျောင်း၏လေ့ကျင့်ရေးကွင်းတွင် လက်တစ်ဆုပ်စာမျှ လူအနည်းငယ်သာ ကျန်ရှိတော့သည်။ ကျန့်ဖုန်းသည် ထန်ရှု ထိုင်ခဲ့သော နေရာဆီသို့ လျှောက်သွားပြီးနောက် ကျူးထျန်းချန်းအား ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

“သိုင်းပညာ ယှဉ်ပြိုင်ရာမှာ ရှုံးတာ သာမန်ကိစ္စလေးတစ်ခုမို့ မင်း ရှုံးတဲ့အတွက် ငါ မင်းကို အပြစ်မတင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မင်းက ပြိုင်ဖက်ထက် မသန်မာတာကြောင့်ပဲ။ ဒါပေမယ့် မင်းက မမျှော်လင့်ဘဲ လက်စားချေဖို့အတွက်နဲ့ လူမိုက်အဖွဲ့တစ်ဖွဲ့ကို ဖွဲ့ခဲ့တယ်။ ကျောင်းနာမည်ကို အလွဲသုံးစားလုပ်ခဲ့တယ်။ ဒါက မဖြစ်သင့်ဘူး။ မင်းတို့၅ယောက်အတွက် ယွမ်၁၀၀မီလီယံ ငါ ပေး ပေးမယ်။ဒါပေမယ့် မင်းတို့အားလုံးက ငါ့သိုင်းသင်တန်းကျောင်းက တပည့်တွေ မဟုတ်တော့ဘူး။ ကျောင်းရဲ့နာမည်ကို မင်းတို့ သုံးပြီး ဥပဒေကို ချိုးဖောက်တဲ့နေရာမှာ၊ ပြစ်မှုကျူးလွန်တဲ့နေရာမှာ သုံးရဲရင် ဘယ်သူမှ မနှိမ်နင်းရင် ငါကိုယ်တိုင် မင်းတို့ကို လာသတ်မယ်။ ကျန်တဲ့၄ယောက်ကို နှိုးပြီး အခု ထွက်သွားကြတော့။”

“ဆရာ…”

ကျူးထျန်းချန်းသည် ဖျော့တော့သွားလျက် နာကျင်သွားရသည်။ သူသည် တံတွေးတစ်ချက် မျိုချလိုက်ကာ ခေါ်လိုက်မိသည်။

ကျန့်ဖုန်းသည် ဒေါသဖြင့် အော်လိုက်သည်။

“ပါးစပ် ပိတ်ထား။ ငါက မင်းရဲ့ဆရာ မဟုတ်တော့ဘူး။ ငါ ပြောတဲ့စကားက မရှင်းလို့လား။ အခုချက်ချင်း ထွက်သွားတော့။”

ကျူးထျန်းချန်း၏နှုတ်အစုံသည် တဆတ်ဆတ်တုန်ရီလျက် သူသည် နောက်ဆုံးတွင် ကျန့်ဖုန်းအား ၃ကြိမ်တိတိ ဦးတိုက်အရိုအသေပေးလိုက်သည်။ ထို့နောက် ကျိုးနေသော ခြေထောက်များနှင့် သူ၏အခြားညီအစ်ကို၄ယောက်ဆီသို့ ထော့ကျိုး ထော့ကျိုး လျှောက်သွားလိုက်ပြီး ထိုသူများအား နှိုးလိုက်ကာ ခေါင်းငိုက်စိုက်ချလျက် ထွက်ခွာသွားတော့သည်။

ကျန့်ဖုန်းသည် သူ၏ဘေးတစ်ဖက်တွင် ရှိနေသော အခြားတပည့်တစ်ယောက်အား ကြည့်ကာ

တည်ကြည်စွာ ပြောလိုက်သည်။

“ဖေ့ချန်နဲ့ကျန်တဲ့၃ယောက်ကို ငါ့ကို လာတွေ့ဖို့ လူလွှတ်ပြီး ပြောလိုက်။ သူတို့ ဘယ်နေရာမှာပဲရောက်နေနေ ငါ့ကို အခု လာတွေ့ရမယ်လို့ပါ ပြောလိုက်ချေ။”

“ဟုတ်ကဲ့ ဆရာ။”

ထိုတပည့်သည် နာခံစွာဖြင့် အခြား တပည့်များအား နှုတ်ဆက်ကာ လျင်မြန်စွာ ထွက်သွားတော့သည်။

ရန်ရှန်ယုသည် ဒေါသထွက်နေသော ကျန့်ဖုန်းအား ကြည့်ကာ သက်ပြင်းကြိတ်ချလိုက်သည်။ သူ၏ပခုံးအား ဖွဖွပုတ်လျက် မချိပြုံးဖြင့်

“ကောင်းကင်တစ်ခုရဲ့အထက်မှာ အခြားကောင်းကင်တစ်ခု အမြဲရှိနေသလို ငါတို့ထက် တော်တဲ့လူတစ်ယောက်လည်း အမြဲတမ်း ရှိတယ်။ ငါတို့အားလုံး ဒီစကားတွေကို နားလည်ကြတယ်။ လူငယ်နှင့် မယှဉ်ပြိုင်ခဲ့ရလို့ သူ့ရဲ့စွမ်းရည်ကို မသိခဲ့ရပေမယ့် သူတို့တွေက အမှန်တကယ် စွမ်းအား ကြီးကြတယ်။ အဲ့ဒါကြောင့် တစ်ဖက်က ဖြစ်စေချင်တဲ့အတိုင်း အဆုံးသတ်ပေးလိုက်တာ ကောင်းပါတယ်။”

ကျန့်ဖုန်းသည် ခေါင်းကိုညိတ်လျက် ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။

“ဒီနေ့ ငါ့ထက် ပိုပြီး အစွမ်းကြီးတဲ့သူအချို့နဲ့ အမှန်တကယ်တွေ့ခဲ့တယ်ဆိုတာ ဝန်ခံပါတယ်။ အဲ့ဒါကြောင့် ငါ ရှုံးသွားတာ အံ့သြစရာ မရှိပါဘူး။ ဒါပေမယ့် သူ့နာမည်ကို ဘာကြောင့် ရင်းနှီးနေတယ်လို့ ခံစားနေရတာပါလိမ့်။”

ရန်ရှန်ယု ဇဝေဇဝါဟန်ဖြင့်  “ဘာနာမည်လဲ။”

“သူ ပြန်ထွက်သွားတော့ သူ့နာမည်ကို လူငယ်ကပြောလိုက်တာ မင်း မကြားလိုက်ဘူးလား။”

ကျန့်ဖုန်း ပြောလိုက်သည်။

သူ့ကို ဘယ်လိုခေါ်တာပါလိမ့်။

ရန်ရှန်ယု ဖြည်းဖြည်းချင်း စဉ်းစားလိုက်သည်။ တစ်ခဏအတွင်းမှာပင် သူ၏မျက်ဝန်းအစုံသည် ဝိုင်းစက်ကာ ကျယ်လာသည်။ မယုံကြည်နိုင်ဟန်ဖြင့် ကျယ်လောင်စွာ ရွတ်ဆိုမိသည်။

“ထန်ရှု မဟုတ်လား။ သူ ပြောသွားတာ သူ့နာမည်က ထန်ရှု မဟုတ်လား။”

“ဟုတ်တယ်။ အဲ့ဒီနာမည်ပဲ။” ကျန့်ဖုန်း ပြောလိုက်သည်။

ရန်ရှန်ယု မျက်တောင်ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားပြီး စကားဆက်မပြောတော့ဘဲ အပြင်ဘက်သို့ တစ်ရှိန်ထိုး လိုက်သွားတော့သည်။ သို့သော် သူ တံခါးဂိတ်သို့ ရောက်သောအခါ ထန်ရှုနှင့် သူ၏လူများသည် မရှိကြတော့ချေ။

“မင်း..ဘာဖြစ်လို့လဲ။”  ကျန့်ဖုန်း ဇဝေဇဝါဖြင့် မေးလိုက်သည်။

မချိပြုံး ပြုံးလျက် ရန်ရှန်ယု ပြန်ပြောပြသည်။

“ဒီအဖြစ်အပျက်တွေမတိုင်ခင်က ငါ ဘာပြောခဲ့လဲ မင်းမှတ်မိသေးလား။ ငါ ကြယ်တာရာကို လာရတဲ့ရည်ရွယ်ချက်က ထန်ရှုလို့ခေါ်တဲ့ နတ်ဆေးသမားတော်တစ်ယောက်ကို ရှာဖို့ဆိုတာလေ။ အခုလူငယ်လေးကလည်း ထန်ရှုလို့ခေါ်တယ်။ အသက်ကလည်း ငါရှာနေတဲ့သူနဲ့အတူတူလောက် ၂၀၀န်းကျင်ပဲ။ ငါ ခန့်မှန်းတာ မမှားရင် ဒီလူငယ်လေးက ငါ ရှာနေတဲ့သူပဲ ဖြစ်ရမယ်။”

“သူလား…”

ကျန့်ဖုန်း မျက်လုံးများဝိုင်းစက်ကာ အာစေးမိသွားသကဲ့သို့ ဖြစ်ပြီး သူ၏မျက်နှာတွင် ယုံကြည်ရန်ခက်ခဲမှုအရိပ်အယောင် ပေါ်ထွက်လာလေသည်။

ရန်ရှန်ယု ပြောလိုက်သည်။

“အဲ့ဒါ မှန်နိုင်တယ်။ အာ ဟုတ်ပြီ။ မင်းနဲ့ ကြယ်တာရာဆေးရုံအုပ်ကြီး ရင်းနှီးတယ်မဟုတ်လား။ သူ့ကို ဖုန်းခေါ်ပြီး မေးကြည့်ရအောင်။ သူသာ ထန်ရှုကို သိမယ်ဆိုရင် ထန်ရှု ဘယ်လိုလူစားမျိုးလဲ ဆိုတာ သူ့ကို မေးကြည့်လို့ ရနိုင်တယ်။”

“ကောင်းပြီ။”

ကျန့်ဖုန်းသည် လီဟွန်ဂျီ၏ဖုန်းနံပါတ်အား ဆက်သွယ်လိုက်သည်။ အာလာပသလာပ ပြောကြပြီးနောက် သူက မေးမြန်းလိုက်သည်။

“သူငယ်ချင်းဟောင်းရေ…ငါ့မှာ မင်းကို မေးချင်တာလေးတွေရှိနေတယ်။”

“အာ… ဘာများလဲ။”  လီဟွန်ဂျီ၏အသံသည် ဖုန်းထဲမှ ထွက်လာသည်။

ကျန့်ဖုန်း ပြောလိုက်သည်။

“ကျင်းမန်ကျွန်းမှာ နတ်ဆေးသမားတော်ဆိုပြီး လွန်ခဲ့တဲ့အချိန်ကာလအနည်းငယ်က ပေါ်ပေါက်လာတယ်လို့ ငါ ကြားတယ်။ သူ့နာမည်က ထန်ရှုလို့ခေါ်ပြီး ကြယ်တာရာမြို့က လာတယ်လို့ သိရတယ်။ မင်းက ကြယ်တာရာက တရုတ်တိုင်းရင်းဆေး ဆေးရုံအုပ်ကြီးဆိုတော့ ဒီကြယ်တာရာသမားတော်တွေထဲက လူသစ်တွေ လူဟောင်းတွေကို မင်း သိနိုင်တယ်မဟုတ်လား။ အဲ့ဒါကြောင့် ကြယ်တာရာက လာတဲ့ ဒီလူငယ်လေးအကြောင်း မင်းများ သိလေမလားလို့။”

လီဟွန်ဂျီသည် ကြည်လင်ပြတ်သားစွာ ရယ်မောလိုက်ပြီး

“မင်းက တကယ့်ကို စကားတတ်တာပဲကွ။ လူအများက နတ်ဆေးသမားတော်လို့ သိကြတဲ့ ထန်ရှုက သေချာပေါက်ကို ငါတို့ ကြယ်တာရာဆေးရုံအသိုင်းအဝန်းကပါ။ ဒါနဲ့ မင်းတို့ ထန်ရှုကို ဘာလို့ ရှာနေကြတာလဲ။”

ကျန့်ဖုန်း ပျော်ရွှင်သွားပြီး အမြန်မေးလိုက်သည်။

“သူ ဘယ်ဆေးရုံမှာ လုပ်နေလဲ။ ကြည့်ရတာ မင်းနဲ့ အတူတွဲလုပ်နေရော့သလား။”

လီဟွန်ဂျီသည် ရယ်မောလိုက်ပြီး

“မင်းက အလျင်စလိုရှိလိုက်တာကွာ။ ဘာပဲဖြစ်ဖြစ် မင်း လဝက်လောက်တော့ စောင့်ရလိမ့်မယ်။ သူက ကောလိပ်ဝင်ခွင့်စာမေးပွဲ အရင်ဖြေဖို့ရှိနေတယ်။ ပြီးရင်တော့ မင်းတို့ ငါ့ဆေးရုံကိုလာပြီး သူနဲ့တိုင်ပင်ဆွေးနွေးနိုင်တယ်။ အဖိုးကြီးကျန့်… ငါ ထန်ရှုကို ဘယ်လောက်တောင် ကြိုးစားအားထုတ်ပြီး ခေါ်ရလဲဆိုတာ မင်း သိမှာမဟုတ်ပါဘူး။ အဲ့ဒီလူငယ်လေးက ရှာမှ ရှားတဲ့ ထက်မြက်တဲ့ဆေးပညာအသိအမြင်ရှိတယ်။ ဒါပေမယ့် သူက ဆရာဝန်အဖြစ် အသက်မွေးဝမ်းကျောင်းမှု မလုပ်ချင်လို့ ငါံတို့ဆေးရုံမှာ သူ့ရက်နဲ့သူ လာပြီး လူနာကြည့်ပေးလိမ့်မယ်။”

ကျန့်ဖုန်း တုန် လှုပ်သွားကာ မေးလိုက်သည်။

“သူက ကျောင်းသားတစ်ယောက်လား။ အထက်တန်းကျောင်းသားတွေမှသာ ကောလိပ်ဝင်ခွင့် ဖြေရတာမဟုတ်လား။”

“ဟုတ်တယ်။” လီဟွန်ဂျီ ဖြေလိုက်သည်။

တစ်ခဏမျှ ချီတုံချတုံဖြစ်သွားပြီးနောက် ကျန့်ဖုန်းသည် လေသံနှိမ့်ကာ ပြောပြလိုက်သည်။

“အဖိုးကြီး လီ… သူ့ကို ဆက်သွယ်စရာ နည်းလမ်းလေးဘာလေး မရှိဘူးလား။ ငါ့သူငယ်ချင်းက သူနဲ့တွေ့ပြီး လူနာကို ကုသဖို့ မေးချင်တာပါ။”

“ဒါ…  ။   ကောင်းပြီလေ။ ငါ သူ့ရဲ့ဖုန်းနံပါတ် မင်းကို ပေးလိုက်မယ်။ ဒါပေမယ့် မင်းရဲ့သူငယ်ချင်းကို ပြောလိုက်ဦး။ သူ့ဖုန်းနံပါတ်ကို မဖောင်းပွစေနဲ့၊ သူ့ကိုလည်း သွားမရှုပ်စေနဲ့ဦးလို့။ နို့မို့ဆို ဒီချာတိတ်က စိတ်ဆိုးသွားဦးမယ်။”

လီဟွန်ဂျီ အကြံပေးလိုက်သည်။

“အေးပါကွာ။ ကျေးဇူးပါ သူငယ်ချင်းရေ။ တစ်ရက် ငါတို့ အတူ သောက်ဖို့ မင်းကို လာခေါ်ဦးမယ်။”

“ဟား..ဟား..ဟား… ငါ စောင့်နေပါမယ်။”

ဖုန်းချပြီးသွားသည်နှင့် ကျန့်ဖုန်းသည် ရန်ရှန်ယုအား မချိပြုံးဖြင့် ပြောလိုက်သည်။

“မင်း ခန့်မှန်းတာ မှန်တယ်။ အဲ့ဒီလူငယ်လေးက အမှန်တကယ်ကို နတ်ဆေးသမားတော် ထန်ရှုပဲ။”

သမားတော်တစ်ယောက်… အထူးသဖြင့် ငယ်ရွယ်နုပျိုသော နတ်ဆေးသမားတစ်ယောက်အား အမှားပြုလုပ်မိခြင်းသည် ဧကန်မုချပင် ကျန့်ဖုန်း အမြဲလုပ်လေ့မရှိသော အရာ ဖြစ်သည်။  သည်နေ့ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်သည် သူ့အတွက် မမျှော်လင့်ဘဲ ရောက်လာသော ကံဆိုးမိုးမှောင်ကျခြင်းဖြစ်သည်ဟုပင် သူ ရုတ်တရက် ခံစားမိရသည်။

ကူကယ်ရာမဲ့ဟန်ဖြင့် ရန်ရှန်ယု စကားဆိုလိုက်သည်။

“အိုက်ယား… ကြည့်ရတာ ဒီနေ့ ငါ့ရဲ့ကြားဝင်ပါလိုက်မှုက အမှန်တကယ်ကို ဒုက္ခဖန်တီးလိုက်မိဟန်ရှိတယ်။ ပြီးတော့ ဒီလူငယ်ရဲ့ပင်ကိုစရိုက်တွေ၊ စိတ်နေသဘောထားတွေ ငါ တကယ်ကို မသိဘူး။ ငါ အရဲစွန့်ပြီး သူ့ဆီအကူအညီသွားတောင်းရင် အဲ့ဒီကလေး ငါ့ကို လစ်လျူရှုထားမှာ စိုးရိမ်မိတယ်။”

ကျန့်ဖုန်း၏မျက်နှာထက်တွင် တောင်းပန်ဟန်ပေါ်လာပြီး

“သူငယ်ချင်းဟောင်း… ဒါ ငါ့ရဲ့အမှားပါ။ မင်းကိုပါ ဒီပြသနာထဲ ပါဝင်စေမိတယ်။ အခြေအနေတွေက အဲ့လိုဖြစ်လာခဲ့ပြီဆိုရင် ငါ မျက်နှာပူပူနဲ့ အရှက်မရှိစွာဘဲ သူ့ဆီ ကိုယ်တိုင်သွားပြီးတော့ သူ ဘာပဲလိုချင် လိုချင် အစွမ်းကုန်ကြိုးစားပြီး တောင်းဆိုပေးပါမယ်။”

ရန်ရှန်ယု ခေါင်းကို ယမ်းလိုက်ပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

“ဒီဟာကိုတော့ တွေးရုံတွေးထားပြီး နောက်မှ ပြောကြတာပေါ့။”

ကျန့်ဖုန်း အမူအရာ ပြောင်းသွားပြီး အလျင်စလို ပြောလိုက်သည်။

“လီဟွန်ဂျီက ငါ့ကို ပြောတယ်ကွ ထန်ရှုက ဒီ၂ပတ်အတွင်း ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေဖို့ရှိတယ်တဲ့။ အဲ့ဒါပြီးသွားရင် သူ ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံကြီးမှာ သူ့ရက်နဲ့သူ လူနာ လာကြည့်ပေးလိမ့်မယ်။ မင်းရဲ့မိန်းမကို ဒီကို ခေါ်လာရင် ဘယ်လိုလဲ။ သူ ဘယ်ရက်တွေ ဆေးရုံလာကြည့်မလဲ စုံစမ်းပြီး မင်းမိန်းမကို စာရင်းပေးထားလိုက်လို့ရမယ်။ မင်း ဘယ်လိုသဘောရလဲ။”

ရန်ရှန်ယု၏မျက်လုံးများ အရောင်လက်သွားပြီး ချက်ချင်းပင် ခေါင်းအထပ်ထပ် ညိတ်လိုက်သည်။

“အရမ်းကောင်းတဲ့ အကြံဉာဏ်ပဲကွ။ သူသာ ငါ့မိန်းမကို ကုသပေးနိုင်ခဲ့ရင် သူ့အတွက် အရမ်းကောင်းမွန်ကြီးကျယ်တဲ့ လက်ဆောင်တစ်ခု ပြင်ဆင်ပေးထားမယ်။”

လူအယောက်၂၀အား ခေါ်ဆောင်ကာ မြင့်မားသော နဂါးသိုင်းသင်တန်းကျောင်းမှ ပြန်လာကြသော ထန်ရှုနှင့် ခန်းရှသည် တောင်တံခါးမြို့အိမ်ရာသို့ ပြေးဆွဲသော ဘတ်စ်ကားအား စီးလာခဲ့သည်။ သူတို့သည် အမြန်ပြန်ကာ အနားယူရန် လိုအပ်နေပြီဖြစ်သည်။

နောက်ဆုံးတန်း ထိုင်ခုံများတွင် အတူတကွ ထိုင်ရင်း ထန်ရှုသည် ခန်းရှဆီမှ သင်းပျံ့သော ရနံ့ဖျော့ဖျော့အား ခံစားရရှိလေသည်။ နှုတ်ခမ်းများ ကော့တက်သွားအောင် သူ ပြုံးလျက် ခန်းရှအား စကားဆိုလိုက်သည်။

“ဒီနေ့ည ပြဇာတ်က အတော်ကောင်းတယ်မဟုတ်လား။ ငါတို့ လက်မှတ်ဝယ်စရာမလိုဘဲ ၁၀၀မီလီယံတောင်မှ ရခဲ့သေးတယ်။”

ခန်းရှသည် နူးညံ့စွာ ပြုံးလျက်

“အမှန်ပဲ။ တကယ်မိုက်တယ်။ နင့်လို သူဋ္ဌေးတစ်ယောက်ရှိတာ တကယ်ကို ကောင်းတယ်။ ရုံးဆင်းသွားပြီး ငါတို့အားလပ်ချိန်တွေမှာ နေ့တိုင်း အဲ့ဒီလိုပြဇာတ်မျိုးတွေ ကြည့်ဖို့ ငါ့ကို ခေါ်သွားပေးရင်ရော။ အဲ့ဒါဆို နေ့တိုင်း ငါ ပိုက်ဆံတောင်းလို့ ရနိုင်တယ်။”

ထန်ရှုသည် ကြက်သေ သေလျက် ရယ်ရအခက် ငိုရအခက် ဖြစ်သွားပြီးမှ ပြန်ဖြေလိုက်သည်။

“ခင်ဗျားရဲ့ဉာဏ်ကောင်းမှုက ဘယ်ရောက်သွားပြီတုန်း။ နေ့တိုင်း ဒီလိုအဖြစ်မျိုးတော့ ဘယ်လိုကြုံမလဲဗျာ။ ဒီနေ့ခေတ်လူတွေက ပိုပြီး လိမ်မာပါးနပ်လာကြတော့ ဒီလိုရူးမိုက်မှုမျိုးလာဖို့က အတော်ခက်တာကလား။ ပြီးတော့ လူတွေသာ ကျွန်တော့်ကို ရှာပြီး ပြသနာဖန်တီးဖို့ လာ လာနေကြရင် အဲ့ဒါတွေနဲ့ စိတ်အနှောင့်အယှက်ဖြစ်ပြီး ကျွန်တော် သေနိုင်တယ်။”

ခန်းရှသည် လှလှပပပြုံးလိုက်ပြီး စကားဆိုလိုက်သည်။

“ဟုတ်ပါတယ်။ စိတ်အနှောင့်အယှက်ဖြစ်ရတာကလည်း အမှန်တကယ်ကို ညှင်းဆဲခံနေရသလိုပါပဲ။ ဒါပေမယ့် ဒါကို ပျော်ရွှင်စရာကောင်းတဲ့ နာကျင်မှုတစ်ခုလို့ နင် တွေးမကြည့်ဘူးလား။ ကျွတ်… ကျွတ်.. မြင်ယောင်ကြည့်လိုက်စမ်းပါ။ တစ်နေ့ကို ယွမ် မီလီယံ၁၀၀နော်။ အဲ့ဒီနှုန်းအတိုင်း ၃နှစ် ဒါမှမဟုတ် ၅နှစ်သာ ဖြစ်သွားရင် နင်က ငါတို့တိုင်းပြည်ရဲ့ အမြင့်ဆုံး ငွေရှာနိုင်သူတင်မဟုတ်ဘဲ ကမ္ဘာ့အချမ်းသာဆုံးလူတောင် ဖြစ်သွားလိမ့်မယ်။ ဘီလ်ဂိတ်တောင်မှ နင့်ကို မော့ကြည့်နေရမှာ။ ငါ ပြောတာ မမှန်ဘူးလား။”

***

All Chapters