← Chapters

တန်ဖိုးထက် ကျော်လွန်သော

Vol. 04 Ch. 156

တန်ဖိုးထက် ကျော်လွန်သော

Vol. 04 Ch. 156

ထန်ရှုသည် ဆတ်ကနဲ ပြောလိုက်သည်။

“ဘီလ်ဂိတ်က ခင်ဗျားသိသလောက်လေး နည်းနည်းပဲ ပိုင်ဆိုင်တာ မဟုတ်ဘူး။ ကဲပါဗျာ။ အဲ့ဒီအကြောင်း ရပ်ကြရအောင်။ ဒါနဲ့ အခု ကျန်းမာရေးအထောက်အကူပြု ထုတ်ကုန်ရဲ့ ထုတ်လုပ်နည်းနဲ့ သက်တော်စောင့်လူတွေကို ခင်ဗျားဆီ လွှဲလိုက်ပြီးရင် ကောလိပ်ဝင်ခွင့် စာမေးပွဲအတွက် ကျွန်တော် အာရုံစိုက်တော့မှာမို့ ခင်ဗျားပဲ ကိစ္စအ၀၀ကို တာဝန်ယူတော့နော်။ ကျွန်တော့်ကို မနှောင့်ယှက်တော့နဲ့။”

ခန်းရှသည် လှပပြီး ချစ်စရာကောင်းသော အမူအရာအား ပြုမူလိုက်ကာ ထန်ရှုနှင့်ပတ်သက်ပါက မည်သို့လုပ်ရမည်ကို မသိသောကြောင့် နှာခေါင်းတစ်ချက်ရှုံ့ကာ ပြောလိုက်သည်။

“ဟွန့်… နင့်လို သူဋ္ဌေးတစ်ယောက်ကို ငါ အရင်တုန်းက တစ်ခါမှ မမြင်ဖူးပါဘူး။ ဘာတစ်ခုမှ မလုပ်ပဲနဲ့ သူများကိုပဲ မျက်နှာပြောင်ပြောင်နဲ့ တိုက်ရိုက်ကို အလုပ်တွေ လွှဲနေတော့တာပဲ။ ငါ့လိုမျိုး လှပပြီး ထူးချွန်ရင့်ကျက်တဲ့ အမျိုးသမီးတစ်ယောက်က နင့်အလုပ်တွေကို လုပ်ပေးနေတာ အနည်းဆုံးတော့ ပျော်စရာကောင်းတယ်လို့ နင် မခံစားရဘူးလား။”

ထန်ရှုသည် နှာခေါင်းရိုးအား ထိလိုက်ကာ ခပ်ဖွဖွ ပြုံးလိုက်ရင်း

“တစ်စုံတစ်ယောက်က ပြောတာကို ကျွန်တော် မှတ်မိနေသေးတယ်။ ဘာတဲ့… မိန်းမတစ်ယောက်ရဲ့အသည်းနှလုံးဟာ ပျားတစ်ကောင်ရဲ့အဆိပ်မြီးထက် ပိုပြီး အဆိပ်ပြင်းတယ်ဆိုလားပဲ။ ပန်းလေးတွေလိုပဲ သူတို့က ပိုလှပြီး နူးညံ့ကြင်နာတတ်လေလေ သူတို့ရဲ့အဆိပ်က ပိုပြင်းလေလေတဲ့။ ဒါနဲ့… အဲ့လိုအဆိပ်မျိုးက ဆွဲဆောင်ဖို့ ကျွန်တော်က ငယ်လွန်းတယ်လို့ ခင်ဗျား မတွေးကြည့်ဘူးလား။”

“ဟာ..ဟား..ဟား..”

ခန်းရှသည် မရယ်ဘဲ မနေနိုင်တော့သဖြင့် အသံထွက်အောင်ပင် ရယ်မောလိုက်မိသည်။ ယခင်က သူမသည် ထန်ရှုသည် စကားပြောကောင်းသူတစ်ယောက်ဖြစ်လိမ့်မည်ဟု မသိထားခဲ့ချေ။ ထန်ရှုနှင့် ပိုမိုဆက်သွယ်ဆောင်ရွက်ရလေလေ ထန်ရှု၏ လျှို့ဝှက်ဆန်းကြယ်မှုတွေကို တွေ့လာရလေလေ ဖြစ်သည်။ ထိုသည်ကပင် သူမ၏စိတ်ဝင်စားမှုအား မြင့်တက်လာစေသည်။ ခန်းရှသည် ရုတ်တရက် သူ့အား မှီလိုက်သောကြောင့် သူမ၏မျက်ဝန်းများသည် မှေးစင်းလာခဲ့သည်။ သူမ၏ဆွဲဆောင်မှုရှိသော နှုတ်ခမ်းများသည် ထန်ရှု၏နားအနားသို့ ပိုမိုနီးကပ်လာခဲ့ပြီး တီးတိုးစကားပြောလိုက်မှုကြောင့် ခန်းရှ၏အသက်ရှူလေနွေးနွေးလေးသည် ထန်ရှု၏နားအတွင်းတွင် ရိုက်ခတ်သွားခဲ့သည်။

“သူဋ္ဌေး… နင်က တကယ်ကို လျှို့ဝှက်ဆန်းကြယ်တာပဲ။ အထက်တန်းကျောင်းသား တစ်ယောက်နဲ့ကို မတူဘူးရယ်။ စွမ်းအားကြီးတဲ့ နင့်ရဲ့သိုင်းပညာကို ဘယ်ကနေ သင်လာတာလဲဆိုတာ ငါ့ကို ပြောနိုင်မလား။ နောက်ပြီး နင် ခေါ်လာတဲ့ လုံခြုံရေး သက်တော်စောင့်တွေက ဘယ်ကနေလာတာလဲ။ သူတို့နောက်ခံအကြောင်းအရာက ဘာလဲဆိုတာကိုရောပေါ့။”

ထန်ရှုသည် ခန်းရှအား အသာတွန်းဖယ်လိုက်ပြီး ဆတ်ကနဲ ပြောလိုက်သည်။

“ကျွန်တော့်ကို သွေးဆောင်ဖျားယောင်းဖို့ မကြိုးစားပါနဲ့။ ကျွန်တော်က ငယ်သေးတယ်.. ပြီးတော့ ကျွန်တော့်ရဲ့ ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်စွမ်းက အတော် အားနည်းပါသေးတယ်။ ထောင်ချောက်ထဲကျဖို့အတွက် ခင်ဗျား ခြေလှမ်းဝက်ထက်ပိုသွားခဲ့ရင် ကျွန်တော့်ကို ကျွန်တော် ထိန်းနိုင်တော့မှာ မဟုတ်ဘူး။ အဲ့ဒီအခါကျရင် ကျွန်တော်တို့ မဖြစ်ချင်တဲ့ တစ်စုံတစ်ခုကို လုပ်ဖို့ ခင်ဗျားကို အတင်းအကျပ် ဖိအားပေးမိသွားလိမ့်မယ်။ ကျွန်တော့်ရဲ့ သိုင်းပညာနဲ့ သူတို့ရဲ့မူလအစအကြောင်းက အခုအချိန်က ခင်ဗျားကို ပြောဖို့အချိန်မကျသေးဘူးဆိုပေမယ့် နောင်ကျ ခင်ဗျား သိလာပါလိမ့်မယ်။”

ခန်းရှသည် စိတ်နေမြင့်သောအကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ ခါးသီးသော အမူအရာဖြင့် ကြည့်ရန် လှည့်နေလိုက်သည်။ ထန်ရှု၏အရာရာတိုင်းကို သိချင်သဖြင့် ပြုလုပ်ခဲ့သည့်အပေါ် ထန်ရှုမှ ရုန်းထွက်သွားသဖြင့် သူမသည် ထန်ရှုအား ပိုမို အသည်းယားနေပေသည်။ ထို့အပြင် ထန်ရှုအကြောင်း အချိန်တိုင်း စဉ်းစားနေမိခြင်း၊ သူ ဘာလုပ်နေသည် ဘယ်လိုဖြစ်နေသည်ဟု တွေးတောနေမိခြင်း၊ သူ ဆက်သွယ်လာသည့်အတွက် အံ့အားသင့်ရခြင်း၊ သူ၏လျှို့ဝှက်ဆန်းကြယ်မှုများအား တစ်လွှာချင်း ခွာကာ အရာအားလုံးကို သိလိုစိတ်အတွက် စဉ်းစားနေမိခြင်း … စသည်..စသည်တို့သည် သူမအတွက် ပုံမှန်အရာတစ်ခုလို မဟုတ်ဘဲ သူမ တစ်ခုခု ဖြစ်နေသည်ဟုလည်း ခန်းရှ နားလည်သဘောပေါက်သွားခဲ့ရသည်။

“အာ.. ငါ့စိတ်တွေ ဘာတွေ ဖြစ်နေတာလဲ။ ဘာတွေ အတွေးချော်ကုန်တာလဲ။”

ခန်းရှသည် သူမ၏နဖူးအား ရိုက်လိုက်ရင်း ထန်ရှုဘက်လှည့်ကာ လှပပြီး ချစ်စရာကောင်းသော အမူအရာအား ထပ်မံပြုမူလိုက်သည်။

ခဏကြာသော်…

ခန်းရှသည် လုံခြုံရေးသက်တော်စောင့် အယောက်၂၀အား အတည်တကျ ဖြစ်စေရန် စီမံပေးလိုက်ပြီး ခေါင်းဆောင် ကျုံးတိုက်ယွီကိုလည်း ငွေပမာဏတစ်ခု ကြိုထုတ်ပေးခဲ့သည်။ ထို့နောက် သူမ၏ပြိုင်ကားလေးအား ထုတ်ကာ ထန်ရှုအား တောင်တံခါးမြို့အိမ်ရာသို့ လိုက်ပို့ပေးလေသည်။

ကားမောင်းသူနေရာတွင် ထိုင်ကာ ခန်းရှသည် တောင်တံခါးမြို့အိမ်ရာဂိတ်တံခါးဆီသို့ ဝင်သွားသော ထန်ရှု၏နောက်ကျောအား ကြည့်နေမိသည်။ ထန်ရှုသည် တစ်ခါမှ သူ့အိမ်သို့ လာလည်ရန် မခေါ်ဖူးသည်ကို သတိရကာ သူမ၏မျက်လုံးလေးများ ဝိုင်းစက်သွားရသည်။

“အာ… ဘယ်လောက်တောင် ခံစားချက်မရှိလိုက်တဲ့ လူလဲ။ သူက တခြားသူရဲ့ခံစားချက်ကို လိုလိုလားလား လက်ခံတတ်တဲ့ပုံမပေါ်ဘူး။ ဒါမျိုးက သူတို့ရဲ့ ကျန်ရှိတဲ့ဘဝကို အထီးကျန်စွာနဲ့ ကုန်ဆုံးစေချင်တဲ့ လူတွေရဲ့ပုံစံမျိုးလား။”

ခန်းရှသည် သူမ၏ရင်တွင်းမှ ထန်ရှုအား ကြိတ်ကာ မဝေဖန်ဘဲ မနေနိုင်ပါတော့ချေ။

…

ထန်ရှု အိမ်ပြန်ရောက်သောအခါ ယွမ်ချူးလင်၊ ချန်းယန်နန်နှင့် ကျန်၂ယောက်တို့သည် သူ့အား စောင့်နေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။ ထိုသူများအား အဖြူရောင်မုသားတစ်ချို့ပြောကြားပြီး သူတို့၏ကျောင်းစာများအတွက် စတင်ညွန်ပြပေးလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကဆုန်ပေါက်နေသော မြင်းဖြူတစ်ကောင်ကဲ့သို့ အချိန်များ ကုန်လွန်သွားခဲ့သည်။

ထန်ရှုသည် သူ၏နေ့ရက်များအား စိတ်ပျက်ငြီးငွေ့ဖွယ်ကောင်းစွာဖြင့် ကုန်ဆုံးစေခဲ့သည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲသည် လျင်မြန်စွာ နီးကပ်လာခဲ့ရာ ဖြေဆိုရန် ၃ရက်သာ လိုတော့သည်။

ထန်ရှုအတွက် ပျော်စရာကောင်းသောအရာသည် သူ၏မိခင် ဆေးရုံမှ ဆင်းလာပြီး သူမ၏စားသောက်ဆိုင်လေးသည်လည်း အောင်မြင်စွာ ချဲ့လာနိုင်ခဲ့ခြင်းဖြစ်သည်။ နေရာထိုင်ခင်းများစွာ များပြားကြီးမားလာရုံသာမက အပြင်အဆင်သည်လည်း ခမ်းနားလာခဲ့သည်။ ဆေးရုံမှဆင်းပြီး ဒုတိယနေ့တွင် ဆိုင် ပြန်လည် ဖွင့်ရန် စုလင်းယွမ် ဆုံးဖြတ်ခဲ့သည်။

သည်ရက်များတွင် သူသည် ယွမ်ချူးလင်၊ ချန်းယန်နန်နှင့် ကျန်၂ယောက်တို့သည် ခုန်ပျံတိုးတက်လာသောကြောင့် ထို၄ယောက်၏ သင်ခန်းစာလေ့လာမှုများတွင် အာရုံစိုက်ထားသည်။ သူတို့၏တိုးတက်မှုသည် မည်သည့်အတိုင်းအတာထိ ရောက်နေသည်ကို သူ မသိသော်လည်း သူတို့သည် ဝင်ခွင့်စာမေးပွဲ ဖြေဆိုရလျှင်တောင်မှ သူတို့၏ရလဒ်များသည် အတော်ကောင်းမွန်လိမ့်မည်ဟု သူ ယုံကြည်သည်။

ကျန်းချီကျုံးနှင့် လုံကျန့်ယုတို့ထံမှ သတင်းများလည်း သူ ရရှိခဲ့သည်။ စုရှန်းဝမ်နှင့် သူ၏စီးပွားရေးလုပ်ငန်းအား ကန်ထုတ်မည့်အခြေအနေကို ဖန်တီးရန် သူတို့နှစ်ဦး ပူးပေါင်းလက်တွဲခဲ့သည်။ ရှန်းဝမ်လုပ်ငန်း ဒေဝါလီခံရမည့်နည်းတူ စုရှန်းဝမ်အား ထောင်ထဲထည့်ရန် အချိန်သည်  သိပ်မကြာတော့ပေဟု သူတို့၂ဦး ယုံကြည်ထားသည်။

လုံကျန့်ယု၊ ချူယီ၊ ပိုင်ထောင်နှင့် အိုးရန်လူလူတို့နှင့် သူ ပူးပေါင်းဆောင်ရွက်ထားသည့် အဆောက်အဦး စီမံကိန်းသည်လည်း အကောင်အထည်ပေါ်လာပြီဖြစ်ပြီး အစီအစဉ်အတွက် အစောပိုင်းအဆင့်ပင်လျှင် ပြင်ဆင်ပြီးဖြစ်သည်။ ထန်ရှုသည် ဗိသုကာဆိုင်ရာ ဒီဇိုင်းအသေးစိတ်အား သေချာ ဂရုတစိုက် ရေးဆွဲကာ ထိုသူတို့အား ပေးထားပြီးဖြစ်သည်။ စီမံကိန်းတည်ဆောက်ရေးကို မည်သို့စီမံစီမံ၊ နောက်ပိုင်းတွင် မည်သို့ဆောက်ဆောက်  ထို၄ယောက်၏အပိုင်းသာ ဖြစ်တော့သည်။

ကြယ်တာရာအထက်တန်းကျောင်းတွင်…

ထန်ရှုသည် တန်းခွဲ-၁၀တွင် ငြိမ်သက်စွာ လေ့ကျင့်နေလေသည်။ အချိန်ကုန်လွန်လာသည်နှင့်အမျှ သူ၏ကျင့်ကြံမှုအဆင့်သည်လည်း လျင်မြန်စွာ တိုးတက်လျက်ရှိသည်။ နေ့တိုင်း ကြယ်များ၏စွမ်းအားအား စုပ်ယူမှုကြောင့် များပြားလှသောအမှတ်များဖြင့် သူ၏ကြယ်စွမ်းအားမှာ ပိုမို သန်မာလာခဲ့သည်။ သည်အခြေအနေကိုသာ ထိန်းသိမ်းထားနိုင်ပါက အရေပြားသန်မာခြင်းနှောင်းပိုင်းအဆင့်အား အောင်မြင်ရန် အချိန် သိပ်မလိုတော့ဟု သူ ယုံကြည်ချက်ရှိသည်။ ထိုအချိန်မှာပင် နောက်တစ်ဆင့်အား သူ ချိုးဖြတ်နိုင်ချင်နိုင်လိမ့်မည်။

“ထန်ရှု… ဆရာမဟန် နင့်ကို ရှာနေတယ်။”

စာသင်ခန်းထဲသို့ ဝင်လာသော ချန်းယန်နန်သည် သူ့အား မြင်သွားသောတစ်ခဏတွင် တန်းပြောလိုက်သည်။

“ဟမ်… ဆရာမ ငါ့ကို ဘာလို့ရှာတာလဲ။” ထန်ရှုသည် မော့ကြည့်လိုက်ပြီး ဒွိဟဖြစ်သွားဟန်ဖြင့် မေးလိုက်သည်။

“ငါတို့နဲ့ သက်ဆိုင်တာ နေလိမ့်မယ်။ နင်သိတယ်မဟုတ်လား ဆရာမက ငါတို့ကို ဒီနေ့၂နာရီ စောပြီး လာဖို့ ခေါ်ထားတယ်လေ။ ငါတို့ရောက်တော့ ဆရာမက မေးခွန်း၂စုံပေးတယ်။ တစ်စုံက သချာၤ၊ တစ်စုံက နိုင်ငံခြားဘာသာစကား။ ဒါပေမယ့် ငါတို့ဖြေပြီးသွားပေမယ့် ဆရာမက ရလဒ်အကြောင်း မပြောလိုက်ဘူး။ အဲ့ဒီအစား နင့်ကို သူ့ရုံးခန်းဆီ လာခဲ့ဖို့ မှာလိုက်တာ။”  ချန်းယန်နန် ပြောပြလိုက်သည်။

ထန်ရှုသည် ဖြည်းညှင်းစွာ ထလိုက်ရင်း အိပ်ငိုက်နေသော ယွမ်ချူးလင်အား ပုတ်ကာ မေးလိုက်သည်။

“ဟေ့ရောင်…မင်းလည်း ဖြေခဲ့တယ်မဟုတ်လား။ အခြေအနေ ဘယ်လိုရှိလဲ။”

ယွမ်ချူးလင် နှုတ်ခမ်းများ သပ်လိုက်ကာ သမ်းဝေလိုက်ရင်း

“ကောင်းတယ်လို့ ဆိုရမယ်။ ဒီမေးခွန်းတွေက အရင်ငါ့ဆီမှာရှိတာတွေထက်စာရင် ပိုပြီးလွယ်တယ်။ ဒါနဲ့ မင်း ဘာလို့ အမြန် မသွားသေးတာလဲ။ ဆရာမဟန်က ခေါ်နေတာကို။ ပြီးတော့ ငါ့အိပ်မက်တွေကို မနှောင့်ယှက်ပါနဲ့ ဟုတ်ပြီလား။”

ထန်ရှု ပြောစရာစကားမဲ့သွားရသည်။

စာသင်ခန်းမှ ထွက်လာပြီး ရုံးခန်းဆီသို့ တန်းသွားလိုက်သည်။ ဟန်ကျင်းဝူတစ်ယောက်တည်းသာ အခန်းထဲတွင် ရှိနေသည်ကို သူ မြင်နိုင်သည်။ ထို့နောက် ထန်ရှုသည် ပြုံးကာ နှုတ်ဆက်လိုက်သည်။

“ဆရာမဟန်… ကျွန်တော့်ဆီက တစ်ခုခုများ လိုအပ်တာ ရှိလို့လား။”

ဟန်ကျင်းဝူ သည်နေ့တွင် သိသိသာသာ စိတ်ကောင်းဝင်နေဟန်ရှိသည်။ သူမသည် ထန်ရှုအား လက်ဝှေ့ယမ်းကာ အပြုံးဖြင့် ပြောလိုက်သည်။

“ထန်ရှု… နင်က နင့်ရဲ့အစစ်အမှန်သဘာဝကို တကယ်ကို မပြတာလား။ အရင်တုန်းက ငါ တွေးထင်ခဲ့မိတယ်… ယွမ်ချူးလင်နဲ့ ချန်းယန်နန်တို့၄ယောက်ကို နင် ကျောင်းသင်ခန်းစာတွေ ညွှန်ပြမှုပေးပေမယ့် အလွန်ဆုံးမှ နည်းနည်းပဲ တိုးတက်လိမ့်မယ်ဆိုပြီးပေါ့။ အဲ့ဒါကြောင့် သူတို့၄ယောက်ကို ဒီမနက်မှာ ဘာသာရပ်၂ခုကို စာမေးပွဲ စစ်ခဲ့တယ်။ သူတို့ရလဒ်တွေကို နင် ခန့်မှန်းကြည့်စမ်းပါဦး။”

“သေချာပေါက်ကို ကောင်းလိမ့်မယ်။ အဲ့လိုမှမဟုတ်ခဲ့ရင် ဆရာမက ကျွန်တော့်ကို စိတ်ဆိုးတဲ့အကြည့်တွေနဲ့ ရှည်လျားတဲ့ ဝေဖန်သုံးသပ်မှုတွေ ပေးနေတော့မှာပေါ့။”

ဟန်ကျင်းဝူ ပြုံးလိုက်မိပြီး

“အကင်းပါးတဲ့ကောင်လေးပဲ။ ငါ့မှာ အကြောင်းပြချက်တောင် မရှိတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် နင် ခန့်မှန်းသလိုပဲ သူတို့၄ယောက်ရဲ့ရလဒ်က တကယ်ကို ကောင်းမွန်ပါတယ်။ နောက်ပြီး သချာၤမေးခွန်းမှာပါတဲ့ အချို့မေးခွန်းတွေက အိုလံပစ်အဆင့်တွေထဲကဆိုတော့ အလွန်ကို ခက်လှတယ်။ ဒါပေမယ့် သူတို့၄ယောက်စလုံး မှန်အောင် ဖြေနိုင်ခဲ့ကြတယ်။”

“ငါ့ကို ယုံကြည်တဲ့သူတွေက အဆုံးအစမရှိတဲ့ ထာဝရဘဝတွေကို ရရှိကြလိမ့်မယ်။”

ရုတ်တရက် ထန်ရှုသည် အင်မော်တယ်ကမ္ဘာမှ အချိန်အား ပြန်လည် သတိရသွားခဲ့သည်။ ထိုကဲ့သို့သောဆောင်ပုဒ်ဖြင့် နတ်ဆိုးဂိုဏ်းသည် ကျင့်ကြံခြင်းပါရမီပါသူများအား ဆွဲဆောင်ရာတွင် အသုံးပြုလေ့ရှိသည်။ ပြုံးခြင်းမမည်သော အပြုံးဖြင့် ထန်ရှုသည် ဆရာမဟန်အား ကြည့်လိုက်ပြီး ချက်ချင်း ပြောလိုက်သည်။

“ဆရာမဟန်… သူတို့ရလဒ်တွေ တိုးတက်လာအောင် ကူညီပေးတာနဲ့ပတ်သက်ပြီး ကျွန်တာ့်ကို ဆုလေးဘာလေး မချချင်ဘူးလား။”

ဟန်ကျင်းဝူသည် မရယ်ချင့်ရယ်ချင် ရယ်မောလိုက်ပြီး ပြန်မေးလိုက်သည်။

“နင်က ဘာဆုလိုချင်လို့လဲ။”

“ကျွန်တော့်ကို တစ်ရက်လောက် အားလပ်ရက်ပေးပါလား။ ကျွန်တော် အပြင်ထွက်ပြီး လတ်ဆတ်တဲ့လေ ရှူဖို့လိုအပ်နေတယ်။”

“….”

ဟန်ကျင်းဝူ ကြက်သေ သေသွားသည်။ ထန်ရှု၏လေသံအရ ကျောင်းသည် သူ့အတွက် ထောင်တစ်ခုဖြစ်နေသကဲ့သို့ သူမ ခံစားလိုက်ရသည်မဟုတ်ပါလား။

“ငါ နင့်ကို အားလပ်ရက်တစ်ရက် မပေးတော့ဘူး။ တတိယနှစ်ကျောင်းသားအားလုံး မနက်ဖြန် အားလပ်ရက်တစ်ရက် ရမှာမို့လို့။ ကောလိပ်ဝင်ခွင့်မဖြေခင်မှာလည်း ကျန်တဲ့ ၂ရက် အနားရလိမ့်မယ်။ အဲ့ဒါကြောင့် နင် ဒီနေ့တစ်နေ့လုံးတော့ ကျောင်းမှာ ကောင်းကောင်းမွန်မွန် နေမှဖြစ်မယ်။”

“တကယ်ရီးလား။”  ထန်ရှု ကျေနပ်အံ့သြသံကြီးဖြင့် မေးလိုက်သည်။

“ငါ နင့်ကို နောက်နေတဲ့ပုံ ဖြစ်နေလို့လား။”  ဟန်ကျင်းဝူ သူ့အား ဆူလိုက်သည်။

“မဖြစ်ပါဘူး။” ထန်ရှု ကပျာကယာ ခေါင်းကို ယမ်းလိုက်သည်။

“ငါ နင့်ကို ခေါ်ရတဲ့အကြောင်းက နင့်ရဲ့အားထုတ်မှုကို ချီးကျူးချင်လို့ပဲ။ အခု စာသင်ခန်းကို မြန်မြန်သွားပြီး ကျောင်းစာတွေကို ပြန်နွှေးပါ။ နင့်ရဲ့အတန်းဖော်၄ယောက်စလုံး ကောလိပ်ဝင်ခွင့်မှာ အမှတ်ကောင်းကောင်း ရခဲ့ပြီး ငါ့ကို ပျော်စေခဲ့ရင် ငါ နင်တို့ကို နွေရာသီအားလပ်ရက်မှာ အနောက်တိုင်းအစားအစာ လိုက်ကျွေးမယ်။”

“သဘောတူတယ်။”  ထန်ရှု လျင်မြန်စွာ ဖြေလိုက်ပြီး ရုံးခန်းမှ ထွက်လာခဲ့တော့သည်။

“ဖုန်းမြည်သံ”

ထန်ရှု တန်းခွဲ-၁၀ အခန်းသို့ ဝင်တော့မည့်ဆဲဆဲတွင် သူ၏အိတ်ကပ်ထဲမှ ဖုန်းမြည်လာသည်။ ဘေးဘီဝဲယာအား ကြည့်ကာ အနားတွင် မည်သူမှ မရှိကြောင်း သေချာမှ သူသည် အဝေးသို့ လမ်းလျှောက်ကာ ဖုန်းကိုင်လိုက်သည်။

“လုံကျန့်လင်း… ဘာဖြစ်လို့လဲ။”

“အစ်ကိုကြီး… ငါ အခု ကြယ်တာရာ ဆေးပင်ဈေးထဲ ရောက်နေတယ်။ ငါ ဒီမှာ အလွန်ကောင်းတဲ့ ဆေးပင်မျိုးတစ်ခုတွေ့ထားတယ်။ မင်းကိုယ်တိုင် လာကြည့်ချင်လား။”

လုံကျန့်လင်း၏ စိတ်လှုပ်ရှားနေသောအသံသည် ဖုန်းထဲမှ ထွက်ပေါ်လာခဲ့သည်။

“ဘာဆေးပင်လဲ။” ထန်ရှု သံသယအချို့ဖြင့် မေးလိုက်သည်။

“ဆိုင်ပိုင်ရှင် ပြောတာတော့ ဒီဆေးပင်က တအားရှားပြီး သူ့ကို အနောက်ဘက်ပိုင်းဒေသ နှင်းတောင်ကနေ ခူးလာတယ်တဲ့။ အဲ့ဒီအပင်က အပြည့်အ၀ ရင့်မာနေပြီးတော့ အဲ့ဒါကို နွေးထွေးတဲ့ ကျောက်စိမ်းဗူးထဲ ထည့်ထားတယ်။”

လုံကျန့်လင်း ပြန်ဖြေလိုက်သည်။

“မင်း ပြောတာ တိုက်ရှန်းနှင်းကြာလား။” ထန်ရှုသည် အံံ့အားသင့်စွာ မေးလိုက်သည်။

လုံကျန့်လင်းသည် ရယ်မောလျက်

“ဟုတ်တယ်။ အဲ့ဒါ တိုက်ရှန်းနှင်းကြာပဲ။ ပြီးတော့ သူက နှစ်တစ်ထောင်သက်တမ်းရှိပြီ။ ငါ မင်းအတွက် ဝယ်ပေးချင်ပေမယ့် အဲ့ဒါက ဈေးအရမ်းကြီးနေတယ်။ ပိုင်ရှင်က ငါ သူ့ကို ဂဏန်း၉လုံးမပေးရင် လွှဲပေးမှာမဟုတ်ဘူး။ အဲ့ဒါကြောင့် မင်း လာကြည့်ချင်လား မကြည့်ချင်ဘူးလား။ မလာတော့ဘူးဆိုရင် သူများတွေကို မရောင်းဖို့ ငါ တားထားတာ ဖျက်လိုက်မှာမို့။”

“ငါ့ကို စောင့်ပါ။ အဲ့ဒီကို အမြန်လာခဲ့မယ်။” ထန်ရှု တွေဝေခြင်းမရှိဘဲ ပြောလိုက်သည်။

“သေချာစောင့်နေမယ်။”  လုံကျန့်လင်း နာခံကာ ဖုန်းချလိုက်သည်။

ထန်ရှု တစ်ခဏမျှ တွေးလိုက်သည်။ သူသည် ဟန်ကျင်းဝူထံသို့ ခွင့်တိုင်ရန် မသွားချင်တော့သောကြောင့် ကျောင်းနံရံသို့ တိတ်တဆိတ်ချဉ်းကပ်ကာ ကျောင်းမှ ထွက်ခွာလာခဲ့ပြီး အငှားကားတစ်စီးတားကာ ကြယ်တာရာဆေးပင်ဈေးသို့ သွားလိုက်သည်။ နာရီဝက်ကျော်ကြာစီးပြီးသော် ထိုဈေးသို့ ထန်ရှု ရောက်လာသည်။

လုံကျန့်လင်း သူ့ကို ပြောပြထားသော ဆိုင်သို့ အမြန်သွားရောက်လိုက်သောအခါ ထိုနေရာတွင် လူအများ ဝိုင်းအုံနေသည်ကို တွေ့ရသည်။ သို့သော် လုံကျန့်လင်းသည် ထိုတိုက်ရှန်းနှင်းကြာအား စောင့်ရှောက်နေရာ ဆိုင်ပိုင်ရှင်သည် အခြားသူများအား ရောင်းရန်အခွင့်မသာခဲ့ပေ။

“တကယ့်ကို တိုက်ရှန်းနှင်းကြာပဲ။” ထန်ရှု စိတ်ထဲမှ အံ့အားသင့်သွားသည်။

သာမန်လူများ၏မျက်လုံးများထဲတွင် ထိုတိုက်ရှန်းနှင်းကြာ၏တန်ဖိုးသည် ဂဏန်း၉လုံးမျှသာ ထိုက်တန်သော အရာဖြစ်ပေလိမ့်မည်။ သို့သော် သူ၏လက်ထဲတွင်မူ တိုက်ရှန်းနှင်းကြာ၏တန်ဖိုးသည် အဆရာပေါင်းများစွာ တန်ကြေးရှိလာလိမ့်မည်ဖြစ်သည်။ သူ၏ကျင့်ကြံခြင်းအတွက် တိုက်ရှန်းနှင်းကြာ မလိုအပ်သော်လည်း ဂူရင်အတွက် များစွာ အသုံးဝင်လှပြီး သူသာ သည်ဆေးပင်အား ဝယ်ပြီး သန့်စင်နိုင်ခဲ့ပါက ဂူရင်သည် အလွန်မြင့်မားသော ကျင့်ကြံ့ခြင်းနယ်ပယ်အား အချိန်တိုအတွင်း ချိုးဖောက် ဝင်ရောက်နိုင်လိမ့်မည် ဖြစ်သလို မေ့မျောနေသော ဂူယန်အာအတွက်လည်း အကျိုးကျေးဇူး ရှိပေလိမ့်မည်ဖြစ်သည်။

“သူဋ္ဌေး… အဲ့ဒါ ဘယ်ဈေးလဲ။”

လူအုပ်ကြီးအား တိုးကာ ရှေ့သို့ ဝင်သွားရင်း ထန်ရှု တန်းမေးလိုက်သည်။

“၁၀၀ မီလီယံ။ နည်းနည်းလေးမှ လျှော့မရောင်းနိုင်ဘူး။”

***

All Chapters