မျှော်လင့်မထားသော ကျေနပ်နှစ်သက်ဖွယ် ကောင်းရလောက်အောင် အံ့အားသင့်ရမှု
Vol. 04 Ch. 157
ဆိုင်ရှင်သည် အစောင့်၄ယောက် ခြံရံလျက် ကောင်တာတွင် မတ်တတ်ရပ်နေသည်။ ကြိမ်ဖန်များစွာ တူညီသောမေးခွန်းအား ဖြေနေရသော်လည်း ထန်ရှုကို ဖြေလိုက်သော သူ၏တုံ့ပြန်မှုသည် သူ၏ဆုံးဖြတ်ချက်နှင့် ပြတ်သားမှုတို့အား ဖော်ကျူးနေပေသည်။
ထန်ရှုသည် တစ်ခဏမျှ တွေးတောလိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကျွန်တော် ယူမယ်။ ခင်ဗျားရဲ့ဘဏ်အကောင့်နံပါတ် ပေးပါ။ နောက်မိနစ်အနည်းငယ်မှာ ငွေလွှဲပေးလိုက်မယ်။”
ဆိုင်ရှင်သည် ထန်ရှုအား အထင်သေးသောအကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ညီငယ်လေး… မင်း သာမန်ကာလျှံကာနဲ့ ကြွားဝါဖို့ မလိုဘူးနော်။ ဈေးနှုန်းက ၁၀၀မီလီယံတောင် ထောင်ဂဏန်း မဟုတ်ဘူး။”
“ကျွန်တော် ဒီဈေးနှုန်းကို ပေးနိုင်လား မပေးနိုင်လားဆိုတာ ကျွန်တော့်ပြသနာပါ။ ခင်ဗျားက ကျွန်တော့်ကို ဘဏ်အကောင့်ပဲ ပေးဖို့လိုတယ်။ နောက်မိနစ်အနည်းငယ်အတွင်း ခင်ဗျားအကောင့်စာရင်းထဲ ငွေဝင်လာရင် ကျွန်တော်တို့ သဘောတူညီချက် အထမြောက်တယ်။ ခင်ဗျားက ငွေယူပြီး ကျွန်တော့်ကို ဒီတိုင်ရှန်းနှင်းနေကြာ ပေးလိုက်ရုံပဲ။ ငွေမဝင်လာဘူးဆိုရင် ကျွန်တော်က ခင်ဗျားကို ပေးဖို့ငွေမရှိဘူးလို့ဆိုလိုနိုင်တယ်။ ခင်ဗျားအတွက် ဆုံးရှုံးစရာ ဘာမှ မရှိပါဘူး။” ထန်ရှု ပြောလိုက်သည်။
ဆိုင်ရှင် တစ်ခဏမျှ စဉ်းစားလိုက်ပြီး ထန်ရှု၏ငြင်းဆိုချက်သည် အကြောင်းအကျိုးသင့်သည်ဟု သူ ခံစားရသည်။ ထို့ကြောင့် ချက်ချင်းပင် သူသည် ဆိုင်ဝန်ထမ်းတစ်ယောက်အား ထန်ရှုကို ဘဏ်အကောင့်နံပါတ်ပေးရန် ပြောလိုက်သည်။
လူအုပ်ကြီးကို တွန်းဖယ်ကာ အပြင်ထွက်လာပြီး ထန်ရှုသည် ဂူရှောင်ရွှဲ့အား ဖုန်းဆက်လိုက်သည်။
“ငါ့ကို ရှာပါသလား… ဆရာအဘိုး။”
အံ့အားသင့်ကာ ကျေနပ်နေသော ဂူရှောင်ရွှဲ့၏အသံသည် ဖုန်းထဲမှ ထွက်ပေါ်လာသည်။
“အသေအချာပဲ။ ငါ ယွမ်၁၀၀မီလီယံလောက် အခုချက်ချင်း လိုနေလို့။ နင့်မှာ ပိုက်ဆံအချို့ရှိလား။” ထန်ရှု မေးလိုက်သည်။
ဂူရှောင်ရွှဲ့ ရယ်မောကာ ဖြေလိုက်သည်။
“ရှိတာပေါ့။ ယွမ်၁၀၀မီလီယံက မလုံလောက်ခဲ့ရင် တစ်ဘီလီယံ လွှဲပေးလိုက်မယ်။”
တစ်ဘီလီယံလား။
ထန်ရှု မျက်လုံးအဝိုင်းသား ဖြစ်သွားရသည်။ သူ အမှန်တကယ်မွဲတေနေကြောင်း နားလည်သဘောပေါက်သွားခဲ့ရပြီဖြစ်သည်။ သူ၏မြေးတပည့်တောင်မှ တစ်ဘီလီယံအား သာမန်ကာလျှံကာ ပေးနိုင်နေသည့်အချိန်တွင် မြေးတပည့် ပံ့ပိုးလိုက်သော ၁၀၀မီလီယံလောက်ပင် သူ့မှာ မရှိသဖြင့် ခေါင်းကိုက်နေရသည်။
သို့သော်လည်း ဂူရှောင်ရွှဲ့၏အကူအညီအား နောက်ဆုံးတွင် ယူလိုက်ရုံမှတစ်ပါး ထန်ရှုတွင် ရွေးချယ်စရာ မရှိခဲ့ပါပေ။ တိုင်ရှန်းနှင်းကြာသည် အလွန်အရေးကြီးသည်။ ဂူရင်၏ ကျင့်ကြံခြင်းအဆင့်အား ကြီးမားစွာ တိုးတက်အောင် လုပ်ဆောင်နိုင်ရုံသာမက သတိလစ်မေ့မျောနေသော ဂူယန်အာအတွက်လည်း အကျိုးကျေးဇူးများစွာ ရလိမ့်မည်ဖြစ်သည်။
“အာ.. အဲ့လောက် မလိုဘူး။ ငါ ၁၀၀မီလီယံပဲ လိုတာပါ။ ငါ နင့်ကို ဘဏ်အကောင့်နံပါတ် ပို့လိုက်မယ်။ နောက်မိနစ်အနည်းငယ်အတွင်း အဲ့ဒီကို လွှဲပေးရမှာဖြစ်တယ်။”
“နားလည်ပြီ။” ဂူရှောင်ရွှဲ့ ပြန်ဖြေလိုက်သည်။
မိနစ်အနည်းငယ်ကြာသော်…
ဆိုင်ရှင်သည် လုံကျန့်လင်းအား စိုးရိမ်ပူပန်သောအကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ညီငယ်လေး… မင်းရဲ့သူငယ်ချင်း ပြန်မလာသေးဘူး။ သူ ယွမ်၁၀၀မီလီယံကို မပေးနိုင်ဘူးမဟုတ်လား။ ငါ့ကို ခက်ခဲအောင် မလုပ်ပါနဲ့တော့။ ငါလည်း ဒီတိုင်ရှန်းနှင်းကြာကို ရောင်းဖို့လိုတယ်။ ဟိုလူတွေကို ကြည့်လိုက်ပါဦး။ သူတို့လည်း စောင့်နေကြတယ်။”
ဆိုင်ရှင်သည် လုံကျန့်လင်း မည်သူမည်ဝါဖြစ်သည်နှင့် သူ၏ပုံရိပ်အား ကောင်းစွာ သိရှိသူဖြစ်သည်။ နို့မဟုတ်ပါက အစောကတည်းကပင် သူ့အား ကန်ထုတ်ပြီးဖြစ်သည်။
“အာ.. သူဋ္ဌေး။ ပိုက်ဆံက လွှဲပြီးပါပြီ။ အခုပဲငွေပမာဏကို စစ်လိုက်တာ။ အတိအကျကို ၁၀၀မီလီယံပဲ။”
ဖုန်းမျက်နှာပြင်ကို ကြည့်နေသော ဆိုင်ဝန်ထမ်းသည် ငွေလွှဲရောက်ကြောင်း စာတိုအချက်ပေးမှုကို လက်ခံရရှိသည်နှင့် စိတ်လှုပ်ရှားသော အမူအရာဖြင့် ပြောလိုက်သည်။
ဆိုင်ရှင်သည် မယုံနိုင်သော အကြည့်ဖြင့် တစ်ခဏမျှ ကြက်သေ သေသွားခဲ့ကာ အထစ်ထစ် အငေါ့ငေါ့ဖြင့်
“အဲ..အဲ့ဒီ ညီ..ညီငယ်လေး ဘယ်နှစ်မိနစ်လောက်ပဲ ရှိသေးလို့လဲ။ သူ တကယ်ကြီး ၁၀၀မီလီယံ လွှဲလိုက်ပြီးပြီလား။ သေချာ ကြည့်ပါဦး။ ငွေပမာဏ မှန်ရဲ့လားလို့။”
ဆိုင်ဝန်ထမ်း သေချာအောင် ထပ်ဖတ်လိုက်ပြီးနောက်
“ဟုတ်တယ် သူဋ္ဌေး။ မှန်တယ်။ ၁၀၀မီလီယံအတိအကျပဲ။ တစ်ချက် ကြည့်ပါဦး။”
ထိုခဏတွင် ထန်ရှုသည် လူအုပ်ကြီးအား တွန်းဖယ်ကာ ဆိုင်တွင်းသို့ ပြန်ရောက်လာသည်။ ထို့နောက် သူသည် ဆိုင်ရှင်အား ကြည့်ကာ မေးလိုက်သည်။
“ပိုက်ဆံလွှဲတာ ရပြီးပြီမဟုတ်လား။”
ဆိုင်ရှင်သည် ခေါင်းညိတ်ပြကာ ဖြေလိုက်သည်။
“ရပြီးပြီ။”
“အဲ့ဒါဆို တိုင်ရှန်းနှင်းနေကြာက ကျွန်တော့်ဟာ ဖြစ်သွားပြီပေါ့။ ခင်ဗျား ဘာမှ ပြောစရာမရှိတော့ဘူးဆိုရင် ကျွန်တော် ယူသွားတော့မယ်။”
ဆိုင်ရှင်၏အောက်နှုတ်ခမ်းသည် တုန်ရီသွားကာ ခေါင်းညိတ်ပြောလိုက်သည်။
“ဟုတ်ပါတယ်။ ညီငယ်လေးဟာပါ။”
ကျေးဇူးတင်သော အမူအရာဖြင့် အံ့အားသင့်နေသော လုံကျန့်လင်းအား ထန်ရှုသည် ခပ်ဖွဖွပြုံးကာ တစ်ချက်ကြည့်လိုက်သည်။ သူသည် ကျောက်စိမ်းဘူးအား လက်ခံလိုက်ပြီး အဖုံးပြန်ဖုံးလိုက်သည်။ ထို့နောက် သူနှင့်လုံကျန့်လင်းသည် လူအုပ်ကြီးအား တွန်းဖယ်ကာ ဆေးပင်ဈေးမှ မြန်နိုင်သမျှ မြန်အောင် ပြန်လာခဲ့ကြသည်။
ကြယ်တာရာအထက်တန်းကျောင်းသို့ ပြန်နေသောလမ်းပေါ်မှ အငှားကားတစ်စီးထဲတွင်…
လုံကျန့်လင်းသည် နွေးထွေးသောအပြုံးဖြင့် ထန်ရှုအား ကြည့်ကာ ပြောလိုက်သည်။
“အစ်ကိုကြီး… ငါ ဒီအချိန်မှာ ကောင်းတာတစ်စုံတစ်ခု လုပ်ခဲ့တယ်မဟုတ်လား။ မင်း အဖိုးတန်ဆေးပင်တွေ နေရာအနှံ့မှာ လိုက်ရှာနေတာ ငါသိတာပေါ့။ အဲ့ဒါကြောင့် ငါ ဆေးပင်ဈေးကို မှန်မှန်သွားကြည့်နေခဲ့တာ။ ဒီနေ့မှာတော့ တန်ဖိုးကြီးဆေးပင်တစ်ခုကို အမှတ်မထင် တွေ့ရလိမ့်မယ်လို့ ငါ မထင်ခဲ့မိဘူး။ အဲ့ဒီတော့ မင်း ငါ့ကို ဘယ်လိုဆုချမှာလဲ။”
ထန်ရှု ရယ်မောကာ ပြောလိုက်သည်။
“ငါ မင်းကို အနမ်းတစ်ပွင့်ပေးမယ်ဆိုရင်ရော ဘယ်လိုလဲ။ မင်းလိုချင်လား။”
“ငိုးပဲ။” လုံကျန့်လင်းသည် သူ၏လက်ခလယ်အား ထောင်ပြလိုက်သည်။
ထန်ရှုသည် သူ၏လက်တွင်းမှ ကျောက်စိမ်းဗူးလေးအား ကြည့်လိုက်ကာ တစ်ခဏမျှ ငြိမ်သက်သွားပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်သည်။
“မင်းရဲ့ဆုအတွက် ငါ့ကို အချိန်နည်းနည်းလောက် ပေး။ မင်းအတွက် ကြီးမားတဲ့ အံ့အားသင့်စရာအချို့ ရစေရမယ်လို့ ငါ အာမခံတယ်။”
“ဘာအံ့အားသင့်စရာလဲ။ အဲ့ဒါက ဘာလဲ။” လုံကျန့်လင်းသည် အံ့အားသင့်စွာ မေးလိုက်သည်။
“အခုတော့ အဲ့ဒါက လျှို့ဝှက်ချက်ပဲ။ ငါတို့ အကြောင်းအရာပြောင်းရအောင်။ မင်းသိတဲ့အတိုင်း ငါက ကျောင်းကို ပြန်သွားဖို့ ရှိသေးတယ်။ မင်း ငါ့နောက်လိုက်မှာလား ဘာလုပ်မှာလဲ။”
ပခုံးကို တွန့်ပြကာ လုံကျန့်လင်း ပြုံးကာ ပြောလိုက်သည်။
“ငါက အေးဆေးပဲ။ လောလောဆယ်တော့ ဘာမှ လုပ်စရာမရှိဘူး။”
“ဟာ။ မင်း ဒီလိုပုံမျိုးပဲ နေချင်သေးတာလား။ ဟေ့ကောင် မင်းက ချာတိတ်လေး မဟုတ်တော့ဘူးနော်။ တစ်ခုခု လုပ်သင့်နေပြီလို့ ငါမြင်တယ်။ သေးသေးလေးကစတယ်ဆိုရင်တောင်မှ အနည်းဆုံး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့စွမ်းရည်အချို့တော့ ရှိရမယ်။ လုံဂရုကို မင်းအစ်ကိုကြီး ဦးစီးနေမှန်း၊ အဲ့ဒီအတွက် မင်းရဲ့အနာဂတ်ကို မင်း ပူစရာမလိုမှန်း ငါသိတယ်။ ဒါပေမယ့် အခြေအနေတစ်ခုကို စတင်ပြီး မင်းရဲ့ကိုယ်ပိုင်အိပ်မက်အတွက် ဘာကြောင့် မလုပ်တာလဲ။”
လုံကျန့်လင်းသည် သူ၏လက်မောင်းများကို ဖွင့်ကာ ပြောလိုက်သည်။
“ငါ့အိပ်မက်က ပုံမှန်အတိုင်း အိပ်ဖို့နဲ့ နိုးထလာဖို့ပဲ။ ပြီးရင် အောင်မြင်မှုတွေက ရလာတဲ့ပိုက်ဆံတွေကို ငါ့လက်တွေကနေ မရေမတွက်နိုင်လောက်တဲ့အထိ ရေတွက်ရမယ်။ ပထမတစ်ခုကို အောင်မြင်သွားပြီဆိုတော့ ဒုတိယအိပ်မက်ကို အခု အောင်မြင်ဖို့ ငါ မျှော်လင့်နေတယ်။”
ထန်ရှုသည် ထူးမခြားနားသော အသံဖြင့်
“မင်းရဲ့ဒုတိယအိပ်မက်က မအောင်မြင်သေးလို့ ကြိုးစားပါ။ မင်းရဲ့ကိုယ်ပိုင် အောင်မြင်မှုအတွက် ရုန်းကန်ပါ။ မင်း ကြယ်တာရာကနေ ထွက်ပြီး အပြင်လောကမှာ မင်းရဲ့လမ်းကြောင်းအတွက် ကြိုးစားသင့်တယ်လို့ ငါ ထင်တယ်။ မင်းသိတဲ့အတိုင်းပဲ ကျားဖေဖေတစ်ကောင်ကနေ သားသားခွေးလေးတစ်ကောင်တော့ မမွေးနိုင်ဘူးလို့ ဆိုရိုးရှိတယ်မဟုတ်လား။ မင်းအဖေက ကြီးမြတ်တဲ့ယောကျာ်းတစ်ယောက်ပါ။ မိသားစုကို ထောက်ပံ့ဖို့ အလုပ်ကြိုးစားလုပ်ပြီးတော့ မိသားစုအတွက် အနာဂတ်ကောင်းတစ်ခုကို အောင်မြင်စွာ ဖန်တီးပေးနိုင်ခဲ့တယ်။ သူ့ရဲ့သားတွေကလည်း အသုံးမကျတဲ့သူတွေ မဟုတ်ဘူးလို့ ငါ တွေးတယ်။”
အပြင်လောကကို ထွက်ပြီး ကြိုးစားသင့်တာလား။
အံ့သြမှုနှင့်အတူ လုံကျန့်လင်းသည် ထန်ရှုအား ကြည့်ကာ စကားဆိုလိုက်သည်။
“ပိုက်ဆံရှာဖို့အတွက်နဲ့ ဘာကြောင့် ငါက သည်ကနေ ထွက်ပြီး ကြိုးစားသင့်တာလဲ။ ဒီမှာဆို ငါတို့လုံမိသားစုရဲ့ထောက်ပံ့မှု ရှိတယ်။ လူမှုဆက်ဆံရေးသာမက စီးပွားရေးအဆက်အသွယ်တွေပါ ငါ အလွယ်တကူ ရနိုင်တယ်လေ။ ဒီမှာ ပိုက်ဆံရှာတာက ဒီကနေထွက်ပြီး ပိုက်ဆံရှာတာထက် ပိုလွယ်တာ မဟုတ်ဘူးလား။”
“လင်းယုန်ကြီးရဲ့တောင်ပံအောက်မှာ အမြဲနေ နေသရွေ့ လင်းယုန်ပေါက်လေးက ဘယ်တော့မှ ကောင်းကင်ဆီ ပျံတက်ပြီး ဝဲပျံနိုင်မှာ မဟုတ်ဘူး။ မင်းကို ငါ ဥပမာတစ်ခု ပေးမယ်။ မင်း တွေးရုံလေးပဲ တွေးကြည့်လိုက်။ မင်းအဖေနဲ့ မင်းအစ်ကို မရှိတော့တဲ့ တစ်နေ့ ဆိုရင် မင်း ဘာလုပ်မလဲ။ ဘယ်သူ့ပခုံးကို မင်း မှီတွယ်နေမလဲ။ ဒါ ငါ မင်းကို အထိရောက်ဆုံး ဥပမာ ပေးတာ။ မိဘ၊ ကောင်းကင်ဘုံနဲ့ နေရာတွေကို အမှီသဟဲပြုတတ်တဲ့သူတွေက အစစ်အမှန် သန်မာရဲရင့်တဲ့သူတွေ ဘယ်တော့မှ ဖြစ်လာနိုင်မှာမဟုတ်ဘူး။ လူငယ်တစ်ယောက်က အချိန်ကျလာတာနဲ့ သူမှီခိုနေတဲ့အရာတွေကို စွန့်ခွာပြီး ကိုယ့်ဘဝကိုယ် တည်ဆောက်ရမှာပဲ။ မင်း ယောကျာ်းမပီသချင်ဘူးလို့ မပြောနဲ့။ မင်းအဖေနဲ့ မင်းအစ်ကိုလို ပါရမီရှင်ယောကျာ်းကောင်းတစ်ယောက် မဖြစ်ချင်ဘူးလား။” ထန်ရှု သူ၏စကားအား အဆုံးသတ်လိုက်သည်။
“ဒါ…” ထန်ရှု၏စကားများကြောင့် လုံကျန့်လင်း တုန်လှုပ်သွားရသည်။ သည်အကြောင်းအရာအား သူ ယခင်က တစ်ခါမျှပင် မစဉ်းစားခဲ့ဖူးသလို မည်သူမှလည်း သူ့အား ယခုကဲ့သို့ မေးခွန်းမထုတ်ခဲ့ဖူးကြချေ။
ထန်ရှု၏စကားများသည် သူ၏ခေါင်းအတွင်း လေပြင်းများ တိုက်လိုက်သကဲ့သို့ ရုတ်တရက် နိုးထလာစေခဲ့သည်။
အချိန်အတန်ကြာမျှ လုံကျန့်လင်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ အငှားကားသည် ကြယ်တာရာအထက်တန်းကျောင်းသို့ ရောက်ခါနီးဆဲဆဲတွင် သူသည် ဖြည်းညှင်းစွာ မေးလိုက်သည်။
“အစ်ကိုကြီး… ငါ့ကို ပြောပါ။ ငါ အခု ဘာလုပ်သင့်လဲ။”
“ဘာလုပ်ချင်သလဲဆိုတာ မင်းရဲ့စိတ်ကို မေးပါ။ အခု မင်းအတွက်တော့ ငွေကြေးက ပြသနာမဟုတ်ဘူး။ အဲ့ဒါကြောင့် မင်းလုပ်ချင်တဲ့အရာလည်း ဖြစ်ရမှာဖြစ်သလို အဲ့ဒါကို အသုံးပြုပြီး ငွေလည်း ရှာနိုင်ရမယ်။ ငါ့အတွက်တော့ ကြယ်တာရာမြို့က စမှတ်လိုမျိုး သေးငယ်တဲ့နေရာတစ်ခုပဲ။ သေချာပေါက် ငါလည်း ဒီနေရာကထွက်ပြီး အပြင်လောကကို သွားဖို့ ငါ့ကိုယ်ငါ တိုးတက်သည်ထက်တိုးတက်အောင် လုပ်ရမှာပဲ။ အဲ့ဒါကြောင့်မို့ ငါ့ရဲ့သူငယ်ချင်းကိုလည်း သာမန်အနာဂတ်တစ်ခုပဲ ရှိတာ မဖြစ်စေချင်ဘူး။” ထန်ရှု ပုံမှန်လေသံဖြင့် ပြောလိုက်သည်။
လေးနက်သောအသံဖြင့် လုံကျန့်လင်း ပြောလိုက်သည်။
“မင်း ပြောချင်တာနဲ့အတွေးတွေကို ငါ သဘောပေါက်ပြီ အစ်ကိုကြီး။ မစိုးရိမ်ပါနဲ့။ ငါ့ရဲ့အတွေးတွေကို ရှင်းလင်းဖို့ အချိန်တစ်ခုပဲ ပေး။ ငါ့ရဲ့အစီအစဉ်ကို ပထမဆုံးသိရမယ့်လူက မင်းပဲ ဖြစ်စေရမယ်။”
ထို့နောက် သူသည် အငှားကားမောင်းသူအား ရပ်ရန် ပြောလိုက်ကာ တစ်ယောက်တည်း ထွက်ခွာသွားတော့သည်။
လုံကျန့်လင်း၏ပခုံးများအား ကြည့်ကာ ထန်ရှု တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ လုံကျန့်လင်းအား လှုံ့ဆော်ရန်အတွက် ပထမတွင် သူ မရည်ရွယ်ခဲ့ပေ။ သို့သော် တစ်နေ့လုံး ဘာမှ မလုပ်ဘဲ အချည်းနှီး အချိန်ကုန်ဆုံးနေသည်ကို မြင်ရသောအခါ သူ ရပ်မကြည့်နေနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော အမူအကျင့်သာ ရှိမည်ဆိုပါက လုံကျန့်လင်းနှင့် ဒုတိယမျိုးဆက် ချမ်းသာပြီး အပျော်အပါးမက်သော ထိုသခင်လေးများအကြား အဘယ်မှာ ကွာခြားချက် ရှိပါတော့မည်နည်း။
ထန်ရှုသည် လျင်မြန်စွာပင် ကျောင်းနံရံအား ဖြတ်ကျော် လျှောတိုက်ဆင်းကာ သူ၏ကျောင်းဆီသို့ ပြန်လာခဲ့သည်။ ဟန်ကျင်းဝူ အတန်းသို့ မဝင်သေးသည်ကို သိလိုက်ရသဖြင့် စိတ်သက်သာရာ ရသွားခဲ့သည်။ သူ၏အတန်းဖော်များသည်လည်း ဟန်ကျင်းဝူခေါ်လိုက်ခြင်းကြောင့် ထန်ရှု ပြန်မရောက်သေးသည်ဟုသာ ထင်နေကြသည်။
နောက်ဆုံးတွင် ထိုနေ့တစ်နေ့အား ထန်ရှု ဖြတ်ကျော်နိုင်ခဲ့သည်။
ထို့နောက် ဟန်ကျင်းဝူသည် ဒုတိယနှစ်နှင့် တတိယနှစ်များအတွက် အားလပ်ရက်တစ်ရက် ရမည်ဖြစ်ကြောင်း ကြေညာလိုက်ရာ တစ်ခန်းလုံး ဆူညံပွက်လောရိုက်သွားသည်။
“ဟီး.ဟီး.ဟီး…အစ်ကိုကြီး.. နောက်၂ရက်ရော အစ်ကိုကြီးအိမ်မှာ ငါတို့ နေလို့ရမလား။”
ယွမ်ချူးလင်သည် စပ်ဖြဲဖြဲအမူအရာဖြင့် မေးလိုက်သည်။
“ငါ့အိမ်မှာ နေမလို့ဟုတ်လား။ ဘာအတွက်တုန်း။ ကိုယ့်အိမ်ကိုယ် မပြန်ကြဘူးလား။”
ထန်ရှု ဇဝေဇဝါ ဖြစ်သွားသည်။
ချန်းယန်နန်သည် နောက်သို့ လှည့်လာပြီး နွေးထွေးသော အပြုံးဖြင့် စကားဆိုလိုက်သည်။
“ငါတို့ နားမလည်သေးတဲ့ဘာသာရပ်ကို ဒီကျန်တဲ့နောက်ဆုံး၂ရက်မှာ အသားကုန်လေ့လာဖို့ ဆုံးဖြတ်ထားကြတယ်။ အဲ့ဒါကြောင့် နင့်ရဲ့သင်ပြမှုအပေါ်မှာ လုံးဝကို ငါတို့တွေ အမှီပြုရမှာ။ ဆရာထန်… နောက်ဆုံးအရေးကြီးတဲ့အခြေအနေမှာ ငါတို့ကို ပစ်မချဘူးမဟုတ်လား။”
“ဘာရီး..”
ထန်ရှု တွေတွေကြီး ဖြစ်သွားရသည်။ အမှန်တကယ်အားဖြင့် သူသည် ထို၂ရက်တွင် အပြည့်အဝအနားယူရန်နှင့် သူ၏မိခင်အား စားသောက်ဆိုင်အတွက် သွားရောက်ကူညီရန် အစီအစဉ် ရေးဆွဲထားသည်။ သို့သော် ယွမ်ချူးလင်နှင့် ချန်းယန်နန်တို့၏စကားများကြောင့် သူ၏ခေါင်း ပေါက်ကွဲထွက်တော့မည်သကဲ့သို့ ခံစားလိုက်ရတော့သည်။ ဤသည်မှာ သူတို့သည် သူ့အပေါ်တွင် ခွေးအရေခွံပမာ ကပ်တွယ်နေသည့်သဘောပင်ဖြစ်တော့သည်။
တစ်ခဏမျှ ချီတုံချတုံဖြစ်သွားပြီးနောက် ထန်ရှု ပြောလိုက်သည်။
“ဒီလိုဆိုရင်ရော… မင်းတို့ နေဖို့ မလိုဘူး.. ဒါပေမယ့် ငါ့အိမ်ကို မနက်စောစော လာနိုင်တယ်။ ငါ မင်းတို့ကို ဆက်ပြီး သင်ခန်းစာတွေ ရှင်းပြပေးမယ်။ နေ့လည်ခင်းဆိုရင် မင်းတို့ အားသွားပြီ။ ပြီးတော့ မင်းတို့သိတဲ့အတိုင်း ငါလည်း ညဘက်ဆို အနားယူချင်သေးတယ်။”
“သဘောတူတယ်။” ယွမ်ချူးလင်သည် ပျော်ရွှင်စွာဖြင့် ရယ်မောကာ ဖြေလိုက်သည်။
ချန်းယန်နန်၏မျက်ဝန်းများထဲတွင် ဉာဏ်များမည့်အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားပြီး သူမ ဆက်ပြောလိုက်သည်။
“ထန်ရှု.. နောက်တစ်ခု ရှိသေးတယ်။ သည်အတောအတွင်း ငါတို့ကို နင် ကူညီပြီး စာပြပေးခဲ့တဲ့အတွက် ငါတို့က ကျေးဇူးတင်ကြောင်း ပြဖို့ အစီအစဉ်တစ်ခု လုပ်ထားသေးတယ်။ ငါရယ်၊ ယွမ်ချူးလင်ရယ်၊ ရှားဝမ်ဖန်ရယ်၊ လီရှောင်ချန်းရယ် အဲ့ဒီအကြောင်းကို တိုင်ပင်ပြီး ဒီည နင့်ကို ညစာကျွေးပြီး ကာရာအိုကေ လိုက်ပို့ကြမလို့။ အဲ့ဒါ နင် ငြင်းလို့မရဘူး။”
ညစာကျွေးပြီး ကာရာအိုကေ လိုက်ပို့ကြမလို့။
ညစာစားခြင်းသည် သူ့အတွက် ပြသနာ မဟုတ်သော်လည်း သီချင်းဆိုခြင်းကိုမူ သူ စူးစမ်းချင်သေးသည်။ ယခင်က ကေတီဗွီသို့ သူ ရောက်ဖူးသော်လည်း တစ်ကြိမ်မျှသာ ဖြစ်သည်။ နောက်ဆုံးအကြိမ်သည် အိုးရန်လူလူ၏ပြသနာများ ကူညီဖြေရှင်းရန်အတွက်သာ ရောက်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူမည်မျှ သီချင်းဆိုကောင်းမည်ကို သူလည်း သိချင်နေသည်။
“အဆင်ပြေတယ်။ ကောလိပ်ဝင်ခွင့် စာမေးပွဲ မဖြေခင် စိတ်အပန်းဖြေဖို့ ငါလည်း စဉ်းစားနေတာ။”
ချန်းယန်နန်၏မျက်နှာလှလှလေးပေါ်ရှိ အပြုံးနုနုသည် ပိုမို ဖူးပွင့်လာရပြီး နွေးထွေးစွာ ပြောလိုက်သည်။
“လိုက်ပါပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ဆရာထန်။ ငါတို့ စောင့်နေပါမယ်။ ပြီးရင် ပျော်ရွှင်ကြတာပေါ့။”
“နောက်မှ တွေ့ကြတာပေါ့။” ထန်ရှု ခေါင်းညိတ်ပြလိုက်သည်။
…
သူတို့၅ယောက်သည် ကောင်းမွန်သင့်တင့်သော စားသောက်ဆိုင်တစ်ခုတွင် ညစာ စားကြသည်။ ကောင်းမွန်လှသော ကျေးဇူးတင် ညစာ အပြီးတွင် သူတို့သည် အငှားကားတစ်စီးဖြင့် အဆင့်အတန်းမြင့်သော ကေတီဗွီတစ်ခုသို့ သွားခဲ့ကြသည်။
ယနေ့ခေတ်ကမ္ဘာကြီးသည် ဧည့်ခံပွဲကျင်းပခြင်း၊ သာယာမှုကို ရှာဖွေခြင်းနှင့် ဇိမ်ခံခြင်းတို့အတွက် အချိန်ဖြစ်စေသည်။ ထို့ကြောင့် ညအချိန်ရောက်သည်နှင့် မရေမတွက်နိုင်သော ကာယဝန်ထမ်းများနှင့် ဉာဏဝန်ထမ်းများသည် ကေတီဗွီအား စွဲလန်းလာကြသောကြောင့် ကေတီဗွီစီးပွားရေးလုပ်ငန်းအား အလွန်လူသိများလာစေသည်။ တစ်နေကုန် အလုပ်လုပ်ကြပြီး ညခင်းတွင် ထွက်ပေါက်ပေးရန် လိုအပ်ကြသောကြောင့် ကေတီဗွီတွင် ကာရာအိုကေဆိုကြခြင်းသည် အတော်ကောင်းမွန်သော ရွေးချယ်မှုဖြစ်သည်။
သူတို့၅ယောက်သည် ဝန်ထမ်း၏ လမ်းညွှန်မှုဖြင့် အခန်းတစ်ခုထဲ ရောက်လာကြသည်။ ထိုအခန်းသည် အတော်အတန် ခမ်းနားသည်ဟု ဆိုနိုင်သည်။ ကျန်၄ယောက်သည် ထန်ရှုအား သီချင်းဆိုရန် စင်မြင့်ထက်သို့ တွန်းပို့ကြသည်။
“အာ..မဖြစ်ဘူး။ မဖြစ်ဘူး။ ငါ တကယ် သီချင်းမဆိုတတ်ဘူး။ ငါ သီချင်းတစ်ပုဒ်မှ နားမထောင်ဖူးသလို ဘယ်လိုဆိုရမှန်းလည်း မသိဘူး။ မင်းတို့ ငါ့ကို သီချင်းတစ်ပုဒ်စီ ဆိုပြလေ။ ငါ မင်းတို့ ဆိုပြတာ စားရင်းသောက်ရင်း နားထောင်မယ်ကွာ ဘယ်လိုလဲ။”
ထန်ရှုသည် မချိပြုံးဖြင့် ပြောလိုက်သည်။
ရှက်တတ်သောသူတစ်ယောက်ဖြစ်သည့် ရှားဝမ်ဖန်သည် ထန်ရှုအား မယုံနိုင်ဟန်အမူအရာဖြင့် ကြည့်မိတော့သည်။
“နင် တကယ်ကို သီချင်းမဆိုတတ်ဘူး၊ သီချင်းနားမထောင်ဘူးဟုတ်လား။”
“ဟုတ်တယ်ဟ။” ထန်ရှု ဖြေလိုက်သည်။
***