← Chapters

သီချင်းသီဆိုကြခြင်း

Vol. 04 Ch. 158

သီချင်းသီဆိုကြခြင်း

Vol. 04 Ch. 158

ရှားဝမ်ဖန်သည် နှုတ်ခမ်းအနည်းငယ် တွန့်ကာ ပြောလိုက်သည်။

“နင် ခေတ်ပေါ်သီချင်းတွေ မဆိုနိုင်ရင်တောင်မှ နိုင်ငံတော်သီချင်းဆိုရင်ရော ဘယ်လိုလဲ။ အဲ့ဒီသီချင်းကိုတောင်မှ မဆိုတတ်ဘူးလို့တော့ ငါ့ကို မပြောနဲ့နော်။”

“…”

ထန်ရှု၏မျက်နှာ မည်းမှောင်သွားတော့သည်။

ယွမ်ချူးလင်သည် ရယ်မောလျက် မီးလောင်ရာလေပင့်လိုက်သည်။

“အစ်ကိုကြီး… မင်းက လိမ်မာပါးနပ်ပြီး မင်းရဲ့သင်ယူမှုစွမ်းရည်က တကယ်ကောင်းတာပဲဟာကို။ မင်း ခေတ်ပေါ်သီချင်းတွေ နားမထောင်ဖူးတာ ကိစ္စမရှိပါဘူး။ ဒါကို ဒီလို လုပ်ကြရအောင်။ ငါတို့ သီချင်းပုဒ်ရေအနည်းငယ် ဆိုပြမယ်။ မင်းက အာရုံစိုက်ပြီး နားထောင်ထား။ အစ်ကိုကြီးရဲ့ဉာဏ်စွမ်းရည်နဲ့ဆိုရင် ငါတို့ အကြိမ်နည်းနည်းလောက် ဆိုပြလိုက်တာနဲ့ ဆိုနိုင်သွားလိမ့်မယ်။”

“မင်း ငါ့ကို အထင်ကြီးလွန်းနေပြီ။ ငါသာ အမှန်တကယ် တော်နေရင် ကြယ်ပွင့် အကြီးစားတစ်ပွင့် ဖြစ်နေပြီပေါ့ကွ။” ဖျစ်ညစ်ပြုံးကာ ထန်ရှု တုံ့ပြန်လိုက်သည်။

“လုပ်ပါ။ ကြိုးစားကြည့်ပါဦး။”  ချန်းယန်နန်ကပါ အောက်ဆီဂျင် ထပ်လုပ်လိုက်ပြန်သည်။

ထိုကဲ့သို့ တစ်ယောက်တစ်လှည့် တိုက်တွန်းနေကြသောအခြေအနေတစ်ရပ်သည် ငြင်းဆိုရန် ခက်ခဲလှသော အခြေအနေတစ်ခုပင် ဖြစ်သည်။

နောက်ဆုံးတွင် ထန်ရှုသည် ခေါင်းညိတ်ကာ လိုက်လျောလိုက်ရသည်။ ထို့နောက်တွင် ယွမ်ချူးလင်နှင့် ချန်းယန်နန်သည် သီချင်းတစ်ပုဒ်စီ ရွေးလိုက်ပြီး သူတို့၏သီချင်းဆိုမှုသည် နားထောင်ကောင်းလှပေသည်။ ရှားဝမ်ဖန်နှင့် လီရှောင်ချန်းသည်လည်း ရှက်နေကြသော်လည်း သီချင်းတစ်ပုဒ်စီ ရွေးကာ သီဆိုကြသည်။ သူတို့သည် ဘီယာပုလင်းကိုပင် ထိကာ သောက်နေကြပြီဖြစ်သည်။

“ကဲ… နင် ဘာတွေ တွေးလဲ။ ဆိုချင်တဲ့ သီချင်း မရှိဘူးလား။” လီရှောင်ချန်း သီဆိုပြီးသည့်နောက် ချန်းယန်နန်သည် ထန်ရှုအား ပြုံးကာ မေးတော့သည်။

ထန်ရှုသည် မချိပြုံး ပြုံးလျက်

“အာ… မရှိဘူး။ ငါ တစ်ပုဒ်မှ နားမထောင်ဖူးဘူး။”

“ဘာဖြစ်ဖြစ် ကိစ္စမရှိဘူး။ နင် သီချင်းမဆိုရင်သာ ငါတို့ ကာရာအိုကေဆိုဖို့ ခေါ်လာတာကို မျက်နှာသာမပေးဘူးလို့ ဆိုလိုမှာ။ အဲ့ဒါကြောင့် နင် ဘာသီချင်းရွေးရွေး ငါတို့ ဘာမှမပြောဘူး။”

“ဘာသီချင်းရွေးရွေး ရတာလား။” ထန်ရှု ပြောလိုက်သည်။

“ရတာပေါ့။”  ချန်းယန်နန် ခေါင်းညိတ်ကာ ပြန်ဖြေသည်။

ထန်ရှုသည် စားပွဲပေါ်မှ မိုက်ခရိုဖုန်းကို ယူကာ မတ်တတ်ရပ်လိုက်ပြီး

“ကောင်းပြီ။ မင်းတို့က ဘာသီချင်းဆိုဆို ဆိုလို့ရတယ်ဆိုတော့ ငါ ဟိုးအရင်တုန်းက သင်ခဲ့တဲ့ သီချင်းကို ဆိုပြမယ်။ ငါ ဆိုပြမယ့် သီချင်းရဲ့သံစဉ်က နည်းနည်းတော့ ဆန်းကြယ်လို့ နင်တို့ ခံနိုင်ရည်ရှိဖို့ ငါ မျှော်လင့်ပါတယ်။ ဒါပေမယ့် သီချင်းဆိုရတာ ပိုကောင်းအောင် ငါ့ကို ဇီသာဗျပ်စောင်းတစ်လက်လောက် ကူညီပေးနိုင်မလား။”

ဇီသာဗျပ်စောင်းတစ်လက် ဟုတ်လား။

လေးယောက်သား ထူးဆန်းသော အမူအရာဖြင့် တစ်ယောက်ကို တစ်ယောက်ကြည့်မိကြသည်။

“အိုက်ယား.. အစ်ကိုကြီး… ဘယ်လိုဟာတွေ လုပ်နေတာလဲ။ မင်း သိတဲ့အတိုင်း ငါတို့က ကေတီဗွီထဲမှာလေ။ မင်း ကေတီဗွီကို သုံးပြီး သီချင်းဆိုရမှာလေကွာ။ အဲ့ဒါကို ဒီမှာ မရှိတဲ့ဟာကို တီးပြချင်နေတာလား။ အခု ငါတို့က ဇီသာကို ဘယ်နေရာမှာ သွားရှာပေးရမှာတုန်း။”

ယွမ်ချူးလင် ဆတ်ကနဲ အော်ပြောတော့သည်။

ထန်ရှုသည် အပြုံးတစ်ခုအား ဖျစ်ညှစ်ပြုံးလိုက်ကာ

“အေးပါ။ ဇီသာမရှိဘူးဆိုမှတော့ ငါ သီချင်းအနည်းငယ် ညည်းပြပါမယ်။ ပထမသီချင်းက…”

“နေဦး…”ရှားဝမ်ဖန် ရုတ်တရက် ကြားဖြတ်လိုက်သည်။

“ငါ့မှတ်ဉာဏ်အရ ဒီကေတီဗွီပိုင်ရှင်မှာ ဇီသာဗျပ်စောင်းတစ်လက် ရှိတယ်။ ငါ့မိသားစုနဲ့ ဒီကို တစ်ခေါက်လာတုန်းက သူမကို ခန်းမအပြင်ဘက်မှာ ဇီသာထိုင်တီးနေတာ မြင်ဖူးတယ်ဟ။ အသံလေးက အလွန်သာယာပြီး နားထောင်လို့ တအားကောင်းတာပဲ။”

“ဟမ်… နင်က ဒီနေရာရဲ့ပိုင်ရှင်ကို သိတာလား။” ယွမ်ချူးလင် အံ့အားသင့်သွားသည်။

“အာ..မဟုတ်ပါဘူး။ ငါတော့ ဘယ်သိနိုင်ပါ့မလဲ.. ဒါပေမယ့် ငါ့အဒေါ်နဲ့သိတယ်။ သူတို့က သူငယ်ချင်းကောင်းကြီးတွေ။ ငါ သူမဆီ သွားပြီး တောင်းဆိုကြည့်ရမလား။”

ရှားဝမ်ဖန်သည် အပြုံးဖြင့် ဖြေလိုက်သည်။

“ငါ နင်နဲ့အတူ လိုက်ခဲ့ပေးမယ်။”  ချန်းယန်နန် ပြောလိုက်သည်။

“အိုကေ။”

မိန်းကလေး၂ယောက် ထွက်ခွာသွားသည်ကို ကြည့်ရင်း ထန်ရှု ရယ်ရမလို ငိုရမလို ဖြစ်သွားရသည်။ သူတို့သည် သူ့အား သာမန်ကာလျှံကာ သီချင်းဆိုခွင့်ကို မပေးလိမ့်မည်ဟု သူ ယောင်လို့ပင် မတွေးတောမိချေ။ ဇီသာတစ်လက်အား အပြေးအလွှားသွားရှာရန်ပင် လုပ်နေကြသေးသည်။

အနောက်ကျွန်းကေတီဗွီ၏ အထွေထွေမန်နေဂျာရုံးခန်းထဲတွင်…

ချန်ရှောင်ဖန်းသည် ဇီသာဂီတနုတ်စ်စာအုပ်တစ်အုပ်အား တိတ်ဆိတ်စွာ ဖတ်နေသည်။ သူမသည် သူမပိုင်ဆိုင်သည့် ကေတီဗွီစီးပွားရေးအား စီမံခန့်ခွဲနေသော်လည်း ဂီတတူရိယာအမျိုးမျိုးအား စုဆောင်းရသည်ကိုလည်း နှစ်သက်သောသူတစ်ယောက် ဖြစ်သည်။ ထိုအမျိုးမျိုးသော ဂီတတူရိယာတို့ဖြင့် လူတို့၏စိတ်နှလုံးသားအား လှုပ်ရှားသွားစေသည့် ဂီတတေးသွားတစ်ခုကို ဖန်တီးရခြင်းကိုလည်း သူမ ပိုမိုနှစ်သက်ပေသည်။

“ဒေါက်…ဒေါက်…ဒေါက်..”

တံခါးခေါက်သံ ပေါ်ထွက်လာသောကြောင့်  သူမ၏အတွေးရထားသည် ရပ်တန့်သွားရသည်။ ချန်ရှောင်ဖန်း၏မျက်ခုံးနက်နက်လေးများ အနည်းငယ် တွန့်ချိုးသွားရပြီး စိတ်ပျက်လက်ပျက်အသံဖြင့် ပြောလိုက်သည်။

စားပွဲထိုးမိန်းကလေးတစ်ယောက် တံခါးကို ဖွင့်ကာ ဝင်လာပြီး

“သူဋ္ဌေး… ဧည့်သည်၂ယောက်က သူဋ္ဌေးကို ရှာနေပါတယ်။ သူဋ္ဌေးကို သိတယ်လို့လည်း ပြောပါတယ်။”

“သူတို့က ဘယ်မှာလဲ။” ချန်ရှောင်ဖန်း မေးလိုက်သည်။

“တံခါးအပြင်ဘက်မှာ စောင့်နေပါတယ်။”  စားပွဲထိုးမိန်းကလေး ပြန်ဖြေလိုက်သည်။

“သူတို့ကို အထဲဝင်ခိုင်းလိုက်ပါ။” ချန်ရှောင်ဖန်း ပြောလိုက်သည်။

ခဏကြာပြီးနောက် ရှားဝမ်ဖန်နှင့် ချန်းယန်နန်သည် ရုံးခန်းထဲသို့ ဝင်လာသည်။ သူတို့သည် ချန်ရှောင်ဖန်းအား မြင်သောအခါ ရှားဝမ်ဖန်သည် ရှေ့အနည်းငယ်ထွက်ကာ သူမ၏အရှေ့တွင် ရပ်လိုက်ပြီး နှုတ်ဆက်လိုက်သည်။

“ဟယ်လို အန်တီချန်… ကျွန်မက ရှားဝမ်ဖန်ပါ ရှားရှီရှီရဲ့တူမလေးပါ။ ကျွန်မ အန်တီရှီ၊ ဖေဖေမေမေတို့နဲ့ အရင်က အန်တီ့ဆီ လာလည်ဖူးပါတယ်။”

ချန်ရှောင်ဖန်း၏မျက်နှာထက်တွင် အပြုံးတစ်ပွင့် ဖြစ်ပေါ်လာခဲ့ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ငါ နင့်ကို မှတ်မိပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေက မဟုတ်လား။ အဲ့ဒီတုန်းက ငါတောင် နင့်အန်တီလေးကို တူမလေးကို ခေါ်ပြီး လာပျော်ဖို့တောင် ပြောလိုက်သေးတယ်။ ဒါနဲ့ ငါ့ဆီက တစ်ခုခု လိုအပ်တာ ရှိနေလား။”

ရှားဝမ်ဖန် ပြောလိုက်သည်။

“အာ..ဟုတ်။ ကျွန်မတို့ အတန်းဖော်တစ်ယောက်က ခေတ်ပေါ်သီချင်းတွေကို မဆိုတတ်ပေမယ့် သူက အထူးသီချင်းတစ်ပုဒ် ဆိုချင်နေတယ်။ ဒါပေမယ့် သူ ပြောတာက အဲ့ဒီသီချင်းဆိုဖို့ဆိုရင် ဇီသာဗျပ်စောင်းတစ်လက် လိုအပ်တယ်ဆိုလို့။ တစ်ခါ အန်တီချန် ဒီမှာ ဆိုပြဖူးတာကို ပြန်သတိရသွားလို့ အန်တီ့ကို လာရှာတာပါ။”

ဇီသာဗျပ်စောင်းတစ်လက်နဲ့ သီချင်းဆိုပြမယ်ဟုတ်လား။

ချန်ရှောင်ဖန်းသည် ကျောက်ရုပ်ပမာ ဖြစ်သွားပြီးနောက် စကားဆိုလိုက်သည်။

“နင့်ရဲ့အတန်းဖော်က အရမ်းစိတ်ဝင်စားစရာကောင်းတယ်လို့ ငါ ယူဆမိတယ်။ ဒါပေမယ့် သူက ကေတီဗွီကို ဘာကြောင့် လာပြီး ဇီသာကို ဘာအတွက် တီးချင်နေရတာလဲ။”

ရှားဝမ်ဖန်၏မျက်နှာထက်တွင် အနေရခက်သော အမူအရာပေါ်ပေါက်လာသည်။ သူမသည်လည်း ထန်ရှု၏တောင်းဆိုမှုသည် ရယ်စရာကောင်းသည်ဟု ခံစားရသည်။ သူမသည် မျက်နှာနီရဲကာ ပြန်ဖြေလိုက်သည်။

“အန်တီချန်… ကျွန်မတို့ အတန်းဖော်…သူက အတော်လေး သာမန်တော့ မဟုတ်ဘူး။”

ချန်ရှောင်ဖန်း ပြောလိုက်သည်။

“အိုကေ.. အဆင်ပြေပါတယ်။ ဧည့်သည်တစ်ယောက်ရဲ့ တောင်းဆိုမှုကို ပုံမှန်ဆိုရင်

ငါ တတ်နိုင်သမျှ ဖြည့်ဆည်းပေးပါတယ်။ ဒါပေမယ့်လည်း ငါ့မှာ တောင်းဆိုချက်တစ်ခု ရှိနေတယ်။ အဲ့ဒါကို လိုက်လျောနိုင်ရင် ငါ နှစ်သက်တဲ့ ဇီသာကို နင်တို့ကို ငှားလိုက်မယ်။”

“ကျေးဇူးပြုပြီး ပြောပါ။” ရှားဝမ်ဖန် ခေါင်းညိတ်လိုက်သည်။

ချန်ရှောင်ဖန်းသည် အပြုံးဖြင့် ပြောလိုက်သည်။

“ငါ နင်တို့ အတန်းဖော်ကို လိုက်တွေ့ပြီး သူ ဇီသာတီးတာကို နားထောင်ကြည့်ချင်တယ်။”

“ဒါ…”

ရှားဝမ်ဖန်နှင့် ချန်းယန်နန်တို့သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ချီတုံချတုံ အမူအရာများ ဖြစ်ပေါ်သွားရသည်။ ထန်ရှု မည်သို့တွေးမည်ကို သူတို့ မသိချေ။ သူတို့သည် ဒီတောင်းဆိုမှုကို လိုက်လျောခဲ့ပါက ထန်ရှု မနှစ်သက်ခဲ့လျှင် သူတို့ မည်သို့ လုပ်သင့်ပါသနည်း။

သို့သော်လည်း ထန်ရှု သီချင်းဆိုသည်ကို နားထောင်ချင်နေသော ချန်းယန်နန်သည် သူမကိုယ်တိုင်လည်း ကေတီဗွီတွင် ထန်ရှုတစ်ယောက် ဇီသာနှင့် သီချင်းသီဆိုမည်ကို စိတ်ဝင်စားနေသောကြောင့် စိတ်ဓာတ်ခိုင်မာစွာဖြင့် အဖြေပေးလိုက်သည်။

“ကျွန်မတို့ သဘောတူပါတယ် အန်တီချန်။”

ချန်ရှောင်ဖန်း၏မျက်ဝန်းအစုံသည် အရောင်တောက်သွားခဲ့ရပြီး ပြောလိုက်သည်။

“ပြီးတော့ ငါ အကြီးဆုံးအခန်းကို စီစဉ်ပေးပြီး အဲ့ဒီမှာ နားထောင်ရင်ရော ဘယ်လိုလဲ။ ငါ့သူငယ်ချင်းအချို့ မကြာခင် လာဖို့ရှိတယ်။ သူတို့က ခရိုင်မြို့တော်မှာရှိတဲ့ ဂီတအထူးပညာရပ်ကျောင်းက တာဝန်ရှိတဲ့သူတွေပဲ။ နင်တို့မှာ ဂီတပါရမီရှိပြီး ဆိုပြတဲ့ သီချင်းတွေက ကောင်းမွန်ရင် ကောလိပ်ဝင်ခွင့်ဖြေပြီးတဲ့အခါ နင်တို့ကို ဂီတအထူးပညာရပ်ကျောင်းကို ဝင်ဖို့တောင် ဖိတ်နိုင်သေးတယ်။”

ရှားဝမ်ဖန်၏မျက်လုံးများ အရောင်တောက်သွားသကဲ့သို့ ချန်းယန်နန်၏မျက်နှာသည်လည်း အမူအရာ ပြောင်းလဲသွားခဲ့သည်။ သူတို့၂ယောက် တီးတိုးတိုင်ပင်လိုက်ကြပြီး နောက်ဆုံးတွင် ချန်ရှောင်ဖန်း၏အဆိုပြုချက်အား သဘောတူလိုက်ကြတော့သည်။

မိနစ်အနည်းငယ် ကြာပြီးနောက်…

ထန်ရှု၊ ယွမ်ချူးလင်နှင့် လီရှောင်ချန်းတို့သည် အထူးအခန်းသို့ လာရောက်ပို့ဆောင်ခြင်းကို ခံလိုက်ရတော့သည်။ ရှားဝမ်ဖန်နှင့် ချန်းယန်နန်တို့ အခန်းထဲတွင် ရောက်နှင့်နေသည်ကို ကြည့်ပြီး ယွမ်ချူးလင်သည် ချက်ချင်းပင် မေးမြန်းလိုက်သည်။

“ဟေ့.ဘာတွေ ဖြစ်နေတာလဲ။ ငါတို့ အရင်အခန်းက မကောင်းလို့ နေရာပြောင်းချင်တာလား။”

ထန်ရှုအား တစ်ချက်ကြည့်လိုက်ရင်း ချန်းယန်နန်သည် အပြုံးဖြင့် ဖြေလိုက်သည်။

“နင် ဘာသိလို့လဲ။ ငါတို့ အတော် ကံကောင်းတယ်ဟ။ ငါနဲ့ ရှားဝမ်ဖန်က ခရိုင်မြို့တော်ရဲ့ဂီတအထူးပညာရပ်ကျောင်းမှာ အစစ်ဆေးခံချင်နေကြတာ။ ငါတို့ ဇီသာ သွားငှားတော့ အဲ့ဒီဂီတအထူးပညာရပ်ကျောင်းက ခေါင်းဆောင်အချို့ လာမှာနဲ့ ကြုံတယ်လို့ ပြောတယ်။ သူတို့က ဒီကေတီဗွီပိုင်ရှင်ရဲ့သူငယ်ချင်းတွေလေ။ သူမက တအား သဘောကောင်းတာပဲ။ ငါတို့ကို ကူညီချင်လို့ ငါတို့ သီချင်းဆိုလို့ရအောင် ဒီအခန်းကို ရွှေ့ပေးလိုက်တာ။ ငါတို့အတွက် သီချင်းဆိုပြရမယ့် အထူးအခွင့်အရေးကြီးပဲဟ။”

“တကယ်ရီး။” သိမ်မွေ့လှပသည့် လီရှောင်ချန်းသည်ပင် စိတ်လှုပ်ရှားစွာ အော်လိုက်မိသည်။

“သီချင်းဆိုတာကို ငါ နှစ်သက်တယ်။ ပြီးတော့ အဲ့ဒီဂီတပညာရပ်ကျောင်းမှာလည်း စစ်ဆေးခံချင်သေးတာ။ ယန်နန်… နင် မသိလောက်ဘူး။ ကလေးဘဝကတည်းက အဆိုတစ်ယောက်ဖြစ်ဖို့ ငါ အိပ်မက် မက်နေခဲ့တာ။ ဂီတအထူးပြုပညာရပ်ကျောင်းက ခေါင်းဆောင်တွေနဲ့သာ အဆက်အသွယ်ရသွားခဲ့ရင် သူတို့ကျောင်းကို တက်ဖို့ ငါတို့ကို ခြွင်းချက်တစ်ခု လုပ်ပေးနိုင်တယ်။”

ထန်ရှုသည် မျက်မှောင်တစ်ချက် ကြုတ်သွားသော်လည်း ချက်ချင်း ပြန်ဖြည်လိုက်သည်။ သူ၏စိတ်အပန်းဖြေသောအချိန်တွင် မရင်းနှီးသောသူများ ရှိနေခြင်းကို မကြိုက်လှသော်လည်း လီရှောင်ချန်းနှင့် အခြားမိန်းကလေးများ စိတ်လှုပ်ရှားနေသည်ကို မြင်ရသောကြောင့် ထိုသူတို့၏ စိတ်လှုပ်ရှားမှုအား သူ မဖျက်ဆီးချင်ပေ။ သည်ဂီတပညာရပ်အထူးပြုကျောင်းသို့ ဝင်ရောက်လိုသည့် သူတို့၏အိပ်မက်များအတွက် အခွင့်အရေးတစ်ခုပင် ဖြစ်လာနိုင်ပေသေးသည်။

သူ၏အကြည့်အား လက်ဖက်ရည်စားပွဲပေါ်သို့ ရွှေ့လိုက်သည်။ စိတ်ဝင်စားဖွယ်ကောင်းသည့် သွင်ပြင်ပုံစံဖြင့် ရှေးဟောင်းဇီသာဗျပ်စောင်းတစ်လက်သည် လက်ဖက်ရည်စားပွဲပေါ်တွင် တည်ရှိနေပြီး ၎င်းအပေါ်တွင် တောက်ပကာ သဘာဝကျလှသော ပျံတက်နေသည့်အသွင်ဖြင့် ဖီးနစ်ငှက်နှင့် နဂါးပုံအား ထွင်းထုထားပေသည်။

အနောက်ကျွန်း ကေတီဗွီ၏အရှေ့တံခါးတွင်…

အနက်ရောင် မာစီးဒီကားတစ်စီး ဖြည်းညှင်းစွာ ဆိုက်လာပြီး လှပရင့်ကျက်သောအသွင်ဖြင့် အမျိုးသမီး၃ဦး အထဲမှ ဆင်းလာသည်ကို ချန်ရှောင်ဖန်းသည် ပြုံးရွှင်သောအမူအရာဖြင့် ကြည့်နေလေသည်။

“သူဋ္ဌေးချန်… အနှောင့်အယှက်ပေးရတာ စိတ်မကောင်းဘူး။”

ထိုအမျိုးသမီးလှလှ၃ဦးအနက်မှ တစ်ယောက်သည် ပြေးလာကာ ချန်ရှောင်ဖန်းအား ပွေ့ဖက်လိုက်သည်။

ချန်ရှောင်ဖန်းသည် ရယ်မောလျက်

“နင်တို့၃ယောက် ငါ့ဆီလာပြီး မပျော်သရွေ့သာ နောက်ကျလွန်းနေတာ။ ကဲ.. အဲ့ဒီတော့ ဒါကို အနှောင့်အယှက်ပေးတယ်လို့ ဆိုလို့ရမလားလို့။ ငါတို့ညီအစ်မတွေ အတူမဆုံစည်းဖြစ်တာ နှစ်ဝက်တောင် ရှိနေပြီမဟုတ်လား။ နင်တို့၃ယောက် တကယ်ကို မကောင်းဘူး။ သူတို့ကျ ခရိုင်မြို့တော်မှာ ပျော်နေကြပြီး ငါ့ကို ကြယ်တာရာမှာ တစ်ယောက်တည်း ပစ်ထားကြတယ် ဟွန့်။”

ချန်ရှောင်ဖန်းအား ပြေးဖက်ထားသော တည်ငြိမ်ရင့်ကျက်သည့်အလှပိုင်ရှင် ဟောင်ကျဲသည် ချန်ရှောင်ဖန်း၏ပခုံးအား ဖက်ထားရင်း နွေးထွေးသောအပြုံးဖြင့်

“နင့်မိသားစုနဲ့ နင့်ယောကျာ်းသာ ထွက်လာဖို့ ခွင့်ပြုလို့ကတော့ ခရိုင်မြို့တော်မှာ နင့်အတွက် အရာရာ စီစဉ်ပေးနိုင်တယ်နော်။ ငါတို့နဲ့အတူ ဂီတအထူးပညာရပ်ကျောင်းမှာ သင့်တော်တဲ့ ရာထူးတစ်ခုနဲ့ အလုပ်ဝင်လုပ်ပေါ့။”

ကူကယ်ရာမဲ့သောအမူအရာ၊ လေသံတို့ဖြင့် ချန်ရှောင်ဖန်း ပြောလိုက်သည်။

“အိုက်ယား.. ကျေးဇူးပြုပြီး ငါ့ကို မဆွဲဆောင်ပါနဲ့တော့။ ငါ့မိသားစုနဲ့ ငါ့ယောကျာ်းအကြောင်း နင်တို့လည်း သိသားနဲ့။ အာ.. အဲ့ဒါကို မေ့လိုက်တော့။ သူ့ကို သွားပြောမနေနဲ့ဦး။ ဒါနဲ့ နင်တို့အတွက် ငါ ဒီညမှာ ပွဲလေးတစ်ခု စီစဉ်ထားတယ်။ အဲ့ဒါက မမျှော်လင့်ဘဲ မတော်တဆဖြစ်သွားရတာဆိုပေမယ့် နင်တို့ သဘောကျလိမ့်မယ်လို့ ငါ မျှော်လင့်တယ်။”

“ဘာပွဲလဲ။” ဟောင်ကျဲ စပ်စုလိုက်သည်။

ချန်ရှောင်ဖန်းသည် အပြုံးမမည်သော အပြုံးဖြင့် ပြုံးလိုက်ကာ ပြန်ပြောလိုက်သည်။

“နင်တို့အားလုံးက ဂီတပညာရှင်တွေဆိုတော့ ငါ နင်တို့ကို မေးချင်တယ်။ ကေတီဗွီကိုလာပြီး သီချင်းမဆိုတဲ့ ဧည့်သည်ကို မြင်ဖူးလား။ ဒါပေမယ့် အဲ့ဒီဧည့်သည်က ဇီသာတစ်လက်ကို ငှားတီးပြီး သီဆိုချင်နေသတဲ့လေ။ ပြီးတော့ နင်တို့ သိကြလား။ အဲ့လိုပြောတဲ့သူက အထက်တန်းကျောင်းသားတစ်ယောက် ဖြစ်နေမယ်ဆိုတာ။”

“ဟား..ဟား..ဟား..”

ဟောင်ကျဲနှင့် အခြား၂ယောက်သည် မရယ်ဘဲ မနေနိုင်ကြတော့ချေ။

ဇီသာတစ်လက်နှင့် သီချင်းဆိုရန်အတွက် ကေတီဗွီကို လာသတဲ့လား။ တရုတ်ပြည်တစ်ခုလုံးတွင် လိုက်လံစုံစမ်းမည်ဆိုလျှင်တောင်မှ ဒီလိုအဖြစ်အပျက်မျိုး ရှိနိုင်ပါမည်လား။

ဟောင်ကျဲ ရယ်မောကာ စကားဆိုလိုက်သည်။

“ရှောင်ဖန်း.. ဒီလို အံ့ချီးဖွယ်အရာက နင် ပြောတဲ့ စီစဉ်ထားတယ်ဆိုတဲ့ အထူးအစီအစဉ်လား။

ဒီဟာက ငါတို့ ပျော်ရွှင်စရာတွေနဲ့ မကြုံတာ ကြာပြီလို့ သတိပေးနေသလိုပဲ။ ငါတို့ ညီအစ်မတွေ အတူဆုံဖို့က ခက်ခဲလှတယ်ဆိုတော့ အတူရှိတဲ့အချိန် ပျော်စရာလေးတွေ လုပ်ကြရအောင်။”

ချန်ရှောင်ဖန်းသည်လည်း ရယ်မောကာ တုံ့ပြန်လိုက်သည်။

“အာ..ကျဲ..ဒီဟာက ဝတ္ထုဆန်လွန်းတယ်လို့ နင် မထင်ဘူးလား။ မြင်ယောင်ကြည့်လိုက်စမ်းပါ။ ကေတီဗွီမှာ ဇီသာကြီးတီးပြီး သီချင်းဆိုနေတဲ့ မြင်ကွင်းကို။ ငါဆို မြင်ယောင်ကြည့်ပြီး မရယ်ပဲကို မနေနိုင်ဘူး။ အာ..ဟုတ်တယ်။ ငါ တစ်ခုတော့ လုပ်ပြီးသွားပြီထင်တယ်။ အဲ့ဒါက ငါ ဝယ်လာခဲ့တဲ့ ဇီသာလေ။”

“ဟား..ဟား..ဟား..” တည်ငြိမ်ရင့်ကျက်သောအလှပိုင်ရှင်၃ဦးသည် ထိုစကားကို ကြားရသည်နှင့် ရယ်မောလိုက်မိကြသည်။

ထို့နောက် ဟောင်ကျဲသည် တစ်ခဏမျှ ချီတုံချတုံဖြစ်သွားကာ အပြုံးဖြင့် စကားစလိုက်သည်။

“ရှောင်ဖန်က ငါတို့အတွက် ဒီအထူးအစီအစဉ်ကို စီစဉ်ပေးထားတာဆိုတော့ သွားကြည့်ကြစို့။ အဲ့ဒါအပြင် အခုခေတ်မှာ ဇီသာတီးတာ သင်ယူလေ့လာတဲ့ ကျောင်းသားတွေဆိုတာ လက်တစ်ဆုပ်စာလောက်ပဲ ရှိတာ။ သူမရဲ့အဆင့်က ကောင်းနေရင် ငါ့မှာတော့ ပြောစရာမရှိဘူး။ ဒါပေမယ့် ရှောင်ဖန်းကတော့ သူမကို လမ်းညွှန်မှုအချို့တော့ လုပ်ပေးနိုင်လိမ့်မယ်ထင်တယ်။”

ချန်ရှောင်ဖန်းသည် ရယ်လိုက်ရင်း ပြောလိုက်သည်။

“ဒါပေမယ့် ငါ ကြားတာက ဇီသာကို တီးပြီးသီချင်းဆိုချင်တဲ့သူက မိန်းကလေး မဟုတ်ဘူး။ ကျောင်းသားလေးတစ်ယောက်တဲ့ရှင့်။”

“အမ်.. နင် ဘာပြောလိုက်တယ်။”

အမျိုးသမီးလှလှ၃ယောက် ရုတ်ခြည်း အံ့သြတုန်လှုပ်သွားရသည်။

ကျောင်းသားလေးတစ်ယောက်က ကေတီဗွီမှာ ဇီသာတီးချင်တယ်ပေါ့။ သီချင်းတောင်မှ ဆိုချင်သေးတယ်ပေါ့လေဟုတ်စ။

ကျောင်းသားလေးတစ်ယောက်က ဂစ်တာတီးပြီး ခပ်မိုက်မိုက်စတိုင်ဖမ်းတာကို မနှစ်သက်ဘူးတဲ့လား။

ဟောင်ကျဲသည် ရယ်မောရင်းနှင့်သာ ပြောလိုက်တော့သည်။

“ရှောင်ဖန်း… နင် ငါတို့ကို ထူးခြားတဲ့ အသေးစိတ်လေးတွေ ပြောပြလေ ငါ့ရဲ့သိချင်စိတ်ကို အလွန် နှိုးဆွလေဖြစ်နေပြီ။ အဲ့ဒီကောင်လေးက တကယ်ကို ငါ့ရဲ့စိတ်ဝင်စားမှုကို မြင့်တက်လာစေတယ်။”

***

All Chapters