အိပ်မက်ကမ္ဘာ
Vol. 04 Ch. 159
အနောက်ကျွန်းကေတီဗွီ၏ ခမ်းနားလှသော အခန်းတစ်ခုထဲတွင်…
ထန်ရှုသည် ဇီသာဗျပ်စောင်း၏အရှေ့တွင် တင်ပျဉ်ခွေထိုင်နေသည်။ အကောင်းဆုံး အရည်အသွေးရှိသည့် အဝါရောင် တမလန်းသားဖြင့် ပြုလုပ်ထားသော ဇီသာအား သူ၏လက်များသည် ညင်သာစွာ ထွေးပိုက်ကာ ပွတ်သပ်လျက်ရှိသည်။ ဇီသာ၏ကိုယ်ထည်သည် သိမ်မွေ့စွာ အနုစိတ် ထွင်းထုထားသော လက်ရာနှင့် အရောင်တို့ဖြင့် တောက်ပကာရှိနေသည်။ တီးခတ်ရမည့် ကြိုး၇ချောင်းသည်လည်း အဆင်သင့် တပ်ဆင်ထားပြီး ဖြစ်သည်။
ဇီသာအား တရုတ်ယဉ်ကျေးမှုတွင် အမြင့်မြတ်ဆုံးတူရိယာအဖြစ် စဉ်းစားနိုင်ပေသည်။ စကားဆိုရိုးတစ်ခုပင် ရှိခဲ့သည်။ “လူကြီးလူကောင်းတစ်ယောက်သည် မည်သည့်နေရာတွင် ထိုင်သည်ဖြစ်စေ ဝဲဘက်တွင် ဇီသာတစ်လက်၊ ယာဘက်တွင် စာအုပ်တစ်အုပ် ရှိကိုရှိရမည် ဟုပင် ဖြစ်သည်။” ဇီသာသည် တရုတ်ယဉ်ကျေးမှု၏ အနုပညာ၄မျိုးဖြစ်သော ဇီသာ၊ တရုတ်စစ်တုရင်၊ လက်ရေးလှနှင့် ပန်းချီပညာတို့အနက် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိကာ ယဉ်ကျေးသိမ်မွေ့သော ပညာရှင်အများစုသည်လည်း ဇီသာနှင့်ဆက်စပ်လျက်ရှိသည်။
ယခင်က…
ထန်ရှုတွင်လည်း ဇီသာတစ်လက် ရှိခဲ့သည်။ ၎င်းသည် အင်မော်တယ်ကမ္ဘာရှိ ထိပ်သီးအဆင့် အင်မော်တယ်လက်နက်များတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ကိုယ်ထည်အား စွန်ပလွန်သားဖြင့် ပြုလုပ်ထားပြီး ကြိုးများမှာမူ ခြေ၅ချောင်းရွှေရောင်နဂါး၏အကြောတို့ဖြင့် ပြုလုပ်ထားသည်။ နှစ်တစ်သောင်းခန့် အင်မော်တယ်ကမ္ဘာရှိ ထိပ်သီးပညာရှင်တို့၏ သွေးအဆီအနှစ်များအား စားသုံးလာခဲ့ပြီး ကိုးအမှောင်ရေခဲကန်နှင့် ကမ္ဘာမီးတို့ဖြင့်လည်း နှစ်ရာပေါင်းများစွာ အချိုးကျ ရောစပ်ထားခဲ့သည်။ မူလအင်မော်တယ်များ ဖြစ်ပါက သူတို့၏လက်များ ဇီသာပေါ် ရောက်သည်နှင့် အဆင့်မြင့်သိုင်းပညာရှင်များကိုပင် သတ်နိုင်စွမ်း ရှိကြသည်။
“ထန်ရှု… နင် တကယ်ပဲ ဇီသာကို တီးနိုင်တာလား။”
ချန်းယန်နန်သည် ဇီသာရှေ့သို့ ရောက်လာကာ မျက်နှာလှလှလေးထက်တွင် စူးစမ်းလိုသောအမူအရာ ထင်ဟပ်လျက် မေးလိုက်သည်။
ထန်ရှုသည် ယခင်အကြောင်းများ စဉ်းစားနေရာမှ သူ၏အတွေးများသည် ပြန်လည်ရောက်ရှိလာခဲ့ပြီး နူးညံ့စွာ ပြောလိုက်သည်။
“အာ.. ငါ အရင်တုန်းက တချို့တဝက် သင်ဖူးတယ်။”
ချန်းယန်နန်၏မျက်နှာထက်တွင် သံသယတစ်စွန်းတစ်စ ရိပ်ကနဲ ဖြတ်သန်းသွားသော်လည်း သူမသည် အပြုံးဖြင့် ပြောလိုက်သည်။
“အေးပါ။ နင် ဒီဇီသာနဲ့ ကောင်းကောင်းတီးပြီး မဆိုနိုင်ဘူးဆိုရင်တောင်မှ ငါတို့ နင့်ကို မရယ်ပါဘူး။”
ယွမ်ချူးလင်လည်း နောက်မှလိုက်ကာ ဆူညံစွာ ပြောလိုက်သည်။
“ဒါပေါ့။ ငါတို့ အစ်ကိုကြီးကို မလှောင်ပါဘူး။ သေချာပေါက်ပဲ။ အဲ့ဒါအပြင် အစ်ကိုကြီးတီးတာ အရမ်းမကောင်းရင်တောင်မှ စွယ်စုံပါရမီရှင် ဖြစ်နေပါသေးတယ်။ အစ်ကိုကြီး ဂစ်တာမတီးတာက သနားစရာကောင်းနေတဲ့ပုံပေါက်ဦးမယ်။ အဲ့လိုအပြင်ကို အစ်ကိုကြီး အဲ့ဒီခပ်လှလှ အမျိုးသမီးတွေရဲ့အကြည့်မှာ ချစ်စရာကောင်းရင်ကောင်းနေလိမ့်မယ်။”
“ဖွီး..”
“ဟီ..ဟီ..ဟိ”
“ဟား..ဟား..ဟား”
ချန်းယန်နန်၊ ရှားဝမ်ဖန်နှင့် လီရှောင်ချန်းတို့သည် ယွမ်ချူးလင်၏စကားကြောင့် ရယ်ချင်သွားရပြီး ရယ်မောလိုက်မိကြသည်။
ထိုအချိန်တွင် အခန်းတံခါးသည် အပြင်မှ တွန်းဖွင့်ခြင်းကို ခံလိုက်ရလေသည်။
“အိုး.. နင်တို့အားလုံး အတော်ပျော်နေတဲ့ပုံပဲ။ ဘယ်လိုပျော်စရာအကြောင်းတွေ ပြောနေကြလဲ။”
ချန်ရှောင်ဖန်းသည် ပြုံးရင်း အခန်းတွင်းရှိ လူ၅ယောက်အား ကြည့်လိုက်သည်။ ကြည့်ရင်းဖြင့် အကဲခတ်သွားရာ တင်ပျဉ်ခွေထိုင်နေသည့် ထန်ရှုထံတွင် နောက်ဆုံး အဆုံးသတ်သွားသည်။
ရှားဝမ်ဖန်သည် နှုတ်ဆက်ရန် အနားကပ်သွားကာ အပြုံးဖြင့် ပြောလိုက်သည်။
“အန်တီချန်… ကျွန်မတို့ ထန်ရှုရဲ့ဇီသာတီးတဲ့စွမ်းရည်အကြောင်း ပြောနေကြတာပါ။ သူက ကျွန်မတို့ကိုတောင် ရှက်နေတာ။”
“သူက နင်တို့ပြောတဲ့ထန်ရှုလား။ အတော်ငယ်သေးတာပဲ။ ဒီနေ့ခေတ်မှာ ဇီသာတီးနိုင်တဲ့သူတွေက နည်းလာကြပြီ။ ယောကျာ်းလေး တီးတာကတော့ ပိုတောင် ရှားသွားသေးတယ်။ ဒီကိုလာကြ.. ငါ နင်တို့ကို လူအချို့နဲ့ မိတ်ဆက်ပေးမယ်။ ဒီ၃ယောက်က ငါ့ရဲ့ညီအစ်မကောင်းတွေပဲ။ ခရိုင်မြို့တော်မှာရှိတဲ့ တော်ဝင်ဂီတအထူးပြုပညာရပ်ကျောင်းက ဆရာမတွေလည်း ဖြစ်တယ်။” ချန်ရှောင်ဖန်း အပြုံးဖျော့ဖျော့ဖြင့် ဆိုလိုက်သည်။
“မင်္ဂလာပါဆရာမ။”
ယွမ်ချူးလင်နှင့် မိန်းကလေး၃ယောက်သည် နှုတ်ဆက်လိုက်ကြသည်။
ထန်ရှုသည် မတ်တတ်မရပ်တော့ဘဲ ထိုင်လျက်နှင့်သာ ချန်ရှောင်ဖန်းအား ခေါင်းညိတ်ပြလျက် သူ၏မျက်ဝန်းအစုံတို့သည် ဟောင်ကျဲနှင့် အခြားအမျိုးသမီး၂ယောက်တို့အား ဝေ့ဝဲကြည့်လိုက်သည်။ ယနေ့ညတွင် သူသည် စိတ်အပန်းဖြေ အနားယူရန်အတွက် အပြင်သို့ ထွက်လာခြင်းသာဖြစ်သည်။ အခြားသူစိမ်းများနှင့် ပျော်ရွှင်စရာပွဲလုပ်ရန် သူ့အတွက် အတော်စိတ်မပါလှပေ။ သို့သော် ချန်ရှောင်ဖန်းသည် သည်ကေတီဗွီ၏ပိုင်ရှင်ဖြစ်သောကြောင့် ထိုသို့မလုပ်ရန် သူငြင်းဆန်ပါက ရိုင်းရာကျပေလိမ့်မည်။
“ငါ တတ်နိုင်သမျှ မြန်မြန် ပြန်ရမယ်။” ထန်ရှု စဉ်းစားထားလိုက်သည်။
ထန်ရှု၏အပြုအမူကိုကြည့်ပြီး ဟောင်ကျဲနှင့် ကျန်အမျိုးသမီး၂ယောက်သည် မျက်မှောင်မသိမသာတွန့်သွားကြသည်။ ကျောင်းသားများမှ သူတို့အား လေးလေးစားစားဆက်ဆံခြင်းနှင့် အသားကျနေပြီဖြစ်သောကြောင့် ထန်ရှု၏သာမန်မျှသော အပြုအမူအား သဘောမတွေ့ဖြစ်သွားကြသည်။ သို့သော်လည်း သူတို့ ဒီနေရာကို ပျော်ရန်လာရောက်ခြင်းသာဖြစ်ပြီး ထန်ရှုသည် သူတို့၏မျက်လုံးထဲတွင် ဖြတ်သွားဖြတ်လာတစ်ယောက်သာလျှင် ဖြစ်သည်။
သူတို့၃ယောက်သည် ဆိုဖာအခြားဘက်တွင် ထိုင်လိုက်ကြသည်။ ဟောင်ကျဲသည် ထန်ရှုအား တစ်ချက်ကြည့်လိုက်ပြီး ချန်ရှောင်ဖန်းအား ပြောလိုက်သည်။
“ကျဲရဲ့ကေတီဗွီမှာ တစ်ချို့လူတွေက တူရိယာတစ်ခုကို တီးပြီး သီချင်းဆိုပြဖို့ရှိတယ်လို့ ပြောခဲ့သလားလို့။ အခု မစသေးဘူးလား။ တို့ညီအစ်မတွေကိုယ်တိုင်က ဂီတပညာရှင်တွေဆိုတော့ သည်ကလေးတွေကို ညွှန်ပြမှုအချို့တော့ လုပ်ပေးနိုင်လောက်တယ်။”
သရော်ကျီစယ်ဟန်ဖြင့် ပြောလိုက်သော ညီမများ၏အမူအရာနှင့် စကားများအား ကြားရသည့်အခိုက်တွင် ချန်ရှောင်ဖန်း စိတ်ထဲမှ ကြိတ်ပျော်သွားခဲ့သည်။ သူမသည်လည်း ထန်ရှု၏သာမန်မျှသော အပြုအမူသည် မလျော်ကန်ဟု ခံစားနေမိသည်။ ထိုခဏတွင်ပင် ထန်ရှုအား စိတ်ပျက်သွားစေရန်အတွက် သင်ခန်းစာပေးရန် ကြံရွယ်နေသော ညီမများ၏ မကျေနပ်မှုကိုလည်း ခံစားမိလိုက်သည်။ အခြားဘာသာရပ်များဆိုပါက သူမ၏ညီအစ်မများသည် ထန်ရှုအား သင်နိုင်မည်မဟုတ်ပေ။ သို့သော် ဂီတဘာသာရပ်တွင် သူတို့သည် သေချာပေါက် ထိုကဲ့သို့ လုပ်နိုင်စွမ်းရှိသူများဖြစ်သည်။
ချန်းယန်နန်၊ ယွမ်ချူးလင်၊ ရှားဝမ်ဖန်နှင့် လီရှောင်ချန်းတို့သည်လည်း ဟောင်ကျဲ၏စကားနောက်ကွယ်မှ အဓိပ္ပာယ်အား နားလည်လိုက်ကြသောကြောင့် ထန်ရှုအား ချာကနဲ လှည့်ကြည့်မိကြတော့သည်။
သို့သော်လည်း ထန်ရှုသည် ခံစားချက်ကင်းမဲ့နေသည့်အသွင်ဖြင့်သာ ရှိနေသည်။ သူသည် ဟောင်ကျဲနှင့် ကျန်ညီအစ်မ၂ယောက်အား တစ်ကြိမ်မျှပင် မကြည့်ချေ။ အခန်းထဲတွင် နေရထိုင်ရခက်လောက်သော တိတ်ဆိတ်ခြင်းက လွှမ်းမိုးနေစဉ်တွင် သူ၏အရှေ့တွင် ရှိနေသော ဇီသာအား ငုံ့ကြည့်လိုက်သည်။
“ဒင်..”
သူ၏ရှည်သွယ်သော လက်ချောင်းများနှင့် ကြိုးများထိတွေ့လိုက်စဉ်တွင် ကြည်လင်သော ဇီသာသံတစ်ချက် ထွက်ပေါ်လာသည်။
ထို့နောက်တွင်တော့…
နွေးထွေးပျော်ရွှင်သောအရိပ်အယောင်တစ်ခုသည် သူ၏မျက်ဝန်းအစုံတွင် ဖြတ်ကနဲ ပေါ်လာသော်လည်း မျက်ဝန်းများအား မှိတ်လိုက်သောကြောင့် ကွယ်ပျောက်သွားရသည်။ သူ၏ညာဘက်လက်သည် ကြိုးများပေါ်တွင် ရှိနေပြီး သူ၏ဘယ်ဘက်လက်သည် လက်ကွက်ပေါ်တွင် အသာဖိကာ တစ်မူထူးခြားသော လက်ကွက်ပုံစံအား ရွေ့လျားဖြစ်ပေါ်စေသည်။ သူ၏ညာဘက်လက်သည် ကြိုးများပေါ်တွင် ရွေ့လျားလျက် ဆွဲညှို့ခြင်း၊ ဖြေလျော့ခြင်း၊ ခတ်ခြင်း၊ ဖိနှိပ်ခြင်း၊ ဆွဲခြင်း၊ ပွတ်တိုက်ခြင်း၊ ထိန်းချုပ်ခြင်း..တို့ဖြင့် တီးခတ်နေသကဲ့သို့ သူ၏ဘယ်ဘက်လက်သည်လည်း အထက်အောက်၊ အသွားအပြန်၊ နောက်ရွှေ့၊ အဖန်တလဲလဲ၊ ဆွဲထုတ်ကုတ်ခြစ်၊ လက်ချောင်းလေးများ ကွေးကာဆွတီး၊ ဆွဲ၊ ချိတ်၊ ကလော် စသည်ဖြင့် လက်ကွက်အမျိုးမျိုးအား ဖိကာ သူ၏လက်ချောင်းလေးများသည် ကြိုးများပေါ်တွင် အဆက်မပြတ် ရွေ့လျားတီးခတ်နေပေသည်။
စိတ်ခံစားမှု ရီဝေနေသည့်အတောအတွင်း…
ထန်ရှု၏လက်ချောင်းများအားလုံးသည် ဇီသာအား တီးခတ်ကာ စီးဆင်းနေသော စမ်းရေသံကဲ့သို့ သာယာနာပျော်ဖွယ်ကောင်းသော သံစဉ်ဂီတအား ထွက်ပေါ်လာစေခဲ့သည်။ ဇီသာမှ အပေါင်းအဖော်ကင်းမဲ့ကာ စိတ်မကြည်မလင်ဖြစ်နေရသော သံစဉ်ထွက်ပေါ်လာပြီး ညှင်းသွဲ့သွဲ့ ဆောင်းဦးလေအား ကျန်ရစ်ထားစေခဲ့သည်။ သံစဉ် နှေးကွေးလာသည်နှင့်အမျှ ဝမ်းနည်း အထီးကျန်နေရသော ခံစားမှုကို ပေါ်လွင်လာစေလေသည်။
ဇီသာတီးခတ်သံ ထွက်ပေါ်လာပြီး စက္ကန့်အနည်းငယ်အကြာတွင် ထန်ရှုအား စိတ်မကြည်မုန်းတီးနေသော ဟောင်ကျဲသည် အံ့သြတုန်လှုပ်သွားရသည်။ ကေတီဗွီပိုင်ရှင် ချန်ရှောင်ဖန်း၏ခန္ဓာကိုယ်သည်လည်း ဓာတ်လိုက်သွားသကဲ့သို့ တောင့်တင်းသွားရသည်။ တော်ဝင်ဂီတအထူးပညာရပ်ကျောင်းမှ အခြားဆရာမ၂ယောက်၏အကြည့်တို့သည်လည်း တစ်နေရာတည်းတွင်သာ ရှိတော့သည်။ ထိုအမျိုးသမီးလှလှများ၏မျက်ဝန်းအကြည့်တို့သည် ထန်ရှုပေါ်တွင်သာ ရှိနေလျက် နည်းနည်းမှ နေရာမရွေ့ပါချေ။
သည်တီးခတ်မှုသည် စိတ်ဝိညာဉ်ကို လှုပ်ရှားထိခတ်စေသော တေးသွားဖြစ်သည်။ သူတို့၄ယောက်လုံးသည် ဂီတနယ်ပယ်တွင် အောင်မြင်မှုမြင့်မားပြီး ကျွမ်းကျင်သူများလည်း ဖြစ်ကြသည်။ ဇီသာ၏နူးညံ့ညင်သာသော တေးသွားသည် သူတို့၏ စိတ်နှလုံးအား လိုလားတောင့်တမှုကို ဖြစ်စေလျက် အထီးကျန် ဆောင်းဦးလေပြည် တစ်သုန်စုန် တိုက်ခတ်ကာ ရော်ရွက်ဝါကြွေ မြေမှာခနေစေသည့် ကမ္ဘာလောကထဲသို့ နားထောင်နေသူတို့အား ဆွဲခေါ်သွားနေသကဲ့သို့ပင် ဖြစ်လေတော့သည်။
အိမ်ကို လွမ်းဆွတ်နေသည့် ပြင်းပြသည့် စိတ်…
မိဘနှစ်ပါးအားတွေ့မြင်လိုသည့် တမ်းတမှု…
သူတို့ကိုယ်တိုင်ပင် လက်ရှိအချိန်တွင် အိမ်နှင့်ဝေးရာ အရပ်ဒေသ၌ ရောက်ရှိနေသူများကဲ့သို့ ခံစားနေရပြီး ဆောင်းဦးနှောင်းပိုင်းအချိန် လမ်းကျဉ်းလေးအဆုံးတွင် ရပ်ကာ ဟိုးအဝေးအမြင့်တစ်နေရာရှိ ဇာတိမြေအား လွမ်းဆွတ်တမ်းတစွာ ငေးကြည့်နေသည့်ဟန် ရှိနေသည်။ သူတို့၏နှလုံးသားထောင့်တစ်နေရာတွင် သားသမီးတို့မှ မိဘအား ရိုသေကိုင်းရှိုင်းမှုတို့ဖြင့် ပြည့်ဝနေသော ကလေးများသဖွယ် ဖြစ်နေကြကာ ဇာတိမြေမှ နွေးထွေးကာ ဂရုစိုက်ကြင်နာတတ်သော သူတို့၏မိခင်များအား စိုးရိမ်ပူပန်နေသည့်နှယ်ရှိနေသည်။
“ဆောင်းဦးမိုးဟာ ချစ်ခင်ရသောတစ်စုံတစ်ယောက်ကို လွမ်းဆွတ်မှု၊ သားတစ်ယောက်ရဲ့ သတိရ စိုးရိမ်ပူပန်မှုတွေနဲ့အတူ ရွာသွန်းနေခဲ့တယ်……”
ဇီသာ၏တေးသွားနှင့်အတူ တိုးတိတ်သြလျသော အသံသည် ထွက်ပေါ်လာခဲ့သည်။ ခံစားမှုသည် ပြတ်တောက်သွားခြင်းမရှိဘဲ အရာရာတိုင်းသည် စည်းချက်ညီညီ ရောစပ်လျက် လွမ်းဆွေးမှုလေထုအဖြစ် ဖန်တီးလျက် ရီဝေငေးမောနေစေရသည်။
“အင်မော်တယ်ခရီးက ဘယ်တော့မှ ချောမွေ့တယ်လို့ မရှိသလို အဆုံးသတ်သွားမှာလဲမဟုတ်ပေဘူး…..”
မြင်ကွင်းသည် ပြောင်းလဲသွားပြီး အလွန်မြင့်မားသော တောင်ထွဋ်ကို တက်ရောက်မည့် အဆုံးမရှိသော လမ်းတစ်ခုအား သူတို့ မြင်နေရသည်။ လူရွယ်တစ်ယောက်သည် အင်မော်တယ်ဓားတစ်ချောင်းပေါ်တွင် မတ်တတ်ရပ်လျက် အခက်အခဲများနှင့် ရှေ့ဆက်လျက် အဆင့်တစ်ခုစီတွင် သူသည် ရပ်တန့်ကာ နောက်ပြန်လှည့်ပြီး သူ လှမ်းလာခဲ့သော ရှည်လျားလှသည့် ခရီးအား ကြည့်နေသည့်မြင်ကွင်း ဖြစ်သည်။
“ငါ လျှောက်လှမ်းလာတဲ့ နှစ်ပေါင်းတစ်သောင်းအတွင်းမှာ ကောင်းကင်ကို မော့ကြည့်ပြီး ငါ မေးမိတယ်။ မြေပြင်ကို ငုံ့ကြည့်ပြီး ငါ ပြောခဲ့တယ်။ မြေအောက်ကမ ္ဘာရဲ့ မရဏနိုင်ငံမှာ ငါ မောက်မာစွာ ဆက်ဆံခဲ့တယ်။ အမြင့်ဆုံးကောင်းကင်ဘုံကို ငါ နင်းခဲ့တယ်။ ဒါတွေက ကောင်းကင်ဘုံဂိတ်တံခါးဆီကို သွားတဲ့လမ်းကြောင်းအတွက်ပဲ။ ငါ နက်နက်ရှိုင်းရှိုင်း လိုချင်တဲ့ အဲ့ဒီအခိုက်အတန့်လေးတွေကို ပြန်ရဖို့အတွက် စိတ်ဝိညာဉ်အတွင်းက နောင်တရမှုတွေ၊ လွမ်းဆွတ်တဲ့စိတ်တွေက ဖော်ပြဖို့တောင် ခက်ခဲလွန်းခဲ့တယ်….”
ထိုခဏတွင် ဟောင်ကျဲ၊ ချန်ရှောင်ဖန်းနှင့် ကျန်အမျိုးသမီး၂ယောက်၏နှလုံးသားသည် တဆတ်ဆတ် တုန်ရီလာရသည်။ မြေအောက်ကမ္ဘာ၏ အဝါရောင်နွေဦး သရုပ်ဖော်မှုအတွင်း၊ သူတို့အထက်တွင်ရှိသော ကိုးကောင်းကင်ဘုံ၏ အကြီးမြင့်ဆုံးဖြစ်သော အင်မော်တယ်များနှင့် အိပ်မက်ကမ္ဘာထဲသို့ ရောက်နေသည့်နှယ်ဖြစ်သည်။ သူတို့သည် နာကျင်စွာဖြင့် ကောင်းကင်ဘုံ၏တံခါးအား ရှာဖွေနေသည်မှာ အိမ်အပြန်လမ်းအား ရှာဖွေနိုင်သည့် လမ်းပြအလင်းရောင်အား ရှာလိုသည့်အတွက်ပင် ဖြစ်သည်။
ဝမ်းနည်းမှုနှင့် ပူဆွေးမှု…
နာကျင်ခံစားရမှုနှင့် လွမ်းဆွတ်နေရမှုများ…
သူတို့၏စိတ်ဝိညာဉ်အတွင်းတွင် အနိမ့် အမြင့် အတက် အကျ များစွာဖြင့် စိတ်လှုပ်ရှားမှု၊ စိုးရိမ်ပူပန်ရမှုစသော ခံစားမှုတို့သည် ဖြစ်ပေါ်နေလျက်ရှိသည်။ ပါးပြင်မို့မို့တစ်လျှောက် မျက်ရည်စီးကြောင်းနှစ်သွယ် ကျဆင်းလျက် အဝတ်များအား စိုစွတ်စေသည်။
ယွမ်ချူးလင်သည် တုန်ရီနေသကဲ့သို့ ချန်းယန်နန်၊ ရှားဝမ်ဖန်နှင့် လီရှောင်ချန်းတို့သည်လည်း ကြက်သီးမွှေးညှင်းများ ထသည်အထိ တုန်လှုပ်ခံစားမိရသည်။ အိပ်မွေ့ချခံရသည့်အလား မိန်းမောတွေဝေကာနေလျက် ဇီသာတေးသံသာသည် နှေးရာမှ တဖြည်းဖြည်း ပိုမြန်လာလျက် အနှေးတေးသွားမှသည် မိုးသက်လေပြင်းကျသည့်ပမာ တီးခတ်နေသည်ကို သူတို့ နားဆင်မိကြသည်။ ထန်ရှု သီဆိုနေသော သီချင်းသံသည် အစပိုင်းတွင် တိုးဖျော့ဖျော့ လွမ်းဆွေးနေသည့်ဟန်မှ အားမာန်အပြည့် သီကျူးနေသည့်ဟန်သို့ ပြောင်းလဲလာလေသည်။
ဇီသာအား တီးခတ်နေသောထန်ရှု၏လက်ချောင်းလေးများသည် မြန်သည်ထက် မြန်လာပြီး အင်မော်တယ်ကမ္ဘာတွင် ဇီသာတီးခဲ့ဖူးသည့်အချိန်သို့ ပြန်လည်ရောက်ရှိသွားသည့်နှယ် ဖြစ်သည်။ သူ၏ခံစားမှုများနှင့် စိတ်ခံစားမှုများသည် ထိုတီးခတ်မှုထဲတွင် နစ်မျောပျော်ဝင်လျက်ရှိသည်။ မိဘများအား လွမ်းဆွတ်မှု၊ အင်မော်တယ်လမ်းကြောင်း၏ ခက်ခဲကြမ်းတမ်းမှုနှင့် တစ်ကိုယ်တည်းအထီးကျန်နေရမှု.. စသည်တို့သည် သူ၏ဇီသာတီးခတ်မှုတွင် အတောက်ပဆုံး ခံစားမှုများအဖြစ် ပြသနေသကဲ့သို့ရှိသည်။
အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ ဇီသာတေးသံသည်လည်း တဖြည်းဖြည်း တိုးတိတ် ပြီးဆုံးသွားခဲ့လေပြီ။
ထန်ရှုသည် ဖြည်းညှင်းစွာ သူ၏ဦးခေါင်းအား မော့ကာ မျက်လုံးများအား ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ သူ၏မျက်ဝန်းထောင့်များဆီမှ ကြည်လင်တောက်ပနွေးထွေးသော မျက်ရည်စက်များ လွင့်စဉ်ကျသွားခဲ့ရသည်။ မှုန်ရီနေသော သူ၏မြင်ကွင်းသည်လည်း ကြည်လင်စပြုလာခဲ့လေသည်။ အခန်းတွင်းရှိလူများအား ကြည့်လိုက်ရာ လူတိုင်း၏မျက်နှာထက်တွင် ဂီတစွမ်းပကားကြောင့် ငွေစမ်းချောင်းနှစ်သွယ် စီးဆင်းလျက်ရှိနေသည်ကို မြင်လိုက်ရသောကြောင့် သူ၏ရင်ထဲတွင် ပျော်ရွှင်သွားခဲ့ရသည်။
ဟုတ်ပေသည်။ သူ၏ရင်ထဲတွင် ပျော်ရွှင်မှုကို ခံစားနေရပေသည်။
သူသည် တစ်ချိန်က အင်မော်တယ်ကမ္ဘာတွင် မြင့်မားသောပညာရှင်တစ်ယောက် ဖြစ်ခဲ့ဖူးသည်။ သို့သော်လည်း သူ့အား ပြန်လည်ရွေးချယ်မှုပေးမည်ဆိုပါလျှင် သူ၏ကောင်းကင်ဘုံကို လှုပ်ခါနိုင်သော ခွန်အားနှင့်အတူ တသီးတခြားစီ ရပ်တည်နေခဲ့သော ဘဝအား စွန့်လွှတ်ရန် ရွေးချယ်မိမည်ဖြစ်သည်။ သူသည် သာမန်လူဘဝအဖြစ် နေထိုင်ကာ မိခင်ဖြစ်သူ၏အနားသို့ ပြန်လည်သွားရောက်နေမိမည်သာဖြစ်သည်။ မိခင်အား ကူညီရင်း၊ အဖော်ပြုရင်း၊ အိပ်ရာမဝင်မီ ခြေဆုပ်လက်နယ်ပြုပေးခြင်း၊ သူမ အသက်အရွယ် အိုမင်းလာသောအခါ နောက်ဆုံးအချိန်ထိ ပြုစုစောင့်ရှောက်ပေးခြင်းနှင့် ဘဝတစ်ပါး ပြောင်းသွားသည့်အခါတွင်လည်း သင့်လျော်လျောက်ပတ်စွာ မြှုပ်နှံမှုကို စီစဉ်ပေးခြင်းတို့ကိုသာ လုပ်ဆောင်မိမည်ဖြစ်လေသည်။
အတန်ကြာသွားပြီးနောက်…
ချန်ရှောင်ဖန်းသည် နောက်ဆုံးတွင် ဇီသာတေးသွား၏ ဖန်ဆင်းထားသောကမ္ဘာမှ နိုးထလာခဲ့သည်။ မျက်ရည်များနှင့် မှုန်ရီနေသောအကြည့်များဖြင့် သူမသည် အငိုမျက်လုံး အပြုံးမျက်နှာဖြင့် ရှိနေသော ထန်ရှုအား ကြည့်လိုက်မိသည်။ ရုတ်တရက် သူမ နှလုံးခုန်သံမြန်လာခဲ့ရသည်။ ဇီသာတေးသွားက သူမအား ထိတွေ့ခဲ့သည်။ သံစဉ်တစ်ခုစီနှင့် သံစဉ်တိုင်းသည် သူမ၏စိတ်နှလုံးအား ညှို့ယူဖမ်းစားခဲ့လေသည်။ သည်ကမ္ဘာတွင် ထိုမျှ အံ့သြဖွယ်ကောင်းသော ဇီသာတေးသွားတစ်ပုဒ်ရှိလိမ့်မည်ဟု သူမ တစ်ခါမျှ မတွေးကြည့်ခဲ့ဖူးချေ။ ညှို့ယူဖမ်းစားနိုင်စွမ်းရှိသော ထိုတေးသွားအတွင်းတွင် သူမ နစ်မြှုပ်ခဲ့ရသည့်နှယ်ဖြစ်တော့သည်။
သူမသည် ထန်ရှုအား ကြည့်နေသော်လည်း သူတီးခတ်ခဲ့သော ဇီသာတေးသွားအပေါ် သူမ၏ခံစားမှုအား မည်သို့ဖော်ပြရမည်မသိဖြစ်နေသည်။ မရေမတွက်နိုင်သော စကားများစွာအား သူမ ပြောနိုင်သော်လည်း ကျစ်လျစ်သိပ်သည်းစွာ ဖော်ပြရမည်ဆိုပါက စကားအနည်းငယ်သာ ရှိသည် - ကျေးဇူးတင်ပါသည် ဟုသာ။
ဟောင်ကျဲသည် တေးသွား၏လွှမ်းမိုးမှုမှ နိုးထလာခဲ့ပြီး သူမအား စိတ်ဆိုးသည့်ဟန်ဖြင့် ကြည့်နေသော ချန်ရှောင်ဖန်းအား ကြည့်လိုက်မိသည်။ တစ်ဖန် သူမသည် ထန်ရှုအား လှည့်ကြည့်မိပြန်ရာ ရှက်လွန်းသောစိတ်အား ခံစားမိသောကြောင့် ပုန်းအောင်းရန် တွင်းတစ်ခု ရှာမိလုနီးနီးပင် ဖြစ်မိလေသည်။
သည့်မတိုင်မီက သူမသည် ထန်ရှုအား ညွန်ပြချက်အချို့ ပေးလိုက်ဦးမည်ဟု ပြောဆိုနေသေးသည်။ သို့သော် မျက်စိတစ်မှိတ်အတွင်း၌ပင် ထန်ရှု၏ဇီသာတီးခတ်မှုသည် သူမအား လွှမ်းမိုးသွားခဲ့သည်။ သူမသည် ဂီတပညာရှင်တစ်ယောက်ဖြစ်သည့်အပြင် သက်ဆိုင်ရာနယ်ပယ်တွင် ကျွမ်းကျင်ပညာရှင်တစ်ဦးလည်းဖြစ်သည်။ ဂီတအထူးပြုကျောင်းမှ ဆရာတစ်ယောက်အနေဖြင့် စံနမူနာအဖြစ် ရှိသင့်ပေသည်။ စိတ်သဘောထားသေးသိမ်မှုအတွက် သူမသည် နောင်တကြီးစွာ ရမိတော့သည်။
“ငါ တကယ် စိတ်မကောင်းပါဘူး။”
ဟောင်ကျဲသည် ရှေ့သို့အနည်းငယ် လျှောက်လိုက်ကာ ထန်ရှုနှင့် မျက်နှာချင်းဆိုင်လိုက်ပြီး ဦးညွှတ်လျက် တောင်းပန်လိုက်သည်။
သည်အခိုက်အတန့်အတွင်းတွင်…
အခန်းထဲမှ အခြားသူများသည်လည်း အိပ်မက်မှ နိုးထလာကြသည်။ သူတို့သည် ထန်ရှုအား အံ့သြတုန်လှုပ်သည့်အမူအရာဖြင့် ကြည့်ကာ မယုံနိုင်စရာအဖြစ်အပျက်တစ်ခုအား ကြုံတွေ့လိုက်ရသည့်နှယ်ရှိနေသည်။
“အစ်ကိုကြီး… မင်း..”
ယွမ်ချူးလင်၏နှုတ်ခမ်းတို့သည် တဆတ်ဆတ်တုန်ရီလျက် ထန်ရှုအပေါ် ပိုမိုလေးစားလာရသော သူ၏သဘောထားကိုပင် နားမလည်နိုင်တော့ဘဲ အသံတို့သည် လည်ချောင်းဝတွင် ပျောက်ဆုံးကာ မည်သည့်စကားမှ ထွက်မလာနိုင်ဘဲ ရှိနေသည်။ သည်အရာသည် ရင်ထဲမှ လာသော ရိုသေလေးစားမှုအား ဖော်ပြသည့် အမူအရာတစ်မျိုးဟုပင် ဆိုနိုင်ပေသည်။
ချန်းယန်နန်၊ ရှားဝမ်ဖန်နှင့် လီရှောင်ချန်းတို့၏မျက်နှာထက်မှ မျက်ရည်များသည် သုတ်ပစ်လိုက်ပြီဖြစ်သော်လည်း မျက်ဝန်းတို့သည် ထိုအရှိန်ကြောင့် တောက်ပနေခဲ့သည်။ သည့်မတိုင်မီက သူတို့သည် ထန်ရှု၏ဇီသာတီးခတ်သောစွမ်းရည်အပေါ်တွင် သံသယရှိနေခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာလည်း ထန်ရှု ထိုတူရိယာ တီးခတ်သည်ကို တစ်ခါမျှ နားမထောင်ဖူးသောကြောင့်ဖြစ်သည်။
ယခုအချိန်တွင် သူတို့သည် ထန်ရှုအား အင်ပါယာတစ်ယောက် သို့မဟုတ် စူပါကြယ်ပွင့်အလား ကြည့်နေကြသည်။
“သည်သီချင်းက ကောင်းကင်ဘုံက သီချင်းပဲဖြစ်ရမယ်။ ဒီလူသားကမ္ဘာမှာ ဒီလိုမျိုး ဘယ်နေရာမှ ကြားဖူးမှာ မဟုတ်ဘူး။”
တေးဂီတကျောင်းမှ ဆရာမတစ်ယောက်သည် ထန်ရှုအား အတွေးရှုပ်ထွေးနေဟန်ဖြင့် ကြည့်ရင်း သက်ပြင်းရှည်ကြီးတစ်ချက်ချကာ ပြောလိုက်သည်။
ထန်ရှုသည် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ပြီး အေးချမ်းသောအမူအရာဖြင့်
“အတော် နောက်ကျနေပြီမို့လို့ ကျွန်တော် အိမ်ပြန်ပါတော့မယ်။”
“နေပါဦး။”
ချန်ရှောင်ဖန်းနှင့်ဟောင်ကျဲသည် တစ်ပြိုင်တည်းလိုလို ပြောထွက်သွားသည်။
ပြောပြီးသည်နှင့် အမျိုးသမီးနှစ်ယောက်သည် သူမတို့၏အမူအရာ လွတ်ထွက်သွားကြောင်း ရိပ်စားမိလိုက်ပြီး မျက်ဝန်းများမှ မျက်ရည်များအား လျင်မြန်စွာ သုတ်လိုက်သည်။
ဟောင်ကျဲသည် ထန်ရှုရှေ့တွင် ရပ်လျက် သူ့အား ဂရုတစိုက်ကြည့်ကာ ဟန်မဆောင်သောအမူအရာဖြင့်
“နင့်နာမည်က ထန်ရှု..ကြယ်တာရာပထမအထက်တန်းကျောင်းက ကျောင်းသားတစ်ယောက် ဟုတ်တယ်မဟုတ်လား။ မကြာခင် ကောလိပ်ဝင်ခွင့်ကို ဖြေရတော့မှာမလား။”
“ဟုတ်ပါတယ်။” ထန်ရှု ခေါင်းညိတ်လိုက်သည်။
ဟောင်ကျဲ အလျင်စလို ပြောလိုက်သည်။
“နင် ကောလိပ်ဝင်ခွင့်ကို ဖြေဖို့မလိုတော့ဘူး. ငါတို့ဂီတအထူးပြုပညာကျောင်းကို တန်းလာနိုင်တယ်။ ငါ့ယောကျာ်းက အဲ့ဒီက ဒုတိယဥက္ကဋ္ဌဆိုတော့ ကျောင်းသားအချို့ကို ဖိတ်ခေါ်ဖို့ သူ့မှာ အထူးဝေစုရထားတာရှိတယ်။ နင် ဘာစာမေးပွဲမှ ဖြေစရာမလိုဘူး။ ငါတို့ ငါတို့ဂီတအထူးပြုပညာကျောင်းကို လာလိုက်ပြီး သင်ယူလေ့လာနိုင်တယ်။ ဘာပြသနာမှ မရှိစေရဘူးလို့ ငါ အာမခံတယ်။”
***