← Chapters

တစ်စုံတစ်ယောက်အား မျက်နှာသာအနည်းငယ် ပေးခြင်း

Vol. 04 Ch. 161

တစ်စုံတစ်ယောက်အား မျက်နှာသာအနည်းငယ် ပေးခြင်း

Vol. 04 Ch. 161

ထန်ရှု သူ့အား အသိအမှတ်ပြုသည်ကို ကြည့်ပြီး သက်လတ်ပိုင်းလူဝကြီးသည် ချက်ချင်းပင် သူသည် အရေးပါသွားသကဲ့သို့ ခံစားလိုက်ရပြီး နားရွက်တက်ချိတ်မတတ် ပြုံးကာ ပြောလိုက်သည်။

“အာ… ကိစ္စမရှိပါဘူးကွာ။ ငါ့အလုပ်ကို ငါ လုပ်ခဲ့ရုံလေးပါ။ မင်းကို ထပ်မတွေ့ရတော့ဘူးလို့တောင် ထင်နေခဲ့တာ။ ဒီနေရာမှာ ဒီနေ့ အမှတ်မထင် ဆုံမယ်လို့ မမျှော်လင့်ထားခဲ့မိဘူး ငါ့ကောင်ရေ။ ဒီဆိုင်ကို မင်းတို့မိသားစု ပိုင်မယ်လို့တောင် မထင်ခဲ့မိတာ။ ဒါပေမယ့် မင်းတို့မိသားစုဆိုင်ရဲ့သတင်းကတော့ ငါ့နားနဲ့တောင် မဆန့်ဘူး.. ဆိုင်အပြင်အဆင် ကောင်းတာရော၊ အစားအစာ ကောင်းတာရော ဈေးသက်သာတာရောစုံလို့ ကောင်းသတင်းတွေချည်းပါပဲ။”

“ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်။” ထန်ရှုသည် ပြုံးကာ ခေါင်းညိတ်ရင်း မည်သည့်စကားဆက်ပြောရမည်မှန်း မသိတော့သောကြောင့် ပြန်လှည့်ကာ ဆိုင်အတွင်းသို့ ဆက်လျှောက်သွားလေသည်။

ထိုခဏတွင် လူဝကြီးသည် ထန်ရှု ထွက်သွားသည်ကို တွေတွေကြီး ကြည့်နေမိသည်။ သူပြောခဲ့သောစကားတွင် မည်သည့်စကားအား ထန်ရှု မနှစ်သက်သွားသည်ကို စဉ်းစားကာ အဖြေရှာမရ ဖြစ်နေသည်။

“ဘာဖြစ်သွားခဲ့လဲ။ အမျိုးသမီးတစ်ယောက်နဲ့ နီးစပ်ဖို့ သူ့ရဲ့ကလေးကို ချဉ်းကပ်ဆိုတဲ့ဆိုရိုးအတိုင်း သုံးစားမရတဲ့ နင့်ရဲ့နည်းလမ်းလား။ ဘာပြန်ရလိုက်လဲ။  အေးစက်စက် တုံ့ပြန်မှုပဲ ရခဲ့တာမဟုတ်လား။”

ခပ်စောစောပိုင်းတွင် စကားပြောခဲ့သော သက်လတ်ပိုင်း အမျိုးသမီးမှ လူဝကြီးအား ကြည့်ကာ ခနဲ့တဲ့တဲ့အမူအရာဖြင့် လှောင်ပြောင်လိုက်သည်။

စက္ကန့်ပိုင်းအတွင်း လူဝကြီး၏မျက်နှာသည် ရဲတွတ်သွားသည်။

ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးသော ထန်ရှုသည် ထိုအမျိုးသမီး၏လှောင်ပြောင်သံကို ကြားလိုက်ရသောကြောင့် မျက်မှောင်အနည်းငယ်ကြုတ်သွားက လမ်းလျှောက်နေခြင်းအား ရပ်တန့်လိုက်ပြီး နောက်သို့ အသာပြန်ကြည့်လိုက်သည်။ ထို့နောက် သူသည် သူ့အား သိသောဆိုင်ဝန်ထမ်းအား ကြည့်ကာ ပြောလိုက်သည်။

“ငါ ခုမှ သတိရသွားလို့။ အထူးဧည့်သည်တွေလာရင် သက်တောင့်သက်သာရှိအောင်လို့ အကောင်းဆုံး အခန်းတစ်ခန်း ဒါမှမဟုတ် ၂ခန်း ထည့်ထားမယ်လို့ အမေ ပြောဖူးတယ်။ အဲ့ဒီအခန်းတွေ ရှိလား။”

ဝန်ထမ်းမှ ပြောလိုက်သည်။ “လက်ရှိ၂ခန်း ရှိပါသေးတယ်။”

“အခုအဲဒီအခန်းတွေ အသုံးပြုနေတဲ့သူများ ရှိနေလား။” ထန်ရှု မေးလိုက်သည်။

“ဟုတ်ကဲ့။ တစ်ခန်းကတော့ မြို့နယ်ခေါင်းဆောင်တွေ သုံးနေပါတယ်။ တစ်ခန်း လွတ်ပါတယ်။”

“တစ်ခန်းလွတ်နေရင် ငါ ယူလိုက်ဖို့ အဆင်ပြေပါတယ်။ ဒီအစ်ကိုလူဝကြီးက ငါ့ရဲ့အသိ လူကောင်းတစ်ယောက်ပါ။ အဲ့ဒီအခန်း ပေးသုံးလိုက်ပါ။” ထန်ရှု ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ။” ဝန်ထမ်းသည် လေးစားစွာ ခေါင်းညိတ်လိုက်သည်။

ထိုခဏချက်ချင်း လူဝကြီးသည် အံ့အားသင့်သွားသည်။ အစောပိုင်းတွင် ဖြစ်ပေါ်ခံစားနေရသော သူ၏ရှက်ဒေါသသည် ချက်ချင်းပင် အပျော်များအဖြစ် ပြောင်းလဲသွားရကာ ထန်ရှုအား ကျေးဇူးတင်သောအမူအရာ ပြလိုက်သည်။

သက်လတ်ပိုင်း အမျိုးသမီးမှာမူ အသက်ရှု နှေးကွေးသွားပြီး ဒေါသဖြစ်နေသော အမူအရာသည် ချက်ချင်းပင် သူမ၏မျက်နှာအား ချက်ချင်းပင် ခေါင်းငုံ့သွားစေသည်။ သူမသည် မျက်နှာပေါက်တင်းတင်းဖြင့် သက်လတ်ပိုင်းလူ၏လက်အား ဆွဲကာ ထွက်ခွာရန် ဆွဲတော့သည်။ သို့သော်လည်း ထိုလူသည် လူဝကြီးအား အံ့သြသော အမူအရာဖြင့် အထင်ကြီးစွာ ကြည့်လိုက်သည်။ ထို့နောက် အမျိုးသမီးဘက် လှည့်ကာ လေသံနှိမ့်လျက် ပြောလိုက်သည်။

“ပြသနာ မရှာနဲ့တော့။ ငါတို့မိသားစု ဒီနေ့တော့ တစ်စုတစ်ဝေး စုဝေးနိုင်ခဲ့ပြီ။ အခြားရက်တွေဆိုရင် လုပ်စရာတွေနဲ့ စုလို့ကို မရနိုင်တဲ့ ငါတို့အတွက် ဒီစားသောက်ဆိုင်က အထူးအခန်းရဖို့ဆိုတာ အရမ်းခက်ခဲတယ်။ ဒါ ငါတို့ကို မျက်နှာသာအကြီးကြီး ပေးလိုက်တာပဲ။”

“ဟွန့်…”

သက်လတ်ပိုင်း အမျိုးသမီးသည် သိသာထင်ရှားစွာပင် ထိုမျက်နှာခပ်တင်းတင်းနှင့် သက်လတ်ပိုင်းလူအား ကြောက်ရဟန်ရှိသည်။ သူမသည် အေးစက်စက် နှာခေါင်းတစ်ချက်ရှုံ့ကာ မခံချိမခံသာအမူအရာဖြင့် ခေါင်းလှည့်သွားသည်။

ထန်ရှုသည် ထိုအဓိပ္ပာယ်မရှိသောအဖြစ်အပျက်များတွင် နောက်ထပ် အာရုံမထားတော့ဘဲ မိခင်ဖြစ်သူ၏ရုံးခန်းဆီသို့ တန်းတန်းမတ်မတ် သွားလိုက်တော့သည်။ ရုံးခန်းထဲတွင် မိခင်ဖြစ်သူသည် ဂဏန်းပေါင်းစက်တစ်လုံးဖြင့် စာရင်းများလုပ်နေပြီး ပြုံးရွှင်နေသည်ကို မြင်တွေ့ရသောကြောင့် ထန်ရှု ရင်ထဲနွေးသွားရကာ သက်တောင့်သက်သာဖြစ်သွားရသည်။

“အမေ… အမေ့စားသောက်ဆိုင်စီးပွားရေးက တကယ်ကောင်းတာပဲ။ ငွေကြေးဆိုင်ရာမှာ အမေ့ကို ကူဖို့ တစ်ယောက်ယောက် ငှားရတော့မယ်လို့ ကျွန်တော် ထင်တယ်။”

ထန်ရှုအား မြင်သည်နှင့် စုလင်းယွမ်၏မျက်ဝန်းများသည် ချက်ချင်း လင်းလက်သွားသည်။ သူမသည် လက်ထဲမှ စာရင်းစာအုပ်အား ချလိုက်ကာ အပြုံးဖြင့် ပြောလိုက်သည်။

“သားဆန်နီ… မမိုက်ချင်စမ်းပါနဲ့။ စာရင်းတွေကို တခြားသူလက်ထဲ အမေ မလွှဲပေးနိုင်ဘူး။ သူတို့သာ စာရင်းတွေ လိမ်ထားခဲ့ရင် အမေ ဘယ်လိုလုပ်ရမလဲ။ မင်းအမေက အိုပေမယ့် တွက်ချက်နိုင်တဲ့ ဦးနှောက်က ကောင်းပါသေးတယ်။ အဲ့ဒါမို့လို့ အမေ ကိုင်တွယ်နိုင်ပါတယ် သားရဲ့။”

ထန်ရှုသည် ရယ်မောလျက်

“အမေ့ကို အိုပြီလို့ ဘယ်သူပြောရဲလဲ။ ကျွန်တော့်နှလုံးသားထဲတော့ အမေက အမြဲထာဝရ နုပျိုလှပနေတာ။ အာ.. ပြောမလို့။ ကျောင်းက ပိတ်သွားပြီမို့ မနက်ဖြန်ကစပြီး ကျောင်း မသွားရတော့ဘူးအမေ။ လေးရက်ပြီးရင် ကျောင်းမှာ ကောလိပ်ဝင်ခွင့် ဖြေရတော့မယ်။”

စုလင်းယွမ်သည် အလေးအနက်ဟန်ဖြင့်

“ရှုအာ… ဖိအားများဖို့ မလိုဘူးနော် သား။ ပုံမှန်စာမေးပွဲလို့ပဲ သဘောထား။ ထိပ်တန်းတက္ကသိုလ်မဝင်နိုင်ရင်တောင် သာမန်တက္ကသိုလ်တစ်ခုကို ဝင်ရင်ပဲ အမေက ပျော်နေပါပြီ။”

“ကျွန်တော် အမေ့ကို ခရိုင်အဆင့်နံပါတ်တစ် ယူပေးဖို့ ယုံကြည်ချက် ရှိတယ်။”

စုလင်းယွမ်သည် သားဖြစ်သူ၏စကားအား ကြားရသော် ရွှင်မြူးလျက် စနောက်လိုက်သည်။

“စကားတတ်ကလေး… အမေကို ဘယ်လိုနှူးရမလဲဆိုတာရော သိရောသိလို့လား။ သား စားခဲ့ပြီးပြီလား။ အမေ သားအတွက် တစ်ခုခု သွားချက်လိုက်ဦးမယ်။”

ထန်ရှုသည် အမြန် ပြန်ဖြေလိုက်သည်။

“စားခဲ့ပြီးပြီ အမေ။ ကျွန်တော် သူငယ်ချင်းတွေကိုကူပြီး စာရှင်းပြပေးနေလို့ သူတို့ ဒီညနေက ကျွန်တော့်ကို ညစာ လိုက်ကျွေးကြတယ်။”

မိခင်ဖြစ်သူ၏ဆံထုံးမှ အဖြူရောင်သို့ ကူးချင်ချင်ဖြစ်နေသော ဆံပင်များအား ကြည့်ကာ ထန်ရှုသည် တစ်ချက်တွေးလိုက်ပြီး သူ၏အိမ်ဖြစ်သော တောင်တံခါးမြို့အိမ်ရာသို့ ဒီညမပြန်ရန် ဆုံးဖြတ်လိုက်သည်။ မိခင်အား အဖော်လုပ်ကာ အချိန်ကုန်ဆုံးစေခြင်းသည် သူ၏ဘဝတစ်လျှောက်တွင် အကြီးမားဆုံးသော ဆန္ဒဖြစ်သည်။

နာရီများစွာ ကုန်သွားပြီးနောက်…

ထန်ရှုသည် မိခင်အား ဆိုင်တံခါးများ ကူပိတ်ကာ စားသောက်ဆိုင်လေးအား ပိတ်ပြီး အိမ်သို့ အတူတကွ လမ်းလျှောက်ပြန်လာခဲ့သည်။ လမ်းမီးမှိန်မှိန်အောက်တွင် လမ်းပေါ်တွင် လမ်းသွားလမ်းလာ လက်တစ်ဆုပ်စာခန့်သာ ရှိတော့သော်လည်း ကားများမှာမူ လမ်းမထက်တွင် တရွေ့ရွေ့ဖြင့် သွားနေကြသည်မှာ နဂါးတစ်ကောင်အလား ပုံစံပင် ဖြစ်နေသည်။

“အမေ… အမြဲတမ်း ဒီအချိန်ကျမှ အိမ်ပြန်တာလား။ တစ်ယောက်တည်းလား။”

ထန်ရှု၏အမူအရာသည် မြင်မကောင်းအောင်ပင် ရှုံ့မဲ့နေသည်။ သူ၏စိတ်ဝိညာဉ်အာရုံအား ဘေးပတ်ဝန်းကျင်သို့ ဖြန့်ကျက်ထားလေရာ ဘန်ရှိုနှင့် အခြားသူများအား သူ မတွေ့မိချေ။

စုလင်းယွမ်သည် အပြုံးဖြင့်

“ဟုတ်တယ်။ အမေတို့အိမ်ကလည်း ဒီနေရာနဲ့ တအားနီးတယ်။ လမ်းလျှောက်သွားရင် ၁၀မိနစ်ပဲ ကြာတယ်။ လမ်းမီးလေးတွေကို ကြည့်ပါဦး။ လမ်းမီးရောင်ကြောင့် မြေကြီးကို ကောင်းကောင်း မြင်ရတယ်လေ။ အဲ့ဒါကြောင့် တစ်စုံတစ်ခုကို တက်နင်းမိမှာ ခြေထောက်ခိုက်မိမှာ သား မစိုးရိမ်ပါနဲ့။”

“မနက်ဆိုရင်ရော စားသောက်ဆိုင်လေးက နေ့တိုင်း ဘယ်အချိန်ဖွင့်လဲ။” ထန်ရှု ဆက်မေးလိုက်သည်။

“အာ..အမေကတော့ မနက်တိုင်း ၉နာရီမှ သွားနိုင်တယ်။ အသီးအရွက်၊ အသားငါး ဝယ်တာတွေက ဘန်ရှိုနဲ့ တခြားသူတွေက လုပ်ကြတယ်။ အဲ့လိုမှ မဟုတ်ရင် ပင်ပန်းလို့ အမေ သေသွားနိုင်တယ်။”  စုလင်းယွမ် ပြောလိုက်သည်။

ထန်ရှုသည် ခေါင်းညိတ်ပြကာ မည်သည့်စကားမျှ မဆိုတော့ပေ။ သို့သော်လည်း စိတ်တွင်းတွင် သူသည် အတွေးများလျက်ရှိသည်။ မိခင်ဖြစ်သူ၏ ညတိုင်း အိမ်ပြန်ချိန်သည် အလွန်နောက်ကျသောကြောင့် လုံခြုံမှုအားနည်းသည်။ မိခင်အား လျှို့ဝှက်စောင့်ရှောက်ရန် တစ်ယောက်ယောက်အား တာဝန်ပေးထားရတော့မည်ဖြစ်သည်။ ယနေ့ခေတ်တွင် နောင်မှ နောင်တရကာ ဝမ်းနည်းနေခြင်းထက် ကြိုတင်ပြင်ဆင်ကာ လုံခြုံမှုလုပ်ထားခြင်းသည် ပိုမိုကောင်းမွန်သည်။ မိခင်ဖြစ်သူသာ ကံအကြောင်းမလှတစ်ခုခုသာ ဖြစ်သွားခဲ့ပါက သူ၏ကျန်သောဘဝတစ်လျှောက်လုံးတွင် နောင်တရနေရလိမ့်မည်ဖြစ်သည်။

အိမ်သို့ ရောက်ပြီးနောက်…

အကျွမ်းတဝင်ဖြစ်ခဲ့သော အိပ်ရာထက်တွင် လဲလျောင်းရင်း အခန်းထဲရှိ ရင်းနှီးနေသော မြင်ကွင်းများအား ကြည့်ကာ သူ့တွင်  လူအင်အားနည်းနေသည်ကို  တွေးမိပြီး ထန်ရှု ခေါင်းကိုက်လာရသည်။ အင်မော်တယ်ကမ္ဘာတွင် ရှိခဲ့စဉ်က သူ ခိုင်းစေအမိန့်ပေးနိုင်သော သစ္စာရှိကာ စိတ်အားတက်ကြွသော ငယ်သားများစွာ ရှိသောကြောင့် ကိစ္စရှိပါက ထိုသူများအား ဆောင်ရွက်ခိုင်းလိုက်ရုံသာဖြစ်သည်။

ယခုမူ သူသည် ကမ္ဘာမြေသို့ မကြာသေးမီကမှ ပြန်ရောက်လာရုံသာ ရှိသေးပြီး သူကိုယ်တိုင် လုပ်ဆောင်ရမည့် အရာများစွာ ဖြစ်သော -  ကျင်ကြံမှုကို လေ့ကျင့်နိုင်ရန် ပိုက်ဆံရှာရမည်၊ မိခင်ဖြစ်သူ၏ဆန္ဒကို ဖြည့်ဆည်းရန် ကောလိပ်သို့ သွားရမည်။ သူ့တွင် စွမ်းရည်များ နည်းပါးနေရုံသာမက အားနည်းနေသေးသည်။ ထိုလုပ်ဆောင်မည့်အရာများကြောင့် မိခင်ဖြစ်သူကို သူကိုယ်တိုင် ကာကွယ်ပေးနိုင်လိမ့်မည်မဟုတ်ပေ။

“ယုံကြည်ရတဲ့ ငယ်သားတစ်ချို့ကို ငါ လေ့ကျင့်ပေးသင့်သလား။”

ထိုအတွေးသည် သူ၏ခေါင်းထဲတွင် ပေါ်လာသည်။ သို့သော် သည်ခေတ်ကြီးသည် ချမ်းသာကြွယ်ဝမှုသည် အရေးကြီးဆုံးဖြစ်သည်။ ကျင့်ကြံမှုအတွက် ငွေကြေးလိုအပ်သည်။ ယခုအချိန်တွင် သူ အလွန်ဆင်းရဲနေသည်ကို သူ ကိုယ်တိုင်သာ သိလေသည်။ မကြာသေးမီက ငွေအမြောက်အမြား ရထားသော်လည်း လက်ရှိတွင် မီလီယံအနည်းငယ်သာ ရှိတော့သည်။

တိုင်လုံထံမှ ရသော ငွေကြေးနှင့် မြင့်မားသောနဂါးသင်တန်းကျောင်းမှ ရသော လျော်ကြေးငွေ အားလုံးမှာမူ ကုမ္ပဏီ တိုးတက်စေရန်အတွက် ခန်းရှဆီသို့ ရောက်ရှိသွားပြီဖြစ်သည်။ ထို့ပြင် ဆေးပင်များနှင့် ပါဝင်ပစ္စည်းများအတွက် လတ်တလော ဝယ်လိုက်ရသည်မှာလည်း ပမာဏတစ်ခု ရှိခဲ့သည်။

“ငါ ချန်းကျီကျုံးဆီမှာ ၂.၅ဘီလီယံ၊ ဂူရှောင်ရွှဲ့ဆီမှာ မီလီယံ၁၀၀ အကြွေးတင်နေတယ်။ လက်ထဲမှာ ပိုက်ဆံအများကြီး ရလာအောင် ငါ ဘာလုပ်သင့်သလဲ။”

ထန်ရှု တွေးနေသည်မှာ အချိန်အတန်ကြာပြီဖြစ်သည်။ သို့သော် နောက်ဆုံးတွင် လက်အောက်ငယ်သားများအား လေ့ကျင့်ရန်ဆိုသည့်အတွေးအား ဘေးချထားလိုက်ရသည်။

“ဘန်း..ဘန်း…”

တံခါးပေါက်ဆီမှ ဆူညံသောအသံသည် အိပ်မောကျစပြုလာသော ထန်ရှုအား နိုးစေခဲ့သည်။ သူသည် အဝတ်အစားများ လဲဝတ်လိုက်ရင်း အချိန်ကို ကြည့်လိုက်ရာ ညနက်နက်၂နာရီ ရှိနေပြီဖြစ်သည်။

“အရမ်းနောက်ကျပြီ။ ဒီအချိန်ကြီး ဘယ်သူ တံခါးလာခေါက်နေတာတုန်း။”

ထန်ရှုသည် မျက်မှောင်ကြုတ်သွားသည်။ သူ၏အခန်းထဲမှ ထွက်လာရာ မိခင်သည်လည်း အဝတ်အစားလဲပြီး ထွက်လာသည်ကို တွေ့လိုက်ရသည်။

“ညနက်နေပြီကို ဘယ်သူကများ ဒီအချိန်ကြီးမှ တံခါးလာခေါက်နေတာလဲ။”

စုလင်းယွမ် ဇဝေဇဝါ ဖြစ်နေသည်။ တံခါးဖွင့်သင့်သည် မသင့်သည်ကို ဝေခွဲရခက်နေသည်။ တံခါးတွင် ချောင်းကြည့်ပေါက် မပါသောကြောင့် အပြင်မှလူသည် လူကောင်းလား လူဆိုးလား သူမ မသိချေ။

“အမေ… ကျွန်တော် တစ်ချက် ကြည့်လိုက်မယ်။”  ထန်ရှု ပြောလိုက်သည်။

ပြောပြီးသည်နှင့် ထန်ရှု တံခါးဆီသို့ သွားလိုက်သည်။ သူ တံခါးဖွင့်လိုက်သည်နှင့် တထောင်းထောင်းထနေသော အရက်နံ့နှင့်အတူ စုရှန်းဝမ်သည် ရှုပ်ပွနေသော အဝတ်အစား၊ နီရဲနေသော မျက်လုံးများနှင့် အတွင်းသို့ တွန်းတိုက် ဝင်လာခဲ့သည်။

ထိုအချင်းအရာကို ကြည့်ပြီး ထန်ရှု လှုပ်ရှားလိုက်သည်။ သူသည် စုရှန်းဝမ်အနားသွားကာ အင်္ကျီကော်လံစအား ဆွဲစုကိုင်လိုက်ပြီး တံခါးအပြင်ဘက်သို့ လွှင့်ပစ်လိုက်သည်။ စုရှန်းဝမ် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်ကို အေးစက်မာကျောသော အမူအရာဖြင့် ကြည့်နေလိုက်သည်။

“မင်း ဘာလုပ်နေတာလဲ။”

စုရှန်းဝမ်သည် ခက်ခက်ခဲခဲ တွားသွားရင်း မြေပြင်ပေါ်မှ ကြိုးစားရပ်လိုက်သည်။ ခေါင်းမူးပြေသွားသောအခါ သူ၏အရှေ့တွင် ရပ်နေသူမှာ ထန်ရှုဖြစ်ကြောင်း ရှင်းလင်းစွာ မြင်နိုင်သောကြောင့် ချက်ချင်းပင် မိုးသီးမိုးပေါက် ကျလာသည့်ပမာ တရစပ် ဆဲဆိုတော့သည်။

“ယီးပဲ … ခွေးမသားလေး။ မင်းကြောင့်။ မင်း ငါ့ကို ဖျက်ဆီးချင်လို့ မင်းမဟုတ်တိုင်း။ ငါ့နေရာမှာ မင်းအဖေသာဆိုရင်လို့ တွေးကြည့်လား။ အခု အရမ်းပျော်သွားပြီမဟုတ်လား။ ငါ့ကို လျော်ကြေး ပြန်ပေး၊ ငါ့လုပ်ငန်းအတွက် လျော်ကြေး၊ ငါ့ပိုက်ဆံတွေ…”

“ဖြန်း…”

ထန်ရှုသည် သူ့အား ဆွဲထူကာ မျက်နှာအား ရိုက်လိုက်ပြီး တံခါးအရှေ့ရှိ ကွန်ကရိကြမ်းပြင်ပေါ်တွင် ဖင်ထိုင်ရက်ကျသွားစေသည်။ ထို့နောက် သူသည် အေးစက်မာတင်းနေသော အမူအရာဖြင့်

“ခင်ဗျားကို ကျွန်တော် ဘာပြောခဲ့လဲဆိုတာ သေချာမကြားတာလား။ ခင်ဗျား အရက်အရမ်းသောက်ပြီး အမူးလွန်နေရင်လည်း ကျွန်တော့်ရှေ့က ထွက်သွားပြီး ကိုယ့်အိမ်မှာ ပြန်အိပ်ချေ။ ဒီမှာ အရက်ကြောင် လာကြောင်မနေနဲ့။ အဲ့လိုမှမဟုတ်ရင် ခင်ဗျား စီးပွားရေး ပျက်ရုံတင်မကဘူး ခင်ဗျားလုံခြုံမှုအတွက်ပါ အာမခံချက် ရှိနိုင်မှာ မဟုတ်တော့တာက အဲ့လောက် မရိုးရှင်းဘူး။”

စုရှန်းဝမ်သည် တထောင်းထောင်း ထနေသော အရက်နံ့မနံ့စေရန်အတွက် သူ၏မျက်နှာအား လက်ဖဝါးများဖြင့် အုပ်ထားပြီး ဆဲဆိုလိုက်သည်။

“ခွေးသူတောင်းစားလေး… မင်းက ခုမှ ကြီးပြင်းလာရုံပဲရှိသေးတယ်။ မင်းက ဒီအဖေကို ရိုက်ရဲတယ်ပေါ့။ မင်း ဘယ်လိုလုပ်ရဲတာလဲ။ မင်းအဖေ ငါသာ မရှိရင် မင်းတို့မိသားစု ပိုကောင်းလာမယ်လို့ ထင်နေတာလား။ ငါသာမရှိရင် မင်းအမေ သူတောင်းစားတစ်ယောက်ဖြစ်ပြီး လူမသိသူမသိ သေတာ ကြာပြီပေါ့။”

ထန်ရှုသည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး တံခါးဘက်လှည့်ကာ ကြည့်လိုက်သည်။ စုလင်းယွမ်သည် ဝမ်းနည်းသောအမူအရာဖြင့် ရှိနေသည်။ လေးနက်သောအသံဖြင့် မိခင်အား ထန်ရှု ပြောလိုက်သည်။

“အမေ… ကျွန်တော့်ကို ယုံရင် ဒီပြသနာကို ဖြေရှင်းခွင့်ပြုပါ။ အနားသွားယူပါ။”

စုလင်းယွမ် တစ်ခဏမျှ ချီတုံချတုံဖြစ်သွားပြီးနောက် အသံတိမ်တိမ်ဖြင့် တုံ့ပြန်လိုက်သည်။

“ဒါပေမယ့် ရှုအာ…သူ…”

ထန်ရှု ပြောလိုက်သည်။

“ကျွန်တော့်လူတွေ ဒီအကြောင်း တစ်ခုခု လုပ်ပါလိမ့်မယ်။ ဒါပေမယ့် အမေ စိတ်မပူပါနဲ့။ သူ့ လုံခြုံရေးမှာ ပြသနာမရှိဖို့ ကျွန်တော် အာမခံပါတယ်။”

“မင်း…”

စုလင်းယွမ်သည် ထန်ရှုအား တစ်ချက်စိုက်ကြည့်လိုက်ပြီး သူမ၏သားဖြစ်သူသည် အမှန်တကယ် အရွယ်ရောက်လာပြီး သူမ၏အကာအကွယ်ပေးမှုကို မလိုအပ်တော့သည်ကို ရုတ်တရက် နားလည်သွားခဲ့သည်။ ထို့ပြင် သားဖြစ်သူသည် လွန်ခဲ့သော၂လအတွင်း မယုံနိုင်လောက်အောင် အတော်ရင့်ကျက်လာသည်ကို တွေ့ရှိခဲ့သည်။ စုလင်းယွမ်သည် သူမ၏သွေးရင်းအစ်ကိုဖြစ်သူနှင့်ပတ်သက်ပြီး စိတ်အပျက်ကြီး ပျက်ခဲ့ရသောကြောင့် ခေါင်းကိုယမ်းလျက် နောက်ကို လှည့်ပြီး သူမ၏အခန်းထဲသို့ ဝင်သွားတော့သည်။

ထန်ရှုသည် တံခါးအပြင်ဘက်သို့ ထွက်သွားကာ အပြင်ဘက်မှ ပိတ်လိုက်သည်။ သူ၏လက်များသည် စုရှန်းဝမ်အား ဆွဲဆုပ်ကိုင်လိုက်ကာ ခြေလှမ်းကြဲကြီးများဖြင့် အောက်ထပ်သို့ တရွတ်တိုက် ဆွဲခေါ်သွားတော့သည်။ လမ်းမဘက်ရောက်သည်နှင့် ထန်ရှုသည် စုရှန်းဝမ်၏မျက်နှာအား ပြင်းထန်စွာ ထပ်မံရိုက်လိုက်ပြီး မိန်းမောသွားအောင် လုပ်လိုက်သည်။ ထို့နောက် သူသည် အငှားကားတစ်စီးကို တားပြီး ကားမောင်းသူအား ယွမ်၂၀၀ ပစ်ပေးလိုက်ကာ စုရှန်းဝမ်၏အိမ်လိပ်စာအတိုင်း ပို့ခိုင်းလိုက်သည်။

အငှားကား တော်တော်ဝေးဝေး ထွက်သွားပြီးနောက် ထန်ရှုသည် မကြည့်တော့ဘဲ ချန်ကျီကျုံးအား ဖုန်းဆက်လိုက်သည်။ အလွန်နောက်ကျနေသော ည၂နာရီဖြစ်သော်လည်း သူ့တွင် ချန်ကျီကျုံးအား နှောင့်ယှက်ရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။သူ၏မိခင်သည် နောက်ထပ် အနိုင်ကျင့်မှုများအား ထပ်မံ မခံစားစေရရန်အတွက် မြန်နိုင်သမျှ မြန်အောင် စုရှန်းဝမ်၏ပြသနာအား ရှင်းပစ်ချင်နေသည်။

သည်နေ့ည အိမ်သို့ လိုက်လာမိသည့်အတွက် အမှန်ပင် ဝမ်းသာမိရသည်။ သို့မဟုတ်ပါက စုရှန်းဝမ်၏ အကျင့်စရိုက်နှင့်ဆိုပါက သူသည် မိခင်အား သေချာပေါက် အနိုင်ကျင့်ကာ ရိုက်ပင် ရိုက်လိမ့်မည်ဖြစ်သည်။

“ဆရာ…ငါ့ကို ရှာနေတာလား။”

ချန်းကျီကျုံး၏အသံသည် ဖုန်းထဲမှ ထွက်ပေါ်လာခဲ့သည်။

“ခင်ဗျား အခု အိပ်နေတာလား။” ထန်ရှု မေးလိုက်သည်။

“မအိပ်သေးပါဘူး။ အရေးကြီးတာ တစ်စုံတစ်ခု လုပ်နေဆဲရှိသေးတာပါ။ ဒါနဲ့ ငါ့ကို ဘာများမှာချင်လို့လဲဆရာ။” ချန်ကျီကျုံး မေးလိုက်သည်။

ထန်ရှု ပြောလိုက်သည်။ “စုရှန်းဝမ်ရဲ့အကြောင်းအရာ။ အခုအခြေအနေဘယ်လိုရှိလဲ။”

ချန်ကျီကျုံး ပြောလိုက်သည်။

“ငါတို့ သူ့ကို ပိုက်ကွန်ထဲ ဆွဲထည့်ဖို့ စတင်နေပြီ။ ရှန်းဝမ်အိမ်ခြံမြေလုပ်ငန်းစုကို ပိုင်တဲ့ စုရှန်းဝမ်မှာ ပြသနာတွေအများကြီး ရှိပြီး အကြွေးတွေ နစ်နေပြီ။ အများဆုံး၅ရက်ပဲ အဲ့နောက် သူ ထောင်ချခံရလိမ့်မယ်။ တစ်သက်တစ်ကျွန်း မဟုတ်ရင်တောင်မှ အနည်း ၁၀နှစ်၊ အနှစ်၂၀လောက် သံတိုင်တွေနောက်မှာ နေရတော့မှာပါ။”

“အခြား ဘာရှိသေးလဲ။” ထန်ရှု မေးလိုက်သည်။

***

All Chapters