ကောလိပ်ဝင်ခွင့်စာမေးပွဲ
Vol. 04 Ch. 162
ချန်ကျီကျုံး ပြောပြလိုက်သည်။
“လွန်ခဲ့တဲ့ ၂နှစ်ခွဲလောက်က သူ့မိန်းမက ရိုက်ပြီးပြေးတဲ့ အမှုတစ်ခု ရှိတယ်။ ဒါပေမယ့် သူမက ဘာကြေးမှ မပေးဆောင်ခဲ့ဘူး။ ငါ လူတစ်ချို့ကို လွှတ်ပြီး စုံစမ်းခိုင်းတော့ ဒဏ်ကြေးမဆောင်ခိုင်းဘဲ သူမကိုပါ ထောင်ချလို့ရတယ်လို့သိရတယ်။ ဆရာ လုပ်ချင်တယ်ဆိုရင်…”
“အတူသာ ထည့်လိုက်ပါ။” ထန်ရှု အေးစက်နေသောအသံဖြင့် ပြောလိုက်သည်။
သူသည် သွေးအေးသော လူတစ်ယောက်မဟုတ်သော်လည်း အချက်တစ်ချက်ကိုတော့ ကောင်းစွာ သတိပြုသည် - စိတ်လှုပ်ရှားနေသော ယုန်တစ်ကောင်သည် ကိုက်လည်း ကိုက်နိုင်သလို ကိုက်လည်း ကိုက်လိမ့်မည်ဖြစ်သည်။ အကျင့်စရိုက်မတူသော လူများသည် အတူတကွ မနေနိုင်သကဲ့သို့ လက်ထပ်ရသည့်အကြောင်းရင်းသည်လည်း ထိုသူများထံတွင် တူညီသော အရာတစ်ခု ရှိနေသည့်အတွက် ဖြစ်သည်။ စုရှန်းဝမ်နှင့် ကျန်းမေ့ယွမ်တွင် တူညီသော စိတ်ထားနှင့် ဆက်နွယ်မှုရှိသည်။ သူတို့သည် အကြင်နာတရားမရှိသော ပါးစပ်ဇောင်းထက်ကြသည့် အမြင်ကျဉ်းမြောင်းကြသူများ ဖြစ်သည်။ သူမအား ထောင်ထဲသို့ ထည့်ရန် ချန်ကျီကျုံးအား ပြောရခြင်းသည် မည်သည့်ရူးမိုက်သောအရာများ မလုပ်နိုင်စေရန်အတွက်ဖြစ်သည်။
ထိုလင်မယား၏သားသမီးများအတွက်မူ ထန်ရှုသည် စိတ်ပိုင်းဖြတ်ထားပြီးသားဖြစ်သည်။ သူတို့သည် စိတ်သစ်လူသစ်နှင့် ဘဝသစ်စမည်ဆိုပါက ထိုသူများအား လွတ်မြောက်ခွင့် ပေးမည်။ သို့သော် ခေါင်းမာပြီး အသစ်ပြန်လည်စတင်ရန် ငြင်းဆန်မည်ဆိုပါက အနာဂတ်တွင် ထိုသူများကိုပါ ထန်ရှု ရှင်းထုတ်ပစ်မည်သာပင်။
မိသားစုမျိုးရိုး သံယောဇဉ်ကို ထည့်မစဉ်းစားဘူးလားဟု သူ့အား မေးလာပါက…
ထန်ရှုအတွက်တော့ ထိုအရာသည် ဟာသတစ်ပုဒ်သာ ဖြစ်သည်။ သူ၏မိခင်မှတစ်ပါး သူ၏ရင်တွင်း၌ သည်သေမျိုးကမ္ဘာတွင် မိသားစုမျိုးရိုး သံယောဇဉ် မရှိခဲ့ပြီဖြစ်သည်။ ကြင်နာမှုဆိုသည်မှာ ရေတစ်ပေါက်ကဲ့သို့ ရုတ်တရက်စီးထွက်သော ရေပမာ ပြန်လည်ပေးဆပ်ရန် သေးငယ်လွန်းလှသည်။ သူတို့သည် မိခင်နှင့်သားအပေါ် တစ်ကြိမ်မျှ ကြင်နာစွာ ဆက်ဆံခဲ့ဖူးသည့်အတွက် သူ ကျေးဇူးတင်မိခဲ့သည်။ သို့သော် မိခင်ကြီးအား ပြသနာများစွာ ပေးရဲလျှင်တော့ ထိုခြိမ်းခြောက်မှုများအား သူ အကုန်အစင် ဖယ်ထုတ်ရပေမည်။
“ဆရာ..ငါ့ကို အခြားမှာစရာရှိသေးလား။” ချန်ကျီကျုံး၏အသံသည် ဖုန်းထဲမှ ထပ်မံပေါ်ထွက်လာသည်။
ထန်ရှုသည် တည်ငြိမ်သောအသံဖြင့်
“စုရှန်းဝမ်တို့လင်မယားကို စောင့်ကြည့်ဖို့ လူတစ်ချို့ကို လွှတ်ထားပေးပါ။ သူတို့ထောင်မကျခင် ကျွန်တော့်အမေကို ထပ်ပြီး အနိုင်မကျင့်စေချင်ဘူး။ ပြီးတော့ ခင်ဗျား ဒီရက်ပိုင်း အချိန်ရရင် တောင်တံခါးမြို့ကို ညဘက်လာခဲ့ပါ။”
“ကောင်းပါပြီဆရာ။” ခေါ်ဆိုမှု ပြီးဆုံးခဲ့ပြီဖြစ်သည်။
ထန်ရှုသည် ဖုန်းအား အိပ်ကပ်ထဲ ပြန်ထည့်လိုက်ရင်း သူ၏မျက်ဝန်းမှ ရက်စက်သောအရိပ်အယောင်သည်လည်း ကွယ်ပျောက်သွားခဲ့ပြီဖြစ်သော်လည်း သူ၏ရင်တွင်းမှ ဒေါသမီးအား ဖိနှိပ်ထားရဆဲဖြစ်သည်။
သည်သေမျိုးကမ္ဘာသို့ သူပြန်လာခဲ့စဉ် သူ့အတွက် စုရှန်းဝမ်သည် အမုန်းတီးဆုံးနှင့် အရွံရှာဆုံးသူတစ်ယောက် ဖြစ်သည်။ ရပ်ဝေးမှ ဆွေမျိုးများထက် အနီးမှ အိမ်နီးနားချင်းများမှ ပိုကောင်းသည်ဟူသော ယခု သူ၏အတွေ့အကြုံအား အခြေခံကာ ဆိုရိုးစကား၏ နောက်ကွယ်မှ အဓိပ္ပာယ်အား သင်ယူခဲ့ပြီဖြစ်သည်။ အိမ်နီးနားချင်းများသည် အနည်းဆုံးတော့ ပြုံးပြ၊ ခေါင်းညိတ်ပြ၊ တစ်ယောက်နှင့်တစ်ယာက် နှုတ်ဆက်ကြတော့ လုပ်ကြသေးသည်။ သို့သော် ရေခဲတုံးသဖွယ် သွေးအေးသော ဆွေမျိုးသားချင်းသည် မိသားစုအတွက် ပြသနာများသာ ဖန်တီးတတ်ကြသည်။
ညမီးရောင်မှိန်မှိန်အောက်တွင် ထန်ရှုသည် အိမ်ကို အလောသုံးဆယ် မပြန်ခဲ့ပေ။
သူ၏ကိုယ်ကျင့်တရားစိတ်နေစိတ်ထားအား ပြန်လှန်စဉ်းစားရင်း၊ မေးခွန်းထုတ်နေသည်။
သည်ကမ္ဘာသို့ ပြန်ရောက်ပြီးနောက် ပြသနာများစွာသည် သူ့အား မလှုပ်နိုင်လောက်အောင် တုပ်နှောင်ထားသည်ကို တွေ့ရသည်။ မိသားစုမျိုးရိုး သံယောဇဉ်အပြင် တရားဥပဒေနှင့် စည်းမျဉ်းစည်းကမ်းတို့ဖြင့် သူသည် လှုပ်မရနိုင်ချေ။ အင်မော်တယ်ကမ္ဘာတွင် သူ့အား ဆန့်ကျင်လာရဲသူများအား တွေဝေခြင်းမရှိ သတ်ဖြတ်နိုင်သည်။ သည်ကမ္ဘာတွင်မူ ပြသနာတိုင်းအတွက် အမြဲလိုလို များပြားလှသော လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ ရှိနေသည်။
သူသည် အကြင်နာတရားကင်းမဲ့သူ စာနာစိတ်မရှိသူ မဟုတ်ပါသော်လည်း ပြသနာများ တစ်ခုပြီးတစ်ခု မတိုးပွားလာစေချင်သည်မှာ သူ၏ဆန္ဒပင်။ ထို့ကြောင့် ပြသနာရင်းမြစ်များအား အမြစ်ပြတ်သုတ်သင်လိုက်ခြင်းသည်သာ အကောင်းဆုံးဟု သူ မြင်သည်။သို့မဟုတ်ပါက ထိုကန့်သတ်ချက်များသည် သူ့အား အမှန်တကယ် လွတ်လပ်စွာ မလှုပ်ရှားနိုင်အောင် ချုပ်နှောင်ထားပေသည်။
“ဘယ်လိုပဲဖြစ်ဖြစ် ငါ အားနည်းနေတုန်းပဲ။” ထန်ရှုသည် စိတ်ထဲမှ ကြိတ်ကာ သက်ပြင်းချလိုက်သည်။
နာရီဝက်ကြာသော်…
ထန်ရှုသည် အိမ်ပြန်ရောက်သွားပြီး ဧည့်ခံခန်းမီးသည် လင်းနေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။ သူ၏မိခင်ဖြစ်သူသည် ကုတ်အကျီဝတ်ထားပြီး ပါးပြင်တွင် မျက်ရည်တသွင်သွင်စီးလျက် ဆိုဖာပေါ်တွင် ထိုင်နေသည်။
“အမေ… သွားနားချေပါတော့။” ထန်ရှုသည် သက်ပြင်းဖွဖွချကာ နူးညံ့ညင်သာစွာ ပြောလိုက်သည်။
စုလင်းယွမ်သည် ခေါင်းကို မော့ကာ ထန်ရှုအား ကြည့်လိုက်ပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
“ရှုအာ… သား သူ့ကို…”
ထန်ရှုသည် သူမစကားအား ကြားဖြတ်ကာ အလျင်စလို ပြောလိုက်သည်။
“အမေ… ကျွန်တော် အငှားကားတစ်စီး တားပြီး သူ့အိမ်ကို ပြန်ပို့ခိုင်းလိုက်တယ်။ အမေ နောက်ဆို သူ့ကို မေ့လိုက်နိုင်ဖို့ ကျွန်တော် မျှော်လင့်တယ်။ အဲ့လိုမှ မဟုတ်ရင် အမေပဲ ဝမ်းနည်းနာကျင်ရမှာ မဟုတ်ဘဲ ကျွန်တော်လည်း အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး။ ကျွန်တော်တို့တတွေကို ဘယ်လိုဆက်ဆံခဲ့သလဲဆိုတာ ကျေးဇူးပြုပြီး အမေ မမေ့လိုက်ပါနဲ့။”
စုလင်းယွမ်သည် ချီတုံချတုံဖြင့် “ဒါပေမယ့်…သူ..”
ထန်ရှုသည် လေးနက်သောအသံအမူအရာဖြင့်
“အမေ… စုရှန်းဝမ်ရဲ့လုပ်ငန်း မပျက်စီးရင် သူ မပြိုလဲရင် သူ့မှာ ပိုကောင်းလာနိုင်တဲ့ အခွင့်အရေးရှိသေးတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် သူက ကျွန်တော်တို့ကို တအားမုန်းနေတော့ ကျွန်တော်တို့အဆင်ပြေတဲ့အချိန်တွေ ပိုကောင်းလာမည့်အချိန်တွေ ရှိစချေင်မှာ မဟုတ်ဘူး။ သူ ပိုချမ်းသာလာ သြဇာပိုရှိလာပြီး ကျွန်တော်တို့ဆိုင်လေးကိုသူ့ဆီ လွှဲပေးဖို့ ဖိအားပေးတာမှာကို အမေက စောင့်ချင်နေတာလား။ ကျွန်တော့်ကို ကျောင်းတစ်ဝက်တစ်ပျက် ဖြစ်စေဖို့ အိမ်ကိုပြန်ဖို့ အမေက သူ့ကိုဖိအားပေးစေချင်တာလို့တော့ ကျွန်တော့်ကို မပြောနဲ့နော်။ ဒါမှမဟုတ် လူမိုက်တွေ ဆိုင်ကို ဖျက်ဆီးတာ၊ ရိုက်နှက်ပြီး ကျွန်တော်တို့ကို ဆေးရုံရောက်စေချင်သေးတာလား။”
အတိတ်မှ ဖြစ်ရပ်များ ပြန်လည်ရိုက်ခတ်လာသဖြင့် စုရှန်းဝမ် မျက်လုံးဝိုင်းသွားခဲ့ရသည်။ သူမသည် ပင်ကိုယ်အားဖြင့် ကြင်နာသနားတတ်သောစိတ်ရှိသည်။ ဖိအားပေးခံရခြင်းသည် သူမအတွက် အလွန်အမင်းကို ကြမ်းတမ်းနာကျင်စေသည်။ သူမသည် ခေါင်းအား လေးလေးကြီးညိတ်လိုက်ကာ စကားဆိုလိုက်သည်။
“ရှုအာ… သားပြောတာမှန်တယ်။ သားပြောတဲ့အတိုင်း သူက အမေတို့သားအမိတတွေကို ပိုကောင်းတဲ့ ပိုသက်သာတဲ့အချိန်မျိုးရရှိခံစားနေမှာကို မဖြစ်ချင်ဘူး။ ဒီလိုဆိုမှတော့ အမေတို့တတွေလည်း သူ့ကို ခက်ခဲတဲ့အချိန်လေး ပြန်ပေးကြတာပေါ့။ ဒီဟာကို ကိုင်တွယ်ဖို့ သားကို ဘာလုပ်၊ ဘယ်လိုလုပ်လို့တော့ အမေ တောင်းဆိုမှာတော့မဟုတ်ဘူး။ ဒါပေမယ့် သား ဒီပြသနာကို ဖြေရှင်းရင် ဥပဒေကို မချိုးဖောက်မိစေနဲ့။”
“အဲ့ဒီအတွက် စိတ်မပူပါနဲ့အမေ။”
ထန်ရှုသည် ခေါင်းညိတ်ကာ ပြောလိုက်ရင်း သူမအား ဆိုဖာမှ အသာဆွဲထူကာ အိပ်ခန်းအတွင်းသို့ လိုက်ပို့ပေးလိုက်သည်။
နောက်တစ်နေ့မနက်ခင်း…
ထန်ရှုသည် စုလင်းယွမ်နှင့်အတူ အိမ်၌ ရှိနေပေးခဲ့ပြီး မိခင်ထွက်ခွာသွားပြီးမှသာ တောင်တံခါးမြို့အိမ်ရာသို့ အမြန်ပြန်သွားခဲ့သည်။ မကျေသေးသည့် သင်ခန်းစာများ ပြန်လည်လေ့လာရန် ယွမ်ချူးလင်၊ ချန်းယန်နန်၊ ရှားဝမ်ဖန်နှင့် လီရှောင်ချန်းတို့အား လမ်းညွှန်မှုများ ပြုလုပ်ပေးရမည်သာမက ကျင်းမန်ကျွန်း၏ ထာဝရခိုင်မြဲခန်းမမှ လူများ ရောက်ရှိပြီး သူ့အား စောင့်ဆိုင်းနေကြသည်။
သူသည် တိုင်ရှန်းနှင်းကြာအား ဝယ်ယူခဲ့ပြီးနောက် သေချာစွာ စဉ်းစားခဲ့သည်မှာ သူကိုယ်တိုင် ဆေးလုံးများ ဖော်စပ်ရန် အသင့်မဖြစ်သေးချေ။ အကောင်းဆုံးဆေးလုံးများ ဖော်စပ်မည်ဆိုပါက မြောက်မြားစွာသော စိတ်စွမ်းအားနှင့် အတွင်းအား အား အသုံးပြုရမည်ဖြစ်သောကြောင့် သူ၏ကျင့်ကြံခြင်းအဆင့်သည် အကန့်အသတ်ရှိနေသည်။ ဂျိချီမေသည် ဒဏ်ရာရနေသည်ဆိုသော်ငြား သူမသည် ဆေးပညာကို နားလည်သဖြင့် တစ်ကြိမ်မျှ သူမ သန့်စင်နိုင်ပေမည်။ ထိုအရာသည် သူမအတွက်လည်း အကျိုးကျေးဇူးဖြစ်စေလိမ့်မည်။
“ကောလိပ်ဝင်ခွင့်ဖြေပြီးရင် အရေးကြီးဆုံးလုပ်ရမှာက အဖိုးတန်အရင်းအမြစ်တွေ ရှာဖို့ပဲ။ ငါ့မှာ နေရာလွတ်ကျောက်တုံး ရှိထားပြီးပြီ။ နေရာလွတ်သယ်ဆောင်စရာတစ်ခုကို သန့်စင်ဖို့ လိုအပ်တာတွေ ရလာပြီဆိုရင် ငါ အမြန် သန့်စင်ရမယ်။ ဝယ်သမျှတွေကို လက်နဲ့ သယ်သွားနေရတာ အလွန်ကို အဆင်မပြေလှဘူး။”
ထန်ရှုသည် တောင်တံခါးအိမ်ရာသို့ ပြန်ရောက်သည်နှင့် တိုင်ရှန်းနှင်းကြာအား ယူကာ ရောက်ရှိနေသော ဂျိချီမေအား ပေးလိုက်သည်။ သူမအား လိုက်ပို့ပြီး ထန်ရှုသည် အိပ်ခန်းအတွင်းရှိ ပြတင်းပေါက်ရှေ့တွင် မတ်တတ်ရပ်ကာ အတွေးနယ်ချဲ့မိသည်။
လူတို့၏စိတ်အလိုဆန္ဒသည် အမြဲလိုပင် အဆုံးသတ်သွားလေ့မရှိချေ။ ထန်ရှုကဲ့သို့ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခြင်းအား မရေမတွက်နိုင်အောင် ပြင်းထန်စွာ ပြုလုပ်ခဲ့ပြီး သံမဏိသဖွယ်ဖြစ်အောင် ထုဆစ်ပုံသွင်းထားခဲ့သူပင် အင်မော်တယ်ကမ္ဘာတွင် သူ ပိုင်ဆိုင်ခဲ့ဖူးသော အဖိုးတန်အရင်းအမြစ်များအား မမေ့နိုင် ဖြစ်ရသည်။
၂ရက်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ကောလိပ်ဝင်ခွင့်ဖြေဆိုရမည့်နေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ကြယ်တာရာပထမအထက်တန်းကျောင်း၏ဂိတ်တွင်…
ထန်ရှုသည် အငှားကားဖြင့် ရောက်လာသည်။ သူ လှမ်းကြည့်လိုက်ရာ အတန်းဖော်များအားလုံး ရောက်နှင့်နေကြပြီးဖြစ်ပြီး အတန်းပိုင်ဆရာမ ဟန်ကျင်းဝူသည် ကျောင်းသားများအား ရေတွက်နေသည်။
“ထန်ရှု.. နောက်ဆုံးတော့ နင် ရောက်လာပြီပေါ့။
ဟန်ကျင်းဝူသည် ထန်ရှုအား မြင်သောအခါတွင် စိတ်သက်သာရာ ရသွားဟန်ရှိသည်။
“တောင်းပန်ပါတယ် ဆရာမ။ လမ်းမှာ ကားလမ်း နည်းနည်းပိတ်နေလို့ ကျွန်တော် နောက်ကျသွားတယ်။” ထန်ရှုသည် အပြုံးဖြင့် တုံ့ပြန်လိုက်သည်။
ဟန်ကျင်းဝူ ဆတ်ကနဲ ပြောလိုက်သည်။
“နင် ဘာကြောင့် စောစော မလာလဲ။ ငါတို့အတန်း ဝင်ရမည့်အလှည့် မကြာခင် ရောက်တော့မယ်။ စာမေးပွဲခန်းထဲရောက်ရင် စိတ်မလှုပ်ရှားပါနဲ့။ နင် ရသမျှ သိသမျှ ဖြေခဲ့ပါ။ အကောင်းဆုံးရလဒ် ရရှိပါလိမ့်မယ်။”
“စိတ်မပူပါနဲ့ ဆရာမ။ အကောင်းဆုံး လုပ်ခဲ့ပါမယ်။” ထန်ရှု ခေါင်းညိတ်ကာ ဖြေလိုက်သည်။
မကြာမီ…
တန်းခွဲ-၁၀ ကျောင်းသားများသည် ကျောင်းဂိတ်အား ဖြတ်ကျော်ရန် တန်းစီလိုက်ကြသည်။ ကျောင်းသားကဒ်နှင့် ဝင်ခွင့်ကဒ်များ ရရှိပြီးနောက် သူတို့သည် အတွင်းသို့ ဝင်လာကြကာ စာမေးပွဲအခန်းများအား ရှာရန် လူစုခွဲရတော့သည်။
“အစ်ကိုကြီး… ငါက အခန်း ၃၆။ မင်းကရော။” စာရေးကိရိယာအိတ်လေးအား ကိုင်ကာ ယွမ်ချူးလင်သည် ထန်ရှုနှင့် နီးကပ်စွာ လျှောက်လာရင်း မေးလိုက်သည်။
“၁၈” ထန်ရှု ဖြေလိုက်သည်။
စိတ်မကောင်းဖြစ်ဟန်သည် ယွမ်ချူးလင်၏မျက်နှာထက်တွင် ပေါ်လာပြီး
“အခန်းချင်း မတူတာ ဘယ်လောက်စိတ်ပျက်စရာကောင်းလဲ။ အာ.. အစ်ကိုကြီး ဒီကောလိပ်ဝင်ခွင့် အောင်ဖို့ ငါ ယုံကြည်ချက် ရှိတယ်။ ငါတို့နိုင်ငံက အကောင်းဆုံး တက္ကသိုလ်တွေထဲက တစ်ခုမှာတောင် တက်နိုင်လိမ့်မယ်။”
ထန်ရှု စိတ်ကြည်လင်စွာဖြင့် ပြန်ပြောလိုက်သည်။
“ကောလိပ်ဝင်ခွင့်က ငါတို့အရင်ဖြေဖူးတဲ့စာမေးပွဲတွေထက် ခက်တယ်ဆိုတာ မင်းလည်း သိတာပဲ။ ဒီမှာက ခိုးချလို့မရဘူး။ အဲ့ဒီတော့ မင်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဖြေဆိုတာက အကောင်းဆုံးပဲ။”
သို့သော်လည်း…
ထန်ရှု ကြိတ်ပြီး ပျော်နေသည်။ အခြားသူများထက် ခိုးချရန် အဆင်မပြေသော်လည်း သူ့အတွက် အလွန်လွယ်ကူသည်။ သူ၏စိတ်ဝိညာဉ်အာရုံအား ဖြန့်ကျက်လိုက်သည်နှင့် အခြားသူများ၏အဖြေလွှာစာရွက်များအား သူ မြင်နိုင်ပေသည်။
အဖြေလွှာ အနည်းငယ်သာဆိုပါက အဖြေတိုက်ခြင်းနှင့် ကူးယူခြင်းတို့အတွက် များစွာ ထိရောက်မှုရှိမည်မဟုတ်သော်လည်း အဖြေလွှာရာပေါင်းများစွာအား ကြည့်ရပြီး သူ၏လေ့လာသင်ယူမှုနှင့် နှိုင်းယှဉ်၍ ကောင်းမွန်သော ရလဒ်မရခဲ့ပါက သူ၏စွမ်းရည်သည် သူ့အား အရူးလုပ်နေခြင်းပင်ဖြစ်လိမ့်မည်။
စာမေးပွဲမေးခွန်းနှင့် အဖြေလွှာစာရွက်များအား ဝေထားပြီးဖြစ်သည်။
ထန်ရှုသည် မေးခွန်းအားလုံးအား အစမှ အဆုံးတိုင် ဖတ်ရှုလိုက်သည်။ ထို့နောက် သူသည် ဘောပင်ကို ယူလိုက်ကာ အလွန်လျင်မြန်စွာ ဖြေဆိုတော့သည်။ နာရီဝက်ခန့်ကြာပြီးသော် သူသည် စာမေးပွဲမေးခွန်းများအားလုံးအား ဖြေဆိုပြီးစီးသွားပြီဖြစ်သည်။ သည်စာမေးပွဲသည် သူ့အတွက် နောက်တစ်ခေါက် မရှိသော ပထမအကြိမ်ပင်ဖြစ်သည်။ ၁၀နှစ်တိုင် ခါးသီးကြိုးစားခဲ့ရသော စာသင်ကာလသည် စာမေးပွဲတွင် အကောင်းဆုံးအမှတ် ရရှိရန်ဖြစ်သည်။ သည်ကောလိပ်ဝင်ခွင့်စာမေးပွဲသည် ထန်ရှု၏၁၀နှစ်တိုင် လေ့လာထားသည်များအား မှတ်ကျောက်တင် စစ်ဆေးပြောင်းလဲတော့မည်ဖြစ်သည်။
ထန်ရှုသည် အဖြေများအား နောက်တစ်ကြိမ် ထပ်စစ်လိုက်သည်။ သူ့အတွက် အချိန်များစွာ ပိုနေသောကြောင့် ပျင်းစရာကောင်းလှပေသည်။ ထို့ကြောင့် သူ၏စိတ်ဝိညာဉ်အာရုံ ဖြန့်ကျက်ခြင်းအား အသုံးပြုကာ အခြားစာမေးပွဲဖြေဆိုသူများမှ အဖြေများအား ကြည့်ရှုရန် စတင်လိုက်သည်။ ကြည့်ရှုပြီးသွားသောအခါ ထန်ရှုသည် ငိုရမည် ရယ်ရမည်မသိ ဖြစ်သွားရတော့သည်။ သူ့ပတ်ဝန်းကျင်ရှိ အခြားသူများ၏ တိကျသောအဖြေမှန်နှုန်းသည် အံ့သြစရာကောင်းလောက်အောင်ပင် နိမ့်ကျလျက်ရှိသည်။
“အချိန်ပြည့်ပြီ။ မင်းတို့အဖြေလွှာတွေ အပ်ပါ။”
သည်မနက်ခင်းအတွက် စာမေးပွဲသည် စာပေနှင့်ဘာသာစကားဖြစ်သည်။ သချာၤစာမေးပွဲသည် နေ့လည်ခင်းတွင် ဖြေရမည်။ အခြားဘာသာစာမေးပွဲများအား နောက်ရက်တွင် ဖြေဆိုရမည်ဖြစ်သည်။ စာမေးပွဲဖြေသူများနှင့် အုပ်ထိန်းသူများသည် ထိုရက်များအား စိတ်လှုပ်ရှားစွာနှင့် ဖြတ်သန်းလာခဲ့ကြသည်။
ထန်ရှုသည် စာမေးပွဲအား ချောမွေ့စွာ ဖြေဆိုနိုင်ခဲ့သည်။ စာသင်ခန်းထဲတွင် နောက်ထပ်အချိန်မဖြုန်းရတော့သောကြောင့် ထန်ရှု စိတ်လက်ကြည်သာနေတော့သည်။ မျက်စိရှေ့မှောက်တွင် ရှိနေပြီဖြစ်သော အားလပ်ရက်၂လသည် သူ့အား လွတ်လပ်မှုအရသာကို ခံစားမိစေပြီး ကောင်းကင်ထက်တွင် ပျံဝဲနေသော ငှက်တစ်ကောင်အလား ဖြစ်စေသည်။
တန်းခွဲ-၁၀မှ အတန်းဖော်များနှင့် စုပေါင်းဓာတ်ပုံရိုက်ပြီးနောက် ထန်ရှုသည် ချက်ချင်းပင် ထွက်ခွာလာခဲ့သည်။ သူ့တွင် ကျောင်း၌ သူငယ်ချင်း အနည်းငယ်ခန့်သာ ရှိပေသည်။ အတန်းဖော်များအကြား ယွမ်ချူးလင်၊ ချန်းယန်နန်နှင့် အခြားသူငယ်ချင်းအနည်းငယ်စသည့် သူနှင့်ဆက်ဆံရေး တရင်းတနှီးရှိသူများမှာ လက်တစ်ဆုပ်စာခန့်သာ ရှိသည်။
“အစ်ကိုကြီး… ငါ့မှာ အဖေ့ရဲ့တစ်သွေးတစ်သံအမိန့် ရထားတယ်။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် မင်းကို အိမ်အလည်ခေါ်လာရမယ်တဲ့။ မင်း ငါနဲ့ အခု လိုက်နိုင်တယ်မဟုတ်လား။”
ကျောင်းပေါက်ဝအား ဖြတ်ကျော်စဉ် ထန်ရှုနှင့်အတူ လျှောက်လာသော ယွမ်ချူးလင်သည် နွေးထွေးစွာ ပြုံးလျက် သူ့အား မေးလိုက်သည်။
ထန်ရှုသည် ကားမောင်းသူသည် တံခါးနားတွင် ရပ်နေလျက် လမ်းဘေးတွင် ကပ်ရပ်ထားသော မာစီးဒီးကားအား ကြည့်လိုက်သည်။ တစ်ခဏမျှ ငြိမ်သက်သွားပြီးနောက်
“မင်း ဘယ်တက္ကသိုလ်တက်မယ် စိတ်ကူးလဲ။”
“ငါ ဆုံးဖြတ်ပြီးသွားပြီ။ ငါ ရှန်ဟိုင်းမှာ သွားတက်မယ်။” ယွမ်ချူးလင် ခေါင်းညိတ်ကာ ပြောလိုက်သည်။
ထန်ရှုသည် ယွမ်ချူးလင်၏အဖြေစကားကြောင့် အံ့အားသင့်သွားပြီး
“အာ.. မင်းအဖေက မင်းကို ပေကျင်းသွားစေချင်တာမဟုတ်လား။ ဘာလို့ ရှန်ဟိုင်းသွားတာလဲ။”
“ဘာလို့လဲဆိုတော့ ငါ့စရိုက်သဘာဝက ပေကျင်းမြို့တော်နဲ့ ကိုက်ညီတယ်လို့ ငါ မထင်ဘူး။ လုံခြုံရေး တအားတင်းကျပ်သလို ပိုးဘောင်းဘီဝတ် အပျော်အပါးလိုက်စားတဲ့ သခင်လေးတွေကလည်း အရမ်းများတယ်။ ငါသာ ပေကျင်းမှာ စာလေ့လာရင် တစ်နေ့ အဲ့ဒီသခင်လေးတွေနဲ့ ပြသနာဖြစ်ရင် ဘဝပျက်သွားနိုင်တယ်။ ငါ အဲ့ဒီအကြောင်း မပြောတော့ဘူး။ ကြယ်တာရာက မြွေတွေကြားမှာ ငါက သန်မာတဲ့ နဂါးတစ်ကောင်ဖြစ်နိုင်ပေမယ့် ပေကျင်းမှာဆိုရင် ငါက ဘာကောင်မှ မဟုတ်တော့ဘူး။ အဲ့ဒီကိုသွားပြီး နာကျင်ခံစားနေရမှာလား။ နိုးပဲ။” ယွမ်ချူးလင် အပြင်းအထန် ပြောလေသည်။
ထန်ရှု အားပါးတရ ရယ်မောလိုက်ရင်း
“ဟား..ဟား..ဟား.. မင်း အဲ့လို စေ့စေ့စပ်စပ်စဉ်းစားလိမ့်မယ်လို့တောင် ငါ မထင်ထဲ့မိဘူး။ ဘာပဲဖြစ်ဖြစ် ရှန်ဟိုင်းလည်းကောင်းပါတယ်။ ငွေကြေးဆိုင်ရာ အဓိက မြို့ဖြစ်ပြီးတော့ တိုင်းပြည်ရဲ့ နာမည်ကြီး မြို့တွေထဲကတစ်မြို့ပဲလေ။ မင်း အဲ့ဒီမှာ ကောင်းကောင်း လေ့လာရင် မင်းဖြစ်ချင်တာကို လုပ်နိုင်ပြီးတော့ မင်းရဲ့အသက်မွေးဝမ်းကျောင်းမှုတောင် အဲ့ဒီမှာ စနိုင်တယ်။”
ယွမ်ချူးလင်သည် ပြုံးလျက်
“အားယား..အစ်ကိုကြီး။ ဒီအကြောင်းတွေ ရပ်ရအောင်။ အစ်ကိုကြီး ငါနဲ့ အိမ်လိုက်မှာလား မလိုက်ဘူးလား။ ငါ့ကို ကွေ့ပတ်မနေဘဲ အဖြေမြန်မြန် ပေးပါ။ ငါ ပြင်ဆင်စရာရှိတာ ပြင်ဆင်နိုင်အောင်လို့။ ဒါပေမယ့် တစ်ခုတော့ ပြောရမယ်။ အစ်ကိုကြီးကို ခေါ်မလာနိုင်ရင် အဖေ ငါ့ကို ရိုက်တော့မှာ။”
“အေးပါကွာ။ သွားကြစို့။” ထန်ရှု ခေါင်းညိတ်ရင်း ပြုံးလိုက်သည်။
ယွမ်ကျန်းရွှမ်၏သူ့အား ဖိတ်ခေါ်ခြင်းနောက်ကွယ်မှ ရည်ရွယ်ချက်အား အမှန်တကယ်တော့ သူ သတိပြုမိသည်။ ပြန်ပေးဆွဲသည့်အမှုသည် တစ်လခန့်ကြာသွားပြီဖြစ်ပြီး ရဲများသည်ပင် သူ့ဆီ နောက်ထပ်မလာတော့ချေ။ ထိုအချင်းအရာအား ကြည့်ခြင်းအားဖြင့် ယွမ်ကျန်းရွှမ်နှင့် ကျောင်ကျင်းတို့လင်မယားသည် ထိုအမှုတွင် သူပါဝင်ပတ်သက်နေမှုအား နှုတ်လုံသည်ကို သိရှိနိုင်သည်။ အချို့လူများသည် နှုတ်ဖြင့် မပြောဆိုကြသည့်တိုင် အခြားလူတစ်ယောက်အား ပေးဆပ်ရန်တင်ရှိနေသော ကျေးဇူးတရားအား တွေးတောနေ သတိရနေမည်ကိုလည်း ထန်ရှု သိလေသည်။
***