← Chapters

လျှို့ဝှက်ချက်များ

Vol. 04 Ch. 163

လျှို့ဝှက်ချက်များ

Vol. 04 Ch. 163

ထန်ရှုသည် ယွမ်ချူးလင်၏အိမ်သို့ လိုက်ရန် သူ့တွင် အကြောင်းပြချက်များ ရှိနေသည်။ တစ်ခုမှာ ယွမ်ကျန်းရွှမ်နှင့် ကျောင်ကျင်းတို့လင်မယား စိတ်သက်သာရာ ရစေရန်နှင့် အခြားတစ်ခုမှာ ထိုလင်မယား၂ယောက် မည်သည့်အကြောင်းကြောင့်  ဟန်ဆောင်ကွာရှင်းရသည်ကို အဖြေရှာရန်အတွက် ဖြစ်ပေသည်။ သို့မှသာ ယွမ်ချူးလင် စိတ်ရှင်းစွာနှင့် ဆောင်ရွက်နိုင်၊ အိမ်တွင် ကူညီနိုင်ပေမည်။

“အရမ်း ကောင်းတယ်။”

ယွမ်ချူးလင်သည် ထန်ရှု၏အကျင့်စရိုက်အား ကောင်းစွာ သိသောကြောင့် ထန်ရှုသည် အမှန်တကယ်တွင် ငြင်းဆိုရန် ပြင်ဆင်ထားလိမ့်မည်။ ထို့အတွက်ကြောင့်ပင် ထန်ရှုအား မုသားတစ်ခွန်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ သူသည် အရွယ်ရောက်လာပြီဖြစ်ပြီး သူ၏ဖခင်ဖြစ်သူသည် ထန်ရှုအား မခေါ်နိုင်ပါကလည်း သူ့အား အမှန်တကယ် အပြစ်တင်ရိုက်နှက်လိမ့်မည်မဟုတ်ပါချေ။ မည်သို့ပင်ဖြစ်စေ မိဘများ၏တောင်းဆိုချက်အား ဖြည့်ဆည်းပေးနိုင်ပြီဖြစ်သောကြောင့် သူ အလွန်ပျော်နေသည်။

နာရီဝက်ကြာပြီးနောက်…

မာစီးဒီးကားသည် ရွှေရောင်အင်ပါယာအိမ်ရာဝင်းထဲသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်. သည်အိမ်ရာဝင်းသည်လည်း အထက်တန်းလွှာများ နေထိုင်ရာ အိမ်ရာများထဲမှ တစ်ခုဖြစ်သော်လည်း တောင်တံခါးအိမ်ရာဝင်းနှင့် နှိုင်းယှဉ်မရနိုင်သေးချေ။

ထည်ဝါခမ်းနားသော အိမ်ကြီးထဲတွင်…

ကျန်းရွှမ်သည် သူ၏စာဖတ်ခန်းထဲတွင် ငွေကြေးဆိုင်ရာအစီရင်ခံစာများအား ဖတ်ရှုနေလေသည်။ သူ၏အမူအရာသည် အလွန်တည်ငြိမ်နေပြီး သူ၏အရှေ့တွင် ဝတ်စုံပြည့်ဝတ်ဆင်ထားသော သက်လတ်ပိုင်းလူတစ်ယောက် ထိုင်နေလေသည်။

“သူဋ္ဌေး… အမည်မသိလူတစ်စုက ကျွန်တော်တို့ သုတေသနနေရာကို ကျူးကျော်တာ ၃ကြိမ်ရှိနေပြီ။ လတ်တလော ဖြစ်ခဲ့တဲ့ ကျူးကျော်မှု၂ကြိမ်မှာဆိုရင် ကျွန်တော်တို့ လုံခြုံရေး အလွန်ခိုင်ခံ့တာတောင် တစ်တန်းထိသွားတယ်။ ကျွန်တော်တို့ သူတို့ကို ကြားဖြတ်တိုက်ထုတ်ဖို့ ကြိုးစားတာလည်း  အကြိမ်များစွာပဲ။ ဒီဟာကို ကျွန်တော်တို့ နှောင့်နှေးလေ ပြသနာ ပိုကြီးလာလေဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော် စိတ်ပူနေတာက ဒီလူတွေက သည်ဟာပေါက်တွေကို သုံးပြီး ကျွန်တော်တို့ကို ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်အောင် လုပ်မှာကိုပဲ။ စီစဉ်ထားတာထက် စောပြီး နေရာအသစ်ဆီကို ကျွန်တော်တို့ရဲ့ အဓိကကျတဲ့ အရေးကြီး ဒေတာအချက်အလက်တွေကို ရွှေ့ဖို့ စဉ်းစားနိုင်မလား။”

ထိုသက်လတ်ပိုင်းလူသည် မချိပြုံး ပြုံးလျက် ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

ယွမ်ကျန်းရွှမ်သည် အဖြေအား အလျင်စလို မပေးဘဲ အစီရင်ခံစာကို ဂရုတစိုက် ဖတ်ရှုနေဆဲပင်ဖြစ်သည်။ ထို့နောက် သူသည် ထိုအစီရင်ခံစာအား ရှေ့စားပွဲပေါ်သို့ တင်လိုက်ပြီး တဒင်္ဂမျှ တိတ်ဆိတ်စွာ နေလိုက်ပြီးနောက်

“သူတို့က ငါတို့ကို မျက်ခြည်မပျက် စောင့်ကြည့်နေကြတယ်။ အခုချိန်က ရွှေ့ဖို့ အချိန်ကောင်း မဟုတ်သေးဘူး။ အဲ့ဒါအပြင်ကို ငါတို့ အကောင်းဆုံး မလှုပ်ရှားရသေးတော့ ငါတို့ ရွှေ့လိုက်တာနဲ့ ဟာကွက်တွေကနေ အကျိုးကျေးဇူးတွေ ရသွားကြလိမ့်မယ်။ အဲ့ဒါကြောင့် နည်းနည်းလေးတောင်မှ ပေါ့ဆလို့မဖြစ်ဘူး။ ငါတို့ သေသေချာချာ စဉ်းစားကြရမယ်။ အဲ့ဒါကြောင့် လောလောဆယ်မှာ လုံခြုံရေးအင်အားကို တိုးလိုက်ပါ။”

သက်လတ်ပိုင်းလူသည် တွန့်ဆုတ်စွာဖြင့်

“ဒါပေမယ့် ကျွန်တော်တို့ စိတ်အချရဆုံး လုံခြုံရေးတွေက သုတေသနနေရာမှာ အစောကတည်းက တာဝန်ပေးပြီးသွားပြီ။ အဲ့ဒီနေရာမှာ ဘယ်လို လုံခြုံရေးအင်အား တိုးမလဲ။”

ယွမ်ကျန်းရွှမ် ပြောလိုက်သည်။

“အစကတည်းက ငါတို့က ကာကွယ်မှုလုပ်ငန်းစုတစ်ခုဖြစ်တယ်။ ဒီပြသနာကို စစ်ဘက်ဆိုင်ရာ အကြီးအကဲတွေကိုလည်း အကြောင်းကြားထားပြီးသွားပြီဖြစ်လို့ ဒါကို ဖြေရှင်းဖို့ သူတို့ ကူညီကြလိမ့်လို့ ငါ ယုံတယ်။ သူတို့ မလှုပ်ရှားရင်တောင်မှ ငါ ပိုက်ဆံအကုန်အကျ ခံပြီး ပြည်တွင်းက အကောင်းဆုံး ကျွမ်းကျင်သူ လုံခြုံရေးလုပ်ငန်းကနေ ငှားရမ်းလိုက်မှာပါ။”

သက်လတ်ပိုင်းလူမှ ဇဝေဇဝါဟန်ဖြင့် မေးလိုက်သည်။

“ကျွန်တော်တို့ ငွေကုန်ကြေးကျခံပြီး ငှားရမ်းရင်တောင်မှ သူတို့ သစ္စာရှိမှု က မေးခွန်းထုတ်စရာပဲ။ ပိုက်ဆံသာ သူတို့ကို ပုံပေးလိုက်ရင် သူတို့ တင်းခံနိုင်မယ်မထင်ဘူး။”

ယွမ်ကျန်းရွှမ် မေးလိုက်သည်။

“ငါ မင်းကို ပေးထားတဲ့သတင်းအတွက် စုံစမ်းခိုင်းထားတာရော ဘယ်လိုအခြေအနေရှိပြီလဲ။ မကြာခင် သူတို့အထူးတပ်ဖွဲ့ဝင်အချို့ကို တာဝန်က ရပ်စဲတော့မယ့် စစ်တပ်ရဲ့ လျှိ့ဝှက်အင်အားစုအကြောင်းလေ။ ဘာသတင်းထူးတွေ ရှိလဲ။”

သက်လတ်ပိုင်းလူ ပြန်ဖြေလိုက်သည်။

“ကျွန်တော်တို့က စစ်တပ်ရုံးချုပ်နဲ့ အဆက်အဆံရှိတာကြောင့် မကြာခင် ပင်စင်ယူတော့မယ့် အထူးတပ်ဖွဲ့ဝင်တွေရဲ့ အသုတ်လိုက် အမည်စာရင်းကို သူတို့ ကျွန်တော်တို့ဆီ ပို့ပေးတယ်။ ကျွန်တော်တို့လူတွေကလည်း ဆက်သွယ်ပြီးပြီ။ ဒါပေမယ့်…”

“ဒါပေမယ့် ဘာဖြစ်လဲ။” ယွမ်ကျန်းရွှမ် နဖူးမြင့်တက်သွားကာ မေးလိုက်သည်။

သက်လတ်ပိုင်းလူမှ ဆက်ပြောပြသည်။

“ဒါပေမယ့်… သူတို့ တာဝန်က ရပ်စဲသွားရင်တောင်မှ ကျွန်တော်တို့ဆီ လွယ်လွယ် မလာလောက်ဘူး။ အဲ့ဒါအပြင် ကျွန်တော်တို့လူတွေနဲ့ သူတို့ကြားမှာ ပြိုင်ပွဲတစ်ခု လုပ်ဖို့တောင်းဆိုခဲ့တယ်။ ရလဒ်ကတော့ ကျွန်တော်တို့လူတွေက တစ်ချက်တောင် မခံနိုင်ဘူး။ သူတို့အကြောင်းကို သိရအောင် ကျွန်တော် စုံစမ်းလိုက်တယ်။ ကြည့်ရတာ ဝံပုလွေခေါင်းလို့ အမည်တွင်တဲ့ သူတို့အဖွဲ့ခေါင်းဆောင်ကို တအားလေးစားကြဟန်ရှိတယ်။ သူတို့ခေါင်းဆောင်ရဲ့ခွင့်ပြုချက်ရရင် ကျွန်တော်တို့နဲ့အလုပ်လုပ်ဖို့ သဘောတူကြလိမ့်မယ်လို့ တစ်ချို့က အရိပ်အမြွက်ပြောပြတယ်။”

“ဝံပုလွေခေါင်း ဟုတ်လား။”

ယွမ်ကျန်းရွှမ် ထပ်မေးလိုက်သည်။ “ဒီဝံပုလွေခေါင်းအကြောင်းရော စုံစမ်းပြီးပြီလား။”

သက်လတ်ပိုင်းလူသည် ခေါင်းကိုယမ်းလျက်

“စုံစမ်းလည်း အသုံးမဝင်ဘူး။ ဒီလူက မရိုးရှင်းဘူး။ သူ့အကြောင်းနဲ့ပတ်သက်ပြီး ဘာဖိုင်၊ ဘာသတင်းအချက်အလက်မှ မရှိဘူး။ အကုန်လုံး ဗလာချည်း။ စစ်ဘက်ဆိုင်ရာကလူတွေကိုတောင် စုံစမ်းပေးဖို့ ကျွန်တော် အကူအညီတောင်းခဲ့သေးတယ်။ ဒါပေမယ့် ဘာရလဒ်မှ မရခဲ့ဘူး။”

ယွမ်ကျန်းရွှမ် ပြောလိုက်သည်။

“အဲ့လိုဆိုမှတော့ ငါပဲ စစ်ဘက်ဆိုင်ရာ ထိပ်သီးအကြီးအကဲတွေဆီ သွားပြီး ဒီလူရဲ့အကြောင်းမေးရတော့မှာပဲ။ အခုတော့ ဒီစာရင်း ထားခဲ့ပြီး မင်းပြန်လို့ရပါပြီ။”

“ဟုတ်ကဲ့ သူဋ္ဌေး။”

သက်လတ်ပိုင်းလူသည် သူ၏လက်ဆွဲအိတ်ထဲမှ နာမည်စာရင်းအား ထုတ်ယူလိုက်သည်။ စားပွဲပေါ်တွင် တင်ပေးလိုက်ပြီးနောက် အခန်းထဲမှ လှည့်ထွက်သွားတော့သည်။

ထိုအချိန်၌ ကျောင်ကျင်းသည် တံခါးဝတွင် ပေါ်လာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ဟန်နီ… လင်လေး ကျွန်မဆီ စာရိုက်ပို့လိုက်တယ်။ သူတို့ကား အိမ်ရာဝင်းထဲ ဝင်လာပြီတဲ့။ မြန်မြန် သူတို့ကို သွားကြိုရအောင်။”

ယွမ်ကျန်းရွှမ် တစ်ခဏမျှ အံ့အားသင့်သွားပြီး ချက်ချင်း မတ်တတ်ရပ်လိုက်မိသည်။

ထန်ရှု…။

သားဖြစ်သူ၏အတန်းဖော်ဖြစ်သော ထိုကောင်လေးအကြောင်းအား သူ လုံး၀ စိတ်ဝင်စားနေသည်။ ဇနီးဖြစ်သူအား ကယ်တင်ခဲ့သူမှာ ထိုကောင်လေးသာ ဖြစ်သည့်အကြောင်းတစ်ခုတည်းနှင့် သူကိုယ်တိုင် ကြိုဆိုရန် မလိုအပ်သော်လည်း လတ်တလောကာလအတွင်း ထိုကလေးသည် လုံဂရု၏သူဋ္ဌေးကြီးဖြစ်သူ လုံဟန်ဝမ်နှင့် အဆုံးမဲ့ဂုဏ်ရည်ဆေးဝါးလုပ်ငန်း၏ သူဋ္ဌေးကြီးဖြစ်သူ ချန်ကျီကျုံးနှင့် အတော်ရင်းနှီးမှု ရှိခဲ့သည်။ ထိုသူများဆီမှ ထန်ရှုအကြောင်း အတော်များများ သူ သိခဲ့ရသည်။ ချန်ကျီကျုံး၏ဆရာဖြစ်သည်ဟူသော အချက်နှင့်ပင် သူ၏စိတ်ကူးပုံဖော်မှုထက် ကျော်လွန်နေခဲ့ပြီဖြစ်သည်။ ယနေ့ထိ ချန်ကျီကျုံးသည် ထန်ရှုအား မည်သည့်အကြောင်းကြောင့် ဆရာအဖြစ် ရိုသေလေးစားနေခြင်းနှင့် ထန်ရှုဆီမှ မည်သည့်အရာကို သင်ကြားနေချင်နေမှန်း သူ ရှင်းလင်းစွာ မသိရသေးချေ။ ထိုကောင်လေးသည် သူ၏စွမ်းရည်များအား ဖုံးကွယ်ကာ နှိမ့်ချစွာ နေထိုင်ခြင်းဖြင့် ဖုံးကွယ်ထားသည့် ဉာဏ်မီအောင် နက်နဲသော လျှို့ဝှက်ဆန်းကြယ်မှုပင် ဖြစ်လာသည်။ သည်ဟာသည် ထန်ရှုအပေါ် ယွမ်ကျန်းရွှမ်၏အကဲဖြတ်မှုအမှန် ဖြစ်တော့သည်။

အိမ်အပြင်ဘက် အရှေ့ကွက်လပ်တွင်…

မာစီးဒီကားသည် ကားရပ်နားနေရာနေရာတွင် ရပ်တန့်လိုက်သည်။ ကားတံခါးများ ပွင့်လာပြီးနောက်တွင် ကျောင်ကျင်း၏မျက်ဝန်းအစုံတို့သည် စိတ်လှုပ်ရှားမှု၊ ကျေးဇူးတင်ရှိမှုတို့ဖြင့် အရောင်လက်သွားပြီး ကြောက်ရွံ့သည့်အရိပ်ယောင်တစ်ခုသည်လည်း သူမ၏မျက်နှာထက်တွင် ဖြတ်ပြေးသွားခဲ့သည်။ သူမအား ဘလက်ကာယလုပ်ရန် ကြံစည်သည့် ပြန်ပေးသမားအား သူမ၏အရှေ့တွင် ထန်ရှု သတ်လိုက်သည့်မြင်ကွင်းသည် ယနေ့အချိန်ထိ သူမ မေ့ဖျောက်မရနိုင်သော မြင်ကွင်းတစ်ခုပင် ဖြစ်တော့သည်။

“တကယ်ကို သူပဲ။”

ကျောင်ကျင်းသည် ထန်ရှု၏ဓာတ်ပုံအား အကြိမ်များစွာ မြင်ဖူးနေသော်လည်း ထန်ရှုအား လူကိုယ်တိုင်တွေ့ရမှသာလျှင် သူမ၏ကယ်တယ်ရှင်အဖြစ် ရာနှုန်းပြည့် သေချာသွားခဲ့ရသည်။

ထန်ရှု၏အမူအရာသည် တည်ငြိမ်အေးဆေးနေသည်။ ယွမ်ကျန်းရွှမ်နှင့်ကျောင်ကျင်းတို့အား မြင်လိုက်ရပြီးနောက် သူ၏လက်မောင်းအား ယွမ်ချူးလင် ဆွဲကိုင်ကာ ထိုလင်မယားဆီသို့ ခေါ်ဆောင်သွားခြင်းအား ခံလိုက်သည်။

“အဖေ..အမေ.. ကျွန်တော် ထန်ရှုကို ဖိတ်ခေါ်ခဲ့ပြီးပြီ။ ကျွန်တော့်အလုပ် အောင်မြင်စွာ ပြီးဆုံးပြီ။” ယွမ်ချူးလင်သည် ရယ်မောကာ ပြောလိုက်သည်။

ထန်ရှု ကားပေါ်မှ ဆင်းလာကတည်းက ကျောင်ကျင်း၏အကြည့်များသည် သူ့ထံမှ မရွေ့သေးချေ။ သားဖြစ်သူ စကားပြောမှပင် သူမသည် ခါးညွတ်ကာ အရိုအသေပေးလျက် ကျေးဇူးတင်သော အမူအရာဖြင့် ပြောလိုက်သည်။

“ထန်ရှု… ကျေးဇူးတင်ပါတယ်။”

ထန်ရှုသည် ဖျော့တော့သော အပြုံးဖြင့်

“အရမ်းယဉ်ကျေးလွန်းနေပါပြီခင်ဗျာ။ ကျွန်တော်ကတောင် ကျေးဇူးတင်ရမှာပါ။”

“ငါ့ကို ကျေးဇူးတင်တယ် ဟုတ်လား။”

ကျောင်ကျင်း တစ်ခဏမျှ တွေတွေကြီး ဖြစ်သွားသည်။ သူမ၏အမူအရာသည် ကြိုးစားကာ အဖြေရှာကြည့်သော်လည်း အဖြေမရသည့်ဟန်ဖြစ်နေပေသည်။

ယွမ်ကျန်းရွှမ်ကဲ့သို့ ဉာဏ်ကောင်းသောသူတစ်ယောက်သာ ထန်ရှု၏စကားနောက်ကွယ်မှ ဆိုလိုရင်းကို ချက်ချင်း နားလည်လိုက်နိုင်သည်။ သူသည် ကျောင်ကျင်းအား ဆွဲကာ အပြုံးဖြင့် ပြောလိုက်သည်။

“ထန်ရှု… ဒီအမှုက အရမ်းကြီးတယ်။ မင်းက စုံစမ်းစစ်ဆေးမှုအောက်မှာ အလီဘိုင်ပြပြီဆိုကတည်းက ဒီအမှုမှာ မင်း ပါဝင်ပတ်သက်နေကြောင်း ဘယ်သူမှ မသိစေချင်လို့ပဲလို့ ငါတို့ တွေးလိုက်တယ်။ ငါတို့ရဲ့ကယ်တင်ရှင်ကို ကျေးဇူးတရား ပြသချင်တာတောင်မှ ဒီဟာကို အများပြည်သူသိအောင် လုပ်လို့မရဘူးလို့ ငါတို့ ခံစားမိတယ်။ ဒါက ငါတို့ဘာလုပ်သင့်တယ်ဆိုတာပဲ။”

ထန်ရှုသည် ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြီး ပြောပြလိုက်သည်။

“ဒါကို မေ့လိုက်ပါတော့။ အတိတ်မှာ ကျန်ခဲ့ပါပြီ။ ကျွန်တော့်ကို ဖိတ်ခေါ်တဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဒီနေ့ ဦးတို့အချိန်ကို အနှောင့်အယှက်ပေးမိသလို ဖြစ်သွားရပြီ။”

ကျောင်ကျင်းသည် စမတ်ကျသော အမျိုးသမီတစ်ယောက် ဖြစ်သော်လည်း သူမသည် စိတ်လှုပ်ရှားနေသောကြောင့် ထန်ရှု ပြောလိုက်သောစကားအား ပထမ သဘောမပေါက်လိုက်နိုင်ပေ။ သူမ၏ယောကျာ်း တုံ့ပြန်လိုက်သောစကားအား ကြားလိုက်မှသာ ချက်ချင်း သဘောပေါက်သွားပြီး အပြုံးဖြင့် ပြောလိုက်သည်။

“ထန်ရှု… နင် ငါတို့အိမ်ကို လာတာကိုပဲ ဝမ်းသာနေတာပဲ။ ဘယ်လိုနှောင့်ယှက်တယ်လို့ ဆိုနိုင်မှာလဲ။ လာ…အိမ်ထဲ အမြန်ဝင်ကြရအောင်။ ငါကိုယ်တိုင် ဟင်းတွေချက်ပြီး စားဖို့ ပြင်ဆင်ပြီးပြီ။ စားရင်းနဲ့ စကားပြောကြတာပေါ့။”

ယွမ်ကျန်းရွှမ်လည်း အပြုံးဖြင့် ပြောလိုက်သည်။

“ထန်ရှု… အထဲမှာ ပြောကြတာပေါ့။”

“ဟုတ်ကဲ့ဗျ။”

ထန်ရှုသည် နာခံစွာဖြင့် ထိုမိသားစု၃ယောက်၏အနောက်မှ လိုက်ဝင်လာခဲ့သည်။ စကားပြောဆိုရင်းနှင့်ပင် ထမင်းစားခန်းသို့ ရောက်လာခဲ့သည်။

ယွမ်ကျန်းရွှမ်သည် ဝိုင်တစ်ပုလင်းအား ယူကာ ဖွင့်လိုက်ပြီး အပြုံးဖြင့် ပြောလိုက်သည်။

“ထန်ရှု… ပုံမှန်ဆိုရင်တော့ ငါက သောက်လေ့မရှိဘူး။ ဒါပေမယ့် ဝိုင်ပုလင်းစုရတာတော့ သဘောကျတယ်။ ဒီဝိုင်က ငါ့ရဲ့တန်ဖိုးထားစုဆောင်းထားတဲ့အထဲက တစ်ခုပဲ… နှစ်၂၀မကတော့ဘူး။ ပန်းရာပေါင်းများစွာကို အချဉ်ဖောက်ပြီးမှ ရလာတာမို့ အရသာက ထူးကဲတယ်။ မင်း အရသာကို မြည်းကြည့်ပြီး ငါ့ကို ပြောပြပါ။”

ထန်ရှုသည် ထာဝရခန်းမတွင် ဂုဏ်ထူးဆောင်ဧည့်သည်ဖြစ်ခဲ့စဉ်က နှစ်သက်ခဲ့သော အကောင်းဆုံးဝိုင်အား ပြန်စဉ်းစားလိုက်ပြီးနောက် ခပ်ဖျော့ဖျော့ပြုံးကာ

“ဦးလေးယွမ်က ဝိုင်စုဆောင်းရတာ သဘောကျတယ်ဆိုမှတော့ နောက်ရက်တွေကျရင် ကျွန်တော် ဝိုင်ကောင်း၂ပုလင်း ပို့ပေးလိုက်ပါမယ်။”

ယွမ်ကျန်းရွှမ် အပြုံးဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။

“ငါ သိတဲ့အတိုင်း ချန်ကျီကျုံးကလည်း အကောင်းစားဝိုင်တွေ စုဆောင်းတတ်တယ်။ အဲ့အထဲက ငါ့အတွက် ၂ပုလင်း ယူလာမယ်ဆိုရင် အဲ့ဒါ တကယ့်ကို…”

သူ၏စကားသည် တစ်ဝက်တစ်ပျက်နှင့် ရပ်သွားသည်။

ထန်ရှု၏အမူအရာသည် လှုပ်ရှားသွားခဲ့သည်။ အပြုံးမမည်သော အပြုံးအား ဆင်မြန်းရင်း

“ကြည့်ရတာ ဦးလေးယွမ်က ကျွန်တော့်အကြောင်း အများကြီး သိတာပဲ။ ချန်ကျီကျုံးက ကျွန်တော့်တပည့်ဆိုတာတောင် သိတယ်။”

ယွမ်ကျန်းရွှမ်သည် ပွင့်ပွင့်လင်းလင်း ပြောမိသွားသည့်ခဏ စိတ်ထဲမှ ကြိတ်ကာ နောင်တရမိသွားသည်။ ထန်ရှု၏စကားအား ကြားရပြီးနောက် ထိုစကားနောက်ကွယ်တွင် နက်နဲသောအကြောင်းအရာမပါမှန်း သိရှိလိုက်သော်လည်း သူသည် မချိပြုံး ပြုံးလျက်

“ထန်ရှု… မင်းက ငါ့သားရဲ့အတန်းဖော် ဖြစ်သလို ငါ့ဇနီးကို ကယ်တင်ခဲ့တဲ့သူလည်း ဖြစ်တာမို့ ငါ့ကို မင်းအကြောင်း ပိုသိချင်အောင် ဖြစ်စေတယ်။ စုံစမ်းသိရှိလာတာတွေက ယုံဖို့အလွန်ခက်ခဲတဲ့ အကြောင်းအရာတွေ ဖြစ်လိမ့်မယ်မှန်း ငါ မမျှော်လင့်ထားမိဘူး။ မင်းက သာမန်လူတစ်ယောက် မဟုတ်တာတော့ ငါ ပြောနိုင်တယ်။ အဲ့ဒါကြောင့် ငါ့အတွေးတွေကို နားလည်ပေးဖို့နဲ့ အဲ့ဒီအပေါ် တစ်မျိုးမထင်ဖို့ ငါ မျှော်လင့်ပါတယ်။”

“ကျွန်တော် နားလည်ပါတယ်။”  ထန်ရှု ခေါင်းညိတ်ပြလိုက်သည်။

ယွမ်ချူးလင် ပြောလိုက်သည်။

“အဖေ… ကျွန်တော့်အစ်ကိုကြီးလောက် ကျွန်တော်လေးစားရတဲ့လူ ရှိတော့မှာမဟုတ်ဘူး။ ထန်ရှုက ပညာရေးမှာ အလွန်ကောင်းရုံတင်မကဘူး သိုင်းပညာမှာလည်း ကျွမ်းကျင်သူတစ်ယောက်ပဲ။ အာ ပြောရဦးမယ်။ အခုသူက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုတောင် စနေပြီ။  အစ်ကိုကြီးနဲ့ယှဉ်ရင် ကျွန်တော်က မသန်စွမ်းသေးဘူး။”

ယွမ်ကျန်းရွှမ်နှင့် ကျောင်ကျင်းတို့ အံ့အားသင့်စွာဖြင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြသည်။

“ထန်ရှု… မင်း ကောလိပ်ဝင်ခွင့်တောင် မပြီးသေးဘူးမဟုတ်လား။ ဘယ်လိုစီးပွားရေးကို စလုပ်ထားလဲ။ မင်း ကိုယ်ပိုင်စီးပွားရေး စလုပ်နေပြီလို့တောင် ငါ မထင်ထားမိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါ တတ်နိုင်တဲ့အရာရှိရင် ဦးလေးယွမ်ကို ပြောနိုင်တယ်။”  ယွမ်ကျန်းရွှမ် မေးလိုက်သည်။

“အခုလို ပြောတာ ကျေးဇူးတင်ပါတယ် ဦးလေးယွမ်။ လောလောဆယ်တော့ စီးပွားရေးအသေးစားလေးမို့ ဦးလေးရဲ့အချိန်တွေကို အနှောင့်အယှက်မပေးလိုပါဘူးဗျ။ တစ်နေ့ အနာဂတ်မှာ ဦးလေးရဲ့အကူအညီလိုလာရင်တော့ ကျွန်တော် မဆိုင်းမတွ ပြောပြပါမယ်။” ထန်ရှု ပြောလိုက်သည်။

ယွမ်ကျန်းရွှမ်သည် ပြုံးလျက်

“အဲ့လိုလုပ်လည်း ရပါတယ်။ ငါ မင်းကို ပြောထားတဲ့အတိုင်း အနာဂတ်မှာ အကူအညီလိုရင် ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောပါ။ ငါ လုပ်နိုင်တဲ့အတွင်းမှာရှိရင် ငါ အပြည့်အ၀ အကူအညီပေးပါမယ်။”

“ဗျို့ အဖေ… အစ်ကိုကြီးကို အထင်မသေးနဲ့ဗျ။ အဖေထင်တာထက် သူက ပိုအံ့သြဖို့ကောင်းတယ်။ နာမည်ကြီးတဲ့ ခန်းရှတောင်မှ…” ယွမ်ချူးလင် ဆက်ပြောလိုက်သည်။

“ဟေ့ ယွမ်ချူးလင်…”  ထန်ရှုသည် သူ၏လက်ဖြင့် လှမ်းထိလိုက်ပြီး လေသံနှိမ့်ဖြင့် တားလိုက်သည်။

ယွမ်ကျန်းရွှမ်သည် သူ၏သားနှင့် ထန်ရှုအား တလှည့်စီ ကြည့်လိုက်ရင်း အဖြေရှာဟန်ဖြင့်

“ခန်းရှလား။ ကြယ်တာရာမှာ ကြီးမြတ်သော ထန်လုပ်ငန်းစုကို ဒီတလောမှာ တည်ထောင်လိုက်တဲ့ စီးပွားရေးပါရမီရှင် ခန်းရှကို ပြောနေတာလား။”

ယွမ်ချူးလင်သည် ထန်ရှုအား တစ်ချက်ကြည့်လိုက်ပြီး ထန်ရှုမျက်နှာ မကြည်မလင်ဖြစ်နေသည်ကို ကြည့်ပြီး ညည်းညည်းညူညူ ပြောလိုက်သည်။

“အာ… အစ်ကိုကြီး၊ ကျွန်တော့်မိဘတွေကို ဖုံးကွယ်ထားဖို့ လို လို့လား။”

ထန်ရှုသည် စိတ်ထဲမှ သက်ပြင်းတစ်ချက် ကြိတ်ချလိုက်မိသည်။ သူသည် ယွမ်ကျန်းရွှမ်အား ကြည့်ကာ ပြောလိုက်သည်။

“အမှန်တကယ်တော့ ကျွန်တော်က ကြီးမြတ်သောထန် လုပ်ငန်းစုရဲ့ပိုင်ရှင်ပါ။ ဒါပေမယ့် ကျွန်တော် အဲ့ဒီမှာ ရှိတာ နည်းပါတယ်။ အရေးကြီးတဲ့တချို့တလေလောက်ကလွဲပြီး ကျန်တာအားလုံး ခန်းရှကိုပဲ စီမံခန့်ခွဲခိုင်းထားတယ်။”

“ဘာရီး.”

ယွမ်ကျန်းရွှမ်သည် အံ့သြလွန်းသဖြင့် ရုတ်တရက် မတ်တတ်ထရပ်လိုက်မိသည်။

စီးပွားရေးလောကတွင် ခန်းရှအား မသိတဲ့သူ မည်သူရှိပါမည်နည်း။ သူမသည် ကမ္ဘာကိုပင် တစ်ချိန်က ကိုင်လှုပ်ခဲ့ဖူးသော စီးပွားရေးပါရမီရှင် ဖြစ်သည်။ သူမသည် ဝေါစထရိ ကမ္ဘာ့ငွေကြေးဆိုင်ရာစင်တာမှ ထွက်ခွာပြီး တရုတ်ပြည် ပြန်လာစဉ်ကတည်းက သူမ၏ဂုဏ်သတင်းအား သက်သေပြခဲ့ပြီးဖြစ်သည်။ စီးပွားရေးလုပ်ငန်းစုကြီးများ၏ အမျိုးမျိုးသော ကမ်းလှမ်းချက်များနှင့် ဖိတ်ခေါ်ခြင်းတို့အား ငြင်းဆန်ခဲ့ခြင်းဖြင့် များစွာ ချမ်းသာလှသည့် စွမ်းအားကြီးသူများ၏အသည်းအား ခွဲလိုက်သည့်နှယ်ဖြစ်သည်။ သူမသည် ကြယ်တာရာကို လာခဲ့ပြီး လုပ်ငန်းစုတည်ထောင်ခြင်းသည် ထန်ရှုအတွက် အလုပ်လုပ်ပေးနေခြင်း ဖြစ်သည်လား။

ဒါ… ဘယ်လို ဖြစ်နိုင်မှာလဲ။

ကျောင်ကျင်း၏မျက်နှာပေါ်တွင်လည်း မယုံကြည်နိုင်ဟန်များ ဖြစ်ပေါ်နေပေသည်။ သူမတွင် ကြော်ငြာလုပ်ငန်းတစ်ခု ရှိပြီး ရုံးခန်းသည် ကြီးမြတ်သောထန် လုပ်ငန်းစုရုံးခန်းရှိရာ အဆောက်အဦးနှင့် အတူတူပင် ဖြစ်သည်။ ထိုလုပ်ငန်းစုအကြောင်း သတင်းအချို့ သိသော်လည်း ထန်ရှု ပိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့မိပေ။ ခန်းရှသည် ထန်ရှုအတွက် အလုပ်လုပ်ပေးနေသည် ဆိုသည့်အတွေးဆိုသည်မှာ ပိုတောင်မှ မစဉ်းစားမိသောအရာပင် ဖြစ်တော့သည်။

***

All Chapters