အကျိုးတူ ပူးပေါင်းခြင်း
Vol. 04 Ch. 164
နေ့လည်စာသည် ကောင်းမွန်ပြီး အရသာရှိလှသော ဟင်းပွဲများဖြင့် ပြီးဆုံးခဲ့ပြီး နှစ်၂၀အထက် ဝိုင်သည်လည်း သောက်ကုန်ခဲ့ပြီဖြစ်တော့သည်။ ထန်ရှုနှင့် ယွမ်ချူးလင်သည် သူတို့စိတ်ကြိုက် စားသောက်ခဲ့သည်ဖြစ်သော်လည်း ယွမ်ကျန်းရွှမ်နှင့် ကျောင်ကျင်းတို့ လင်မယားသည် နေ့လည်စာ စားပြီးသွားသည့်တိုင် အံ့သြမှု မပျောက်ဆဲဖြစ်သည်။
“ဦးလေးယွမ်… ကျွန်တော်တို့ သီးသန့်စကားပြောလို့ရမလား။”
ထန်ရှုသည် ယွမ်ချူးလင်ကို ကြည့်ကာ ပြောလိုက်သည်။
ယွမ်ကျန်းရွှမ် တစ်ခဏမျှ ဆိတ်ငြိမ်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။
“ငါ့ရဲ့စာဖတ်ခန်းကို သွားရအောင်။ ကျင်းဟန်နီ… ကျေးဇူးပြုပြီး ငါတို့အတွက် လက်ဖက်ရည်တစ်အိုးလောက် လုပ်ပြီး ပို့ပေးပါဦး။”
အံ့အားသင့်သော အမူအရာဖြင့် ယွမ်ချူးလင် မေးလိုက်သည်။
“အာ… အစ်ကိုကြီး အဖေနဲ့ ပြောစရာ တစ်ခုခု ရှိနေတာလား။ ကျွန်တော်တောင် နားထောင်လို့မရတဲ့ လျှို့ဝှက်ချက်တွေလား။”
ထန်ရှု အဖြေမပေးပါချေ။
ယွမ်ကျန်းရွှမ်သည် လေးနက်သော အသံဖြင့် ပြောလိုက်သည်။
“လင်လေး… ဧည့်ခန်းမှာ တီဗွီသွားကြည့်နော်။”
“ဟုတ်ကဲ့ပါ။ ဟုတ်ကဲ့ပါ။”
ကူကယ်ရာမဲ့ဟန်ဖြင့် ယွမ်ချူးလင်သည် ပခုံးတွန့်ပြလိုက်ပြီး ဧည့်ခန်းဆီသို့ စိတ်မပါလက်မပါ ထွက်သွားလိုက်သည်။
ယွမ်ကျန်းရွှမ်၏စာဖတ်ခန်းသည် ရှေးလက်ရာအပြင်အဆင်ဖြင့် စာပေရနံ့သင်းပျံ့နေပေသည်။ များပြားလှစွာသော လက်ရေးလှများနှင့် ပန်းချီကားများသည် နံရံထက်တွင် ချိတ်ဆွဲထားရှိသည်။ သူ၏စားပွဲပေါ်တွင် တင်ထားသော မှတ်စုစာအုပ်အပြင် စာပေလေ့လာခြင်း၏ရတနာ၄ပါးဖြစ်သော မင်တံ၊ မင်၊ စာရွက်နှင့် မင်တုံးတို့နှင့်အတူ စာအုပ်အမျိုးမျိုးပြည့်နေသော စာအုပ်စင်များလည်း ရှိသည်။
ယွမ်ကျန်းရွှမ်သည် ထန်ရှုအား ကော်ဖီဧည့်ခံစားပွဲတွင် ထိုင်ရန် အချက်ပြလိုက်သည်။ နှစ်ဦးသား ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီးနောက် ယွမ်ကျန်းရွှမ် မေးလိုက်သည်။
“ထန်ရှု… ငါနဲ့ ၂ယောက်တည်း ပြောချင်တာ ဘာမေးချင်တာရှိလို့လဲ။”
“ကျွန်တော် မေးချင်တာ ၂ခုရှိပါတယ်။ ဦးလေးယွမ်တို့လင်မယား ဘာကြောင့် ဟန်ဆောင်ကွာရှင်းတာလဲဆိုတာ ပွင့်ပွင့်လင်းလင်း မပြောနိုင်တဲ့အကြောင်း ရှိနေလား။”
ယွမ်ကျန်းရွှမ်၏မျက်နှာ အနည်းငယ် ပျက်သွားပြီး လေးနက်သောအသံဖြင့် မေးလိုက်သည်။
“လင်လေးက ဒီဟာကိုတောင် ပြောပြတာလား။”
ထန်ရှု ပြောလိုက်သည်။
“ဟုတ်ကဲ့။ အရင်တုန်းက ဦးလေးယွမ်တို့ ကွာရှင်းတာနဲ့ပတ်သက်ပြီး သူက နာကျင်နေရတာ။ သူ စိတ်ဓာတ်တွေကျ၊ အကျင့်တွေပျက်၊ ပြီးရင် ဦးလေးတို့ကို မုန်းနေတာ။ အဲ့ဒါကြောင့် ကျွန်တော် သူ့ကို မကြာခဏ ဖျောင်းဖျရတယ်။ နောက်တော့ ဦးလေးတို့၂ယောက်ကွာရှင်းတာ ဟန်ဆောင်ထားတာလို့ သူ ပြောပြတယ်။ ဒါပေမယ့် ဦးလေးတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကိုတော့ သူ့ကို မပြောပြဘူးတဲ့။ အဲ့ဒါက သူ့ကို အကူအညီမဲ့စေတယ်လို့ သူ ခံစားနေရတယ်။ ကျွန်တော့်ကို အကြောင်းရင်း မပြောပြနိုင်လည်း ရပါတယ်။ နောက်တစ်ခုကတော့ ဦးလေးယွမ်မှာ မဖြေရှင်းနိုင်တဲ့ပြသနာတစ်ခုခု ရှိခဲ့ရင် ကျွန်တော့်ကို ပြောနိုင်ပါတယ်။ တစ်ကြိမ်တော့ ကျွန်တော် ကူညီနိုင်ပါတယ်။”
ယွမ်ကျန်းရွှမ် တိတ်ဆိတ်သွားသည်။
ထန်ရှုသည် ချန်ကျီကျုံး၏ဆရာဖြစ်သည်ဆိုခြင်းနှင့် ကြီးမြတ်သောထန် စီးပွားရေးလုပ်ငန်းစု၏ သူဋ္ဌေးကြီးဖြစ်သည်ကို သူ မသိခဲ့ပါလျှင် ထန်ရှု၏သည်စကားအား သူ ဟားတိုက်ကာ ရယ်မောမိပေမည်။
သို့သော် ယခုတွင် ထိုကဲ့သို့ သူ မလုပ်နိုင်ပါချေ။ ယွမ်ကျန်းရွှမ်သည် တစ်ခဏ တိတ်ဆိတ်သွားချိန်တွင် ကျောင်ကျင်းသည် လက်ဖက်ရည်တစ်အိုး လာပို့ပေးပြီး ပြန်ထွက်သွားသည်။ ထို့နောက် သူသည် ထန်ရှုအား မော့ကာ စိုက်ကြည့်လိုက်ပြီး ဂရုတစိုက် မေးလိုက်သည်။
“ငါ မင်းကို ဘယ်လို ယုံကြည်ရမလဲ။”
“ဦးလေး ကျွန်တော့်ကို မယုံကြည်ဖို့လည်း ရွေးနိုင်တယ်။ ကိုယ့်ဘာသာ ဖြေရှင်းနိုင်မယ်လို့ ထင်ရင် ကျွန်တော့်ကို ရှာဖို့ မလိုတော့ဘူး။ အဲ့ဒါအပြင် ကျွန်တော်လည်း ပြသနာအများကြီးရှိနေတာကို မကြိုက်ပါဘူး။ ဦးလေးက ယွမ်ချူးလင်ရဲ့အဖေသာ မဟုတ်ခဲ့ရင် ဦးလေး သူဋ္ဌေးကြီးဖြစ်နေစေဦးတော့ ကျွန်တော် လှည့်ကြည့်မှာ မဟုတ်ဘူး။”
ထန်ရှုသည် အမူအရာကင်းမဲ့စွာ ပြောလိုက်သည်။
ယွမ်ချူးလင်၏နဖူး အနည်းငယ် မြင့်တက်သွားကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ငါ့မှာ အခုလောလောဆယ် ပြသနာအချို့တော့ ရှိတယ်။ ဒါပေမယ့် အဲ့ဒါကို ငါ ဖြေရှင်းနိုင်မယ်လို့ ထင်ပါတယ်။ ငါ လုပ်တဲ့အရာ ဆိုလိုတာက စီးပွားရေးက လျှို့ဝှက်ချက် ဖြစ်နေတယ်။ ငါရဲ့ပုဂ္ဂိုလ်ရေးရာတင် မဟုတ်ဘူး တိုင်းပြည်တစ်ခုလုံးနဲ့ သက်ဆိုင်နေတယ်။ အဲ့ဒါကြောင့် ငါ မင်းကို မပြောနိုင်တာပါ။”
ထန်ရှုသည် အပြုံးဖြင့် ပြောလိုက်သည်။ “ကျွန်တော် နားလည်ပါတယ်။”
ယွမ်ကျန်းရွှမ်၏မျက်နှာသည် အနည်းငယ် ပြောင်းသွားပြီး မေးလိုက်သည်။
“ဒါနဲ့ မင်းရဲ့သိုင်းပညာ အတော်ကောင်းတယ်လို့ ငါ ကြားတယ် အဲ့ဒါ ဟုတ်လား။”
“နည်းနည်းပါးပါး သိတာပါ။” ထန်ရှု ပြောလိုက်သည်။
ယွမ်ကျန်းရွှမ်သည် မချိပြုံး ပြုံးလိုက်ပြီး
“နှိမ့်ချပြီး နေတဲ့ မင်းလိုလူငယ်တွေကတော့ အတော်နည်းသွားပြီ။ အခု ငါတို့စကားပြောနေတဲ့အချိန်မှာ မင်းကို ငယ်ရွယ်သူတစ်ယောက်လို့ ငါ မခံစားရဘူး။ အသက်အရွယ်တူ အဆင့်တူတဲ့ လူတစ်ယောက်နဲ့ စကားပြောနေရသလိုပဲ။”
ထန်ရှု ပြောလိုက်သည်။
“ဦးလေး ယွမ်ချူးလင်ရဲ့အဖေဖြစ်ရတာ ဝမ်းသာသင့်တယ်။ ဒီနေ့သာ ကျွန်တော်တို့ မတွေ့ဖြစ်ကြရင် နောင် ၈နှစ် ၁၀နှစ်လောက်ဆို ဦးလေး ကျွန်တော့်ကို မော့ကြည့်ရလိမ့်မယ်။”
ယွမ်ကျန်းရွှမ် အားရပါးရ ရယ်မောလိုက်ရင်း
“ကောင်လေး… မင်းက စကားကို ကြီးကြီးကျယ်ကျယ် ပြောတာပဲ။”
ထန်ရှုသည် ယုံကြည်ချက်ရှိစွာဖြင့် ပြန်ပြောလိုက်သည်။
“သန်မာမှုနဲ့စွမ်းအားက မြှင့်တင်ဖို့ မလိုဘဲ အနာဂတ်ခရီးလမ်းက အလွန်ရှည်လျားနေတောင်မှ ကျွန်တော်တို့ ရှေ့ကို သွားဖို့ ကိုယ်တိုင်ကြိုးစားနေရမှာပဲ။”
ရှေ့ကို သွားဖို့ ကိုယ်တိုင်ကြိုးစားနေရမှာတဲ့လား။
ယွမ်ကျန်းရွှမ် မျက်လုံးများ မှေးစင်းသွားပြီး အတွေးတစ်ချက်အား ရုတ်တရက် တွေးမိသွားသည်။ ထို့နောက် သူသည်
“ထန်ရှု… မင်းက အေအဆင့် ရာဇဝတ်သားတွေကို သတ်နိုင်တယ်ဆိုကတည်းက မင်းအရမ်းသန်မာတယ်လို့ သက်သေပြနေတာပဲ။ ငါ အခု မင်းကို အကူအညီတစ်ခုလောက် တောင်းချင်တယ်။ မင်း လုပ်နိုင်မလား။”
“ဘယ်လိုအကူအညီမျိုးလဲ။” ထန်ရှုသည် အေးဆေးစွာ မေးလိုက်သည်။
“ငါ့လုပ်ငန်းမှာ ဓာတ်ခွဲခန်းတစ်ခု ရှိပြီးတော့ ငါတို့ အရေးကြီးတဲ့ အချက်အလက်နဲ့ သတင်းဆိုပြီး ခွဲခြားထားဖို့ရယ်၊ အဲ့ဒါတွေကို အသစ်တည်ဆောက်ထားတဲ့ လျှို့ဝှက်ဓာတ်ခွဲခန်းဆီကို ပို့ပေးဖို့ရယ် လိုတယ်။ င်္ဒီသတင်းက အရမ်းအရေးကြီးတယ်။ မဟုတ်ဘူး အရေးအကြီးဆုံးဖြစ်တယ်။ ဒီဟာက ငါ့စီးပွားရေး အောင်မြင်မှု ဆုံးရှုံးမှုနဲ့ သက်ဆိုင်နေသလို နိုင်ငံလျှို့ဝှက်ချက်လည်း ဆက်နွယ်နေတယ်။ ငါ မင်းကို အဲ့ဒါကို ပို့ဖို့လွှတ်လိုက်ရင် မင်း ဘာမှမဖြစ်စေရဘူးလို့ အာမခံနိုင်သလား။”
တစ်ခဏမျှ ထန်ရှု တိတ်ဆိတ်သွားပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ဒီဟာက နိုင်ငံလျှို့ဝှက်ချက်လည်း ဆက်နွယ်နေတယ်ဆိုရင် ဦးလေး ဘာလို့ ရဲအဖွဲ့ဖြစ်ဖြစ် စစ်တပ်ဘက်ဖြစ်ဖြစ် အကူအညီမတောင်းတာလဲ။”
ယွမ်ကျန်းရွှမ် ပြောလိုက်သည်။
“ငါ ပြောပြတဲ့အတိုင်း ဒီဟာက ထိပ်သီးလျှို့ဝှက်သတင်းတစ်ခု ဖြစ်လို့ အခြားလူတွေ အခြားအင်အားစုတွေ မသိသွားစေချင်ဘူး။ အဲ့လိုမှ မဟုတ်ရင် ငါ့စီးပွားရေးလည်း ဆက်လုပ်လို့ရမှာမဟုတ်တော့ဘူး။”
ထန်ရှုသည် ခေါင်းညိတ်လိုက်ရင်း
“ဟုတ်ပြီလေ။ အဲ့ဒါဆို ပထမတစ်ခေါက်ကို အခကြေးငွေ မယူဘူး။ ဒုတိယတစ်ခေါက်ကျရင် ၁၀မီလီယံကျသင့်မယ်။ ဦးလေး သဘောတူရင် အဲ့ဒါကို စောင့်ကြပ်လိုက်ပို့ဖို့ လာကူညီမယ်။ ဒါပေမယ့် လမ်းခရီးမှာ ပြသနာတစ်ခုခု ရှိခဲ့ရင် ကျွန်တော် အခြေခံပေးချေငွေရဲ့၁၀၀ဆ ကောက်ခံမယ်။”
၁၀၀ဆလား။ တစ်ဘီလီယံ ဖြစ်မှာပေ့ါဟုတ်လား။
ယွမ်ကျန်းရွှမ် တွေတွေကြီး စိုက်ကြည့်နေရင်းမှ သူ၏ပေါင်အား ပုတ်လိုက်ကာ ပြောလိုက်သည်။
“ပြသနာ မရှိဘူး။ သဘောတူတယ်။ ငါ့ကို ၃ရက် အချိန်ပေးပါ။ ၃ရက်ပြီးရင် ပထမအသုတ်ရဲ့သတင်းကို ပို့ဆောင်မယ်။ ကြိုပြီး ရှင်းပြထားမှာက ငါ့လူတွေက သယ်ယူပို့ဆောင်ရေးအတွက် တာဝန်ယူပြီးတော့ မင်းက စောင့်ရှောက်ပေးဖို့ တာဝန်ယူပါ။”
ထန်ရှု မေးလိုက်သည်။
“ဘယ်သူ သို့မဟုတ် ဘယ်အင်အားစုက ဒီသတင်းကို ယူချင်နေတာလဲဆိုတာ သိလို့ရမလား။”
“ငါ ပြောနိုင်တာတစ်ခုက တစ်ဦးတစ်ယောက်တည်း မဟုတ်ဘူး။ တစ်ဦးတစ်ယောက်မက ဒီဟာကို လိုချင်နေကြတာ။” ယွမ်ကျန်းရွှမ် အလေးအနက် ပြောလိုက်သည်။
ထန်ရှုသည် ခေါင်းကို ညိတ်လျက်
“အဲ့ဒါဆိုလည်း နောက်၃ရက်ကြာပြီးရင် ကျွန်တော့်လူတွေနဲ့ လာခဲ့မယ်။ ဒီလူတွေ အကုန်လုံး အပြည့်အ၀ ယုံကြည်စိတ်ချလို့ရပါတယ်။”
“ဘယ်သူတွေလဲ။”
“သူတို့ ဘယ်သူတွေလဲဆိုတာ ဦးလေး ဂရုမစိုက်ပါနဲ့။ ဦးလေး မှတ်ထားရမှာက ကျွန်တော်တို့က ဒီသတင်းကို ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ပေးဖို့ တာဝန်ရှိတယ်ဆိုတာပါပဲ။”
ရုတ်တရက် သူသည် တစ်စုံတစ်ခုအား သတိရသွားဟန်ဖြင့်
“ဦးလေးယွမ်… ဦးလေးစီးပွားရေးက စစ်တပ်နဲ့ ဆက်နွယ်နေ ပါဝင်ပတ်သက်နေတယ်မဟုတ်လား။ ဦးလေးဆီမှာ စစ်တပ်နဲ့ လူမှုအဆက်အသွယ်အချို့ရှိမယ်လို့ ယူဆမိလို့ပါ။ အဲ့လိုသာဖြစ်မယ်ဆိုရင် ဦးလေးဆီက အကူအညီတစ်ချို့ တောင်းချင်လို့ပါ။”
“ပြောမှသာ ပြောပါ။” ယွမ်ကျန်းရွှမ် ခေါင်းညိတ်လိုက်သည်။
ထန်ရှု ပြောလိုက်သည်။
“ကျွန်တော် နိုင်ငံခြားပင်လယ်မှာ သီးခြားကျွန်းတစ်ခု ဝယ်ထားပြီးတော့ အဲ့ဒီမှာ လုံခြုံရေးအင်အားစုတစ်ခု တည်ထောင်ဖို့ ပြင်ဆင်နေတယ်။ စစ်တပ်မှာ စွမ်းဆောင်ရည် ရှိတဲ့သူတွေများတယ်လို့ ကျွန်တော်ထင်တယ်။ အဲ့ဒါကြောင့် အငြိမ်းစားယူတော့မယ့် ကျွမ်းကျင်သူစစ်သားစာရင်းကို ကျွန်တော့်ကို တောင်းပေးလို့ရနိုင်မလား။ သာမန်အငြိမ်းစားစစ်သားတွေကိုတော့ ကျွန်တော် အများကြီး မမျှော်လင့်ထားတာမို့ အငြိမ်းစားယူတော့မယ့် ကျွမ်းကျင်သူစစ်သားတွေပဲ ကျွန်တော် လိုနေတာ။ လူအများကြီးလည်း ကျွန်တော် မလိုပါဘူး။ အယောက်၃၀ဆို လုံလောက်ပါတယ်။”
“မင်း…”
ထန်ရှု ထိုကဲ့သို့ အကြောင်းအရာအား ရှာဖွေနေမည်ဟု ယွမ်ကျန်းရွှမ် မမျှော်လင့်ထားပေ။ အမှတ်တမဲ့ သူ၏စားပွဲအား လှည့်ကြည့်မိလိုက်ပြီး စိတ်ထဲတွင် အောင့်သက်သက် ပြုံးလိုက်မိသည်။
လူနှစ်ယောက်အတွက် ကိတ်မုန့်တစ်စိတ်သည် သေချာပေါက် မလောက်ငှပါချေ။ သာမန်အငြိမ်းစားစစ်သားများ လိုချင်သည်ဆိုပါက ထိုသို့မလောက်ငသည့် ပြသနာအများကြီး ဖြစ်လိမ့်မည်မဟုတ်ပေ။ သို့သော် ထန်ရှုသည် သူ၏ဇနီးအား ကယ်တင်ခဲ့သည့် ကျေးဇူးရှင်ဖြစ်နေသည်။ ထိုအရာကို သူ့အား ဖုံးကွယ်ထားမည်ဆိုပါက တရားမျှတမည်မဟုတ်ပါချေ။
ဒါဆို သူ့ကို စာရင်းအကြောင်း ပြောပြရမည်လား သို့မဟုတ်...။
သူ၏မြှုပ်နှံမှုအား စဉ်းစားရင်း သူ မလုပ်နိုင်ရင်တောင်မှ ထိုမနာခံသော အငြိမ်းစား ကျွမ်းကျင်သူ စစ်သားများအား သူ့လက်အောက်တွင် တာဝန်ထမ်းဆောင်စေရန် အလွန်ခက်ခဲလိမ့်မည်ဖြစ်သည်။ ထိုအချိန်မှာပင် သူသည်လည်း ၎င်းစစ်သားများအား ခန့်အပ်ရန် ရှိနေသည်။ သူ၏ကိုယ်ကျင့်တရားအား လိုက်နာရုံသာမက မှန်ကန်သော အရာကိုလည်း လုပ်ရပေလိမ့်မည်။
ယွမ်ကျန်းရွှမ် ထိုသို့ တွေးမိသည်နှင့် ချက်ချင်းရပ်လိုက်ကာ သူ၏စားပွဲဆီသို့ လျှောက်သွားလိုက်သည်။ သူသည် နာမည်စာရင်းအား ယူကာ ထန်ရှုအား ပေးလိုက်ပြီးနောက် စကားဆိုလိုက်သည်။
“ငါ့ရဲ့ဝန်ထမ်းက ဒီစာရင်းရဖို့ အများကြီး ကြိုးစားအားထုတ်ခဲ့ရတယ်။ ဒါတောင်မှ အမှတ်စဉ်တစ်ခုရဲ့နာမည်စာရင်းပဲ ရနိုင်ခဲ့တယ်။ ဒီစာရင်းမှာ ပါတဲ့ ကျွမ်းကျင်သူစစ်သားတွေက ဒီနှစ်ထဲမှာပဲ အငြိမ်းစားယူခဲ့ကြတာ။ ငါလည်း သူတို့ကို အလုပ်ခန့်ဖို့ အစီအစဉ်ရှိတယ်။ မင်း သူတို့ကို အလုပ်ခန့်နိုင်တယ်ဆိုရင် မင်း ယူပါ။ မင်း မလုပ်နိုင်ရင် ငါ သူတို့ကို အလုပ်ခန့်မယ်။ အဲ့ဒါဆို မင်းလည်း ငါ့ကို အပြစ်မတင်နိုင်တော့ဘူး။”
ထန်ရှုသည် ထိုအမည်စာရင်းအား အကြိမ်အနည်းငယ်မျှ ကြည့်လိုက်ပြီး သူ၏ဦးနှောက်ထဲတွင် စွဲနေအောင် မှတ်သားထားလိုက်ကာ စာရင်းအား ယွမ်ကျန်းရွှမ်သို့ ပြန်ပေးလိုက်ရင်း ခေါင်းညိတ်လျက် ပြောလိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ် ဦးလေးယွမ်။ ကျွန်တော်ဖိတ်ခေါ်ပေမယ့် သူတို့ ကျွန်တော့်အတွက် အလုပ်လုပ်ဖို့ စိတ်မဝင်စားရင်၊ ဦးလေးက သူတို့ကို အလုပ်လုပ်နိုင်စေခဲ့ရင် ကျွန်တော် ဦးလေးအပေါ်မှာ မကောင်းတဲ့အတွေး မရှိပါဘူး။”
ယွမ်ကျန်းရွှမ်သည် ကြည်လင်သောအသံဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်ရင်း
“ထန်ရှု.. မင်းက ငါ့ကို ယန်ဇီမြစ်က လှိုင်းလေးတွေလိုပဲ ငါ့ကို သဲသောင်ကို ပထမဆုံးရိုက်ခတ်နိုင်တဲ့ လှိုင်းလုံးလို ခံစားရစေတယ်။ တိမ်တွေနဲ့လေတွေက နဂါးတစ်ကောင်နဲ့တွေ့ရင် သူတို့က ပြောင်းကို ပြောင်းလဲရတယ်။ မင်း သိလား… မင်းက လက်ရှိအချိန်မှာ ဒီလောက်စွမ်းဆောင်နိုင်နေခဲ့ပြီ။ အနာဂတ်မှာ မင်းရဲ့အောင်မြင်မှုတွေက အတိုင်းအဆမရှိလောက်အောင်ပဲ။ မင်း ငါ့ကို ပြောခဲ့တဲ့အတိုင်းပဲ နောက်၁၀နှစ်ဆိုရင် ငါက မင်းကို မော့ကြည့်ရလိမ့်မယ်ထင်တယ်။”
ထန်ရှုသည် ခပ်ဖျော့ဖျော့ ပြုံးလျက် ယွမ်ကျန်းရွှမ်၏ချီးကျူးစကားအား ပုံမှန်အတိုင်း ခံယူလိုက်သည်။
များမကြာမီ…
သူတို့သည် တစ်ခဏမျှ ထပ်စကားပြောပြီးလျှင် ထန်ရှုသည် ထရပ်ကာ ပြန်လာခဲ့သည်။
တောင်တံခါးအိမ်ရာတွင်…
ထန်ရှု အိမ်ကို ရောက်လာသောအခါ ဂူရင်သည် ဆိုဖာပေါ်တွင် လဲလျောင်းကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ကို တွေ့ရသည်။ အိမ်သည် အလွန်တိတ်ဆိတ်လျက်ရှိပြီး မုချင်းဖျင်၏အရိပ်အယောင်အား ထန်ရှု မမြင်ရပေ။
ထန်ရှုသည် အိမ်ပေါ်ထပ် တက်သွားပြီး ခြုံစောင်တစ်ထည်ယူကာ ဂူရင်အား အသာလွှမ်းခြုံပေးလိုက်သည်။ ထို့နောက် သူသည် ရေနွေးတစ်အိုးတည်လိုက်ပြီး ဧည့်ခန်းထဲတွင် လက်ဖက်ရည်သောက်ကာ ဂူရင် နိုးလာသည်အထိ စောင့်ပေးနေသည်။ အကြောင်းအရာအများကြီး တွေးတောနေရင်း ကောလိပ်ဝင်ခွင့်ပြီးပါက ဂူရင်နှင့် အပြင်သို့ လျှောက်လည်မည်ဟု ကတိပေးထားသည်ကို သတိရသွားသည်။ ထို့ကြောင့် သူသည် စိတ်ကူးသစ်ကျောင်း၏ဆရာဆီ ဖုန်းဆက်ကာ နေ့လည်ခင်းအတွက် ခွင့်တိုင်ကြားလိုက်သည်။
သူသည် ထိုတပည့်လေးအား နှစ်သက်ပေသည်။ ထို့ထက်ဆိုရလျှင်မူ သူမအား တကယ် သဘောကျသည်ဟု ဆိုနိုင်သည်။ ၂နှစ်နီးပါး မသေရုံတမည် ခံစားရသော သူမ၏နာကျင်မှုသည် ကြမ်းတမ်းလှပေသည်။ သူသည်သာ သူမ၏အသက်အရွယ်တွင် ထိုကဲ့သို့သာ နာကျင်ခံစားရပါက သူမလောက်ပင် ခံနိုင်ရည်ရှိမည်မဟုတ်ဘဲ သေသွားလိမ့်မည်ဖြစ်ပေသည်။ ထို့ပြင် သူမသည် အလွန် စဉ်းစားတတ်လှကာ သားသမီးဝတ်ကျေချင်သူဖြစ်သည်။
ထန်ရှုသည် တစ်ချိန်တုန်းက ဂူယန်အာအား ချစ်ခဲ့ဖူးသည်။ သူမသည်လည်း နာကျင်စရာ သနားဖွယ်ရာ ဘဝကို ဖြတ်သန်းခဲ့ရသူဖြစ်သည်။ သူမသည် တစ်ယောက်တည်း အထီးကျန်လျက် ပြင်းထန်လှသော လေပြင်း မုန်တိုင်းရိုက်ခတ်မှုဒဏ်အား ကြံံ့ကြံ့ခံ့ခဲ့သော တောရိုင်းထဲမှ မြက်ရိုင်းကလေးသဖွယ် ဖြစ်ခဲ့ရပြီး အဆုံးတွင် သူမသည် သန်မာဆဲ ရှင်သန်မြဲပင် ဖြစ်တော့သည်။
ဂူရင်နှင့် ဂူယန်အာသည် အတော်ပင် ဆင်တူသည်ဟု ဆိုရပေမည်။
ယခုအချိန်တွင် ဂူယန်အာသည် အတိဒုက္ခရင်ဆိုင်နေရသည်။ သူမ၏အသက်အား လောင်းကြေးထပ်ကာ အန္တရာယ်ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပြီး အချိန်နှင့် နေရာကို ဖြတ်ကျော်ကာ သူ့အတွက်နှင့် ကမ္ဘာမြေသို့ လာခဲ့သည်။ ထိုအဖြစ်အပျက်သည် သူ၏စိတ်နှလုံးအား အလွန်ထိခိုက်စေခဲ့သည်။
ထို့ကြောင့် သူသည် ဂူရင်အားလည်း ကြင်နာမှုပေးပါက သူမသည် အနာဂတ်တွင် သူ့အား စိတ်ပျက်စေလိမ့်မည်မဟုတ်ဟု ထန်ရှု ယုံကြည်သည်။
မုချင်းဖျင်သည် အပြင်မှ ပြန်ရောက်လာခဲ့သည်။ ထန်ရှုအား ဧည့်ခန်းထဲတွင် မြင်လိုက်ရသဖြင့် သူမ တဒင်္ဂမျှ အနည်းငယ် အံ့သြသွားခဲ့သော်လည်း သမီးဖြစ်သူထံ အကြည့်ရောက်သွားသောအခါ နွေးထွေးမှုသည် သူမ၏နှလုံးအိမ်တွင် ပြည့်လျှံလာခဲ့သည်။
“ထန်…”
ထန်ရှုသည် လက်ကို ဝှေ့ယမ်းကာ သူမအား ဟန့်တားလိုက်ပြီး မတ်တတ်ရပ်လိုက်ကာ ပြောလိုက်သည်။
“ရင်ရင်က အိပ်နေတုန်းပဲ။ ကြည့်ရတာ တအား ပင်ပန်းနေပုံပေါ်တယ်။ သူ့ကို ခဏလောက် အိပ်ပါစေဦး။ ကျွန်တော် သူ့ဆရာဆီ ဖုန်းဆက်ပြီး နေ့လည်အတန်းချိန်ကို ဖျက်ထားတယ်။ ကျွန်တော် သူ့ကို အပြင်လျှောက်လည်ဖို့ ခေါ်သွားမယ်လို့ ကတိပေးထားတယ်။”
မုချင်းဖျင်သည် သူမ၏သမီးအပေါ်တွင် ထားရှိသော ထန်ရှု၏ဂရုစိုက်မှုနှင့် သံယောဇဉ်အား ခံစားမိသည်။ သူမသည် နှောင့်နှေးခြင်းမရှိဘဲ ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
“အဲ့ဒါဆို နင်တို့၂ယောက် သွားလိုက်ပါ။ ငါ အိမ်အလုပ်တွေလုပ်ရင်း အိမ်မှာပဲ ရှိနေမယ်။”
***