မင်းအတွက်ပါ အသည်းလေး
Vol. 04 Ch. 165
ကြယ်တာရာ တိရစ္ဆာန်ရုံတွင်…
ထန်ရှုသည် ဂူရင်၏လက်ကလေးအား ကိုင်ကာ တိရစ္ဆာန်ရုံ၏ဝါးလမ်းလေးအတိုင်း လျှောက်လာခဲ့သည်။ နေ့လည်ခင်းတွင် ထန်ရှုသည် သူမအား အပြင်လျှောက်လည်ရန် ခေါ်သွားမည်ဟု ပြောသောအခါ ဂူရင်သည် ဝမ်းသာအားရ သဘောတူခဲ့သည်။ သို့သော် သူမသည် ကစားကွင်းများကို သဘောမကျဘဲ တိရစ္ဆာန်ရုံသို့ သွားရန် ပိုနှစ်သက်လေသည်။ ပုံမှန်အားဖြင့် ထန်ရှုသည် သူမအား ပျော်ရွှင်အောင် ဖြည့်ဆည်းပေးချင်သောကြောင့် သူမနှင့်အတူ လျှောက်သွားနေခဲ့သည်။
“ငါ တစ်ခုလောက် မေးလို့ရမလား။”
နူးညံ့သော မျက်နှာလေးထက်တွင် အပြုံးတစ်ခု ဆင်မြန်းလျက် ဂူရင်သည် ပြောလိုက်သည်။
“ဆရာ… ကျေးဇူးပြုပြီး ပြောပါ။”
“အခြားကလေးတွေက ကစားကွင်းသွားရတာကို ကြိုက်ကြပေမယ့် ရင်ရင်က ဘာကြောင့် တိရစ္ဆာန်ရုံကို သဘောကျတာလဲ။ ဒီ တိရစ္ဆာန်လေးတွေက ချစ်စရာကောင်းတယ်ဆိုပေမယ့် တီဗွီမှာလာနေတာနဲ့ အများကြီး ခြားနားချက် ရှိတယ်လို့ ငါ မမြင်ဘူးလေ။”
ဂူရင်၏မျက်နှာလေးထက်မှာ အပြုံးသည် လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ဝမ်းနည်းပူဆွေးသော အရိပ်အယောင်သည် သူမ၏မျက်ဝန်းများတွင် ဖွဲ့တည်လာခဲ့သည်။ သို့သော်လည်း သူမသည် ခိုင်မာသောလေသံဖြင့် ပြန်ဖြေလိုက်သည်။
“အဖေက တစ်နေ့ကျရင် ရင်ရင့်ကို တိရစ္ဆာန်ရုံ ခေါ်သွားပေးမယ်လို့ တစ်ချိန်တုန်းက ကတိပေးထားဖူးတယ်။ ဒါပေမယ့်လည်း အဖေ အရင်သေသွားတော့ ရင်ရင့်ကို ခေါ်မသွားနိုင်တော့ဘူး။”
ထန်ရှုသည် သူမ၏လက်ကလေးအား ဆုပ်ညှစ်လိုက်ပြီး နှစ်သိမ့်အားပေးလိုက်သည်။
ဂူရင်သည် ထန်ရှုအား အပြုံးဖြင့် မော့ကြည့်ကာ ပြောလိုက်သည်။
“ဆရာ… ရှေးစကားပုံတစ်ခု ရှိတယ်။ တစ်ရက်ဆရာ ဖြစ်ခဲ့ရင် တစ်သက်တာအတွက် ဖခင်ပဲတဲ့။ ဆရာက ရင်ရင့်အတွက် ဆရာသခင်ဖြစ်ပြီး ရင်ရင့်စိတ်နှလုံးထဲမှာတော့ အဖေတစ်ယောက်ပါပဲ။ နောက်ပြီး ဆရာက ရင်ရင့်ကို တိရစ္ဆာန်ရုံ အခု ခေါ်လာပေးတော့ ရင်ရင့်စိတ်ထဲက ဝမ်းနည်းမှုတွေလည်း လွင့်ပျောက်သွားပါပြီ။”
နွေးထွေးမှုသည် ထန်ရှု၏စိတ်နှလုံးအား ထိခတ်သွားခဲ့လေသောကြောင့် သူသည် ရင်ရင့်အား ချီမြှောက်ကာ အပြုံးဖြင့် ပြောလိုက်သည်။
“ငါတို့မိသားစုက ရင်ရင်လေးက တကယ်ကို စဉ်းစားတွေးခေါ်တတ်တာပဲ။ ဒီကို လာပါဦး.. ဒီဆရာ အဖေက ဖက်ထားရအောင်လို့။”
“ဟီး.ဟီး… ယားတယ်။”
ဂူရင်၏ရယ်သံလေးသည် အလွန်သာယာလှပြီး ဝါးတောတွင် ငွေခေါင်းလောင်းလေး တီးလိုက်သည့်နှယ်ဖြစ်တော့သည်။
“ဖုန်းမြည်သံ…”
ထန်ရှု၏အိတ်ကပ်အတွင်းမှ ဖုန်းသည် ရုတ်တရက် ထမြည်လာသည်။
ထန်ရှုသည် လက်တစ်ဖက်မှ ဂူရင်အား ချီလျက် အခြားလက်တစ်ဖက်ဖြင့် အိတ်ကပ်ထဲမှ ဖုန်းကို ဆွဲထုတ်ကာ ကြည့်လိုက်ရာ အံ့သြသည့်အမူအရာသည် သူ၏မျက်နှာထက်တွင် ပေါ်ပေါက်လာတော့သည်။
“ဟယ်လို… ထန်ရှု ပြောနေပါတယ်။”
မြောင်ဝမ်တန်၏အသံသည် ဖုန်းထဲမှ ထွက်ပေါ်လာခဲ့သည်။
“ထန်ရှု… မင်း ငါ့ကို အကူအညီတောင်းထားခဲ့တာ မှတ်မိသေးလား။ ငါ အဲ့ဒါကို စီစဉ်ပြီးသွားပြီ။ မနက်ဖြန်နေ့လည်လောက် ကြယ်တာရာကို သူတို့ ရောက်လိမ့်မယ်။”
“ခင်ဗျား ပြောတာ အိမ်တော်ထိန်းနည်းပြတွေ ရှာခိုင်းတဲ့တာဟာအတွက်လား။” ထန်ရှု မေးလိုက်သည်။
“ဟုတ်တယ်။ သူတို့ပဲ။”
“ကျေးဇူးတင်တယ်ဗျာ။”
ကျေးဇူးတင်စကား ဆိုပြီးသည့်နှင့် ထန်ရှုသည် ဖုန်းချမည့်ဟန်ပြင်လိုက်သော်လည်း မြောင်ဝမ်တန်၏အသံသည် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ဆက်လက်ထွက်ပေါ်လာသည်။
“ဒါနဲ့.. ထန်ရှု.. ငါ မင်းကို အကူအညီတစ်ခုလောက် တောင်းလို့ရမလား။ ငါ လတ်တလော ပြသနာအချို့ ကြုံနေရလို့။ နို့မို့ဆိုရင် မင်းအကူအညီတောင်းတဲ့ဟာ အစောကြီး ပြီးနိုင်တယ်။”
“ဘာဖြစ်လို့လဲ။” ထန်ရှု မေးလိုက်သည်။
မြောင်ဝမ်တန်မှ ပြောပြသည်။
“ငါနဲ့ ရှောင်မင်ကျန် မိုးထိလိုဏ်ဂူတစ်ခု ရှာတွေ့ခဲ့တယ်။ အဲ့ဒီမှာ အထူးသတ္တုရိုင်းတွေ ရှိမယ်လို့ ငါတို့ သံသယရှိနေတာ။ ငါတို့ လိုဏ်ဂူရဲ့အလွှာတစ်လွှာကို အကြိမ်များစွာ ဖောက်ခွဲခဲ့ပေမယ့် အချိန်တိုင်း စိတ်ပျက်လက်ပျက်နဲ့ ပြန်ခဲ့ရတာချည်းပဲ။ ဒဏ်ရာတွေတောင် ရလာခဲ့တယ်။ လူအချို့ခေါ်ပြီး ကြိုးစားကြည့်ပေမယ့် ဆုံးရှုံးမှုက အတော်ကြီးတယ်ကွာ။”
“မိုးထိလိုဏ်ဂူ ဟုတ်လား။ အဲ့ဒါက ဘာလဲ။” ထန်ရှု ဇဝေဇဝါ ဖြစ်သွားသည်။
မြောင်ဝမ်တန်မှ ရှင်းပြလိုက်သည်။
“အမှန်တော့ အဲ့ဒီလိုဏ်ဂူက အာကာသကနေ ကျလာတဲ့ ဥက္ကာခဲက ကမ္ဘာမြေပေါ် အရှိန်ပြင်းစွာ ပြုတ်ကျပြီး ဖြစ်လာတဲ့ တွင်းနက်ကြီးကို ခေါ်တာကွ။ အဲ့ဒီနေရာကို ရှာရတာလည်း အတော် ဒုက္ခရောက်ပါတယ်ကွာ။ အဲ့ဒါကြီးက ဒေါင်ယွမ်ပြည်နယ်ထဲက နွေဦးသစ်တောတောင်တန်းမှာ ရှိနေတာ။ မြေပြင်အနေအထား အတော်ကြမ်းပြီးတော့ မြွေပွေးတွေ၊ သားရဲရိုင်းတွေက ပတ်ပတ်လည်မှာ ရှိနေတဲ့အပြင် ငါတို့သာ သတိမထားရင် နွံထဲကျနိုင်တယ်။ အရေးကြီးဆုံးအချက်က အဲ့ဒီနေရာမှာ အစီအရင်တစ်ခု ရှိနေတာပဲ။ ငါတို့ အဲ့ဒီနေရာကို အကြိမ်အနည်းငယ်သွားပြီး သူ့ရဲ့အစွန်းတစ်ဖက်ကိုတောင် အောင်အောင်မြင်မြင် ရောက်ခဲ့သေးတယ်။ နောက်ပြီး အဲ့ဒီနေရာက မတ်စောက်တဲ့တောင်ထုမှာ ရှိနေတဲ့အပြင် ဥမင်လိုဏ်ခေါင်းတွေကလည်း အဲ့ဒီနေရာမှာ အများကြီးကွ။ အတိုချုပ်ပြောရမယ်ဆိုရင်တော့ အဲ့ဒီနေရာအခြေအနေက မရိုးရှင်းဘဲ အလွန်ရှုပ်ထွေးတယ်လို့ ပြောရတော့မှာပဲ။”
ထန်ရှု မျက်လုံး ကျဉ်းမြောင်းသွားသည်။ လက်ရှိတွင် သူသည် သိုလှောင်လက်စွပ် ပြုလုပ်ရန်အတွက် သတ္တုရိုင်းများ အပူတပြင်း လိုအပ်နေသည့်အချိန်တွင် ထိုသတ္တုရိုင်းများနှင့် ပတ်သက်သည့်သတင်းက သူ့ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာလေပြီ။ သူသည် တုံ့ဆိုင်းမနေဘဲ ချက်ချင်းမေးလိုက်သည်။
“အခု ခင်ဗျား ဘယ်မှာလဲ။”
“ငါတို့ အခု ဒေါင်ယွမ်ပြည်နယ်ထဲက စန်းပေစီရင်စုမှာ ရှိတဲ့ ချင်ရှန်မြို့လေးမှာ။ အဲ့ဒီမြို့လေးက နွေဦးသစ်တောတောင်တန်းနဲ့ နီးတယ်။” မြောင်ဝမ်တန် ပြန်ဖြေလိုက်သည်။
“ဟုတ်ပြီ။ ကျွန်တော် နိုင်ငံခြားသား အိမ်တော်ထိန်းနည်းပြတွေကိ အရင် နေရာချပေးလိုက်ဦးမယ်။ ပြီးတာနဲ့ ခင်ဗျားတို့ဆီ ချက်ချင်း လိုက်လာခဲ့မယ်။ ဒါပေမယ့် ကျွန်တော် ခင်ဗျားကို ကြိုပြီး ပြောထားဖို့ လိုတယ်။ အဖိုးတန်သတ္တုရိုင်းတွေ ရရင် ကျွန်တော်လည်း ဝေစုတစ်စု လိုချင်တယ်။”
“ပြသနာ မရှိဘူး။” မြောင်ဝမ်တန် အကြီးအကျယ် ဝမ်းမြောက်သွားခဲ့ပြီး တွေဝေခြင်းမရှိ ကတိပေးလိုက်သည်။
ဖုန်းပြောပြီးသွားသည်နှင့် ထန်ရှုသည် ဂူရင်အား အပြုံးဖြင့် ပြောလိုက်သည်။
“ကြည့်ရတာ နင်တင် ကျောင်းသားလုပ်ရမှာမဟုတ်တော့ဘူး။ ငါက နိုင်ငံခြားက အလွန်တော်တဲ့ ဆရာတွေကို ငှားပေးထားတော့ အစ်မကြီးမုပါ ကျောင်းသား လုပ်ရတော့မယ်။”
ဂူရင်သည် ရယ်မောလိုက်ရင်း
“အမေက ရင်ရင်လောက် ကျောင်းသားလုပ်ရာမှာ စမတ်ကျမှာ မဟုတ်ဘူး။”
ထန်ရှုသည် ဂူရင်၏မျက်နှာလေးအား အသာညှစ်လိုက်ရင်း ပြုံးကာ ပြောလိုက်သည်။
“ဒါပေါ့။ ငါတို့မိသားစုက ရင်ရင်လေးသာ ကမ္ဘာပေါ်မှာ စမတ်အကျဆုံးပဲ။ လာ … ဟိုနားမှာ ခြင်္သေ့ကြီးတစ်ကောင် ရှိတယ်။ သွားကြည့်ကြရအောင်။”
“ဟုတ်။”
တစ်နေ့လည်လုံး ထန်ရှုသည် ဂူရင်နှင့် တိရစ္ဆာန်ရုံထဲတွင် လျှောက်လည်ကြည့်ကာ နှစ်ယောက်သား ပျော်ရွှင်လျက်ရှိနေလေသည်။ ညနေခင်းတွင် သူသည် ဂူရင်အား မက်ဒေါ်နယ်သို့ ခေါ်လာပြီး စားသောက်ကြပြီးနောက် တောင်တံခါးအိမ်ရာသို့ ပြန်လာခဲ့ကြသည်။
ညဖက်တွင်…
ထန်ရှုသည် လုံကျန့်ယုအား ဖုန်းဆက်ခဲ့ရာ လုံစားသောက်ခန်းမတွင် စားသောက်နေကြောင်း သိသည်နှင့် သူ့အား တွေ့ရန် ထိုနေရာသို့ အမြန်သွားလိုက်သည်။ နိုင်ငံခြားသား အိမ်တော်ထိန်းအချို့သည် မနက်ဖြန်တွင် ရောက်မည်ဖြစ်ရာ ထိုသူများအတွက် နေထိုင်စားသောက်ရေးအတွက် ထန်ရှုသည် ကြိုတင်စီမံထားရန် လိုအပ်ပေသည်။ ထို့အတွက် တောင်တံခါးအိမ်ရာတွင် သင့်တော်သော အိမ်တစ်လုံး ရှာပေးခြင်းသည်သာ အကောင်းဆုံး ဖြစ်ပေသည်။
လုံစားသောက်ခန်းမ၏ညခင်းသည် နီယွမ်ရောင်စုံမီးများဖြင့် ထွန်းလင်းနေပေရာ ကြယ်တာရာများ ကမ္ဘာမြေသို့ ကျလာသည့် မြင်ကွင်းသဖွယ် ဖြစ်နေသည်။ ထန်ရှုသည် ထိုနေရာသို့ အကြိမ်အနည်းငယ် ကိုယ်တိုင် လာဖူးနေရာ သူသည် ထိုနေရာ၏ ပုံမှန်စားသုံးသူတစ်ယောက်ဟုပင် ဆိုနိုင်ပေသောကြောင့် လုံခြုံရေးဝန်ထမ်းများသည် သူ့အား မှတ်မိနေကြပြီး ချက်ချင်းပင် ဝင်ခွင့်ပြုကြသည်။
“ဟာ… သူဋ္ဌေး မဟုတ်လား။”
ရုတ်တရက် ခန်းမအတွင်းမှ စိတ်ရှုပ်နေဟန်ရှိသောအသံတစ်သံသည် ထွက်ပေါ်လာခဲ့သည်။ ထန်ရှုသည် အသံလာရာ ကြည့်လိုက်ရာ ငယ်ရွယ်သော မိန်းမပျိုလေး အင်ဒီအား တွေ့လိုက်လေသည်။ သူသည် ခေါင်းညိတ်ကာ အသိအမှတ်ပြုလိုက်ပြီး မေးလိုက်သည်။
“ဒီမှာ ညစာလာစားတာလား။”
အင်ဒီသည် ပန်းပွင့်လေးများ ပါသော ဂါဝန်အား ဝတ်ဆင်ထားကာ ဆံပင်ရှည်ပျော့ပျော့လေးများအား ခပ်လျော့လျော့ ချည်နှောင်ထားလျက် ဒေါက်ဖိနပ်မြင့်မြင့် စီးနင်းထားလေသည်။ သူမ၏မျက်နှာထက်တွင်လည်း မိတ်ကပ်ခပ်ပါးပါးလိမ်းခြယ်ထားသော အင်ဒီသည် ယနေ့ညတွင် အလွန်ဆွဲဆောင်မှုရှိနေပေသည်။ ထန်ရှု၏အမေးစကားအား ကြားသောအခါ အင်ဒီသည် ရွှင်မြူးစွာ ရယ်မောလိုက်ပြီး ပြန်ဖြေလိုက်သည်။
“အကြီးအကဲခန်းက ကျွန်မကို ဒီမှာ ပရဟိတပွဲတစ်ခု လာတက်ဖို့ ဖိတ်ထားလို့။ အကြီးအကဲခန်းက ယောကျာ်းလေးအဖော် ခေါ်လာဖို့ မကြိုက်တော့ ကျွန်မကို သူနဲ့ အဖော်လုပ်ပေးစေချင်တာ။ စကားမစပ် သူဋ္ဌေးကရော အဲ့ဒီပွဲ လာတက်တာလား။”
“မဟုတ်ဘူး။ ငါ လူတစ်ယောက်ကို ဒီမှာ လာရှာတာပါ။” ထန်ရှုသည် ခေါင်းယမ်းလျက် ပြောလိုက်သည်။
“အိုက်ယား… သူဋ္ဌေး ရှာနေတာ ယောကျာ်းလား၊ မိန်းမလား။ ရှင်က ထူးချွန်တဲ့ လူတစ်ယောက်ပါ။ သူဋ္ဌေးက မိန်းမတစ်ယောက်ကို ရှာတယ်ဆိုရင်တော့ အဲ့ဒီအမျိုးသမီးကို ကျွန်မ သေချာပေါက် မနာလိုဖြစ်မိမှာ အမှန်ပဲ။” အင်ဒီသည် ပြုံးကာ ပြောလိုက်သည်။
ထန်ရှုသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်မိသည်။ နိုင်ငံခြားမိန်းကလေးများသည် ပြောစရာရှိပါက ကွေ့ဝိုက်မနေဘဲ တည့်တိုးသာ ပြောတတ်သည်ကို သူလည်း ကြားဖူးနေသဖြင့် အင်ဒီ၏ မှတ်ချက်စကားအား စိတ်ထဲ မထည့်ပါချေ။ ထန်ရှု ပြုံးကာ ပြောလိုက်သည်။
“သူက ငါ့သူငယ်ချင်း ယောကျာ်းလေးပါ။ ဒါနဲ့ မင်းက အပြင်မှာ ဘာလုပ်နေတာလဲ။ ပရဟိတပွဲ မတက်ဘူးလား။ ပွဲက ပြီးနှင့်နေတာလား။”
“မဟုတ်ပါဘူး။ ပွဲက စတောင် မစသေးဘူး။ ကျွန်မ စောစောလာပြီး အကြီးအကဲခန်းကို စောင့်နေတာ။” အင်ဒီမှ ပြန်ဖြေသည်။
“အဲ့ဒါဆိုလည်း ဒီမှာ စောင့်နေလေ။ ငါ ကိစ္စလေးရှိလို့ အထဲ အရင်သွားတော့မယ်။” ထန်ရှု ပြောလိုက်သည်။
အင်ဒီသည် အလျင်အမြန်ပင်
“သူဋ္ဌေး… ကျွန်မကို ဟိုးအထဲထိ ခေါ်သွားလို့ရမလား။ လုံခြုံရေးက ဝင်ပေါက်ကနေ ဝင်ဖို့ ခွင့်ပြုပေမယ့် ကျွန်မက ဒီနေရာရဲ့ အဖွဲ့ဝင်မဟုတ်တော့ ဒီနေရာလေးမှာ စောင့်ခိုင်းထားတယ်။ အကြီးအကဲခန်း မလာခင် သူတို့က ဟိုးအထဲထိ ဝင်ခွင့်ပေးမှာ မဟုတ်ဘူး။”
ထန်ရှုသည် အံ့အားသင့်လျက် မေးလိုက်သည်။
“ဟမ်… သူတို့က ဝင်ပေါက်မှာ အဝင်ခံပြီး အတွင်းထိ ပေးမဝင်ဘူးပေါ့။”
အင်ဒီသည် ခေါင်းညိတ်ပြရင်း သနားဖွယ်အမူအရာပြကာ ပြောနေသည်။
“ဟုတ်တယ်။ သူတို့က အထဲထိ အဝင်မခံဘူး။ အဲ့ဒီထက်ပိုတာက ကျွန်မ နေ့လည်စာ စောစောစားထားတော့ အခု ဗိုက်ဆာနေပြီ။”
ထန်ရှုသည် တောက်လျှောက်စောင့်ကြည့်နေသော လုံခြုံရေးအဖွဲ့များဆီသို့ လှမ်းကြည့်လိုက်ပြီး သူနှင့် မျက်မှန်းတန်းမိနေသော တစ်ယောက်အား လက်ယပ်ခေါ်လိုက်သည်။ လုံခြုံရေးဝန်ထမ်းသည် အမြန်ရောက်လာကာ တလေးတစား နှုတ်ဆက်လျက် ပြောလိုက်သည်။
“တစ်ခုခု ဆောင်ရွက်ပေးရမလား ဆရာ။”
ထန်ရှုသည် အင်ဒီအား ညွှန်ပြကာ အပြုံးနှင့် ပြောလိုက်သည်။
“သူက ငါ့ရဲ့ဝန်ထမ်းပါ။ ငါနဲ့အတူ အထဲကို ခေါ်သွားလိုက်မယ်။”
လုံခြုံရေးသည် ချီတုံချတုံဟန်ဖြင့်
“ဆရာက ဒီကို အကြိမ်အနည်းငယ် ရောက်လာဖူးနေလို့ သိနေတဲ့အတွက် ကျွန်တော်တို့ အထဲကိုဝင်ခိုင်းလို့ရပါတယ်။ ဒါပေမယ့် နောက်တစ်ယောက်ကို ခေါ်သွားဖို့ကျတော့ ကျွန်တော် တိုင်ပင်ရ..”
ထန်ရှုသည် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ငါ သွားတွေ့မယ့်သူက လုံကျန့်ယုပါ။”
လုံခြုံရေး ဝန်ထမ်းသည် တစ်ခဏမျှ တုန်လှုပ်သွားပြီး ပိုမိုလေးစားသောအမူအရာဖြင့်
“ဆရာက ကျွန်တော်တို့အကြီးအကဲလုံရဲ့သူငယ်ချင်းဆိုမှတော့ ကျွန်တော်တို့တတွေရဲ့ ဂုဏ်ထူးဆောင် ဧည့်သည်ပါ။ အထဲကြွပါ ဆရာ။”
ထန်ရှုသည် အင်ဒီအား သူ၏ဘေးမှလိုက်ရန် ခေါင်းဆတ်ပြလိုက်သည်။ သို့သော် သူမသည် သူ၏လက်မောင်းအား တွဲကာ လုံခြုံရေးဝန်ထမ်းရှေ့တွင် မျက်နှာချီကာ သွားလိမ့်မည်ဟု သူ မထင်ထားခဲ့မိချေ။
“အင်ဒီက ကလေးဆန်တာပဲ။”
ထန်ရှုသည် သူမ၏အကျင့်စရိုက်ကို ကြည့်ပြီး ရယ်ချင်သွားရသည်။
များမကြာမီ…
ထန်ရှုသည် အင်ဒီနှင့်အတူ ပင်မခန်းမသို့ ရောက်လာခဲ့သည်။ အထဲတွင် ကောင်းမွန်စွာ ဝတ်စားထားသော ဧည့်သည်များအား ကြည့်ရင်း ထန်ရှု စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သာမန်လူများအတွက် လွှမ်းမိုးနိုင်စွမ်းရှိသော သူများနှင့် သိကျွမ်းပါက ထိုသူများနှင့် အတွင်းထဲသို့ လိုက်ပါလာခြင်းဖြင့်သာ လုံစားသောက်ခန်းမကို ဝင်ရောက်နိုင်ပေသည်။ သို့မဟုတ်ပါက သာမန်လူများအတွက်မူ စားသောက်ခန်းမအတွင်းထဲထိအား အသာထားဘိ ရှေ့ဝင်ပေါက်မှ ဝင်ထွက်ရန်ပင် အလွန်ခက်ခဲပေလိမ့်မည်။
သူတို့၂ယောက်သည် ၁၆ထပ်သို့ ဓာတ်လှေကားဖြင့် လာခဲ့ကြပြီး ထန်ရှုသည် အင်ဒီအား ကြည့်ကာ ပြောလိုက်သည်။
“ငါနဲ့ ငါ့သူငယ်ချင်း စကားပြောပြီးတဲ့အထိ စောင့်ပါ။ ပြီးရင် မင်း အေးအေးဆေးဆေး တစ်ခုခုသွားစားလို့ရပြီ။”
အင်ဒီသည် မျက်ဝန်းလှလှများ ကျဉ်းမြောင်းသည်အထိ ပြုံးလိုက်ပြီး
“အာ..သူဋ္ဌေး. အဲ့ဒါဆို ပိုက်ဆံရှင်းဖို့ကရော။”
ထန်ရှုသည် သူမ၏တုံ့ပြန်ပြောဆိုမှုကြောင့် ရယ်ရမလို ငိုရမလို ဖြစ်သွားရသည်။
“အဲ့ဒါအတွက် စိတ်မပူနဲ့။ မင်း စိတ်ကြိုက်သာစား။ ငါ့သူငယ်ချင်းက အရမ်းချမ်းသာတာ။ သူ့စာရင်းထဲ ပေါင်းထည့်လိုက်ရုံပဲ။ ပြီးတော့ မင်းအတွက် အဖွဲ့ဝင်ကတ်တစ်ခု လုပ်ပေးဖို့ ငါ တစ်ယောက်ယောက်ကို ခိုင်းလိုက်မယ်။ နောက်ဆိုရင် မင်းဆန္ဒရှိတိုင်း ဒီနေရာကို လာနိုင်ပြီ။”
အင်ဒီ၏မျက်ဝန်းများ ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားသည်။ ထို့နောက် သူမသည် ထန်ရှု၏မျက်နှာနားသို့ ခြေထောက်လှလှလေးများအား ကွေးကာ ခုန်လိုက်သည်။ ထန်ရှုသည် ရုတ်တရက်ဖြစ်သောကြောင့် အငိုက်မိသွားက အနမ်းခံလိုက်ရသည်။ အင်ဒီ၏ခြေထောက်လေးများ ကြမ်းပြင်နှင့် ပြန်လည် ထိတွေ့သည့်အခါတွင် သူမသည် ရယ်မောလိုက်ပြီး
“ဟီဟိ.. ကျွန်မ သိတယ်။ ကျွန်မကို ကယ်တင်ဖို့ ဘုရားသခင်က ရှင့်ကို လွှတ်လိုက်တယ်ဆိုတာ ကျွန်မ သိတာပေါ့။ ကျွန်မကို ရှင့်ရဲ့ချစ်ချစ်အဖြစ်တောင် လုပ်ခွင့်ပေးလိုက်သေးတယ်။ ဟုတ်ပါပြီ… ကျွန်မ ရှင့်ကို ကောင်းကောင်းဆက်ဆံပါ့မယ်။”
ထန်ရှု အံ့သြလွန်းသဖြင့် ကျောက်ရုပ်ပမာ ဖြစ်သွားရသည်။ သူသည် အင်ဒီ၏ အလွန် ချစ်စရာကောင်းလှသော မျက်နှာလေးအား ကြည့်လိုက်ရင်း သူမ၏ပွင့်လင်းစွာ ပြောဆိုမှုသည် သူ့အား တုန်လှုပ်စေသည်။ တစ်ခဏမျှ တွေဝေနေပြီးနောက် သူ၏လက်ဖြင့် အင်ဒီ၏နဖူးအား တို့ထိလိုက်ပြီး ခပ်တိုးတိုး ညည်းညူလိုက်သည်။
“မင်း ကြည့်ရတာလည်း မဖျားပါဘူး။ ဘယ့်နှယ်ကြောင့် ဒီလိုပေါက်ကရတွေ ပြောနေရတာလဲ။”
အင်ဒီသည် သူမ၏မျက်လုံးဝိုင်းကြီးများဖြင့် စိုက်ကြည့်လိုက်ရင်း ပြောလိုက်သည်။
“သူဋ္ဌေး… ကျွန်မ တကယ် ရှင့်ရဲ့ချစ်သူ ဖြစ်ချင်တာပါ။ အလေးအနက်မရှိ ပေါ့ပျက်ပျက်လို့ ကျွန်မကို မထင်လိုက်ပါနဲ့နော်။ သူဋ္ဌေး ဘာသိလို့လဲ။ ကျွန်မက ခုထိ အပျိုစင်တစ်ယောက် အဖြစ် ရှိနေတုန်းပါပဲ။ ရှင်မယုံရင် ကိုယ်တိုင်ကြိုးစားကြည့်နိုင်တယ်။”
သူမ၏အသံသည် အတန်ငယ် ကျယ်လောင်သွားသောကြောင့် အနီးဝန်းကျင်မှ လူအတော်များများသည် ချက်ချင်းပင် တစ်ယောက်ပြီးတစ်ယောက် လှမ်းကြည့်လာကြသည်။ ထိုသူများသည် ထန်ရှုနှင့် အင်ဒီအား ကြည့်လိုက်ရာတွင် ချစ်စရာကောင်းသည့် အင်ဒီအား မြင်လိုက်သော တစ်ခဏ၌ နတ်သမီးလေးတစ်ပါးသဖွယ် တွေးထင်လိုက်ကြပြီး တုန်လှုပ်ကုန်လေသည်။ ထို့နောက် သူတို့သည် ချက်ချင်းပင် အံ့သြသောပုံစံဖြင့် ရှိနေသော ထန်ရှုအား ကြည့်လိုက်မိကြသည်။ နတ်သမီးတစ်ပါးလို မိန်းကလေးတစ်ယောက်က မည်သည့်အတွက်ကြောင့် ထိုလူငယ်၏ချစ်သူဖြစ်ချင်ရခြင်းအား မမျှော်လင့်ဘဲ အော်ပြောရပါသနည်း။ သည်လူငယ်လေးသည် မည်သူဖြစ်ပါသနည်း။ သူ့တွင် ချစ်ချင်စရာကောင်းလောက်အောင် မည်သည့်အရာများ ပိုင်ဆိုင်ထားပါသနည်း။ သူတို့ မည်သို့မျှ စဉ်းစားမရနိုင်ပါချေ။
အနီးနားတွင်…
အထက်တန်းလွှာဟန်ရှိပြီး ကျောက်စိမ်းမျက်နှာနှင့် လူငယ်တစ်ယောက်သည် မထင်မှတ်ဘဲ ထန်ရှုတို့နှစ်ယောက်အနားမှ ဖြတ်သွားမိရာ သူတို့နှစ်ယောက်၏စကားများကြောင့် ရုတ်တရက် ရပ်တန့်သွားရသည်။ သူ၏မျက်လုံးအစုံတို့သည် ထိုနှစ်ယောက်အား စုန်ချည်ဆန်ချည်ဖြင့် ကြည့်ရှုနေရင်း အင်ဒီ၏ရင်သားလှလှကြောင့် အရောင်များ လက်သွားရကာ ချက်ချင်းပင် သူမအား ကြည့်ကာ ပြောလိုက်သည်။
“ညီမလေး… ဒီလူငယ်လေးက ခံစားမှုမရှိ မချစ်တတ်တဲ့သူပဲ။ သူ့ရဲ့ ချစ်သူဖြစ်ချင်နေရင် မင်းအတွက် ငရဲခန်းလို ပျင်းစရာကောင်းနေလိမ့်မယ်။ ဒီအစ်ကိုကြီးရဲ့ချစ်သူအဖြစ်ဆိုရင်ရော ဘယ်လိုလဲ။ မင်း အမြဲ ပျော်ရလိမ့်မယ်လို့ ငါ အာမခံတယ်။”
“မကောင်းတဲ့အကောင်”
အင်ဒီသည် ချာကနဲ လှည့်လာပြီး ထိုလူရွယ်အား ဒေါသတကြီး အော်ဟစ်လိုက်သည်။
***