တိတ်ဆိတ်စွာ နာကျင်နေစေရန် ဖိအားပေးခံရခြင်း
Vol. 04 Ch. 166
ထိုလူရွယ်၏အမည်သည် ဟောင်ရှုဖြစ်ပြီး အပြာရောင်မြို့တော်ရှိ ဟောင်မိသားစုမှ အကြီးဆုံးသား ဖြစ်သည်။ ချမ်းသာသော မိသားစု၏ အပျော်အပါးမက်သော သခင်လေးအဖြစ် ကျော်ကြားသော ဟောင်ရှုအတွက် သည်တစ်ကြိမ်သည် ကြယ်တာရာမှ သူငယ်ချင်းဟောင်းဆီသို့ အလည်လာရောက်သည့် ပထဆုံးအကြိမ် ဖြစ်သည့်အပြင် လတ်တလောတွင် ထွန်းလင်းတောက်ပလာသည့် ပါရမီစွမ်းရည်ကြီးမားသော တစ်စုံတစ်ယောက်ကိုလည်း လာရောက်ကြည့်ရှုခြင်းမည်ပေသည်။
အင်ဒီမှ သူ့အား ကျိန်ဆဲလိုက်သည်ကို ကြားလိုက်ရသောအခါ မယုံနိုင်ဟန် အကြည့်တစ်ခု ဖြစ်လာပြီး သူ့နှာခေါင်းအား လက်ညှိုးထိုးကာ မေးလိုက်သည်။
“ငါ ဘယ်သူလို့ မင်း ပြောလိုက်တာ။ မကောင်းတဲ့ကောင် ဟုတ်လား။ ငါက ဘယ်လိုဖြစ်ပြီး မကောင်းတဲ့ကောင် ဖြစ်သွားရတာလဲ။ မင်းပဲ ဒီလူငယ်ကို သူ့ရဲ့ချစ်သူ ဖြစ်ချင်ပါတယ်လို့ အော်ပြောနေပြီးတော့။ သူက မဖြစ်နိုင်ဘူးလို့ မင်းကို အစောကတည်းက ပြောပြီးနေပြီလေ။ ငါက မင်းကို ငါ့ချစ်သူဖြစ်ခွင့်ပေးတာကို မကောင်းတဲ့ကောင် ဖြစ်သွားရောလား။ ငါသာ မကောင်းတဲ့ကောင်ဆိုရင် ဒီကောင်ကရော ဘာဖြစ်မလဲ။”
သူသည် ပြောပြီးသည်နှင့် စိတ်ဓာတ်ကျနေဟန်ရှိနေသော ထန်ရှုအား ညွှန်ပြလိုက်သည်။
အင်ဒီသည် ထန်ရှုအား ခေါင်းစောင်းကြည့်လိုက်သည်။ သူမ၏မျက်ဝန်းလေးများသည် ကြယ်ပွင့်လေးများပမာ အရောင်တဖျတ်ဖျတ်လင်းလက်လျက် မျက်တောင်တစ်ချက်မခတ် စကားထစ်ငေါ့ခြင်းမရှိဘဲ
“သူက ကျွန်မရဲ့သူဋ္ဌေးလေ… သူ့ကို ကျွန်မရဲ့ချစ်သူ ဖြစ်ရမယ်လို့ ရည်မှန်းထားတာ။ ရှင် ဘယ်သူလဲဆိုတာ ကျွန်မ ဂရုမစိုက်ပါဘူး။ ဒါပေမယ့် သေချာတစ်ခုက ရှင်က ကျွန်မသူဋ္ဌေးရဲ့အပုံတစ်ရာပုံတောင် မီမှာမဟုတ်ဘူး… မဟုတ်သေးဘူး အပုံတစ်ထောင်ပုံတောင် မီမှာ မဟုတ်ဘူး။”
“ဟီ..ဟိ..”
ပျော်ပွဲ ကြည့်ရန်အတွက် အသင့်အနေအထားဖြင့် ရပ်စောင့်နေကြသော အနီးပတ်ဝန်းကျင်မှ ဧည့်သည်တော်များသည် အင်ဒီ၏စကားအား ကြားလိုက်သောအခါ ရယ်ချင်စိတ်အား မမျိုသိပ်နိုင်ကြတော့ပေ။
ဟောင်ရှုသည် စိတ်ကသိကအောက်ဖြစ်သွားသော်လည်း ရင်မော့ကာ ပြောလိုက်သည်။
“မိန်းမချောလေး.. မင်းရဲ့မျက်လုံးတွေကို ကျယ်ကျယ်ဖွင့်ထားသင့်တယ်။ ဒီအစ်ကိုကြီးက မင်းထင်သလို မရိုးရှင်းဘူးဆိုတာ လုံစားသောက်ခန်းမအတွင်းထဲကို ဝင်လာတာကြည့်ပြီး မင်း သိနိုင်တယ်။ ငါ မင်းကို ဒီအကြောင်းပြောဖို့ စိုးရွံ့မနေဘူး။ မင်း အပြာရောင်မြို့တော်ကိုသွားပြီး ငါ့နာမည်ကို မေးကြည့်လိုက်စမ်းပါ။ မသိတဲ့သူတစ်ယောက်မှ မရှိဘူးဆိုတာကို မင်း တွေ့ရလိမ့်မယ်။ မင်းသာ ငါ့နောက်လိုက်မယ်ဆိုရင် လုံးဝကို နာမည်တအားကြီးသွားမှာ။ မင်း အိပ်ပျော်နေရင်တောင်မှ အိပ်ရာကနိုးလာရင် မရေတွက်နိုင်တဲ့အထိ ပိုက်ဆံတွေ ဝင်နေဦးမှာပဲ။ ဘယ်လိုသဘောရလဲ။ ဒါ မကောင်းဘူးလား။”
အင်ဒီသည် မထီတထီဟန်ဖြင့် ဟောင်ရှုအား ကြည့်လိုက်ပြီး လှောင်ပြောင်လိုက်သည်။
“ညစ်ပတ်တဲ့ ပိုက်ဆံတွေ ရှင့်မှာ ဘယ်လောက်ရှိတယ်ဆိုတာကို ပြချင်နေတာလား။ ရှင့်ကိုရှင် ဘယ်လိုလူ ထင်နေတာတုန်း။ တိုင်းပြည်ခေါင်းဆောင်လား။ ကမ္ဘာ့အချမ်းသာဆုံး လူတစ်ယောက်လား ဒါမှမဟုတ် တခြားဟာလား။ အာ.. အပြာရောင်မြို့တော်က လူတွေအကုန်လုံး ရှင့်ကို သိကြတယ်လို့ ရှင် ပြောတယ် ချစ်စရာကောင်းတဲ့ လိင်ပြောင်းထားတဲ့သူတစ်ယောက်လို့တော့ ကျွန်မကို မပြောဘူးမဟုတ်လား။”
သည်ဟာသည် နားကြားရ ခါးလှသည်။
အင်ဒီ၏စကားများသည် ဟောင်ရှု၏အသည်းနှလုံးအား ဓားထက်ထက်ဖြင့် ထိုးစိုက်နေသကဲ့သို့ ဖြစ်စေသည်။ သူ၏မျက်နှာသည် ချက်ချင်းပင် နီရဲသွားသည်။ သူ၏အိပ်မက်ရိုင်းထဲတွင်ပင် အင်ဒီကဲ့သို့ နတ်သမီးလေးသဖွယ် လှပသည့် မိန်းကလေးထံမှ မမျှော်လင့်စွာ ထိုကဲ့သို့ နားကြားခါးလှသည့် စကားများ ပြောလိမ့််မည်ဟု တွေးမထင်ခဲ့ဖူးချေ။
ဘေးတွင် ရပ်နေသော ထန်ရှုသည် အင်ဒီ၏ပခုံးအား အသာပုတ်လိုက်ပြီး ဟောင်ရှုအား ကြည့်ကာ ပြောလိုက်သည်။
“မင်း ပြသနာ မဖြစ်ချင်ရင် ငါတို့မှာလည်း လုပ်စရာလေးတွေ ရှိနေလို့ ချက်ချင်း ထွက်သွားသင့်တယ်။ ပျော်စရာတွေအတွက် တစ်စုံတစ်ယောက်ကို ရှာပြီး မင်းနဲ့ အဖော်လုပ်ပေးစေချင်ရင် ငါ့မှာ မင်းကို ကူညီဖို့ အကြံတစ်ခုရှိတယ်။”
ဟောင်ရှုသည် အပျော်အပါးမက်သောလူတစ်ယောက်ဖြစ်လိမ့်မည်။ သို့သော် ထန်ရှုသည် အနိုင်ကျင့်ရန် လွယ်ကူသည့် တစ်စုံတစ်ယောက်ဟု တွေးရလောက်အောင်ထိ သူ မတုံးသေးချေ။ လုံစားသောက်ခန်းမထဲသို့ လာနိုင်သောသူသည် ကစားရန်လွယ်ကူသည့် သာမန်လူတစ်ယောက် မဟုတ်သည်မှာ သေချာသလောက်ပင်။ အထူးသဖြင့် သည်ဟာသည် ကြယ်တာရာမြို့ဖြစ်ပြီး သူ၏အပြာရောင်မြို့ မဟုတ်ချေ။ လူအများ ပြောကြသည်မှာ သန်မာသော နဂါးတစ်ကောင်သည် ဒေသခံမြွေများ၏ စစ်ဆေးမှုကို ခံရနိုင်သည်။ သူ၏ရှေ့မှ လူရွယ်သည် သာမန်လူတစ်ယောက် မဟုတ်ခဲ့ပါလျှင် သူ့အနေဖြင့် အများကြီး ဆုံးရှုံးသွားနိုင်သည်။
သူ့အနေဖြင့် သည်ပြသနာအား အလေးအနက်ထားသော်လည်း ပညာရှိသောသူတစ်ယောက်သည် မည်သည့်အချိန်တွင် တိုက်ခိုက်သင့်သည်ကို သိပေသည်။
ဟောင်ရှုသည် ထန်ရှုအား သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်လိုက်ပြီး မေးလိုက်သည်။
“မင်းက ဘယ်သူလဲ။ အတော် စကားကြီးစကားကျယ်ပြောနိုင်တာပဲ။”
ထန်ရှုသည် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ငါ ဘယ်သူလဲဆိုတာ မင်း သိဖို့မလိုပါဘူး။ ဒီနေ့အဖြစ်အပျက်သာ ရှင်းလင်းသွားမယ်ဆိုရင် မင်းနဲ့ငါက ခရီးသွားဟန်လွှဲ ဆုံတာလောက်ပါပဲ။ အခြားပြသနာတွေလည်း ထပ်ရှိလာမှာ မဟုတ်ဘူး။”
ဟောင်ရှုသည် မျက်ခုံးတွန့်လိုက်ရင်း လေးနက်စွာ မေးလိုက်သည်။
“ဆိုစမ်းပါဦး။ မင်းရဲ့အကြံဉာဏ်လေး။”
“မင်းရဲ့ဟော်မုန်းက အလွန်ကို များပြားနေရင်လည်း မင်း ဆန ရှိတဲ့ အခြားမိန်းကလေးတွေကို အနိုင်မကျင့်စမ်းပါနဲ့။ မင်းဘေးပတ်ပတ်လည်ကို ကြည့် အနီးနားက အလှပြင်ဆိုင်တို့ ခြေသည်းလက်သည်းအလှပြင်ဆိုင်တွေကို ရှာလိုက်။ အဲ့ဒီမှာ ဈေးသက်သာပြီး မင်းအတွက် ပိုကောင်းတဲ့ ဝန်ဆောင်မှုကို ရစေမယ့် စီနီယာကြီးတွေ ရှိတယ်။” ထန်ရှု ပြောလိုက်သည်။
“ဘာ” ဟောင်ရှု ကြက်သေ သေသွားသည်။
သူသည် ထန်ရှုအား မယုံနိုင်ဟန်အကြည့်များဖြင့် စိုက်ကြည့်လိုက်ပြီး အစိတ်အမွှာမွှာ လုပ်ပစ်ချင်စိတ်အား မထိန်းနိုင်လုနီးပါး ဖြစ်သွားရသည်။ သူက မည်သူပါနည်း။ သူ၏လိုအင်အား လမ်းဘေးမှ အလှပြင်ဆိုင်နှင့် ခြေသည်းလက်သည်းအလှပြင်ဆိုင်များမှ ထိုသူများမှ လုပ်ပေးနိုင်ပါမည်နည်း။
သူ့အနေဖြင့် အမျိုးစမီးတစ်ယောက် လိုချင်ခဲ့ပါလျှင်တောင်မှ လက်ညှိုးတစ်ချက် ကွေးလိုက်ရုံဖြင့် မိန်းမပျိုလေးများသည် သူ၏အိမ်မွေးလေးဖြစ်စေရန် အလုအယက် ပြေးလာကြမည်ဖြစ်သည်။ သည်လူငယ်တွင် မျက်လုံးများ မပါခြင်းပင် ဖြစ်လိမ့်မည်။
ထန်ရှုသည် ဟောင်ရှုအား အာရုံမထားတော့ဘဲ အင်ဒီ့အား ခေါ်ဆောင်ကာ လုံကျန့်ယု ရှိနေသောအခန်းသို့ ကော်ရစ်ဒါအတိုင်း လျှောက်လာခဲ့သည်။ ဟောင်ရှုသည် သူ့အတွက် ဖြတ်သွားဖြတ်လာ ဆုံတွေ့ခြင်းသာ ဖြစ်ပြီး သူ့အား စကားအနည်းငယ်ပြောကာ ဟိတ်ဟန်များခဲ့ပြီးဖြစ်သည်။
A1608အခန်းထဲတွင်…
လုံကျန့်ယုသည် ငယ်ရွယ်လှပသော မိန်းမပျိုလေးတစ်ယောက်အား ပွေ့ဖက်လျက် သူ၏ဘေးမှ လက်ပြတ်လည်ဝိုင်းအကျီ၊ ဘောင်းဘီပွပွဝတ်စားထားပြီး ခြေညှပ်ဖိနပ်စီးထားသော လူရွယ်တစ်ယောက်နှင့် စကားပြောလျက်ရှိသည်။ အခန်းထဲတွင် မိန်းမလှလေးများ အများအပြား ရှိပြီး အချို့သည် ဆော့ကစားရင်း ရယ်မောရင်း၊ အချို့သည် သီချင်းဆိုရန် မိုက်ခရိုဖုန်းများ ကိုင်ထားရင်း၊ အချို့သည် ဝိုင်အရက်များ စပ်ပေးရင်း ရှိနေကြသည်။
ထန်ရှု တံခါးဖွင့်လိုက်သောအခါ ထိုဒါဇင်ပေါင်းများစွာသော မျက်လုံးများသည် ချက်ချင်းလိုပင် သူ့အား ဝိုင်းကြည့်လိုက်ကြသည်။
“အာ.. ဒီမှာ တအား စည်ကားနေတာပဲ။”
အင်ဒီ့အား ဦးဆောင်ခေါ်လာသော ထန်ရှုသည် မတ်တတ်ရပ်ကာ အပြုံးနှင့် နှုတ်ဆက်လိုက်သော လုံကျန့်ယုအား ကြည့်လိုက်သည်။
လုံကျန့်ယုသည် သီချင်းဆိုနေသော မိန်းကလေးအား ရပ်တန့်ရန် အချက်ပြလိုက်သည်။ အခန်းသည် တိတ်ဆိတ်သွားပြီးနောက် သူသည် အပြုံးဖြင့် စကားဆိုလိုက်သည်။
“ဒီနေ့ အပြာရောင်မြို့တော်က သူငယ်ချင်းတွေ အလည်လာကြတော့ ငါ သူတို့ကို ဖိတ်ပြီး အစားအသောက်၊ ပျော်စရာတွေနဲ့ ဧည့်ခံနေတာ။ မင်း လာမယ်လို့ ငါ မထင်ခဲ့တဲ့အပြင် အလှလေးတစ်ယောက်ပါ ပါလာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။ အားပါး... မင်းရဲ့ ဒီနတ်သမီးလေးက တကယ့်ကို အလှလေးတစ်ပါးပဲ။ မင်းအမြင်ထဲကို သူ ဝင်နိုင်တာ အံ့သြစရာ မရှိတော့ဘူး။”
“အာ.. ပေါက်ကရတွေ ပြောတော့မယ်။ စကားကောင်း ထွက်လာမယ်လို့ မျှော်လင့်မိတာ ငါ့အမှားပါပဲ။”
ထန်ရှုသည် ဆတ်ကနဲ ပြန်ပြောလိုက်သည်။
လုံကျန့်ယုသည် ကျယ်လောင်စွာ ရယ်မောလိုက်ရင်း ပျင်းရိလေးတွဲစွာ ထိုင်နေသော လူရွယ်ဘက် လှည့်ကာ ပြောလိုက်သည်။
“ဖေ့ရှန်း… သူက ထန်ရှု ငါ မင်းကို ပြောပြထားတဲ့သူ။ ထန်ရှု.. သူက ဖေ့ရှန်း အပြာရောင်မြို့တော် ဖေ့မိသားစုက ဒုတိယသား။ ခေါင်းမမာတတ်တဲ့ အရိုင်းတုံးလေး ဒီ့ထက်ဆိုရရင်တော့ အလွန်အပျင်းထူတဲ့ လူကြီးလူကောင်းလေးပေါ့။ ဘာပဲဖြစ်ဖြစ် သူ့အကျင့်လေးက ကောင်းတော့ ရေရှည် တရင်းတနှီးပေါင်းဖို့ ထိုက်တန်ပါတယ်။”
ထန်ရှုသည် လုံကျန့်ယု၏သူငယ်ချင်းအား လုံးဝစိတ်ဝင်စားခြင်းမရှိသော်လည်း လုံကျန့်ယု၏မျက်နှာအား ထောက်ထားသောအားဖြင့် အသာခေါင်းညိတ်ကာ အသိအမှတ်ပြုလိုက်သည်။
ဖေ့ရှန်းသည် လုံးဝမောက်မာဟန် မပြဘဲ ဖော်ရွေသောဟန်ဖြင့် ရယ်မောကာ စကားဆိုလိုက်သည်။
“တွေ့ရတာ ဝမ်းသာပါတယ် ထန်ရှု။ ငါ မင်းကို တွေ့ချင်နေတာ ကြာလှပြီ။ ဒီတစ်ခေါက် ကြယ်တာရာကို လာလည်ရတဲ့အကြောင်းက ပထမအချက်အနေနဲ့ ဒီကျော်ကြားလှတဲ့ သခင်လေးလုံကို တွေ့ဖို့ရယ်၊ ဒုတိယအချက်အနေနဲ့ လူသိများတဲ့ မင်းနဲ့ ငါတို့ကို မိတ်ဆက်ပေးခိုင်းချင်လို့ရယ်။”
“ဟင်… ငါနဲ့ ကိစ္စတစ်ခုခု ရှိနေတာလား။” ထန်ရှု မေးလိုက်သည်။
အာ…
ထန်ရှု၏မေးခွန်းကြောင့် ဖေ့ရှန်း ကြက်သေ သေသွားရသည်။ စိတ်ထဲတွင် အောင့်သက်သက် ဖြစ်သွားပြီး တုံ့ပြန်လိုက်သည်။
“အရေးတကြီး မရှိပါဘူး။ ဒါနဲ့ ငါ့ကိုယ်ငါ ပြန်မိတ်ဆက်ပေးရဦးမလား။”
လုံကျန့်ယုသည် ထိုအခြေအနေကို မြင်သည်နှင့် အပြုံးနှင့် အမြန်ဝင်ပြောလိုက်သည်။
“ယို ယို့.. ကိုယ့်လူတို့.. ဒါ အဆင်ပြေပါတယ်။ ထန်ရှု.. မင်းအကြောင်း ငါ သူတို့ကို ပြောပြတော့ သူတို့က ဒီကို လာပြီး မင်းအကြောင်း ပိုသိချင်ကြတာ။ နောက်ပိုင်း မင်း အပြာရောင်မြို့တော်ကို အလည်သွားပြီး တစ်ခုခုလုပ်စရာ ရှိခဲ့ရင် သူ့ကို ဆက်သွယ်နိုင်တယ်။ သူက အပြာရောင်မြို့တော်ရဲ့ ဒေသသူဋ္ဌေးတစ်ယောက်ပဲ။ အဲ့ဒီမှာ သူ အများကြီး လုပ်နိုင်တယ်။”
လူမှုကွန်ရက်အဆက်အသွယ်တွေလား။
ထန်ရှုသည် လုံကျန့်ယု၏သတိပေးစကားနောက်ကွယ်မှ အဓိပ္ပာယ်နှင့် ရည်ရွယ်ချက်အား သိရှိနိုင်လေသည်။ ထို့ကြောင့် သူသည် ဖေ့ရှန်းအား မျက်နှာချင်းဆိုင်လျက် ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။
“ကောင်းပါပြီ။ ဒါနဲ့ ငါ ဒီနေ့ လုံကျန့်ယုနဲ့ စကားပြောစရာတစ်ခုရှိနေလို့။ အဲ့ဒါပြီးတော့မှပဲ ငါတို့ စကားပြောကြတာပေါ့။”
“ပြသနာ မရှိဘူး။” ဖေ့ရှန်းသည် ပြုံးကာ ပြောလိုက်သည်။
ထိုခဏတွင် ဟောင်ရှုသည် စိတ်ပျက်လက်ပျက်အမူအရာဖြင့် တံခါးကို တွန်းဖွင့်ကာ ဝင်လာလေသည်။ သို့သော် သူသည် ထန်ရှုနှင့် အင်ဒီအား အခန်းထဲတွင် မြင်သောအခါ တစ်ဒင်္ဂမျှ ကြက်သေ သေသွားပြီး ဒေါသထွက်သော အမူအရာသည် သူ၏မျက်နှာထက်တွင် ပေါ်ပေါက်လာလေသည်။ သူသည် ထန်ရှုအား ဒေါသကြီးစွာ ကြည့်ကာ အော်ဟစ်လိုက်သည်။
“ဟေ့ကောင်.. မင်း လျှောက်တာ မြန်သားပဲ။ မင်းကို ဒီမှာ ထပ်တွေ့ရဦးမယ်လို့ ငါ မထင်ထားဘူး။ ကြယ်တာရာမှာရှိလည်း ငါ မင်းကို သင်ခန်းစာ မပေးနိုင်ဘူးလို့ မထင်လိုက်နဲ့။”
ထန်ရှုသည် ဟောင်ရှုအား ကြည့်လိုက်ပြီး လုံကျန့်ယုဘက် လှည့်ကာ မေးလိုက်သည်။
“မင်း သူ့ကို သိလား။”
လုံကျန့်ယုသည် အလျင်စလို ပြောလိုက်သည်။
“ထန်ရှု… နားလည်မှု တစ်ခုခု လွဲတာများ ရှိလား။ သူလည်း ငါ့သူငယ်ချင်းပဲ။ အပြာရောင်မြို့တော်က ဟောင်မိသားစုရဲ့ သခင်လေးတစ်ယောက်ပါ။”
ထန်ရှုသည် ခေါင်းကိုယမ်းကာ ပြောလိုက်သည်။
“လုံကျန့်ယု… အကျင့်တူ စရိုက်တူလူတွေက တစ်ဖွဲ့တည်း ပေါင်းမိတတ်ကြတယ်ဆိုတာကို ကျွန်တော် အမြဲ ယုံကြည်ထားတယ်။ ဒီဟာက အမှန်ပဲလို့လည်း တွေးမိလေ့ရှိတယ်။ ဒါပေမယ့် ကြည့်ရတာ ဒီနေ့ ကျွန်တော် မှားသွားတယ်။ ဒီလူက ကောင်းတဲ့လူမဟုတ်ဘူး.. မင်းက သူနဲ့ သူငယ်ချင်းတဲ့လား။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ပြောတာတွေ မေ့လိုက်တော့။ ပျော်ပျော်ရွှင်ရွှင် နေကြပါ။ ကျွန်တော် အရင် ပြန်နှင့်မယ်။”
“မပြန်ပါနဲ့ဦး။”
လုံကျန့်ယုသည် မချိပြုံး ပြုံးကာ ထန်ရှုအား တားလိုက်ပြီး ဟောင်ရှုအား စူးစမ်းသောအကြည့်ဖြင့် စိတ်ပျက်လက်ပျက်ဖြင့် ကျယ်လောင်စွာ ပြောလိုက်သည်။
“မင်းတို့ ဘာဖြစ်ကြတာတုန်း။ မင်းပဲ ငါ့ကို ထန်ရှုနဲ့ မိတ်ဆက်ပေးခိုင်းတယ်မဟုတ်လား။ ထိုက်တောင်ကို မင်း မျက်လုံးတွေက အသိအမှတ်ပြုဖို့ ကျရှုံးကုန်ပြီလားကွာ။ ထန်ရှုက သူ့စရိုက်အရ သူများကို အရင် ရန်စမှာမဟုတ်ဘူး။ အဲ့ဒါကို ငါ ကောင်းကောင်းကြီးသိတယ်။ မင်း ညီအစ်ကိုထန်ကို စော်ကားတာ တစ်ခုခုများ လုပ်မိပြီး သူ စိတ်မပျော်အောင် လုပ်ခဲ့ပြီ မဟုတ်လား။”
အံ့သြမှုနှင့်အတူ ဟောင်ရှု၏မျက်လုံးများသည် ပန်းကန်ပြားပမာ ပြူးကျယ်သွားပြီး မေးလိုက်သည်။
“သူက ထန်ရှုလား။”
လုံကျန်ယုသည် စိတ်ဆိုးသည့်ဟန်ဖြင့်
“သူပေါ့။ ညီအစ်ကိုထန် ဒီည လာလိမ့်မယ်လို့ ငါ မင်းကို အစောက မပြောခဲ့ဘူးလား။”
သူနှင့် ထန်ရှုအကြားမှ အရာအားလုံးအား ပြန်စဉ်းစားမိရင်း ဟောင်ရှု၏ မျက်နှာထက်တွင် အနေရခက်သည့်အမူအရာ ဖြစ်ပေါ်လာခဲ့သည်။ သူသည် မချိပြုံး ပြုံးလိုက်ကာ
“ညီအစ်ကို ထန်.. ငါ မင်းကို ရိုင်းပျခဲ့မိတာ ငါ မကောင်းတာပါ။ ငါ မင်းကို ထန်ရှုမှန်း မသိလို့ပါ။ ငါ မင်းအကြောင်း လုံကျန်ယုဆီကနေ အများကြီး ကြားဖူးထားပါတယ်။ အမှန်တကယ်တော့ ငါ မင်းကို ရင်ထဲကနေ လေးစားနေခဲ့တာပါ။ အဲ့လို ရင်းနှီးနေတဲ့သူကို အသိအမှတ်မပြုမိဘဲ ပြသနာတွေ ဖြစ်စေလိုက်သေးတယ်။ ဒါက ဘာနဲ့တူသလဲဆိုတော့ ငါတို့မှာ ရှိတဲ့ မိသားစုဝင်တွေအားလုံးကို ငါတို့ မသိလိုက်နိုင်တဲ့ အဖြစ်မျိုးနဲ့ တူနေတယ်မဟုတ်လား။ ဟား..ဟား.။”
ထန်ရှုသည် သက်ပြင်းချလိုက်ရုံမှတစ်ပါး မတတ်နိုင်တော့ချေ။ ပြသနာများနှင့် ဘေးဆိုးများအား အလွယ်တကူ ဖိတ်ခေါ်နေသည့် ဟောင်ရှု၏အကျင့်စရိုက်မျိုးသည် သူ လုံးဝမနှစ်သက်သောအရာဖြစ်သည်။ အင်မော်တယ်ကမ္ဘာတွင်သာဆိုပါက ထိုကဲ့သို့သူမျိုးများသည် အစိတ်စိတ်အပိုင်းပိုင်း ချေမွဖျက်ဆီးခံရပေလိမ့်မည်။ သို့သော်လည်း ဟောင်ရှုသည် လုံကျန့်ယု၏သူငယ်ချင်း ဖြစ်ပြီး သူသည်လည်း လုံကျန့်ယု၏အကူအညီအား ယူရန်ရှိသေးသောကြောင့် ထိုပြသနာအား စိတ်ထဲမထားတော့ဘဲ ဖြေလျော့ပေးလိုက်သည်။
“ထားလိုက်တော့။ နောက်ဆိုရင် မလုပ်ခင် အရင်စဉ်းစားပါ။ ပြီးတော့ မင်း ဒီတစ်ချက်ကို သတိထားသင့်တယ်။ တစ်ဖက်သားကို လှောင်ပြောင်မှု မလုပ်ခင်မှာ အဲ့ဒီလူတွေရဲ့အကြောင်း အသေးစိတ်ကို စုံစမ်းတာအကောင်းဆုံးပဲ။ နို့မဟုတ်ရင် မင်းဆီကို ပြသနာတွေ ဖြစ်လာဖို့ အရမ်း လွယ်တယ်။”
ထန်ရှုသည် ဟောင်ရှု၏အကျင့်စရိုက်အား ထောက်ပြလိုက်စေကာမူ သူသည် ခေါင်းညိတ်ပြခဲ့သည်။
ပြုံးရွှင်သောမျက်နှာဖြင့် လုံကျန်ယုသည် ထန်ရှုအား ဆွဲခေါ်ကာ ဆိုဖာတွင် ထိုင်စေပြီး အခြားမိန်းကလေးများအား အခန်းထဲမှ ထွက်ခွာသွားရန် အမိန့်ပေးလိုက်သည်။
“ကဲ ညီအစ်ကို ထန်… ဆိုပါဦး ငါ့ဆီက တစ်စုံတစ်ခု လိုအပ်တယ်လို့ စောစောက
မင်း ပြောခဲ့တာ။ ဘာများဖြစ်လို့လဲ။”
“အရင်ဆုံး စားစရာလေး မှာရအောင်။ အင်ဒီက အတော်ဗိုက်ဆာနေလို့။”
လုံကျန်ယုသည် လူခေါ်ခေါင်းလောင်းအား နှိပ်လိုက်ရာ ဝန်ထမ်းသည် များမကြာမီ ရောက်လာသည်။ သူသည် လုံစားသောက်ခန်းမ၏ အထူးစားသောက်ဖွယ်ရာများအား ထန်ရှု၏တောင်းဆိုချက်အတိုင်း ရွေးချယ်မှာယူလိုက်ပြီးနောက် ထန်ရှုအား ကြည့်ကာ
“အားလုံး ပြီးသွားပြီ။ ဒါဆို မင်း အခု ငါ့ကို ဘာဖြစ်သလဲဆိုတာ ပြောနိုင်ပြီမဟုတ်လား။”
“ကျွန်တော် တစ်စုံတစ်ယောက်ကို နိုင်ငံခြားက အိမ်တော်ထိန်းလေ့ကျင့်ပေးတဲ့သူတွေကို ငှားခိုင်းခဲ့တယ်။ သူတို့ကို တောင်တံခါးအိမ်ရာမှာပဲ စားဝတ်နေရေး ပြင်ဆင်ပေးဖို့ ကျွန်တော် စဉ်းစားမိတယ်။ အဲ့ဒါကြောင့် တောင်တံခါးအိမ်ရာမှာ တစ်စုံတစ်ယောက်ကများ အိမ်ငှားဖို့ရှိရင် ကျွန်တော် လအနည်းငယ်လောက် ငှားချင်လို့ အစ်ကိုလုံရဲ့အကူအညီ လိုတယ်။”
လုံကျန်ယုသည် ထူးဆန်းသည့်ဟန်ဖြင့် ထန်ရှုအား ကြည့်လိုက်ပြီး
“အာ ညီလေးထန်… မင်း ဘာကြောင့် တိုက်ရိုက်မပြောတာလဲ။ ဒီဟာက ငါ လတ်တလော ဝယ်လိုက်တဲ့အိမ်အကြောင်းကို မင်း ပြောနေတာ မဟုတ်လား။”
“မင်းက.. တောင်တံခါးအိမ်ရာမှာ ထပ်ဝယ်လိုက်တာလား။” ထန်ရှုသည် ဇဝေဇဝါဟန်ဖြင့် ပြန်မေးလိုက်သည်။
လုံကျန်ယုသည် မချိုပြုံး ပြုံးလိုက်ပြီး
“ငါ ဝယ်ခဲ့တယ်။ မင်းကို ပေးလိုက်တဲ့ အိမ်ကို ပြောတာမဟုတ်ဘူး ငါ သုံးဖို့အတွက်ပါ ရည်ရွယ်ထားတာ။ အခွင့်အရေးတစ်ခုအနေနဲ့ တောင်တံခါးအိမ်ရာမှာ ဝယ်ထားတဲ့ ငါ့သူငယ်ချင်းတစ်ယောက်က နိုင်ငံခြားမှာ အခြေချဖို့ လုပ်နေလို့ သူက အဲ့ဒီအိမ်ကို ရောင်းချင်နေခဲ့တာ။ ငါက အဲ့ဒီအိမ်ကို ငွေကုန်ကြေးကျခံပြီး ပြင်ဆင်မလို့ လုပ်နေတာ။”
“ဟား..ဟား..ဟား”
ထန်ရှုသည် စိတ်ဓာတ်ကျနေဟန်ရှိသည့် လုံကျန်ယုအား ကြည့်ကာ အူလှိုက်သည်းလှိုက် ရယ်မောလိုက်ရင်း
“အဲ့လိုဆိုမှဖြင့် မပြင်ခင် ကျွန်တော့်ကို ၂လလောက် ငှားပါဦး။ သူတို့တွေ ပြန်သွားတာနဲ့ ကျွန်တော် ချက်ချင်းပြန်အပ်ပါမယ်။ အဲ့ဒီတော့ကျမှ စိတ်ကြိုက်ပြင်ပေါ့။”
လုံကျန်ယုသည် ခေါင်းယမ်းလိုက်ရင်း သက်ပြင်းများချလျက်
“အီးယား.. ငါကိုက မင်းနဲ့ပေါင်းမိတာ ကံဆိုးတာပါ။ ငါ မပြင်ဆင်ရသေးဘူးဆိုတော့ မင်း ယူသုံးလိုက်ပါ။ မင်း အဲ့ဒီအိမ်ကို သုံးမယ်ဆိုရင် ငါ့အစ်မဝမ်းကွဲကို မင်းဆီ ဒီညနေ သော့ပေးခိုင်းလိုက်မယ်။”
“မင်းအစ်မဝမ်းကွဲ ဟုတ်လား။” ထန်ရှုသည် ဇဝေဇဝါဟန်ဖြင့် မေးလိုက်သည်။
***