လမ်းစည်းမျဉ်းအား ခွန်အားဖြင့် ဖြတ်ကျော်ခြင်း
Vol. 04 Ch. 170
စန်းပေမြို့၏စီးပွားရေး ဖွံ့ဖြိုးမှုသည် သာမန်မျှသာ ဖြစ်သည်။ ထိုမြို့သည် ကြယ်တာရာမြို့နှင့် အဆင့်အတန်းချင်း တူသင့်သော်လည်း ကြယ်တာရာမြို့နှင့်နှိုင်းယှဉ်မည်ဆိုပါက ဆောက်လုပ်ရေးနှင့် ဖွံဖြိုးတို့တွင် အားနည်းလျက်ရှိသေးသည်။ အငှားယာဉ်မောင်း အမျိုးသမီးသည် ထန်ရှုအား ထိုမြို့လေး၏ အကောင်းဆုံး ကြယ်ငါးပွင့်ဟိုတယ်သို့ ပို့ပေးသည်ဆိုသော်ငြား ဟိုတယ်အတွင်း ဝင်လိုက်သည်နှင့် ထိုဟိုတယ်သည် ကြယ်၄ပွင့်လောက်ပင် အဆင့်မရှိဟု သူ ခံစားမိသည်။
သေချာပေါက်ပင် သည်နေရာတွင် ဈေး အလွန်သက်သာနေခဲ့သည်။
စန်းပေမြို့၏ဘေးပတ်ပတ်လည်အား တောင်များနှင့် ရေများမှ ဝန်းရံထားသည်။ သိသာထင်ရှားစွာပင် သည်မြို့လေးသည် ကျွန်းမြို့ပင် ဖြစ်သည်။ နောက်တစ်နေ့ မနက်စောစောတွင် ထန်ရှုသည် ရေချိုးပြီးနောက် ဟိုတယ်၏ ထမင်းစားခန်းတွင် မနက်စာ စားလိုက်သည်။ ထို့နောက် သူ့အား လာရောက်ခေါ်ယူသည့် အငှားယာဉ်မောင်း အမျိုးသမီး၏ကားလေး ရောက်ရှိလာသည်။
“ကျွန်တော်တို့ ဒီကနေ ချင်ရှန်မြို့ကို ဘယ်နှစ်နာရီလောက် ကားစီးရမလဲ။”
ထန်ရှု၏အမေးအား
“အနည်းဆုံး ၂နာရီခွဲပဲ။ ခရီးလမ်းက သိပ်ဝေးတယ်လို့ မဆိုရင်တောင်မှ လမ်းက ကြမ်းတယ်။ ဒီမှာ လမ်းပြင်ဖို့ အစိုးရက နေ့တိုင်း ပြောနေတာပဲ။ ငါထင်တယ် ၂နှစ်လောက်ရှိသွားပြီ။ ခုထိတော့ ဘာမှ မလုပ်ရသေးဘူး။ လမ်းသာကောင်းသွားရင် ကီလို၁၀၀၊ ကီလို၂၀၀ ခရီးက တစ်နာရီသာသာလောက်ပဲ မောင်းရတော့မယ်။”
အငှားယာဉ်မောင်း အမျိုးသမီးသည် ပြုံးလျက် ဖြေလိုက်သည်။
ထန်ရှုသည် ခပ်ဖွဖွ ခေါင်းညိတ်လျက် တစ်ခဏမျှ တွေးတောနေရင်းမှ
“ဒီနေရာမှာ မိုးထိလိုဏ်ဂူတစ်ခု ရှိတယ်ဆိုတာ အမှန်လား။”
အငှားယာဉ်မောင်း အမျိုးသမီးသည် တဒင်္ဂမျှ အံ့အားသင့်သွားသည်။ ထို့နောက် သူမသည် ချက်ချင်း နိုးထလာဟန်ရှိပြီး ထန်ရှု၏မျက်လုံးများအား စူးစမ်းသောအကြည့်ဖြင့် ကြည့်လာသည်။ သူမသည် နွေးထွေးစွာ ပြုံးပြလျက်
“မောင်ငယ်လေး… နင် ချင်ရှန်မြို့ကို သွားရတဲ့အကြောင်းရင်းက မိုးထိလိုဏ်ဂူဆီကို သွားလည်မလို့မဟုတ်လား။ နင် ဒီအစ်မကြီးရဲ့စကားကို နားထောင်သင့်တယ် ကိုယ့်ကိုကိုယ် အန္တရာယ်တောထဲ မဆင်းချင်စမ်းပါနဲ့။ အဲ့ဒီလိုဏ်ဂူက တောင်တန်းတွေနဲ့ ရှေးကျတဲ့သစ်တောထဲမှာ သီးသန့်တည်ရှိနေတယ်။ တောင်တက်လမ်းက အရမ်းမက်စောက်ပြီး မြွေဆိုးတွေ သားရဲဆိုးတွေရှိသလို နွံအိုင်တွေလည်း ရှိတယ်။ လူအများအပြား အဲ့ဒီကို သွားကြပေမယ့် ဘယ်သူမှ ပြန်မထွက်လာကြဘူး။ နှစ်တိုင်း နောက်ခရီးသည်တွေက အရိုးစုအများအပြားကို ရှာတွေ့ကြတယ်။”
ထန်ရှုသည် စူးစမ်းလိုစိတ်ဖြင့်
“အဲ့ဒီတောင်တန်းကြီးက နိုင်ငံရဲ့ တောင်တန်းတွေထဲက တစ်ခုပဲ။ ဘာဖြစ်လို့ ဒေသခံအစိုးရက အဲ့ဒါကို ဆွဲဆောင်မှုရှိတဲ့နေရာအဖြစ် တိုးတက်အောင် မလုပ်နိုင်ရတာလဲ။ အခုခေတ် ကျွန်တော်တို့နိုင်ငံ နေရာတော်တော်များမှာ ဆွဲဆောင်မှုရှိတဲ့နေရာတစ်ခုစီရှိရင် ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်လိမ့်မယ်။ ပြည်တွင်းပြည်ပဧည့်သည်တွေ လာလည်တာများရင် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်တယ်လေ။ ဘာကြောင့် စန်းပေမှာ အဲ့လိုနေရာကို မဖော်ဆောင်တာလဲ။”
အငှားယာဉ်မောင်း အမျိုးသမီးသည် မပြုံးချင် ပြုံးချင် ပြုံးလိုက်ပြီး
“စန်းပေလုပ်ပိုင်ခွင့်နဲ့ပတ်သက်ပြီး အသင့်တော်ဆုံးဖြစ်တဲ့ စကား၃ခွန်း နင့်ကို ငါ ပြောပြမယ်။”
“ဟမ်… ဘယ်စကား၃ခွန်းလဲ။” ထန်ရှု မေးလိုက်သည်။
“အလုပ် မလုပ်ကြဘူး။”
အမျိုးသမီးသည် ရိုးရိုးရှင်းရှင်း ပြောလိုက်ခြင်းဖြစ်သည်။
ထန်ရှုသည် ရယ်ချင်စိတ်ကို မအောင့်နိုင်တော့ပေ။ အငှားယာဉ်မောင်း အမျိုးသမီးသည် ရိုးရိုးကြီး ပြောလိုက်သည်ဆိုသော်လည်း သူမ၏အမူအရာတွင် အဓိပ္ပာယ်များစွာ သယ်ဆောင်လာသည်။ ထန်ရှုသည် ယွမ်ချူးလင် ပြောပြဖူးသော အကြောင်းအရာအား ပြန်လည် သတိရသွားသည်။ ထိုအရာအား သူ ဒီနေ့တိုင် ရှင်းရှင်းလင်းလင်းကြီး မှတ်မိနေပါသေးသည်။
“အစိုးရရုံးဝန်ထမ်းတွေက လာဘ်စားတာ အကျင့်စာရိတ္တပျက်ပြားတာအတွက် မစိုးရိမ်ကြဘူး။ သူတို့က လောကမှာရှိတဲ့ ကျီးကန်းအားလုံးလိုပဲ သူတို့ရဲ့အဖွဲ့အစည်းမှာ ရာထူးတက်ဖို့ ဘာတွေလိုအပ်မလဲဆိုတဲ့ နက်မှောင်တဲ့အမျိုးတွေချည်းပဲ။ တစ်စုံတစ်ယောက်က လာဘ်မစားဘဲ သန့်သန့်ရှင်းရှင်း နေချင်တယ်ဆိုရင် သူတို့ဘယ်သူပဲဖြစ်ဖြစ် ခက်ခဲတဲ့အခြေအနေကနေ ရှာဖွေရလိမ့်မယ်။ အချို့အကျင့်ပျက်ဝန်ထမ်းတွေက သူတို့အထက်လူကြီးရဲ့အမိန့်ကို အကောင်အထည်ဖော်ရုံတင်မကဘူး သူတို့ကိုယ်တိုင်အတွက်ပါ ပြုလုပ်ကြတယ်။ အဲ့လိုလူမျိုးတွေက စက်ဆုပ်စရာအကောင်းဆုံးပဲ။”
ထန်ရှုသည် ဒေသခံအစိုးရနှင့်ပတ်သက်သည့် ပြသနာများအား ဆက်လက် မဆွေးနွေးချင်တော့ပေ။ သူသည် ပြုံးကာ ခေါင်းယမ်းလိုက်ရင်း သူ၏အကြည့်များအား ပြတင်းပေါက်မှတဆင့် အပြင်ဘက်သို့ လှမ်းကြည့်နေတော့သည်။ အငှားကားလေးသည် အလွန် မြန်ဆန်ပြီး စန်းပေမြို့ထဲမှ အဝေးပြေးလမ်းမသို့ ရောက်ရန် နာရီဝက်သာ ကြာသည်။ အားစိုက်ထုတ်မှုများစွာ မလုပ်လိုက်ရဘဲ ချောမွေ့သော လမ်း၏အဆုံးသို့ ရောက်ခဲ့ပြီဖြစ်ပြီး ရှေ့တွင် ကြမ်းတမ်းသော လမ်းသည် သူတို့အား ဆီးကြိုနေသည်ကို မြင်တွေ့နိုင်သည်။
“ဟူး… ဒီလမ်းကို လာတဲ့အချိန်တိုင်း အမြဲ ခေါင်းကိုက်ရတယ်။”
အငှားယာဉ်မောင်း အမျိုးသမီးသည် သိသာစွာပင် အထီးကျန်မနေချင်သူဖြစ်သည်။ သူတို့နှစ်ယောက် စကားစပြတ်သည်မှာ မကြာသေးချိန်တွင် သူမသည် စကားအစပျိုးလိုက်သည်။
တစ်ဖက်တွင် ထန်ရှုသည် စကားထပ်မပြောချင်တော့ပေ။ သူသည် နောက်ခန်းတွင် ထိုင်နေသောကြောင့် ရှေ့ခန်းတွင် မောင်းနေသော အမျိုးသမီးအား ကြည့်လိုက်ပြီး
“ကျွန်တော် ခဏအနားယူလိုက်ဦးမယ်။ ချင်ရှန်မြို့ရောက်ရင် ကျွန်တော့်ကို နှိုးပေးပါ။”
“အိပ်တော့မလို့လား။ ညက ကောင်းကောင်း မအိပ်ရဘူးလား။”
အငှားယာဉ်မောင်း အမျိုးသမီးသည် အံ့သြဟန်ဖြင့် မေးလိုက်သည်။
“အင်း” ထန်ရှုသည် ခပ်တိုးတိုးသာ အဖြေပေးတော့သည်။
အငှားယာဉ်မောင်း အမျိုးသမီးသည် ရယ်မောလိုက်ရင်း
“ဟုတ်မှာ။ နင် မနေ့က စန်းပေကို ရောက်တော့ပဲ ၁၀နာရီရှိနေပြီ။ ဟိုတယ်စာရင်းသွင်းတာနဲ့ ရေချိုးတာ ဘာညာလုပ်တာနဲ့ဆိုရင် ၁၂နာရီလောက်မှ အိပ်နိုင်လိမ့်မယ်။ မနက်ကလည်း အစောကြီးထရသေးတာဆိုတော့ နင် မအိပ်ချင်ဘူးဆိုရင်သာ ထူးဆန်းနေမှာ။ ဘာပဲဖြစ်ဖြစ် ဒီအစ်မကြီး နင့်ကို အသံကျယ်ကြီးနဲ့နှိုးတဲ့အထိ အိပ်လိုက်ပါ မောင်ငယ်လေး။”
“ကျေးဇူးတင်ပါတယ်။” ထန်ရှုသည် ပြန်ဖြေရင်း သူ၏မျက်လုံးများအား ဖြည်းညှင်းစွာ မှိတ်ထားလိုက်သည်။
မနေ့ညက သူ အရမ်းနောက်ကျမှ အိပ်ရသည်။ ၁၂နာရီတောင် မဟုတ်ဘဲ ၂နာရီ ၃နာရီမှ အိပ်ရသည် ထင်သည်။ သူ နေ့တိုင်း ဘယ်လောက် အလုပ်များများ ကျင့်ကြံရန်အတွက် အချိန်တစ်ခု ပေးထားသည်။ သူ၏ကိုယ်တွင်းထဲရှိ ကြယ်စွမ်းအားသည် အများကြီး တိုးတက်မလာသော်လည်း ဖြည်းဖြည်းချင်း စုဆောင်းနေသည်။ ရင့်မှည့်လာသော တစ်နေ့တွင် သူသည် အရေပြားသန်မာခြင်း၏နှောင်းပိုင်းအဆင့်အား အောင်မြင်စွာ ချိုးဖောက်နိုင်လိမ့်မည်။
အချိန်များ ကုန်လွန်လာပြီးနောက်…
ရုတ်တရက် ကားဘရိတ်အုပ်သံကြောင့် ထန်ရှုသည် နှစ်ခြိုက်စွာ အိပ်မောကျနေရာမှ လန့်နိုးသွားသည်။
“အာ.. ဘာတွေ ဖြစ်တာလဲ။”
ထန်ရှု၏ကိုယ်သည် ရှေ့သို့ ပြုတ်ကျသွားခဲ့သည်။ သူသာ မြန်ဆန်စွာ မလှုပ်ရှားပါက သူ၏ခေါင်းသည် ရှေ့ထိုင်ခုံနှင့် ပြေးဆောင့်မိပေမည်။ သူ၏မျက်လုံးများအား ဖွင့်လိုက်သောအခါ ကြက်သေ သေသွားရပြီး ချက်ချင်း မေးလိုက်မိသည်။
အငှားယာဉ်မောင်း အမျိုးသမီး၏အမူအရာသည် ဖြူဖျော့နေပြီး ဆောက်တည်ရာမရဟန် ဖြစ်နေသည်။ လှုပ်လှုပ်ခတ်ခတ်အမူအရာနှင့် ထန်ရှုအား လှည့်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။
“ငါတို့ ကံဆိုးပြီ။ နေ့ခင်းကြောင်တောင်မှာ ဓားပြတွေနဲ့တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး။”
ထန်ရှုသည် ပြတင်းပေါက်မှတဆင့် အပြင်ဘက်သို့ အကဲခတ်လိုက်သည်။ အလုံပိတ်ဗန်ကား၃စင်းသည် အငှားကားအား နောက်မှ ဝိုင်းထားသည်ကို ချက်ချင်းတွေ့လိုက်ရသည်။ အငှားကားလေးရှေ့ ခုနှစ်မီတာ ရှစ်မီတာအကွာတွင် ကျောက်တုံးကြီး ၄ ၊ ၅တုံးခန့်အား ချထားကာ လမ်းပိတ်ထားသည်။
ဘေးပတ်ပတ်လည်ကိုကြည့်လိုက်ပြီးနောက် ထန်ရှု လျင်မြန်စွာ အဖြေထုတ်လိုက်သည်။ လမ်းသည် ရှေ့တွင် ၃မြှောင့်ပုံ ခက်ရင်းခွသဏ္ဍာန်ရှိပြီး ထိုကား၃စီးသည် ထိုလမ်းခွတစ်ဖက်တစ်ချက်စီတွင် ရပ်ကာ ဖြတ်သွားသောကားများအား စောင့်ဆိုင်းနေခြင်းဖြစ်သည်။ ကားဖြတ်သွားသည်နှင့် ချက်ချင်းမောင်းထွက်လာကြကာ လမ်းအား ပိတ်ဆို့လိုက်ခြင်း ဖြစ်ပေမည်။ ရှေ့တွင် ပိတ်ဆို့ထားသော ကျောက်တုံးများသည် ယာယီအသုံးပြုရန်အတွက် ဖြစ်သည်။
သူ မထင်မှတ်ထားသည်မှာ သည်ဓားပြများသည် ကောင်းကင် ကြည်လင်ကာ ရာသီဥတုသာယာသော နေ့ခင်းကြောင်တောင်တွင်ပင် အေးဆေးစွာ လုယက်နေခြင်းကိုပင်။ သည်ဟာကို ကြည့်ခြင်းဖြင့်ပင် ထိုလူများ ဘယ်လောက်တောင် အတင့်ရဲလေသည်ကို မြင်နိုင်သည်။
“ဒေသခံအစိုးရက တကယ်ကို အလုပ်မလုပ်ဘူးပဲ။”
ထန်ရှုသည် သက်ပြင်းတစ်ချက် စိတ်ထဲမှ ချလိုက်သော်လည်း အလွန် စိတ်လှုပ်ရှားခြင်း မရှိပေ။
သူ ကြည့်နေစဉ်မှာပင် အလုံပိတ်ဗန်ကား၃စီးမှ လူများသည် ဓားကိုယ်စီဖြင့် ဆင်းလာသည်ကို တွေ့လိုက်ရသောကြောင့် တည်ငြိမ်သောလေသံဖြင့်
“ခင်ဗျား ကားကို ကြည့်ထား။ ကျွန်တော် ကားထဲကထွက်ပြီး သူတို့ကို ကြည့်လိုက်ဦးမယ်။”
အငှားယာဉ်မောင်း အမျိုးသမီးသည် အလျင်အမြန်ပင်
“မောင်ငယ်လေး… အလျင်စလို မလုပ်နဲ့နော်။ သူတို့က ပိုက်ဆံလိုချင်တာတစ်ခုပဲ။ နင် ပိုက်ဆံပေးလိုက်ရင် ဘေးကင်းလုံခြုံဖို့အတွက် အာမခံလိမ့်မယ်။ နင် ခုခံရင်တော့ သူတို့ကို နင့်ကို ရက်ရက်စက်စက် အမဲဖျက်ဖို့ ဝန်လေးမှာ မဟုတ်ဘူး။”
ထန်ရှုသည် ဘာမှ ပြန်မပြောခဲ့ချေ။ သူသည် ကားတံခါးဖွင့်ကာ ဆင်းလိုက်သည်။ သူသည် ခက်ထန်သော လူများအား ကြည့်လိုက်ရင်း
“ခင်ဗျားတို့က လမ်းမှာစောင့်ပြီး ဓားပြတိုက်တမ်း ကစားနေတာလား။”
လူ၁၀ယောက်ထက်မနည်းသော အုပ်စုရှေ့တွင် ဆွဲကြိုးတုတ်တုတ်အား ဝတ်ဆင်လျက် ဘယ်ဘက်ပါးတွင် ကင်းခြေများသဏ္ဍာန် ဓားဒဏ်ရာရှိသော ကတုံးပြောင်နှင့် လူကြီးတစ်ယောက် ရှိနေသည်။ ထိုသူသည် တောင်တက်ဓားတစ်ချောင်းအား ကိုင်ဆောင်လျက် သံသေးသံကြောင် ရယ်လိုက်ရင်း
“ဟီး..ဟီး.. ကောင်လေး မင်းက ငါတို့စီးပွားရေးကို သိတယ်ပေါ့။ မင်း ငါတို့ ဒီနေရာမှာ စောင့်နေမှန်း သိရင်လည်း နာခံပြီးတော့ မင်းရဲ့ပိုက်ဆံနဲ့ အဖိုးတန်တာတွေ ယူခဲ့လိုက်။ ငါတို့ညီအစ်ကိုတွေကို မင်း ပျော်ရွှင်စေနိုင်ရင် မင်းရဲ့ခြေတွေလက်တွေ မကျိုးစေရဘူး။”
တစ်ခဏမျှ ထန်ရှု တိတ်ဆိတ်သွားသည်။ ထို့နောက် ဖြည်းညှင်းစွာဖြင့်
“အန္တရာယ်ကောင်တွေကို နတ်ဆိုးက ချေမှုန်းတယ်ဆိုတာရော ခင်ဗျားတို့ ကြားဖူးလား။”
ကတုံးကြီး တစ်စက္ကန့်မျှ တွေဝေသွားပြီးနောက် အားပါးတရ အော်ရယ်လိုက်ရင်း
“ဒီတော့ မင်း ဆိုလိုတာက မင်းက နတ်ဆိုးပေါ့ ဟုတ်လား။ ငါတို့ကို သင်ခန်းစာတို့ ဘာတို့ ပေးသွားဦးမှာလား။”
ထန်ရှုသည် လက်မထောင်ပြလိုက်ရင်း သက်ပြင်းတစ်ချက် ချကာ ချီးကျူးလိုက်သည်။
“အာ.. ခင်ဗျားက ဒါကို နားလည်နေတယ်ဆိုတော့ စမတ်ကျတဲ့သူတစ်ယောက်ပဲလို့ ကျွန်တော် ယူဆတယ်။ ဒါပေမယ့် သနားစရာကောင်းတယ်။ ခင်ဗျားယူလိုက်တဲ့ လမ်းကြောင်းက ကောင်းတဲ့ဟာ မဟုတ်သလို ခင်ဗျားရဲ့ဦးနှောက်ကလည်း ကလိမ်ကကျစ် စိတ်ကူးတွေနဲ့ ပြည့်နေတယ်။ ဒီနေ့တော့ ခင်ဗျားမိဘတွေကိုယ်စား ခင်ဗျား အသိပညာတိုးလာအောင် ကျွန်တော် ကူညီရမယ်။ မှားယွင်းတာတွေ စွန့်လွှတ်ပြီး ဘဝသစ်ကို စိတ်သစ်လူသစ်နဲ့ ပြန်စပါ။”
“ဖွီး…ဟား..ဟား..ဟား”
ဒါဇင်ခန့်သော ဓားပြများနှင့် ကတုံးကြီးသည် ရိုင်းရိုင်းစိုင်းစိုင်း ရယ်မောကြသည်။ အချို့မရယ်မိသောသူများပင်လျှင် ထန်ရှုအား အရူးတစ်ယောက်သဖွယ် ကြည့်ကာ ပြုံးမိကြသည်။
အတန်ကြာပြီးနောက် ကတုံးသည် အရယ် ရပ်လိုက်ပြီး ထန်ရှုအား ကြည့်ကာ သူ၏လက်ချောင်းလေးများအား ကွေးညွှတ်ရင်း
“ကောင်လေး.. ငါ့ကို လူတွေ ဘာလို့ ခေါ်လဲသိလား။ ဓားအမာရွတ်နဲ့ချန်တဲ့။ လမ်းပေါ်က လူတွေကတောင် ငါ့ကို အစ်ကိုကြီးချန်လို့ ခေါ်ရတယ်။ ဘယ်လိုလဲ။ မင်း ဒီအစ်ကိုကြီးရဲ့နာမည်ကို ကြားဖူးပြီးပြီမဟုတ်လား။”
ထန်ရှုသည် ခေါင်းယမ်းလျက်
“ကျွန်တော်က အတွေ့အကြုံရှာဖို့ ထွက်လာတဲ့ တောသားလေးဆိုတော့ နာမည်ကို မကြားဖူးပါဘူး။ ခင်ဗျားက နာမည်ကြီးလား။”
ဓားပြများအနက်မှ တစ်ယောက်သည် ပြုံးရင်း
“နာမည်ကြီးလား။ နာမည်ကြီးတာထက်တောင် ပိုသေးတယ်။ အစ်ကိုချန်က လုံးဝကို အပြင်ဘက်မှာ ဂုဏ်ပုဒ်တစ်ခုရှိနေတယ်။ မင်းက တွေးတတ်သားပဲ။ မင်း မသိတာကို သဘာဝအတိုင်းလိုဖြစ်အောင် မင်းကိုယ်မင်း တောသားလို့ လုပ်ရမှာကို သိတယ်။”
“ခင်ဗျားစကားကို ကျွန်တော် ငြင်းတယ်။ သူ နာမည်ကြီးမှန်း ကျွန်တော် တကယ်မသိဘူး။ ဘာကြောင့်လို့ ခင်ဗျားထင်လဲ။” ထန်ရှုသည် ခေါင်းကို ယမ်းရင်း ပြောလိုက်သည်။
“ဟ ဘာကြောင့်လဲ။” ထိုဓားပြသည် ပဟေဠိဖြစ်စွာ မေးလိုက်သည်။
“ဆိုကြပါစို့.. ပစ်ချက်တစ်ခုက ငှက်တွေကို ထိမှန်ပြီး သေဆုံးစေတယ်။ သူသာ အမှန်တကယ် ကျော်ကြားရင် ရဲတွေက သူ့ကို ဖမ်းပြီးလောက်ရောပေါ့။ ပြည်သူ့လုံခြုံရေးက ဒီမှာ ဆိုးတယ်ဆိုပေမယ့် နာမည်မကြီးတဲ့ အရှက်မရှိတဲ့လူတွေကို ရဲတွေက ဖမ်းမယ်လို့တော့ ကျွန်တော် မထင်ဘူး။ ခင်ဗျား ဘယ်လိုထင်လဲ။”
ပျင်းရိပျင်းတွဲ အမူအရာဖြင့် ထန်ရှု ပြောလိုက်သည်။
“ငိုးမသားလေး။ မင်းအသက် ဖက်နဲ့သာ ထုပ်ထားတော့။”
ဓားပြသည် ဒေါသဖြင့် ပြေးလာပြီး သူ၏ဓားဖြင့် ထန်ရှုအား ရွယ်လိုက်သည်။
ဓားပြချန်သည် သူ၏လက်ကို ဝှေ့ယမ်းကာ ထိုဓားပြအား တားလိုက်သည်။ သူ၏ကျဉ်းမြောင်းသော မျက်လုံးအစုံသည် ထန်ရှုအား အကဲခေတ်နေရင်း
“ကောင်လေး… မင်းရဲ့ရဲရင့်မှုကိုတော့ တကယ်ကို ငါ လေးစားပါတယ်။ ငါတို့နဲ့ မျက်နှာချင်းဆိုင်ပြီး ယုံကြည်ချက်အပြည့်နဲ့ စကားပြောနေတာကို ကြည့်ပြီး မင်းက သာမန်လူ မဟုတ်လောက်ဘူး။ မင်းလည်း ငါတို့ထဲက တစ်ယောက် မဟုတ်လား။ မင်းရဲ့နာမည်ကို ဒီအစ်ကိုကြီးကို ပြောစမ်းပါ။”
“ကျွန်တော်က ကျေးလက်ကလာတဲ့ တောသားလေးပါလို့ ပြောပြီးလေ။”
ဓားပြချန်သည် ထန်ရှု၏မျက်လုံးများအား စူးစူးနစ်နစ် ကြည့်လိုက်ပြီး မကောင်းဆိုးဝါးဆန်သည့် အရိပ်အယောင်သည် သူ၏မျက်နှာထက်တွင် ပေါ်ထွက်လာခဲ့သည်။
“မင်းမှာ အခွင့်အရေး ရခဲ့ပေမယ့် မယူခဲ့ဘူး။ ဒီလိုဆိုမှတော့ ငါတို့ညီအစ်ကိုတွေကလည်း ယဉ်ကျေးမနေတော့ဘူး။ မင်း ပိုင်ဆိုင်တာတွေ ထုတ်ပြီး ကားမောင်းတဲ့သူကိုပါ ဆွဲထုတ်လိုက်။ မင်းပိုက်ဆံတွေပါ အကုန်ထုတ်။ အဲ့လိုမှမဟုတ်ရင် ဒီနေ့က မင်းရဲ့သွေးမြေခတဲ့နေ့ ဖြစ်သွားမယ်။”
အေးစက်တင်းမာသော အမူအရာဖြင့် ထန်ရှုသည် ပြန်ပြောလိုက်သည်။
“ကျွန်တော်လည်း ခင်ဗျားကို ပြန်ပြောရသေးတာပေါ့။ ခင်ဗျားတို့ ချမ်းသာသမျှ အကုန်ထုတ်စမ်း။ နို့မဟုတ်ရင် ကျွန်တော့်ကို အဆိုးမဆိုနဲ့။ ခင်ဗျားလည်ပင်းက ခွေးသံကြိုးကြီးရော၊ နာရီရော အကုန်ချွတ်။ ခင်ဗျားပိုင်ဆိုင်သမျှတွေ ပေးစမ်း။”
ဓားအမာရွတ်နှင့် ချန်သည် တစ်ခဏ ကြောင်တောင်တောင် ဖြစ်သွားသကဲ့သို့ ဝိုင်းထားသော ဓားပြများသည်လည်း ကျောက်ရုပ်ပမာ ဖြစ်သွားရသည်။ သို့သော်လည်း ထိုအရာသည် တစ်ဒင်္ဂမျှသာ ကြာခဲ့ပြီး သူတို့ လှုပ်ရှားလာကြသည်။ ဒေါသထွက်နေသော မျက်နှာထားများဖြင့် ဓားပြများသည် ထန်ရှုဆီသို့ ဝိုင်းရင်း အမြန် တိုက်ခိုက်လာသည်။
အေးစက်တင်းမာနေသော အမူအရာသည် ထန်ရှု၏မျက်နှာထက်တွင် ပေါ်လာခဲ့သည်။ သူ၏မျက်နှာဆီသို့ ခုတ်လိုက်သော ဓားအား ကြည့်လိုက်ရင်း သူ၏ခြေထောက်များသည် လျှပ်စီးသဖွယ် လှုပ်ရှားသွားကာ ဓားချက်အား ရှောင်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏လက်သီးသည် အခြားတစ်ယောက်၏နှာရိုးသို့ ပစ်ကျွေးလိုက်သည်။ သူ၏ခွန်အား အများကြီး မသုံးထားလင့်ကစား ထိုးချက်သည် ထိုလူ၏နှာခေါင်းရိုးအား ကျိုးသွားစေသည်။
“ဖောင်း…ဖောင်း…”
“ဘန်း…ဘန်း…”
ထန်ရှုသည် ရဲရင့်သော ကျားတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး ထိုဓားပြများသည် သိုးများသဖွယ် အားနည်းကြသည်။ သန်မာသော ကျားတစ်ကောင်သည် သိုးအုပ်ထဲသို့ ဝင်သွားသောအခါ ဖြစ်ပေါ်လာမည့်ရလဒ်အား လူတိုင်း သိသာစွာ တွေးကြည့်နိုင်ပေသည်။
အသက်၇ရှိုက် ၈ရှိုက်အတွင်းတွင် ဓားပြများသည် ထန်ရှုလက်ချက်ကြောင့် မှောက်ကုန်ကြပြီဖြစ်ပြီး လူတိုင်းသည် ပုဇွန်ကွေးသဖွယ် မြေပေါ်တွင် ကွေးနေရကာ နာကျင်သောကြောင့် အော်ဟစ်နေရသည်။
ဓားအမာရွတ်နှင့်ချန်သည် ယခုတိုင် မလှုပ်ရှားသေးချေ။ သူတစ်ယောက်တည်းသာ မားမားမတ်ကျန်ခဲ့သောသူဖြစ်ပြီး မျက်ဝန်းအစုံသည် ပြူးကျယ်လျက် မယုံကြည်နိုင်ဟန်အမူအရာများသည် ဖြစ်ပေါ်လျက် ထန်ရှုအား ကြောက်စရာကောင်းသည့် မကောင်းဆိုးဝါးသဖွယ် စူးစူးရဲရဲ ကြည့်မိနေသည်။
သိုင်းပညာရှင်အများအပြားအား သူ မြင်ဖူးသော်လည်း ယခုကဲ့သို့ ခြောက်လှန့်နိုင်စွမ်းရှိသူအား တစ်ခါမှ သူ မမြင်ဖူးချေ။ အိပ်မက် မက်နေမှန်း မဟုတ်ကြောင်း သေချာသွားချိန်တွင် သူ့ရှေ့တွင် ရှိနေသော ထန်ရှုသည် အငြိမ်းစား ယူထားသည့် အထူးတပ်ဖွဲ့စစ်သားတစ်ယောက် သို့မဟုတ် စူပါ အသေခံတပ်သားတစ်ယောက်ဟုပင် သံသယဝင်မိလေသည်။
**