← Chapters

လွယ်ကူစွာ ဖြေရှင်းခြင်း

Vol. 04 Ch. 171

လွယ်ကူစွာ ဖြေရှင်းခြင်း

Vol. 04 Ch. 171

သူ့ကိုယ်သူပင် မသိလိုက်ပါဘဲ ဓားအမာရွတ်နှင့်ချန်သည် နောက်သို့ ခြေ ၂လှမ်း ဆုတ်မိလေသည်။ သူသည် ထန်ရှုအား ကြည့်ကာ ဓားအား ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ တခြားညီအစ်ကိုများ၏တိုက်ခိုက်နိုင်သော ခွန်အားအား သူ သိရှိပြီး အလွယ်တကူ ကျရှုံးနိုင်မည့်သူများမဟုတ်ချေ။ တိုက်ခိုက်ရေး ပရိယာယ်နှင့် အတွေ့အကြုံကြွယ်ဝသူများ ဖြစ်ကြသည်။

သို့သော် အသက်၇ရှိုက် ၈ရှိုက်စာအတွင်း သူ၏ရှေ့တွင်ရှိသော လူငယ်သည် သူ၏ညီအစ်ကိုများအား အလှဲထိုးနိုင်ခဲ့ပေသည်။ ယခုအချိန်တွင် သူသည် ခိုင်မာသော ကျောက်တုံးအား ကန်လိုက်မိသည်ကို နားလည်သဘောပေါက်ခဲ့ပြီဖြစ်သည်။ သူ၏လက်ထဲတွင်ရှိသော ကတ်သည် လုံလောက်စွာ ကောင်းမွန်မှုရှိခဲ့ပါက သည်လူငယ်အား သူ ရှင်းနိုင်ပေမည်။ သို့သော် ထိုကတ်သည် အလုပ်မလုပ်ခဲ့ပါလျှင် သူ့အတွက် ကံဆိုးမိုးမှောင် ကျလိမ့်မည် ဖြစ်သည်။

တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ဓားအမာရွတ်နှင့်ချန်သည် ခါးမှ သေနတ်အား ဆွဲထုတ်လိုက်ပြီး မောင်းဖြုတ်လိုက်ကာ ထန်ရှုအား သေနတ်ပြောင်းဖြင့် ချိန်ထားလျက် ခက်ထန်သောအသံဖြင့်

“ကောင်လေး… မင်းရဲ့ကွန်ဖူးပညာနဲ့ ငါတို့ကို ရှင်းပစ်နိုင်မယ်လို့ ထင်နေတယ်ပေါ့။ မင်း ငါ့ကို တိုက်ခိုက်ဖို့ ကြိုးစားနိုင်တယ်။ ဒါပေမယ့် မင်းက ငါ့ကျည်ဆံတွေထက် ပိုမြန်နိုင်လို့လား။”

ထန်ရှုသည် တည်ငြိမ်အေးဆေးစွာဖြင့်

“ခင်ဗျားကို သေနတ်ချဖို့ အချိန်၃စက္ကန့်ပေးမယ်။ ကျွန်တော်မကြိုက်ဆုံးအရာက ကျွန်တော့်ကို ခြိမ်းခြောက်တာပဲ။ ပိုပြီး မုန်းတီးတာက ကျွန်တော့်ကို သေနတ်နဲ့ချိန်ထားတာကိုပဲ။ အဲ့ဒီတော့ ကျွန်တော့်ကို သေနတ်နဲ့ချိန်ထားတဲ့ မည်သူမဆို သေရင်သေ မသေရင် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားတာနဲ့ကြုံလိမ့်မယ်။”

“ဘာ”

ဓားအမာရွတ်နှင့်ချန်၏ရင်ထဲတွင် တုန်လှုပ်သွားကာ မသိလိုက်မသိဘာသာဖြင့် သူ၏သေနတ်ပြောင်းအား အောက်သို့ နှိမ့်လိုက်မိသည်။ သည်လမ်းတစ်လျှောက်တွင် ကျင်လည်ကျက်စားခဲ့သည်မှာ တစ်ရက် နှစ်ရက်မကချေ။ ရက်စက်သော လူများနှင့် ခက်ခဲမှုများကိုလည်း အချိန်တိုင်း ရင်ဆိုင်ကြုံတွေ့ခဲ့ဖူးသည်ဖြစ်သည်။ သို့သော် သည်တစ်ကြိမ် ထန်ရှုနှင့်တွေ့ဆုံခြင်းသည် သူ့အား ထိတ်လန့်ကြောက်ရွံ့သော ခံစားမှုအား ခံစားရစေသည်။ သူ့အနေဖြင့် သေနတ်ကိုင်ထားသော်လည်း မည်သည့်အကြောင်းကြောင့်ရယ်မသိ ထန်ရှု၏စကားအား ယုံကြည်နေမိသည်။ ကြောက်ရွံ့နေသော တိုက်ပွဲခွန်အားနှင့်သူသည် စကားပိုမပြောသင့်ဟု သူ တွေးမိသည်။

“ချီးတဲ့မှပဲ… မင်း…ဘယ်သူလဲ။”

ထန်ရှုသည် ဖြေရမှာ ပျင်းရိနေဟန်ဖြင့်

“ကျွန်တော် ဘယ်သူလဲဆိုတာ ခင်ဗျား သိစရာမလိုဘူး။ ခင်ဗျား သိရမှာတစ်ခုက ခင်ဗျားမိဘတွေကိုယ်စား ဒီနေ့ ခင်ဗျားကို ဆုံးမမယ်ဆိုတာပဲ။ အဲ့ဒါဆိုရင် အနာဂတ်မှာ ခင်ဗျားရဲ့ဘဝကို ပြင်နိုင်ပြီး စိတ်သစ်လူသစ်နဲ့ စတင်နိုင်မယ်။”

တစ်ခဏမျှ ဓားအမာရွတ်နှင့်ချန်သည် ငြိမ်သက်သွားပြီး ထန်ရှုအား သေနတ်ဖြင့် ပြန်ချိန်လိုက်ကာ အေးစက်သော လေသံဖြင့်

“ကောင်လေး… ငါ မင်းကို မကြောက်ဘူး။ ငါ့သေနတ်ထက် မင်းက ပိုမြန်လိမ့်မယ်ဆိုတာ၊ ငါ့ကျည်ဆန်ကို ရှောင်နိုင်လိမ့်မယ်ဆိုတာ လုံးဝမယုံဘူးကွ။ ငါ မင်းကို ပြောလိုက်မယ်။ မင်းသာ အကောင်းဆုံး လုပ်ပြနိုင်ခဲ့ရင် မင်းရဲ့ဆုံးမတာ ခံယူပြီးတော့ ဘယ်တော့ မကောင်းမှု ထပ်မလုပ်တော့ဘူး။ အေး… မင်းရှုံးသွားလို့ အပြင်းအထန် ထိခိုက်ဒဏ်ရာ ရသွားရင်တော့ ငါ့ကို အပြစ်မတင်နဲ့။”

ထန်ရှုသည် အေးစက်စွာ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး လက်ညှိုးတစ်ချောင်း ကွေးပြကာ

“အဲ့ဒါဆိုလည်း ကြိုးစားပြီး ကျွန်တော့်ကို ပစ်လိုက်။”

“မလုပ်နဲ့။”

အငှားယာဉ်မောင်း အမျိုးသမီးသည် အငှားကားထဲတွင် တစ်ချိန်လုံး ပုန်းအောင်းနေပြီး ထန်ရှု တိုက်ခိုက်ခဲ့သည့် မြင်ကွင်းအား ကြည့်နေခဲ့သည်။ ထန်ရှုကဲ့သို့ ဖော်ရွေသည့်ဆက်ဆံမှုရှိသော လူငယ်လေးသည် ထိုကဲ့သို့ ကြောက်မက်ဖွယ်အရည်အချင်း ရှိလိမ့်မည်ဟု သူမ မထင်ခဲ့မိပါချေ။ သည်တစ်ကြိမ်တော့ ဘေးကင်းလုံခြုံလိမ့်မည်ဟုပင် ယုံကြည်ခဲ့မိသည်။ သို့သော် ဓားအမာရွတ်နှင့်ချန်သည် ပစ္စတိုသေနတ်အား သယ်ဆောင်လာလိ့မ်မည်ဟု မထင်ထားခဲ့မိချေ။

ထန်ရှုနှင့် ဓားအမာရွတ်နှင့်ချန်တို့ ပြောဆိုနေသောစကားများအား သူမ ရှင်းလင်းစွာ ကြားလိုက်ရသောကြောင့် ဆောက်တည်ရာမရ ကြောက်ရွံ့သွားရသည်။ ထန်ရှုသည် သူ့အား သေနတ်ဖြင့် ချိန်ထားခြင်းကို ခံထားရသည့်တိုင် ကောင်းသည်၊ဆိုးသည်မသိဘဲ အရမ်း ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းပြီး မောက်မာနေဆဲဖြစ်သည်ဟု သူမ မြင်မိသည်။

ဆိုရိုးရှိသည့်အတိုင်း လေပြည် ညှင်းသွဲ့ပြီး လှိုင်းလေ ငြိမ်သက်နေဆဲတွင် သည်းခံပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်ပေးလိုက်ခြင်းသည် တောက်ပသော အနာဂတ်အား လမ်းဖွင့်ပေးလိုက်ခြင်းသာ ဖြစ်သည်။

သူမတို့အတွက် ဒီနေ့အဖြစ်အပျက်၏အဆိုးဆုံးအခြေအနေသည် ငွေကြေးများ ဆုံးရှုံးသွားခြင်းသာလျှင် ဖြစ်ပြီး အသက်ရှင်သန်နေသေးသည်။

ထို့ကြောင့် သူမသည် ကားတံခါးအား ဖွင့်ကာ အပြေးလာခြင်း ဖြစ်သည်။ ထို့နောက် ဓားအမာရွတ်နှင့်ချန်နှင့် ထန်ရှုအား တုန်လှုပ်စွာ ကြည့်လိုက်ရင်း

“အစ်ကိုကြီး… ကျွန်မရဲ့မောင်ငယ်လေးက တကယ် မသိတတ်လို့ပါ။ ကျေးဇူးပြုပြီး ညှာတာပေးပါ။ ကျွန်မ ပိုက်ဆံတွေအားလုံးပေးပါမယ်။ ကျွန်မတို့ကို သွားခွင့်ပေးပါ။”

ဓားအမာရွတ်နှင့်ချန်၏မျက်လုံးအစုံသည် စူးရဲသွားပြီး အေးစက်စက် နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ

“ဟမ့်… သူက မင်းရဲ့မောင်ငယ်လေး ဟုတ်လား။ မင်းက အငှားယာဉ်မောင်းဖြစ်ပြီးတော့ သူက မင်းရဲ့ခရီးသည်ပဲ မဟုတ်လား။ ဘာလဲ မင်းက သူ့ကို ကာကွယ်ပေးချင်တာလား။”

အငှားယာဉ်မောင်း အမျိုးသမီးသည် မချိပြုံး ပြုံးလိုက်ရင်း

“မဟုတ်ဘူး။ ကျွန်မက သူ့ကို ကာကွယ်ပေးနေတာ မဟုတ်ပါဘူး။ အခြေအနေကို ပိုပြီး မကြီးထွားစေချင်တာပါ။ ကျွန်မတို့နှစ်ဖက်စလုံး ခက်ခဲတဲ့ဘဝတွေ ရှိသလို ခက်ခက်ခဲခဲ ရှင်သန်နေရတယ်။ ကျွန်မတို့ ပိုက်ဆံရှာနိုင်သရွေ့ မတော်တဆဖြစ်မှုတွေက ပိုပြီး နည်းလာနိုင်တယ်။ ရှင်သာ သူ့ကို သတ်လိုက်ရင် လူသတ်မှုနဲ့ ရှင့်ကို အမှုပြန်ပတ်မှာပဲ။ လူတွေက ပြောကြတယ် ကိုယ့်ရဲ့ဖိနပ်တွေကို ရေမစိုစေဘဲ မြစ်ကမ်းနံဘေးမှာ ရပ်နိုင်ရမယ်တဲ့။ တစ်နေ့ ဒီလိုအမှုမျိုး ဖြစ်လာခဲ့ရင် ရှင့်ဘဝနဲ့ ပေးရလိမ့်မယ်။”

သူမ၏စကားများ ရပ်သွားခဲ့သည်။ ထန်ရှု၏မျက်နှာပေါ်မှ အေးစက်တင်းမာနေမှုအား ကြည့်လိုက်ရင်း သူ၏အကျီၤစအား အားတင်းဆွဲလိုက်ကာ မချိပြုံး ပြုံးလိုက်ကာ ဆက်ပြောလိုက်သည်။

“အစ်ကိုကြီး… ရှင် ပြောတာ မမှားပါဘူး။ သူက တကယ်တော့ ကျွန်မရဲ့ခရီးသည်ပါ။ ဒါပေမယ့် သူ့ရဲ့စွမ်းရည်ကို အစ်ကိုကြီး မြင်ဖူးပြီးပြီလို့ ကျွန်မ ယုံတယ်။ ဒီလိုကြောက်စရာကောင်းတဲ့ ကွန်ဖူးပညာက သာမန်လူတစ်ယောက်မှာ ရှိနိုင်ပါ့မလား။ ရှင် အခု သူ့ကို သေနတ်နဲ့ပစ်ပြီး သတ်နိုင်ပေမယ့် တစ်ချက်တော့ ရှင် မေ့နေတယ်လို့ ကျွန်မ ထင်တယ်။ ဒီလို အလွန်အမင်းကောင်းတဲ့ စွမ်းအားမျိုးကို ပိုင်ဆိုင်ထားတဲ့သူက ဘယ်လိုမိသားစုနဲ့ နောက်ခံမျိုး ရှိနေမလဲဆိုတာ ရှင် တွေးကြည့်ပြီးပြီလား။ ဒီနေရာကို သူ ဘာကြောင့် လာတာလဲဆိုတာ ရှင် သိရဲ့လား။”

ထိုစကားများသည် ဓားအမာရွတ်နှင့်ချန်အား သတိပေးလိုက်သည့်နှယ်ဖြစ်တော့သည်။ ထန်ရှု၏ ကြောက်မက်ဖွယ်အရည်အချင်းသည် သူ့အား တုန်လှုပ်စေသည်။ ယခင်က သူ အများကြီး မစဉ်းစားမိသော်လည်း အငှားယာဉ်မောင်း အမျိုးသမီး၏သတိပေးစကားများသည် သူ့အား ချက်ချင်း နိုးထလာစေသည်။

သည်ဟာ မှန်သည်။ လူငယ်လေး၏သွင်ပြင်သည် အသက်၂၀ခန့်သာ ရှိပေဦးမည်။ ထိုငယ်ရွယ်သော လူတစ်ယောက်၏စွမ်းအားသည် ထိုမျှ ကြောက်မက်ဖွယ်ရာ ကောင်းနေပါက သူ၏နောက်ခံအင်အားသည် ပိုမို စွမ်းအားကြီးပေလိမ့်မည်။ သူ မည်သည့်အခါမျှ သွားမနှောင့်ယှက်သင့်သော စွမ်းအားကြီးသည့် အဖွဲ့အား အမှန်တကယ် ရန်စခဲ့မိပါက မြှုပ်နှံခြင်းပင်မရှိဘဲ သူ၏ဘ၀ အဆုံးသတ်ရပေလိမ့်မည်။ ထို့ထပ်ပိုပြောရပါလျှင် သူ၏မိသားစုသို့ပင် ဘေးဆိုးကျရောက်သွားနိုင်သည်။

ထိုအချက်အား တွေးမိလိုက်သည်နှင့် ဓားအမာရွတ်နှင့်ချန်သည် သူ၏သေနတ်အား ချိန်ထားရာမှ ဖြည်းညှင်းစွာ အောက်သို့ ချလိုက်သည်။

“ကောင်းပြီ။ ငါလည်း ဒီ့ထက် ပြသနာပိုမများချင်တော့တာ ဝန်ခံတယ်။ ဒီညီငယ်လေးက သာမန်မဟုတ်တာ ငါလည်း ပြောနိုင်တယ်။ ဒီနေ့ဖြစ်ပျက်သမျှကို အဆုံးသတ်လိုက်ကြရအောင်။ မင်း ငါ့ကို ယွမ်ထောင်အနည်းငယ်လောက်ပေးပါ။ အဲ့ဒီငွေကို ငါ့ညီအစ်ကိုတွေအတွက် ဆေးဖိုးလို့ သဘောထားပြီး ငါတို့ ဒီပြသနာကို ပြီးဆုံးလိုက်မယ်။ နောက်ဆိုရင် မင်းလမ်း မင်းလျှောက်၊ ငါလမ်း ငါလျှောက်မယ်။ မြစ်ရေက ကောင်းမွန်တဲ့အရာတစ်ခုနဲ့ မရောနှောသလိုပဲ ငါတို့အချင်းချင်းလည်း မပတ်သက်ကြတော့ဘူး။”

ထန်ရှု အေးစက်စွာဖြင့် အော်ဟစ်လိုက်သည်။

“ခင်ဗျား သေနတ် မြှောက်လိုက်စမ်း။”

ဓားအမာရွတ်နှင့်ချန်သည် မျက်မှောင်ကြုပ်သွားပြီး ချက်ချင်းပင် ထန်ရှုအား ချိန်ရွယ်လိုက်သည်။

ဝှစ်…

အရိပ်တစ်ရိပ်သည် လျှပ်စီးလက်သည့်အလားဖြစ်သွားပြီး ဓားအမာရွတ်နှင့်ချန်၏ညာဘက် လက်ကောက်ဝတ်သည် လိမ်ချိုးခံလိုက်ရကာ သူ၏သေနတ်သည် ထန်ရှု၏လက်ထဲတွင် ပေါ်လာသည်။ တစ်ဆက်တည်းမှာပင် ထန်ရှုသည် ထိုသူ၏မျက်နှာအား ပြင်းထန်စွာ ကန်လိုက်ပြီး မြေပေါ်သို့ ပြုတ်ကျကာ နာကျင်စေလိုက်သည်။

“အရာရာတိုင်းက ခင်ဗျားပြောသလို ဖြေရှင်းရမှာလား။ မရဘူး။ ခင်ဗျား ကျွန်တော့်ကို မပစ်လိုက်တဲ့အတွက် ဝမ်းသာသင့်တယ်။ နို့မဟုတ်ရင် ခင်ဗျားလက်တွေကို အကုန်ချိုးပစ်မှာ။

ခင်ဗျားတို့လို ဆန်ကုန်မြေလေးတွေကို ဒီတောင်တန်းမှာ ရှိတဲ့ သားရဲတွေကို အစာကျွေးလိုက်ဖို့ အချိန်ဘယ်လောက်မှ မကုန်ဘူးဆိုတော့ ခင်ဗျား ကိုယ့်ကိုကိုယ် ကံကောင်းတယ်လို့ ယူဆနိုင်တယ်။”

ပြောင်းပြန်လှန်လိုက်သည့်ပမာ အခြေအနေတစ်ခုလုံးအား ဖြစ်သွားသည်ကို ကြည့်ရင်း ထိတ်လန့်တုန်လှုပ်မှုနှင့်အတူ အငှားယာဉ်မောင်း အမျိုးသမီးသည် အံ့အားသင့်လျက် အာစေးမိနေသည့်နှယ်ဖြစ်သည်။ ထန်ရှုသည် ဓားအမာရွတ်နှင့်ချန်အား မြေပြင်ပေါ်တွင် သွေးများ အန်သည်အထိ တိုက်ခိုက်နိုင်သည်ကို ကြည့်ကာ အံ့သြတုန်လှုပ်လျက် သူမ၏ဦးနှောက် အလုပ်လုပ်ခြင်းပင် ရပ်ဆိုင်းသွားစည့်ဟန်ရှိသည်။

ထိုခဏတွင်…

ဓားအမာရွတ်နှင့်ချန်သည် ရေခဲတုံးအတွင်း ရောက်နေသည့်ပမာ တစ်ကိုယ်လုံး အေးစက်လာသည်။ သူ၏မျက်နှာမှ နာကျင်မှုကိုသာမက လက်ကောက်ဝတ်မှ နာကျင်မှုကိုပင် မေ့လျော့သွားသည်။

မြန်သည်…. အလွန်မြန်လွန်းသည်။

သူ၏အရှေ့မှ မြင်ကွင်းအား ပြောင်းလဲသွားသည်ကိုသာ ခံစားမိတော့သည်။ သူ၏လက်ကောက်ဝတ် လိမ်ချိုးခံရသည်။ သေနတ်ကိုင်သည့်လူ ပြောင်းသွားသည်။ ထန်ရှု သူ့အား မည်သို့ကန်လိုက်ကာ မြေပြင်ပေါ် မည်သို့ နာကျင်စွာ ပြုတ်ကျသွားသည်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ချေ။

ထိုခဏ၌ပင် သူ ရုတ်တရက် နားလည်လာရသည်မှာ သူ၏သေနတ်အား မောင်းတင်ကာ ပစ်နိုင်ခဲ့ရင်တောင်မှ ထိုလူငယ်အား ထိခိုက်စေနိုင်မည် မဟုတ်ဘဲ သူ၏ကံတရားသည်သာ စုတ်ပြတ်သွားမည်ဆိုတာကိုပင်။

ထန်ရှုသည် ကိုယ်ကိုကိုင်းကာ ဓားအမာရွတ်နှင့်ချန်၏မျက်နှာအား ဆွဲကိုင်လိုက်ပြီး

“ကျွန်တော် ပြောတာကို မှတ်ထားပါ။ ခင်ဗျား စိတ်သစ်လူသစ်နဲ့ဘဝကို ပြန်မစခဲ့ရင် အနာဂတ်မှာ အခြားလူတွေကို ခင်ဗျား ထိခိုက်အောင်လုပ်ခြင်းမှ ကာကွယ်ဖို့ ခင်ဗျားတို့အားလုံးကို ချေမှုန်းဖို့ ကျွန်တော် ဝန်လေးနေမှာ မဟုတ်ဘူး။”

ဓားအမာရွတ်နှင့်ချန်၏နှုတ်ခမ်းများ တဆတ်ဆတ် တုန်ရီသွားရသည်။ သေလုမျောပါးဖြစ်နေသော သူ၏အပေါင်းအပါများအား တစ်ချက်ကြည့်လိုက်ပြီး

“ငါ မင်းကို ရှုံးတယ်ဆိုတာ ဝန်ခံတယ်။ မြစ်ကမ်းဘေးမှာ ဖိနပ်ကို ရေမစိုအောင် ရပ်ရမယ်ဆိုတာ တကယ် မှန်ပါတယ်။ အဲ့ဒါကြောင့် ငါတို့ ဒီလမ်းမပေါ်မှာ မကျက်စားတော့ပါဘူး။”

“ဖြန်း..”

ထန်ရှုသည် သူ့အား ဆွဲကာ ပါးတစ်ချက် ချလိုက်ပြီး အေးစက်စွာဖြင့်

“ခင်ဗျားတို့ ဒီလမ်းတင် မဟုတ်ဘူး ဘယ်နေရာမဆို ဘယ်တော့မှ ဒီလိုမကောင်းမှုတွေ မလုပ်ရဘူး။ ကောင်းကင်ဥပဒေက လည်ပတ်နေလို့ ပြုလုပ်သမျှ ကံအကျိုးက တရားမျှတမှုကို ဖြစ်စေလိမ့်မယ်။ မကောင်းတဲ့သူတွေအားလုံးအတွက် သေချာတာတစ်ခုက သူ့တို့ဘဝမှာ လုပ်ခဲ့သမျှ ပြန်ပေးဆပ်ရတာပဲ။ ဒီဟာက ခင်ဗျားအပေါ် မကျနိုင်ရင်တောင် ခင်ဗျားသားစဉ်မြေးဆက်တွေက ပြန်ပေးဆပ်ရတာဖြစ်ပြီး သူတို့အတွက် ကောင်းမှုကုသိုလ် လုပ်ပေးရလိမ့်မယ်။”

“ငါ ကတိပေးတယ်။”  ဓားအမာရွတ်နှင့်ချန်၏တုံ့ပြန်မှုသည် ရိုးရှင်းလှသည်။

ထန်ရှုသည် ခေါင်းတစ်ချက်ညိတ်လိုက်သည်။ မတ်တ်ရပ်လိုက်ပြီးနောက် သူ့အား တစ်ချက် ကန်လိုက်ပြီး

“ခင်ဗျားလူတွေကို ထဖို့ ပြောလိုက်တော့။ မြေကြီးပေါ်လှဲပြီး သေချင်ယောင်ဆောင်မနေနဲ့လို့။ သူတို့ကို တန်းစီခိုင်းထား၊ တစ်ချို့ကို ကားရှေ့မှာ ပိတ်နေတဲ့ ကျောက်တုံးတွေဖယ်ပြီး အလုံပိတ်ကားတွေ ဘေးကို မောင်းခိုင်းတော့။”

ဓားအမာရွတ်နှင့်ချန် ကြိုးစားအားယူကာ မတ်တတ်ရပ်လိုက်ရင်း မြေပြင်ပေါ်တွင် လဲနေသော သူ၏ညီအစ်ကိုများအား ကြည့်ကာ တုံ့ဆိုင်းခြင်းမရှိဘဲ အော်ပြောလိုက်သည်။

“မင်းတို့အားလုံး ထလိုက်စမ်း။ ဒီညီအစ်ကိုလေး ပြောတဲ့အတိုင်း လုပ်ပေးလိုက်။”

မြေပြင်ပေါ်တွင် ဒဏ်ရာများနှင့် လဲနေသော လူများသည် ထန်ရှုအား ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်လိုက်ပြီး ထရပ်လိုက်ပြီးနောက် ကျောက်တုံးများနှင့် အလုံပိတ်ဗင်ကားများအား ဖယ်ရှားလိုက်သည်။ ထန်ရှုသည် သူ၏လက်အား ဓားအမာရွတ်နှင့်ချန်ဆီသို့ ဆန့်တန်းလျက် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“အခု ခင်ဗျားတို့ ပိုက်ဆံတွေ ထုတ်ပြီး ကျွန်တော့်ကို ပေးပါ။ အလောတကြီး လာရတော့ ပိုက်ဆံအများကြီး မသယ်လာခဲ့ဘူး။ ခင်ဗျား ကျွန်တော့်ကို ရှုံးတဲ့အတွက် ရှုံးကြေးပေးတယ်လို့ပဲ သဘောထားလိုက်။”

“ပိုက်ဆံတွေ ထုတ်လိုက်။”

များမကြာမီ…

ယွမ်တစ်ရာတန်အထပ်လိုက်နှင့် သေးငယ်သောငွေကြေးအခေါက်လိုက်သည် ထန်ရှု၏လက်ထဲသို့ ရောက်လာသည်။ သူ၏မျက်လုံးဖြင့် ခန့်မှန်းရာတွင်ပင် ငွေတစ်ထပ်သည် ယွမ်တစ်သောင်းမှ နှစ်သောင်းအထိပင် ရှိသောကြောင့် ထိုလူများ အမှန်တကယ်ပင် ပိုက်ဆံအများကြီးရှိသည်ကို ထန်ရှု သိလိုက်သည်။

“အခု ထွက်သွားတော့။ ကျွန်တော့်ကို ထပ်တွေ့ရအောင် မလုပ်နဲ့။”

ထန်ရှုသည် လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

ဓားအမာရွတ်နှင့်ချန်နှင့် သူ၏အဖွဲ့သားများသည် ထွက်ပြေးချင်သည့်စိတ်ဖြစ်ပေါ်နေသည်မှာ ကြာခဲ့ပြီဖြစ်သည်။ ထန်ရှု၏ ပြောစကားအား ကြားကြားချင်း စိတ်ထဲမှ မကျိန်ဆဲဘဲ မနေနိုင်တော့ပေ။

“ချီးတဲ့မှပဲ မင်းလိုမကောင်းဆိုးဝါးဆန်တဲ့ကောင်နဲ့ ဘယ်သူက ထပ်တွေ့ချင်မှာတဲ့လဲ။”

သူတို့ လျင်မြန်စွာပင် ထွက်ခွာသွားကြသည်။ လေကဲ့သို့ ရောက်လာပြီး လေကဲ့သို့ ပျောက်ကွယ်သွားကြသည့်နှယ်ပင်ဖြစ်တော့သည်။

အငှားယာဉ်မောင်း အမျိုးသမီးသည် အိပ်မက်မှ နိုးထလာသူနှယ် သူမ၏ကိုယ်လုံးသည် တုန်ရီနေကာ အလျင်အမြန်ပင်

“အာ ဟုတ်တယ်။ဟုတ်တယ်။ ငါတို့ သွားကြမယ်။ ခုချက်ချင်း ငါတို့သွားကြမယ်။”

ထန်ရှုသည် ခပ်ဖွဖွ ပြုံးလိုက်ရင်း ကားထဲဝင်ထိုင်လိုက်ကာ ပိုက်ဆံ၂ထပ်အား အငှားယာဉ်မောင်း အမျိုးသမီးထံ ထုတ်ပေးလိုက်သည်။

“ဒီပိုက်ဆံက ကားငှားခပါ။”

အငှားယာဉ်မောင်း အမျိုးသမီးသည် လျင်မြန်စွာပင်

“မဟုတ်ဘူး။ မဟုတ်ဘူး။ ဒါက အရမ်းများလွန်းတယ်။ ယွမ်တစ်ထောင် သို့မဟုတ် နှစ်ထောင်ဆိုရင် ရပါပြီ။ ဒီနေရာမှာ နင်သာမရှိရင် ငါ ဒီနေ့ ပါလာသမျှ ဓားပြတိုက်ခံရပြီပေါ့။ ဘယ်လိုဖြစ်ပြီး နင့်ဆီက လိုချင်နေရဦးမှာလဲ။”

“ကျွန်တော့်ရဲ့လက်ဆောင်အဖြစ် သဘောထားပြီး ယူလိုက်ပါ။ ခင်ဗျားက ဖြောင့်မတ်ပြီး ကျွန်တော့်ဘက် ရပ်တည်ပေးမယ်လို့ မထင်ခဲ့မိဘူး။ သေနတ်ကိုင်ထားတဲ့သူတစ်ယောက် ရှိတာကိုတောင်မှ ကျွန်တော့်ကို ကူညီပြီး ရပ်တည်ပေးရဲတယ်။ သူငယ်ချင်းတစ်ယောက်အတွက် တစ်ယောက်က အမှန်တကယ် ရပ်တည်ပေးနိုင်တဲ့ အခြေအနေတစ်ခုအဖြစ် စဉ်းစားနိုင်တယ် မဟုတ်ဘူးလား။”  ထန်ရှု ပြောလိုက်သည်။

အငှားယာဉ်မောင်း အမျိုးသမီးသည် ပင်ကိုယ်ကပင် ပွင့်လင်းဖြောင့်မတ်သူ ဖြစ်သည်။ ထန်ရှု၏စကားများအား ချီတုံချတုံ စဉ်းစားပြီးမှ ပိုက်ဆံအား လက်ခံလိုက်သည်။ သူမသည် ကျေးဇူးတင်သော အမူအရာဖြင့်

“မောင်ငယ်လေး… နင် သိတဲ့အတိုင်း… နင့်လို စိတ်ထားကောင်းပြီး စွမ်းအားကြီးတဲ့သူမျိုးနဲ့ မမျှော်လင့်ဘဲ ဆုံဖို့ဆိုတာ ဒီနေ့ခေတ်မှာ အလွန်ရှားသွားပြီ။ နောင်တစ်ချိန် စန်းပေမြို့ကို နင် အလည်ထပ်လာလို့ အငှားကား လိုခဲ့ရင် ငါ့ကို လှမ်းခေါ်လိုက်ပါ။ ဒီအစ်မကြီးက နင့်ကို တစ်ပြားတစ်ချပ်မှ မယူဘဲ လိုက်ပို့ပေးပါမယ်။”

“ကောင်းပါပြီ။”

ထန်ရှုသည် ဟန်ဆောင်ခြင်းမရှိဘဲ ပြုံးလျက် ခေါင်းကိုညိတ်ကာ လက်ခံလိုက်လေသည်။

All Chapters