← Chapters

နေရာတိုင်းတွင် ပုန်းခိုနေသော အန္တရာယ်များ

Vol. 04 Ch. 172

နေရာတိုင်းတွင် ပုန်းခိုနေသော အန္တရာယ်များ

Vol. 04 Ch. 172

ဘေးတစ်ဖက်တစ်ချက်တွင် တောင်တန်းနှင့်မြစ်များဝန်းရံကာ တည်ရှိနေသော အလယ်ပိုင်းဒေသတွင် ချင်ရှန်မြို့လေးသည် လှပသော မြင်ကွင်းနှင့် လတ်ဆတ်သောလေထုတို့ဖြင့် ဖုံးအုပ်တည်ရှိနေသည်။ ထိုမြို့လေးတွင် နေထိုင်သူဦးရေသည် နည်းပါးကာ စုစုပေါင်းမှ အိမ်ခြေမိသားစုတစ်ထောင်သာသာမျှသာ ရှိပေသည်။

မြို့ထဲတွင် လက်တစ်ဆုပ်စာမျှသာဆိုင်များ ရှိသော်လည်း နည်းပါးသောအရေအတွက်ဖြင့် အရာရာကို ဖြည့်ဆည်းပေးနိုင်သည်။ မြို့၏စည်ကားသောအရပ်တွင် နေ့စဉ်လိုအပ်ချက်များကို ရောင်းချပေးနေသောစတိုးဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် ဟိုတယ်တစ်လုံးရှိသည်။

ထန်ရှုသည် ဟိုတယ်ဝင်ပေါက်တွင် ဆင်းလိုက်ချိန်တွင် အမည်းရောင်အလုပ်သမားဝတ်စုံ ဝတ်ဆင်ထားသော သတ်လတ်ပိုင်းလူတစ်ဦးသည် ချဉ်းကပ်လာပြီး သူ့အား နှုတ်ဆက်လာသည်။

“ဟယ်လို… မစ္စတာထန်လား။

“ကျွန်တော်ပါ။”  ထန်ရှု ပြန်ဖြေလိုက်သည်။

သက်လတ်ပိုင်းလူသည် လေးစားစွာဖြင့် ထပ်မံပြောလိုက်သည်။

“မစ္စတာထန်… ကျွန်တော့်သူဋ္ဌေးနဲ့ မစ္စတာရှောင်တို့က ခင်ဗျားကို စောင့်နေတာ ကြာပါပြီ။ ကျေးဇူးပြုပြီး ကျွန်တော့်နောက် လိုက်ခဲ့ပါ။”

ထန်ရှု ခေါင်းညိတ်ပြလိုက်ရင်း သက်လတ်ပိုင်းလူ၏နောက်မှလိုက်ကာ ဟိုတယ်ထဲသို့ ဝင်လာခဲ့သည်။ ဒုတိယထပ်ရှိ ကျယ်ဝန်းတောက်ပသော အခန်းထဲသို့ ရောက်သောအခါ မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့အား တွေ့လိုက်ရတော့သည်။ သူ၏စူးရှသောအကြည့်ဖြင့် ထိုသူ၂ယောက်စလုံးသည် ဒဏ်ရာများ ရထားသည်ကို တစ်ချက်အကြည့်ဖြင့်ပင် သိနိုင်သည်။

ဒဏ်ရာများမှာ မပြင်းထန်သော်လည်း သူတို့၏ရုပ်သွင်အား အင်မတန် ဆိုးစေသည်။

“နောက်ဆုံးတော့ မင်း ရောက်လာပြီ ညီအစ်ကို ထန်။ ဒီတစ်ကြိမ်တော့ ငါတို့ အတော်ဆုံးရှုံးခဲ့တယ်လို့ ဆိုနိုင်တယ်။ မင်းသာ မလာခဲ့ရင် ငါတို့ အိမ်ပြန်ဖို့ အမှန်တကယ်ကို ပြင်ဆင်ပြီးနေပြီ။”  မြောင်ဝမ်တန်သည် လမ်းလျှောက်လာရင်း ခါးသီးစွာ အပြုံးဖြင့် ပြောလိုက်သည်။

ထန်ရှုသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း

“ဒါ ကိစ္စမရှိပါဘူး။ ကျွန်တော်တို့အားလုံးက ကျင့်ကြံသူတွေဆိုတော့ ကျင့်ကြံမှု အရင်းအမြစ်တွေလိုတာ သဘာဝပဲ။ ကျွန်တော်လိုအပ်နေချိန်မှာ ဒီလိုကောင်းတဲ့အရာအတွက် သတိတရခေါ်ပေးတဲ့အတွက် ကျွန်တော်ကတောင် ကျေးဇူးတင်နေရဦးမှာပါ။”

ရှောင်မင်ကျန်းသည် ကူကယ်ရာမဲ့ဟန်ဖြင့် ပြုံးလိုက်ရင်း

“ညီအစ်ကို ထန်.. ငါတို့ပြောခဲ့တဲ့ကောင်းတဲ့အရာရဲ့အကြောင်းကို ငါတို့ကိုယ်တိုင် ရှင်းရှင်းလင်းလင်း မသိသေးဘူးဖြစ်နေတယ်။ ငါတို့ရထားတဲ့သတင်းအရဆိုရင် လိုဏ်ဂူထဲမှာ အဖိုးတန် အရင်းအမြစ်တွေ ရှိတယ်ဆိုပေမယ့် အဲ့ဒါကို ငါတို့ခုထိ မဖော်ထုတ်နိုင်သေးဘူး။ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့တာတောင် အဲ့ဒီလိုဏ်ဂူရဲ့အတွင်းပိုင်းထိ မထိုးဖောက်နိုင်သေးဘူး။”

ထန်ရှုသည် ခေါင်းညိတ်လိုက်ရင်း

“ကျွန်တော် ခင်ဗျားတို့ရဲ့အခြေအနေကို ကောင်းကောင်း သတိပြုမိပါတယ်။ ဒါပေမယ့် ခင်ဗျားတို့နှစ်ဦးစလုံးမှာ သူမတူတဲ့ခွန်အားတွေ ရှိပြီး ကျွန်တော်တောင်မှ ခင်ဗျားတို့ပြိုင်ဖက် မဟုတ်လောက်ဘူး။ အဲ့ဒါကြောင့် ခင်ဗျား ကျွန်တော့်ကို အရင်တစ်ခေါက် ဖုန်းခေါ်တဲ့အချိန်မှာ တစ်စုံတစ်ခုက ခင်ဗျားကို နောက်ပြန်ဆုတ်စေခဲ့တာမဟုတ်လား။”

“ဟုတ်တယ်။ တစ်စုံတစ်ခုက ငါတို့က အမှန်တကယ်ကို ရပ်တန့်စေခဲ့တယ်။ ညီအစ်ကို ထန်.. အဲ့ဒီထူးဆန်းတဲ့အရာကို မင်း မမြင်ဖူးလောက်ဘူးလို့ ငါ ထင်တယ်။ နွေဦးသစ်တောတောင်စဉ်တန်းထဲက သစ်တောထူထပ်တဲ့တောင်တစ်ခုအနားမှာ အလွန် စွမ်းအားကြီးပြီး ဆိုးဝါးတဲ့ သတ္တဝါတစ်ကောင်နဲ့ ငါတို့ တွေ့ခဲ့ရတယ်။ အဲ့ဒီကောင်က ကျားတို့ ကျားသစ်တို့နဲ့ဆင်တူပေမယ့် တစ်ခုမှ မဟုတ်ဘူး။ သူ့ကိုယ်လုံးက ပိုသေးပြီး သစ်ကျုတ်တစ်ကောင်လိုပဲ ဒါပေမယ့် သူက တအားမြန်တယ်။ ပြီးတော့ ဉာဏ်အရမ်းကောင်းတယ်။ ငါတို့ စဉ်းစားနိုင်သမျှနည်းလမ်းတွေနဲ့တိုက်ခိုက်ခုခံခဲ့ပေမယ့် အဆုံးသတ်တော့ ငါတို့ပဲ တန်ဖိုးကြီးကြီးပေးဆပ်ရပြီးတော့ ဒဏ်ရာတွေပဲ ရလာခဲ့တာ။ သူကတော့ ဒဏ်ရာအသေးအမွှားလောက်ပဲ ရသွားတယ်။ သူက ငါတို့ ဒီနေရာနဲ့ မရင်းနှီးမှန်းသိတော့ သဘာဝင်္ကပါထဲကို ထွက်သွားလိုက်တယ်။ အဆုံးမှာတော့ ငါတို့ ဆုံးရှုံးမှုကြီးခဲ့ရတာ အဲ့ဒီသတ္တဝါကြောင့်ပဲ။ အဲ့ဒီတုန်းက ယုံကြည်စိတ်ချရတဲ့ လူတစ်ဒါဇင် ငါ ခေါ်လာပေမယ့် ၅ယောက်က နေရာမှာတင်ပဲ ဆုံးသွားခဲ့ရတယ်။”

မြောင်ဝမ်တန် အဖြစ်အပျက်တို့ကို ပြောပြလိုက်သည်။

ထန်ရှုသည် မျက်လုံးအစုံတို့ ကျဉ်းမြောင်းသွားလျက် ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ခင်ဗျားတို့အရင်တုန်းက အဲ့ဒီသတ္တဝါကို မြင်ဖူးလား။ ရှေးစာအုပ်ထဲမှာတောင်မှ အဲ့ဒီသတ္တဝါအကြောင်း ရေးထားတာ မရှိဘူးလား။”

“မရှိဘူး။”  မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့နှစ်ဦးလုံး ခေါင်းများ ခါယမ်းလိုက်ကြသည်။

“အဲ့လိုဆိုမှဖြင့်လည်း ခင်ဗျားတို့နှစ်ယောက်စလုံး ဒဏ်ရာ ရထားတော့ ဒီနေ့တော့ အနားယူလိုက်ပါ။ နောက်နေ့မနက်စောစောမှ ကျွန်တော်တို့ နွေဦးသစ်တော တောင်စဉ်တန်းဆီ သွားကြတာပေါ့။”

မြောင်ဝမ်တန်သည် သူ၏လက်နှစ်ဖက်ကို ပွတ်သပ်နေကာ ရယ်မောလိုက်ရင်း

“ဟီးဟီး..ညီအစ်ကို ထန်။ ငါတို့ဒဏ်ရာတွေက ပျောက်နေပါပြီ။ နတ်ဆိုးနဂါးပင်လယ်ခရီးက တို့တတွေ ပြန်လာကြတုန်းက ငါတို့ မင်းဆီက အဖိုးတန်ဆေးညွှန်းတစ်ခု ဝယ်ခဲ့တာ မှတ်မိသေးလား။ ငါတို့ အဲ့ဒါကို သုံးလိုက်တာ ဒဏ်ရာတွေ ပျောက်ဖို့ ၂ရက်တောင် မကြာလိုက်ဘူး။ ဒီကို ပြန်မလာခင် ၂ရက်လောက်က ငါတို့ တရုတ်တိုင်းရင်းဆေးပင်တွေနဲ့ ပါဝင်ပစ္စည်းတွေကို မင်းရဲ့ဆေးညွှန်းအတိုင်း ရှာယူလာခဲ့တယ်။ အဲ့ဒီဆေးညွှန်းအတိုင်း သုံးလိုက်တာ အတွင်းဒဏ်ရာတွေက ပျောက်ကင်းသလောက်နီးပါး ဖြစ်နေပြီ။ အပေါ်ယံဒဏ်ရာတွေလည်း ဒီနှစ်ရက်အတွင်း ပျောက်ကင်းသွားတယ်။”

“ဒီနေရာမှာ ဆေးပင်တွေ ရှိတာလား။” ထန်ရှု အံ့အားသင့်စွာ မေးလိုက်သည်။

“ရှိတယ်။ ငါတို့ ရှာလာခဲ့တယ်။ ဒီနွေဦးသစ်တောတောင်စဉ်တန်းက ဖွံ့ဖြိုးတိုးတက်မှု မရှိသေးဘူး သူ့ရဲ့နဂိုမူလအခြေအနေအတိုင်းပဲ ကျန်ရှိနေသေးတယ်။ အဲ့ဒါကြောင့် အဖိုးတန်ဆေးပင်တွေ အများကြီး ရှင်သန်ကြီးထွားနေတယ်။ နိုင်ငံရဲ့ဆေးလောကက လူအများအပြားက ဒေသခံတွေဆီက အချို့ဆေးပင်တွေ ဆေးအသုံးအဆောင်တွေကို ဝယ်ဖို့ တစ်ချိန်ကျ လာကြလိမ့်မယ်။”

“ဒီလိုဆိုမှဖြင့် ဒီနေရာက ရတနာတောင်တန်းလိုပဲပေါ့။ မဆိုးဘူး။ ကျွန်တော်တို့ ပြန်တဲ့အခါ အခွင့်အရေးရရင် ဆေးပင်အချို့ရှာလာခဲ့ရမယ်။”  ထန်ရှု ပြုံးကာ ပြောလိုက်သည်။

“ငါ့လူတွေကို အိတ်အချို့ပြင်ဆင်လာဖို့ မှာထားတယ်။ အဲ့ဒါဆိုရင် ငါတို့ တောင်တန်းက ပြန်လာတာနဲ့ အဲ့ဒီအိတ်တွေနဲ့ သယ်လာနိုင်လိမ့်မယ်။”

နောက်တစ်နေ့…

မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့၏ ခန္ဓာကိုယ်သည် လုံးဝသက်သာ ပျောက်ကင်းသွားပြီဖြစ်ပြီး သူတို့၏ခွန်အားအား ထိခိုက်မှုမရှိတော့ချေ။ မနက်အရုဏ်တက်သည်နှင့် သူတို့သည် မြို့လေးမှ ထွက်ခွာကာ သစ်တောများထူထပ်သော တောင်တန်းဆီသို့ ခြေလျင်တက်ခဲ့ကြသည်။

တောင်တန်းသစ်တောသည် အလေ့ကျပေါက်ပင်များ၊ ဟင်းသီးဟင်းရွက်များနှင့် မရေမတွက်နိုင်အောင် ဖူးပွင့်နေသော ပန်းပွင့်များ ပေါများလှပေသည်။ အမှန်တကယ်ကိုပင် မြင်တွေ့နေရသည်မှာ မျက်စိပသာဒ ဖြစ်လှသည်။ တောင်လမ်းခရီးသည် အလွန်ကြမ်းတမ်းသော်လည်း ပြန့်ပြူးသောကြောင့် လူတိုင်း လျှောက်နိုင်ကြသည်။ မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းသည် လူအနည်းငယ်သာ ခေါ်ခဲ့ပြီး စုစုပေါင်း သက်လတ်ပိုင်းအရွယ်ရှိသော လူထွားကြီး ၆ယောက်ဖြစ်သည်။ ကျင့်ကြံသူများ မဟုတ်သည့်တိုင် သူတို့၏အခြေခိုင်မာမှုနှင့် သိုင်းပညာစွမ်းရည်သည်လည်း အလွန်နက်ရှိုင်းသည်။

နောက်တစ်နေ့…

ညနေခင်းသို့ရောက်ခဲ့ပြီဖြစ်သည်။

တောင်ကုန်းများနှင့် ချိုင့်ဝှမ်းများအား ကျော်ဖြတ်လာပြီးနောက် နောက်ဆုံးတွင် သူတို့သည် မိုးထိလိုဏ်ဂူအနီးသို့ ရောက်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် သူတို့သတ်လိုက်နိုင်သော သားရိုင်းတစ်ချို့ တိုက်ခိုက်ခြင်းကို ခံရသည်မှလွဲပြီး အန္တရာယ်ကြီးကြီးမားမား မတွေ့ခဲ့ရပေ။

မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့သည် ဒီလမ်းခရီးအား ကြိမ်ဖန်အနည်းငယ် သွားထားဖူးသောကြောင့် လမ်းခရီးနှင့် အကျွမ်းတဝင် ဖြစ်နေကြသည်။

တောင်နံရံတစ်ဝက်ခန့်နေရာတွင်

မြောင်ဝမ်တန်သည် တဲတစ်လုံး ထိုးလိုက်ပြီး ဒီညစခန်းချရန်အတွက် ပြင်ဆင်လိုက်သည်။ ရှောင်မင်ကျန်းသည် ထန်ရှုဆီသို့ လျှောက်လာသည်။ သူသည် ခပ်လှမ်းလှမ်းအကွာအဝေး အထက်ဆီမှ တောင်စဉ်တန်းအား လှမ်းကြည့်လိုက်သည်။ ထို့နောက် သူသည် သက်ပြင်းတစ်ချက် ချလျက်

“ဒီနွေဦးသစ်တော တောင်စဉ်တန်းက အမှန်တကယ်ကို လှပတဲ့ပန်းချီကားတစ်ချပ် ရေးဆွဲထားသလိုပါပဲ။ ဒါပေမယ့် လက်တွေ့မှာတော့ ပုန်းကွယ်နေတဲ့ အန္တရာယ်အပြည့် ရှိနေတယ်။ သာမန်လူတွေအတွက်ဆိုရင် လာဖို့တောင် အလွန် ခက်ခဲနိုင်တယ်။”

ထန်ရှု ခေါင်းညိတ်လိုက်ရင်း

“ဒီနေရာက နေရာတိုင်းမှာ အန္တရာယ်တွေနဲ့ချည်းပဲ။ ခင်ဗျားပြောသလိုဆိုရင် ကျွန်တော်တို့ ပန်းတိုင်က အလွန်နီးကပ်နေပြီ။ အဲ့ဒါကြောင့် ခင်ဗျားတို့လက်အောက်က လူတွေ ဒီနေရာမှာ နေသင့်တယ်။ သူတို့က ကျင့်ကြံသူတွေ မဟုတ်ကြလို့ ကျွန်တော်တို့ကို မကူညီနိုင်ရုံတင် မကဘူး။ သူတို့ကြောင့်ပါ အနှောင်အဖွဲ့ဖြစ်လာလိမ့်မယ်။”

“ငါလည်း အဲ့လိုပဲ စဉ်းစားတယ်။ ငါတို့ လူအများကြီး ဆုံးရှုံးခဲ့ပြီးပြီ။ ဒီ့ထက်ပိုပြီး လူတွေ အဆုံးရှုံးမခံနိုင်တော့ဘူး။”  ရှောင်မင်ကျန်း ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ညစာ စားပြီးရင် ခင်ဗျားတို့ အနားယူလိုက်ပါ။ ကျွန်တော် ဒီည ကင်းစောင့်လိုက်မယ်။”

ရှောင်မင်ကျန်းသည် အလျင်အမြန်ပင်

“ညီအစ်ကို ထန်… ဒီည တခြားလူတွေကို စောင့်ခိုင်းပြီး ငါတို့၃ယောက် အနားယူတာ ပိုကောင်းမယ်လို့ ငါထင်တယ်။ မနက်ဖြန် မိုးထိလိုဏ်ဂူကို ဝင်တဲ့အခါကျရင် ငါတို့စွမ်းရည်ကို အပြည့်အ၀ သုံးနိုင်လိမ့်မယ်။”

“မဟုတ်ဘူး။ ခင်ဗျားတို့ပြောခဲ့တဲ့ သားရဲဆိုးက ဒီည လာနိုင်တယ်လို့ ကျွန်တော် ခံစားမိနေတယ်။ ဒီဟာကို မလုပ်ဆောင်နိုင်ရင် ကျွန်တော်တို့ရဲ့နောက်ရက်တွေက အရမ်းခက်ခဲသွားလိမ့်မယ်။”   ထန်ရှု ခေါင်းကို ခါလိုက်ကာ ရှင်းပြလိုက်သည်။

ရှောင်မင်ကျန်းသည် ကူကယ်ရာမဲ့စွာဖြင့်

“ဒါပေမယ့် အဲ့ဒီအကောင်က အလွန်အမင်းကို မြန်လွန်းတယ်။ ငါတို့ သူ့ကို သတ်နိုင်မှာ မဟုတ်ဘူး။”

ထန်ရှု ပြုံးပြလိုက်ရင်း

“ကျွန်တော် အဲ့ဒီသားရဲကောင်ကို ကိုင်လိုက်မယ်။ အဲ့ဒီအကောင် လာရဲရင် လာစမ်းပါစေ အလာခံလိုက်မယ်။ ဒါပေမယ့် သူ ထွက်သွားနိုင်မှာတော့ မဟုတ်တော့ဘူး။”

“ညီအစ်ကို ထန်… မင်းမှာ နည်းလမ်းတစ်ခု ရှိလို့လား။”  မြောင်ဝမ်တန် အံ့အားသင့်စွာ မေးလိုက်သည်။

“ရှိတယ်။ အစီအရင်တစ်ခုကို သုံးမှာ။”

ရှောင်မင်ကျန်း၏မျက်လုံးများ အရောင်လက်သွားပြီး ချက်ချင်းပင် လက်ခုပ်လက်ဝါးတီးကာ အားပေးတော့သည်။

“ကောင်းတယ်။ ညီအစ်ကိုထန်သည် အစီအရင်နဲ့ ထောင်ချောက်ဆင်မယ်ဆိုရင် အဲ့ဒီသားရဲကောင် အစီအရင်ထဲမှာ မိနေရင် ငါတို့ လွယ်လွယ်ကူကူ သတ်နိုင်လိမ့်မယ်။ အဲ့လိုဆိုမှဖြင့် အစီအရင်ကို ချက်ချင်း လုပ်ဆောင်တော့။ ငါ မြောင်ဝမ်တန်ကို သွားပြောပြီး ငါတို့လူတွေ အဲ့ဒီသားရဲကောင်ကို သတ်ခိုင်းလိုက်ကြစို့။”

ထန်ရှုသည် ရှောင်မင်ကျန်းအား ဟန့်တားလိုက်ပြီး ခေါင်းကို ယမ်းလျက်

“မလိုဘူး။ ကျွန်တော်တစ်ယောက်တည်း အဲ့ဒီသားရဲကို ဆုံးမနိုင်တယ်။ ခင်ဗျားသာ ဒီည ကောင်းကောင်း အနားယူပါ။ လူတိုင်း ပါဝင်နေရင် နောက်ပိုင်း ပြသနာဖြစ်နိုင်တယ်။”

ချင်ရှန်မြို့တွင် တစ်ညအိပ်ခဲ့စဉ်က သူ အချိန်အား အလကားမဖြစ်စေဘဲ ပစ္စည်းအများအပြား ဝယ်ယူခဲ့သည်။ အရည်အသွေးကောင်းမွန်သော ကျောက်စိမ်းများသာမက အလင်းသင်္ကေတအားဆွဲရန် အဆောင်စာရွက်နှင့် မင်ကိုလည်း ဝယ်ယူခဲ့သေးသည်။ သို့ဖြစ်ရာ သူ၏အလင်းသင်္ကေတအသုံးပြုမှုအား ရှောင်မင်ကျန်းနှင့် မြောင်ဝမ်တန်၏လက်အောက်မှလူများ မြင်တွေ့သွားမည်ကို စိုးရိမ်သည်။

နှိမ့်နှိမ့်ချချနေခြင်းသည် တိုက်ဆိုင်မှုများကို နည်းစေလိမ့်မည်။

သူ၏အလင်းသင်္ကေတအား သန့်စင်နိုင်မှုအကြောင်းအား မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့မှတစ်ပါး တာအိုဆရာတော် ကျီယီသာလျှင် သိသည်။ ထို့ကြောင့် သူသည် သည်အကြောင်းအရာအား တတ်နိုင်သမျှ လူအများကြီး မသိအောင် ထိန်းသိမ်းထားရပေမည်။

ရှောင်မင်ကျန်းသည် ချီတုံချတုံ ဖြစ်သွားကာ

“မင်းတစ်ယောက်တည်း သွားမလို့လား။ ငါ မင်းနဲ့အတူ သွားရင်ရော။”

တစ်ခဏမျှ ထန်ရှု တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက်

“ခင်ဗျား ဒီမှာ နေခဲ့ပါ။ ကျွန်တော် အဲ့ဒီအစီအရင်ကို တခြားတစ်နေရာမှာ သွားဆွဲပြီး သားရဲကောင်ကို အဲ့ဒီကို လာဖို့ မျှားခေါ်ရမယ်။ မြောင်ဝမ်တန်ကို ကျွန်တော် ခေါ်သွားလိုက်မယ်။ ခင်ဗျားက ဒီမှာနေပြီး တခြားသူတွေကို ကာကွယ်ပေးထားပါ။”

ရှောင်မင်ကျန်း ပြောလိုက်သည်။

“ကောင်းပြီ။ ငါ့အကူအညီလိုရင် နည်းလမ်းရှာပြီး စာပို့လိုက်ပါ။ ငါ ချက်ချင်း မင်းတို့ဆီ လိုက်လာခဲ့မယ်။”

ညနက်နက်တွင်…

ထန်ရှုနှင့် မြောင်ဝမ်တန်သည် သစ်ပင်များအလယ်ရှိ ဟင်းလင်းပြင်နေရာအချို့ရှိသော တောအုပ်ထူထူလေးထဲတွင် ပုန်းခိုနေသည်။ မီးတစ်ခုဖိုလိုက်ပြီးနောက် ထန်ရှုသည် မြွေရနံ့ရှိသော ဆေးပင်အား ထည့်လိုက်သည်။ ထိုဆေးပင်သည် ကျန်းမာရေးအတွက် အထောက်အကူကောင်းကောင်းပြုပြီး သွေးအားကောင်းမွန်စေရန်အတွက် အသုံးဝင်သည်။ သို့သော်လည်း သူ၏အဓိက လုပ်ဆောင်နိုင်ပေးသောအချက်မှာ သားရဲရိုင်းများအား ဆွဲဆောင်နိုင်ခြင်းပင် ဖြစ်တော့သည်။

ကမ္ဘာမြေသို့ ပြန်ရောက်ပြီးနောက် ထန်ရှုသည် ရည်ရွယ်ချက်ရှိရှိပင် “ဆေးပင်သုတပေါင်းချုပ်”၊ “တရုတ်ဆေးပင်ဆေးဝါး နှိုင်းယှဉ်ချက်ပေါင်းချုပ်”၊ “အဝါရောင်ဘုရင်၏အတွင်းဥပဒေသ”၊ “ပြန့်ချွယ်၏ဆေးပင်ဆေးဝါးကျမ်း” နှင့် အခြားတရုတ်တိုင်းရင်းဆေးစာအုပ်များစွာအား ဖတ်ရှု လေ့လာထားခဲ့သည်။ ထို့ကြောင့် ကမ္ဘာမြေမှ အသုံးဝင်သော ဆေးပင်၊ ဆေးရွက်၊ သစ်ဥသစ်ဖုများအကြောင်းအား နက်နက်နဲနဲ သိနေခဲ့ပြီဖြစ်သည်။

အရုဏ်မတက်မီအစောပိုင်းနာရီများတွင်…

တောအုပ်ထဲတွင် ပုန်းနေသော မြောင်ဝမ်တန်သည် လေသံတိုးတိုးဖြင့်

“ညီအစ်ကို ထန်… ဒီလုပ်ထားတဲ့ဟာက သားရဲဆိုးကို ဆွဲဆောင်နိုင်မယ်လို့ ပြောခဲ့တယ်မဟုတ်လား။”

ထန်ရှုသည် သူ၏အသံအား နှိမ့်လျက်

“ခင်ဗျားကို အဲ့ဒီသားရဲဆိုးက စတိုက်ခိုက်တယ်ဆိုကတည်းက သူ့မှာ ရန်လိုတတ်တဲ့ သဘာဝရှိတယ်။ မီးပုံကလည်း သူ့ဧရိယာထဲမှာ ရှိနေတာမို့လို့ သူ အာရုံစိုက်လိမ့်မယ်။ နောက်ပြီး မြွေရနံ့ဆေးပင်ရဲ့ရနံ့က ကီလိုမီတာပတ်လည်ကို ပျံ့နှံ့သက်ရောက်စေတယ်။ သူက အသားစားအကောင်ဆိုရင်လည်း ဒီအနံ့ကို ခံနိုင်မှာမဟုတ်ဘူး။ စိတ်ရှည်ရှည်ထားပါ။ သူ ချိတ်မှာ လာဟပ်တဲ့အထိ စောင့်ရအောင်။”

မြောင်ဝမ်တန် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။

ကျင့်ကြံသူတစ်ယောက်ပီပီ စိတ်ရှည်မှုတွင်လည်း အားမနည်းပါ။ ထန်ရှု ယုံကြည်ချက်ရှိနေသည်ကို ကြည့်ပြီး သူ၏ယုံကြည်မှုများသည်လည်း တိုးပွားလာခဲ့သည်။

အချိန်တိုလေးအတွင်းတွင်…

ဝံပုလွေရိုင်း၂ကောင် ပေါ်လာပြီး အပေါ်သို့မော့ကာ အူလိုက်သည်။ မိနစ်ဝက်အကြာတွင် ကြည်လင်စိမ်းဖန့်နေသော မျက်လုံးများသည် မြက်တောများမှ ပေါ်ထွက်လာခဲ့သည်။ တစ်ဒါဇင်ထက်မနည်းသော ဝံပုလွေရိုင်းများသည် မီးပုံ၏ဆွဲဆောင်မှုကို ခံလိုက်ရဟန်တူပြီး ထိုအရာအား စက်ဝိုင်းပုံစံ ဝိုင်းလာကြသည်။

“အာ..ဝူး..”

ရုတ်တရက် ဝံပုလွေအုပ်၏ခေါင်းဆောင်မှ စတင်အူလိုက်ရာ အခြားဝံပုလွေများသည်လည်း ကောင်းကင်ကို မော့ကြည့်ပြီး အူလိုက်ကြပြီးနောက် တစ်နေရာသို့ ဦးတည်ကာ အလွန်မြန်ဆန်လွန်းသောအရှိန်ဖြင့် အလျင်အမြန် ပြေးသွားကြသည်။

“ဘာတွေ ဖြစ်နေတာလဲ။”  မြောင်ဝမ်တန် လေသံတိုးတိုးဖြင့် မေးလိုက်သည်။

ထန်ရှုသည် မျက်လုံးများ မှေးစင်းလိုက်ကာ သူ၏စိတ်ဝိညာဉ်အာရုံအား အရပ်မျက်နှာအားလုံးသို့ ဖြန့်ကျက်လိုက်သည်။ မီတာ၂ရာပတ်လည်သို့အရောက်တွင် သူ၏ အမူအရာသည် မသိမသာ ပြောင်းလဲသွားပြီး လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။

“အဲ့ဒီအကောင် ရောက်နေပြီ။”

သူ၏စိတ်ဝိညာဉ်အာရုံဖြင့်် ထန်ရှုသည် ထိုသားရဲကောင်ဆိုး၏ပုံသဏ္ဍာန်အား ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။ သားရဲကောင်သည် မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့ ဖော်ပြသကဲ့သို့ ကျားတို့ ကျားသစ်တို့နဲ့ဆင်တူဟန်ရှိသော်လည်း တစ်ခုမှ မဟုတ်ချေ။ အသိသာထင်ရှားဆုံးအရာတစ်ခုသည် သူ၏နောက်ကျောတွင် ရှိနေသည်။ မမျှော်လင့်ထားစွာ တစ်လက်မအရွယ်ရှိသော ဆူးများသည် သူ၏နောက်ကျောတွင် ရှိနေသည်။

“ဒီသားရဲကောင်က ကြောင်တစ်ကောင်ထက် ကြီးပြီး ကျားသစ်တစ်ကောင်ထက် အရွယ်အစားသေးတယ်။ သူ့မှာ ဖျတ်လတ်ကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာတည်ဆောက်မှုရှိပြီးတော့ အလွန်ကို သတီဝိရိယကြီးတယ်။”

သူ၏မြင်ရမှုအတိုင်း ထန်ရှုသည် သားရဲကောင်အား သူ၏ရင်တွင်းမှ အကဲဖြတ်လိုက်သည်။

သူသည် အတွေ့အကြုံရှိသော သားကောင်ဖမ်းသူတစ်ယောက်ဖြစ်သည့်အားလျော်စွာ သားရဲဆိုးသည် ဖြည်းညှင်းစွာ ချဉ်းကပ်လာပြီး သူ ဖန်တီးထားသော အစီအရင်အစွန်းထိပ်သို့ မကြာမီ ရောက်တော့မည်ကို စိတ်ရှည်စွာ စောင့်ကြည့်နေသည်။ နောက်ထပ်၁၀မီတာသာ ထပ်တိုးလိုက်ပါက သားရဲကောင်သည် အစီအရင်အတွင်းသို့ ဝင်လာမည်ဖြစ်ပြီး လွတ်မြောက်ထွက်ပြေးရန် အလွန်ပင် ခက်ခဲပေလိမ့်မည်။

သို့သော်လည်း ထန်ရှုသည် သားရဲကောင်သည် အစီအရင်ထဲသို့ ဝင်လိမ့်မည်ဟု တွေးရုံရှိသေးစဉ်တွင် ၎င်းသည် ရုတ်တရက် ဦးတည်ရာ ပြောင်းလဲသွားတော့သည်။

***

All Chapters