သနားဖွယ်ကောင်းသော အဆုံးသတ်များ
Vol. 04 Ch. 174
မြောင်ဝမ်တန်သည် အားရကျေနပ်သွားကာ တုံ့ဆိုင်းမှုမရှိဘဲ ပြန်ဖြေလိုက်သည်။
“ညီအစ်ကို ရှောင်လည်း အံ့သြဝမ်းသာပြီး သေချာပေါက် သဘောတူလိမ့်မယ်လို့ ငါ ယုံတယ်။ ဒါနဲ့ ငါတို့ ချင်ရှန်မြို့ကို ရောက်တဲ့အထိတော့ စောင့်ပေးပါ။ ငါ မင်းရဲ့ဘဏ်အကောင့်ထဲကို လွှဲလိုက်မယ်။”
ထန်ရှုသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“ဒါနဲ့ ခင်ဗျား အရင် ဒဏ်ရာရတုန်းက သုံးတဲ့ဆေး ရှိသေးလား။ ဒီသားရဲလေးရဲ့ဒဏ်ရာက အရမ်းပြင်းလို့ ဆေးသုံးဖို့ လိုတယ်။”
“ငါ့မှာ ရှိသေးတယ်။” မြောင်ဝမ်တန်သည် သူ၏လက်မောင်းအိတ်ထဲမှ ကြွေအိုးလေးအား သတိကြီးစွာ ထုတ်ယူလိုက်သည်။
ထန်ရှုသည် လက်ခံယူလိုက်ပြီး ဆေးလုံးတစ်လုံး ထုတ်လိုက်ကာ သားရဲလေး၏ပါးစပ် အတွင်းသို့ ထည့်ပေးလိုက်သည်။ ထို့နောက် ဆေးပုလင်းအား မြောင်ဝမ်တန်သို့ ပြန်ပေးလိုက်သည်။
“ကျွန်တော် ဒီအစီအရင်ကို ဖြုတ်ပြီးရင် ပြန်ကြတာပေါ့။ မနက်ဖြန် ကျွန်တော်တို့ မိုးထိလိုဏ်ဂူ ဝင်တဲ့အခါကျရင် အဲ့ဒီနေရာကနေ အကျိုးအမြတ်ကြီးကြီး ရဖို့ မျှော်လင့်ပါတယ်။”
မြောင်ဝမ်တန်သည် ပြုံးလိုက်သည်။
“ဒီသားရဲထိန်းချုပ်တဲ့ လျှို့ဝှက်ပညာကို သင်ယူနိုင်တာကိုက ငါ့အတွက် အကျိုးအမြတ်ကြီးကြီး ရနေပါပြီကွာ။ မနက်ဖြန် ဘယ်လိုအကျိုးအမြတ်ပဲရရ ငါ ကျေနပ်အားရနေပါပြီ။”
ထန်ရှုသည် ခပ်ဖွဖွသာ ပြုံးလိုက်ပြီး ထပ်မပြောတော့ချေ။
မြောင်ဝမ်တန် ကျေနပ်အားရနိုင်မည်ဖြစ်သော်လည်း ထန်ရှုအတွက်ကတော့ မဟုတ်ချေ။ စိတ်ဝိညာဉ်သားရဲအား မတော်တဆ သူရခဲ့သော်လည်း သားရဲထိန်းချုပ်သည့် လျှို့ဝှက်ပညာအား တစ်ဘီလီယံဖြင့် သူ ရောင်းချသေးသည်။ သို့သော် ယခုတွင် သူ အလိုချင်ဆုံးသည် အဖိုးတန်အမြုတေများပင် ဖြစ်တော့သည်။
စခန်းချရာနေရာသို့ ပြန်ရောက်လာသောအခါ ရှောင်မင်ကျန်းသည် အလွန်လျင်မြန်စွာ လာကြိုကာ အဝေးမှပင် ကျယ်လောင်စွာဖြင့်
“အဲ့ဒီသားရဲကောင် ဘယ်လိုအခြေအနေလဲ။ မင်းတို့ သတ်ခဲ့ပြီး…”
ရှောင်မင်ကျန်းသည် သူ၏လည်ပင်းအား ရုတ်ခြည်းပင် မမြင်ရသော လက်ကြီးတစ်ဖက်မှ ဆုပ်ကိုင်လိုက်သည်ဟု ထင်လိုက်မိသည်။ အသက်ရှုမဝသကဲ့သို့ အကြိမ်အနည်းငယ် ခံစားလိုက်ရကာ စကားဗလုံးဗထွေးဖြစ်သွားပြီး မည်သည့်စကားမျှ ပီပီသသ ထွက်မလာနိုင်တော့ပေ။ သူ မုန်းတီးသော ဆန်းကြယ်သားရဲအား ထန်ရှုသည် ပွေ့ဖက်လာသည်ကို ရှင်းရှင်းလင်းလင်းကြီး မြင်လိုက်ရသောကြောင့် ဖြစ်သည်။
မြောင်ဝမ်တန်သည် သူ့အား အစမှအဆုံးထိ အလျင်အမြန် ရှင်းပြလိုက်သည်။ သူသည် ရှောင်မင်ကျန်း၏ အံ့သြတုန်လှုပ်နေသည့်အမူအရာအား စလိုဟန်ဖြင့်
“ဘယ်လိုလဲ။ မင်း အဲ့ဒီသားရဲထိန်းချုပ်တဲ့ပညာ သင်ချင်လား မသင်ချင်ဘူးလား။ သင်ချင်ရင် မင်းနဲ့ငါ တစ်ယောက် မီလီယံ ၅၀၀စီ ထုတ်ရမယ်။”
ရှောင်မင်ကျန်း၏အသက်ရှုနှုန်းသည် မြန်ဆန်လာပြီး တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်း အဖြေပေးလိုက်သည်။
“လုံးဝသေချာတယ်။ ငါ မသင်ချင်ရင် ငါ အရူးမို့လို့ပဲ။ ချင်ရှန်မြို့ ပြန်ရောက်တာနဲ့ ညီအစ်ကို ထန်ဆီ ပိုက်ဆံလွှဲပေးလိုက်မယ်။”
ထိုဆန်းကြယ်သားရဲကဲ့သို့သော စိတ်ဝိညာဉ်သားရဲများသည် မည်မျှ စွမ်းအားကြီးသည်ကို ရှောင်မင်ကျန်း နက်နက်ရှိုင်းရှိုင်း သတိထားမိသည်။ ထန်ရှုသည် ထိုကဲ့သို့သော သားရဲတစ်ကောင် ရလာသောကြောင့် အလွန်အားကျနေခဲ့ပြီးဖြစ်သည်။ တစ်ခုသိရမည်မှာ ခြိမ်းခြောက်နိုင်စွမ်းရှိသော စိတ်ဝိညာဉ်သားရဲ၏ တိုက်ပွဲခွန်အားသည် အလွန် ကြောက်စရာကောင်းသည်။ အနည်းဆုံး သူ၏ယခုခွန်အားနှင့်ပင် သူသည် ၎င်း၏ပြိုင်ဖက် မဟုတ်ခဲ့ချေ။ သူသာ တစ်ကောင်ရခဲ့ပါက ၎င်းသည် သူ့အား ပိုမိုစွမ်းအားကြီးအောင် လုပ်ပေးလိုက်သည်နှင့် အတူတူပင် ဖြစ်တော့သည်။
“ကောင်းပြီ။ အန္တရာယ်လည်း ကင်းသွားပြီဆိုတော့ ငါတို့ အခု စိတ်ချလက်ချ အိပ်နိုင်ပြီ။ မနက်ဖြန် ငါတို့ မိုးထိလိုဏ်ဂူအထဲက သဘာ၀ ၀င်္ကပါကို ဝင်ပြီး အထဲမှာ ဘာတွေရှိလဲဆိုတာ ကြည့်ကြမယ်။” မြောင်ဝမ်တန် ပြောလိုက်သည်။
သူတို့နှစ်ယောက်၏ဘေးတွင် ရပ်နေသော ထန်ရှုသည် စကားတစ်ခွန်းမျှ မဆိုဘဲ တစ်ချိန်လုံး တိတ်ဆိတ်နေရင်းမှ
“အမှန်တကယ်တော့ ကျွန်တော် မိုးထိလိုဏ်ဂူကို မသွားချင်တဲ့စိတ်တွေ ရုတ်တရက် ဖြစ်လာတယ်။”
“ဟင်… ဘယ်လို။” မြောင်ဝမ်တန် အံ့အားသင့်သွားသည်။
ထန်ရှုသည် မချိပြုံး ပြုံးလိုက်ရင်း
“ကျွန်တော် ဒီသားရဲလေးကို မထိန်းချုပ်ခင်က အန္တရာယ်အငွေ့အသက်တစ်ခုကို ခပ်ဖျော့ဖျော့ ခံစားမိခဲ့တယ်။ ပထမတော့ ဒီသားရဲလေးဆီကလို့ ထင်ခဲ့တာ။ ဒါပေမယ့် သူ့ကို ထိန်းချုပ်ပြီးပေမယ့် အဲ့ဒီခံစားမှုက ပျောက်မသွားပဲ ပိုပြီး ပြင်းထန်လာတယ်။ ကျွန်တော်တို့ နတ်ဆိုးနဂါးနေရာကို သွားခဲ့တဲ့အချိန်ကို မှတ်မိလား။အဲ့ဒီနေရာမှာရှိတဲ့ ကျွန်း၃ကျွန်းကို ကြည့်မိတုန်းက ရတဲ့ ခံစားမှုနဲ့အတူတူပဲ။”
“အာ.. ညီအစ်ကို ထန်ရဲ့အမြင်က မှားနိုင်ပါ့မလား။ အဲ့ဒါဆို မင်း ပြန်ဆင်းချင်တာလား။”
မြောင်ဝမ်တန် အံ့အားသင့်သွားသည်။
“ကျွန်တော် ပြန်မဆင်းပါဘူး။ လာပြီးမှတော့ မိုးထိလိုဏ်ဂူမှာ ဘယ်လိုတည်ရှိမှုမျိုးပဲဖြစ်ဖြစ် သွားရမှာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ ဘေးကင်းလုံခြုံဖို့ သေချာပေါက် ပိုပြီး သတိထား အာရုံစိုက်ဖို့တော့လိုမယ်။ နို့မို့ဆိုရင် အသေအပျောက်နှုန်း များလိမ့်မယ်။”
မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့ တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်မိရင်း သတိမထားမိပါဘဲ ခေါင်းညိတ်ပြလိုက်မိတော့သည်။
ထန်ရှုသည် သူတို့နှစ်ယောက်အတွက်တော့ သာမန်ထက်ထူးကဲသော ဆန်းကြယ်နက်နဲသည့် ခံစားမှုကို ပေးစွမ်းသည်။ သူတို့၂ယောက် သူနှင့်အတူ သွားခဲ့ကြစဉ်က ကြီးမားသော အကျိုးအမြတ်ကို ရခဲ့သည်ချည်းဖြစ်သည်။ ထို့ကြောင့် သူတို့သည် ထန်ရှု၏စကားအား အလေးအနက်ထားလေသည်။
နောက်တစ်နေ့ မနက်စောစောတွင်…
မနက်ခင်း၏အစောပိုင်းနေရောင်ခြည်သည် တောင်တန်းများ၏အနောက်ဘက်မှ ထွန်းလင်းလာချိန်တွင် ထန်ရှုသည် သူ၏တဲထဲမှ ထွက်လာသည်။ သူသည် လူထွားကြီး၆ယောက်သည် စားသောက်ဖွယ်ရာများ ပြင်ဆင်ပေးနေသည်ကို မြင်ရသောအခါ စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချမိရင်း အနည်းငယ် မနာလို ဖြစ်သွားရသည်။ မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့၏လူများသည် ယနေ့ခေတ်လူမှုအဖွဲ့အစည်းတွင် သေချာပေါက် ထူးချွန်သောသူများ ဖြစ်နိုင်သည်။ သူတို့သည် ခေါင်းဆောင်များကြားထဲမှ ခေါင်းဆောင်များ ဖြစ်ကြသည်။ သို့သော် ထိုသူများသည် ထို၂ယောက်၏လက်အောက်တွင် အလုပ်လုပ်နေကြရပြီး သက်တောင့်သက်သာရှိမည့်အရာများအား သယ်ဆောင်လာရသည်။
ထိုအချင်းအရာများအားလုံးသည် ငွေကြေးကြောင့်ပင် ဖြစ်သည်။
ထန်ရှုသည တိတ်တဆိတ် ကူကယ်ရာမဲ့စွာ ခံစားလိုက်ရသည်။ သူသည် သားရဲထိန်းချုပ်နည်း လျှို့ဝှက်ပညာအား များပြားလှသော ဈေးနှုန်းဖြင့် ရောင်းချခဲ့သော်လည်း သူ၏လုပ်ငန်းစုသည် ငွေကြေးလိုအပ်လျက်ရှိနေသေးသည်။ ခန်းရှသည် စာတစ်တန် ပေတစ်တန်ဖြင့် သူ့ထံတွင် နေ့တိုင်း ပိုက်ဆံတောင်းနေရသည်။ ချန်းကျီကျုံးဆီတွင်လည်း အကြွေး ၂.၅ဘီလီယံ တင်နေသေးသည်။ ယခုရသော တစ်ဘီလီယံကို ခန်းရှအား ၅၀၀မီလီယံပေးပြီး ချန်းကျီကျုံးအား ၅၀၀မီလီယံ အကြွေးဆပ်ရန် သူ ဆုံးဖြတ်ထားသည်။
အဆုံးသတ်တွင် သူ့၌ တစ်ပြားမှ မရှိတော့ချေ။ ချင်ရှန်မြို့လေးသို့ မလာစဉ်က သူ့တွင် မီလီယံအနည်းငယ် ရှိသေးသည်။ အိမ်တော်ထိန်း နည်းပြများအတွက် ကုန်ကျစရိတ်များ ပေးပြီးသည့်အပြင် ချင်ရှန်မြို့မှ ကျောက်စိမ်း ၅ပိုင်း သို့မဟုတ် ၆ပိုင်း ဝယ်ပြီးသည့်အခါတွင်မတော့ သူ့တွင်ရှိသော ပိုက်ဆံအားလုံးကို သုံးပြီးခဲ့ပြီဖြစ်တော့သည်။
ကြယ်တာရာလေဆိပ်…
လုံကျန်ယုသည် သူ၏ဟမ်းမားကားရှေ့တွင် မှီရပ်နေရင်း ချူယီ လေဆိပ်ထွက်ပေါက်မှ ထွက်လာသည်ကို မြင်လိုက်သောအခါ လက်ဝှေ့ယမ်းပြလိုက်သည်။ ချူယီ၏အနောက်တွင် လူနှစ်ယောက်သည် အမည်းရောင်အိတ်တစ်လုံးစီအား အလေးအနက်ထားကာ သယ်ဆောင်လာသည်။
“သခင်လေး ချူ… မင်း ကြယ်တာရာကို လာတာ ငါ့ကို ဘာကြောင့် ကြိုစေချင်ရတာတုန်း။ ငါ မနေ့ည အရုဏ်တက်ခါနီးမှ အိပ်ရတာ။ ဒီကို လာတဲ့လမ်းတစ်လျှောက် ကားမောင်းရင်း အိပ်ပျော်လုမတတ်ပဲ။” လုံကျန်ယု သမ်းဝေလိုက်ရင်း ချူယီအား ဆတ်ကနဲ ရိုက်လိုက်သည်။
ချူယီသည် မချိသွားဖြဲ ပြုံးလိုက်ရင်း
“ငါလည်း တစ်စုံတစ်ယောက်အတွက် တောက်တိုမည်ရ လုပ်နေရတာပါကွာ။ မင်းကိုမှ ချောမဆွဲရရင် မင်း သိလား ငါ့မှာ သက်တောင့်သက်သာ မဖြစ်နေဘူးရယ်။ ဒါနဲ့ မင်း အဲ့ဒီအိတ်၂လုံးကို တွေ့လား။ အဲ့ဒီအိတ်တွေထဲမှာ အဖိုးတန်အရာတွေနဲ့ ပြည့်နေတယ်။”
“ဘာတွေမို့တုန်း။” လုံကျန်ယု အံ့အားသင့်သွားသည်။
“ဆရာသမားလေး ထန်ရှုက ငါတို့ကို ဘာတွေတောင်းဆိုထားလဲဆိုတာ မင်း မှတ်မိသေးလား။ သူက ငါတို့ကို ဆေးအမျိုးအစားတစ်ရာပါတဲ့ စာရင်းတစ်ခု ပေးခဲ့တယ်။ ငါ သူ့အတွက် ဆေးပင်၂ဒါဇင်တော့ရလာပါတယ်။ ဒါပေမယ့် အဲ့ဒီဆေးပင်တွေ အဲ့ဒီလောက်ဈေးကြီးမယ်လို့ ငါ မထင်ထားမိဘူး။ ဒီလက်ဆွဲအိတ်လေး၂လုံးထဲမှာပါတဲ့အရာတွေအတွက် ယွမ်မီလီယံ၂၀၀နီးပါး ငါ ကုန်သွားတယ်။”
“ဘာ..”
ဆေးပင်မျာ၏ဈေးနှုန်းအား သိပ်မသိသော လုံကျန်ယုပင် ဟိုက်ကနဲ ဖြစ်သွားရလေသည်။ ၂၀၀မီလီယံတန်ဖိုးရှိသော ထိုဆေးပင်များသည် မည်မျှ အဖိုးတန်ပါလိမ့်သနည်း။
“ချူယီ… မင်း ထန်ရှုနဲ့ ရှိတုန်းက ဆေးပင်တွေ ဒီလောက်အများကြီးလိုတာ ဘာအတွက်လဲလို့ မေးမိသေးလား။”
ချူယီ ခေါင်းကိုယမ်းလိုက်သည်။
“ဒီဟာ သူရဲ့ကိုယ်ပိုင်စီးပွားရေးလေ။ ငါ ဒီအကြောင်းမေးဖို့ ဘယ်အခွင့်ရှိပါ့မလဲ။ ငါ တတ်နိုင်သမျှထဲက အကောင်းဆုံး ကြိုးစားပြီး ကူညီခဲ့လိုက်တာပဲ။”
“မင်း သူ့ကို ဖားနေတာမဟုတ်လား။” လုံကျန်ယု ရယ်မောရင်း စနောက်လိုက်သည်။
ချူယီလည်း ပြန်လည်နောက်ပြောင်လိုစိတ်ဖြင့်
“မင်းလည်း အတူတူပဲမဟုတ်လား။ မင်းလည်း သူ့ကို မဖားဘူးဆိုရင် ဘာလို့ တောင်တံခါးအိမ်ရာက အကောင်းဆုံးအိမ်ကို ပေးမလဲ။”
လုံကျန်ယုသည် အဆက်မပြတ် လက်ခါပြရင်း ခေါင်းစဉ် ချက်ချင်း ပြောင်းလိုက်သည်။
“ငါ ထန်ရှုကို ဖုန်းဆက်ပြီး သူ ဘယ်မှာ ရှိလဲ မေးလိုက်မယ်။ သူ့ဆီကိုပဲ တန်းပို့လိုက်တာပေါ့။”
“ငါ ခေါ်ကြည့်ပြီးပြီ။ သူ့ဖုန်းက စက်ပိတ်ထားတယ်။”
လုံကျန်ယု ချီတုံချတုံ ဖြစ်သွားသည်။
“အဲ့ဒါဆို ငါတို့ တောင်တံခါးအိမ်ရာက သူ့အိမ်ကိုပဲ ပို့လိုက်ကြရင်ရော။ သူ အိမ်မှာ မရှိပေမယ့် သူ့အိမ်တော်ထိန်းကို ငါတို့ ပေးခဲ့လို့ရတယ်။”
“ထန်ရှုမှာ တကယ် အိမ်တော်ထိန်းတစ်ယောက် ရှိတာလား။” ချူယီ အံ့အားသင့်သွားသည်။
“သူ့မှာ လုပ်စရာအများကြီး မရှိဘူးလို့ မင်း ထင်နေတာမဟုတ်လား။ ဒါနဲ့ အခု တောင်တံခါးအိမ်ရာကို သွားရင်းနဲ့ လမ်းမှာ စကားဖြည်းဖြည်း ပြောကြတာပေါ့။” လုံကျန်ယု ပြုံးလိုက်သည်။
ကြယ်တာရာမြို့၏အထက်တန်းလွှာနေရာတစ်ခုတွင်…
စုရှန်းဝမ်သည် တောက်ပခြင်းအလျဉ်းမရှိသော မျက်လုံးအစုံဖြင့် လဲလျောင်းနေသည်။ သူ၏စိတ်ထဲတွင် မည်သည့်အကြောင်းအရာကို တွေးတောနေသည်ကို မည်သူမျှ မသိနိုင်ပါပေ။
သူ၏ဇနီးဖြစ်သူ ကျန်းမေယွမ်သည် မျက်နှာချင်းဆိုင် ဆိုဖာပေါ်တွင် ထိုင်ရင်း တရှုံ့ရှုံ့ငိုနေသည်။ သူတို့၏သားသမီးဖြစ်သော စုရှန်ဖေးနှင့်စုယန်နင်းတို့သည် စကားတစ်လုံးမှ မပြောဘဲ ဒေါသအပြည့်နှင့် သုန်မှုန်နေသည်။
စုရှန်းဝမ် အိမ်ခြံမြေလုပ်ငန်းသည် စီးပွားရေးလောကမှ မောင်းထုတ်ခံလိုက်ရပြီဖြစ်သည်။
ထိုအရာသည် ကောင်းကင်ဘုံမှ ထိတ်လန့်ဖွယ်ကောင်းလောက်အောင် အပြစ်ပေးနေသည့်အလား ဖြစ်သောကြောင့် တစ်မိသားစုလုံးအား အရူးများသဖွယ် ဖြစ်နေစေသည်။
စုရှန်းဝမ်သည် တစ်စုံတစ်ယောက်၏အကွက်ချကြံစည်မှုထဲသို့ ကျရောက်သွားကြောင်း သူတို့ ကောင်းစွာ သဘောပြုမိကြသည်။ ထိုသူ၏ ရည်ရွယ်ချက်မှာ သေချာပေါက်ပင် စုရှန်းဝမ် အိမ်ခြံမြေလုပ်ငန်းစုအား ပြိုကွဲစေရန်နှင့် သူတို့မိသားစု ဆင်းရဲသွားစေရန် ဖြစ်ပေမည်။
“ဒါ သေချာပေါက်ကို ထန်ရှု လက်ချက်ပဲ ဖြစ်ရမယ်။ သူက ဟိုခွေးမသား ချန်းဆိုတဲ့လူကို ကျွန်တော်တို့မိသားစုကို ပြိုကွဲအောင် လုပ်ခိုင်းနေတာပဲဖြစ်ရမယ်။” စုယန်နင်းသည် ဒေါသထွက်စွာ အော်ဟစ်လိုက်သည်။
ကျန်းမေယွမ်သည် ငိုရာမှ ရပ်တန့်သွားကာ သူမ၏မျက်နှာထက်တွင် မုန်းတီးရိပ်များ ပေါ်လာပြီး ဒေါသများ ထွက်လာသည်။
“မှန်တယ်။ အဲ့ဒီခွေးကောင်က ငါတို့ကို ခံစားရအောင် လုပ်တာ။ ငါ အဖွားကြီး သူ့ကို အခုသွားရှာပြီး အရေခွံဆုတ်ပစ်မယ်။”
စုရှန်းဝမ်သည် မော့ကြည့်ပြီး ကြိမ်းမောင်းလိုက်သည်။
“ယီးလိုမှပဲ ပါးစပ်ပိတ်ကြစမ်း။ ခွေးမသား ထန်ရှုက ချန်းကျီကျုံးကို ညွှန်ကြားပြီး ငါ့ကို စုတ်ပြတ်သတ်စေတာ မင်းတို့အဖေငါက မသိဘူးလို့ ထင်နေတာလား။ ငါ့ကို သက်သေပေးစမ်းပါ။ မင်းတို့တွေ သက်သေပြနိုင်လို့လား။”
ကျန်းမေယွမ်သည် စုရှန်းဝမ်အား ဒေါသတကြီး ကြည့်လိုက်ရင်း ပြန်ကြိမ်းမောင်းလိုက်သည်။
“အဖိုးကြီး ရှင်က ကျွန်မတို့ကို ဘာလို့ အော်နေတာလဲ။ ရှင့်မှာ သတ္တိရှိရင် ဘာလို့ အပြင်ထွက်ပြီး အဲ့ဒီခွေးကောင် ထန်ရှုကို မရှာလဲ။ ရှင်က အစောကြီးကတည်းက မျှော်လင့်ချက်မဲ့နေပြီးတော့များ။ ရှင်နဲ့သာရှိနေရင် ကျွန်မ ပျော်ရွှင်နိုင်တယ်လို့ တွေးခဲ့မိတယ်။ အခု ကျွန်မက ဘယ်နေရာမှာ အဆုံးသတ်ရမှာလဲ။ အခု ကျွန်မတို့မှာ ပိုက်ဆံလည်းမရှိဘူး ပိုင်ဆိုင်သမျှတွေလည်း အကြွေးနဲ့တောင် အသိမ်းခံရတော့မယ်။ မနက်ဖြန်ညနေမှာ ယွမ်မီလီယံ၈၀ကို မပေးနိုင်ခဲ့ရင် ကျွန်မတို့မိသားစုတော့ သွားပါပြီ။”
ကျန်းမေယွမ်အား လက်ညှိုးထိုးလျက် စုရှန်းဝမ်သည် ဒေါသတကြီး ဆဲဆိုလိုက်သည်။
“ခွေးမ… ဒါတွေအားလုံးအတွက် ငါ့ကို အပြစ်တင်နေတယ်လား။ ဒီစီမံကိန်းအကြီးကြီးမှာ ရင်းနှီးမြှုပ်နှံဖို့ မင်းသာ အားပေးအားမြှောက်မလုပ်ဘူးဆိုရင် ဒီဖေဖေကြီးက အရာရာကို ဆုံးရှုံးပြီး ဒေဝါလီခံရမှာ မဟုတ်ဘူး။ အခု မင်း သွားချင်နေတာ ဘဏ်သတိပေးစာကြောင့်မလား။ ဒီကောင်ကြီးမှာ ပိုက်ဆံမရှိတော့ မင်းကတောင်မှ သဘောမကျတော့ဘူးပေါ့။ ယီးလိုပဲ မင်း ဘာကြောင့် ခုထိ ထွက်မသွားသေးတာလဲ။”
ကျန်းမေယွမ်သည် ဆိုဖာမှ ခုန်ထလာပြီး မတ်တတ်ရပ်လိုက်သည်။ လက်တစ်ဖက်က ခါးထောက်ကာ လက်တစ်ဖက်မှ စုရှန်းဝမ်အား လက်ညှိုးငေါက်ငေါက်ထိုးလိုက်ပြီး
“ခွေးသားကြီး… ရှင့်ပိုက်ဆံတွေ ဆုံးသွားတော့ ကျွန်မကို အပြစ်တင်တယ်ပေါ့။ ဒီအဖွားကြီးက ရှင်စိတ်ကြိုက်လုပ်တာ အမြဲခွင့်ပြုပေးနေရတာလေ အခု ရှင်ကပါ ကျွန်မကို ခံစားစေချင်တာလား။ ဒီရက်တွေမှာ ကျွန်မ အမြဲ အရှုံးပေးနေခဲ့တယ်။ ရှင့်ရဲ့စဉ်းစား ဆင်ခြင်ဉာဏ်မရှိတဲ့ အပြုအမူတွေကို ထပ်ပြီး သည်းမခံနိုင်တော့ဘူး။ ကွာရှင်းမယ်။ ကျွန်မ ကွာရှင်းချင်နေပြီ။”
“…”
စုရှန်းဝမ်သည် ကျန်းမေယွမ်အား မယုံကြည်နိုင်သော အကြည့်တို့ဖြင့် ကြည့်မိသည်။ ရုတ်တရက်ပင် သူ၏ဇနီးဖြစ်သူသည် သူစိမ်းတစ်ယောက်ပမာ ခံစားမိရသည်။ ရှန်းဝမ် အိမ်ခြံမြေလုပ်ငန်းစုသည် စီးပွားရေးလောကမှ မောင်းထုတ်တာမခံရသေးသည့်အချိန်တွင် ဇနီးဖြစ်သူသည် သူ၏စကားအား အမြဲနာခံခဲ့သည်။ နေ့တိုင်း သူ့အား တွယ်ကပ်လျက် တပူးပူးတတွဲတွဲ ဖြစ်စေသည်။ သို့သော် ယခုမူ သူ ပိုက်ဆံ မရှိတော့သည်နှင့် သူ့အား အသိအမှတ်မပြုတော့ဘဲ မျက်နှာလွှဲခဲ့လေပြီဖြစ်သည်။
သူမသည် ကွာရှင်းချင်သည်ဟုပင် ဆိုပြန်သေးသည်တကား။
“တင်း…တောင်…”
တံခါးခေါင်းလောင်း မြည်လာသည်။
ဒေါသရိပ်ဖုံးလွှမ်းနေသော မျက်နှာဖြင့် စုယန်နင်းသည် တံခါးဆီသို့ ပြေးကာ အားနှင့် ဖွင့်လိုက်သည်။ တံခါးရှေ့တွင် ရပ်နေသော ရဲအရာရှိများအား တွေ့သောအခါ သူမ၏ဒေါသမျက်နှာသည် အေးခဲသွားရသည်။
“ရှင်တို့… ဒီမှာ ဘယ်သူကို လာရှာတာပါလဲ။”
ရဲအရာရှိတစ်ယောက်သည် လေးနက်သောအသံဖြင့်
“ဒီအိမ်မှာ ကျန်းမေယွမ် နေပါသလား။”
“ဟုတ်ကဲ့” စုယန်နင်းသည် တုံ့ဆိုင်းစွာ ဖြေလိုက်သည်။
ရဲအရာရှိသည် စုယန်နင်းအား တွန်းဖယ်ကာ ဧည့်ခန်းထဲသို့ ဝင်လာရာ ကျန်းမေယွမ်အား ဒေါသထွက်နေဟန်ဖြင့် တွေ့မြင်လိုက်ရသောကြောင့် သူ၏ရဲဝန်ထမ်းကတ်အား ပြလိုက်ပြီး
“ကျန်းမေယွမ်… ကျုပ်တို့ အစီရင်ခံစာတစ်စောင် ရတယ်။ လွန်ခဲ့တဲ့၂နှစ်ခွဲကျော်လောက်က မော်တော်ကားနဲ့တိုက်ပြေးတဲ့အမှုတစ်ခုမှာ မင်း ပါဝင်နေတယ်လို့ သံသယရှိတဲ့အတွက် စစ်ဆေးမေးမြန်းဖို့ စခန်းကို လိုက်ခဲ့ပါ။”
ကျန်းမေယွမ် ကြက်သေ သေသွားသည့်နည်းတူ စုရှန်ဖေးနှင့် စုယန်နင်းတို့သည်လည်း တုန်လှုပ်သွားရသည်။
ဘေးတွင် ရပ်နေသော စုရှန်းဝမ်သည် ရုတ်တရက် အားရပါးရ ရယ်မောလိုက်ရင်း
“ဟား..ဟား..ဟား.. ကျန်းမေယွမ်…ကျန်းမေယွမ်… မင်းလည်း ဒီလိုနေ့ ရှိလာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူးမဟုတ်လား။ မင်းက ဒီဖေဖေကြီးအပေါ်မှာ ကိုယ့်လမ်းကိုယ်လျှောက် သဘောထားနေတာမဟုတ်လား။ ဒီကောင်ကြီးကလည်း ကိုယ့်လမ်းကိုယ်လျှောက် သဘောထားရတော့မှာပေါ့။ ကားတိုက်ပြေးတဲ့အမှုက ရာဇဝတ်မှုကြီးတစ်ခုပဲ။ မင်းက ငါနဲ့ ကွာရှင်းချင်တယ်လို့ တွေးမှတော့ မင်းလိုချင်တာ ငါ ပေးရမှာပေါ့ ဟားဟား။ ငါ မင်းနဲ့ကွာရှင်းတယ်။ နောက်ပိုင်း ငါ မင်းကို ကြည့်ပြီး ထောင်ကျတဲ့အခါ ဒီ့ထက်ပိုပြီး ဆိုးဆိုးဝါးဝါး မခံစားရတော့ဘူး။”
ကျန်းမေယွမ်၏မျက်နှာသည် စာရွက်တစ်ရွက်ကဲ့သို့ ဖြူဖွေးသွားသည်။ ကြောက်ရွံ့သော အရိပ်အယောင်သည် သူမ၏မျက်လုံးများတွင် ရိပ်ကနဲ တစ်ချက်ဖြတ်သန်းသွားပြီး စုရှန်းဝမ်၏ အရှေ့သို့ လျှောက်သွားစဉ်တွင် မျက်ရည်များ တသွင်သွင် စီးကျလာသည်။ သူမသည် ခါးသီးစွာဖြင့် ပြောလိုက်သည်။
“ယောကျ်ား… ကျွန်မ မှားပါတယ်။ ကျွန်မ အခု အမှားလုပ်မိပါတယ်။ ကျွန်မ ဒေါသမထွက်သင့်ဘူး။ ပေါက်ကရအကျိုးမရှိတာတွေ မပြောသင့်ပါဘူး။ ကျွန်မကို အပြစ်မတင်လိုက်ပါနဲ့နော်။ ဒါဟာ နားလည်မှုလွဲတဲ့ အမှားတစ်ခုလို့ ရဲအရာရှိတွေကို ပြောပေးပါဦး။ ကျွန်မ ကားတိုက်ပြီးပြေးတာမျိုးလည်း တစ်ခါမှ မလုပ်ဖူးပါဘူး။”
***