← Chapters

အရှင်ဒွန်ဟောင်၏ ကနဦးဆုံးဖြတ်ချက်

Vol. 184 Ch. 2622

အရှင်ဒွန်ဟောင်၏ ကနဦးဆုံးဖြတ်ချက်

Vol. 184 Ch. 2622

ရီဖူရှင်းက နတ်ဆိုးအင်ပါယာ၏ ကတိစကားကို ကြားလိုက်သောအခါ ဦးညွှတ်လျှက် ပြောသည်။

“ကျေးဇူးအများကြီးတင်ပါတယ် အရှင်အင်ပါယာ... လက်ရှိ မူလဘုံမှာ စီဝေ့ကြယ်ကောင်းကင်က တစ်ခုတည်းသော အင်အားစုမဟုတ်ပါဘူး။ လောကအသီးသီးက အင်အားစုတွေလည်း အဲဒီမှာ ရှိနေပါတယ်။ ဒါပေမဲ့ စီဝေ့ကြယ်ကောင်းကင်က မူလဘုံကို အုပ်စိုးထားတဲ့ အကြီးဆုံးအင်အားစုပါ။ တခြားအင်အားစုတွေအတွက်တော့ ကျုပ် မပြောတတ်ပေမယ့်... သေချာပေါက် စီဝေ့ကြယ်ကောင်းကင်က နတ်ဆိုးဘုံနဲ့ ရန်သူဖြစ်လာမှာ မဟုတ်ပါဘူး...”

အင်အားစုနှစ်စုသည် တစ်ယောက်ကိစ္စတွင်တစ်ယောက် ဝင်ပါမည်မဟုတ်ပေ။

နတ်ဆိုးဘုံနှင့် မဟာမိတ်ဖွဲ့၍ ကောင်းကင်ဒေသကို အတူတကွ ကျုးကျော်ရန်အတွက်မူ စီဝေ့ကြယ်ကောင်းကင်သည် လိုအပ်သောအင်အားကို မထူထောင်ရသေးသဖြင့် ရီဖူရှင်းအနေဖြင့် ထိုသို့အကြံမပေးဝံ့သေးပေ။

နတ်ဆိုးအင်ပါယာသည် နတ်ဆိုးဘုံတစ်ခုလုံးကို အမိန့်ပေးခဲ့သည်။ နတ်ဆိုးဘုံမှ ကျင့်ကြံသူအရေအတွက်သည် ကောင်းကင်ဒေသမှ ကျင့်ကြံသူအရေအတွက်ထက် များစွာနည်းသည်။ သို့သော် နတ်ဆိုးဘုံမှ ကျင့်ကြံသူတိုင်းသည် နတ်ဆိုးအင်ပါယာ၏အမိန့်ကို ရသောအခါ စစ်ပွဲတွင် ပါဝင်ရန် ဆန္ဒရှိနေကြ၏။ စည်းလုံးမှုအပိုင်းတွင် ကောင်းကင်ဒေသည် နတ်ဆိုးဘုံကို မယှဉ်နိုင်ပေ။

ထို့အပြင် ထိပ်သီး နတ်ဆိုးကျင့်ကြံသူများစွာလည်း ရှေ့နှစ်များအတွင်း၌ ထွက်ပေါ်ခဲ့သည်။

ထိုမတိုင်ခင်က စီဝေ့ကြယ်ကောင်းကင်သည် ချိပ်ပိတ်ခံခဲ့ရပြီး ကြယ်ကောင်းကင်အတွင်းရှိ ကျင့်ကြံသူများသည် သူတို့ရသမျှနှင့်သာ ကျေနပ်ရောင့်ရဲခဲ့ရသည်။ သူတို့သည် ကျင့်ကြံခြင်းအပိုင်းတွင်လည်း ကန့်သတ်ခံခဲ့ရ၏။ စီဝေ့ကြယ်ကောင်းကင်သည် မဟာအင်ပါယာစီဝေ့က ကာကွယ်ပေးခဲ့သည့် နောက်ဆုံးနယ်မြေဖြစ်ပြီး ကျင့်ကြံသူများသည် ရီဖူရှင်းက သူတို့၏နန်းတော်သခင်ဖြစ်လာခဲ့ကတည်းက တိုးတက်လာခဲ့သည်။ သို့သော် သူတို့သည် အခြားအဓိကလောကများနှင့် ယှဉ်လျှင်မူ နောက်‌ကောက်ကျနေသေးသည်။

မူလဘုံ၏ ဒေသခံအင်အားစုများသည် ပို၍ပင် အားနည်းသည်။ အကယ်၍ ရီဖူရှင်းသာ သူတို့ကို ကောင်းကင်ဒေသမှ တပ်များနှင့် စစ်တိုက်ရန် အမိန့်ပေးလိုက်ပါက မည်သို့ဖြစ်သွားမည်နည်း။

ထိုသို့သာလုပ်လိုက်လျှင် သူတို့ကို သေတွင်းထဲသို့ ပို့လိုက်သည်နှင့်ခြားမည်မဟုတ်ပေ။

အကယ်၍ အဓိကလောကအသီးသီးအကြားတွင် လောကစစ်ပွဲတစ်ခုသာ ဖြစ်ပေါ်ခဲ့ပါက စီဝေ့ကြယ်ကောင်းကင်မှ အင်အားစုများသည် ထိုအခွင့်အရေးကို အသုံးချ၍ ကျင့်ကြံကာ သူတို့၏စွမ်းရည်ကို တိုးတက်အောင်လုပ်မည်ဖြစ်သည်။ ထိုလုပ်ရပ်သည်သာ အကောင်းဆုံးရလဒ်ကို ရနိုင်၏။

“အင်း...”

နတ်ဆိုးအင်ပါယာသည် မည်သို့မှ ဆက်မပြောတော့ပေ။ ရီဖူရှင်းက ထိုကိစ္စအပေါ်ထားသည့် နတ်ဆိုးအင်ပါယာ၏ သဘောထားကို မသေမချာ ဖြစ်နေ၏။

“အရှင်အင်ပါယာ... ကျုပ် အရှင်အင်ပါယာကို မေးချင်တဲ့ကိစ္စတစ်ခု ရှိပါသေးတယ်”

ရီဖူရှင်း စကားခေါ်လိုက်သည်။

“ဘာကိစ္စလဲ...”

“ကျုပ်ရဲ့ မွေးစားအဖေ...”

“သူ့အကြောင်းကို ငါ့ရှေ့မှာ မပြောနဲ့”

ရီဖူရှင်းအပေါ်သို့ ကြောက်မက်ဖွယ်ဖိအားတစ်ခု ရုတ်ခြည်းကျဆင်းလာပြီး သူ့ကို စကားဆက်မပြောနိုင်အောင် လုပ်လိုက်သည်။ ရီဖူရှင်းက အတိတ်တွင် ဖြစ်ပျက်ခဲ့သည်များကို သိလိုနေခြင်းပင်။ နတ်ဆိုးအင်ပါယာသည် ထူးကဲသောကျင့်ကြံခြင်းအစွမ်းနှင့် ဩဇာတိက္ကမပြည့်စုံသည့် သူရဲကောင်းတစ်ဦးဖြစ်သည်။ ထိုအချက်မှန်ကန်ကြောင်းကို နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများနှင့် နတ်ဆိုးဘုံမှ ကျင့်ကြံသူများက သူ့အပေါ်ထားသည့်သဘောထားကို အခြေခံ၍ သက်သေပြခဲ့ပြီးဖြစ်သည်။ သူသည် ဤနေရာရှိ လူအားလုံး၏အသက်ကို တစ်ကိုယ်တော် ကာကွယ်ပေးနေခြင်းပင်။

ထိုကဲ့သို့သော အခြေအနေအောက်တွင် အဘယ်ကြောင့် ရီဖူရှင်း၏ မွေးစားအဖေက နတ်ဆိုးဘုံကို သစ္စာဖောက်၍ ကောင်းကင်ဒေသနှင့် ပူးပေါင်းရန် ရွေးချယ်ခဲ့ရခြင်းနည်း။

ထို့နောက်တွင် မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့သေးသနည်း။

ရီဖူရှင်းက နတ်ဆိုးအင်ပါယာ၏ တုံ့ပြန်မှုကို တွေ့လိုက်ရသောအခါ သူ့ထံမှနေ၍ အဖြေရမည်မဟုတ်ကြောင်း သိရှိသွား၏။ နတ်ဆိုးအင်ပါယာအတွက် ရီဖူရှင်း၏မွေးစားအဖေအကြောင်းသည် ထုတ်ပြော၍မရနိုင်သောအရာ ဖြစ်ပေလိမ့်မည်။ နတ်ဆိုးအင်ပါယာရှေ့တွင် သူ့မွေးစားအဖေ၏အမည်ကိုပင် ထုတ်ပြောခွင့်မရှိပေ။

“သွားတော့...”

နတ်ဆိုးအင်ပါယာက အမိန့်ပေးလိုက်သည်။ ရီဖူရှင်း နှင်ထုတ်ခံလိုက်ရ၏။

“ဟုတ်ကဲ့ပါ အရှင်အင်ပါယာ...”

ရီဖူရှင်းက စိတ်ပျက်လက်ပျက် ခေါင်းညိတ်လိုက်ရ၏။ သူသည် ယူချင်းကို တစ်ချက်ကြည့်လိုက်၏။

ယူချင်းက ပြောသည်။

“ကျွန်တော် သူ့ကို အပြင်လိုက်ပို့ လိုက်ပါဦးမယ်။ ပြီးရင် ကျွန်တော် ကောင်းကင်ဒေသကို တိုက်ခိုက်မယ့် စစ်ပွဲမှာ ပါဝင်မယ်”

“မင်းသွားစရာမလိုပါဘူး။ ဒွန်ဟောင်တိယွမ်ရဲ့ စွမ်းရည်ကို မြင်ပြီးသွား‌မှ မင်းရဲ့ ကျင့်ကြံခြင်းကို အခြေခိုင်အောင်လုပ်ဖို့လိုသေးတယ်လို့ ငါတွေးမိသွားတယ်။ အချိန်တစ်ခုအထိ မင်း စစ်ပွဲထဲမှာ ပါရဦးမှာ မဟုတ်ဘူး”

နတ်ဆိုးအင်ပါယာသည် ယူချင်း၏အကြံကို ချက်ချင်း ငြင်းလိုက်သည်။

“မင်း ငါနဲ့အတူ အချိန်တစ်ခုအထိ အခန်းအောင်း ကျင့်ကြံရမယ်။ နောက်ကျရင် ငါ မင်းကို နတ်ဆိုးဘုံရဲ့ တပ်တွေရဲ့ တပ်မှူးဖြစ်လာစေချင်တယ်”

နတ်ဆိုးအင်ပါယာ ဆက်ပြောသည်။

“နတ်ဆိုးဘုံမှာ လုံလောက်အောင်စွမ်းအားမကြီးရင် နတ်ဆိုးဘုံရဲ့ စစ်တပ်တွေကို အာဏာကိုအသုံးချပြီးတော့ အမိန့်ပေးလို့ မရဘူးဆိုတာ မင်းလည်း သိမှာပါ”

နတ်ဆိုးချောက်ကမ်းပါးအောက်တွင် ပိတ်မိနေခဲ့သည့်အတွက် နတ်ဆိုးဘုံမှ ကျင့်ကြံသူများသည် ခက်ခဲကြမ်းတမ်းသော အခြေအနေများအောက်တွင် နေထိုင်ခဲ့ရသဖြင့် အခြားလောကများမှ ကျင့်ကြံသူများထက် စွမ်းအားကို ပို၍အလေးထားပေသည်။ သူတို့သည် စွမ်းအားကိုသာ လေးစားပြီး ဂုဏ်အဆင့်အတန်းကို မလေးစားပေ။

ယူချင်းသည် တဒင်္ဂမျှ တုံဏိဘာဝေဖြစ်သွားပြီးနောက်တွင် ခေါင်းညိတ်လိုက်၏။

သူသည် ထိုတာဝန်ကို လက်ခံခဲ့ပြီးဖြစ်သည်။ သူသည် နတ်ဆိုးဘုံ၏‌ လေးလံသောဝန်ထုပ်ဝန်ပိုးကို ထမ်းရပေမည်။

ရီဖူရှင်းက ထိုအခြင်းအရာအားလုံးကို တစ်ခွန်းမှ ဝင်မပြောဘဲ ကြည့်နေ၏။ သူသည် ရင်ထဲတွင် စိတ်လှုပ်ရှားခံစားသည်။ မွေးစားအဖေသည် ယူချင်းနှင့် သူ့ကို ပြုစုပျိုးထောင်ခဲ့စဉ်က သူသည် ဤကဲ့သို့သော နေ့မျိုးအတွက် ပြင်ဆင်ထားခဲ့ခြင်းပေလော။

နတ်ဆိုးအင်ပါယာ၏ ယူချင်းအပေါ် ပြုမူပုံအရ သူသည် ယူချင်းကို ကိုယ်ပိုင်ယုံကြည်မှု တည်ထောင်ရန် ခွင့်ပြုပေးခဲ့ခြင်းပေလော။

လူများအတွက် သူတို့၏ယုံကြည်မှုများကို ပြောင်းလဲရန် အလွန်ခက်ပေသည်။

ဤကိစ္စတွင် ယူချင်းသည် မွေးစားအဖေ၏ မျှော်လင့်ချက်များနှင့် ဆန့်ကျင်တော့မည်လော။

ရီဖူရှင်းပင် သေချာပေါက် မပြောနိုင်ပေ။

သူ၏မွေးစားအဖေသည်သာ အဖြေကို သိနိုင်ပေလိမ့်မည်။

ရီဖူရှင်းက မွေးစားအဖေသည် မည်သူ၊ မည်ဝါဖြစ်ကြောင်း သိရှိခဲ့ရသော်လည်း မွေးစားအဖေ၏ အကြောင်းအားလုံးကိုမူ သူမသိနိုင်သေးပေ။ အမှန်တွင် သူ့မွေးစားအဖေ၏အတိတ်သည် ယခုမှ ပို၍လျှို့ဝှက်ဆန်းကြယ်လာသကဲ့သို့ပင်။

မွေးစားအဖေသည် အတိတ်တွင် မည်သည့်ကိစ္စများနှင့် တွေ့ကြုံခဲ့ရခြင်းနည်း။

“ကျုပ် သွားပါတော့မယ်...”

ရီဖူရှင်း ဦးညွှတ်လျှက် ပြောသည်။ ထို့နောက်တွင် သူသည် ယူချင်းကို ခေါင်းဆတ်ပြလိုက်ပြီး နောက်လှည့်ကာ ထွက်သွားလေတော့သည်။

နတ်ဆိုးအင်ပါယာသည် ရီဖူရှင်းကို ကျောပေးလိုက်ပြီး သူထွက်ခွာသွားသည်ကို မကြည့်လိုက်ချေ။ ယူချင်းနှင့် ရီဖူရှင်းတို့၏အနာဂတ်သည် မည်သို့ဖြစ်မည်ကို သူတွေးတောနေပေသည်။ သူ့ညီတော်သည် ယူချင်းနှင့် ရီဖူရှင်းတို့ကို အတူတကွ ပျိုးထောင်ခဲ့စဉ်က မည်သည့်အရာကို တွေးနေခဲ့ခြင်းနည်း။

အတိတ်မှ အကြောင်းများကို သိလိုနေသူမှာ ရီဖူရှင်းတစ်ဦးတည်း မဟုတ်ပေ။ နတ်ဆိုးအင်ပါယာသည်လည်း ခန့်မှန်းတွေးတောနေပေသည်။

သူ၏ညီတော်သည် မရိုးရှင်းပေ။ သို့သော် သူတို့၏ယုံကြည်မှုများ ကွဲပြားခြင်းကြောင့် သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေးအဆင်မပြေခဲ့ပေ။ နောက်ဆုံးတွင် သူ၏ညီတော်သည် နတ်ဆိုးဘုံကို သစ္စာဖောက်ကာ အခြားလမ်းကြောင်းတစ်ခုကို ရှာဖွေခဲ့သည်။

*****

ရီဖူရှင်းသည် နတ်ဆိုးဘုံမှ ထွက်ခွာလာခဲ့သည်။ နတ်ဆိုးဘုံနှင့် ကောင်းကင်ဒေသ၏ နယ်စပ်တွင် သူသည် နတ်ဆိုးဘုံမှ တပ်ဖွဲ့များက ကောင်းကင်ဒေသအတွင်းသို့ ဝင်ရောက်နေသည်ကို တွေ့လိုက်ရ၏။ နတ်ဆိုးကျင့်ကြံသူအများအပြားသည် နေ့စဉ် နတ်ဆိုးဘုံဂိတ်တံခါးသို့ အလျင်အမြန် သွားနေကြ၏။ အနက်ရောင်မြစ်တွင်လည်း တပ်ဖွဲ့များ စခန်းချထားပေသည်။

မြောက်ဘက်ကမ်းပါးဒေသရှိ ကုန်းမြေအများအပြားသည် နတ်ဆိုးဘုံ၏ သိမ်းပိုက်မှုကို ခံခဲ့ရပြီဖြစ်သည်။

ဤတစ်ကြိမ်တွင် နတ်ဆိုးအင်ပါယာသည် သူ၏ရည်ရွယ်ချက်ကို အလေးအနက်ထားနေကြောင်း သိသာပေသည်။ သူ၏တပ်ဖွဲ့များသည် စစ်ပွဲတစ်ပွဲကို စတင်ခဲ့ပြီး ကောင်းကင်ဒေသကို တဖြည်းဖြည်းချင်းစီ ကျူးကျော်ဝင်ရောက်ကြမည်ဖြစ်သည်။

သူတို့၏ ပထမခြေလှမ်းသည် ကောင်းကင်ဒေသ၏ ကုန်းမြေ(၁၈)ခု၏ တစ်စိတ်တစ်ပိုင်းဖြစ်သော မြောက်ဘက်ကမ်းပါးဒေသကို ထိန်းချုပ်နိုင်အောင်လုပ်ရန်ဖြစ်သည်။

ရီဖူရှင်းသည် မြောက်ဘက်ကမ်းပါးဒေသအထက်ရှိ ကောင်းကင်ကိုဖြတ်ကာ ပျံသန်းနေသည်။ သူ့လမ်းတစ်လျှောက်တွင် နတ်ဆိုးကျင့်ကြံသူများ၏ သောင်းကျန်းဖျက်ဆီးမှုကို ခံထားရသော ကုန်းမြေများစွာကို သူတွေ့ခဲ့ရသည်။ မြောက်ဘက်ကမ်းပါးဒေသတွင် နေထိုင်သော ဒေသခံများစွာသည် ထိုနေရာမှ ထွက်ခွာကာ နေရာရွှေ့ပြောင်းသွားကြပြီဖြစ်သည်။ ထိုစစ်ပွဲအတွင်း၌ လူပေါင်းများစွာလည်း သေကြေခဲ့သည်။

ရီဖူရှင်းက နတ်ဆိုးကျင့်ကြံသူ အမြောက်အမြားက ကောင်းကင်ဒေသမှ ကျင့်ကြံသူများကို သတ်ဖြတ်၍ သူတို့၏ ရတနာများကို လုယူနေမှုများကို မျက်မြင်တွေ့ခဲ့ရသည်။

သူသည် ထိုအခြင်းအရာများကို ကြည့်ရှုလေ့လာရင်း တွေးလိုက်သည်။ မည်သူက မှန်၍၊ မည်သူက မှားသနည်း။

သို့တည်းမဟုတ် မည်သည်က မှန်၍၊ မည်သည်က မှားသနည်း။

နတ်ဆိုးအင်ပါယာက မှားနေခြင်းလော။ နတ်ဆိုးဘုံတွင် နေထိုင်သူများသည် သူတို့ဘုံ၏ ခက်ခဲကြမ်းတမ်းသော ပတ်ဝန်းကျင်တွင် နေထိုင်ကြရပြီး သူတို့၏ဘုံသည် အပြစ်သားများအတွက် အကျဉ်းထောင်အဖြစ် သတ်မှတ်ခြင်းခံရပေသည်။ ထို့ကြောင့် သူတို့သည် ခါးသီးသောရန်ငြိုးများဖွဲ့ထားကြပြီး နောက်ဆုံးတွင် အခြားကျင့်ကြံသူများကို သတ်ဖြတ်ခြင်းဖြင့်သာ အဆုံးသတ်ခဲ့သည်။ နတ်ဆိုးအင်ပါယာသည် နတ်ဆိုးဘုံ၏ ကောင်းကျိုးအတွက်သာ  လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

သို့ဆိုလျှင် အရှင်ဒွန်ဟောင်နှင့် အခြားကျင့်ကြံသူများက နတ်ဆိုးဘုံမှ တပ်ဖွဲ့များ သူတို့၏ကုန်းမြေအတွင်းသို့ ကျူးကျော်လာသည်ကို တားဆီးခြင်းသည် မှားနေခြင်းလော။

အကယ်၍ နတ်ဆိုးဘုံမှ တပ်ဖွဲ့များသာ ကောင်းကင်ဒေသတစ်ခွင်လုံးကို ထိန်းချုပ်နိုင်သွားလျှင် လောကထဲသို့ နတ်ဆိုးများ ‌ရောက်ရှိလာမည်ဖြစ်ပြီး နတ်ဆိုးချောက်ကမ်းပါး၏ စွမ်းအားသည် ကုန်းမြေအားလုံးကို တိုက်စားသွားမည်ဖြစ်သည်။ သို့ဖြစ်လာလျှင် အခြေအနေများ မည်သို့ဖြစ်သွားမည်နည်း။ ထိုကိစ္စကြောင့် လူပေါင်းမည်မျှ သေဆုံးရမည်နည်း။

လောကတိုင်းသည် ကိုယ့်ရပ်တည်ချက်နှင့်ကိုယ် ရှိကြပေသည်။ လောကအားလုံးတွင် ၎င်းတို့ ကာကွယ်လိုသည့် ယုံကြည်မှုကိုယ်စီ ရှိကြသည်။

ရီဖူရှင်းက ထိုစစ်ပွဲအတွင်း၌ ဝင်ပါလိုနေသော်လည်း သူ၏ဆန္ဒကို ချိုးနှိမ်ထားလိုက်ရ၏။ သူသည် လက်ရှိတွင် အလွန်စွမ်းအားကြီးနေပြီဖြစ်သော်လည်း ဤကဲ့သို့ လောကများစွာ ပါဝင်သည့် စစ်ပွဲထဲတွင် ဝင်ပါနိုင်ရန်အတွက်မူ လိုအပ်ချက်များ ရှိနေဆဲဖြစ်သည်။ မဟာအင်ပါယာများသည်သာ သက်ရှိအားလုံး၏ ကံကြမ္မာကို ဆုံးဖြတ်ရန် အရည်အချင်းပြည့်မီပေသည်။

ရီဖူရှင်း၏စွမ်းအားသည် သူတို့နှင့် မယှဉ်သာပေ။ သူ၏လုပ်ရပ်သည် မည်သို့မှ အရာရောက်မည်မဟုတ်ပေ။

ယခုတွင် သူလုပ်နိုင်သည့်အရာမှာ စီဝေ့ကြယ်ကောင်းကင်နှင့် မူလဘုံမှ အင်အားစုများကို ကာကွယ်ရန်သာ ရှိလေသည်။

ရီဖူရှင်းက ရှန်ချင်းကုန်းမြေရှိ လေးမျက်နှာကျေးရွာသို့ ရှုပ်ထွေးသောခံစားချက်များဖြင့် သွားလိုက်သည်။

လေးမျက်နှာကျေးရွာသည် လောကအတွင်း၌ ၎င်းကိုယ်၎င်း ထုတ်ဖော်ပြလိုက်ပြီဖြစ်ပြီး ယခုတွင် လွန်စွာ စည်ပင်ဝပြောနေပေသည်။ နေရာအနှံ့မှနေ၍ ကျင့်ကြံသူများစွာသည် လေးမျက်နှာတိုက်သို့ ရောက်လာခဲ့ကြသည်။ သူတို့သည် လေးမျက်နှာကျေးရွာထဲတွင် လမ်းစဉ်ကို ရှာဖွေလိုကြကာ ဆရာသခင်၏ လမ်းညွှန်ပြသမှုကို မေးမြန်လိုကြပေသည်။ သို့သော် ဆရာသခင်သည် လောကရေးရာများတွင် ဝင်ပါတတ်သူ မဟုတ်ပေ။ မည်သူမှ သူနှင့် မတွေ့နိုင်ခဲ့ပေ။

သို့သော် ရီဖူရှင်းက ဆရာသခင်နှင့် တိုက်ရိုက်တွေ့ဆုံနိုင်ပေသည်။ ယခုတွင် သူသည် ဆရာသခင်ထံသို့ ရောက်လာပေပြီ။ သူသည် ဆရာသခင်ရှေ့တွင် ဦးညွှတ်လျှက် နှုတ်ဆက်လိုက်သည်။

“ဆရာသခင်...”

“မင်း စိတ်ထဲမှာ ဘာရှိနေလဲ”

ဆရာသခင်က မေးလိုက်သည်။

သူ၏ခန္ဓာကိုယ်သည် အတန်ငယ် ဝေဝါးနေပြီး ခန္ဓာကိုယ်အစစ်မဟုတ်ဘဲ ပုံရိပ်ယောင်တစ်ခုဟုသာ ထင်ရပေသည်။

“ဟုတ်ကဲ့...”

ရီဖူရှင်း ခေါင်းညိတ်လျှက် ပြန်ပြောသည်။

“ကျွန်တော် နတ်ဆိုးဘုံကနေ ပြန်လာတာပါ။ အခု ကျွန်တော့စိတ်ထဲမှာ သံသယနည်းနည်း ရှိနေပါတယ်”

“မင်းရဲ့ သံသယတွေကို နားထောင်ကြည့်တာပေါ့...”

ဆရာသခင်က ပြောသည်။

“ကောင်းပါပြီ...”

ထို့နောက် ရီဖူရှင်းက နတ်ဆိုးဘုံတွင် ဖြစ်ပျက်ခဲ့သည့်ကိစ္စအားလုံးကို ဆရာသခင်အားပြောပြလိုက်၏။ ရီဖူရှင်းက ဆရာသခင်ကို အပြည့်အဝယုံကြည်သဖြင့် မည်သည့်အကြောင်းကိုမှ ထိမ်ချန်မထားခဲ့ဘဲ သူ့မွေးစားအဖေနှင့်ပတ်သတ်သည့် ကိစ္စများကိုပါ ပြောပြလိုက်သည်။ ထို့အပြင် ရီဖူရှင်း၏ဇစ်မြစ်သည် လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ပေ။

ရီဖူရှင်းက ထိုအကြောင်းများကို ပြောပြပြီးနောက် ဆက်ပြောသည်။

“ဆရာသခင်... ဆရာသခင်က အရင်က အရှင်ဒွန်ဟောင်နဲ့ တွေ့ခဲ့ဖူးပါတယ်။ သူက ဘယ်လို လူစားမျိုးပါလဲ”

ယခင်က အရှင်ဒွန်ဟောင်သည် လေးမျက်နှာကျေးရွာသို့လာ၍ လမ်းစဉ်ရှာဖွေခဲ့သည်။ ထိုစဉ်က သူသည် အင်ပါယာတစ်ပါး ဖြစ်မလာသေးပေ။

“သူက စိတ်ကူးယဉ်သမားပဲ... ပြီးတော့ သူရဲကောင်းဆန်တယ်”

ဆရာသခင်က ရီဖူရှင်းကိုကြည့်၍ ပြောသည်။

“သူက ဘာတွေကိုများ စိတ်ကူးယဉ်လို့လဲ...”

ရီဖူရှင်း မေးလိုက်သည်။

“သူက ကျင့်ကြံခြင်းပညာကို တိုးတက်ပြန့်ပွားစေလိုပြီး သက်ရှိအားလုံးကို သာတူညီမျှဖြစ်စေချင်တာ။ သူက လူတိုင်း ကျင့်ကြံခြင်းအတွက် သင့်တော်တဲ့ ပတ်ဝန်းကျင်ကို ရရှိစေလိုခဲ့တာ။ အဲဒီလိုဆိုရင် လူတိုင်းက စွမ်းအားကြီးကျင့်ကြံသူတွေဖြစ်လာပြီး မသေမျိုးလမ်းစဉ်ကို ရှာတွေ့နိုင်မှာပေါ့။ သူက ပဋိပက္ခတွေမရှိတဲ့ အသက်ဆုံးရှုံးမှုတွေမရှိတဲ့ လောကကြီးကို တွေ့မြင်ချင်ခဲ့တာ”

ဆရာသခင်က ပြန်ဖြေလိုက်သည်။

“ဒီတော့ အရှင်ဒွန်ဟောင်က လောကထဲက လူတိုင်းကို လမ်းစဉ် ရရှိစေလိုခဲ့တာပေါ့။ တခြားသူတွေ မဟာအင်ပါယာအဆင့် ရောက်သွားရင်လည်း သူ အရေးမစိုက်ဘူးပေါ့...”

ရီဖူရှင်း အတိုချုံး၍ ပြောသည်။

“အဲဒါက သူ့ရဲ့ စိတ်ကူးပဲ... အနည်းဆုံးတော့ အဲဒါက သူ့ရဲ့ စိတ်ကူးဖြစ်ခဲ့ဖူးတယ်...”

ဆရာသခင် ပြောသည်။

ရီဖူရှင်း မေးလိုက်၏။

“အဲဒီတုန်းက အရှင်ဒွန်ဟောင်က မဟာအင်ပါယာတစ်ပါး မဖြစ်သေးဘူး... သူက ကောင်းကင်ဒေသကိုလည်း မစည်းရုံးရသေးသလို ကောင်းကင်ဒေသရဲ့ အုပ်ချုပ်သူလည်း မဖြစ်လာသေးဘူး။ သူ အင်ပါယာရီချင်နဲ့အတူ ကောင်းကင်ဒေသရဲ့ ပူးတွဲအုပ်ချုပ်သူ ဖြစ်လာတော့ လူအများကြီးရဲ့ ကြည်ညိုလေးစားမှုကို ခံခဲ့ရတယ်။ သူ့ရဲ့ အဆင့်အတန်းကလည်း ပြောင်းလဲသွားပြီး သူ ထည့်စဉ်းစားရမယ့် အရာတွေကလည်း ပြောင်းလဲသွားပြီဆိုတော့ သူက သူ့ရဲ့စိတ်ကူးတွေကို စွန့်ပစ်လိုက်ပြီး သူ့ရဲ့ ကနဦးဆုံးဖြတ်ချက်ကို မေ့သွားတာလား”

အရှင်ဒွန်ဟောင်၏ အင်ပါယာရီချင်အပေါ် တုံ့ပြန်မှုအရကြည့်လျှင် သူတို့နှစ်ဦးသည် သေချာပေါက် ရှုပ်ထွေးသောအတိတ်တစ်ခု ရှိခဲ့ပေလိမ့်မည်။ အရှင်ဒွန်ဟောင်နှင့် အင်ပါယာရီချင်တို့ နှစ်ဦးစလုံးသည် ကောင်းကင်ဒေသ၏ မဟာအင်ပါယာများဖြစ်ခဲ့ကြသည်။ သူတို့သည် သမိုင်းတွင်သည့် အကျော်ဇေယျများဖြစ်ကြသည်။ သို့သော် နောက်ပိုင်းတွင် အရှင်ဒွန်ဟောင်သည် အင်ပါယာရီချင်ကို သစ္စာဖောက်ခဲ့ပြီး အင်ပါယာရီချင်၏အမည်ကို သမိုင်းမှ ဖယ်ထုတ်ပစ်ကာ သူ့အကြောင်းကို ထုတ်ပြော၍မရသောအရာတစ်ခုဖြစ်အောင် လုပ်ခဲ့သည်။ ရီဖူရှင်းက ထိုကိစ္စကို တနုံ့နုံ့ဖြစ်နေပေ‌သေးသည်။

“ငါလည်းမသိဘူး...”

ဆရာသခင်သည် ခေါင်းခါ၍ ပြန်ပြောသည်။

“သူ့ရဲ့ အပြုအမူတွေအရ အဲဒီလို ဖြစ်နိုင်ချေရှိတယ်လို့ ပြောနိုင်ပါသလား...”

ရီဖူရှင်းက အဖြေရရန် ဆက်ဖိအားပေးလိုက်သည်။

“ပြောနိုင်တယ်... ဒါပေမဲ့ ‘မပြောနိုင်ဘူး’ လို့လည်း ပြောလို့ရတယ်”

ဆရာသခင်က ပြောသည်။

“ငါက ငါမသိတဲ့ကိစ္စကို ထင်ကြေးနဲ့ ပြောမှာမဟုတ်ဘူး”

ရီဖူရှင်း ခေါင်းညိတ်လိုက်၏။ ဆရာသခင်၏ စကားသည် မှန်ပေသည်။ လူတစ်ယောက်၏ တွေးတောခန့်မှန်းမှုများတွင် ကြိုတင်မကောင်းမြင်စိတ်နှင့် ဘက်လိုက်သောအမြင်များ ရောနေတတ်ပေသည်။

ရီဖူရှင်း သက်ပြင်းချ၍ ပြောလိုက်၏။

“လက်ရှိမှာ လောကကြီးက ကြီးမားတဲ့ ပြောင်းလဲမှုတွေနဲ့ ကြုံတွေ့နေရတယ်။ ကျွန်တော် ဘယ်ယုံကြည်မှုကို လက်ကိုင်ပြုထားသင့်ပါသလဲ။ ကျွန်တော် ဘယ်လို ပြုမူသင့်ပါသလဲ”

ဆရာသခင်က အကြံပေးလိုက်သည်။

“မင်းမှာ သံသယတွေ ရှိနေတယ်ဆိုရင် အမှန်တရားကို သွားရှာပါ။ ဒါပေမဲ့ နောက်ဆုံးမှာ မင်းဘာရွေးချယ်မယ်ဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တယ်။ မင်းပြောခဲ့သလိုပဲ အားလုံးက ကိုယ့်ရပ်တည်ချက်နဲ့ကိုယ်ရှိကြပြီး သူတို့ကိုင်ဆွဲထားတဲ့ ယုံကြည်မှုတွေရှိကြတယ်။ မင်းလည်း အတူတူပဲ။ မင်း ဘယ်လို ဆုံးဖြတ်ချက်ချချ မင်းလိပ်ပြာလုံနေသ၍၊ မင်း နောင်တမရသ၍ အဲဒီဆုံးဖြတ်ချက်က ကောင်းတယ်လို့ ပြောရမှာပဲ”

ရီဖူရှင်း တိတ်ဆိတ်သွားသည်။ ထို့နောက် သူသည် ခေါင်းညိတ်လျှက် ဦးညွှတ်ကာ ပြောသည်။

“ကျေးဇူးအများကြီးတင်ပါတယ် ဆရာသခင်...”

All Chapters