စီဝေ့ကြယ်ကောင်းကင် ရှေ့သို့လှမ်းချီ...
Vol. 184 Ch. 2623
ရီဖူရှင်းက စီဝေ့ကြယ်ကောင်းကင်ရှိ စီဝေ့အင်ပါယာနန်းတော်သို့ ပြန်ရောက်လာသည်။
နတ်ဆိုးဘုံနှင့် ကောင်းကင်ဒေသအကြားရှိ စစ်ပွဲသည် မူလဘုံအပါအဝင် ဘုံခုနစ်ဘုံ၏ စိတ်ဝင်စားမှုကို ခံရလေရာ လောကကြီးသည် မူလဘုံကို သိပ်၍ အာရုံမစိုက်ကြတော့ပေ။ ထို့အပြင် သူတို့ ရှေးဟောင်နတ်ဘုရားကလန်ခြောက်ခုနှင့် ယာယီစစ်ပြေငြိမ်းထားမှုသည် ရီဖူရှင်း နတ်ဆိုးဘုံသို့ ရောက်နေစဉ်အတွင်း အရာအားလုံးကို တည်ငြိမ်အေးချမ်းနေစေလေသည်။
စီဝေ့အင်ပါယာနန်းတော်အတွင်းမှ ကျင့်ကြံသူများသည် သူတို့ကိုယ်သူတို့ အစွမ်းတိုးမြှင့်နိုင်ရန် အားကြိုးမာန်တက် ကျင့်ကြံနေကြ၏။
သူတို့သည် ရီဖူရှင်း ပြန်ရောက်လာကြောင်း သိလိုက်သောအခါ သူ၏တပည့်ရင်းလေးဦး အပြေးရောက်ရှိလာလေသည်။ ပထမဆုံးရောက်ရှိလာသူမှာ ဖန်းစွင်ဖြစ်သည်။
“ဆရာ... ဆရာကတော်...”
ဖန်းစွင်နှင့် အခြားသူများသည် ရီဖူရှင်း နေထိုင်၊ ကျင့်ကြံသော နန်းတော်သို့ လာ၍ ရီဖူရှင်းနှင့် ဟွာဂျီယူတို့ကို အရိုအသေပေးလိုက်လေသည်။
ရီဖူရှင်းက သူတို့လေးဦးကိုကြည့်လိုက်ပြီး ပြုံးကာ ဖန်းစွင်ကို ဦးတည်၍ ပြောလိုက်၏။
“မင်းက မင်းရဲ့ဆရာကို ကြွားဖို့ ဒီကိုရောက်လာတာလား”
“ဟီးဟီး...”
ဖန်းစွင်သည် ကြွားလိုခဲ့သော်လည်း ယခုတွင် ရီဖူရှင်းက သူ့ကို ထိုသို့ ဘွင်းဘွင်းရှင်းရှင်းမေးလိုက်ရာ သူ အနည်းငယ် ရှက်သွားလေသည်။ သူပြုံးလျှက် ပြောလိုက်၏။
“မဟုတ်ပါဘူး... ကျုပ်က ဆရာဆီလာပြီး တင်ပြချင်ရုံပါ...”
“အင်း...”
ရီဖူရှင်း ခေါင်းညိတ်လိုက်၏။
“မင်းအနေနဲ့ မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးကို စောစောစီးစီး ကျော်ဖြတ်နိုင်ခဲ့တာ အရမ်းကောင်းတယ်”
မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့သူ ဖန်းစွင်သည် ရီဖူရှင်း ပြန်ရောက်လာကြောင်း ကြားလိုက်ချင်းချင်း သူ့ဆရာအား သူ၏အောင်မြင်မှုကို လာရောက် ပြသခြင်းပင်။
“အဲဒါက ဆရာ့ရဲ့ သင်ပြမှုတွေကြောင့်ပါပဲ...”
ဖန်းစွင် ပြုံးလိုက်သည်။
“ဆရာက ဦးလေးထျယ်ကို ကောင်းကင်ဒေသက ရှန်ကလန်ရဲ့ ကျင့်စဉ်တချို့ကို ယူလာစေခဲ့လို့ပါ... ဒီတစ်ခေါက် အဲဒီကျင့်စဉ်တွေက ကျွန်တော့ကို အဆင့်တက်နိုင်ဖို့ အများကြီး အထောက်အကူပြုခဲ့ပါတယ်။ နောက်တော့ ကျွန်တော် ရှန်ကလန်ရဲ့ အမွေခံကျင့်စဉ်တွေကို ကျင့်ကြံနိုင်ဖို့ ကျွန်တော့ကို ရှန်ကလန်ကို ခေါ်သွားပေးဖို့ မဟာအကြီးအကဲကို တောင်းဆိုခဲ့ပါတယ်။ အဲဒီကျင့်စဉ်တွေက တကယ်ကို စွမ်းအားကြီးပြီး ကျွန်တော်နဲ့ အတော်လေး သင့်တော်ပါတယ်။ သူတို့ အဲဒီကျင့်စဉ်တွေကို မဟာအင်ပါယာတစ်ပါးဆီက အမွေဆက်ခံရခဲ့တာပဲ ဖြစ်ရမယ် “
“မင်းက တော်တော်လေး ရဲတင်းတာပဲ”
ရီဖူရှင်းက သူ့ကိုကြည့်၍ ပြောသည်။
“မင်းက မင်းအတွက် မဟာအကြီးအကဲကိုတောင် သွားပြီးဒုက္ခပေးလိုက်သေးတယ်”
ဖန်းစွင်သည် အမြဲပင် ဇွဲနပဲကြီးသူတစ်ဦး ဖြစ်ခဲ့ကြောင်း သူသိပေသည်။ သို့သော် ဖန်းစွင်သည် သူ၏တပည့်ရင်းဖြစ်သဖြင့် သခင်ချန်သည် ဖန်းစွင်၏ တောင်းဆိုချက်ကို ငြင်းမည်မဟုတ်ချေ။
“ဆရာ... ဖန်းစွင်က မဟာအကြီးအကဲကို ဒုက္ခပေးနေတာ အကြိမ်တော်တော်များနေပြီ။ မဟာအကြီးအကဲက ဆရာပြန်ရောက်လာတဲ့ အချိန်အထိ စောင့်ချင်ပေမယ့် နောက်ဆုံးတော့ အရှုံးပေးလိုက်ရပြီး သူ့ကို အဲဒီကို ခေါ်သွားပေးလိုက်ရတယ်”
လင်ကလေးက ပြောသည်။
ဖန်းစွင်သည် ခေါင်းကုတ်၍ လင်ကလေးကို စိုက်ကြည့်လိုက်ကာ တီးတိုးပြောသည်။
“အပျိုကြီးက ဆရာ့ရှေ့မှာ ငါ့ကို တိုင်ပြောတာနဲ့ အလုပ်များနေတာပဲ”
“ဆရာ့အရှေ့မှာဆိုရင် ငါက အမြဲကလေးပဲ”
လင်ကလေးက ပြန်၍ပက်လိုက်သည်။
ရီဖူရှင်းက ထိုနှစ်ယောက် ဘုနှင့်ဘောက်ဖြစ်နေသည်ကိုကြည့်၍ ပြုံးကာ ခေါင်းခါလိုက်သည်။
“အဲဒီလိုဆိုမှတော့ ငါ့ကို ပြစမ်းပါဦး...”
ရီဖူရှင်း ပြောသည်။ သူ နတ်ဆိုးဘုံသို့ မသွားခင်က သူသည် မျက်မမြင်ထျယ်ကို ကောင်းကင်ဒေသရှိ ရှန်ကလန်သို့ ခေါ်သွားခဲ့ပြီး ရှန်ကလန်ကို ထိန်းချုပ်ထားနိုင်ရန်အတွက် ရှန်ကလန်၏ အရေးပါသောကျင့်စဉ်အနည်းငယ်ကို ယူဆောင်ခဲ့ပြီး သူတို့၏ တိုက်ရိုက်မျိုးဆက်များကို သူတို့နှင့်အတူခေါ်ဆောင်လာခဲ့သည်။
ရှန်ကလန်သည် မဟာအင်ပါယာတစ်ပါး၏ မျိုးဆက်များဖြစ်သည်ဟု ကောလာဟလများရှိသော်လည်း ယင်းကလန်သည် ရှေးဟောင်းနတ်ဘုရားကလန်များကဲ့သို့ မဟုတ်ပေ။ ထိုမဟာအင်ပါယာသည် မတည်ရှိတော့ပေ။ သို့သော် သူ အမွေအနှစ်အဖြစ် လက်ဆင့်ကမ်းခဲ့သော ကျင့်စဉ်များသည် အံ့အားသင့်ရလောက်အောင် စွမ်းအားကြီးပေသည်။ ထိုကျင့်စဉ်များသည် အမှန်ပင် ရှေးခေတ်မှ မဟာအင်ပါယာတစ်ဦးထံမှ အမွေဆက်ခံရရှိထားခြင်းဖြစ်လေသည်။
“ဟုတ်ကဲ့ပါ ဆရာ...”
ဖန်းစွင်၏ခန္ဓာကိုယ်သည် လက်ခနဲဖြစ်သွားပြီး ဟင်းလင်းပြင်ထဲတွင် ပြန်ပေါ်လာသည်။ ရုတ်တရက် သူ့ထံမှနေ၍ ထွတ်မြတ်သောနတ်ရောင်ဝါတစ်ခု ထွက်ပေါ်လာပြီး အကန့်အသတ်မဲ့ အာကာပြင်ကို လွှမ်းခြုံသွားကာ စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူအားလုံးကို ဤဘက်သို့ လှမ်းကြည့်စေလိုက်လေသည်။
ဖန်းစွင်အနောက်တွင် အထွတ်မြတ်ဆုံး ဝိညာဉ်ပုံရိပ်တစ်ခုသည် နတ်မင်းတစ်ပါးကဲ့သို့ ထွက်ပေါ်လာသည်ဟု ထင်ရပေသည်။
စွမ်းအားကြီးနတ်ရောင်ဝါအောက်တွင် ကျင့်စဉ်အားလုံးသည် အမှုန့်များ၊ အခိုးအငွေ့များအဖြစ် ပြောင်းသွားတော့မလို ထင်ရ၏။
“ထျန်ရှင်းနတ်ရောင်ဝါ...”
ဖန်းစွင်က လေသံတိုးတိုးဖြင့် ပြောသည်။ ထိုအခိုက်တွင် သူထံမှ တောက်ပသောအလင်းတန်းများထွက်နေပြီး သူသည် အတော်လေးအရှိန်အဝါကြီးမားနေပေသည်။ ထို့နောက်တွင် ကြောက်မက်ဖွယ် အာကာသအဖျက်မုန်တိုင်းတစ်ခု ထွက်ပေါ်လာတော့မလို ထင်နေရ၏။ သို့သော် သူသည် ရီဖူရှင်းကို ဖြတ်ခနဲ တစ်ချက်လှမ်းကြည့်လိုက်ပြီး ထိုမုန်တိုင်းကို ပြန်ရုတ်သိမ်းလိုက်လေသည်။ သူသည် ၎င်းကို မဆင်မခြင် အပြည့်အဝ မထုတ်လွှတ်ဝံ့ပေ။
“ဆရာ... ထျန်ရှင်းနတ်ဓားအတတ်လည်း ရှိပါသေးတယ်။ စိတ်ဝိညာဉ်တွေကို တိုက်ရိုက် ခုတ်ပိုင်းပစ်နိုင်တဲ့ အဓိက တိုက်ခိုက်မှုအတတ်ပါ။ အဲဒီအတတ်က ကျွန်တော်တို့ရွာက နတ်အတတ်တွေထက် မနိမ့်ပါဘူး...”
ရီဖူရှင်းက အရှိန်အဝါ ပြန်ရုတ်သိမ်းနေသော ဖန်းစွင်ကိုကြည့်၍ ခေါင်းညိတ်လိုက်၏။ သူက ပြောလိုက်၏။
“မင်းက မင်းရဲ့အားနည်းချက်တွေကို ဖြည့်ဖို့ တခြားသူတွေရဲ့ အားသာချက်ကနေ ဘယ်လို သင်ယူရမယ်ဆိုတာ သိတာပဲ... ပြီးတော့ တခြားနတ်ကျင့်စဉ်တွေကို သဘောပေါက်နားလည်အောင် လေ့လာပြီး မင်းကိုယ်မင်း တိုးတက်လာအောင် လုပ်နိုင်စွမ်းရှိတယ်။ အဲဒါက ကောင်းတဲ့ကိစ္စပဲ။ ငါတို့ရဲ့ ကျင့်စဉ်တွေထက် ပိုပြီးကောင်းမွန်တဲ့ ကျင့်စဉ်တွေ လောကထဲမှာ အများကြီးရှိတယ်။ ဒီတော့ တကယ်လို့သာ မင်း ကံကောင်းလို့ အဲဒီကျင့်စဉ်တချို့ကို ရရှိခဲ့ပြီး အဲဒါကတွေက အသုံးဝင်ခဲ့မယ်ဆိုရင် မင်း အဲဒီကျင့်စဉ်တွေကို ကျင့်ကြံသင့်တယ်... ပြီးတော့ အဲဒီကျင့်စဉ်တွေကို မင်းရဲ့ ကိုယ်ပိုင်သိမြင်နားလည်မှုနဲ့ ပေါင်းစည်းလိုက်ပေါ့...”
သူသည် ပြောနေရင်းမှာပင် ကျန်သုံးဦးကိုလည်း ထပ်မံကြည့်ရှုလိုက်သည်။
“ဖန်းစွင်က မင်းတို့က နှစ်နည်းနည်းပဲ ပိုကြီးတာပါ... အခု သူက ကောင်းကင်ကပ်ဘေးကိုတောင် ဖြတ်ကျော်ပြီးသွားပြီ။ မင်းတို့သုံးယောက်အနေနဲ့ မင်းတို့ရဲ့ မွေးရာပါသဘာဝလမ်းစဉ်နဲ့ ဆရာ့ရဲ့ လမ်းညွှန်ပြသမှုတွေကို အလဟဿမဖြစ်ရအောင် ပိုပြီး ကြိုးစားရမယ်...”
“ဟုတ်ကဲ့ပါ ဆရာ...”
သူတို့သုံးဦးသည် တစ်ပြိုင်တည်း ခေါင်းညိတ်လိုက်ကြသည်။
“မင်းတို့ သွားလို့ရပါပြီ...”
ရီဖူရှင်းက ပြုံးလျှက် သူတို့ကို သွားခိုင်းလိုက်သည်။ ထို့ကြောင့် သူတို့လေးဦးသည် နှုတ်ဆက်ကာ ထွက်သွားကြလေသည်။
ရီဖူရှင်းက သူတို့ထွက်သွားသည်ကို ကြည့်ကာ ပြုံးလျှက်ပြောလိုက်၏။
“သူတို့က ထိပ်သီးရန်ဟောင်အဆင့်ကျင့်ကြံသူတွေ ဖြစ်နေပြီ... ပြီးတော့ သူတို့ထဲက တစ်ယောက်က ကပ်ဘေးအဆင့်ကိုတောင် ရောက်သွားပြီ။ ဒါပေမဲ့ သူတို့က ကလေးတွေကို ပြုမူနေကြတုန်းပဲ”
“နင် မရှိတဲ့အချိန်ဆို သူတို့က ဒီလိုပုံစံ မဟုတ်ပါဘူး။ သူတို့က နင့်အရှေ့မှာပဲ ဒီလိုပုံစံနေကြတာပါ”
ဟွာဂျီယူက ပြုံးလျှက် ပြောလိုက်၏။ ရီဖူရှင်းသည် သူတို့ ကြီးပြင်းလာသည်ကို တွေ့ခဲ့ရသော သူတို့၏ဆရာဖြစ်သဖြင့် သူတို့သည် ရီဖူရှင်းအရှေ့တွင် ကလေးများကဲ့သို့ ပြုမူနေခြင်းဖြစ်သည်။ သူ့အရှေ့တွင် သူတို့သည် အမြဲတစေ ကလေးဆန်သောအပြုအမူအနည်းငယ် ရှိနေမည်သာ။
သို့သော် အပြင်လောကတွင်မူ သူတို့သည် လွန်စွာ အထင်ကြီးဖွယ်ကောင်းသောသူများဖြစ်ပေသည်။
“အဲဒါ အမှန်ပဲ”
ရီဖူရှင်း ခေါင်းညိတ်လိုက်၏။ သို့သော် အမှန်တွင် ထိုလေးဦး ဤအဆင့်အထိ တိုးတက်လာသည်ကို ကြည့်၍ သူအလွန်ကျေနပ်ပီတိဖြစ်နေပေသည်။
အရာအားလုံးသည် ကောင်းမွန်စွာ တိုးတက်နေပြီး သူသည် စီဝေ့ကြယ်ကောင်းကင်အတွက် အချိန်အနည်းငယ် ပိုရှာပေးနိုင်ရန် မျှော်လင့်နေ၏။
“နန်းတော်သခင်... မုရုံယွီ တင်ပြစရာတစ်ခု ရှိပါတယ်”
ဖန်းစွင်တို့လူစုသည် ရီဖူရှင်း၏တပည့်များဖြစ်သဖြင့် အတန်ငယ်ပို၍ ပုံမှန်အတိုင်း ပြောဆိုဆက်ဆံနိုင်ပေသည်။ သို့သော် မုရုံယွီသည် ရီဖူရှင်း၏ လက်အောက်ငယ်သားဖြစ်သဖြင့် သင့်တင့်သော ကျင့်ဝတ်များကို လိုက်နာရမည်ဖြစ်သည်။
“ဝင်ခဲ့ပါ...”
ရီဖူရှင်း ဝင်ခွင့်ပေးလိုက်ရာ အပြင်မှနေ၍ မုရုံယွီ ဝင်လာပေသည်။
“ထိုင်ပါ...”
ရီဖူရှင်း ပြောသည်။
“မထိုင်တော့ပါဘူး... ကျုပ်က တင်ပြစရာတစ်ခု ရှိလို့ ရောက်လာတာပါ... ဒီမှာ အကြာကြီးနေမှာ မဟုတ်ပါဘူး...”
မုရုံယွီ ပြောသည်။
“အပြင်ဘက်က သတင်းအရင်းအမြစ်တွေအရ မူလဘုံက နယ်မြေတွေမှာ လမ်းကြောင်းတွေ ပိုများလာနေတယ်လို့ သိရပါတယ်။ မှော်နက်လောကနဲ့ နတ္တိအင်ပါယာဘုံက ကျင့်ကြံသူတွေအများကြီး မူလဘုံကို နေ့စဉ် ရောက်လာနေပါတယ်။ သူတို့က စစ်ပွဲထဲမှာ ဝင်ပါနိုင်ဖို့ ပြင်ဆင်နေတဲ့ပုံပါပဲ။ အဲဒီကိစ္စက ကောင်းကင်ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ တစ်နည်းနည်း သက်ဆိုင်နေလောက်ပါတယ်။ ပြီးတော့ ကောင်းကင်ဒေသက ကုန်းမြေတွေဆီကိုလည်း လူသားဘုံနဲ့ ဗုဒ္ဓလောက,က ကျင့်ကြံသူတွေ ရောက်လာတဲ့ လက္ခဏာတွေရှိနေတယ်လို့ ဝမ်ရှန့်နန်းတော်ကနေပြီး သတင်းရထားပါတယ်”
“စစ်ပွဲရဲ့ သက်ရောက်မှုက ကြီးထွားလာတာလား...”
ရီဖူရှင်း တီးတိုးရေရွတ်လိုက်သည်။
“အခုလောလောဆယ်တော့ အဲဒီလိုပဲ ထင်ရပါတယ်။ နတ်ဆိုးဘုံနဲ့ ကောင်းကင်ဒေသ စစ်စဖြစ်တာနဲ့ မှော်နက်လောကနဲ့ နတ္တိအင်ပါယာဘုံတို့က ကောင်းကင်ဒေသကို ဝင်တိုက်ကြမှာပါ။ လူသားဘုံနဲ့ ဗုဒ္ဓလောကတို့ကတော့ ကောင်းကင်ဒေသဘက်က ကူတိုက်ပေးလောက်ပါတယ်”
မုရုံယွီပြောလိုက်၏။
“ဒါပေမဲ့ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာတော့ အတပ်ပြောလို့ မရသေးပါဘူး။ ကျုပ်တို့ရဲ့ လူတွေကတော့ အပြင်လောကကို ဂရုတစိုက် စောင့်ကြည့်နေပါတယ်”
“ကောင်းတယ်...”
ရီဖူရှင်း ခေါင်းညိတ်လိုက်၏။
“ဘာဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့... အခုတော့ ဘာမှ မလုပ်သေးဘဲ နေကြမယ်”
“နားလည်ပါပြီ...”
မုရုံယွီ ခေါင်းညိတ်လိုက်၏။
မုရုံယွီ ထွက်သွားပြီးနောက်တွင် ရီဖူရှင်း ပြောလိုက်၏။
“ငါ အပြင်သွားလိုက်ဦးမယ်...”
ဟွာဂျီယူ ပြောသည်။
“ငါလည်း နင်နဲ့လိုက်ခဲ့မယ်”
ရီဖူရှင်း ခေါင်းညိတ်လိုက်၏။ ထို့နောက် သူတို့နှစ်ဦးသည် အတူတကွ ထွက်သွားကြလေသည်။ သူတို့သည် စီဝေ့အင်ပါယာနန်းတော်ကို လှည့်ပတ်သွားလိုက်ပြီး အကြီးအကဲအချို့ဆီ သွားရောက် ကြည့်ရှုခဲ့ကြသည်။
ကြယ်တာရာကျင့်ကြံခြင်းနန်းတော်ထဲတွင် အားလုံးသည် အားကြိုးမာန်တက် ကျင့်ကြံနေကြပေသည်။
အားလုံးသည် သူတို့၏ ကျင့်ကြံခြင်းကို အာရုံစိုက်ထားကြသည်။
“ကောင်းကင်အာဏာစက်ကျောင်းတော်ရော ဘယ်လိုအခြေအနေရှိလဲ”
ရီဖူရှင်းက ဟွာဂျီယူကို မေးလိုက်သည်။
“အားလုံး အဆင်ပြေပါတယ်။ လက်တလော ဘာကြီးကြီးမားမားကိစ္စမှ မရှိပါဘူး။ အစ်ကိုသုံးက ချန်ယိကို ကောင်းကင်အာဏာစက်ကျောင်းတော်ကို သွားပြီး စောင့်ရှောက်ခိုင်းထားပြီး လောလောဆယ် သူ့ကိုပဲ တာဝန်ယူခိုင်းထားတယ်”
ဟွာဂျီယူပြောသည်။
“အစ်ကိုသုံးက အဲဒီမှာ မရှိဘူးလား”
ရီဖူရှင်း စိတ်ဝင်တစား မေးလိုက်သည်။
“အစ်ကိုသုံးက ဟောင်ထျန်းကလန်က အရင်ဆုံး ရှာတွေ့ခဲ့တဲ့ မူလဘုံရဲ့ လျှို့ဝှက်နယ်မြေကိုသွားတယ်။ အဲဒီနေရာမှာ မဟာအင်ပါယာတစ်ပါး ချန်ထားခဲ့တဲ့ နတ်ချိပ်စည်းတစ်ခု ရှိတယ်။ အစ်ကိုသုံးက အဲဒီကိုသွားပြီး လေ့လာနေတာပဲ... အစ်မနှစ် ပြောပုံအရ သူက အတော်လေး ခရီးပေါက်နေပြီပြောတယ်။ အဲဒါက သူ့ရဲ့ ကျင့်ကြံခြင်းအတွက် အတော်အကျိုးဖြစ်စေခဲ့တယ်”
ဟွာဂျီယူက ပြောသည်။
ရီဖူရှင်းက ပြုံးလျှက် ခေါင်းညိတ်လိုက်၏။ ဟောင်ထျန်းကလန်ကဲ့သို့ ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခု ရှာဖွေ သိမ်းပိုက်ထားခဲ့သော အမွေအနှစ်နယ်မြေများသည် ယခုတွင် စီဝေ့ကြယ်ကောင်းကင်အတွက် ကျင့်ကြံခြင်းနယ်မြေများ ဖြစ်နေပြီဖြစ်လေသည်။