ကိုယ်ရေးကိုယ်တာ ကိစ္စများလော
Vol. 184 Ch. 2624
ရီဖူရှင်းသည် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူအားလုံး သူတို့ကိုယ်သူတို့ တိုးတက်အောင်လုပ်ရန် ကြိုးစားလုပ်ဆောင်နေကြ၏ကို မြင်လိုက်ရသဖြင့် ကျေနပ်ပီတိဖြစ်နေသည်။ အစ်ကိုသုံး ကောင်းကင်အာဏာစက်ဘုံတွင် ရှိခဲ့စဉ်က နတ်ဆိုးနတ်ဘုရားများ၏ အမွေအနှစ်ကို ရရှိခဲ့သည်။ နောက်ပိုင်းတွင် ကြယ်တာရာကျင့်ကြံခြင်းနန်းတော်ထဲ၌ သူသည် မဟာအင်ပါယာကြယ်တာရာ၏ အမွေအနှစ်ကို ရရှိခဲ့၏။ ယခုတွင် သူသည် မဟာအင်ပါယာတစ်ပါး၏ နတ်ချိပ်စည်းကို ထိုးထွင်းနားလည်မှုနှင့်ဆိုလျှင် မဟာအင်ပါယာသုံးပါး၏ အမွေအနှစ်ကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။
သူ၏အင်အားကို အဆင့်တက်ပြီးနောက်တွင် အစစ်အမှန် မစမ်းသပ်ရသေးပေ။ သို့သော် သူ၏အင်အားသည် လွန်စွာသန်မာမည် နိုင်ပေသည်။ သူတို့ စောင့်ကြည့်ရုံသာ ရှိလေ၏။
“ငါ နင့်ကို တခြားပြောစရာ မရှိတော့ပါဘူး...”
ဟွာဂျီယူက ပြုံးလျှက် ပြောသည်။
“တခြား ဘာဝမ်းသာစရာသတင်းတွေ ရှိသေးလဲ”
ရီဖူရှင်းကလည်း ပြုံးလျှက် မေးလိုက်၏။
“ဦးလေးထျယ်က သူ မဟာကိုယ်ရံတော်တစ်ယောက်အဖြစ် ထမ်းဆောင်နေရင်းနဲ့ စီဝေ့အင်ပါယာနန်းတော်ထဲမှာ ပဉ္စမမြောက် နန်းတော်ကို ထူထောင်ချင်နေတယ်... ချပ်ဝတ်လက်နက်နန်းတော်လေ... သူက အဲဒီနန်းတော်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကြီးကြပ်ချင်နေတယ်။ အခု ငါတို့ ပြောနေတုန်းမှာကို အင်ပါယာနန်းတော်ထဲမှာ အဲဒါကို ဆောက်နေကြပြီ။ အဲဒီကိစ္စက နင် နတ်ဆိုးဘုံကို ရောက်နေတုန်း ဖြစ်ခဲ့တာပဲ။ မဟာအကြီးအကဲက ဆုံးဖြတ်ချက်ချပေးခဲ့တာ... တခြားလူတွေအကုန်လုံးလည်း အဲဒါကို ထောက်ခံကြတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ ငါတို့ နင် ပြန်ရောက်လာတဲ့အထိစောင့်ဖို့ ဆုံးဖြတ်လိုက်ကြတယ်”
ဟွာဂျီယူက ပြောသည်။
“အဲဒါက အကြံကောင်းတစ်ခုပဲ။ ငါ ဘယ်လိုလုပ် ငြင်းနိုင်မှာလဲ။ ငါ့အစား မင်း ဆုံးဖြတ်ပေးလို့ရတာပဲ”
ရီဖူရှင်းက ပြုံးလျှက် ထပ်ပြောသည်။
“မမေ့ပါနဲ့ မင်းက နန်းတော်ရဲ့ သခင်မပဲ”
“နင် မရှိချိန်တော့ စီဝေ့အင်ပါယာနန်းတော်ရဲ့ အတွင်းရေးကိစ္စတွေကို မဟာအကြီးအကဲက ဆုံးဖြတ်တာပဲ ပိုသင့်တော်ပါလိမ့်မယ်”
ဟွာဂျီယူက အလေးအနက် တွေးတောဆင်ခြင်၍ ပြန်ပြောသည်။
ရီဖူရှင်းက နွေးထွေးစွာပြုံးလျှက် သူမ၏လက်ကို ဆွဲကိုင်လိုက်ကာ ပြောလိုက်၏။
“ဦးလေးထျယ်ကို သွားတွေ့ကြစို့... ငါ ဦးလေးထျယ်ကို စတွေ့တုန်းက သူက သာမန်ပန်းပဲဆရာတစ်ယောက်လို့ ထင်မိခဲ့တယ်။ တကယ်တော့ သူက မီးခဲပြာဖုံး ဖြစ်နေတာပဲ”
သူ မျက်မမြင်ထျယ်ကို လေးမျက်နှာကျေးရွာတွင် ပထမဆုံးအကြိမ်တွေ့ခဲ့စဉ်က မျက်မမြင်ထျယ်သည် ထိုနေရာရှိ ပန်းပဲဆိုင်တွင် ပန်းပဲထုနေခြင်းဖြစ်သည်။
ယခုတွင် စီဝေ့အင်ပါယာနန်းတော်ထဲတွင် ချပ်ဝတ်လက်နက်နန်းတော်တစ်ဆောင် ဆောက်လုပ်ရန် တည်နေရာရွေးချယ် လုပ်ကိုင်နေကြပြီဖြစ်ပြီး အတော်လေးခရီးပေါက်နေပြီဖြစ်သည်။
ရီဖူရှင်းသည် ဧရာမချပ်ဝတ်လက်နက်နန်းတော်၏ ပင်မဆောင်သို့ ရောက်လာသောအခါ အထဲတွင် ပန်းပဲထုနေသော မျက်မမြင်ထျယ်ကို တွေ့လိုက်ရ၏။ ထိုအခိုက်တွင် သူသည် သတ္တုအချို့ကို ထုရိုက်နေခြင်းဖြစ်ပြီး စည်းချက်ကျကျ ထုနှက်သံတစ်ခုကို အဆက်မပြတ်ကြားနေရလေသည်။ သူ၏လှုပ်ရှားမှုများသည် ယခင်ကကဲ့သို့ပင် တောင်တစ်လုံးကဲ့သို့ ခိုင်မာပေသည်။
ထပ်ခါတလဲလဲ ထုနှက်နေသည့် လှုပ်ရှားမှုတိုင်းသည် အကြမ်းအလှတရားနှင့် ပြည့်နှက်နေလေသည်။
ထိုအချိန်တွင် မျက်မမြင်ထျယ်သည် သူလုပ်ဆောင်နေသည်ကို ရပ်တန့်လိုက်ပြီး ရီဖူရှင်းဘက်သို့ လှည့်ကြည့်လိုက်သည်။ နန်းတော်အတွင်းရှိ အပူချိန်သည် လွန်စွာမြင့်မားပြီး မီးဖိုကြီးအောက်တွင် မဟာလမ်းစဉ် အထွတ်အမြတ်မီးတောက် တောက်လောင်နေပေသည်။
“နန်းတော်သခင်...”
မျက်မမြင်ထျယ်က လှမ်းခေါ်လိုက်သည်။
“ဦးလေးထျယ်... ကျွန်တော် အရင်က ဦးလေးကို ဒီအကြောင်း မမေးခဲ့ဖူးသေးဘူး... ဒါပေမဲ့ ဦးလေးရဲ့ ချပ်ဝတ်လက်နက်ပြုလုပ်စွမ်းရည်က ဘယ်လိုလဲ”
ရီဖူရှင်းက ပြုံးလျှက် မေးလိုက်သည်။
“အဆင်ပြေပါတယ်...”
မျက်မမြင်ထျယ် ခေါင်းညိတ်ပြလိုက်သည်။
“ငါ အမြင်အာရုံ ဆုံးရှုံးခဲ့ပြီးတော့ ရွာကို ပြန်ခဲ့တယ်... ဆရာသခင်က ငါ့ကို ရိုးရှင်းတဲ့ပစ္စည်းလေးတွေ ထုလုပ်ကြည့်ဖို့ ပြောတယ်။ ရွာထဲမှ သုံးနေတဲ့ ပစ္စည်းအားလုံးက ငါလုပ်ထားတာတွေပဲ... အဲဒီအချိန်တုန်းက ငါက ချပ်ဝတ်လက်နက်လုပ်တာကို ကျင့်ကြံနေပြီ။ ငါ ရှန်ကလန်က ပြန်လာတော့ ရွာကို ဖြတ်ပြန်ပြီး ဆရာသခင်ဆီက အကြံနည်းနည်း တောင်းခဲ့တယ်။ ဆရာသခင်က ငါ့ကို လေ့ကျင်ဖို့ ချပ်ဝတ်လက်နက်ပြုလုပ်တဲ့ အတတ်ပညာနည်းနည်း ပေးလိုက်တယ်။ ငါက သင်ယူတာ မြန်တယ်လေ... မကြာသေးခင်က ငါ ပထမကပ်ဘေးနတ်ဘုရားလက်နက်တွေကို လုပ်နိုင်ခဲ့တယ်...”
“ချပ်ဝတ်လက်နက်လုပ်ဖို့ လိုတဲ့ပစ္စည်းတွေအတွက်ကတော့ အရင်က ထျန်းယန်မြို့က သိမ်းပိုက်ထားတဲ့ နယ်မြေထဲမှာ အများကြီးရှိတယ်။ အခု အဲဒါတွေက ငါတို့အပိုင်ဖြစ်လာပြီ။ ချပ်ဝတ်လက်နက်နန်းတော်က အခုမှ စထူထောင်တာဆိုတော့ ငါ လူအများကြီး မစုဆောင်းရသေးဘူး။ နောက်ကျရင်တော့ ချပ်ဝတ်လက်နက်နန်းတော်ရဲ့ လူအင်အားကိုဖြည်ဖို့ စီဝေ့ကြယ်ကောင်းကင်က ထူးချွန်တဲ့လူတွေအများကြီးကို စည်းရုံးစုဆောင်းရမယ်”
မျက်မမြင်ထျယ်သည် ရီဖူရှင်းအား သူ၏အစီအစဉ်ကို ပြောပြလိုက်သည်။
“ကျွန်တော် ဦးလေးထျယ်ရဲ့ အကြံကို အပြည့်အဝထောက်ပံ့ပေးမှာပါ”
ရီဖူရှင်းက ပြောသည်။
“ဒါပေမဲ့ အဲဒါက ဦးလေးရဲ့ ကျင့်ကြံခြင်းကို နှောင့်နှေးစေလောက်လား...”
“ဆရာသခင်က ငါ့ ကို သံထည်တွေ ထုလုပ်ဖို့ ပြောခဲ့တာကို ငါ့စိတ်ငြိမ်အောင်လို့ပဲ။ ငါ့အတွက် ဒီဟာကလည်း ကျင့်ကြံနည်းတစ်မျိုးပဲ... ပြီးတော့ ငါ ဆက်လုပ်နေမှ ပိုပြီး တိုးတက်လာမှာလေ”
မျက်မမြင်ထျယ်က ပြန်ပြောသည်။
“ကောင်းပါပြီ...”
ရီဖူရှင်း ခေါင်းညိတ်လိုက်၏။
“အဲဒီလိုဆိုမှတော့ နောက်ကျရင် ဦးလေးထျယ် မဟာကိုယ်ရံတော်အဖြစ် တာဝန်ထမ်းဆောင်စရာမလိုတော့ပါဘူး။ ချပ်ဝတ်လက်နက်နန်းတော်ရဲ့ နန်းတော်သခင်အနေနဲ့ပဲ တာဝန်ထမ်းဆောင်ပါ... ဦးလေး ဘယ်လိုသဘောရပါသလဲ”
“နန်းတော်သခင်... ငါ နှစ်ခုစလုံး လုပ်လို့ရမလား...”
မျက်မမြင်ထျယ် မေးလိုက်သည်။ သူသည် ရီဖူရှင်း၏ ကိုယ်ရံတော်အဖြစ် တာဝန်ထမ်းဆောင်လိုနေသေးသည်။ သို့သော် ချပ်ဝတ်လက်နက်ပြုလုပ်ခြင်းတွင်လည်း အချိန်အများစု အာရုံစိုက်ထားလိုနေသည်။ သို့သော် ရီဖူရှင်း သူ့ကို လိုအပ်သည့်အချိန်တိုင်း သူသည် ရီဖူရှင်း၏ကိုယ်ရံတော်အဖြစ် ရှိနေမည်ဖြစ်သည်။
မျက်မမြင်ထျယ်သည် ရာထူးအဆင့်အတန်းကို လိုချင်တပ်မက်၍ မဟုတ်ကြောင်း ရီဖူရှင်း သိပေသည်။ သူသည် မျက်မမြင်ထျယ်ကို ကြည့်၍ ခေါင်းညိတ်ပြလိုက်၏။
“ကောင်းပါပြီ... ကျွန်တော်တို့ ဦးလေးရဲ့ဆန္ဒအတိုင်း လုပ်ပါမယ်။ ဦးလေးက မဟာကိုယ်ရံတော်အဖြစ် ထမ်းဆောင်နေရင်း ချပ်ဝတ်လက်နက်နန်းတော်ရဲ့ သခင်အနေနဲ့လည်း ထမ်းဆောင်ပေါ့။ စီဝေ့အင်ပါယာနန်းတော်မှာ ချပ်ဝတ်လက်နက်ကျင့်ကြံသူတွေကို စုဆောင်းဖို့ ကျွန်တော် သူတို့ကို အမိန့်ပေးလိုက်ပါမယ်”
“ကျေးဇူးတင်ပါတယ် နန်းတော်သခင်...”
မျက်မမြင်ထျယ်က ခေါင်းညိတ်ပြလိုက်သည်။
“ဦးလေးထျယ် ဆက်လုပ်ပါ... ကျွန်တော် တခြားနေရာကို သွားလိုက်ပါဦးမယ်”
ရီဖူရှင်းက နှုတ်ဆက်စကားပြော၍ ထွက်ခွာသွားသည်။
သူတို့ထွက်ခွာလာပြီးနောက်တွင် ရီဖူရှင်းက ဟွာဂျီယူကို ပြောသည်။
“ဦးလေးထျယ်နဲ့ တာအိုဘုန်းတော်ကြီးမူတို့ နှစ်ယောက်စလုံး ပိုပြီးသန်မာလာတာပဲ... သူတို့ရဲ့ ချပ်ဝတ်လက်နက်ပြုလုပ်စွမ်းရည်အဆင့်နဲ့ အာခီမီအဆင့်တွေက တိုးတက်လာပြီ... စီဝေ့အင်ပါယာနန်းတော်ရဲ့ အင်အားကလည်း တိုးတက်လာတော့မှာပဲ။ ရှေးဟောင်းနတ်ဘုရားကလန်တွေရဲ့ အင်အားထက်ကို သာလွန်လာနိုင်တယ်...”
“အင်း...”
ဟွာဂျီယူသည် ပြုံးလျှက်ခေါင်းညိတ်လိုက်၏။
“နင်သာ စီဝေ့အင်ပါယာနန်းတော်မှာ ရှိနေရင် ရှေးဟောင်းနတ်ဘုရားကလန်တွေက ငါတို့နဲ့ မယှဉ်နိုင်တော့ပါဘူး။ စီဝေ့အင်ပါယာနန်းတော်ရဲ့ အလားအလာရှိတဲ့ပစ်မှတ်တွေကလည်း ရှေးဟောင်းနတ်ဘုရားကလန်တွေ မဟုတ်ဘူး”
ရီဖူရှင်းက သူ့နောက်ရှိ ဟွာဂျီယူကိုလှည့်ကြည့်လိုက်၏။ ဟွာဂျီယူသည်လည်း သူ့ကိုကြည့်နေပေသည်။ သူမသည် ပြုံးလျှက် ပြောသည်။
“အခု စီဝေ့အင်ပါယာနန်းတော်က လမ်းကြောင်းမှန်ပေါ်မှာ ရွေ့လျားနေတာပဲ... နင့်ရဲ့ ကိစ္စကရော ဘယ်တော့ ပြီးမှာလဲ...”
“ငါ့ရဲ့ကိစ္စ ဟုတ်လား...”
ရီဖူရှင်းက ဟွာဂျီယူကို အူလည်လည်ကြည့်၍ မေးလိုက်သည်။
“ငါ့မှာ ဘာကိစ္စရှိလို့လဲ”
“နင်က ကျင့်ကြံရ၊ တိုက်ခိုက်ရ၊ အပြင်ကိစ္စတွေကို ဖြေရှင်းရနဲ့ အလုပ်များနေတာပဲ။ နင်က နင့်ဘေးက လူတွေကို သိပ်ဂရုမစိုက်ဖြစ်တော့ဘူးလေ... အတိတ်တုန်းက အင်ပါယာရှားက ငါတို့အပေါ် ကြင်တာခဲ့တယ်... အခု သူက စီဝေ့အင်ပါယာနန်းတော်ထဲမှာဆိုပေမယ့် သူ မပျော်ဘူး။ သူ ဘာကြောင့် မပျော်တာလဲဆိုတာ နင်လည်း သိမယ်ထင်ပါတယ်”
ဟွာဂျီယူ ပြောလိုက်၏။
ရီဖူရှင်း အံ့အားသင့်သွားသည်။ သူ၏မျက်နှာထားသည် အစောကကဲ့သို့ မတည်ငြိမ်တော့ပေ။ သူ နူးညံ့စွာ ပြောသည်။
“ဂျီယူ...”
ဟွာဂျီယူသည် ထိုကိစ္စကို စပြောလိမ့်မည်ဟု သူမထင်ခဲ့ပေ။
“သူက နင့်ကို ဒီနှစ်တွေအတွင်းမှာ အဖော်ပြုပေးခဲ့တဲ့သူပဲမလား...”
ဟွာဂျီယူသည် ရီဖူရှင်း၏မျက်လုံးများကို ကြည့်၍ ဆက်ပြောသည်။
“ဒါပေမဲ့ မင်းကရော...”
ရီဖူရှင်းက ဟွာဂျီယူကို ကြည့်လိုက်သည်။ ဟွာဂျီယူသည်လည်း သူ့အတွက် သူမ၏အရာအားလုံးကို ပေးဆပ်ခဲ့သူဖြစ်သည်။
“ငါတောင် ဂရုမစိုက်ဘူးဆိုရင် သူလည်း ဂရုစိုက်မယ်မထင်ပါဘူး...”
ဟွာဂျီယူက ပြုံးလျှက် ပြောသည်။
“မင်းက ဘယ်လိုလုပ် သိနိုင်မှာလဲ...”
ရီဖူရှင်းက သူမကို မျက်စိစွေကြည့်၍ မေးလိုက်သည်။
“အရူးကြီး... သူသာ ဂရုစိုက်တယ်ဆိုရင် ဘာလို့ စီဝေ့အင်ပါယာနန်းတော်မှာနေပြီး အဆုံးမရှိ ကျင့်ကြံနေမှာလဲ”
ဟွာဂျီယူ သက်ပြင်းချလိုက်သည်။
“သူက နင့်ကို စောင့်နေတာ”
ရီဖူရှင်းက သူ့အရှေ့ကိုသာ စိုက်ကြည့်နေနိုင်လေသည်။ သူ့တွင် ပြန်ဖြေစရာ အဖြေမရှိပေ။
“အင်ပါယာတစ်ပါးဖြစ်တော့မယ့်သူတစ်ယောက်အတွက် အဲဒီကိစ္စလေးကို ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ပါဘူး”
ဟွာဂျီယူက ဆက်ပြောသည်။
“ဒါပေမဲ့ မင်းက တကယ် ဂရုမစိုက်ဘဲ နေနိုင်လို့လား...”
ရီဖူရှင်းက ဟွာဂျီယူ၏ မျက်လုံးများကို ကြည့်လိုက်ရာ ထိုလှပသောမျက်လုံးများသည် သူ့အကြည့်ကို မရှောင်ဘဲ သူ့ကိုပြန်စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။
ရီဖူရှင်း ရင်ထဲတွင် တိတ်တဆိတ်သက်ပြင်းချလိုက်သည်။ သူ၏အတွေးများသည် တစ်ချိန်က အပြစ်ကင်းသည့်အပျိုစင်လေးထံ ပြန်ရောက်ရှိသွားသည်။ သူမသည် အမှန်ပင် ဂရုမစိုက်ဘဲ နေနိုင်မည်လော။ မည်သူမှ ထိုသို့လုပ်နိုင်လိမ့်မည်ဟု သူမထင်ပေ။
“မဟာအင်ပါယာဖြစ်လာတဲ့အထိ လျှောက်လှမ်းတဲ့လမ်းမှာ နင် အကြိမ်များစွာ ရှုံးနိမ့်နိုင်တယ်။ ဒါပေမဲ့ တချို့ကိစ္စတွေကို မျက်နှာမလွှဲသင့်ဘူး”
ဟွာဂျီယူက ပြုံးလျှက် ပြောသည်။
“အဲဒီလိုဆိုလည်း ငါ မဟာအင်ပါယာဖြစ်လာမှ အဲဒီကိစ္စကို ပြောတာပေါ့”
ရီဖူရှင်းက သူမ၏ခေါင်းကို စနောက်ဟန် ခပ်ဖွဖွ ခေါက်၍ စကားလမ်းကြောင်းလွှဲလိုက်လေသည်။ သို့သော် ထိုစကားများကြောင့် သူ၏နှလုံးသားသည် အတန်ငယ် လှုပ်ခတ်နေပေသည်။ သူမသည် သူ့အတွက် မည်မျှ လုပ်ပေးခဲ့ပြီဖြစ်ကြောင်း သူ အဘယ်သို့ နားမလည်ဘဲနေမည်နည်း။
******
ထို့နောက်တွင် ရီဖူရှင်းသည် ဟောင်ထျန်းကလန်၏ ယခင်ကနယ်မြေသို့ သွားလိုက်ပြီး ဂူတုံးလျှို၏ ကျင့်ကြံခြင်းကို ကြည့်ရှုလိုက်သည်။ နတ်ချိပ်စည်းပေါ်တွင် ထွင်းထားသောသင်္ကေတများသည် မဟာအင်ပါယာတစ်ပါးက ချန်ခဲ့သောအရာများဖြစ်သည်။ ထို့ကြောင့် သူသည် ဤနေရာတွင် အချိန်ခဏမျှနေ၍ ၎င်းတို့ကို နားလည်သဘောပေါက်လာစေရန် ကြိုးစားနေခြင်းပင်။ ထိုနတ်ချိပ်စည်းသည် မဟာအင်ပါယာ၏ ဝိညာဉ်စွမ်းအားပါဝင်သဖြင့် လွန်စွာလေးနက်ကြောင်းကို သူတွေ့ခဲ့ရသည်။
ဂူတုံးလျှိုသည် နတ်ချိပ်စည်း၏ကျင့်ကြံခြင်းထဲတွင် နစ်မြောနေပြီဖြစ်ပြီး သူ၏ကိုယ်ပိုင်လောကတစ်ခုအတွင်းသို့ ရောက်ရှိနေပြီဖြစ်သည်။
ရီဖူရှင်းကလည်း သိမြင်နားလည်လာစေရန် အချိန်ခဏသုံးလိုက်သည်။ ထို့နောက်တွင် သူသည် ထိုနေရာမှ ထွက်ကာ စီဝေ့အင်ပါယာနန်းတော်သို့ ပြန်သွားလိုက်၏။
ကြယ်တာရာကျင့်ကြံခြင်းနန်းတော်အတွင်းရှိ အဆုံးမဲ့ ကြယ်တာရာကောင်းကင်အောက်တွင် ရီဖူရှင်းသည် တင်ပျဉ်ခွေထိုင်ကာ မျက်လုံးများကိုမှိတ်၍ ကျင့်ကြံနေ၏။ သို့သော် သူသည် ထပ်၍ သီးခြားမကျင့်ကြံရသေးပေ။
နတ်ဆိုးဘုံနှင့်တိုက်ခိုက်ခဲ့သော တိုက်ပွဲနှင့် ဒွန်ဟောင်တိယွမ်နှင့်တိုက်ခိုက်ခဲ့သော တိုက်ပွဲတို့မှနေ၍ သူ၏တိုက်ခိုက်စွမ်းရည်သည် လုံလောက်အောင် အစွမ်းမကြီးသေးကြောင်း သူသိရှိခဲ့ရသည်။ သူသည် တိုက်ခိုက်စွမ်းရည်တွင် ပို၍စွမ်းအားကြီးလာရန် လိုအပ်ပေသည်။ အနာဂတ်တွင် သူရင်ဆိုင်ရမည့် ပြိုင်ဘက်များသည် ဒွန်ဟောင်တိယွမ်ထက် ပို၍သန်မာသော သူများ ဖြစ်ပေလိမ့်မည်။