ပြုလုပ်ခဲ့သောအပြစ်များအတွက် ထိုက်တန်သော စီရင်မှု
Vol. 04 Ch. 175
“ထွက်သွား..”
ကျန်းမေယွမ်၏ ကြောက်ရွံ့နေသောမျက်နှာအား ကြည့်ကာ စုရှန်းဝမ် ရုတ်ခြည်းပင် စိတ်သက်သာရာရသွားသည့်နှယ် ခံစားလိုက်ရသည်။ သူမ၏အစစ်အမှန်မျက်နှာအား သူ တွေ့ခဲ့ပြီးဖြစ်သည်။ သူနှင့် နှစ်၂၀ကျော် အတူတကွ ပေါင်းသင်းနေထိုင်ခဲ့သော ထိုမပြည့်သည့်မိန်းမသည် ဆင်းရဲခြင်းကို စက်ဆုပ်အထင်သေးပြီး ချမ်းသာခြင်းကို နှစ်သက်သဘောကျသည်ကို ယခုမှသာ သူ နားလည်သဘောပေါက်ခဲ့သည်။
စုယန်နင်း ရှိုက်ကြီးတငင် ငိုကြွေးနေသည်။ ကောင်းမွန်သော မိသားစုတစ်ခုသည် ထိုကဲ့သို့ ပြောင်းလဲသွားရလိမ့်မည်ဟု သူမ အိပ်မက်ပင် ထည့်မမက်ခဲ့ဖူးပါပေ။ သူမသည် ဖခင်ဖြစ်သူ၏အေးစက်တင်းမာနေသော အမူအရာအား ကြည့်ပြီး မိခင်ဖြစ်သူ၏ ကြောက်ရွံ့နေသောအမူအရာအား တစ်လှည့်ကြည့်လိုက်ကာ ငိုယိုပြောဆိုတော့သည်။
“အဖေ.. အမေက ဒေါသမထိန်းနိုင်လို့ ပြောမိတာပါ။ အဲ့ဒါကို ခေါင်းထဲ မထည့်ပါနဲ့ စိတ်လည်း မဆိုးပါနဲ့။ ဒီဟာက မှားယွင်းအပြစ်တင်တာတစ်ခုလို့ ရဲအရာရှိကြီးတွေကို ကျေးဇူးပြုပြီး ပြောပေးပါနော်။ အမေ့မှာ ကားတိုက်ပြေးတာ မရှိခဲ့ပါဘူး။ ကျေးဇူးပြုပြီး သူတို့ကို အမြန် ပြောပေးပါ။ အီး..ဟီး..”
ရဲအရာရှိသည် စုရှန်းဝမ်၏မိသားစုအား အံ့အားသင့်သောအကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး တစ်ခဏမျှ တိတ်ဆိတ်သွားပြီးမှ
“မင်းတို့ ခုချိန်မှာ ဘာမှပြောဖို့ မလိုဘူး။ ကျုပ်တို့က သက်သေအတိအကျမရှိရင် လာမှာမဟုတ်ဘူးဗျ။ ကဲ… ကျန်းမေယွမ်… အခု ကျုပ်တို့နဲ့ လိုက်ခဲ့တော့။”
ထိုစကားပြောပြီးနောက် ရဲအရာရှိသည် စုရှန်းဝမ်ဘက် လှည့်လာကာ အမူအရာကင်းမဲ့စွာ ပြောလိုက်သည်။
“ကျွန်တော် မမှားရင် ခင်ဗျားက စုရှန်းဝမ် မဟုတ်လား။ ရှန်းဝမ်အိမ်ခြံမြေလုပ်ငန်းစု ပိုင်ရှင်။ မင်းရဲ့လုပ်ငန်းစုက စာချုပ်အတုနဲ့ စာရင်းပိတ်ခဲ့လို့ ဟိုဘက်အဖွဲ့က ယွမ်၈၀မီလီယံလိမ်လည်မှုနဲ့ တရားစွဲထားတယ်။ မနက်ဖြန်ညနေ ခင်ဗျားအဲ့ဒီငွေကို မပေးနိုင်ရင် ထောင်ချမိန့်သာ စောင့်နေပေတော့။”
စုရှန်းဝမ်၏ကိုယ်သည် တုန်ရီသွားပြီး စိတ်အားငယ်မှုသည် ပိုပိုများလာခဲ့သည်။
သူ အဆုံးသတ်သွားပြီဖြစ်သည်။ သူ့အတွက် ကစားပွဲပြီးဆုံးပြီကို သိလိုက်ရပြီဖြစ်သည်။ မီလီယံ၈၀မဆိုထားဘိ။ သူ့တွင် ယွမ်၈သောင်းပင် မရှိပါချေ။ သူ၏အသိုင်းအဝိုင်းအတွင်းမှ သူငယ်ချင်းများသည်လည်း သူ၏လုပ်ငန်းစု ပိတ်လိုက်ခြင်းကို သိရပြီးနောက် ပိုပိုနည်းလာခဲ့သည်။ နစ်မြှုပ်နေသော သဘောၤတစ်စင်းအား ကြွက်များသည် စွန့်ခွာသကဲ့သို့ သည်အသိုင်းအဝိုင်းအတွင်းမှ အခွင့်အရေးသမားများသည် သူကဲ့သို့ အဆင်မပြေသော ပြသနာများနှင့် ကြုံတွေ့နေသူအား မည်သူက ပိုက်ဆံချေးလိုစိတ်ရှိပါမည်နည်း။
စုရှန်းဝမ်သည် ရဲများခေါ်ဆောင်သွားသော သူ၏ဇနီးဖြစ်သူနှင့် ငိုကြွေးနေကြသော သူ၏ကလေးများအား သုန်မှုန်စွာသာ ကြည့်နိုင်တော့သည်။ ရုတ်တရက်ပင် သူ၏ခွန်အားများသည် ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားသည့်အလား ခံစားရပြီး ဆိုဖာပေါ်သို့ အရုပ်ကြိုးပြတ် ထိုင်ကျသွားတော့သည်။
“အဖေ… တစ်ဝမ်းကွဲညီကို ရှာပါ။ သူ့မှာ သေချာပေါက် နည်းလမ်းတွေ ရှိလောက်တယ်။”
စုရှန်ဖေး ရုတ်တရက် အငိုရပ်သွားပြီး အမြန်ပြောလိုက်သည်။
တစ်ဝမ်းကွဲညီ ဟုတ်လား။
သားဖြစ်သူအား တွေတွေကြီး စိုက်ကြည့်နေရင်း သူပြောနေသောသူသည် မည်သူကို ရည်ညွှန်းနေမှန်း စုရှန်းဝမ် သဘောမပေါက်ပါချေ။
စုရှန်ဖေးသည် အော်ဟစ်လျက်
“အဖေ… ဘာကို စောင့်နေတာလဲ။ တစ်ဝမ်းကွဲညီ ထန်ရှုကို အမြန်သွားရှာပါ။ သူက သူဋ္ဌေးကြီးတွေနဲ့ သိတော့ သူ့မှာ နည်းလမ်းအချို့ရှိလောက်တယ်။ သူသာ အမှန်တကယ် နောက်ကွယ်က ကြိုးကိုင်နေတဲ့သူဆိုရင် သူ့ကို အထင်သေးခဲ့လို့ ကျွန်တော်တို့ကို မုန်းနေတာကြောင့် နေမှာ။ ကျွန်တော်တို့ သူ့ကို အမှားဝန်ခံပြီး ဦးညွှတ်လိုက်ရင် သူ ကျွန်တော်တို့ကို လွှတ်ပေးမှာ သေချာတယ်။”
ထန်ရှုလား။
စုရှန်းဝမ်၏မျက်နှာထက်တွင် အပြုံးတစ်ချက် မသာမယာ ပေါ်ထွက်လာခဲ့သည်။ စိတ်ပျက်လက်ပျက်ဖြစ်နေသော သားဖြစ်သူအား ကြည့်နေရင်းမှ သေအောင် လည်ပင်းညှစ်သတ်လိုစိတ်ပင် ရုတ်ခြည်း ပေါ်ပေါက်လာရသည်။
စုရှန်းဝမ်၏စိတ်ထဲတွင် အလွန်ရယ်စရာကောင်းသည်ဟုတွေးလိုက်မိသည်။ သူ၏သားဖြစ်သူသည် နို့စို့ကလေးဘဝကတည်းမှ ယခုကြီးပြင်းလာချိန်ထိ ထန်ရှုအား ညီဝမ်းကွဲဟု ခေါ်သည်ကို သူ ပထမဆုံး ကြားဖူးခြင်းပင် ဖြစ်သည်။
စုယန်နင်းသည်လည်း အလောတကြီးဖြင့်
“ဟုတ်တယ် အဖေ။ ဝမ်းကွဲမောင်ကို အတူရှာရအောင်။ ဒါမှမဟုတ် ဒေါ်လေးကိုရော။ ဒေါ်လေးက စိတ်သဘောထားနူးညံ့တယ်။ သူမဆိုရင် အမေ့ကို ကယ်ဖို့ သေချာပေါက် ထန်ရှုကို ပြောပေးလိမ့်မယ်။ ကူညီရုံတင်မကဘူး.. အကြွေးဆပ်ဖို့ ပိုက်ဆံတောင် ချေးရင်ချေးလိမ့်မယ်။”
စုရှန်းဝမ်သည် မျှော်လင့်ချက်အားလုံးအား စွန့်လွှတ်ခဲ့ပြီဖြစ်သည်။ သူ့ထံတွင် နည်းနည်းလေးမှ မျှော်လင့်ချက်မထားတော့ပါချေ။ သူ၏အတွေးထဲတွင် သူတို့ မည်ကဲ့သို့ တရင်းတနှီးရှိခဲ့သော သားအမိနှစ်ဦး - ညီမဖြစ်သူ စုလင်းယွမ်နှင့် သူမ၏သားတို့၏ ပုံရိပ်များအားလုံးအား အမှတ်ရလာသည်။ သူ၏သားသမီးများမှ သူ့အရှေ့တွင်ပင် ထိုသားအမိနှစ်ယောက်အပေါ်တွင် အရှက်မဲ့စွာ မည်သို့ ပြုမူပုံအား တွေးမိပြီး ရုတ်တရက် သူသည်လည်း တူညီစွာ ပြုလုပ်မိသည်ကို သိရှိလာရသည်။
“ကောင်းကင်က မိုးစက်ကလေးတွေကို သယ်ဆောင်လာသလိုပဲ မိန်းမငယ်လေးတစ်ဦးက လက်ထပ်ပြီးရင် သျှောင်နောက်ဆံထုံးပါရတယ်။”
စုရှန်းဝမ်သည် မတ်မတ်ရပ်လိုက်ပြီး ထိုစကားအား ခပ်တိုးတိုးရွတ်ဆိုလျက် အခန်းတစ်ခုထဲသို့ လျှောက်သွားလိုက်သည်။ အခန်းတံခါးအား အထဲမှ ပိတ်လိုက်ပြီးနောက် အိပ်ရာဘေးမှ ဗီရိုဆီသို့ သွားလိုက်ပြီး အံဆွဲတစ်ခုထဲမှ ဓားမြှောင်တစ်ချောင်းကို ထုတ်လိုက်ကာ သူ၏လက်ကောက်ဝတ်မှ သွေးကြောအား ပြင်းထန်စွာ ဖြတ်လိုက်တော့သည်။
သူ၏ကမ္ဘာကြီးသည် မှုန်ဝါးစပြုလာပြီး သတိတရားသည်လည်း လွတ်လာခဲ့ပြီဖြစ်သည်။
သူ၏စိတ်အတွင်းတွင် ဖြစ်ပေါ်နေခဲ့သည့် နောက်ဆုံးအတွေးမှာ
“ငါ ပြန်လာဖို့ အခွင့်ရှိခဲ့မယ်ဆိုရင် အရင်ကလိုအရှက်မရှိတဲ့၊ ရူးမိုက်တဲ့အလုပ်တွေ ဘယ်တော့မှ ထပ်မလုပ်တော့ဘူး။”
****
နွေဦးသစ်တောတောင်စဉ်တန်း…
တောင်တစ်ဝက်သည် ချောမွေ့သော တောင်ပတ်လမ်းမြေဖြစ်သည်။ ထန်ရှု၊ မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့သည် မနက်စာ စားပြီးသောအခါတွင် ဦးတည်ထားရာဆီသို့ အပြေးအလွှား သွားကြတော့သည်။ သဘာ၀ ဝင်္ကပါသည် ထန်ရှုအတွက် ပြသနာမည်သောအရာသာ ဖြစ်သည်။ အင်မော်တယ်လောကမှ အစီအရင်ဘိုးဘေးဆရာနှင့် အဆောင်သင်္ကေတချင်း ယှဉ်မည်ဆိုရင်တောင်မှ သူသည် အကောင်းဆုံး ချိုးဖောက်ပစ်နိုင်မည်သာဖြစ်သည်။ သူ၏ကျင့်ကြံမှုသည် ယခင်အခြေအနေတိုင်းသာ ရှိသေးပါက မည်မျှ ရှုပ်ထွေးခက်ခဲသော အစီအရင်ဖြစ်စေကာမူ သက်တောင့်သက်သာ ဖြတ်ကျော်နိုင်ပေလိမ့်မည်။
လွယ်ကူချောမွေ့စွာဖြင့် သူတို့၃ဦးသည် သဘာ၀ ဝင်္ကပါအား ကျော်ဖြတ်လာခဲ့ပြီး မိုးထိလိုဏ်ဂူ၏အစွန်းပိုင်းဖြစ်သော တောင်ထိပ်သို့ ရောက်လာခဲ့လေသည်။ မိုးထိလိုဏ်ဂူသည် ၁၀မီတာခန့် အနက်ရှိပြီး အကျယ်မှာ ၁၀မီတာကျော် ရှိသည်။ ၎င်းသည် အခြားအာကာသမှ ဥက္ကာခဲ ပြုတ်ကျလာသည့်ဟန်နှင့်တူညီသည်။ သူတို့၃ဦးသည် အောက်ကို ငုံ့ကြည့်လိုက်ရာ အောက်ခြေတွင် အနက်ရောင်ဥမင်လိုဏ်ခေါင်းဝများအား ရှင်းလင်းစွာ မြင်နေရသည်။ အပေါ်မှကြည့်ပါက ၁၀မီတာအကွာဝေးဟုဆိုသော်ငြား ထိုနေရာတွင် လိုဏ်ဂူတစ်ခုရှိနေခဲ့ဟန် တူသည်။
“အောက်ဆင်းကြည့်ရအောင်။” ထန်ရှု တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။
မြောင်ဝမ်တန်သည် သူ့အား အလျင်စလို ဟန့်တားလိုက်ပြီး အပြုံးတစ်ခု ဖျစ်ညှစ်ပြုံးကာ
“ငါတို့ မဆင်းဝံ့ဘူး။ အရင်က ငါတို့လူတွေ ခါးမှာ ကြိုးချည်ပြီး အောက်ကို ဆင်းဖူးတယ်။ လမ်းတစ်ဝက်မှာ မြွေအများကြီး ထွက်လာတယ်။ တစ်ချို့စပါးအုံးမြွေကြီးတွေဆိုရင် လူကြီးတစ်ယောက်ရဲ့ ပေါင်လုံးလောက်ရှိတယ်။ ဒုတိယတစ်ခေါက်လာတော့ ငါတို့အဆိပ်မှုန့်တွေ အများကြီး သယ်လာပေမယ့် အလုပ်မဖြစ်ဘူး။ ဒီမှာရှိတဲ့ မြွေတွေက အလွန်အဆိပ်ပြင်းတယ်။ တစ်ချို့ဆို သန္ဓေပြောင်း သတ္တဝါတွေလို့တောင် ငါ သံသယရှိတယ်။”
ထန်ရှု နဖူးတွန့်သွားသည်။ သူ၏ခြေထောက်နားက သားရဲကောင်လေးအား ငုံ့ကြည့်လိုက်ရာ ဒဏ်ရာအများအပြား သက်သာနေသည်ကို တွေ့ရသည်။ ထို့နောက် သူသည် ထိုသားရဲလေးအား
“သားရဲလေး.. ဒီနေရာက အရမ်း အန္တရာယ်များလား။”
သားရဲလေးသည် ထန်ရှုမှ ဆန်းကြယ်သားရဲအား အမည်ပေးထားခြင်း ဖြစ်သည်။
ထန်ရှု၏အမေးစကားအား ကြားသော သားရဲလေးသည် သူ၏မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုအပြည့်နှင့် အလျင်မြန် ခေါင်းညိတ်ပြလိုက်သည်။
ထန်ရှု၏မျက်ခုံးများ တွန့်ချိုးသွားရသည်။ တစ်ခဏမျှ အံ့အားသင့်နေပြီးမှ
“မြွေတွေရဲ့ဘေးရန်အကြောင်း သိတာတောင် ဒီနေရာကိုထပ်ပြီး လာချင်သေးတယ်ပေါ့။
ခင်ဗျားတို့မှာ တခြားနည်းလမ်းတွေ မရှိဘူးလား။ ပြောပါဦး။ ကျွန်တော်တို့ အောက်ကို ဘယ်လိုဆင်းကြမှာတုန်း။”
“ငါတို့အဲ့ဒီကို သွားဖို့ တခြားလမ်းကြောင်း ရှာရလိမ့်မယ်။” မြောင်ဝမ်တန် ပြောလိုက်သည်။
“အဲ့ဒါဘာကို ဆိုလိုတာလဲ။”
“ဒီနေရာမှာ မြေအောက်လမ်းတွေ အများကြီး ရှိတယ်။ အဲ့ဒါကြောင့် ဒီတောင်တန်းမှာလည်း အဲ့ဒီလိုဏ်ဂူဝကို ရောက်ဖို့ တခြားလမ်းတွေ သေချာပေါက် ရှိလိမ့်မယ်။ ငါတို့ ဘေးဘီလျှောက်ကြည့်လိုက်ရင် အဲ့ဒါကို ရှာနိုင်လိမ့်မယ်။ တကယ်လို့ ဘာမှ မရှာနိုင်ခဲ့ရင် မီးရှို့ဖို့ လောင်စာဆီစည်အချို့ကိုလည်း ပြင်ဆင်ထားတယ်။ အဲ့ဒီမြွေတွေက အဆိပ်ကို မကြောက်ပေမယ့် မီးတော့ ကြောက်ကြလိမ့်မယ်။”
“ဒါလည်း နည်းလမ်းတစ်ခုပဲ။”
သူတို့၃ယောက်သည် တခြားလမ်းတစ်ခုကို ရှာဖွေရန်အတွက် နေရာအနှံ့အပြားအား တစ်မနက်ခင်းလုံး ရှာဖွေကြသည်။ တောင်တန်းသည် အလွန်မတ်စောက်တာတောင်မှ နေရာလွတ်မရှိစေရန် နှံ့နှံ့စပ်စပ် စစ်ဆေးကြသည်။ သို့သော်လည်း လိုဏ်ဂူသို့ ဝင်ရန်အတွက် အခြားမည်သည့်လမ်းကြောင်း တစ်စွန်းတစ်စ၏အရိပ်အယောင်ကိုမှ ရှာမတွေ့နိုင်သောကြောင့် အကြီးအကျယ် စိတ်ပျက်ခဲ့ကြရသည်။
သူတို့၃ယောက်သည် လိုဏ်ဂူထိပ်တွင် ပြန်ပြီးဆုံတွေ့ကြသည်။ ထန်ရှုသည် ကြိုးတုတ်တုတ်တစ်ချောင်းအား ဆုပ်ကိုင်ကာ သူ၏ခါးတွင် ချည်လိုက်ပြီးနောက် အခြားတစ်ဖက်အား သစ်ပင်ပင်စည်တွင် ချည်လိုက်ကာ
“ကျွန်တော့်ကို ဓာတ်မီးတစ်လက် ပေးပါ။ ကျွန်တော် အဲ့ဒီကိုဆင်းဖို့ ကြိုးစားကြည့်မယ်။”
မြောင်ဝမ်တန်သည် တွန့်ဆိုင်းသွားပြီး
“ထန်ရှု… အောက်က တကယ်ကို အန္တရာယ်များတယ်။ မင်း ဂရုစိုက်ပါ။ မြွေတွေက မင်းကို ခြိမ်းခြောက်စေနိုင်ရင် ငါတို့ကို ချက်ချင်း အော်ခေါ်လိုက်ပါ။ ငါတို့ မင်းကို ချက်ချင်း ဆွဲတင်မယ်။”
“ကောင်းပါပြီ။”
ဓာတ်မီးတစ်လက်အား ကိုင်ဆောင်လျက် ထန်ရှုသည် ကြိုးဖြင့် အောက်သို့ ဖြည်းညှင်းစွာ ဆင်းလာခဲ့သည်။ များမကြာမီ သူသည် မီတာ၂၀ခန့်သို့ ရောက်လာခဲ့ပြီး အောက်ခြေသို့ ရောက်ရန် မီတာ၂၀ ဖြတ်ကျော်ခဲ့သည်ဟု ဆိုနိုင်သည်။
“ရွှီ…ရွှီ…”
မြွေများ၏တွန်သံသည် ထန်ရှု၏ထက်ရှသော အကြားအာရုံထဲသို့ ဝင်လာသည်။
ထန်ရှုသည် သူ၏စိတ်ဝိညာဉ်အာရုံအား အစောပိုင်းကပင် ဖြန့်ကျက်ထားပြီးရာ သည်မိုးထိလိုဏ်ဂူတွင် လိုဏ်ခေါင်း၀ ၅ခုရှိကြောင်း တွေ့ရှိပြီးဖြစ်သည်။ ၄ခုသည် အောက်ခြေတွင် တည်ရှိပြီး တစ်ခုသည် သူ၏နေရာမှ ၁၀မီတာအကွာတွင် တည်ရှိသည်။ ထိုလိုဏ်ခေါင်းဝသည် အတွင်းပိုင်းနှင့် ချိတ်ဆက်နေပြီး လမ်းသည် မှောင်မဲနေသည်။ ၎င်းသည် အလွန်ကျယ်သောကြောင့် လူအရေအတွက်အချို့ တစ်ပြိုင်နက်တည်း ဝင်ရောက်ပါက ပြသနာရှိမည်မဟုတ်ချေ။
သည်မိုးထိလိုဏ်ဂူ၏တောင်နံရံများအား စိမ်းဖန့်နေသော နွယ်ပင်များဖြင့် ဖုံးလွှမ်းနေပြီး ထိုအပေါ်တွင် မြွေကောင်ရေ အနည်းဆုံးတစ်ရာခန့်ရှိနေပေသည်။ သို့သော်လည်း ရာပေါင်းများစွာ မြွေများနှင့်အတူ ဒါဇင်များစွာသော စပါးအုံးမြွေများအား ထိုလိုဏ်ခေါင်း၅ခုလမ်းကြောင်းထဲတွင် မြင်ရပေမည်။
“ဒီနေရာက မြွေတွင်းတစ်ခုပဲ။”
ထန်ရှု စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ သူသည် ဓာတ်မီးဖြင့် မြွေများအနီးသို့ ကပ်ရန် ကြိုးစားလိုက်ရာတွင် မြွေများသည် မြင့်မားသည့် အပူချိန်အား ရှောင်ရှားရန် နွယ်ပင်များတစ်လျှောက် ရွေ့လျားသည်ကို မြင်တွေ့လိုက်ရသောကြောင့် စိတ်ကျေနပ်သွားရသည်။
ခဏအတွင်းမှာပင် ထန်ရှုသည် အနည်းငယ်မျှ အမှားအယွင်းမဖြစ်ဘဲ တုန်လှုပ်စွာဖြင့် မိုးထိလိုဏ်ဂူ၏အောက်ခြေသို့ ရောက်လာခဲ့သည်။ သူသည် လောယန်တူးရွင်းတစ်ချောင်းအား သူ၏ခါးမှ ဖြုတ်လိုက်ကာ ၂မီတာအနက်ရောက်အောင် မိနစ်၃၀ခန့် တူးလိုက်သည်။ သို့သော်လည်း ဥက္ကာခဲများ၏တစ်စွန်းတစ်စအရိပ်အယောင်ကိုမှ သူ ရှာမတွေ့ချေ။ သူ၏စိတ်ဝိညာဉ်အာရုံအား အသုံးပြုကာ လိုဏ်ခေါင်း၀၅ခု၏လမ်းကြောင်းအား ဖြန့်ကျက်ရှာဖွေသည့်အပြင် သူ၏ဖြန့်ကျက်နိုင်သည့် အကွာအဝေးအတိုင်းအတာအထိ ကြည့်ရှုလိုက်သည်။ သို့သော်လည်း မီတာ၂ရာနီးပါးရောက်နေသည့်တိုင် မည်သည့်အကျိုးအမြတ်မှ မရသေးပါချေ။
“ဒီနေရာမှာ ဘာအဖိုးတန်သတ္တုမှ မရှိတာလား။”
ထန်ရှုသည် တူးနေခြင်းအား ရပ်တန့်လိုက်ပြီး မိုးထိလိုဏ်ဂူအစွန်းတွင် မတ်တတ်ရပ်နေသော မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းအား မော့ကြည့်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ကျွန်တော် လိုဏ်ခေါင်းလမ်းအတိုင်း သွားကြည့်လိုက်ဦးမယ်။ အန္တရာယ်ရှိတာနဲ့ ချက်ချင်း ပြန်ပြေးလာခဲ့မယ်။ ကျွန်တော့်ကို အပေါ်ကနေ အကူအညီပေးဖို့ ပြင်ဆင်ထားပေးပါ။”
“ညီအစ်ကို ထန်… ငါလည်း ဆင်းခဲ့မယ်။”
ရှောင်မင်ကျန်း ပြန်အော်ပြောလိုက်သည်။ ထန်ရှုကဲ့သို့ သူသည်လည်း ဓာတ်မီးနှင့် ကြိုးအား အသုံးပြုကာ တွင်း၏အောက်ခြေသို့ ဆင်းလာခဲ့သည်။ သိပ်မကြာမီ သူတို့နှစ်ဦးသည် လိုဏ်ခေါင်းလမ်းအတိုင်း လျှောက်လာပြီး လိုဏ်ဂူထဲသို့ ဝင်လာခဲ့သည်။
ထန်ရှု၏စိတ်ဝိညာဉ်အာရုံအကူအညီဖြင့် အဆိပ်ပြင်းသတ္တဝါများဖြစ်သော မြွေများ၊ ကင်းမြီးကောက်များနှင့် ကင်းခြေများတို့အား တွေ့သော်လည်း ထိုသတ္တဝါများသည် မီးအား ကြောက်ရွံ့သောကြောင့် ဘေးကင်းလုံခြုံစွာ ရှောင်ရှားနိုင်လေသည်။ သူတို့သည် မီတာ၂ရာ သို့မဟုတ် ၃ရာသို့ ချောမွေ့စွာ ရောက်လာကြပြီးနောက် ထန်ရှုသည် လမ်းလျှောက်နေရာမှ ရုတ်တရက် ရပ်တန့်လိုက်သည်။
“ညီအစ်ကို ထန်… ဘာဖြစ်လို့လဲ။”
ထန်ရှု၏နှလုံးခုန်သံ မြန်ဆန်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ အမွှေးများ ထောင်လာသည်အထိ ပြုလုပ်နိုင်သော ကြောက်မက်ဖွယ်ရာ အော်ရာအား သူ ခံစားမိရသည်။ ထိုအော်ရာသည် လိုဏ်ဂူ၏အတွင်းနက်ပိုင်းမှ လာခြင်းဖြစ်သည်။ သူ၏စိတ်ဝိညာဉ်အာရုံနှင့်ပင် မည်သို့သော ခြိမ်းခြောက်သည့် အန္တရာယ်မှန်းကို ရှာမတွေ့နိုင်ချေ။ သို့သော် သည်ထူးခြားကြီးမားသော အော်ရာအား သူ ရှင်းလင်းစွာ ခံစားမိနိုင်သည်။
“မင်း အဲ့ဒါကို ခံစားမိလို့လား။”
ရှောင်မင်ကျန်းသည် ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည်။
“ဟုတ်တယ်။ အဲ့ဒါ ကြောက်စရာကောင်းတဲ့ အော်ရာတစ်ခုပဲ။ ငါတို့ အခုဘာလုပ်သင့်လဲ။ အထဲကို ဆက်ဝင်သင့်ပါ့မလား။”
“ဆက်သွားမယ်။ အထဲမှာ ဘာကြီးပဲရှိနေနေ ကျွန်တော်တို့ အချိန်မီ လွတ်မြောက်နိုင်ရင် အသက်ဆုံးရှုံးမှာ မဟုတ်ဘူး။” ထန်ရှု အံကို တင်းတင်းကြိတ်လိုက်သည်။
အချိန်မီ လွတ်မြောက်ခြင်းတဲ့လား။
ရှောင်မင်ကျန်း တိတ်တခိုး မချိပြုံး ပြုံးလိုက်မိသည်။ သို့သော် သူသည် ထန်ရှ၏စိတ်ကူးအတိုင်း ရှေ့သို့ ဆက်သွားနေဆဲဖြစ်သည်။ မီတာတစ်ရာ ဆက်လျှောက်ပြီးသောအခါ ထန်ရှုသည် ထပ်မံရပ်တန့်သွားပြီး သူ၏ချောမောခန့်ညားသောမျက်နှာထက်တွင် မယုံကြည်နိုင်ဟန် အရိပ်အယောင်များ ပေါ်ထွက်လာတော့သည်။ ဆလိုက်မီးနှင့် ဓာတ်မီးကို အသုံးပြုကာ လိုက်ပါနေသော ရှောင်မင်ကျန်းသည် ထန်ရှု၏မျက်နှာထက်မှ အပြောင်းအလဲအား သတိထားမိသွားသည့်အလျောက် အလျင်အမြန်ပင်
“ဘာဖြစ်လို့လဲ။”
ထန်ရှု၏နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ရီနေပြီး သူ၏ရင်တွင်းမှ အံ့သြတုန်လှုပ်မှုအား ဖိနှိပ်ထားရသည်။ ထို့နောက် သူသည် အလေးအနက်ထားကာ ရှောင်မင်ကျန်းအား ပြောလိုက်သည်။
“ဒီအတွင်းထဲမှာ ကောင်းကင်ကို တုန်လှုပ်နိုင်တဲ့ ရတနာတစ်ခုရှိပြီး ကျွန်တော်တို့ ဒီနေရာမှာ သေဖို့ ၅၀ရာခိုင်နှုန်းရှိနေတယ်ဆိုရင် ခင်ဗျား ဘာကို ရွေးမလဲ - ဆက်တိုက်မလား ဒါမှမဟုတ် ချက်ချင်း နောက်ဆုတ်မလား။”
ရှောင်မင်ကျန်းသည် တစ်ခဏမျှ စဉ်းစားနေပြီးနောက် ဆုံးဖြတ်ချက် ချလိုက်ဟန်ဖြင့်
“ငါ စွန့်စားမယ်။ ကျားရဲတွင်းကို မဝင်ရင် ကျားပေါက်ကလေးကို ရမှာမဟုတ်ဘူး။ ချမ်းသာမှုနဲ့ အကျိုးကျေးဇူးဆိုတာ အန္တရာယ်ကြားထဲ ရှာဖွေရတာပဲ။”
“အဲ့လိုဆိုမှဖြင့် ကျွန်တော်တို့ အခု ပြန်ဆုတ်ကြမယ်။”
“ပြန်ဆုတ်ကြမယ်ဟုတ်လား။” ရှောင်မင်ကျန်း စိတ်ရှုပ်ထွေးသွားသည်။
“ဟုတ်တယ်။ ကျွန်တော်တို့ ပြန်ဆုတ်ကြမယ်။ ရှေ့ဆက်တိုးရင် ဒီနေရာက လွတ်မြောက်ဖို့ ခက်ခဲပြီး သေဖို့က ရာခိုင်နှုန်းများတယ်။ ကျွန်တော်တို့ နောက်ပြန်ဆုတ်ပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီးမှ ပြန်လာရင် အသက်ရှင်ဖို့ ၅၀% အခွင့်အရေးရှိတယ်။”
ရှောင်မင်ကျန်းသည် ထန်ရှုနောက်မှ လိုက်ကာ လာရာလမ်းအတိုင်း ပြန်လျှောက်နေရင်းမှ
“ညီအစ်ကိုထန်… လိုဏ်ဂူအတွင်းမှာ ဘာတွေ့ခဲ့တာလဲ။”
“မီးချီလင်။”
“မဖြစ်နိုင်တာ။”
ရှောင်မင်ကျန်းသည် ကျယ်လောင်စွာ အော်လိုက်မိရင်း ဆက်ပြောမိသည်။
“ငါတို့ အခုနေတဲ့ခေတ်ကြီးမှာ ဒဏ္ဍာရီလာ နတ်သားရဲက ဘယ်လိုလုပ် ရှိနိုင်မှာလဲ။
မင်း မမှားဘူးဆိုတာ သေချာရဲ့လား။”
***