အလွန်ကြောက်ရွံ့ထိတ်လန့်စေခြင်း
Vol. 184 Ch. 2625
စီဝေ့အင်ပါယာနန်းတော်ထဲတွင် အားလုံးသည် သူတို့၏ တာဝန်များကို လုပ်ဆောင်နေကြ၏။ အချို့သည် ကျင့်ကြံနေကြ၏၊ အချို့သည် ချပ်ဝတ်လက်နက် ပြုလုပ်နေကြ၏၊ အချို့သည် အာခီမီကို အာရုံစိုက်နေကြ၏။
အချိန်များသည် မသိလိုက်၊ မသိဘာသာပင် ကုန်ဆုံးသွားသည်။ ကောင်းကင်ဒေသ၏ ကုန်းမြေထက်တွင် စစ်ပွဲထဲ၌ ပါဝင်လာသောလူများ တစ်စထက်တစ်စ ပိုများလာလေသည်။ နတ္တိအင်ပါယာဘုံ၊ မှော်နက်လောက၊ လူသားဘုံနှင့် ဗုဒ္ဓလောကတို့သည် စစ်ပွဲအတွင်းသို့ ဝင်လာကြပြီး စစ်ပွဲထဲတွင် ပါဝင်လာကြသည်။
ယနေ့မြောက်ဘက်ကမ်းပါးဒေသသည် စစ်ပွဲနယ်မြေဖြစ်နေပေပြီ။ တတ်နိုင်သူများသည် ထိုနေရာမှ ထွက်ခွာကာ ပြောင်းရွှေ့သွားကြပြီဖြစ်သည်။ မတတ်နိုင်သူများသည် စစ်ပွဲများ၊ ပရမ်းပတာအခြေအနေများထဲတွင်သာ ကြိုးစားရှင်သန်ရလေသည်။ ကောင်းကင်ဒေသ၏ ကုန်းမြေ(၁၈)ခုတွင် မရေမတွက်နိုင်အောင်များပြားသော ကျင့်ကြံသူများ ရှိပေရာ လူတိုင်း ထွက်မသွားနိုင်ကြပေ။ ထို့အပြင် ပြောင်းရွှေ့လိုလျှင်လည်း တိုက်ကြီးများနှင့် ဒေသများစွာကို ဖြတ်ကျော်သွားရမည်ဖြစ်ပေသည်။
အပြင်လောကတွင် စစ်ဖြစ်နေချိန်၌ မူလဘုံတစ်ခုတည်းသာ ဆက်၍တိုးတက်နေခဲ့သည်။ ရီဖူရှင်းသည် ကြယ်တာရာကျင့်ကြံခြင်းနန်းတော်ထဲတွင် တိတ်တဆိတ် ဆက်လက်ကျင့်ကြံနေခဲ့၏။
သူသည် အပြင်ပိုင်းတွင် အတော်လေးတည်ငြိမ်နေသည်ဟု ထင်ရသော်လည်း သူ့ကိုယ်တွင်းရှိ သူ၏အသက်နန်းတော်လောကထဲတွင်မူ အလွန်စိတ်ဝင်စားဖွယ်ကောင်းသည့် ကိစ္စတစ်ခု ဖြစ်ပွားနေပေသည်။
ယခုတွင် ရီဖူရှင်း၏ အသက်နန်းတော်သည် လောကအစစ်တစ်ခု၏ ပုံရိပ်တစ်ခုကဲ့သို့ ရှိနေပြီဖြစ်သည်။ သူသည် ဟင်းလင်းပြင်ထက်တွင် ရပ်နေပြီး သူ့ခန္ဓာကိုယ်မှနေ၍ မရေမတွက်နိုင်အောင်များပြားသော ရွှေရောင်လျှပ်စီးများ ထွက်ပေါ်နေလေသည်။ ၎င်းသည် လွန်စွာ တောက်ပနေပြီး သူ့ထံမှနေ၍ လွန်စွာစူးရှသောအရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်ဖြစ်ရာ သူ့ခန္ဓာကိုယ်သည် ဓားတစ်လက်ကဲ့သိုပင် ထင်ရပေသည်။
ထို ဧရာမရွှေရောင်လျှပ်စီးစက်ကွင်းထဲတွင် နတ်ဓားများ ထွက်ပေါ်လာသည်။ နတ်ဓားတစ်လက်စီတိုင်းသည် မရေမတွက်နိုင်အောင်များပြားသော ဓားချိပ်စည်းများဖြင့် တောက်ပနေလေသည်။ ထိုနတ်ဓားများထဲတွင် ထက်ရှသော အတုမဲ့အရှိန်အဝါတစ်ခု ပါဝင်လေသည်။
ဝုန်း...
ပရမ်းပတာအာကာပြင်ထဲရှိ ထိုရွှေရောင်လျှပ်စီးများသည် စွမ်းအားကြီး အာကာသအဖျက်စွမ်းအားများ ပါဝင်သည်ဟု ထင်ရ၏။ ထိုမြင်ကွင်းသည် ဒွန်ဟောင်တိယွမ် ထျန်ရှင်းနတ်ဓားကို ထုတ်လွှတ်လိုက်စဉ်က မြင်ကွင်းနှင့် ဆင်တူပေသည်။
သူသည် ဒွန်ဟောင်တိယွမ်နှင့် တိုက်ခိုက်ပြီးနောက်မှ စိတ်ထဲတွင် သိမြင်နားလည်မှုအနည်းငယ်ကို ရရှိခဲ့ခြင်းပင်။ သူသည် ထျန်ရှင်းနတ်ဓားကို ယှဉ်နိုင်မည့် စွမ်းအားကြီးဓားအတတ်တစ်ခုကို ဖန်တီးလိုနေပေသည်။
ယခင်က သူတတ်မြောက်ခဲ့သည့် ဓားအတတ်များမှာ အမှုန့်ချေဓားအတတ်၊ လျှပ်တစ်ပြက်ဓားအတတ်နှင့် ထိုဓားအတတ်နှစ်ခု၏ ပြယုဂ်ဖြစ်သော အကန့်အသတ်မဲ့ဓားအတတ်တို့ ဖြစ်လေသည်။ သူ အရှင်စီဝေ့၏ စွမ်းအားကို ဆက်ခံရရှိပြီးနောက်တွင် သူသည် ကြယ်တာရာနတ်ဓားအတတ်ကို ကျင့်ကြံခဲ့သည်။
ထိုဓားအတတ်နှစ်ခုသည် လမ်းစဉ်များ ကွဲပြားကြပေသည်။ အကန့်အသတ်မဲဓားအတတ်သည် အချိန်နှင့်နေရာကို လျစ်လျူရှုနိုင်ပြီး အရာအားလုံးကို ခုတ်ဖြတ်နိုင်သော စွမ်းအားရှိကာ အတွေးတစ်ချက်ဖြင့်ပင် ထုတ်လွှတ်နိုင်ပေသည်။ ကြယ်တာရာနတ်ဓားအတတ်မှာမူ လွှမ်းမိုးအားကောင်းပြီး အင်အားကြီး၏။ ထိုဓားသည် ဘုရင်များနှင့် အင်ပါယာများ၏ဓားဖြစ်သည်။ ၎င်းသည် အရာအားလုံးကို လွှမ်းမိုးနိုင်ပြီး သက်ရှိအားလုံးကို သတ်ပစ်နိုင်သည်။ ၎င်း၏စွမ်းအားသည် အနန္တဖြစ်သည်။
ဤရက်များအတွင်း၌ ရီဖူရျင်းသည် ထိုဓားအတတ်နှစ်ခုကို တစ်ခုတည်းအဖြစ်ပေါင်းစည်း၍ ဆီလျော်သော ဓားအတတ်တစ်ခုကို ဖန်တီးရန် ကြိုးစားနေခြင်းပင်။
သူ့ရှေ့ရှိ မြင်ကွင်းသည် ထိုဓားအတတ်ကို ထုတ်လိုက်သဖြင့် ထွက်ပေါ်လာခြင်းဖြစ်သည်။
ရွှေရောင်လျှပ်စီး အဖျက်စက်ကွင်းထဲရှိ နတ်ဓားအားလုံးသည် အာကာသအဖျက်စွမ်းအားမှ ပေါ်ပေါက်လာသော အတုမဲ့ သတ်ဖြတ်အရှိန်အဝါတစ်ခု ပါကြလေသည်။ သို့သော် ထိုအခိုက်တွင် ရီဖူရှင်းက သူ့လက်ကို ဆန့်တန်းလိုက်ရာ ရုတ်ခြည်းပင် အနန္တစွမ်းအားတစ်ခုသည် သူ့အရှေ့တွင် ပေါင်းစည်းသွားကာ အတောက်ပဆုံး မဟာအင်ပါယာအရောင်အဝါ တောက်ပလာလေသည်။
ထိုနေရာတွင် ဧရာမရွှေရောင်နတ်ဓားကြီးတစ်ချောင်း ထွက်ပေါ်လာသည်။ ထိုနတ်ဓားသည် ထိုအဝန်းအဝိုင်းအတွင်းရှိ အခြားနတ်ဓားများကို ဦးဆောင်လမ်းညွှန်လိုက်သည်။ ၎င်းတို့သည် ထိုနတ်ဓားကြီး၏ အမိန့်အောက်တွင် ရှိနေပုံပင်။ ၎င်းသည် ဓားများ၏ အရှင်ဘုရင်ဖြစ်ပြီး ထိုဓားထဲတွင် မဟာအင်ပါယာအရောင်အဝါတစ်ခု ရှိနေပေသည်။
ရွှီး...
ရီဖူရှင်း၏ အတွေးတစ်ချက်ဖြင့် ဧရာမရွှေရောင်နတ်ဓားကြီးသည် အတန်ငယ် ရွေ့လျားသွားပြီး နတ်ဓားအရောင်အဝါသည် သတ်ဖြတ်ရန် ကျဆင်းသွားလေသည်။ ရုတ်ခြည်းအတွင်းမှာပင် စက်ကွင်းအတွင်း၌ မရေမတွက်နိုင်အောင်များပြားသော နတ်ဓားများ ကျဆင်းသွားပြီး လေထုကို အလွယ်တကူ ထွင်းဖောက်သွားကြလေသည်။
တစ်ချိန်တည်းမှာပင် ရီဖူရှင်းက သူ၏လက်ကို အရှေ့သို့ ဖိချလိုက်သည်။ ရုတ်ခြည်းပင် ဧရာရွှေရောင်နတ်ဓားကြီးသည် အာကာပြင်ကို ထွင်းဖောက်၍ ပျောက်ကွယ်သွားသည်။ သို့သော် ၎င်းသည် ၎င်းဖြတ်သန်းသွားသော အာကာပြင်တစ်လျှောက်တွင် ရွှေရောင်အလင်းတန်းကို ချန်ထားခဲ့၏။
ဝုန်း...
အဝေးတစ်နေရာတွင် နတ်ဓားကြီးသည် အချိန်နှင့်နေရာကို လျစ်လျူရှု၍ ပြန်ပေါ်လာပြီး လမ်းစဉ်နှင့် ကျင့်စဉ်ကို ဖျက်ဆီးလိုက်လေသည်။ ကောင်းကင်ထဲရှိ ကြယ်တာရာအားလုံးသည် ပြိုပျက်သွားပြီး ပျောက်ကွယ်သွားသည်။
ရီဖူရှင်းက ထိုတောက်ပသောဓားအလင်းကို မြင်လိုက်သောအခါ ကျေနပ်ဟန်တစ်ခု ပြုလိုက်၏။ အချိန်အတော်ကြာပြီးနောက်တွင် သူသည် ထိုဓားကို ပြီးပြည့်စုံအောင် လုပ်နိုင်ခဲ့ပေပြီ။
ထိုဓားသည် အရှင်စီဝေ့၏ ကြယ်တာရာဓားအတတ်နှင့် အဆင့်မြင့် အကန့်သတ်မဲ့ဓားအတတ်၏ အခြေခံကို ပေါင်းစည်းထားသော ဓားဖြစ်ပေသည်။ ထိုဓားကိုသာ ထုတ်လွှတ်လိုက်လျှင် ၎င်းသည် ဒွန်ဟောင်တိယွမ်၏ ထျန်ရှင်းနတ်ဓားကို ဖိနှိပ်နိုင်ပေလိမ့်မည်။
ဒွန်ဟောင်တိယွမ် ကိုင်ဆွဲသော ဓားကို ထျန်ရှင်းဟု အမည်ပေးထား၏။ ထိုအမည်၏ အဓိပ္ပာယ်မှာ ကောင်းကင်ပြစ်ဒဏ်ဓား ဖြစ်ပေသည်။
သို့ဆိုလျှင်သူသည် သူ၏ဓားကို မည်သို့အမည်ပေးရမည်နည်း။
ရီဖူရှင်းက ထိုကိစ္စကို ခေတ္တ ဘေးဖယ်ထား၍ သူ၏အခြားစွမ်းရည်များကို ဆက်ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။ သူသည် ယခုတွင် ဗုဒ္ဓရောင်ဝါခြေလှမ်းကို ကျွမ်းကျင်နေပြီဖြစ်ပြီး ခြေရာလက်ရာတစ်ခုပင် မကျန်စေဘဲ သူစိတ်ရှိသလို သွားနိုင်၊ လာနိုင်နေပြီဖြစ်သည်။ သူသည် စက္ကန့်ဝက်အတွင်းမှာပင် အနီးသို့ရောက်သွား၍ အနီးကပ်တိုက်ခိုက်နိုင်ပြီး သူ၏ခန္ဓာကိုယ်သည် ဖျက်ဆီး၍မရနိုင်လောက်အောင် သန်မာပေသည်။ ပြင်ပတိုက်ခိုက်မှုများဖြင့်ပင် သူ၏ပြိုင်ဘက်များကို ကြောက်ရွံ့သွားအောင် လုပ်နိုင်၏။ သူသည် သူ၏အနီးကပ်တိုက်ခိုက်စွမ်းရည်ကို ပြီးပြည့်စုံအောင် လုပ်လိုနေ၏။ သို့ဆိုလျှင် သူသည် ပို၍ပင် စွမ်းအားကြီးလာမည်ဖြစ်သည်။
ရီဖူရှင်းသည် တိုက်ခိုက်အတတ်များစွာကို ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ ဗုဒ္ဓလောကတွင် သူသည် စွမ်းအားကြီး တန်ခိုးများစွာကို ကျင့်ကြံခဲ့သည်။ ၎င်းတို့အားလုံးကို ပေါင်းစည်း၍ သူ၏ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲပစ်နိုင်ပေသည်။
ရီဖူရှင်းက သူ၏မျက်လုံးများကို မှိတ်၍ ဈာန်ဝင်စားလိုက်သည်။ သူသည် ကျင့်ကြံခြင်းအခြေအနေတွင် လုံးဝနစ်မြောနေပေသည်။ တန်ခိုးများကို ကျင့်ကြံခြင်းသည်လည်း ပြီးပြည့်စုံသော အခြေအနေတစ်ခုကို ရရှိခြင်းပင်ဖြစ်သည်။ သူသည် ယခင်က သူ၏အစ်ကိုသုံးဂူတုံးလျှိုနှင့် လေ့လာခဲ့သည် နတ်ချိပ်စည်းကို ပြန်တွေးတောလိုက်သည်။ မဟာအင်ပါယာ၏နတ်ချိပ်စည်းတိုက်ခိုက်မှုအောက်တွင် နတ်ချိပ်စည်းစက်ကွင်းတစ်ခု ပေါ်ပေါက်လာသည်ဟုထင်ရပြီး ချိပ်စည်း၏ တိုက်ခိုက်မှုသည် ကျင့်ကြံသူကို ၎င်း၏ တိုက်ခိုက်မှုစက်ကွင်းထဲတွင် ပိတ်မိနေသည်ဟု ထင်ရသည့် ပုံရိပ်ယောင်ကို မြင်ရစေပေသည်။ ထိုအရာသည် အံ့အားသင့်လောက်အောင် စွမ်းအားကြီးပေသည်။
နတ်ချိပ်စည်း၏ ထိုကဲ့သို့ တိုက်ခိုက်မှုမျိုးသည် သူ ဗုဒ္ဓလမ်းစဉ်တွင် ကျင့်ကြံခဲ့သော ဝမ်စာလုံးသင်္ကေတနှင့် ဆင်တူပေသည်။ သို့သော် ဝမ်စာလုံးသင်္ကေတသည် ပို၍ စွမ်းအားကြီး၊ ပို၍ခက်ထန်ပြီး ပို၍သန်မာသည့် ချိပ်စည်းဖြစ်၏။ နတ်ချိပ်စည်း၏ တိုက်ခိုက်မှုသည် အခြားအတတ်များ၏ စွမ်းရည်များ ပေါင်းစည်းပါဝင်နေသည်ဖြစ်ရာ ဝမ်စာလုံးသင်္ကေတကဲ့သို့ မသန့်စင်ပေ။
ထိုစွမ်းအားကြီး ချိပ်စည်းများကို အခြေခံ၍ တိုက်ခိုက်အတတ်များကို ဖန်တီးရန် အလွန်ခက်ခဲမည်ဖြစ်သည်။
ထိုအတတ်များသည်ပင် ထိပ်တန်းတိုက်ခိုက်အတတ်များ ဖြစ်နေပြီမဟုတ်ပါလား။ သို့မဟုတ် သူ့အနေဖြင့် ဒွန်ဟောင်တိယွမ်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် မဖြစ်နိုင်ခြင်းပေလော။ ဒွန်ဟောင်တိယွမ် ကျင့်ကြံထားသော တိုက်ခိုက်အတတ်သည်လည်း နတ်အတတ်အားလုံးထဲတွင် ထိပ်တန်းဖြစ်ပေသည်။
ရီဖူရှင်းက သူ၏ကျင့်ကြံခြင်းနှင့် ဆင်ခြင်သုံးသပ်ခြင်းတွင် စိတ်နှစ်ထားလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်နှစ် ကုန်ဆုံးသွားလေသည်။ ထိုတစ်နှစ်အတွင်း၌ အားလုံးသည် တိုးတက်လာခဲ့သည်။ စီဝေ့အင်ပါယာနန်းတော်ရှိ ချပ်ဝတ်လက်နက်ခန်းမသည်လည်း ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး စီဝေ့ကြယ်ကောင်းကင်မှနေ၍ ကျွမ်းကျင်ချပ်ဝတ်လက်နက်ပြုလုပ်သူတစ်စုကို ချပ်ဝတ်လက်နက်နန်းတော်သို့ ဆင့်ခေါ်ခဲ့ပြီးပေပြီ။
ယနေ့တွင် စီဝေ့ကြယ်ကောင်းကင်ကို မူလဘုံရှိ ထိပ်တန်းအဆင့်ရှိသည့် အင်အားစုတစ်စုဟု သတ်မှတ်နိုင်ပြီဖြစ်သည်။ ၎င်းသည် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်များအပြင် နေရာများစွာ၏ လျှို့ဝှက်နယ်မြေများကို သိမ်းပိုက်ထားနိုင်နေပြီဖြစ်သည်။
အချိန်တစ်ခုပေးလိုက်လျှင် သူတို့သည် သေချာပေါက် ပို၍အင်အားကြီးလာမည်ဖြစ်သည်။
ရီဖူရှင်းက ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ပြီး မဟာအကြီးအကဲ သခင်ချန်ကို သွားရှာလိုက်သည်။
“နန်းတော်သခင်က ကျုပ်ကိုရှာတာ ကိစ္စရှိလို့ပါလား...”
သခင်ချန်သည် ရီဖူရှင်းကို မေးလိုက်သည်။
“သခင်ချန်... ကျုပ် ကျုပ်ရဲ့ ကျင့်ကြံခြင်းမှာ နည်းနည်းရှေ့ရောက်နိုင်ခဲ့တယ်... ပြီးတော့ တိုက်ခိုက်အတတ် အနည်းငယ်ကိုလည်း ဖန်တီးနိုင်ခဲ့တယ်။ ဒါပေမဲ့ အဲဒါတွေကို စမ်းသပ်ဖို့ ကျုပ်နဲ့ လက်ရည်စမ်းပေးနိုင်တဲ့သူ မရှိဘူးဖြစ်နေတယ်။ အဲဒါက ဘယ်လောက်စွမ်းအားကြီးမလည်းဆိုတာ ကျုပ်လည်း မသိဘူး။ ကျုပ်နဲ့ လက်ရည်စမ်းပေးဖို့ သခင်ချန်ကို တောင်းဆိုလို့ရမလား”
ရီဖူရှင်း မေးလိုက်သည်။
“ရပါတယ်... နန်းတော်သခင်နှင့် လက်ရည်စမ်းရရင် ကျုပ်ရဲ့ ကျင့်ကြံခြင်းအတွက်လည်း သေချာပေါက် အထောက်အကူအညီဖြစ်မှာပါပဲ”
သခင်ချန်သည် သူ့ကို မငြင်းဘဲ ချက်ချင်း သဘောတူလိုက်သည်။
“ကောင်းပါပြီ... အဲဒါဆိုလည်း သွားကြတာပေါ့...”
ရီဖူရှင်းနှင့် သခင်ချန်တို့သည် မြင့်မားသော ကောင်းကင်ထက်သို့ ပျံတက်သွားပြီး ကြယ်တာရာကျင့်ကြံခြင်းနန်းတော်သို့ သွားလိုက်သည်။ ကြယ်တာရာကောင်းကင်အောက်တွင် သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး မျက်နှာချင်းဆိုင်ကာ ရပ်နေကြ၏။ သူတို့နှစ်ဦးစလုံးသည် စွမ်းအားကြီးအရှိန်အဝါကို ထုတ်လွှတ်နေကြ၏။ သူတို့ကို တလက်လက်တောက်ပနေသော နတ်အလင်းက ဝန်းရံထားလေသည်။
“နန်းတော်သခင်နဲ့ မဟာအကြီးအကဲက ဘာလုပ်ဖို့ ကြံနေတာလဲ”
လူများစွာသည် ခေါင်းမော့၍ ကောင်းကင်ထက်သို့ ကြည့်လိုက်ကြသည်။
“နန်းတော်သခင်က မဟာအကြီးအကဲနဲ့ လက်ရည်စမ်းတော့မှာလား...”
လူအချို့သည် ခန့်မှန်းလိုက်ကြပြီး ပို၍ စိတ်လှုပ်ရှားလာကြသည်။ ရုတ်ခြည်းပင် လူအားလုံးသည် သူတို့လုပ်နေသည်များကို ရပ်တန့်လိုက်ကြပြီး ကောင်းကင်ထက်သို့ ကြည့်လိုက်ကြ၏။
“သတိထားပါ...”
ရီဖူရှင်းက သခင်ချန်ကို ပြောသည်။
“ကျုပ် သိပါတယ်”
ရီဖူရှင်းသည် မည်မျှစွမ်းအားကြီးကြောင်း သခင်ချန် သိပေသည်။ သူသည် ရီဖူရှင်းကို မယှဉ်နိုင်ကြောင်းကိုလည်း သိပေသည်။ ရီဖူရှင်းက သူနှင့်အဆင့်တူသည့် သူများကို သတ်ပစ်ခဲ့ဖူးသည် မဟုတ်ပါလား။ မည်သို့ပင်ဖြစ်စေ သူသည် သူ၏ကိုယ်ပိုင်စွမ်းအားကို ယုံကြည်မှုအနည်းငယ်ရှိပြီး ရီဖူရှင်းနှင့် ခေတ္တမျှ လက်ရည်စမ်းနိုင်လိမ့်မည်ဟု ယုံကြည်ပေသည်။
ရွှီး...
ရီဖူရှင်းသည် ထိုနေရာမှ ရုတ်ခြည်း ပျောက်ကွယ်သွားသည်။ ထို့နောက်တွင် သူသည် သခင်ချန်၏ အရှေ့တွင် ထွက်ပေါ်လာလေသည်။ သူသည် သူ၏လက်ကို မြှောက်ကာ အောက်သို့ ရိုက်ချလိုက်သည်။ ထိုလက်ဝါးချက် ကျဆင်းလာသောအခါ ရီဖူရှင်းသည် မယုံနိုင်လောက်အောင် စွမ်းအားကြီးသည့် လက်ဝါးရိုက်ချက်ထုတ်နိုင်သော ရွှေရောင်ဗုဒ္ဓတစ်ပါးအဖြစ် ပြောင်းလဲသွားသကဲ့သို့ ထင်ရပေသည်။ ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ဗုဒ္ဓလက်ဝါးရိုက်ချက် ထွက်ပေါ်လာသောအခါ ၎င်းနှင့်အတူ ဗုဒ္ဓတရားသံလည်း ကပ်ပါလာခြင်းပင်။
ဝုန်း...
ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံနှင့်အတူ သခင်ချန်သည် သူ၏လက်ကို မြှောက်၍ ကာကွယ်လိုက်သည်။ သို့သော် ထိုစွမ်းအားကြီး အဟုန်အားသည် သူ့ကို လွင့်ပျံသွားစေလေသည်။
သူသည် အခြေအနေကို အပြည့်အဝ မဆင်ခြင်နိုင်သေးခင်မှာပင် ရီဖူရှင်းသည် သူ့ရှေ့တွင် ထပ်မံထွက်ပေါ်လာပြီး သူတို့ကို ထိုဗုဒ္ဓလက်ဝါးချက်များဖြင့် ရိုက်ထုတ်နေသည်။ ထိုလက်ဝါးချက် ပျံဝင်လာသောအခါ သူ့တစ်ကိုယ်လုံးသည် ထိုတိုက်ခိုက်မှုအောက်သို့ ရောက်သွားပုံပေါ်ပြီး သူသည် ၎င်း၏ စက်ကွင်းအတွင်း၌ ချုပ်မိနေသကဲ့သို့ ခံစားလိုက်ရလေသည်။ ဗုဒ္ဓတရာသံများ ဆက်လက်ထွက်ပေါ်နေပြီး ထိုအခိုက်တွင် သူ၏ စိတ်ဝိညာဉ်ကို အေးခဲသွားအောင် လုပ်နိုင်စွမ်းရှိသည့် ကြောက်မက်ဖွယ်ယင်စွမ်းအား ထပ်မံထွက်ပေါ်လာ၏။
ဝုန်း...
ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထပ်မံထွက်ပေါ်လာပြီး သခင်ချန်သည် ရုတ်ခြည်း မအီမသာ ခံစားလိုက်ရလေသည်။ သူ့ခန္ဓာကိုယ်မှနေ၍ မဟာလမ်းစဉ်အရှိန်အဝါ အပြင်းအထန်ထွက်ပေါ်လာပြီး နတ်အလင်းတောက်ပလာသည်။ သူသည် ကြယ်တာရာခန္ဓာအဖြစ် ပြောင်းလဲသွားပြီး သူ၏ဝတ်ရုံရှည်သည် လေထဲတွင် တဖြတ်ဖြတ်ခတ်နေသည်။
အောက်ဘက်ရှိ လူအားလုံးသည် ရီဖူရှင်း၏ လက်ဝါးချက်များသည် တစ်ချက်ပြီးတစ်ချက် အဆုံးမဲ့ ထွက်ပေါ်နေသည်ကို တွေ့လိုက်ရ၏။ သခင်ချန်သည် ထိုအဆက်မပြတ်တိုက်ခိုက်မှုများအောက်တွင် သူ၏နေရာကို အဆက်မပြတ် ပြောင်းလဲရန် ဖိအားပေးခံနေရလေသည်။
“ဒါက...”
သူတို့သည် အတန်ငယ် ရင်တုန်သွားကြသည်။ သခင်ချန်သည် ထိုမျှ ဖိအားပေးတိုက်ခိုက်ခံနေရသော်လည်း ပြန်တိုက်ရန် အင်အားမရှိသည်မှာ ဝမ်းနည်းဖွယ်ပင်။
နန်းတော်သခင်၏ သူ၏ကျော်ကြားမှုနှင့် ထိုက်တန်ပေသည်။ သူသည် အလွန်စွမ်းအားကြီးလွန်းပေသည်။
“ရပ်လိုက်တော့...”
ကောင်းကင်ထက်တွင် အသံတစ်သံကို ကြားလိုက်ရ၏။ ရီဖူရှင်းက ထုတ်လွှတ်တော့မည့် ဧရာမလက်ဖဝါးကြီးကို ပြန်ရုတ်သိမ်းရန်ဟန်ပြင်လိုက်ပြီး သခင်ချန်ကို ကြည့်လိုက်ရာ သခင်ချန်သည် သူ့ကို စူးစူးဝါးဝါးကြည့်နေသည်ကို မြင်လိုက်ရ၏။ သခင်ချန် ပြောသည်။
“ကျုပ် ဆက်ပြီး လက်ရည်မစမ်းတော့ဘူး”
“အဲဒီလိုမပြောပါနဲ့လား...”
ရီဖူရှင်းက ပြောသည်။
“သခင်ချန် အရင်ဆုံး အင်အားစုစည်းရင်ရော ဘယ်လိုလဲ... ကျုပ် တိုက်ခိုက်ဖို့ သခင်ချန် အဆင့်သင့်ဖြစ်တဲ့အထိ စောင့်နေပါမယ်”
“ကောင်းပါပြီ...”
သခင်ချန် ခေါင်းညိတ်လိုက်၏။ ထို့နောက်တွင် ကောင်းကင်ထက်ရှိ ကြယ်တာရာများသည် အဆုံးမဲ့ကြယ်တာရာနတ်အလင်းတစ်ခုကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။ သူသည် ထိုအလင်းအောက်တွင် ရပ်လိုက်၏။ သူ၏ဝတ်ရုံရှည်သည် တဖြတ်ဖြတ်ခတ်နေပြီး ကြောက်မက်ဖွယ်ကောင်းသည့် မဟာလမ်းစဉ်နတ်ရောင်ဝါတစ်ခုကို ထုတ်လွှတ်နေပေသည်။
ထိုအခိုက်တွင် ရီဖူရှင်း၏နှုတ်ခမ်းများသည် အတန်ငယ် လှုပ်ရှားသွားပြီး ဗုဒ္ဓတရားသံသည် သူ့ကို ရုတ်ခြည်းဝန်းရံသွားလေသည်။ ကောင်းကင်နှင့် မြေကြီးကြားရှိ ကျယ်ပြောသော အာကာပြင်ထဲတွင် ဗုဒ္ဓပုံရိပ်များ ထွက်ပေါ်လာပြီး ဧရာဗုဒ္ဓပုံရိပ်ကြီးတစ်ခုလည်း ထွက်ပေါ်လာသည်။ ၎င်းသည် ကောင်းကင်နှင့် နေမင်းကို ကာရံသွားပြီး ဤလောကကို အလုံးစုံလွှမ်းခြုံသွားသည်။
ဗုဒ္ဓပုံရိပ်အားလုံးသည် စီတန်းလိုက်ကြပြီး ၎င်းတို့၏လက်များကို တစ်ချိန်တည်း ဆန့်ထုတ်လိုက်ကြသည်။ လက်တစ်ဖက်ချင်းစီတွင် အစောကတိုက်ခိုက်မှုတွင် ရီဖူရှင်း အသုံးပြုခဲ့သော ဧရာမဗုဒ္ဓလက်ဝါးရာကြီးတစ်ခုစီ ရှိနေလေသည်။ ထို့အပြင် ကောင်းကင်နှင့် မြေကြီးအကြားတွင် ပျံ့လွင့်နေသည့် ဗုဒ္ဓတရားသံသည် ဖြစ်တည်မှုအားလုံးကို ဖိနှိပ်နိုင်ပေသည်။
သခင်ချန်သည် ထိုစွမ်းအားကို ခံစားလိုက်ရပြီး ပြောသည်။
“ရပ်လိုက်တော့...”
သခင်ချန်သည် လက်ဆန့်တန်းကာ သူ၏အရှိန်အဝါကို ပြန်ရုတ်သိမ်း၍ ရီဖူရှင်းကို ရပ်ရန် လက်ဟန်ပြလိုက်သည်။
ရီဖူရှင်းက အံ့အားသင့်သွားပြီး သခင်ချန်ကို ကြည့်လိုက်၏။
“ရပ်တော့... ရပ်လိုက်တော့...”
သခင်ချန်ပြောသည်။
“ကျုပ် ဆက်ပြီး လက်ရည်မစမ်းတော့ဘူး...”
“အာ...”
ရီဖူရှင်းက နားမလည်နိုင်ဖြစ်ကာ မှင်တက်သွားပြီး ပြောသည်။
“သခင်ချန် စမ်းတောင် မစမ်းကြည့်ချင်ဘူးလား”
“ဟင့်အင်း ကျုပ် မစမ်းကြည့်ချင်ဘူး...”
သခင်ချန် ခေါင်းခါလိုက်သည်။
သူသည် သူ၏ဂုဏ်သိက္ခာကို အရေးမစိုက်လေသလော။ ရီဖူရှင်း တွေးတောလိုက်သည်။
ထိုကိစ္စသည် နှမြောစရာပင်ဟု ရီဖူရှင်း တွေးလိုက်သည်။ သူသည် အမှန်တကယ် တိုက်ခိုက်နေခြင်းပင်မဟုတ်သေးချ။ သူသည် သူ့စွမ်းအား၏ တစ်ဝက်ကိုပင် မထုတ်ရသေးပေ။ ယခုတွင် သူသည် သူ၏စွမ်းအားအစစ်အမှန်ကို စမ်းသပ်နိုင်ရန် နည်းမရှိတော့ချေ။
“ကောင်းပါပြီ...”
ရီဖူရှင်းသည်လည်း သူ၏အရှိန်အဝါကို ပြန်ရုတ်သိမ်းလိုက်ပြီး သခင်ချန်လေးသို့ လျှပ်တစ်ပြက်အတွင်းရောက်သွားပြီး သူ၏အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ကူညီလုပ်ဆောင်ပေးလိုက်သည်။
“ဒုက္ခမခံပါနဲ့ နန်းတော်သခင်...”
သခင်ချန်၏ မုတ်ဆိတ်မွေးသည် အတန်ငယ် တုန်ရင်သွားသည်။ ရီဖူရှင်းသည် ရိုးရိုးသားသားဖြင့် ကြင်နာဟန်ပြနေခြင်းဟု သူမထင်ပေ။ သူသည် ထိုကြင်နာမှုကြောင့် အရူးလုပ်ခံရ၍မဖြစ်ဟု ခံစားလိုက်ရ၏။
“သခင်ချန်က မဟာအကြီးအကဲပဲ... ဒီလောက်တော့ လုပ်ပေးရမှာပေါ့...”
ရီဖူရှင်းက သူ၏အင်္ကျီကော်လံကို သပ်ရပ်အောင်လုပ်ပေးလိုက်ပြီး ပြောသည်။
“ကျုပ်အခု အတတ်တချို့ကို နားလည်အောင် လုပ်နေတယ်။ နောက်ကျရင် သခင်ချန်နဲ့ မကြာမကြာတိုင်ပင်ပြီး အဲဒီအတတ်တွေက ဘယ်လောက်စွမ်းအားကြီးလဲဆိုတာ သခင်ချန်ရဲ့ အမြင်ကိုပဲ တောင်းရတော့မှာပဲ”
“နန်းတော်သခင်... ကျုပ်မှာ တခြားလုပ်စရာတွေ ရှိပါသေးတယ်။ အဲဒါကြောင့် ကျုပ် အခု သွားလိုက်ပါဦးမယ်”
သခင်ချန်၏ နှုတ်ခမ်းစွန်းနှစ်ခုသည် အတန်ငယ် တွန့်ကွေးသွားပြီး သူသည် လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားလေသည်။ သူသည် ရီဖူရှင်း မတုံ့ပြန်နိုင်ခင်မှာပင် လစ်ပြေးသွားလေတော့သည်။
“မသွားပါနဲ့...”
ရီဖူရှင်း အော်ပြောသည်။ သူ၏လေသံသည် အတန်ငယ် လမ်းပျောက်နေသည့်လေသံပင်။
အောက်ဘက်ရှိ လူများသည် ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။ ထို့နောက်တွင် သူတို့သည် သူတို့၏ကိုယ်ပိုင်တာဝန်များကို ဆက်လုပ်လိုက်ကြ၏။
သူတို့၏နန်းတော်သခင်သည် လွန်လွန်းလှပေသည်။
ထိုလက်ရည်စမ်းသည့် လုပ်ရပ်သည် သူ၏ လက်အောက်ငယ်သားများကို အလွန်ကြောက်ရွံ့သွားအောင် လုပ်သကဲ့သို့ပင် ဖြစ်ပေသည်။