ထိပ်တိုက်ရင်ဆိုင်
Vol. 38 Ch. 537
အခန်း (၅၃၇) ထိပ်တိုက်ရင်ဆိုင်
ရန်ကျောက်ကဲသည် ရှီကျွင်းနှင့် ရှန်ယင်းတို့ကို ခေါ်ဆောင်ကာ ကြယ်စင်လှည့်ပြောင်းပင်လယ်မှ ပျံသန်းထွက်ခွာလာသည်။
သူတို့ ခရီးနှင်လာစဉ် ရန်ကျောက်ကဲက ကိစ္စရပ်များကို တွေးတောနေပြီး ကောင်းကင်ဘုံနန်းတော်ထုတ်တန်းကြီးကို သန့်စင်ရန် အာရုံစိုက်သင့်ကြောင်း စဉ်းစားမိသည်။ စွမ်းအားမြင့်မားသော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ကောင်းကင်ဘုံနန်းတော်ထောက်တိုင်အကူအညီဖြင့် ကောင်းကင်ဘုံနန်းတော်ထုတ်တန်းကြီးကို သန့်စင်ရသည်မှာ များစွာလွယ်ကူပေမည်။
ထို့ပြင် ထုတ်တန်းထက်မှ မရေမတွက်နိုင်သော ဝိညာဉ်သင်္ကေတများကို လေ့လာခြင်းဖြင့် သူ့စိတ်ထဲ မှတ်သားထားသော နက်ရှိုင်းသည့်မှတ်ဉာဏ်များ ပြန်လည်ထွက်ပေါ်လာပြီး ကျင့်ကြံခြင်းတွင် များစွာအကျိုးဖြစ်ထွန်းစေပေမည်။
မဟာကပ်ဘေးကြီးမတိုင်ခင်က မှတ်ဉာဏ်များ...။
ကြယ်စင်လှည့်ပြောင်းပင်လယ်မှ ထွက်ခွာလာပြီးနောက် ရန်ကျောက်ကဲရော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားပါ အာရုံခံနိုင်စွမ်းကို အမြင့်ဆုံးအဆင့်ထိ ဖြန့်ကျက်ကာ ပတ်ဝန်းကျင်ကမ္ဘာတစ်ခုလုံး စတင်စူးစမ်းလိုက်သည်။ မကြာမီ ပတ်ဝန်းကျင်တွင် အားကောင်းသည့်ရောင်ဝါများ ထွက်ပေါ်လာပြီး မီးပြတိုက်တစ်ခုမှ ထင်ရှားသော အချက်ပြမီးအလင်းရောင်တစ်ခုကို တွေ့မြင်ရသည်။
ရန်ကျောက်ကဲက ချက်ချင်းပင် သူ၏ဦးတည်ရာကိုချိန်ညှိကာ ထိုနေရာသို့ ထွက်ခွာသွားသည်။ အဝေးတစ်နေရာမှ ကျွန်းငယ်လေးတစ်ခုထက်တွင် ၎င်းမီးပြတိုက်က တည်ရှိလေ၏။
ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားတို့က ကျွန်းငယ်လေးဆီသို့ ချက်ချင်း ရောက်ရှိလာကြသည်။ ထိုနေရာတွင် အုပ်စုလိုက်စခန်းချလျှက် စောင့်ဆိုင်းနေကြသူ များစွာရှိကြောင်း တွေ့ရ၏။
သမုဒ္ဒရာကမ္ဘာမှ လူအားလုံးကို မသိရှိနိုင်သော်လည်း သိုင်းဂိုဏ်းအသီးသီးမှ သိုင်းပညာများနှင့် တူညီဝတ်စုံအသွင်အပြင်များကို ရန်ကျောက်ကဲ သိရှိထားပြီး ဖြစ်သည်။
ရန်ကျောက်ကဲက ပတ်ဝန်းကျင်တစ်ခုလုံးအား အကဲခတ်လိုက်တော့ ရွှီဖေးနှင့် ချန်လီတောင်မှလူများ ၊ သွေးနီနဂါးဂိုဏ်းမှလူများအပြင် ရေသလင်းနန်းတော် ၊ ဓားအသင်္ချေရေကန် ၊ ကြံ့ဝိညာဉ်ကျွန်း ၊ ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းနှင့် လေ့ဖုန်းဂိုဏ်းမှ လူများကိုပါ တွေ့ရသည်။
လမ်းမှန်ဂိုဏ်း (၇) ဂိုဏ်းမှလူများ အားလုံးရောက်ရှိနေကြခြင်းပင်။
ချန်လီတောင်မှ ဧည့်သည်အကြီးအကဲတစ်ယောက်၏တပည့်က သွေးနီနဂါးဂိုဏ်းမှ တပည့်မိန်းမပျိုလေးကို ဖမ်းခေါ်သွားသည်ဆိုခြင်းက ကြီးမားသည့်ပြဿနာ မဟုတ်ပေ။
သို့သော် ဖမ်းခေါ်သွားခြင်းခံရသူက အခြားသူမဟုတ်ဘဲ သွေးနီနဂါးဂိုဏ်းချုပ်၏ သမီးဖြစ်နေသည့်အပြင် သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင် (၁၀)ယောက်တွင် နံပါတ် (၃) ဖြစ်သော နျန်ချန်၏ မြေးကိုလည်း သတ်ဖြတ်ပစ်ခဲ့သေးသည်။ ဤသည်က ကြီးမားသောကိစ္စတစ်ခုပင်။
ချန်လီတောင်က ရှီကျွင်းကို ကူညီပေးမည်လား အားလုံး သိချင်ကြသည်။ ထိုသို့ပြုလုပ်ပါက လမ်းမှန်ဂိုဏ်း (၇) ဂိုဏ်းကြားတွင် ကြီးမားသောတိုက်ပွဲကြီးတစ်ခု ပေါက်ကွဲထွက်လာပေမည်။
ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားရောက်လာကြောင်း တွေ့ရသည့်အခါ ကျွန်းပေါ်မှလူအများစု အံ့အားသင့်သွားကြသည်။
သွေးနီနဂါးဂိုဏ်းမှလူများကတော့ မျက်နှာအမူအရာများ မှောင်မှိုင်းသွားကြသည်။
ရန်ကျောက်ကဲနှင့် နျန်ချန်တို့တိုက်ပွဲကို သူတို့သိရှိထားကြသော်လည်း ရန်ကျောက်ကဲက ရှီကျွင်းနှင့် ရှန်ယင်းကို ရှာဖွေတွေ့ရှိမည်ဟု သူတို့ မသိရှိကြပေ။
ရွှီဖေးက ရှီကျွင်း မကြာခင်ရောက်လာမည်ဟုသာ စောင့်နေသူများအားလုံးကို သတင်းပေးခဲ့ခြင်း ဖြစ်၏။
ရွှီဖေး၏ ယုံကြည်မှုအပြည့်ရှိသောပုံစံကိုကြည့်ရင်း ရန်ကျောက်ကဲ အနားပတ်ဝန်းကျင်တွင် ရှိနေနိုင်သည်ဟု သွေးနီနဂါးဂိုဏ်းမှလူများ ထင်ကြေးပေးခဲ့ကြသော်လည်း ယခု တကယ်တမ်းရောက်လာသည့်အခါ အခြေအနေက အလွန်ဆိုးရွားသည်။
ကြယ်စင်လှည့်ပြောင်းပင်လယ်တွင် ဆက်သွယ်ရေး အဆင်မပြေသဖြင့် နျန်ချန်နှင့် ရှန်စစ်ချန်တို့သည်ပင် ယခုမှသတင်းရရှိပြီး လမ်းခုလတ်မှာပင် ရှိနေဆဲ ဖြစ်၏။
ယခု ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ကောင်းကင်ထက်မှ ဆင်းလာသည်ကို တွေ့ရသည့်အခါ သွေးနီနဂါးဂိုဏ်းသားများ အတော်လေး စိတ်ပျက်သွားကြသည်။
ရန်ကျောက်ကဲနှင့် ရှီကျွင်းတို့ အတူတူရောက်လာသည်ကိုကြည့်ရင်း အခြားဂိုဏ်းမှလူများသည်လည်း တစ်စုံတစ်ခု နားလည်လိုက်ကြပြီး နျန်ချန်နှင့် ရှန်စစ်ချန်ကဲ့သို့ပင် တွေးတောလိုက်ကြ၏။
“ဒီလူက ရှီကျွင်းကို တကယ်လိုက်ရှာနေတာပဲ ၊ သူတို့ရဲ့ ဆက်ဆံရေးက ထူးခြားတယ်ဆိုတာ အမှန်ပဲ”
“ဒါဆိုရင်တော့ ကိစ္စရပ်တွေက ထိန်းချုပ်ရခက်နိုင်တယ် ၊ ဒီ ရန်ကျောက်ကဲက ရှီကျွင်းကို အခိုင်အမာ ကာကွယ်ပေးမယ်ဆိုရင် ချန်လီတောင်နဲ့ ရေသလင်းနန်းတော် ဝင်မပါဘူးဆိုရင်တောင်မှ နျန်ချန်တိုအုပ်စုအတွက်တော့ ဂလဲ့စားချေဖို့ လွယ်မှာမဟုတ်ဘူး”
ရန်ကျောက်ကဲ ကောင်းကင်ထက်မှဆင်းလာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံကြည့်လိုက်သည်။ စကားတစ်ခွန်းမဆိုသည့်တိုင် သူ၏လွှမ်းမိုးနိုင်စွမ်းရှိမှုက လူသားတိုင်း၏နှလုံးသားကို လွှမ်းခြုံသွားသည်။
ရန်ကျောက်ကဲနှင့်အတူ ရှီကျွင်းနှင့် ရှန်ယင်းတို့ ပါလာသည်ကိုမြင်တော့မှ ရွှီဖေးက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။
ရန်ကျောက်ကဲက ပြုံးရင်း...
“ဂိုဏ်းတူအစ်ကို’ရွှီ’ ၊ ငါ ကံကောင်းစွာနဲ့ပဲ ရှီကျွင်းကို အန္တရယ်ကင်းကင်းနဲ့ ပြန်ခေါ်လာနိုင်ခဲ့တယ်”
ရှီကျွင်းက ရွှီဖေးကို ဦးညွှတ်ရင်း...
“ဆရာ့ကို စိတ်ပူစေမိပြီ”
ရွှီဖေးက ခေါင်းခါယမ်းရင်း...
“ဆရာက ဘာမှမဖြစ်ဘူး အဆင်ပြေတယ် ၊ ဒါပေမဲ့ မင်းကြောင့် ခရီးထွက်လာရတဲ့ ချန်လီတောင်က အကြီးအကဲတွေကတော့ ဒုက္ခဖြစ်ရတယ်”
ရွှီဖေးကို ဦးညွှတ်ပြီးနောက် ရှီကျွင်းက ချန်လီတောင်မှလူများကို တောင်းပန်စကားဆိုလိုက်သည်။
ချန်လီတောင်မှ အကြီးအကဲများက ရှီကျွင်းကို ခေါင်းညိတ်ပြလိုက်ကြပြီး ရှန်ယင်းကို လှမ်းကြည့်လိုက်ကြသည်။
သွေးနီနဂါးဂိုဏ်းမှ အကြီးအကဲတစ်ယောက်က အေးစက်စွာဖြင့်...
“အေး... မင်းရဲ့တပည့်ကတော့ အန္တရယ်ကင်းကင် ပြန်ရောက်လာပြီ ၊ ဒါပေမဲ့ အသတ်ခံလိုက်ရတဲ့ ငါတို့တပည့်တွေအတွက် ဘယ်လိုလုပ်မှာလဲ”
သူက ရှီကျွင်းကို စိုက်ကြည့်ရင်း...
“ဒီလို သောက်ကျင့်မကောင်းတဲ့ အယုတ်တမာမျိုးကို ချန်လီတောင်က ဘယ်တုန်းကတည်းက မွေးထားရတာလဲ ၊ ဒါမှမဟုတ် တခြားသူအကူအညီနဲ့ မိုးအောက်မြေပြင်မှာ မင်းကြိုက်တာလုပ်ဖို့ ဆုံးဖြတ်ထားတာလား”
ချန်လီတောင်မှ သိုင်းသမားတစ်ယောက်က မျက်မှောင်ကြုတ်ရင်း...
“မင်း ဘာစကားပြောတာလဲ”
ရန်ကျောက်ကဲက စကားတစ်ခွန်းမဆိုဘဲ အေးစက်စွာ ပြုံးလိုက်စဉ် ရွှီဖေးက တည်ငြိမ်စွာဖြင့်...
“အမှန်တရားက အားလုံးကိုဆုံးဖြတ်လိမ့်မယ် ၊ မင်းရဲ့ အခြေအမြစ်မရှိတဲ့စကားတွေနဲ့ ဆုံးဖြတ်လို့ရတဲ့ကိစ္စ မဟုတ်ဘူး”
အရင်က ချန်လီတောင်သို့ လိုက်လာဖူးသည့် အမျိုးသမီးအကြီးအကဲက ထိုသူကို လက်ကာပြရင်းတားဆီးလိုက်သည်။
သူမ၏အကြည့်များက ရှန်ယင်း ၊ ရှီကျွင်းနှင့် ရွှီဖေးတို့ကိုကျော်ဖြတ်ပြီး ရန်ကျောက်ကဲဆီသို့ ကျရောက်သွားသည်။
“အခု ကာယကံရှင်နှစ်ယောက်လုံး ရောက်လာကြပြီ ၊ သူတို့ ပြောတဲ့စကားတွေကို အမှန်တရားလို့ ယူဆနိုင်ပါပြီ”
သူမက ဆက်ပြောသည်။
“ပြီးတော့... ကျွန်မတို့ရဲ့တပည့်ကို ကျွန်မတို့ဆီကို ပြန်အပ်နိုင်မလား ၊ ဒါမှမဟုတ် မင်းတို့ဘက်က ဓားစာခံအဖြစ် ဖမ်းခေါ်ထားချင်တာလား”
ရန်ကျောက်ကဲက...
“ဒီကိစ္စရဲ့ အမှန်တရားကို ဖုံးကွယ်ဖို့အတွက် တစ်ယောက်ယောက်က သူ့ကို သတ်ဖြတ်နှုတ်ပိတ်လိုက်မှာ ငါ စိုးရိမ်တယ်”
ထိုစကားကိုကြားတော့ သွေးနီနဂါးဂိုဏ်းသားများက ရန်ကျောက်ကဲကို ကြောက်ရွံ့နေကြသည့်တိုင် ဒေါသထွက်သွားကြသည်။
ရန်ကျောက်ကဲက မသိမသာ ပြုံးရင်း...
“သူ့ကို ပြန်လွှတ်ပေးလိုက်လို့ တစ်ခုခုဖြစ်သွားခဲ့ရင်... မင်းတို့ကြိုက်သလို ငါတို့ဘက်ကို အပြစ်ပုံချလို့ရတယ်လေ ၊ မင်းတို့ဂိုဏ်းက ဒါမျိုးလုပ်တတ်တာပဲ မဟုတ်လား ၊ ဒါကြောင့် ဒီမိန်းကလေးက ငါနဲ့ရှိနေတာ ပိုပြီးလုံခြုံမယ်လို့ ထင်ပါတယ်”
အမျိုးသမီးက ပင့်သက်တစ်ချက်ရှိုက်ရင်း...
“ဒါပေမဲ့ မင်းတို့ ခြိမ်းခြောက်ထားတယ်ဆိုရင် ယင်းအာ အမှန်တရားကို ဘယ်လိုပြောနိုင်မလဲ”
ရန်ကျောက်ကဲ ရှန်ယင်းကို လှည့်ကြည့်လိုက်တော့ သူမ မျက်နှာတစ်ခုလုံးက ဖြူဖပ်ဖြူလျော် ဖြစ်နေသည်။
“သူက ကျွန်မ ဆရာပါ...”
သူမက ရှန်စစ်ချန်၏သမီးဖြစ်သော်လည်း ရှန်စစ်ချန်က ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သောကြောင့် အလွန်အလုပ်များသဖြင့် ရှန်ယင်းကို သင်ပြပေးရန် အကြီးအကဲအမျိုးသမီးတစ်ယောက်ထံ အပ်နှံပေးခဲ့သည်။
ရန်ကျောက်ကဲက ခပ်ပါးပါးတစ်ချက်ပြုံးရင်း လက်တစ်ဖက်ဝှေ့ယမ်းလျှက် ရှန်ယင်းကို သွားခွင့်ပေးလိုက်သည်။
ရှန်ယင်းက ရန်ကျောက်ကဲကို ကျေးဇူးတင်စကားဆိုပြီး သူ့ဆရာထံ လျှောက်သွားလိုက်သည်။ ဒါကိုမြင်တော့မှ သွေးနီနဂါးဂိုဏ်းသားများအားလုံး သက်ပြင်းချလိုက်ကြ၏။
ပတ်ဝန်းကျင် ဂိုဏ်ပေါင်းစုံမှလူများက ရှန်ယင်းကို သံသယမျက်ဝန်းများဖြင့် ကြည့်လိုက်ကြသော်လည်း သွေးနီနဂါးဂိုဏ်းမှ လူများကတော့ ထိုသို့မကြည့်ကြပေ။ သူတို့က မယုံသင်္ကာမတွေးထင်၍လား ၊ သို့မဟုတ် ရှန်စစ်ချန်၏ ဂုဏ်ဒြပ်ထိခိုက်မည်စိုးရိမ်၍လားမသိရပေ။ မည်သို့ပင်ဖြစ်စေ ရှန်ယင်း အန္တရယ်ကင်းသည်က အလွန်ကောင်းမွန်သည့်အချက်ပင်။
ဒါကိုမြင်တော့ ရှီကျွင်းကလည်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ သူ့ကို စောင့်ကြည့်နေသူများလည်းရှိလေရာ ထိုအမူအရာကိုတွေ့တော့ အံ့အားသင့်သွားကြသည်။
ချန်လီတောင်မှ ထိပ်တန်းအကြီးအကဲက...
“လူအတော်များများက သွေးနီနဂါးဂိုဏ်းက ပြောတဲ့အကြောင်းအရာတွေကို ကြားဖူးပြီးကြပြီ ၊ ရှီကျွင်း... မင်းက ဘယ်လိုရှင်းပြမလဲ ၊ ဘာတွေ ဖြစ်ခဲ့တာလဲ”
ရှီကျွင်းက ခေါင်းညိတ်ရင်း...
“အဲဒီတုန်းက ကျွန်တော်က ဒီကျွန်းပေါ်မှာ ဆေးဝါးတစ်ခု အမှတ်မထင် ရှာတွေ့ခဲ့တယ်...”
သူက အဖြစ်အပျက်များကို အစအဆုံးပြောပြလိုက်တော့ သွေးနီနဂါးဂိုဏ်းမှလူအများက ဒေါသတကြီး စူးစိုက်ကြည့်ကြသည်။ ထိုလူငယ်ကို ကျိန်ဆဲရန် ထိန်းမနိုင်အောင် ဖြစ်နေကြသော်လည်း ရန်ကျောက်ကဲ၏ အေးစက်သောအကြည့်များက ကျောရိုးထဲစိမ့်သွားစေသဖြင့် စကားလုံးများကို ပြန်မျိုချလိုက်ကြရသည်။
ရှီကျွင်း ပြောပြသည်များက သွေးနီနဂါးဂိုဏ်းမှ ပြောဆိုသည်များနှင့် လုံးဝ မတူညီခဲ့ပေ။
ရှီကျွင်းစကားဆုံးသွားတော့ သွေးနီနဂါးဂိုဏ်းမှလူများ မနေနိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
“ဘာလို့ အဲဒီလိုဖြစ်ရမလဲ ၊ နျန်ဝေနဲ့ ရှန်ယင်းက ငယ်သူငယ်ချင်းတွေ ၊ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ခင်ကြတာ ၊ နျန်ဝေက ရှန်ယင်းကို အရမ်းဂရုစိုက်တာ ၊ သူက ဘယ်လိုလုပ် မတရားကြံရမှာလဲ”
ရန်ကျောက်ကဲက ညင်သာစွာဖြင့်...
“အိုး... ဟုတ်လို့လား ... သူတို့မိဘတွေနဲ့ အသိုင်းအဝိုင်းက အဲဒီလို ယူဆပေမယ့် သူတို့နှစ်ယောက်က စေ့စပ်ထားတာမှ မဟုတ်တာ ၊ နျန်ဝေက တစ်ဖက်သတ်ချစ်ရာကနေ ဒီလိုမတရားကြံတာမျိုးအထိ ဖြစ်သွားနိုင်တာပဲလေ”
သွေးနီနဂါးဂိုဏ်းမှ အကြီးအကဲက ခဏမျှ တုံ့ဆိုင်းသွားရင်း...
“ယခင်ဂိုဏ်းချုပ်နဲ့ အခုလက်ရှိဂိုဏ်းချုပ်တို့က သူတို့နှစ်ယောက်ကို လက်ထပ်ပေးဖို့ သဘောတူထားကြတာပဲ ၊ ဒါက ဂိုဏ်းထဲကလူတွေအကုန် သိထားကြတာပဲ ၊ မင်းလို အပြင်လူတစ်ယောက်က ဒါတွေကို ဘယ်လိုလုပ်သိနိုင်မှာလဲ”
အခြားသော သွေးနီနဂါးဂိုဏ်းမှလူများက သူ့စကားကို ထောက်ခံလိုက်ကြသော်လည်း သူတို့အကြည့်များက ရှန်ယင်းထံသို့ ကျရောက်သွားသည်။
ဤနေရာတွင် ရှိနေသူများအားလုံးသည်လည်း ရှန်ယင်းကို ဝိုင်းဝန်းကြည့်ရင်း အာရုံစိုက်လိုက်ကြလေ၏။