← Chapters

စွမ်းအားကြီးသော မဟာမိတ်တစ်ခု

Vol. 184 Ch. 2626

စွမ်းအားကြီးသော မဟာမိတ်တစ်ခု

Vol. 184 Ch. 2626

ကောင်းကင်အာဏာစက်နန်းတော်ထဲတွင် အာကာသနတ်အလင်းတန်းတစ်ခု ရုပ်တရက် တောက်ပလာသည်။ အာကာသကွန်ရက်ထဲတွင် လူရိပ်တစ်ခု ထွက်ပေါ်လာ၏။ ထိုလူသည် ရီဖူရှင်း ဖြစ်ပေသည်။

သူ့နောက်တွင် သူ၏တပည့်လေးယောက်ပါ၏။

ကျောင်းတော်သားအချို့သည် ကွန်ရက်ပတ်ပတ်လည်တွင် စုဝေးလိုက်သည်။ သူတို့သည် ရီဖူရှင်းကို မြင်လိုက်သောအခါ ချက်ချင်းဦးညွှတ်လိုက်ပြီး သူ့ကို နှုတ်ဆက်လိုက်သည်။

“နန်း‌တော်သခင်...”

လက်ရှိတွင် ကောင်းကင်အာဏာစက်ကျောင်းတော်သည် ရီဖူရှင်း နန်းတော်သခင်အဖြစ် ရှိနေသည့် စီဝေ့အင်ပါယာနန်းတော်၏ အုပ်ချုပ်မှုအာဏာအောက်တွင် ရှိနေပေပြီ။ လူတိုင်းသည် ထိုအချက်ကို ကောင်းစွာသိရှိပေသည်။

ရီဖူရှင်း ခေါင်းညိတ်လျှက် ပြန်တုံ့ပြန်လိုက်သည်။ ချန်ယိသည်လည်း သူတို့အနားသို့  လျှောက်လာ၏။

“အားလုံးပဲ ကိုယ့်ကိစ္စကိုယ်သွားလုပ်ကြပါ။ ကျုပ်က ကိစ္စလေးနည်းနည်းလောက် ရှင်းစရာရှိလို့ ဒီကို ရောက်လာတာ”

ရီဖူရှင်းက လူအုပ်ကို ပြောသည်။ ကျောင်းတော်သားများသည် ထွက်သွားရန် အတန်ငယ် အင်တင်တင်ဖြစ်နေကြ၏။ ယခုတွင် ရီဖူရှင်းသည် ကောင်းကင်အာဏာစက်ဘုံ၌ နတ်ဘုရားရီအဖြစ် တင်မြှောက်ခံထားရပေသည်။ ရီဖူရှင်းသည် သူတို့တွေ့လိုတိုင်း တွေ့နိုင်သည့် သူတစ်ယောက် မဟုတ်ပေ။

ရီဖူရှင်းသည် ကောင်းကင်အာဏာစက်ဘုံ၌ အကျော်ဇေယျတစ်ဦးဖြစ်ပေသည်။

“မင်း ဒီမှာ ဘာကိစ္စရှိလို့လဲ”

ချန်ယိ မေးလိုက်သည်။ သူသည် ဂူတုံးလျှိုအစား ဤဘုံကို တာဝန်ယူပေးထားခြင်းဖြစ်သည်။ သူ့အမြင်တွင် အရာအားလုံး အဆင်ပြေနေပေသည်။

“ကိစ္စက ကောင်းကင်အာဏာစက်ဘုံနဲ့ မသက်ဆိုင်ပါဘူး။ ငါ ခရီးတစ်ခု ထွက်မလို့... ငါနဲ့အတူ လိုက်ခဲ့”

ရီဖူရှင်း ပြန်ဖြေလိုက်သည်။

“ကောင်းပြီ...”

ချန်ယိ ခေါင်းညိတ်လိုက်၏။ ထို့နောက်တွင် သူသည် ရီဖူရှင်းနောက်သို့လိုက်သွားလိုက်သည်။ တပည့်လေးဦးသည်လည်း သူတို့နှင့်အတူ လိုက်ပါလာသည်။

“နန်းတော်သခင်က ဘယ်ကိုသွားနေတာလဲ”

တစ်စုံတစ်ယောက်က စိတ်ဝင်တစားမေးလိုက်သည်။

“ငါလည်းမသိဘူး... ဒါပေမဲ့ လက်ရှိ ကောင်းကင်အာဏာစက်ဘုံက ဘယ်နေရာကမှ သူအလည်သွားဖို့ မထိုက်တန်တော့တဲ့ပုံပဲ”

တစ်စုံတစ်ယောက်က ပြန်ဖြေလိုက်သည်။

ကောင်းကင်အာဏာစက်ဘုံ‌ဘေးတွင် ကျယ်ပြောသော အခြားကုန်းမြေကြီးတစ်ခု ရှိပေသည်။ ထိုတိုက်ကြီးပေါ်တွင် နေထိုင်သော ကျင့်ကြံသူများသည် မူလဘုံမှ လူများနှင့် အဆက်အဆံရှိ၏။ အတိတ်တွင် ထိုကုန်းမြေကြီးကို အုပ်စိုးခဲ့သည့် အင်အားစုသည် ကောင်းကင်အာဏာစက်ဘုံနှင့် အခွင့်အခါသင့်သဖြင့် မဟာမိတ်ဖွဲ့ခဲ့ပြီး သူတို့၏ ကုန်းမြေကြီးကို ဤနေရာသို့ ရွှေ့ပြောင်းခဲ့ခြင်းဖြစ်သည်။ အချိန်များကုန်ဆုံးခဲ့ပြီး ကိစ္စများလည်း ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ သို့သော် သူတို့သည် အခြားတစ်နေရာသို့ ပြောင်းရွှေ့ရန် စိတ်ကူးမရှိသေးပေ။

ထိုကုန်းမြေသည် ရှန်ယိကုန်းမြေဖြစ်သည်။

ထိုကုန်းမြေတွင် စွန့်ပစ်ခံကလန် အခြေချထားပေသည်။

ယခုတွင် စွန့်ပစ်ခံကလန်သည် အာကာသဟင်းလင်းပြင်ကြီးထဲတွင် အဆုံးမဲ့ လှည့်လည်သွားလာနေရသည့် အိပ်မက်ဆိုးမှ သူတို့ကိုယ်သူတို့ လွတ်မြောက်အောင် လုပ်ခဲ့ပြီဖြစ်သည်။ သူတို့သည် ယခုတွင် ပို၍ အေးချမ်းစွာ နေထိုင်နေကြပေပြီ။ မူလဘုံတွင် အရှုပ်အထွေးများရှိခဲ့သော်လည်း စွန့်ပစ်ခံကလန်အပေါ် ရိုက်ခတ်မှု မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ရှေးဟောင်းအင်အားစုတစ်စုဖြစ်၍ ဖြစ်သည်။ ထို့အပြင် သူတို့သည် စိတ်ဝင်စားဖွယ်လည်း ကောင်းပေသည်။

အတိတ်တွင် စွန့်ပစ်ခံကလန်သည် လောကအသီးသီး၏ ထိပ်သီးအင်အားစုများ၏ ကျုးကျော်မှုကို တစ်ကြိမ် ရင်ဆိုင်ခဲ့ရဖူးပေသည်။

တိုက်ခိုက်စွမ်းရည်အပိုင်းတွင် ရှေးဟောင်းနတ်ဘုရားကလန်များသည် တိုက်ပွဲတွင်း၌ မဟာအင်ပါယာများ၏ ဝိညာဉ်စွမ်းအားကို မမှီခိုလျှင် စွန့်ပစ်ခံကလန်သည် ထိုကလန်အားလုံးကို အနိုင်ယူနိုင်စွမ်းရှိ၏။

စွန့်ပစ်ခံကလန်ထဲတွင် စွမ်းအားကြီးထိပ်သီးအနည်းငယ် ရှိပေသည်။

ရီဖူရှင်းသည် စွန့်ပစ်ခံကလန်နှင့် တွေ့ဆုံရန် ရှန်ယိကုန်းမြေသို့ တစ်ခါသွားခဲ့ဖူး၏။

စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူအားလုံးသည် ရီဖူရှင်းကို သိပေသည်။ သူတို့အားလုံးသည် ရီဖူရှင်းရောက်လာသည်ကို တွေ့လိုက်သောအခါ သူ့ကို ကြည့်လိုက်ကြသည်။ မကြာခင်တွင် ရီဖူရှင်းတို့လူစုရှေ့တွင် ရင်းနှီးသောလူရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိူသူသည် စွန့်ပစ်ခံကလန်၏ အကြီးအကဲသခင် စစ်ခုန်းနန် ဖြစ်လေသည်။

“စီနီယာစစ်ခုန်း...”

ရီဖူရှင်းက ဦးညွှတ်လျှက် နှုတ်ဆက်လိုက်သည်။

“နတ်ဘုရားရီ... ယဉ်ကျေးလွန်းနေပါပြီ...”

စစ်ခုန်းနန်သည် ပြုံးလျှက် ပြန်ပြောသည်။

“အဲဒါက ဘယ်လို ဂုဏ်ပုဒ်ကြီးပါ...”

ရီဖူရှင်းက ရယ်မောကာ ခေါင်းခါယမ်းလိုက်သည်။

“မင်းက ဒီဂုဏ်ပုဒ်ကို မသိဘူးလား... အခု ကောင်းကင်အာဏာစက်ဘုံက လူတိုင်းက မင်းကို အဲဒီလိုပဲ ‌ခေါ်နေကြတာပဲ”

စစ်ခုန်းနန်သည် ရီဖူရှင်းကို စိုက်ကြည့်လိုက်သည်။ ရီဖူရှင်းသည် ယခုတွင် ကောင်းကင်အာဏာစက်ဘုံ၏ နတ်ဘုရားဖြစ်နေပြီဖြစ်ကြောင်း သူသိပေသည်။

ရီဖူရှင်းပြုံးလျှက် ဆက်ပြောသည်။

“စီနီယာစစ်ခုန်း... စီနီယာက ကျုပ် စီနီယာဆီ ရောက်လာမယ်ဆိုတာ သိနေပုံပဲ”

စစ်ခုန်းနန်သည် ရီဖူရှင်းကို မြင်လိုက်သောအခါ အနည်းငယ်ပင် အံ့အားမသင့်သွားခဲ့ပေ။

“အခု မင်းက မူလဘုံရဲ့ အုပ်ချုပ်သူဖြစ်နေပြီပဲ။ မင်း စွန့်ပစ်ခံကလန်ကို ရောက်လာမယ်ဆိုတာ မှန်းထားလို့ရတဲ့ ကိစ္စပဲ မဟုတ်လား”

စစ်ခုန်းနန်က ပြန်ပြောသည်။ သူတို့နှစ်ဖွဲ့သည် မဟာမိတ်ပင် မဟုတ်ပါလား။

စစ်ခုန်းနန်က ဖိတ်ခေါ်လိုက်သည်။

“လာပါ... ငါ ငါ့ရဲ့ လူတွေကို စားပွဲသောက်ပွဲတစ်ပွဲ ပြင်ဆင်ခိုင်းထားတယ်။ စားသောက်ဝိုင်းမှာ စကားဆက်ပြောကြတာပေါ့”

“ကောင်းပါပြီ...”

ရီဖူရှင်းက သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။

စစ်ခုန်းနန်သည် အရှေ့မှ ဦးဆောင်ခေါ်သွား၏။ သူတို့သည် စားပွဲသောက်ပွဲ နေရာသို့ ရောက်ရှိလာကြသည်။ ရီဖူရှင်းတို့လူစုကို သူတို့၏ ထိုင်ခုံများသို့ ဖိတ်ခေါ်သွားသည်။ စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူအနည်းငယ်သည်လည်း သူတို့နှင့် လာရောက် တွေ့ဆုံခဲ့သည်။

“နှစ်ပေါင်းများစွာ ကြာပြီးတာ‌တောင် ရှန်ယိကုန်းမြေက တခြားနေရာကို မရွှေ့ပြောင်းဘဲနေလိမ့်မယ်လို့ ကျုပ် မထင်ထားခဲ့ဘူး”

ရီဖူရှင်းက ထိုင်လိုက်ရင်း စစ်ခုန်းနန်ကို ပြောသည်။ စွန့်ပစ်ကလန်သည် လွင့်မျောနေသော ကုန်းမြေထုကြီးပေါ်တွင် တည်ရှိနေခြင်းဖြစ်သည်။ သူတို့သည် ရှန်ယိကုန်းမြေကို အပြည့်အဝထိန်းချုပ်နိုင်ပြီး အဝေးသို့ ပြောင်း‌ရွှေ့သွားရန် အချိန်မရွေး ရွေးချယ်နိုင်ပေသည်။

သို့သော် စွန့်ပစ်ခံကလန်သည် ထိုသို့ မလုပ်သေးပေ။ သူတို့သည် ကောင်းကင်အာဏာစက်ဘုံး ဘေးတွင်သာ ဆက်နေ,နေပေသည်။

“မူလဘုံက ပဋိပက္ခနယ်မြေဆိုပေမယ့် ပဋိပက္ခတွေနဲ့ ဝေးတယ်လို့လည်း ဆိုနိုင်တယ်။ ဒီမှာနေရတာ အတော်လေး အဆင်ပြေပါတယ်”

စစ်ခုန်းနန်က ပြန်ပြောသည်။ အတိတ်က ဖြစ်ရပ်များအပြီးတွင် မည်သူမှ စွန့်ပစ်ခံကလန်ကို ပစ်မှတ်မထားဝံ့တော့ပေ။

စွန့်ပစ်ခံကလန်သည် သိုသိုသိပ်သိပ်သာ နေခဲ့သည်။ သူတို့၏စွမ်းရည်သည် လွန်စွာစွမ်းအားကြီးသော်လည်း သူတို့သည် အခြားထိပ်သီးအင်အားစုများနှင့် အမွေအနှစ်များကို ယှဉ်လုကာ ပေါ်ပေါ်ထင်ထင် ဖြစ်ရမည့် အဖြစ်မျိုးကို မပြုလုပ်ခဲ့ပေ။ ထို့ကြောင့် သူတို့သည် သူတို့ကိုယ်သူတို့ လုံခြုံအောင် လုပ်နိုင်နေပေသည်။

“ကလန်ရဲ့ အနာဂတ်ကိုရော စီနီယာ ဘယ်လိုထင်ပါသလဲ”

ရီဖူရှင်း မေးလိုက်သည်။

“နန်းတော်သခင်ရီ... မင်းက ငါတို့ကို စီဝေ့အင်ပါယာနန်းတော်နဲ့ ပူးပေါင်းစေချင်နေတာ မဟုတ်လား”

စစ်ခုန်းနန်သည် ပြုံးလျှက် ပြောသည်။

“ကျုပ်တို့နဲ့ ပူးပေါင်းခိုင်းတာ မဟုတ်ပါဘူး... အရင်တုန်းကလိုပဲ ကျုပ်တို့နဲ့ မဟာမိတ်ဖွဲ့ခိုင်းတာပါ”

ရီဖူရှင်း လေပြေသွေးလိုက်သည်။

“စွန့်ပစ်ခံကလန်က ဒီနှစ်တွေအတွင်းမှာ ဘာပြဿနာနဲ့မှ မကြုံတွေခဲ့ပါဘူး။ ဒါပေမဲ့ စီနီယာတို့က အတိတ်တုန်းက ပြဿနာတွေနဲ့ လက်တွေ့ကြုံခဲ့ရဖူးပါတယ်... အခု အဓိကလောကကြီးတွေကြားမှာ စစ်ပွဲတစ်ပွဲ ဖြစ်ပေါ်နေပြီ။ မူလဘုံလည်း အဲဒီစစ်ပွဲထဲကို ဘယ်အချိန်ပါသွားမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ဒါမှမဟုတ် တစ်နေ့ကျရင် မဟာအင်ပါယာအဆင့် အင်အားစုတွေက စွန့်ပစ်ခံကလန်ကို သတိရသွားပြီး စီနီယာတို့ကို တိုက်ခိုက်သိမ်းပိုက်ဖို့ ကြံချင်လည်း ကြံလာမှာပေါ့... လက်ရှိ မူလဘုံက ကောင်းကင်‌ဒေသရဲ့ အုပ်ချုပ်မှုအောက်မှာ မရှိတော့ဘူးမလား”

ရီဖူရှင်း၏ ခန့်မှန်းမှုသည် ပြင်းထန်သော်လည်း ထိုအရာသည် အမှန်ပင်ဖြစ်သည်။

“ကောင်းကင်ဒေသကလည်း ငါတို့ကို အဲဒီကို ပြောင်းလာဖို့ ဖိတ်ခေါ်တယ်... ဒါပေမဲ့ ငါတို့ သူတို့ကို ငြင်းလိုက်တယ်”

စစ်ခုန်းနန်ပြောသည်။ အတိတ်တွင် ဒွန်ဟောင်တိယွမ်သည် စွန့်ပစ်ခံကလန်ကို အင်အားစုအသီးသီး၏ ကျုးကျော်မှုမှ ကာကွယ်နိုင်ရန် စွန့်ပစ်ခံကလန်သို့ ကိုယ်တိုင်ရောက်လာခဲ့ပြီး စွန့်ပစ်ခံကလန်သည် ကောင်းကင်ဒေသ၏ အုပ်ချုပ်မှုအာဏာအောက်တွင် ရှိသည်ဟု ကြေညာခဲ့သည်။

“အတိတ်တုန်းက မူလဘုံက ကောင်းကင်ဒေသရဲ့ လက်အောက်မှာ ရှိခဲ့တယ်။ ဒါပေမဲ့ အခု အခြေအနေတွေက ပြောင်းလဲသွားပြီ။ တကယ်လို့ စီနီယာသာ ကောင်းကင်‌ဒေသနဲ့ ပူးပေါင်းလိုက်ရင် ကိစ္စတော်တော်များများကို ထိန်းချုပ်နိုင်မှာ မဟုတ်တော့ဘူး။

ရီဖူရှင်း ပြောသည်။

“အခု စီဝေ့ကြယ်ကောင်းကင်က လောကထဲမှာ နေရာတစ်ခု ရလာပါပြီ... ပြီးတော့ မူလဘုံက ကောင်းကင်ဒေသရဲ့ ထိန်းချုပ်မှုအောက်မှာ မဟုတ်တော့ပါဘူး။ စီနီယာ... စီနီယာအနေနဲ့ ကျုပ်တို့နဲ့ ထပ်ပြီး မဟာမိတ်ဖွဲ့ဖို့ စဉ်းစားပေးနိုင်မလားခင်ဗျာ။ ပထမဦးဆုံး ကျုပ်တို့ရဲ့ မဟာမိတ်က တစ်ဖက်ကိုတစ်ဖက် ကာကွယ်ပေးနိုင်လိမ့်မယ်... ကျုပ်တို့ အတူတကွ တိုးတက်လာနိုင်မယ်။ ဒုတိယအနေနဲ့ ရှန်ယိကုန်းမြေက စီဝေ့ကြယ်ကောင်းကင်ထဲကို ရွှေ့ပြောင်းပြီးသွားရင် အပြင်လောက,က ဘယ်အင်အားစုကမှ စီနီယာတို့ကို ခြိမ်းခြောက်နိုင်မှာ မဟုတ်တော့ဘူး”

“နန်းတော်သခင်ရီ... မင်းက စွန့်ပစ်ခံကလန်ကို မင်းရဲ့ လက်အောက်ခံဖြစ်လာအောင် ကြိုးစားနေတာလား”

စစ်ခုန်းနန်က မေးခွန်းထုတ်လိုက်သည်။

“ကျုပ်က စီနီယာတို့ကို ကျုပ်ရဲ့ လက်အောက်ခံဖြစ်ပေးဖို့ တောင်းဆိုနေတာမဟုတ်ပါဘူး။ ကျုပ်က ပူးပေါင်းဖို့ ပြောနေတာပါ။ ကျုပ်တို့က မဟာမိတ်တွေဖြစ်လာမှာပါ”

ရီဖူရှင်း သေချာ ရှင်းပြလိုက်သည်။

“ကျုပ်တို့ရဲ့ ပူးပေါင်းမှုက အရင်တစ်ခေါက်တုန်းကလည်း အဆင်ပြေခဲ့တာပဲ... ဒါပေမဲ့ နောက်ပိုင်းဖြစ်လာတဲ့ကိစ္စတွေကြောင့် ကျုပ်တို့ရဲ့ မဟာမိတ်ဖွဲ့မှုကို ရပ်လိုက်ရတာ နှမြောစရာပါပဲ။ အခု အရာအားလုံး အခြေကျသွားပါပြီ။ ကောင်းကင်ဒေသနဲ့ တခြားအင်အားစုတွေက လောကစစ်ပွဲကြီးတစ်ခုကို စတင်ခဲ့ပါတယ်။ ဒါပေမဲ့ မူလဘုံက အေးချမ်းနေတုန်းပါပဲ... ပြီးတော့ အဲဒီမှာ စီနီယာတို့ ကောင်းမွန်တဲ့ တိုးတက်မှုအခွင့်အရေးတွေကို တွေ့ရမှာပါ။ စွန့်ပစ်ခံကလန်နဲ့ စီဝေ့ကြယ်ကောင်းကင်သာ မဟာမိတ်ဖွဲ့ခဲ့ရင် နှစ်ဖက်စလုံး အကျိုးရှိမှာပါ။ စီနီယာက ကျုပ် စွန့်ပစ်ခံကလန်ကို သိမ်းပိုက်လိုက်မှာကို စိုးရိမ်နေတဲ့ပုံပဲ... ဒါပေမဲ့ ကျုပ်က အဲဒီလိုကိစ္စမျိုးကို တစ်ခါမှ မတွေးဖူးပါဘူး။ ကျုပ်တို့ သိခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဆိုတော့ စီနီယာလည်း ကျုပ်ရဲ့ အကျင့်စရိုက်ကို ကောင်းကောင်း သိပြီးလောက်မှာပါ”

ရီဖူရှင်း ဆက်ပြောသည်။

“တကယ်လို့ စီနီယာက စိုးရိမ်နေသေးတယ်ဆိုရင် ကုန်းမြေကို စီဝေ့ကြယ်ကောင်းကင်ဆီကို ရွှေ့စရာမလိုပါဘူး။ ကျုပ်တို့ ဒီအတိုင်းပဲ ဆက်နေပြီး အာကာသတည်နေရာရွှေ့ပြောင်းမဟာကွန်ရက်ကနေပြီး တစ်ယောက်ဆီတစ်ယောက် အလည်လာလို့ ရတာပဲ။ နောက်ကျ တကယ်လို့ ပြဿနာတွေ ရှိလာတော့မှ စီနီယာတို့ ကုန်းမြေကို ကြယ်ကောင်းကင်ထဲကို ရွှေ့လိုက်ပေါ့။ အဲဒီလိုဆို စီနီယာတို့ကို အနာဂတ်ပြဿနာတွေရဲ့ ရန်ကနေလည်း ကင်းစေမှာပဲ”

စစ်ခုန်းနန် ခေါင်းညိတ်ကာ ပြန်ပြောသည်။

“ငါက နတ်ဘုရားရီကို ယုံပါတယ်... ပြီးတော့ စီဝေ့ကြယ်ကောင်းကင်နဲ့လည်း မဟာမိတ်ဖွဲ့ချင်ပါတယ်။ ဒါပေမဲ့ စွန့်ပစ်ခံကလန်က ကောင်းကင်ဒေသရဲ့ မင်းသမီးဒွန်ဟောင်ဆီမှာ သစ္စာခံထားတယ်... ငါတို့သာ အခု မင်းနဲ့ မဟာမိတ်ဖွဲ့လိုက်ရင် ငါတို့က မင်းသမီးကို သစ္စာဖောက်လိုက်သလို ဖြစ်မသွားဘူးလား။ တကယ်လို့ ကောင်းကင်ဒေသက ငါတို့နဲ့ စာရင်းရှင်းချင်တယ်ဆိုရင် ငါတို့ ပြဿနာတက်သွားလိမ့်မယ်”

ရီဖူရှင်းက ယုံကြည်မှုရှိရှိ ပြန်ပြောလိုက်၏။

“အတိတ်တုန်းက စီနီယာတို့က သစ္စာခံဖို့ ဖိအားပေးခံခဲ့ရတာပါ။ စီနီယာတို့က သူ့ဆီမှာ သစ္စာခံဖို့ ရည်ရွယ်ချက် တစ်ခါမှ မရှိခဲ့ဖူးဘူးမလား။ အရင်တုန်းက မူလဘုံက ကောင်းကင်ဒေသရဲ့ လက်အောက်မှာပါ... အဲဒါကြောင့် မူလဘုံက အင်အားစုအကုန်လုံးက ကောင်းကင်ဒေသ လက်အောက်မှာ ရှိနေတာ သဘာဝပါပဲ။ ဒါပေမဲ့ စွန့်ပစ်ခံကလန်က အမြဲ အင်ပါယာနန်းတော်ရဲ့ လက်အောက်ခံ ဖြစ်နေရမယ်လို့ ပြောလို့မရဘူးလေ။ ကောင်းကင်ဒေသမှာတောင် အင်ပါယာနန်းတော်ရဲ့ အမိန့်အောက်မှာ မရှိတဲ့ စွမ်းအားကြီးအင်အားစုတွေ အများကြီးရှိပါတယ်။ အခု မူလဘုံကတောင် ကောင်းကင်ဒေသရဲ့ အမိန့်ကို မနာခံတော့ပါဘူး။ ပြီးတော့ စွန့်ပစ်ခံကလန်ကလည်း မူလဘုံထဲမှာ ရှိတာဆိုတော့ စီနီယာတို့က ကောင်းကင်ဒေသရဲ့ အမိန့်အောက်မှာ မဟုတ်တော့ပါဘူး။ နည်းလမ်းကျကျ ဆိုရရင် စီနီယာတို့က အမှီအခိုကင်းတဲ့ အင်အားစုတစ်စုပါ။ စီနီယာ ကြိုက်တဲ့ ဘယ်သူနဲ့မဆို မဟာမိတ်ဖွဲ့ခွင့်ရှိပါတယ်။ အဆုံးအစွန်ပြောရရင် အင်ပါယာနန်းတော်က ကျုပ်တို့ မဟာမိတ်ဖွဲ့တာကို မကျေနပ်ဘူးဆိုရင်တောင် အရှင်ဒွန်ဟောင်က သူကိုယ်တိုင် ဘယ်တော့မှ တိုက်ခိုက်မှာ မဟုတ်ပါဘူး။ သူသာ ဝင်မပါရင် စီဝေ့ကြယ်ကောင်းကင်နဲ့ စွန့်ပစ်ခံကလန် ပူးပေါင်းပြီး ကျုပ်တို့သာ ကြယ်ကောင်းကင်ထဲမှာ နေခဲ့ရင် ကျုပ်တို့ကို ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်ပါဘူး”

စစ်ခုန်းနန်သည်လည်း ရီဖူရှင်း၏ ကျော်ကြားသောအောင်ပွဲများကို ကြားဖူးပေသည်။ စစ်ပွဲအတွင်း၌ မဟာအင်ပါယာဝင်မပါသရွေ့ မည်သူမှ စီဝေ့ကြယ်ကောင်းကင်ကို ကျူးကျော်နိုင်မည်မဟုတ်ပေ။

အကယ်၍ သူတို့သာ စီဝေ့ကြယ်ကောင်းကင်နှင့် မဟာမိတ်ဖွဲ့ခဲ့လျှင် ရှန်ယိကုန်းမြေသည် သေချာပေါက် အလွန်လုံခြုံသွားမည်ဖြစ်သည်။ သူတို့ ဤနေရာတွင် တစ်ကိုယ်တည်းနေ,နေသည်ထက် ပို၍ လုံခြုံပေလိမ့်မည်။

“လောကကြီးက အများကြီးပြောင်းလဲသွားခဲ့ပါပြီ။ အခု မဟာအင်ပါယာအဆင့် အင်အားစုတွေက စစ်ပွဲထဲမှာ ပါနေပါတယ်။ မူလဘုံက ယာယီ လုံခြုံနေပြီးတော့ ဘယ်အရှုပ်အထွေးထဲမှ မပါသေးပါဘူး... ဒါပေမဲ့ အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး”

ရီဖူရှင်း ဆက်၍ တိုက်တွန်းလိုက်သည်။

“စီဝေ့ကြယ်ကောင်းကင်က လုံခြုံတာအပြင် ကျင့်ကြံခြင်းအတွက် အကောင်းဆုံးပတ်ဝန်းကျင်လည်း ရှိပါတယ်။ ပြီးတော့ ကျုပ်တို့က မူလဘုံမှာရှိတဲ့ အဓိကရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုရဲ့ စခန်းတွေကိုလည်း ထိန်းချုပ်ထားပါတယ်။ အဲဒီစခန်းတွေကလည်း ကျင့်ကြံခြင်းအတွက် လျှို့ဝှက်နယ်မြေတွေကို ပိုင်ဆိုင်ကြပါတယ်။ စွန့်ပစ်ခံကလန်အနေနဲ့ ပိုပြီးအင်အားကောင်းလာအောင် ကျုပ်တို့က အဲဒီအရင်းအမြစ်တွေအားလုံးကို စွန့်ပစ်ခံကလန်ရဲ့ ကျင့်ကြံရေးအတွက် ထောက်ပံ့ပေးဖို့ ဆန္ဒရှိပါတယ်”

ထို့နောက် ရီဖူရှင်းက မိတ်ဆက်ပေးလိုက်၏။

“ဒါက ကျုပ်ရဲ့ တပည့်တွေနဲ့ စီဝေ့အင်ပါယာနန်းတော်က မဟာကိုယ်ရံတော်ပါ။ သူတို့ထဲကနှစ်ယောက်က မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ပြီးသွားပါပြီ။ ကျန်တဲ့သုံးယောက်ကလည်း လက်ရှိမှာ ရန်ဟောင်အထွတ်အထိပ်အဆင့်မှာပါ... ပြီးတော့ သူတို့က တိုက်ခိုက်ရေးမှာလည်း တော်ကြပါတယ်။ စီဝေ့အင်ပါယာနန်းတော်ထဲမှာ အဲဒီလိုပဲ စွမ်းအားကြီးတဲ့ ကျင့်ကြံသူတွေ အများကြီး ရှိပါသေးတယ်”

စစ်ခုန်းနန် ချီးကျူးလိုက်၏။

“မင်းရော... မင်းရဲ့လူတွေရောက အံ့အားသင့်ရလောက်တဲ့နှုန်းနဲ့ တိုးတက်လာကြတာပဲ”

“အခု စီနီယာစစ်ခုန်းက ကျုပ်ရဲ့ ဒီနေ့လာရင်းရည်ရွယ်ချက်ကို နားလည်သွားပြီဆိုတော့ စွန့်ပစ်ခံကလန်ကို ကျုပ်တို့နဲ့ မဟာမိတ်ဖွဲ့ဖို့ ကျုပ် ဖိတ်ခေါ်ပါတယ်။ အတိတ်တုန်းကလည်း ကျုပ်တို့က မဟာမိတ်တွေပဲ မဟုတ်လား။ ကျုပ်တို့က မဟာမိတ်ဖွဲ့ထားတာကို ဖျက်ဖို့ ဖိအားပေးခံခဲ့ရရုံပါပဲ... ကျုပ်က စွန့်ပစ်ခံကလန်ရဲ့ ကျင့်စဉ်တွေကိုလည်း ကျင့်ကြံခဲ့ဖူးပါတယ်... ဒီတော့ ကျုပ်က စီနီယာတို့နဲ့ နက်ရှိုင်းတဲ့ ဆက်နွယ်မှု ရှိပါတယ်”

ရီဖူရှင်းက ဘဝင်ကျလောက်အောင် ပြောနေပေသည်။

“ကျုပ် ပြောချင်တာ အကုန်လုံးကို ပြောပြီးသွားပြီဆိုတော့ ကျုပ် ဒီမှာပဲ ရပ်လိုက်ပါတော့မယ်။ ကျုပ် စီနီယာကို စီနီယာ့ဘာသာ ဆုံးဖြတ်ခွင့်ပေးပါမယ်။ စွန့်ပစ်ခံကလန်က ကျုပ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချရင်လည်း ကိစ္စမရှိပါဘူး။ ကျုပ်တို့က မိတ်ဆွေတွေ ဆက်ဖြစ်နေဦးမှာပါပဲ။ အခု ကျုပ်သွားပါတော့မယ်”

ရီဖူရှင်းက ထိုသို့ပြောလိုက်ပြီးနောက် ထရပ်ကာ စစ်ခုန်းနန်ကို နှုတ်ဆက်လိုက်သည်။

“နန်းတော်သခင်ရီ... ငါ့ကို ဒီကိစ္စကို တခြားသူတွေနဲ့ အရင်ဆုံးဆွေးနွေးခွင့်ပေးပါ...”

စစ်ခုန်းနန်ပြောသည်။

“ငါ ဒီကိစ္စကို တစ်ယောက်တည်း ဆုံးဖြတ်လို့မရဘူး”

“ကောင်းပါပြီ...”

ရီဖူရှင်း ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်တွင် သူသည် ပြန်ထိုင်လိုက်ပြီး စစ်ခုန်းနန်သည် စားပွဲသောက်ပွဲမှ ထထွက်သွားလေသည်။

ခေတ္တမျှကြာပြီးနောက်တွင် စစ်ခုန်းနန်သည် စားပွဲသောက်ပွဲသို့ ပြန်ရောက်လာသည်။ သူနှင့်အတူ အကြီးအကဲအနည်းငယ် ပါလာလေသည်။ သူတို့အားလုံးသည် ရီဖူရှင်းကို ကြည့်နေကြပြီး စစ်ခုန်းနန်က ကြေညာလိုက်သည်။

“ရှန်ယိကုန်းမြေက စီဝေ့ကြယ်ကောင်းကင်ထဲကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်ပြီ”

ရီဖူရှင်းက ထိုကြေညာချက်ကို ကြားလိုက်သောအခါ အတော်လေး ဝမ်းသာသွားသည်။ သို့သော် သူသည် အပြင်ပိုင်းတွင် တည်ငြိမ်စွာ ပြုံးလိုက်ပြီး တည်ငြိမ်ဟန် ဆောင်လိုက်လေသည်။ သူ ခေါင်းညိတ်လျှက် ပြန်ပြောသည်။

“စီဝေ့ကြယ်ကောင်းကင်က စွန့်ပစ်ခံကလန်နဲ့ မဟာမိတ်ဖွဲ့နိုင်တဲ့အတွက် ဂုဏ်ယူမိပါတယ်”

“နန်းတော်သခင်ရီက နှိမ့်ချလွန်းနေပါပြီ... အနာဂတ်မှာ ငါတို့ မင်းအပေါ် မှီခိုရမယ့် ကိစ္စတွေအများကြီး ရှိလာမှာပါ”

“ကောင်းပါပြီ... ကျုပ် စီဝေ့ကြယ်ကောင်းကင်ဘက်မှာ ကိစ္စအားလုံးကို ပြင်ဆင်ထားလိုက်မယ်”

ရီဖူရှင်း ခေါင်းညိတ်လျှက် ပြောသည်။ သူသည် လွန်စွာ စိတ်လှုပ်ရှားနေ၏။ သူသည် ထိုကဲ့သို့ စွမ်းအားကြီးသည့် ရှေးဟောင်ကလန်တစ်ခုကို စီဝေ့ကြယ်ကောင်းကင်အတွင်းသို့ ရောက်လာအောင် လုပ်နိုင်ခဲ့သဖြင့် လွန်စွာပီတိဖြစ်နေပေသည်။

စွန့်ပစ်ခံကလန်ရှိနေပါက အနာဂတ်တွင် စီဝေ့ကြယ်ကောင်းကင်ထဲ၌ ရီဖူရှင်းရှိမနေလျှင်ပင် စီဝေ့အင်ပါယာနန်းတော်သည် အခြေအနေအများစုတွင် လုံခြုံနေဦးမည်သာဖြစ်လေသည်။

All Chapters