မှော်နက်နန်းတော်ပါ အရေးပါသူတစ်ယောက်
Vol. 184 Ch. 2627
ရီဖူရှင်းသည် စီဝေ့ကြယ်ကောင်းကင်ကို အုပ်ချုပ်သူဖြစ်သည်။ ရှန်ယိကုန်းမြေ ကြယ်ကောင်းကင်အတွင်းသို့ ပြောင်းရွှေ့လာသောအခါ စွန့်ပစ်ခံကလန်သည် သူ၏လက်အတွင်း၌ ရှိသွားပြီဖြစ်သည်ဟု ဆိုနိုင်ပေသည်။
ရီဖူရှင်း စွန့်ပစ်ခံကလန်ကို ကြယ်ကောင်းကင်အတွင်းသို့ ပြောင်းရွှေ့ရန် ဖိတ်ခေါ်ရသည့် ရည်ရွယ်ချက်မှာ သူသည် စီဝေ့ကြယ်ကောင်းကင်၏အင်အားကို ခိုင်မာစေလို၍ ဖြစ်သည်။
သို့သော် သူသည် စွန့်ပစ်ခံကလန်ကို သိမ်းပိုက်မည်မဟုတ်ပေ။ ရှန်ယိကုန်းမြေကို စီဝေ့ကြယ်ကောင်းကင်အတွင်းရှိ ပင်မဂြိုလ်ဘေးတွင် ထားမည်ဖြစ်သည်။ ထို့အပြင် ရီဖူရှင်းက စွန့်ပစ်ခံကလန်နှင့် စီဝေ့အင်ပါယာနန်းတော်ကို ဆက်သွယ်ထားသော တည်နေရာရွှေ့ပြောင်းမဟာကွန်ရက်ကို တည်ဆောက်မည်ဖြစ်သည်။ ထို့အပြင် စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများသည် စီဝေ့အင်ပါယာနန်းတော်အတွင်းရှိ အရင်းအမြစ်အားလုံးကို သူတို့၏ကျင့်ကြံခြင်းအတွက် အသုံးပြုနိုင်ပေသည်။
အကယ်၍ သူသည် အနာဂတ်တွင် စွန့်ပစ်ခံကလန်ကို စီဝေ့ကြယ်ကောင်းကင်အား ကာကွယ်စေလိုပါက ရှေးဦးစွာ သူတို့၏ ယုံကြည်မှုကို ရရှိအောင်လုပ်ရမည်ဖြစ်သည်။
ရီဖူရှင်းက သခင်ချန်နှင့် စစ်ခုန်းနန်တို့ကိုလည်း တွေ့ဆုံစေ၍ တစ်ဦးနှင့်တစ်ဦး ရင်းနှီးထားစေလေသည်။ အနာဂတ်တွင် သူတို့သည် နှစ်ဖက်စလုံးမှ ကိစ္စများအတွက် တစ်ဦးနှင့်တစ်ဦး တိုက်ရိုက်ဆက်သွယ်ဆွေးနွေးရမည်ဖြစ်သည်။
ရီဖူရှင်းက ထိုကိစ္စအားလုံးကို စီစဉ်ပြီးသောအခါ ဆက်လက်၍ ကျင့်ကြံနေလိုက်သည်။ သူသည် ကိစ္စများကို သူကိုယ်တိုင်ဝင်ပါဖို့ မလိုစေရန် စီစဉ်တတ်သူဖြစ်သည်။
*****
ထိုသို့ဖြင့် နှစ်ပေါင်းများစွာ ကုန်ဆုံးသွားလေသည်။
ထိုနှစ်များအတွင်း၌ ဘုံခြောက်ဘုံအကြားမှ စစ်ပွဲအတွင်းတွင် မရေမတွက်နိုင်အောင်များပြားသော လူပေါင်းများစွာ သေဆုံးခဲ့ရသည်။ သူတို့သည် တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်နေခဲ့သည်မှာကြာပြီဖြစ်သော်လည်း မည်သည့်ဖက်ကမှ အသာမရကြသေးပေ။ သူတို့အားလုံးသည် အတင်းကာရော မပြုမူဝံ့ကြသဖြင့် စစ်ကုန်ဖွင့်၍ မတိုက်ဝံ့ကြပေ။
ဒွန်ဟောင်အင်ပါယာနန်းတော်သည် ကောင်းကင်ဒေသမှ ကျင့်ကြံသူများကို စစ်ပွဲအတွင်း၌ ပါဝင်ရန် လှုံ့ဆော်စည်းရုံးခဲ့သည်။ သို့သော် အင်အားစုများစွာသည် ပြန်၍ မတုံ့ပြန်ခဲ့ကြချေ။ အင်အားစုသည် ပို၍အင်အားကြီးလေလေ၊ သူတို့သည် ပြန်၍မတုံ့ပြန်ကြဘဲ ဝတ်ကျေတမ်းကျေလောက်သာ လုပ်ပြကြလေလေပင်။ ကောင်းကင်ဒေသနှင့် နတ်ဆိုးဘုံတို့၏ အခြေအနေများစွာ လွန်စွာ ကွာခြားပေသည်။
ထျန်းယန်မြို့သည်လည်း ရှေးဟောင်းနတ်ဘုရားကလန်အင်အားစုတစ်စု ဖြစ်သဖြင့် ဝတ်ကျေတမ်းကျေသာ ဆောင်ရွက်ခဲ့သည်။ သူတို့သည် စစ်ပွဲအတွင်း၌ ပါဝင်ရန် ကျင့်ကြံသူတစ်စုကို စေလွှတ်ပေးခဲ့သော်လည်း ထိုသူများအထဲတွင် သူတို့၏ အရေးပါသော ကျင့်ကြံသူအနည်းငယ်သာ ပါဝင်ပေသည်။
ထျန်းယန်မြို့၏ ဆက်ခံသူမှာမူ စစ်ပွဲတွင် ပါဝင်ဖို့ ဆိုမထားနှင့် အပြင်သို့ပင် ထွက်မလာခဲ့ချေ။
ယခုတွင် ထျန်းယန်မြို့၏ မြို့သခင်ရုံးတော်ထဲတွင် တမူထူးခြားသော နေရာတစ်ခု ရှိနေပြီဖြစ်သည်။ ထိုနေရာသည် နတ်မီးတောက်စက်ကွင်းဖြစ်သည်။ ထိုစက်ကွင်းအတွင်း၌ အမှီအခိုကင်းသော လောကတစ်ခု ရှိပေသည်။ ထျန်းယန်မြို့၏ဆက်ခံသူ ဝမ်ရှောင်သည် မီးအောက်တွင် ကျင့်ကြံနေလေသည်။
သူသည် ထိုစက်ကွင်းထဲတွင် ချပ်ဝတ်လက်နက်နယ်မြေတစ်ခုကို ပြုလုပ်ထားကာ နတ်လက်နက်များ ထုလုပ်နေခဲ့ခြင်းဖြစ်သည်။ ချစ်ချစ်တောက်ပူပြင်းသော ကြောက်မက်ဖွယ်လှိုင်းများသည် သူ့ကိုလွှမ်းခြုံထားသည်ဖြစ်ရာ သူ့တစ်ကိုယ်လုံးသည် မီးတောက်များအောက်တွင် ရှိနေသည်ဟု ထင်ရပေသည်။ သူ၏ခန္ဓာကိုယ်သည် အဆက်မပြတ် မွမ်းမံခြင်း ခံနေရပေသည်။ ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ထိုစက်ကွင်းတစ်ခုလုံးတွင် ပုံရိပ်ယောင်မျက်နှာကြီးတစ်ခု ပေါ်နေသည်ဟု ထင်နေရခြင်းပင်။ ၎င်းသည် သူ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသကဲ့သို့ပင်။
ရှဲ...
ဝမ်ရှောင်ထုလုပ်နေပြီး ချစ်ချစ်တောက်ပူပြင်းသော နတ်မီးတောက်များသည် သူ့ကိုယ်ပေါ်သို့ ကျဆင်းနေပြီး သူ့ခန္ဓာကိုယ်ထဲတွင် စွဲထင်လာလေသည်။ တဖြည်းဖြည်းဖြင့် ဝမ်ရှောင်၏ခန္ဓာကိုယ်သည် ရွှေရောင်နတ်မီးတောက်များမှ ဖြစ်ပေါ်လာသကဲ့သို့ ထင်လာရ၏။ သူသည် ရွှေရောင်ချပ်ဝတ်တစ်ခုကို ဝတ်ဆင်ထားသကဲ့သို့ပင်။ သူသည် လွန်စွာ တောက်ပနေပေသည်။
“အား...”
ဝမ်ရှောင် အော်ဟစ်လိုက်၏။
ဝမ်ရှောင်သည် နက်ရှိုင်းသောဟိန်းသံကြီးတစ်ခုကို ပြုလိုက်သည်။ သူသည် အလွန်အမင်း နာကျင်နေသည့်ပုံပင်။ သူ့တစ်ကိုယ်လုံးရှိ ကြွက်သားများသည် တွန့်လှုပ်နေသည်။
“မင်းသူ့ကို အနိုင်ယူချင်ရင် ခန္ဓာလမ်းစဉ်လောက်နဲ့ မလုံလောက်ဘူး။ မင်းအတွက် အခွင့်အရေးရနိုင်ဖို့ နတ်ခန္ဓာကို ထုစစ်ရမယ်”
ပုံရိပ်ယောင်က ပြောသည်။ သူသည် ဝမ်ရှောင်ကို လှုံ့ဆော်အားပေးနေပုံပင်။
ဝမ်ရှောင်သည် အံကြိတ်လိုက်ပြီး နာကျင်မှုကို ဆက်၍ တောင့်ခံလိုက်၏။ နာကျင်မှုသည် တဖြည်းဖြည်းဖြင့် သူ၏အာရုံကြောများကို ထုံသွားစေလေသည်။ ကြောက်မက်ဖွယ် နတ်မီးတောက်သည် သူ့ကိုယ်ပေါ်သို့ ကျဆင်းလာသည်။ သူ၏ခန္ဓာကိုယ်သည် ပို၍ပို၍ ကြောက်မက်ဖွယ်ကောင်းလာ၏။ ထိုတစ်နေရာလုံးသည် နတ်မီးတောက်စက်ကွင်း ဖြစ်နေပေသည်။ သူ့ကို ကာကွယ်ပေးထားသော ပြင်ပအားတစ်ခုလည်း ရှိ၏။ ထိုအားသည် ပုံရိပ်ယောင်မျက်နှာထံမှ ထွက်ပေါ်လာပုံပင်။
****
စီဝေ့အင်ပါယာနန်းတော်ထဲတွင် ရီဖူရှင်းသည် အခန်းအောင်း ကျင့်ကြံနေ၏။ ထိုစဉ်တွင် တစ်စုံတစ်ယောက် ရောက်လာပြီး သူ့ကို လာတွေ့လေသည်။
ရီဖူရှင်းက ကျင့်ကြံနေခြင်းကို ရပ်လိုက်ပြီး ရောက်လာသူကို ကြည့်လိုက်သည်။ ထိုသူမှာ အဘိုးမာဖြစ်သည်။
“နန်းတော်သခင်...”
အဘိုးမာသည် အတန်ငယ် ဦးညွှတ်လျှက် နှုတ်ဆက်လိုက်သည်။
“အဘိုးမာ... ကျွန်တော်တို့ကြားမှာ အဲဒီလိုတွေ အရိုအသေပေးနေစရာ မလိုပါဘူး”
ရီဖူရှင်း ပြောသည်။
“ဘာကိစ္စများ ရှိလို့ပါလဲ”
“လူတစ်ယောက်က နန်းတော်သခင်ကို ရှာနေပါတယ်”
အဘိုးမာ ပြန်ပြောသည်။
“ဘယ်သူလဲ...”
ရီဖူရှင်းက စိတ်ဝင်တစား မေးလိုက်သည်။ သာမန်ကိစ္စများကို သခင်ချန်နှင့် အခြားသူများကသာ ကိုင်တွယ်ခြင်းဖြစ်သည်။ သူတို့သည် ရီဖူရှင်း၏ကျင့်ကြံခြင်းကို နှောင့်ယှက်မည်မဟုတ်ပေ။
အကယ်၍ ထိုလူသည် သူ့ကိုလာရှာခြင်းဖြစ်ပါက သာမန်လူတစ်ယောက်မဖြစ်နိုင်ပေ။
“အဲဒီလူက မှော်နက်နန်းတော်က တစ်ယောက်ပဲ...”
အဘိုးမာက ပြန်ဖြေလိုက်သည်။ ရီဖူရှင်း၏ မျက်နှာထားသည် ထူးဆန်းသွားသည်။ မှော်နက်နန်းတော်မှ ကျင့်ကြံသူတစ်ဦးသည် အဘယ်ကြောင့် သူ့ကို လာရှာရသနည်း။
“ရောက်လာတဲ့လူက တော်တော်လေး စွမ်းအားကြီးတယ်။ သခင်ချန်တောင် သူ့ကို အနိုင်ယူနိုင်လိမ့်မယ်လို့ ယုံကြည်ချက်မရှိဘူး”
အဘိုးမာက ဆက်ပြောလိုက်၏။ ရီဖူရှင်း ခေါင်းညိတ်ပြလိုက်ပြီး သူ၏မျက်နှာထားသည် လေးနက်သွားလေသည်။
မှော်နက်နန်းတော်မှ အရေးပါသူတစ်ဦး ရောက်လာသည့်ပုံပင်။
“သွားကြစို့...”
ရီဖူရှင်း ပြောသည်။
ကျင့်ကြံသူတစ်ဦးသည် မည်မျှ စွမ်းအားကြီးစေကာမူ စီဝေ့အင်ပါယာနန်းတော်အတွင်း၌ ရှိနေစဉ်တွင် မဆင်မခြင် မပြုမူနိုင်ချေ။ စီဝေ့ကြယ်ကောင်းကင်သည် ရီဖူရှင်း၏ အကြွင်းမဲ့ထိန်းချုပ်မှုအောက်တွင်ရှိသော လောကတစ်ခုဖြစ်ပေသည်။
သူတို့နှစ်ဦးသည် ထိုနေရာမှ ထွက်လာပြီး စီဝေ့မြို့တော်သို့ သွားလိုက်ကြသည်။ ရီဖူရှင်းက အဘိုးမာမှလွဲ၍ သူနှင့်အတူ အခြားသူများကို မခေါ်ခဲ့ပေ။
မှော်နက်နန်းတော်မှ အုပ်စုသည် ကြယ်ကောင်းကင်အတွင်းသို့ ရောက်လာသောအခါ သူတို့သည် နန်းတော်တစ်ခုတွင် နေရာယူလိုက်ကြသည်။ ရီဖူရှင်း ထိုနေရာသို့ ရောက်သွားသောအခါ သူသည် ပတ်ဝန်းကျင်တွင် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများစွာကို မြင်လိုက်ရ၏။ သခင်ချန်နှင့် ဖန်းစွင်တို့လည်း ရှိနေပေသည်။ သူတို့အားလုံးသည် မှော်နက်နန်းတော်မှ ကျင့်ကြံသူများ မဆင်မခြင် ပြုမူမည်ကို စိုးရိမ်နေကြ၏။
“နန်းတော်သခင်...”
လူအုပ်သည် ရီဖူရှင်းကို အတန်ငယ်ဦးညွှတ်လျှက် နှုတ်ဆက်လိုက်သည်။
“အင်း...”
ရီဖူရှင်း ခေါင်းညိတ်ကာ ပြောသည်။
“ခင်ဗျားတို့အားလုံး ကျုပ်ကို ဒီမှာစောင့်နေကြပါ”
သူသည် အမိန့်ပေးပြီးနောက်တွင် နန်းတော်အတွင်းသို့ အဘိုးမာနှင့်သာ ဝင်သွားလိုက်သည်။ သူသည် ခြံဝန်းတစ်ခုရှေ့တွင် ရပ်လိုက်၏။ ထိုနေရာတွင် မှော်နက်နန်းတော်မှ ကျင့်ကြံသူများစွာ စုဝေးနေလေသည်။ သူတို့ထဲမှ နှစ်ဦး၏ ကျင့်ကြံခြင်းအစွမ်းသည် ရှိန်လောက်ဖွယ်ပင်။ ရီဖူရှင်းက ထိုအုပ်စုကိုကြည့်ကာ ပြောလိုက်၏။
“မှော်နက်နန်းတော်က ဘာကိစ္စရှိလို့ ဒီကိုလာခဲ့တာလဲ”
“လူတစ်ယောက်က ခင်ဗျားနဲ့ တွေ့ချင်လို့ပါ...”
မှော်နက်နန်းတော်မှ ကျင့်ကြံသူတစ်ဦးက ပြန်ပြောသည်။
“အဲဒါက ဘယ်သူလဲ...”
ရီဖူရှင်း မေးလိုက်၏။
“အားလုံး ထွက်သွားကြ...”
အသံတစ်သံက အမိန့်ပေးလိုက်သည်။
“နားလည်ပါပြီ...”
မှော်နက်နန်းတော်မှ ကျင့်ကြံသူများသည် ရိုကျိုးစွာ ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည် အခန်းတစ်ခန်းဘက်သို့ ဦးညွှတ်လျှက် ထွက်သွားကြလေသည်။ ထိုထဲမှ ထိပ်သီးနှစ်ဦးသည်ပင် ခေါင်းညိတ်ကာ ထွက်သွားကြ၏။
ခြံဝန်းထဲတွင် ရီဖူရှင်းသာ ကျန်ခဲ့သည်။
ကျွီ...
တံခါးပွင့်လာ၏။ ရီဖူရှင်းက အတွင်းသို့ လှမ်းကြည့်လိုက်ရာ ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထားသော သေးသွယ်သောလူတစ်ယောက် အပြင်သို့လျှောက်လာသည်ကို မြင်လိုက်ရလေသည်။ ထိုလူသည် အတန်ငယ် ခေါင်းငုံ့ထားပြီး ဝတ်ရုံက သူ၏မျက်နှာကို ကာရံထားသည်။ ထိုလူသည် လွန်စွာ လျှို့ဝှက်ဆန်းကြယ်ပုံပေါ်လေသည်။ ထိုလူသည် သေးသွယ်သောကိုယ်လုံးကိုယ်ပေါက် ရှိသဖြင့် အမျိုးသမီးတစ်ဦး ဖြစ်နိုင်ပေသည်။ သူမ၏ခြေတံများသည် ရှည်သော်လည်း သေးသွယ်ကြသည်။
သူမသည် ရီဖူရှင်းနှင့် မလှမ်းမကမ်းတွင် ရပ်လိုက်သည်။ သူမသည် အတန်ငယ် ခေါင်းမော့ကာ သူ့ကို သူမ၏နက်မှောင်သောမျက်လုံးများဖြင့် ငေးကြည့်လိုက်သည်။ ထို့နောက်တွင် သူမသည် ဝတ်ရုံကို ဖယ်လိုက်ပြီး သူမ၏ လှပသော်လည်း အေးစက်သည့် မျက်နှာလေးကို လှစ်ဟပြလိုက်သည်။ သူမ၏မျက်လုံးများသည် အမှောင်ညတွင် လင်းလက်နေသည့် အေးစက်သောလဝန်းကြီးအလား တောက်ပနေပြီး အခြားသူများကို အကြောများစိမ့်သွားစေလေသည်။ သူမ၏မျက်လုံးများကို ကြည့်မိလျှင် အန္တရာယ်အငွေ့အသက်ကို ခပ်ရေးရေးခံစားနိုင်ပေသည်။
ရီဖူရှင်းက သူမ၏မျက်နှာကိုကြည့်လိုက်ပြီး ထိုမျက်နှာကို အတန်ငယ် ရင်းနှီးနေသည်ဟု ခံစားနေရသည်။ သို့သော် သူမသည် မည်သူဖြစ်ကြောင်း သူအစဖော်၍ မရဖြစ်နေသည်။
ထိုအခိုက်တွင် မိန်းမပျိုလေးသည် ရီဖူရှင်းကို ရုတ်တရက်ပြုံးပြလိုက်သည်။ သူမ၏အပြုံးသည် အမှောင်လောကအတွင်းမှ နေအလင်းတန်းတစ်ခုကဲ့သို့ပင်။ ထိုအပြုံးသည် နွေးထွေးကာ လူများကို မျှော်လင့်ချက် ပေးနိုင်စွမ်းရှိပေသည်။
“အစ်ကိုကြီး...”
သူမသည် သိမ်မွေ့စွာ ခေါ်လိုက်သည်။ သူမသည် အတန်ငယ် ရှက်ရွံ့နေပုံပေါ်၏။
သူမ၏နှုတ်ဆက်မှုသည် ရီဖူရှင်းကို အတွေးရေယဉ်ကြောထဲ မြောသွားစေလေသည်။
မူလဘုံတွင် စတင်ပရမ်းပတာဖြစ်ခဲ့စဉ်က မှော်နက်လောကသည် လျှို့ဝှက်ကုန်းမြေဘုံကို ကျုးကျော်ခဲ့သည်။ ငရဲဂိတ်တံခါးပွင့်လာပြီး မှော်နက်လောကမှ စစ်တပ်များ ကျဆင်းလာခဲ့သည်။
ရီဖူရှင်းက မှော်နက်လောကတွင် ကောင်မလေးတစ်ဦးကို ရှာတွေ့ခဲ့သည်။ သူမသည် အဖွဲ့များစွာ၏ အမဲလိုက်ခြင်းကို ခံနေရသဖြင့် အမြဲပုန်းအောင်းနေခဲ့ရသည်။ သူမတွင် မည်သည့်ကျင့်ကြံခြင်းအစွမ်းမှ မရှိပေ။ သို့သော် သူမသည် ရန်ဟောင်အဆင့်ကျင့်ကြံသူများကို သေသွားအောင်လုပ်နိုင်ပေသည်။ သူမသည် သူမကိုယ်သူမ ကျိန်စာမိနေသည်ဟု ဆိုသည်။ သူမသည် သူမဘေးမှလူများကို ဘေးဒုက္ခများပေးရန် မွေးဖွားလာသည်ဟု ဆိုခဲ့သည်။ သူမဘေးမှ မည်သူမဆို ပျက်စီးခြင်းနှင့် ကြုံတွေ့ရမည်ဖြစ်သည်။
သို့သော် ရီဖူရှင်းက သူမကို ကောင်းကင်အာဏာစက်ဘုံသို့ ခေါ်လာခဲ့သည်။ ကံဆိုးစွာပင် မကြာခင်တွင် မှော်နက်နန်းတော်သည် ကောင်းကင်အာဏာစက်ဘုံကို ကျုးကျော်ခဲ့သည်။ မြေအောက်လောက၏သခင်သည် မှော်နက်စစ်တပ်၏ တပ်ဖွဲ့တစ်ဖွဲ့ကို ကိုယ်တောင်ဦးဆောင်ကာ ကောင်းကင်အာဏာစက်ဘုံကို ကျုးကျော်ခဲ့ပြီး ရီဖူရှင်းကို ထိုကောင်မလေးအား သူ့ကို ပြန်ပေးရန် ဖိအားပေးခဲ့သည်။ ထိုအချိန်က လောကအားလုံးကို ဆက်သွယ်ထားသော လမ်းကြောင်းမရှိသေးပေ။ ထို့ကြောင့် ကျုးကျော်မှုအင်အားသည် ယနေ့ခေတ်နှင့်ယှဉ်လျှင် အတော်လေးအားနည်းသည်ဟု ဆိုနိုင်ပေသည်။ သို့သော် ယခင်တုန်းက ကောင်းကင်အာဏာစက်ကျောင်းတော်သည်လည်း ယခုထက် ပို၍အားနည်းခဲ့သဖြင့် ကျုးကျော်မှုကို မခုခံနိုင်ခဲ့ပေ။
နောက်ဆုံးတွင် ကောင်မလေးသည် မှော်နက်နန်းတော်နှင့် လိုက်သွားရန် ရွေးချယ်ခဲ့သည်။
သူတို့၏တွေ့ဆုံမှုသည် ကြာခဲ့ပြီဖြစ်ရာ ရီဖူရှင်းသည် ထိုအကြောင်းကို တဖြည်းဖြည်း မေ့လျော့လာခဲ့၏။
ရီဖူရှင်းသည် တစ်ချိန်က ထိုကောင်မလေးကို ရီချင်းယောင်ဟု အမည်ပေးခဲ့သည်။