← Chapters

စိတ်အေးအေးထား

Vol. 38 Ch. 538

စိတ်အေးအေးထား

Vol. 38 Ch. 538

အခန်း (၅၃၈) စိတ်အေးအေးထား

ချန်လီတောင်မှ လူများသာမဟုတ် ၊ အခြားသော ထိပ်သီးသိုင်းဂိုဏ်းကြီးများမှ သိုင်းကျင့်ကြံသူများသည်လည်း ရှန်ယင်းကို စူးစိုက်ကြည့်နေကြသည်။

သူတို့၏ စွမ်းအားရောင်ဝါများကို ရည်ရွယ်ချက်ရှိရှိ ထုတ်လွှတ်ထားခြင်း မရှိသော်လည်း ဤမျှများပြားသော သိုင်းဆရာသခင်များ၏ ဖိအားများကို မည်သည့်သိုင်းပညာရှင်မဆို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ရှန်ယင်းမှာ မုန်တိုင်းထန်သော ပင်လယ်ကြားတွင် လွင့်မျောနေသော သင်္ဘောတစ်စင်းပမာ အလွန်အားနည်းဖျော့တော့လျှက် ရှိသည်။

သူမ၏နှုတ်ခမ်းများ အနည်းငယ်တုန်ယင်သွားသည်။

ခေါင်းမော့ကြည့်လိုက်တော့ သူမကို စိုးရိမ်စွာကြည့်နေကြသည့် သွေးနီနဂါးဂိုဏ်းမှ အကြီးအကဲများကို တွေ့ရ၏။

သူမ အဖြေမပေးခင် ရွှီဖေးက ရုတ်တရက် မေးလိုက်သည်။

“’ရှန်’ မိန်းကလေးရဲ့ ခန္ဓာကိုယ်က အခုထိ သန့်စင်သေးတယ်မဟုတ်လား ၊ ဒီမေးခွန်းကို မေးလို့ရမလား”

ထိုစကားကြားတော့ ရှန်ယင်း၏ဆရာက ဒေါသတကြီးဖြင့်...

“ရှင့်စကားက ဘာအဓိပ္ပါယ်လဲ”

ရွှီဖေးက အေးဆေးတည်ငြိမ်စွာဖြင့်...

“ငါက မင်းတို့ဆရာတပည့်ကို စော်ကားတာ မဟုတ်ပါဘူး ၊ ဒါပေမဲ့ သိုင်းကျင့်ကြံသူတိုင်းက ယင်နဲ့ယန် ကို ကျင့်ကြံရတာလေ ၊ မိန်းကလေးက အပျိုစင်ဖြစ်နေရင် ဒါမှမဟုတ် ယောကျ်ားလေးတစ်ယောက်နဲ့ အတူနေပြီးသွားရင် သူတို့ခန္ဓာကိုယ်က ယင်နဲ့ယန် စီးဆင်းမှုက ပြောင်းလဲသွားတယ် ၊ ဒီအပြောင်းအလဲက နောက်ပြန်လှည့်လို့မရတဲ့ ပြောင်းလဲမှုပါပဲ”

သွေးနီနဂါးဂိုဏ်းမှ လူများအားလုံး ရွှီဖေး၏စကားကို သဘောပေါက်သွားကြသည်။

ရွှီဖေးက ရှီကျွင်းကို တစ်ချက်ကြည့်လိုက်ပြီး ရှန်ယင်းကို လှမ်းကြည့်လိုက်သည်။

“ငါ့တပည့်က မိန်းကလေးကို မတရားကြံဖို့ ဖမ်းခေါ်သွားတယ်ဆိုရင် သူ့ဆန္ဒပြည့်တာနဲ့ သတ်ပစ်လိုက်လို့ ရတယ်လေ ၊ ပြီးတော့ သူတို့ အတူတူပျောက်နေတာ အချိန်အတော်ကြာသွားတယ်ဆိုတော့ အဖြစ်အပျက်တွေအများကြီး ဖြစ်နိုင်တာပဲ မဟုတ်လား”

“အခု အပြင်ပန်းကြည့်မယ်ဆိုရင် ‘ရှန်’ မိန်းကလေးဟာ အပျိုစင်ဖြစ်နေတုန်းပါပဲ ၊ ဒါပေမဲ့ အမြင်နဲ့ ဆုံးဖြတ်လို့မရဘူးလေ ၊ ခန္ဓာကိုယ်မှာစီးဆင်းနေတဲ့ ချီစွမ်းအားကို စစ်ဆေးပြီးမှ အတည်ပြုနိုင်လိမ့်မယ်”

ရွှီဖေးက ရှန်ယင်းထက် ကျင့်ကြံခြင်းအဆင့် များစွာမြင့်မားသဖြင့် ရှန်ယင်းခန္ဓာကိုယ်မှ ချီစွမ်းအားလည်ပတ်မှုနှင့် ယင်ယန် အပြောင်းအလဲများကို တစ်ချက်စမ်းသပ်ရုံဖြင့် သိရှိနိုင်သည်။ သို့သော် သူက ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးကြည့်ရန် ဆန္ဒမရှိပေ။

“ဒီနေရာမှာ ထိပ်သီးသိုင်းဂိုဏ်းကြီးတွေအကုန်လုံးက မိန်းကလေးကျင့်ကြံသူတွေ ရှိနေတယ် ၊ ရှန်ယင်းကို စစ်ဆေးပေးဖို့ အကူအညီ‌တောင်းတာက ပိုပြီးမျှတမယ် ထင်ပါတယ်”

ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့် သွေးနီနဂါးဂိုဏ်းမှလူများကို ကြည့်လိုက်သည်။

“လူတွေအများကြီးရဲ့ မျက်လုံးတွေအောက်မှာ မင်းတို့ လှည့်စားဖို့တော့ မကြိုးစားနဲ့ ၊ အားလုံးက မင်းတို့ကို စောင့်ကြည့်နေတာ”

ရန်ကျောက်ကဲ ဤသို့ပြောလိုက်သည်က အဓိပ္ပါယ် ရှိသည်။

အကယ်၍ ရှန်ယင်းထက် ကျင့်ကြံခြင်းအဆင့်မြင့်မားသူတစ်ယောက်က သူ၏ကြယ်တာရာချီစွမ်းအားအနှစ်သာရကို သူမခန္ဓာကိုယ်ထဲထည့်သွင်းလိုက်ပါက ယန်နှင့်ယန် မျှခြေကို အချိန်ခဏမျှ ပြောင်းလဲလိုက်နိုင်မည် ဖြစ်၏။

မည်သို့ပင်ဖြစ်စေ ဤနေရာတွင် နျန်ချန်မရှိသဖြင့် သွေးနီနဂါးဂိုဏ်းမှလူများ ဤသို့ပြုလုပ်ရဲမည် မဟုတ်ပေ။

ရှန်ယင်း၏ဆရာက မျက်မှောင်ကြုတ်လိုက်သည်။

တကယ်တော့ ရှန်ယင်း သူမအနားပြန်ရောက်လာကတည်းက စစ်ဆေးကြည့်ပြီးပြီဖြစ်သည်။ ရှန်ယင်း ဘာမှမဖြစ်ခဲ့သဖြင့် သူမ စိတ်သက်သာရာရစွာ သက်ပြင်းချခဲ့ရသည်။

ယခုတော့ ရွှီဖေး၏စကားကြောင့် သူမ ဒေါသထွက်ရပြန်၏။

ရွှီဖေးက...

“’ရှန်’ မိန်းကလေး အဖမ်းခံရတဲ့ကိစ္စကို ငါ တကယ် အရေးစိုက်ပါတယ် ၊ တကယ်လို့ ငါ့တပည့်က ရက်စက်ကြမ်းတမ်းတဲ့သူဖြစ်နေပြီး အကျင့်ပျက်တဲ့သူတစ်ယောက်ဆိုရင်... နောက်ပိုင်း သူ့စိတ်ထားတွေ ပိုပြီးပြင်းထန်လာတဲ့အခါ ပတ်ဝန်းကျင်အတွက် အန္တရယ်ရှိတယ် ၊ ငါက ထိန်းသိမ်းသင့်တာကို ထိန်းသိမ်းပေးရမယ်”

သူက ရှီကျွင်းကို ကြည့်ရင်း...

“မင်း အသက်ရှူချိန်တောင်မရအောင် သူတို့တွေ လိုက်ဖမ်းနေကြသလား...”

ရှီကျွင်းက ...

“တကယ်တော့ ကျွန်တော်တို့ သီးခြားနယ်မြေချိုင့်ဝှမ်းထဲကို မရောက်ခင်အထိ အခြေအနေက အရမ်းမတင်းမာသေးဘူး ၊ ကျွန်တော်က လမ်းကြောင်းရှာပြီး ကြယ်စင်လှည့်ပြောင်းပင်လယ်က အမြန်ဆုံးထွက်သွားချင်တာ ၊ သူတို့က အဲဒီနေရာမှာ ကျွန်တော်တို့ကို မထင်မှတ်ဘဲ တွေ့သွားကြတာ”

ရွှီဖေးက ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ရင်း...

“သူ့စကားအရဆိုရင်... ငါ့တပည့်သာ ‘ရှန်’ မိန်းကလေးကို မတရားကြံချင်တယ်ဆိုရင် အချိန်ရော အခွင့်အလမ်းရော အများကြီး ရှိနေခဲ့တယ်”

ဂိုဏ်းပေါင်းစုံမှလူများက ရှန်ယင်းဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

သွေးနီနဂါးဂိုဏ်းက သူတို့အားလုံးကို တားဆီးချင်သော်လည်း ရွေးချယ်စရာ နည်းလမ်းမရှိတော့ပေ။ သူတို့က သက်သေအထောက်အထားများကို လက်ဝါးကြီးအုပ်ထားချင်သည့်တိုင် အားလုံး၏အကြည့်များကြားတွင် မည်သို့မှ မတတ်နိုင် ဖြစ်ကြရသည်။

ရေသလင်းနန်းတော်မှ အမျိုးသမီးကျင့်ကြံသူတစ်ယောက်က ရှန်ယင်းကို ချက်ချင်း စစ်ဆေးကြည့်လိုက်ပြီး...

“’ရှန်’ မိန်းကလေးက အပျိုစင်ဖြစ်နေသေးတယ် ၊ ဘာမှမစွန်းထင်းဘူး”

ထို့နောက်ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူကလည်း စစ်ဆေးကြည်ပြီး ခေါင်းညိတ်အတည်ပြုလိုက်သည်။

ဓားအသင်္ချေရေကန် ၊ ကြံ့ဝိညာဉ်ကျွန်းနှင့် လေ့ဖုန်းဂိုဏ်းတို့မှ လူများက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး မည်သည့်စကားမှ မဆိုကြပေ။

သွေးနီနဂါးဂိုဏ်းမှ ဝါရင့်အကြီးအကဲတစ်ယောက်က မဲမှောင်သည့် မျက်နှာထားဖြင့်...

“ဒါကတော့... ဟိုကောင်စုတ်လေးက အဲဒီကိစ္စလုပ်ဖို့ စိတ်ဆန္ဒရှိနေပေမယ့် မစွမ်းဆောင်နိုင်တာလည်း ဖြစ်နိုင်တာပဲလေ...”

သူ့စကားကြောင့် လူတိုင်း ဆွံ့အသွားကြစဉ် ထိုအဘိုးအိုက စကားဆက်ပြောသည်။

“ကမ္ဘာပေါင်းအသင်္ချေမှာ ထူးဆန်းတဲ့အရာတွေ အများကြီး ရှိတယ် ၊ အဲဒီကိစ္စမစွမ်းဆောင်နိုင်လို့... မျိုးပွားနိုင်စွမ်းမရှိလို့ စိတ်ရူးသွပ်ပြီး တခြားသူတွေကို ရက်ရက်စက်စက် သတ်ဖြတ်တဲ့ လူယုတ်မာတွေအကြောင်း အရင်က သိခဲ့ရဖူးတယ်”

ပတ်ဝန်းကျင်လေထုက တိတ်ဆိတ်သွားသည်။

လူအများက ရှီကျွင်းကိုတစ်လှည့် ရှန်ယင်းကိုတစ်လှည့်ကြည့်ရင်း စကားမပြောနိုင် ဖြစ်နေကြ၏။ လက်ရှိတွင် သူတို့အားလုံးစိတ်ထဲ သံသယများ ပြည့်နက်နေပြီး ရှီကျွင်း အပြစ်ရှိသည်ဆိုသောအချက်မှာ မသေချာတော့ပေ။

သွေးနီနဂါးဂိုဏ်းမှအဘိုးကြီး၏စကားက ရယ်စရာကောင်းသော်လည်း အခြေအမြစ်မရှိသည်တော့ မဟုတ်ပေ။

ယင်နှင့်ယန် ပြောင်းလဲခြင်းမှတစ်ဆင့် ရှန်ယင်း၏ ဖြူစင်မှုကို သက်သေပြနိုင်သော်လည်း ရှီကျွင်း၏ ဖြူစင်မှုကတော့ သက်သေပြရန် မဖြစ်နိုင်ပေ။

အထူးဖြင့် ဤနေရာ လူအများရှေ့တွင် ရှီကျွင်းအနေဖြင့် သက်သေပြရန် လွယ်ကူမည် မဟုတ်ပေ။ လူငယ်တစ်ယောက်အနေဖြင့် အခြားသော ပြည်တန်ဆာမိန်းကလေးများနှင့် အပျော်အပျက် မှားယင်းခဲ့ခြင်းမျိုးများလည်း ရှိကောင်းရှိနိုင်သည် မဟုတ်လား။

သွေးနီနဂါးဂိုဏ်းမှ အဘိုးကြီးစကားကြောင့် ရှီကျွင်း ဒေါသချောင်းချောင်းထွက်သွားတော့ ရွှီဖေးက သူ့ပခုံးကို အသာပုတ်ကာ နှစ်သိမ့်ရင်း သွေးနီနဂါးဂိုဏ်းမှ အကြီးအကဲကို လှမ်းကြည့်လိုက်၏။

ချန်လီတောင်မှ အကြီးအကဲတစ်ယောက်က ဒေါသတကြီးဖြင့်...

“ဟေ့... အဘိုးကြီး’ဝမ်ချင်’... မင်း ဒီလိုစကားမျိုးပြောတာ မင်းကိုယ်တိုင်များ မျိုးပွားနိုင်စွမ်းမရှိတဲ့လူတစ်ယောက် ဖြစ်နေလို့များလားကွ.. ဟေ...”

သွေးနီနဂါးဂိုဏ်းမှ ‘ဝမ်ချင်’ က...

“ဒီအရွယ်ကြီးရောက်မှတော့ ကျင့်ကြံခြင်းကိုပဲ အပြည့်အဝအာရုံစိုက်ထားလို့ ဒီလိုကိစ္စတွေကို စိတ်မဝင်စားတော့ပါဘူး...”

ထို့နောက် သူက ဆက်လက်ငြင်းခုန်မနေတော့ဘဲ စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“ဒီကောင်လေး ဖျက်ဆီးတာကိုမခံရဘဲ အခုချိန်ထိ ဖြူစင်မှုကို ထိန်းထားနိုင်တာကြောင့် ယင်းအာအတွက် ဒီအဘိုးကြီး ဝမ်းသာပါတယ် ၊ ဒါပေမဲ့ ဒီကောင်လေး ယင်းအာကို ဖမ်းခေါ်သွားတာ တခြားရည်ရွယ်ချက်မရှိဘူးလို့တော့ ပြောလို့မရဘူး”

ဝမ်ချင်၏စကားက ရှီကျွင်းဘက် လှည့်သွားသည်။

“ပြီးတော့ သူစွပ်စွဲသလို နျန်ဝေက ရှန်ယင်းကို မတရားကြံတယ်ဆိုတာက လုံးဝ အဓိပ္ပါယ်မရှိဘူး ၊ ဒါ သက်သက်မဲ့ နျန်ဝေကို အသရေဖျက်တာပဲ...”

“နျန်ဝေနဲ့ ရှန်ယင်း စေ့စပ်ထားတယ်ဆိုတာ လူတိုင်းသည့်တယ် ၊ သူတို့ကျင့်ကြံခြင်းအဆင့် အခြေမခိုင်သေးလို့သာ မပေးစားကြသေးတာ ၊ ပြီးတော့ လက်မထပ်ဘဲအတူနေတာက ကျင့်ကြံခြင်းကို ထိခိုက်နိုင်တာဖြစ်လို့ သူတို့ အတူမနေကြဘူးဆိုတာ လူတိုင်းသိတယ်”

စကားလမ်းကြောင်းပြောင်းလိုက်သော အဘိုးကြီး’ဝမ်ချင်’ ကို ရန်ကျောက်ကဲ စိုက်ကြည့်လိုက်သည်။

သူက နျန်ဝေ အပြစ်ကင်းစင်ကြောင်း အာမခံပေးပြီး ပြဿနာကို ရှီကျွင်းဘက်သို့ လက်ညှိုးထိုးလိုခြင်း ဖြစ်၏။

အဆုံးသတ်မှာတော့ ရှီကျွင်းက သွေးနီနဂါးဂိုဏ်းမှ တပည့်များကို သတ်ဖြတ်လိုက်သော လူသတ်သမားအဖြစ် ရန်ငြိုးဖွဲ့မှုက မလျော့ပါးဘဲ နှစ်ဘက်ကြားတိုက်ပွဲ နီးကပ်လာပေလိမ့်မည်။

ရှီကျွင်းတွင် အပြစ်မရှိကြောင်း နောက်ပိုင်းမှ ဖြည်းဖြည်းချင်း သက်သေပြနိုင်သော်လည်း လောလောဆယ်တွင်တော့ သွေးနီနဂါးဂိုဏ်းက အမှန်တရားကို ရယူပြီး ရှီကျွင်းကို လက်ညှိုးထိုးလျှက် အပြစ်ထိုးချပေမည်။ ဤနည်းအားဖြင့် အခြားကိစ္စက ပျောက်ကွယ်သွားပြီး ရှီကျွင်းက နျန်ဝေနှင့် အခြားသူများကို သတ်ဖြတ်သည်ဆိုခြင်းက ကြီးမားသည့် ပြဿနာတစ်ခု ဖြစ်လာပေမည်။

လက်ရှိတွင် သွေးနီနဂါးဂိုဏ်းအနေဖြင့် ၎င်းတို့ဂုဏ်သိက္ခာကို ကာကွယ်ရန်နှင့် လမ်းမှန်ဂိုဏ်း (၇)ဂိုဏ်းအနက် ချန်လီတောင်နှင့် ရေသလင်းနန်းတော်မှလွဲပြီး ကျန်ဂိုဏ်း (၅) ဂိုဏ်း၏ ထောက်ခံမှုကို ရရှိရန် လိုအပ်နေသည်။

ဓားအသင်္ချေရေကန်မှ အကြီးအကဲတစ်ယောက်က ရှန်ယင်းကိုကြည့်ရင်း တည်ငြိမ်စွာဖြင့် စကားဆိုသည်။

“အဲဒီနေ့က ဘာတွေဖြစ်ခဲ့လဲဆိုတာ တူမလေး’ရှန်’ ပြောပြပါဦး ၊ ဒီလိုကိစ္စမျိုးက မိန်းကလေးတစ်ယောက်အနေနဲ့ အမှန်ကို ဖွင့်ပြောဖို့ အတော်လေးခက်ခဲမယ်ဆိုတာ ဒီအဘိုးကြီး သိပါတယ် ၊ ဒါပေမဲ့ ‘ရှန်’ ဂိုဏ်းချုပ်ရဲ့သမီးက အဓိကတာဝန်ရှိတဲ့သူဖြစ်လို့ ဖြေရှင်းပေးရလိမ့်မယ်”

သူက ဆက်ပြောသည်။

“ဒီကိစ္စက လူအများနဲ့သက်ဆိုင်နေတဲ့အတွက် သေသွားတဲ့လူတွေအတွက်လည်း တရားမျှတဖို့ လိုအပ်တယ်လေ”

ဓားအသင်္ချေရေကန်မှ အကြီးအကဲကိုကြည့်ရင်း ချန်လီတောင်မှလူများ မဲ့ရွဲ့သွားကြကာ စိတ်ထဲက ရေရွတ်လိုက်ကြသည်။

“ဟက်... သောက်ပြောကတော့...”

ဂိုဏ်းပေါင်းစုံမှ သိုင်းသမားများအားလုံး၏ အကြည့်များက ရှန်ယင်းထံ ကျရောက်သွားကြပြန်၏။

ရှီကျွင်းကို လှမ်းကြည့်ရင်း ရှန်ယင်း၏မျက်နှာလေးက ဖြူဖျော့သွားသည်။

သူမနှင့် အကြည့်ချင်းဆုံလိုက်တော့ ရှီကျွင်းမှာလည်း ရင်ထဲနင့်ရသည်။

ရှန်ယင်းက...

“ဂိုဏ်းတူအစ်ကို’နျန်ဝေ’ က ကျွန်မကို မတရားကြံခဲ့တယ်ဆိုတာ မဟုတ်ပါဘူး”

မထင်မှတ်သောစကားကြောင့် ရှီကျွင်း အံ့သြသွားသလို ဒေါသလည်းထွက်သွားသည်။

သို့သော် ရှန်ယင်း၏ သွေးရောင်မရှိ ဖြူဖျော့နေသော သနားစဖွယ်မျက်နှာလေးကိုမြင်ရသည့်အခါ သူ့နှုတ်ဖျားမှ အပြစ်တင်စကား မဆိုရက်တော့ပေ။

ထိုအချိန် သူ့ပခုံးထက် လက်တစ်ဖက်က ဖိနှိပ်ကျလာသည်ကို ခံစားသည်။ လှည့်ကြည့်လိုက်တော့ ရန်ကျောက်ကဲဖြစ်နေသည်ကို တွေ့ရ၏။

“စိတ်အေးအေးထား...”

ရန်ကျောက်ကဲမျက်ဝန်းများက ရေပြင်ကဲ့သို့တည်ငြိမ်နေပြီး လက်ရှိအဖြစ်အပျက်များကို အံ့သြဟန် မပြခဲ့ပေ။

ထိုအချိန်...

ကြယ်စင်လှည့်ပြောင်းပင်လယ်ပြင်မှ နဂါးများထွက်ပေါ်လာသည့်ပမာ စွမ်းအားပြင်းထန်သော ရောင်ဝါများထွက်ပေါ်လာပြီး မိုးကုန်စက်ဝိုင်းသည်ပင် တုန်ခါသွားသယောင် ထင်မှတ်ရသည်။

ကျွန်းငယ်လေးဆီသို့ လူတစ်စု လျှင်မြန်စွာချဉ်းကပ်လာကြပြီး ထိုသူများမှာ နျန်ချန် ၊ ရှန်စစ်ချန်နှင့် သွေးနီနဂါးဂိုဏ်းမှ အခြားသောသိုင်းသမားများ ဖြစ်ကြလေ၏။

All Chapters