← Chapters

စစ်ပွဲတွင်ပါဝင်ရန် ထွက်ခွာမည်လော...

Vol. 184 Ch. 2628

စစ်ပွဲတွင်ပါဝင်ရန် ထွက်ခွာမည်လော...

Vol. 184 Ch. 2628

ရီဖူရှင်းသည် သူ့အရှေ့ရှိ အတန်ငယ်ရင်းနှီးသောမျက်နှာလေးကိုကြည့်ကာ တောက်ပစွာ ပြုံးလိုက်သည်။ သူက ပြောလိုက်၏။

“မင်းက ကြီးလာပြီပဲ။ ငါတောင် မင်းကို မမှတ်မိတော့မလို ဖြစ်သွားတယ်”

သူသည် ထိုသို့ပြောလိုက်ပြီး လက်ရှေ့ဆန့်လိုက်ကာ ယခင်ကကဲ့သို့ ရီချင်းယောင်၏ ဦခေါင်းလေးကို ပွတ်ပေးရန် လုပ်လိုက်သည်။ ရီချင်းယောင်၏ခန္ဓာကိုယ်သည် အကျင့်အရ နောက်သို့ ယို့မလိုဖြစ်သွားသည်။ သို့သော် သူမသည် မလှုပ်မယှက်သာ ရပ်နေလိုက်ပြီး ထိုသို့မလုပ်လိုက်ချေ။ သူမ၏အကြည့်သည် အတန်ငယ် စိတ်လှုပ်ရှားနေပုံပေါ်လေသည်။

နှစ်ပေါင်းများစွာအတွင်း၌ လူများသည် သူမ၏ဦးခေါင်းကို ထိရန်မဆိုထားနှင့် သူမနားသို့ ကပ်ဝံ့သူပင် အနည်းငယ်သာ ရှိပေသည်။

သူမ‌ တွေးတောလိုက်သည်။

“မှော်နက်နန်းတော်က လူတွေသာ ဒီမြင်ကွင်းကို မြင်သွားရင် သူတို့ရဲ့ မျက်နှာထားတွေ ဘယ်လိုဖြစ်သွားမလဲ”

“ချင်းယောင်... မင်း ဒီနှစ်တွေအတွင်းမှာ အဆင်ပြေရဲ့လား”

ရီဖူရှင်းက ဂရုစိုက်စွာ မေးလိုက်သည်။ သူ့အတွေးထဲတွင် ရီချင်းယောင်သည် သူမက သူမဘေးမှလူများကို ကံဆိုးမှုများ ယူဆောင်လာပေးသည်ဟု ယုံကြည်နေသော သူမကိုယ်သူမအရှက်ရနေသည့် က‌လေးမလေးတစ်ဦးသာဖြစ်သည်ဟု မြင်နေဆဲဖြစ်သည်။

ချင်းယောင် မှော်နက်လောကသို့ ခေါ်သွားခံခဲ့ရစဉ်က ရီဖူရှင်းသည် အလွန်ဝမ်းနည်းခဲ့သည်။ သူမ၏အနာဂတ်သည် မည်သို့ဖြစ်မည်ကို သူမသိခဲ့ပေ။ သို့သော် ယခုတွင် သူမသည် မှော်နက်နန်းတော်တွင် ထိုကဲ့သို့ အဆင့်အတန်းမြင့်သော နေရာတစ်ခုကို ရရှိထားကြောင်း မြင်လိုက်ရသောအခါ သူသည် စိတ်အေးသွားလေသည်။

ယခု သူတွေးကြည့်ပါမှ သူသည် သူမကို အမည်ပေးခဲ့သူဖြစ်ပေသည်။ သူမသည် သူ၏မျိုးရိုးနာမည်ကိုပင် ယူထားပေသည်။

ရီချင်းယောင်က ခေါင်းခါလိုက်ပြီး နူးညံ့စွာပြောသည်။

“ညီမက အမြဲ အဆင်ပြေပါတယ်”

သူမသည် မှော်နက်လောကတွင် မည်မျှအဆင့်အတန်းမြင့်သည်ဖြစ်စေ သူမရှေ့ရှိ ရင်းနှီးသောမျက်နှာကို မြင်လိုက်ရသောအခါ သူမ၏ကံကြမ္မာအလှည့်အပြောင်းကာလကို  ရုတ်ခြည်းပြန်အမှတ်ရသွားလေသည်။

ထိုမတိုင်ခင်က သူမသည် မည်သူကမှ အရေးမထားသည့် မိဘမဲ့တစ်ဦးသာဖြစ်ပေသည်။ အားလုံးသည် သူမကို အနိုင်ကျင့်လျှင်ကျင့်၊ သို့မဟုတ် ရှောင်လျှင်ရှောင် ဖြင့်သာ ဆက်ဆံခဲ့ကြသည်။ အချို့လူများသည် သူမကို ဖမ်းရန်ပင် ကြိုးစားခဲ့ကြသည်။

သူမ၏ဘဝသည် မျှော်လင့်ချက်တစ်မျှင်ပင် မရှိသည့် အမိုက်မှောင်ထဲတွင် ရောက်နေခဲ့သည်။

ရီဖူရှင်းက သူမကို သိသည်မှာ မကြာသေးသော်လည်း သူသည် သူမဘဝတွင် အရေးပါဆုံးလူတစ်ယောက်ဖြစ်သည်။ သူသည် သူမကို မျှော်လင့်ချက်ပေးခဲ့ပြီး သူမဘဝထဲမှ အလင်းတန်းတစ်ခုဖြစ်ပေသည်။

သူမသည် မှော်နက်လောကမှ စစ်တပ် ကျုးကျော်လာချိန်ကို မည်သည့်အခါမှ မေ့မည်မဟုတ်ချေ။

ကောင်းကင်အာဏာစက်မြို့အထက်တွင် မြူခိုးများ ဖုံးလွှမ်းနေခဲ့သည်။ သူမအတွက် ရီဖူရှင်းသည် မှော်နက်စစ်တပ်နှင့် စစ်ပြုရန် မတုံ့ဆိုင်းခဲ့ချေ။ ထိုစဉ်က သူမ မည်မျှ ရင်ထဲတွင်လှိုက်လှိုက်လှဲလှဲ ခံစားခဲ့ရကြောင်း မည်သူမှ မသိပေ။ သူမသည် သူမကို အမည်ပေးခဲ့သော အစ်ကိုကြီးသည် သူမကို ဘဝသစ်တစ်ခုလည်းပေးခဲ့သည်ဟု အမြဲယုံကြည်ထားသည်။ ထိုနေ့မှစ၍ သူမ၏ရင်ထဲရှိ ရီဖူရှင်း၏နေရာကို မည်သူမှ မယူနိုင်တော့ပေ။

နှစ်ပေါင်းများစွာအတွင်းတွင် ထိုခံစားချက်သည် သူမကို ရှေ့ဆက်နိုင်မည့် အင်အားပေးပေသည်။ သူမသည် သူမ၏မယိုင်လဲသောယုံကြည်မှုကို အမြဲဆွဲကိုင်ထားခဲ့သည်။ သူတို့သည် ဆယ်စုနှစ်ပေါင်းများစွာ မတွေ့ခဲ့ရသော်လည်း သူမကြီးပြင်းလာသည့် တစ်လျှောက်တွင် ရီဖူရှင်းသည် သူမဘေး၌ တစ်နည်းနည်းဖြင့် အမြဲရှိနေသည်ဟု ခံစားခဲ့ရသည်။

အတိတ်က ရိုးသားသည့် ကလေးမလေး၏ စိတ်အားငယ်မှုနှင့် ကူကယ်ရာမဲ့မှုတို့ကို မည်သည်မှ နားမလည်ခဲ့သကဲ့သို့ ယခုတွင်လည်း သူမခံစားနေရသည့် ခံစားချက်ကို မည်သူမှ နားမလည်နိုင်ပေ။

“မင်း ရောက်လာတယ်ဆိုတာကိုသာသိရင် ရာရာက သေချာပေါက် ကျေနပ်သွားမှာပဲ”

ရီဖူရှင်း ပြောသည်။

“အခု သူရော ဘယ်လိုလဲ”

ရီချင်းယောင်က ဂရုတစိုက်မေးလိုက်သည်။ အတိတ်တွင် ရီဖူရှင်းနှင့် ရာရာတို့သည် သူမကို သူမ၏ ကံကြမ္မာဆိုးကြီးထဲမှ အတူဆွဲထုတ်ပေးခဲ့သူများဖြစ်သည်။

“သူက အတော် အဆင်ပြေနေပါတယ်။ သူက အခု စီဝေ့အင်ပါယာနန်းတော်ထဲမှ အခန်းအောင်း ကျင့်ကြံနေတယ်။ ခဏလောက်စောင့်ပါ... ငါ သူ့ကို မင်းနဲ့တွေ့ရဖို့ သွားခေါ်လိုက်မယ်”

ရီဖူရှင်း ပြောလိုက်၏။

“ညီမ အစ်ကိုကြီးနဲ့အတူ လိုက်ခဲ့မယ်”

ရီချင်းယောင်က သိမ်မွေ့စွာပြုံးလျှက် ပြောသည်။ မှော်နက်လောကမှလူများသည် သူမ၏ဤအပြုအမူကို တစ်ခါမှ မမြင်ခဲ့ဖူးပေ။

“ကောင်းပြီ...”

ရီဖူရှင်း ခေါင်းညိတ်လျှက် ပြန်ပြောသည်။

“မင်းဒီမှာရှိတုန်း ငါ မင်းကို စီဝေ့အင်ပါယာနန်းတော်ကို လှည့်ပတ်ပြပေးမယ်”

“အင်း...”

ရီချင်းယောင် ခေါင်းညိတ်လိုက်၏။ သူတို့နှစ်ဦးသည် နန်းတော်အပြင်ဘက်သို့ ထွက်သွားသည်။ သူတို့ ခြံဝန်းအတွင်းမှ ထွက်သွားပြီးနောက်တွင် လွန်စွာစွမ်းအားကြီးသော ကျင့်ကြံခြင်းအစွမ်းရှိသည့် ပုံရိပ်များ တိတ်တိဆိတ်ထွက်ပေါ်လာသည်။ သူတို့သည် မှော်နက်နန်းတော်မှ ကျင့်ကြံသူများဖြစ်သည်။ သူတို့အားလုံးသည် သူမနောက်သို့ လိုက်သွားကြသည်။

“ရှင်တို့အားလုံး ဒီမှာ စောင့်နေကြပါ”

ရီချင်းယောင်သည် ခြံဝန်းထဲသို့ ပြန်လာ၍ အေးစက်စွာ အမိန့်ပေးလိုက်သည်။ သူမ၏ဝတ်ရုံသည် သူမ၏မျက်နှာကို ကာရံထား၏။ သူမဘေးရှိ ရီဖူရှင်းသည်ပင် သူမ၏အမိန့်ကို ကြားလိုက်ရသောအခါ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်။

ချင်းယောင်သည် အတိတ်ကလို ကံဆိုးမလေးတစ်ဦးမဟုတ်တော့ကြောင်း ရီဖူရှင်းသိပေသည်။

သူသည် သူမအတွက် ခံစားချက်များရောထွေးနေသည်။ ယခင်က ချင်းယောင်သည် မှော်နက်နန်းတော်သို့ ခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။ ယခုတွင် သူမသည် မှော်နက်နန်းတော်တွင် ဂုဏ်အဆင့်အတန်းမြင့်မားနေပေပြီ။ ကြည့်ရပုံအရ မှော်နက်နန်းတော်ရှိ သူမအ၏အဆင့်အတန်းသည် သူထင်ထားသည်ထက် ပိုမြင့်လောက်ပေသည်။

ကံဆိုးစွာပင် ရီဖူရှင်းသည် မှော်နက်လောကကို သဘောမကျပေ။ သူသည် မှော်နက်လောကကို အထင်ပင်သေးသည်။

သို့သော် ချင်းယောင်သည် သူမ၏ကံကြမ္မာကို ဆုံးဖြတ်နိုင်ရန် ရွေးချယ်ခွင့် ရှိခဲ့ပါလေသလော။

မရှိခဲ့ပေ။

ရီဖူရှင်းသည် သူ၏မှော်နက်လောကအပေါ် မနှစ်မြို့မှုကို ရီချင်းယောင်ပေါ်တွင် ပုံချမည်လော။ သူသည် ထိုသို့ လုပ်နိုင်သည့် အနေအထားတွင် မရှိပေ။ ရီချင်းယောင်၏ ကလေးဘဝသည် ဘေးဒုက္ခအတိပြီးခဲ့သည်။ သူမသည် မှော်နက်လောကသို့ အတင်းခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။ သူမသည် သူမ၏ကံကြမ္မာကို လုံးဝ ကိုယ်တိုင်မဆုံးဖြတ်နိုင်ခဲ့ပေ။

“နားလည်ပါပြီ...”

မှော်နက်နန်းတော်က မည်သူမှ ရီချင်းယောင်၏ အမိန့်ကို မဆန့်ကျင်ခဲ့ပေ။ သူတို့အားလုံးသည် သူတို့ရှိနေသောနေရာတွင်သာ ကျန်ခဲ့သည်။ သူတို့သည် သူမ၏လုံခြုံရေးကို စိုးရိမ်ပုံမ‌ပေါ်ချေ။

မှော်နက်နန်းတော်မှ ရာထူးမြင့်သူများသည် ရီချင်းယောင်နှင့် ရီဖူရှင်းတို့အကြားရှိ ဆက်ဆံရေးအကြောင်းကို အနည်းငယ်သိပေသည်။ ထို့အပြင် ထိုဆက်ဆံရေးမရှိလျှင်ပင် ရီဖူရှင်းက ရီချင်းယောင်ကို ထိဝံ့ပါက စီဝေ့ကြယ်ကောင်းကင်သည် ပြာချခံလိုက်ရမည်ဖြစ်သည်။

တစ်ဖက်တွင်လည်း စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ဖြစ်ပျက်နေသည်များကို အလွန်နားမလည်နိုင်ဖြစ်နေကြ၏။

အဘယ်ကြောင့် သူတို့၏နန်းတော်သခင်သည် မှော်နက်လောကမှ အရေးပါသူကို ခေါ်ဆောင်သွားရသနည်း။

“သူတို့နောက်ကိုလိုက်...”

တစ်စုံတစ်ယောက်က ပြောသည်။ လျှပ်တစ်ချက်ပြက်သွားပြီး သူတို့သည် ကောင်းကင်ပေါ်သို့ ပျံတက်ကာ ရီဖူရှင်းနောက်သို့ လိုက်သွားကြသည်။ သူတို့သည် ရီဖူရှင်းနောက်မှ လိုက်ရင်းဖြင့် စီဝေ့အင်ပါယာနန်းတော်သို့ ပြန်ရောက်လာကြသည်။

စီဝေ့အင်ပါယာနန်းတော်ထဲတွင် ရီဖူရှင်းနှင့် ရီချင်းယောင်တို့သည် အင်ပါယာရှား၏ နန်းဆောင်များထဲမှ တစ်ခုသို့ သွားလိုက်ကြသည်။

ရာရာသည် ထိုနေရာတွင် ကျင့်ကြံနေသည်။ သူမသည် ရီဖူရှင်းရောက်လာသည်ကို မြင်လိုက်သောအခါ သူမ၏ကျင့်ကြံမှုကို ရပ်တန့်၍ သူ့အနားသို့ သွားလိုက်သည်။ သူမသည် ရီဖူရှင်းဘေးတွင် ရပ်နေသော ရီချင်းယောင်ကို စိတ်ဝင်တစား ငေးကြည့်နေလေသည်။

“ရာရာ... ဘယ်သူ မင်းဆီလာလည်လည်းဆိုတာ ကြည့်ပါဦး”

ရီဖူရှင်းက ပြုံးလျှက်‌ပြောလိုက်ပြီး ရီချင်းယောင်သည် သူ၏ဝတ်ရုံကို ဖယ်လိုက်သည်။ ရီဖူရှင်းကဲ့သို့ပင် ရာရာသည်လည်း ရီချင်းယောင်ကို မြင်မြင်ချင်း မမှတ်မိပေ။ သူတို့ခွဲခွာခဲ့ရစဉ်က ရီချင်းယောင်သည် အလွန်ငယ်ရွယ်ခဲ့သေးသည် မဟုတ်ပါလား။ ယခုတွင် သူမ၏ ပုံပန်းသွင်ပြင်နှင့် ဟန်ပန်အမူအရာသည် များစွာ ပြောင်းလဲခဲ့ပေပြီ။

“မမ...”

ရီချင်းယောင် နှုတ်ဆက်လိုက်သည်။

“နင်... နင်က ချင်း‌ယောင်လား”

ရာရာသည် မယုံနိုင်ဟန်ဖြင့် မေးလိုက်သည်။

“အင်း...”

ရီဖူရှင်းက ပြုံးလျှက် ခေါင်းညိတ်ပြလိုက်၏။ ရုတ်ခြည်းပင် ရာရာသည် ဝမ်းသာပျော်ရွှင်သွားသည်။ သူမသည် ရီချင်းယောင်အနားသို့ တိုးသွားပြီး သူမ၏လက်ကိုကိုင်ကာ ပြောသည်။

“နင်က အခု အရွယ်ရောက်လာပြီပဲ”

“ရာရာ... နှစ်တွေဘယ်လောက်တောင်ကြာသွားပြီဆိုတာ မင်း သတိပြုမိတယ်မလား”

ရီဖူရှင်း စနောက်လိုက်သည်။ ရီချင်းယောင် အရွယ်ရောက်လာပြီဟု သူမပြောခြင်းသည် ဘာအဓိပ္ပာယ်နည်း။

“မမကတော့ အရင်ကအတိုင်းပဲ... အချိန်က မမအပေါ် မသက်ရောက်တဲ့ပုံပဲ”

ရီချင်းယောင်သည် သူမရှေ့ရှိ ရင်းနှီးသောမျက်နှာကို စိုက်ကြည့်၍ ပြောသည်။

ရာရာသည် အတန်ငယ် အိပ်မက်ဆန်သည်ဟု ခံစားနေရပေသည်။

“နင်က မှော်နက်လောကမှ ကျင့်ကြံနေတာလား”

“ဟုတ်တယ်...”

ရီချင်းယောင် ခေါင်းညိတ်လိုက်၏။

“ငါက ဒီနှစ်တွေအတွင်းမှာ နင့်အတွက် စိုးရိမ်နေခဲ့တာ။ အခု နင် အဆင်ပြေတာမြင်ရတော့ ငါ စိတ်အေးနိုင်ပါပြီ”

ရာရာ ပြုံးလျှက် ပြောသည်။ နောက်ဆုံးတွင် သူမရင်ထဲမှ အလုံးကြီးတစ်ခု ကျသွားပေပြီ။

ရီချင်းယောင်သည် ရင်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရ၏။ လောကကြီးထဲတွင် သူမကို အမှတ်ရနေသူများ ရှိနေပေသေးသည်။

“ချင်းယောင်... မင်း ဒီတစ်ခေါက် မူလဘုံကို လာခဲ့တဲ့ခရီးမှာ တခြားလုပ်စရာကိစ္စတွေ ရှိသေးလား”

ရီဖူရှင်း မေးလိုက်သည်။ ရီချင်းယောင်သည် နှစ်ပေါင်းများစွာကြာမှ ပထမဆုံးအကြိမ် ပြန်ပေါ်လာခြင်းဖြစ်သည်။ သူမထံတွင် အခြားလုပ်စရာကိစ္စများ ရှိနိုင်ပေသည်။

“ညီမက အစ်ကိုကြီးဆီကို အမြဲ အလည်လာချင်နေခဲ့တာပါ။ ဒါပေမဲ့ မကြာသေးခင်ကမှ ညီမ မှော်နက်နန်း‌တော်က ထွက်ခွင့်ရခဲ့တယ်”

ရီချင်းယောင် ရှင်းပြလိုက်သည်။

“ဒီတစ်ခေါက် ညီမက ကောင်းကင်ဒေသကို သွားရမှာ”

သူမသည် သူမခရီး၏ ရည်ရွယ်ချက်ကို ပြောပြလိုက်သောအခါ သူမ၏နက်မှောင်သောမျက်ဝန်းထဲတွင် အနက်ရောင်အရှိန်အဝါတစ်ခု လက်သွားလေသည်။ ရီဖူရှင်းက သူမထံမှ ကြောက်မက်ဖွယ် သေမင်းဝိညာဉ်စွမ်းအားတစ်ခုကို အာရုံရလိုက်သည်။ သို့သော် ၎င်းသည် ရုတ်ခြည်းအတွင်း ပျောက်ကွယ်သွား၏။ ထို့ကြောင့် သူရင်တုန်သွားလေသည်။

ထိုသေမင်းဝိညာဉ်စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းပေသည်။ ချင်းယောင်သည် စစ်ပွဲတွင် ပါဝင်ရန် ကောင်းကင်ဒေသသို့ သွားမည်ဖြစ်သည်။

အမှန်တွင် ရီချင်းယောင်သည် အခြားအကြောင်းတစ်ခုကို တွေးနေခြင်းဖြစ်ကြောင်းကိုမူ သူမသိပေ။ ကောင်းကင်ဒေသမှ အင်အားစုများသည် ရီဖူရှင်းကို အကြမ်းဖက်ခဲ့သည်ဟူသော ကောလာဟလများကို သူမကြားခဲ့ရသည်။ သူတို့သည် ရီဖူရှင်းကို သတ်ဖြတ်ရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သည်။

All Chapters