← Chapters

သေမင်းနှင့် ထျန်းယန်မြို့၏ အရေးပေးခံရသူ

Vol. 184 Ch. 2629

သေမင်းနှင့် ထျန်းယန်မြို့၏ အရေးပေးခံရသူ

Vol. 184 Ch. 2629

ရီဖူရှင်းသည် ရင်ထဲတွင် အတန်ငယ် ဒွိဟဖြစ်သွားသည်။ သူသည် ချင်းယောင်က စစ်ပွဲတွင်ပါဝင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ အနာဂတ်တွင် ယူချင်းသည်လည်း နတ်ဆိုးဘုံကို ကိုယ်စားပြု၍ စစ်ပွဲထဲတွင် သေချာပေါက် ပါဝင်မည်ဖြစ်သည်။

သူနှင့် ထိုဘုံများ၏ ဆက်ဆံရေးသည် အတန်ငယ် ရှုပ်ထွေးပေသည်။ ကောင်းကင်ဒေသအကြောင်းကိုမူ ရှင်းပြနေရန် မလိုတော့ပေ။ သူသည် အမြဲ ကောင်းကင်ဒေသ၏ အုပ်ချုပ်မှုအောက်တွင်သာ ရှိခဲ့ခြင်းဖြစ်သည်။ ဗုဒ္ဓလောကမှာမူ သူသည် လမ်းညွှန်ပြသမှုသွားရှာပြီး သင်ကြားပြပေးမှုများစွာကို ရရှိခဲ့သော လောကဖြစ်သည်။ သူသည် ဗုဒ္ဓလမ်းစဉ်ကိုလည်း ဟောပြောခဲ့ဖူးပြီး ဟွာချင်းချင်းသည် ဗုဒ္ဓအားလုံးအရှင်ကျင့်ကြံရာတွင် အဖော်ပြုပေးခဲ့ဖူးပေသည်။ နတ်ဆိုးဘုံအတွက်မူ သူနှင်ယူချင်း၏ ဆက်ဆံရေးကြောင့် ထပ်၍ရှင်းပြရန် လိုမည်မထင်ပေ။ ယခုတွင် ရီချင်းယောင်သည်လည်း မှော်နက်လောကတွင် မြင့်မားသော ရာထူးအဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားပေသည်။

ယခုတွင် ထိုဆက်ဆံရေးများသည် ရှုပ်ထွေးနေလေသည်။

ရီဖူရှင်းက မည်သူ့ကိုမှ မဖျောင်းဖျခဲ့ပေ။ နတ်ဆိုးအင်ပါယာပြောခဲ့သလိုပင် အားလုံးသည် ကိုယ့်အကြောင်းနှင့်ကိုယ်ပင် မဟုတ်ပါလော။ သူသည် ထိုအရာများကို လိုက်၍မထိန်းချုပ်နိုင်ချေ။ သူလုပ်နိုင်သည်မှာ ရီချင်းယောင်ကို သတိပေးစကားဆိုရန်သာ ဖြစ်သည်။

“ချင်းယောင်... မင်းက စစ်ပွဲထဲမှာ ပါဝင်ဖို့ ကောင်းကင်ဒေသကို သွားတာဆိုရင် ကိုယ့်ကိုယ်ကို ဂရုစိုက်မှရမယ်”

ဘုံခြောက်ဘုံ၏ စစ်ပွဲသည် မတွေးနိုင်လောက်အောင် အန္တရာယ်များပေလိမ့်မည်။

“ညီမ သိပါတယ်”

ရှီချီယောင် ခေါင်းညိတ်လိုက်၏။

သူတို့သုံးဦးသည် အချိန်တစ်ခုကြာအောင် စကားစမြည်ပြောနေခဲ့ကြပြီး နောက်ဆုံးတွင် ရီချင်းယောင် ထွက်ခွာသွားလေသည်။ မကြာခင်တွင် လက်အောက်ငယ်သားတစ်ယောက်သည် ရီချင်းယောင်တစ်ယောက် မှော်နက်နန်းတော်မှ ကျင့်ကြံသူများနှင့်အတူ စီဝေ့ကြယ်ကောင်းကင်မှ ထွက်ခွာသွားပြီဖြစ်ကြောင်း တင်ပြလာသည်။

“အဘိုးမာ...”

စီဝေ့အင်ပါယာနန်းတော်ထဲတွင် ရီဖူရှင်းက အဘိုးမာကို ဆင့်ခေါ်လိုက်သည်။

အဘိုးမာ ရောက်လာပြီး ရီဖူရှင်း၏ အမိန့်ကို ‌စောင့်ဆိုင်းနေ၏။

“အားလုံးကို ကောင်းကင်ဒေသက ဘုံခြောက်ဘုံရဲ့ စစ်မြေပြင်အခြေအနေကို စောင့်ကြည့်ထားပြီး ပုံမှန်တင်ပြဖို့ ကျွန်တော့ကိုယ်စား ပြောပေးပါ...”

ရီဖူရှင်း ပြောသည်။ ထိုမတိုင်ခင်က သူသည် ကျင့်ကြံခြင်းနှင့် စီဝေ့ကြယ်ကောင်းကင်၏အင်အား တိုးတက်လာရေးကိုသာ အာရုံစိုက်ထားခဲ့သည်။ သို့သော် စစ်ပွဲသည် ပို၍ပြင်းထန်လာသောအခါ ကျင့်ကြံသူများလည်း ပို၍ပါဝင်လာကြပေသည်။

ယခုတွင် ရီဖူရှင်းက ဘုံခြောက်ဘုံ၏ စစ်ပွဲကို အနီးကပ်အာရုံစိုက်နေပြီဖြစ်သည်။

“ကောင်းပါပြီ...”

အဘိုးမာခေါင်းညိတ်လိုက်၏။ ထို့နောက်တွင် သူသည် ထွက်သွားပြီး ကောင်းကင်ဒေသနယ်စပ်ရှိ မြောက်ဘက်ကမ်းပါးဒေသကို တမာန်တော်များစေလွှတ်ရန် ပြင်ဆင်လိုက်သည်။

အဘိုးမာထွက်သွားပြီးနောက်တွင် ရီဖူရှင်းက မျက်လုံးမှိတ်၍ ဆက်လက်ကျင့်ကြံနေလိုက်သည်။ လအနည်းငယ်ကြာပြီးနောက် စီဝေ့ကြယ်ကောင်းကင်ထဲတွင် ကိစ္စကြီးတစ်ခု ဖြစ်ပျက်ခဲ့သည်။ ထိုကိစ္စကြီးသည် အားလုံးကို အလွန်အမင်းစိတ်လှုပ်ရှားသွားစေလေသည်။

ရီဖူရှင်းကို ထည့်မတွက်လျှင် စီဝေ့ကြယ်ကောင်းကင်သည် မဟာအကြီးအကဲ သခင်ချန်အပြင် မဟာလမ်းစဉ်ဒုတိယကောင်းကင်ကပ်ဘေးကို ကျော်လွှားနိုင်သည့် နောက်ထပ်ထိပ်သီးတစ်ဦးကို မွေးထုတ်ပေးခဲ့နိုင်ပေသည်။

ပို၍ အရေးအကြီးသည်မှာ ထိုသူမှာ နန်းတော်သခင်မ ဟွာဂျီယူ ဖြစ်နေခြင်းပင်။

ဆယ်စုနှစ်များကုန်ဆုံးသွားပြီဖြစ်ပြီး နောက်ဆုံးတွင် ဟွာဂျီယူသည် လွန်စွာအရေးပါသည့် ဤအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။ လက်ရှိတွင် ရီဖူရှင်းထံတွင် စွမ်းအားကြီးထိပ်သီးသုံးယောက်၏ တိုက်ခိုက်စွမ်းရည်ရှိနေပေပြီ။

ထိုသုံးယောက်မှာ ရီဖူရှင်း၊ သခင်ချန်နှင့် ဟွာဂျီယူတို့ဖြစ်သည်။

သူတို့ထံတွင် အင်ပါယာရှီ၊ မုရုံယွီ၊ တာအိုဘုန်တော်ကြီးမူ၊ မျက်မမြင်ထျယ်၊ ဂူတုံးလျှို၊ ဟွာချင်းချင်း၊ ချန်ယိ၊ ယန်ဝူချီနှင့် ဖန်းစွင်တို့ကဲ့သို့ ပထမကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ပြီးသူအနည်းငယ်လည်း ရှိပေသည်။

ထိုကြောက်မက်ဖွယ်လူတစ်စုသည် မည်သည့်နေရာတွင်ဖြစ်စေ ပထမတန်းစားသာ ဖြစ်နေမည်ဖြစ်သည်။ မဟာအင်ပါယာများ၏ အမွေအနှစ်များကို ထည့်မတွက်လျှင် ဤအုပ်စုသည် ကောင်းကင်ဒေသရှိ မည်သည့် ရှေးဟောင်းနတ်ဘုရားကလန်ထက်မဆို ပိုအင်အားကြီးနိုင်ပေသည်။

ထို့အပြင် ယခုတွင် ရှန်ယိကုန်းမြေသည်လည်း စီဝေ့ကြယ်ကောင်းကင်၏ တစ်စိတ်တစ်ပိုင်းဖြစ်နေပြီး ထိုကုန်းမြေတွင် ထိပ်သီးကျင့်ကြံသူများစွာ ရှိပေသည်။

အကယ်၍ သူတို့သည် အင်အားပူးပေါင်းလိုက်လျှင် စီဝေ့ကြယ်ကောင်းကင်၏ အင်အားသည် ပို၍ပင် အံ့အားသင့်ဖွယ်ကောင်းသွားမည်ဖြစ်သည်။

စီဝေ့ကြယ်ကောင်းကင်အတွင်းမှ လူအားလုံးသည် ဟွာဂျီယူတစ်ယောက် မဟာလမ်းစဉ်ဒုတိယကောင်းကင်ကပ်ဘေးကို ‌ကျော်ဖြတ်ပြီးသွားသဖြင့် အလွန်အမင်း ဝမ်းသာနေကြ၏။ သို့သော် မည်သူမှ ရီဖူရှင်းထက်ပို၍ ဝမ်းမသာနိုင်ပေ။

သူတို့နှစ်ယောက်သည် ခင်ပွန်းနှင့်ဇနီးဖြစ်ပြီး ယခုတွင် နှစ်ဦးစလုံးသည် စွမ်းအားကြီးသူများဖြစ်သွားကြပေပြီ။ စီဝေ့ကြယ်ကောင်းကင်၏အင်အားသည် ပို၍ပင် အားကောင်းလာခဲ့ပြီဖြစ်သည်။

သို့သော် ထိုအချိန်တွင် အဆင့်မြင့်ကမ္ဘာများ၏ ကောင်းကင်ဒေသမှ သတင်းရောက်ရှိလာခဲ့သည်။ ဘုံခြောက်ဘုံ၏ စစ်ပွဲသည် ပို၍ပင် ပြင်းထန်လာပေပြီ။

မှော်နက်နန်းတော်မှနေ၍ လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူတစ်ဦးထွက်ပေါ်လာခဲ့သည်။ ထိုကျင့်ကြံသူကို သေမင်းဟု ခေါ်ကြသည်။ သူမထွက်ပေါ်လာတိုင်းတွင် သူမသည် ဝတ်ရုံတစ်ခုထဲတွင် ပုန်းအောင်းနေပြီး သူမ၏ ခန္ဓာကိုယ်နှင့် မျက်နှာကို မည်သူမှ မမြင်နိုင်ကြပေ။ သို့သော် သူမ ဖြတ်သန်းသွားရာတစ်လျှောက်တွင်  သက်ရှိများ သေဆုံးခဲ့ရသည်။ အကယ်၍ တစ်စုံတစ်ယောက်သာ သူမ၏မျက်ဝန်းများကို စိုက်ကြည့်မိလျှင် ထိုသူသည် သေဆုံးကာ အလုံးစုံ ပျောက်ကွယ်သွားမည်ဖြစ်သည်။

ထိုသေမင်း ထွက်ပေါ်လာရာ နေရာတိုင်းတွင် မဟာလမ်းစဉ် ခမ်းခြောက်သွားပြီး ကောင်းကင်နှင့် မြေကြီးအကြားရှိ ဝိညာဉ်စွမ်းအားလည်း ကုန်ခမ်းသွားသည်။ အရာအားလုံး သေဆုံးသွားပြီး သုဿန်တစ်စပြင်ကဲ့သို့ တိတ်ဆိတ်သွားလေသည်။ စစ်မြေပြင်တွင် သူမ၏လက်ချက်ဖြင့် ကျင့်ကြံသူပေါင်း မြောက်မြားစွာ သေကြေခဲ့သည်။

သူမသည် မြောက်ဘက်ကမ်ပါးဒေသရှိ ကုန်းမြေအချို့ကို ဖြတ်သန်းသွားပြီး သူမဖြတ်သန်းသွားရာနေရာတိုင်းတွင် သက်ရှိများ ဆက်မရှင်သန်နိုင်ခဲ့ပေ။ ထို့ကြောင့် မြောက်ဘက်ကမ်းပါးဒေသမှ လူများသည် သွေးရူးသွေးတန်းဖြင့် ထွက်ပြေးကြရလေသည်။ အမှန်တကယ် မလွတ်မြောက်နိုင်သူများပင် အရာအားလုံးကို ရင်း၍ ထွက်ပြေးနိုင်ရန် ကြိုးပမ်းခဲ့ကြသည်။

သူတို့တွင် ရွေးချယ်စရာ မရှိခဲ့ပေ။

ထိုနေရာတွင် ဆက်နေ,နေလျှင် သူတို့ သေချာပေါက် သေသွားမည်ဖြစ်သည်။

ရီဖူရှင်းက ထိုသတင်းကို ရလိုက်သောအခါ မျက်နှာမည်းသွားသည်။

ထိုလျှို့ဝှက်ဆန်းကြယ်သောသေမင်းသည် ရီချင်းယောင်ဖြစ်ကြောင်း သူသိပေသည်။

ရီချင်းယောင်သည် အလွန်လျင်မြင်စွာ ကျော်ကြားလာလိမ့်မည်ဟု သူမထင်ခဲ့ပေ။ ထို့အပြင် သူမသည် စစ်မြေပြင်သို့ ရောက်ခါစမှပင် သေမင်းဟူသော အမည်ဖြင့် ထိုကဲ့သို့ အံ့အားသင့်ဖွယ် ကျော်ကြားခဲ့ခြင်းပင်။

တစ်ချိန်တုန်းက သူမသည် ဝမ်းနည်းနေသော ကလေးကမလေးတစ်ဦး ဖြစ်ခဲ့ပြီး ‌လောကကြီး၏ စွန့်ပစ်မှုကို ခံခဲ့ရကာ ခိုကိုးရာမဲ့ခဲ့သည်။

ရီချင်းယောင် ပြောင်းလဲသွားပြီဖြစ်ကြောင်း ရီဖူရှင်း သိပေသည်။ သူမသည် ယခင်က ရီချင်းယောင် မဟုတ်တော့ပေ။ သို့သော် ပြောင်းလဲမှုသည် ဤမျှကြီးမားလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။

သေမင်းသည် ကောင်းကင်ဒေသတစ်ခွင်လုံးကို လှုပ်ခတ်သွားစေသည်။ မကြာခင်တွင် ကောင်းကင်ဒေသ၊ ဗုဒ္ဓလောကနှင့် လူသားဘုံတို့မှ ထိပ်သီးကျင့်ကြံသူများသည် သေမင်းကို လိုက်လံဖမ်းဆီးမည့် သူတို့၏တာဝန်ကို စခဲ့သည်။ တစ်ချိန်တည်းမှာပင် ဒွန်ဟောင်အင်ပါယာနန်းတော်သည် ကောင်းကင်ဒေသမှ ထိပ်သီးအင်အားစုအားလုံးကို စစ်ပွဲတွင်ပါဝင်ရန် တရားဝင်အမိန့်ထုတ်ပြန်လိုက်သည်။ မှော်နက်နန်းတော်မှ သေမင်းကို သတ်နိုင်သည့် မည်သူမဆို ဆုလာဘ်များစွာ ရှိမည်ဖြစ်သလို အင်ပါယာနန်းတော်တွင် ကျင့်ကြံနိုင်မည့် အခွင့်အရေးလည်းရကာ အရှင်ဒွန်ဟောင်ကိုယ်တိုင် လမ်းညွှန်ပြသပေးမှုကိုလည်း ခံရမည်ဖြစ်သည်။

အချို့အင်အားစုများသည် အမိန့်နာခံခဲ့ကြပြီး အချို့မှာမူ ဝေ့လည်ကြောင်ပတ်သာ လုပ်နေခဲ့သည်။

သို့သော် ထိုအချိန်တွင် ထျန်းယန်မြို့မှလာခဲ့သော ကျင့်ကြံသူတစ်စုသည် စစ်မြေပြင်အတွင်းသို့ တရားဝင် ဝင်ရောက်ခဲ့ပြီဖြစ်သည်။ သူတို့သည် စစ်မြေပြင်အတွင်းသို့ ရောက်သည်နှင့် ကောင်းကင်ဒေသကို အပြင်းအထန် ဝင်ရောက်ကျူးကျော်သည့် အခြားအဓိကလောကသုံးခုမှ ကျင့်ကြံသူများစွာကို ရှင်းထုတ်ခဲ့ကြလေသည်။ သူတို့သည် သူတို့သွားရောနေရာတိုင်းတွင် ရှုံးပွဲမရှိပေ။ ရှေးဟောင်းနတ်ဘုရားကလန်တစ်ခု၏ အဟန့်စွမ်းအားသည် ဒွန်ဟောင်အင်ပါယာနန်း‌တော်ထက်ပင် ပိုကြီးပုံပင်။

ထို့အပြင် ထိုသို့ထင်ရသည်မှာ လူတစ်ဦးကြောင့် ဖြစ်ပေသည်။

ထိုလူမှာ ထျန်းယန်မြို့၏ အရေးပေးခံရသူ၊ အရှင်ထျန်းယန်၏ အမွေဆက်ခံသူ ဝမ်ရှောင်ပင်။

ဝမ်ရှောင်သည် ရီဖူရှင်း၏လက်တွင် အကြိမ်များစွာ မရှုမလှရှုံးပြီးနောက်တွင် ပထမဆုံးအကြိမ်အဖြစ် လောကထဲတွင် ပြန်ပေါ်လာခြင်းဖြစ်ပြီး သူ၏ပြောင်မြောက်သော စွမ်းဆောင်ချက်ဖြင့် လောကကို အံ့အားသင့်သွားစေခဲ့သည်။

ဤတစ်ခေါက် ထွက်ပေါ်လာသော ဝမ်‌ရှောင်သည် ယခင်ကထက် ပို၍ ကြောက်ရွံ့ထိတ်လန့်စရာ ကောင်းပေသည်။ သူသည် လုံးဝပြောင်းလဲသွားပြီး အခြားလူတစ်ယောက်ကဲ့သို့ ဖြစ်သွားသည်ဟုပင် ဆိုနိုင်လေသည်။ ထျန်းယန်မြို့သခင်ကိုယ်တိုင် စစ်ပွဲအတွင်း ပါဝင်လာလျှင်ပင် ဝမ်ရှောင်လောက် ကြောက်မက်ဖွယ်ကောင်းမည်မဟုတ်ပေ။

ဝမ်ရှောင်သည် ရွှေမီးတောက်ချပ်ဝတ်ကို ဝတ်ဆင်၍ ကောင်းကင်တုန်ဟည်းတူကို ကိုင်ဆွဲကာ လောကထဲတွင် ထွက်ပေါ်လာခဲ့သည်။ သူသည် စစ်မြေပြင်အတွင်းသို့ အစစ်အမှန်နတ်ဘုရားတစ်ပါးအလား ကျဆင်းလာခဲ့သည်။ သူသည် အရာအားလုံး၏ အထက်တွင်ရှိပြီး မည်သူမှ သူ့ကို မတားဆီးနိုင်ချေ။ ဤလောကထဲတွင် မဟာအင်ပါယာအဆင့်လက်နက်များကို အလုံးစုံထိန်းချုပ်နိုင်သည့် စွမ်းရည်ရှိသည်ဟု ပြောဝံ့သူမှာ အနည်းငယ်သာ ရှိပေသည်။

ဝမ်ရှောင်သည် ကြောက်မက်ဖွယ်ကိုယ်ပိုင်စွမ်းရည်ကို ပိုင်ဆိုင်ထားသည့်အပြင် မဟာအင်ပါယာအဆင့်လက်နက်များကိုလည်း ထိန်းချုပ်နိုင်လေသည်။

အချိန်တစ်ခုအထိ ထျန်းယန်မြို့မှ ဝမ်ရှောင်၏အမည်သည် လောကတစ်ခွင်တွင် နောက်တစ်ကြိမ် ပဲ့တင်ထပ်သွားပြီး သေမင်း၏ ကျော်ကြားမှုကိုပါ ဖုံးလွှမ်းသွား၏။ သူသည် ဘုံခြောက်ဘုံ၏စစ်ပွဲကို သူတစ်ဦးတည်းဖြင့် အဆုံးသတ်လိုနေပုံပင်။

ထိုသတင်းသည် စီဝေ့အင်ပါယာနန်းတော်သို့ ရောက်ရှိလာပြီး ရီဖူရှင်း၏ နားအတွင်းသို့ ရောက်ရှိသွားသည်။

ချင်းယောင်သည် သေမင်းဖြစ်လာခဲ့သည်။

ဝမ်ရှောင်သည် သူ၏ပြိုင်ဘက်ကင်းစွမ်းရည်ကို လောကထဲတွင် ထပ်မံပြသမည်ဟု ရီဖူရှင်း မမျှော်လင့်ထားခဲ့ပေ။

သို့သော် ရီဖူရှင်းသည် ဝမ်ရှောင်ကို ယခင်က သူတို့၏တွေ့ဆုံခဲ့မှုကြောင့် မနှစ်မြို့သော်လည်း ဝမ်ရှောင်သည် မဟာအင်ပါယာအဆင့်လက်နက်များကို ထိန်းချုပ်နိုင်ခြင်းမှာ အမှန်တရားဖြစ်သည်။ အရှင်စီဝေ့၏အကာအကွယ်ကြောင့်သာ မဟုတ်လျှင် မဟာအင်ပါယာအဆင့်လက်နက်များ၏ အကူအညီကို ရရှိထားသော ဝမ်ရှောင်သည် စီဝေ့ကြယ်ကောင်းကင်ကို ဖျက်ဆီးပစ်နိုင်မည်ဖြစ်သည်။

“ငါ အပြင်ကို သွားလိုက်ဦးမယ်”

ရီဖူရှင်းက ဟွာဂျီယူကို ပြောသည်။

“ဘယ်ကိုသွားမှာလဲ...”

ဟွာဂျီယူ မေးလိုက်၏။

“ကောင်းကင်ဒေသ...”

ရီဖူရှင်း ပြောသည်။

“ငါ မြောက်ဘက်ကမ်ပါးဒေသကို တစ်ချက်လောက် သွားကြည့်ချင်တယ်”

“ငါလည်း နင်နဲ့အတူ လိုက်ခဲ့မယ်။ အခု ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်လည်း မြင့်သွားပြီဆိုတော့ နင့်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်တော့ဘူး”

ဟွာဂျီယူ ပြောလိုက်၏။

သူက ပြုံးလျှက် ပြန်ပြောသည်။

“အဲဒီမှာက စစ်မြေပြင်ပဲ... မင်းက အဲဒီမှာ ဘာလုပ်မလို့လဲ။ ငါတစ်ယောက်တည်း ခြေရာလက်ရာမကျန်ဘဲ သွားရ၊ လာရတာက ပိုလွယ်ပါတယ်”

“နင့်သဘောပဲ...”

ဟွာဂျီယူက သူနှင့် ငြင်းခုန်မနေတော့ပေ။ ရီဖူရှင်းက သူမကို မလိုက်ခဲ့စေလိုပါက သူမ လိုက်သွားမည်မဟုတ်ပေ။

All Chapters