စစ်မြေပြင်
Vol. 184 Ch. 2630
မြောက်ဘက်ကမ်းပါးဒေသတွင် ဘုံခြောက်ဘုံ၏ စစ်ပွဲသည် ကုန်းမြေများစွာကို လွှမ်းခြုံထားပေသည်။
နတ်ဆိုးဘုံက ဦးဆောင်သော၊ မှော်နက်လောကနှင့် နတ္တိအင်ပါယာဘုံက ထောက်ပံ့ပေးသော မဟာမိတ်တပ်ဖွဲ့များသည် မြောက်ဘက်ကမ်းပါးဒေသတစ်ခွင်လုံးနီးပါးကို သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။ လက်ရှိတွင် ကောင်းကင်ဒေသအတွင်းရှိ မြောက်ဘက်ကမ်းပါးဒေသသည် ကျဆုံးသွားသောနယ်မြေဖြစ်နေပေပြီ။
ထိုအခိုက်တွင် နတ်ဆိုးဘုံက ဦးဆောင်သော စစ်တပ်သည် မြောက်ဘက်ကမ်းပါးဒေသအစွန်တွင် စခန်းချထား၏။ နယ်စပ်ကုန်းမြေတွင် ကောင်းကင်ဒေသဦးဆောင်၍ လူသားဘုံနှင့် ဗုဒ္ဓလောကတို့က ထောက်ပံ့ပေးထားသော စစ်တပ်က စခန်းချထားပေသည်။
ထိုစဉ် ကုန်းမြေထက်ရှိ တစ်နေရာ၌ ရီဖူရှင်း ပေါ်လာသည်။ သူသည် အောက်သို့ ငုံ့ကြည့်လိုက်ပြီး သူ့အောက်ရှိ ကျယ်ပြောသော ကုန်းမြေကို လေ့လာလိုက်သည်။ မရေမတွက်နိုင်အောင် များပြားသော ကျင့်ကြံသူများ မျက်စိတစ်ဆုံးရှိနေသည်။ စွမ်းအားကြီးကျင့်ကြံသူများသည် နေရာအနှံ့တွင် ရှိနေပေသည်။
ဘုံခြောက်ဘုံရှိ ကျင့်ကြံသူ အရေအတွက်အတိအကျကို မသိနိုင်ပေ။ ငြိမ်းချမ်းရေးကာလတွင် သူတို့သည် နေရာအနှံ့တွင် ရှိနေခဲ့သည်။ သို့သော် ယခုတွင် သူတို့သည် စစ်ပွဲကြောင့် အတူစုဝေးနေကြပြီး မတွေးနိုင်လောက်အောင်ပင် စွမ်းအားကြီးသော ဧရာမအုပ်စုကြီးတစ်စုကို ဖွဲ့ထားလေသည်။
ရီဖူရှင်း ကောင်းကင်ထက်တွင် ခရီးသွားနေစဉ်အတွင်း၌ ကုန်းမြေအချို့ကို ဖြတ်သန်းသွားခဲ့ရပြီး ထိုကုန်းမြေများသည် အကြီးအကျယ် ဖျက်ဆီးခံထားရသည်ကို တွေ့ခဲ့ရသည်။ အချို့ကုန်းမြေများသည် စစ်ပွဲဒဏ်ကြောင့် လုံးဝပျက်စီးနေပြီဖြစ်သည်။ နေရာများစွာတွင် အလောင်းများ တောင်ပုံရာပုံ ဖြစ်နေကြ၏။ ကျင့်ကြံသူပေါင်းများစွာ သေကြေပျက်စီးခဲ့ရသည်။
သမိုင်းတစ်လျှောက်တွင် ဤကဲ့သို့ ကြီးကျယ်သော စစ်ပွဲတိုင်း၌ ဤကဲ့သို့ ရလဒ်မျိုးထွက်ခဲ့သည်ချည်းသာဖြစ်သည်။ အသက်ပေါင်းများစွာ ဆုံးရှုံးရခြင်းနှင့် ကြောက်မက်ဖွယ်နောက်ဆက်တွဲဆိုးကျိုးများကို ရှောင်လွှဲ၍ မရနိုင်ပေ။
ရီဖူရှင်းက ရှေ့သို့ဆက်၍ ပျံသန်းနေသည်။ သူပို၍ဝေးဝေးရောက်လာလေလေ၊ စစ်မြေပြင်၏ ဗဟိုချက်နှင့် နီးကပ်လာလေလေဖြစ်ပြီး စစ်တပ်များ၏ ကျင့်ကြံခြင်းအစွမ်းသည် ပို၍ ကြီးလာပေသည်။ ဤကဲ့သို့ ကြီးကျယ်သောစစ်ပွဲမျိုးတွင် ထိပ်သီးများ၏ အားပြိုင်မှုသည် ပို၍အခရာကျလေသည်။ မိမိဘက်မှ ထိပ်တန်းအဆင့် ကျင့်ကြံသူများသာ အသာစီးရခဲ့ပါက နိုင်,နိုင်ချေလည်း ပိုများလာမည်ဖြစ်သည်။
ရန်ဟောင်အဆင့်အောက်ပိုင်းမှ ကျင့်ကြံသူများသည် များစွာအသုံးမဝင်ပေ။ ထို့ကြောင့် စစ်တပ်များသည် ရန်ဟောင်အဆင့်ကျင့်ကြံသူအများစုဖြင့်သာ ဖွဲ့စည်းထားကြသည်။ ဒွန်ဟောင်အင်ပါယာနန်းတော်၏ အမိန့်ကြောင့် စစ်တပ်ထဲ၌ ရန်ဟောင်အဆင့်ကျင့်ကြံသူများ များစွာရှိနေပေသည်။ အမှန်တွင် သူတို့၏တည်ရှိမှုသည် အမြဲ စစ်ပွဲအတွက် ပြင်ဆင်ထားမှု ဖြစ်ခဲ့သည်။
ကောင်းကင်ဒေသသည် နှစ်ရာပေါင်းများစွာ ငြိမ်သက်နေခဲ့သော်လည်း သူ့တို့၏အတွေးထဲတွင် စစ်ပွဲဟူသောအရာသည် ဝေးဝေးသို့ ထွက်မသွားခဲ့ချေ။
နှစ်ဖက် စတင်တိုက်ခိုက်ခဲ့သောအခါ နှစ်ဖက်စလုံးသည် ကြိုတင်ပြင်ဆင်ထားမှုများကို အသုံးပြုခဲ့ကြသည်။ ရန်ဟောင်အဆင့်ထက်မြင့်သော ကျင့်ကြံသူများသည် ရန်ဟောင်အဆင့်ကျင့်ကြံသူများကို မဆင်မခြင်သတ်ကြမည်မဟုတ်ပေ။ ဤစစ်ပွဲသည် လက်ရည်တူသူများ၏ စစ်ပွဲဖြစ်သည်။ ထိပ်သီးများသည် အခြားထိပ်သီးများနှင့်သာ တိုက်ခိုက်ကြမည်ဖြစ်ပြီး ရန်ဟောင်အဆင့်စစ်တပ်များသည် ရန်ဟောင်အဆင့်ကျင့်ကြံသူများနှင့်သာ တိုက်ခိုက်ကြမည်ဖြစ်သည်။
သို့သော် စစ်ပွဲသည် ပို၍ပြင်းထန်လာသောအခါ စစ်မြေပြင်အခြေအနေသည်လည်း စတင်ပြောင်းလဲလာသည်။ လက်ရှိစစ်ပွဲသည် ပို၍ အစွန်းရောက်လာပြီဖြစ်သည်။ နှစ်ဖက်စလုံးသည် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းများကို အကြီးအကျယ် စတင်လုပ်ဆောင်လာကြသည်။ ထိပ်သီးများသည်လည်း ရန်သူမှန်သမျှကို အဆင့်ခွဲခြားမနေတော့ဘဲ သတ်ဖြတ်နေကြပေပြီ။
ပြီးခဲ့သော ထိပ်တိုက် တိုက်ပွဲများတွင် ကျင့်ကြံသူများစွာ သေကြေခဲ့ရလေသည်။
သေဆုံးသွားသူအများစုသည် မှော်နက်နန်းတော်မှ သေမင်းနှင့် ထျန်းယန်မြို့မှ ဝမ်ရှောင်တို့၏ လက်ချက်ဖြင့် သေဆုံးခဲ့ရခြင်းပင်။ သူတို့၏ အဆက်မပြတ်သတ်ဖြတ်မှုများသည် ရူးသွပ်မှုဟုပင် ဆိုနိုင်ပေသည်။
သေမင်းသည် အတွေးတစ်ချက်ဖြင့်ပင် အဆုံးမဲ့နယ်မြေတစ်ခုကို သေခြင်းနယ်မြေအဖြစ် ပြောင်းလဲပစ်နိုင်၏။ ဝမ်ရှောင်၏ မဟာအင်ပါယာအဆင့်လက်နက်များ၏ တိုက်ခိုက်မှုတစ်ချက်သည် ကုန်းမြေတစ်ခုလုံးကို ဖောက်ထွင်းသွားနိုင်ပေသည်။ သူတို့၏ အဖျက်စွမ်းအားသည် မည်မျှကြီးသည်ကို စိတ်ကူးကြည့်၍ပင် မရနိုင်ပေ။
ရီဖူရှင်းသည် စစ်မြေပြင်တစ်လျှောက်တွင် လွန်စွာလျင်မြန်သောအရှိန်ဖြင့် ပျံသန်းနေသည်။ သူသည် ပျက်စီးနေသော နေရာများစွာကို တွေ့ခဲ့ရသည်။ အချို့ကုန်းမြေများသည် အစိတ်စိတ်အမွှာမွှာပင် ဖြစ်နေပေပြီ။ စစ်ပွဲအရှိန်ကြောင့် ကုန်းမြေများပင် ပျက်စီးရပေသည်။
သူ ဆက်၍ပျံသန်းနေပြီး ထိုကုန်းမြေ၏ အစွန်ပိုင်းသို့ ရောက်ရှိလာသည်။ ထိုနေရာရှိ ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအဆင့်သည် ပိုမြင့်ကြောင်း သူမြင်နိုင်ပြီး ထိုကျင့်ကြံသူများသည် စစ်ပွဲ၏အဓိကလူများ ဖြစ်ရမည်ဟု ဆိုနိုင်ပေသည်။ ထိုအခိုက်တွင် နှစ်ဖက်စလုံးသည် အတိုက်အခိုက်ရပ်စဲထားပုံပေါ်ပြီး လူပြန်စုနေကြ၏။
မည်သူမှ အဆုံးမဲ့တိုက်ပွဲများကို မတိုက်နိုင်သည် မဟုတ်ပါလား။
ရီဖူရှင်းအပေါ်သို့ နတ်အာရုံတန်းများ ရောက်ရှိလာပြီး အောက်ဘက်ရှိ မြေပြင်တွင် စွမ်းအားကြီး ကျင့်ကြံသူများစွာ ထွက်ပေါ်လာသည်။
“အဲဒီက ဘယ်သူလဲ”
ရီဖူရှင်း၏နားထဲသို့ တစ်စုံတစ်ယောက်၏အသံ ဝင်ရောက်လာပြီး ရီဖူရှင်း၏နတ်အာရုံသည်လည်း များစွာစောင့်ထိန်းမှုမရှိဘဲ အခြားသူများကို ပြန်အာရုံခံလိုက်သည်။ လက်ရှိလောကထဲတွင် စွမ်းရည်အပိုင်းတွင် သူ့ထက်သာလွန်သူများစွာ ရှိပေသည်။ သူတို့သည် သူ့ကို ထိပ်တိုက်,တိုက်ခိုက်လျှင် အနိုင်ယူနိုင်သော်လည်း ပြောက်ကျားတိုက်လျှင်မူ သူ့ကိုမီနိုင်ရန် လိုသေးသည်။
သူ၏နတ်အာရုံသည်လည်း အခြားသူများကို ဖြတ်သန်းသွားသည်။ ထိုတစ်နေရာအတွင်းမှာပင် ထိပ်သီးကျင့်ကြံသူများစွာ ရှိပြီး အချို့သူများသည် ကြောက်မက်ဖွယ်အရှိန်အဝါများကို ပိုင်ဆိုင်ထားကြလေသည်။ သူတို့အယောက်တိုင်းသည် ထူးကဲသောဟန်ပန်ရှိကြပြီး ထူးကဲသောဇစ်မြစ်များ ရှိကြ၏။
ဝှီး...
ကောင်းကင်ထက်တွင် လူများစွာ ပေါ်လာပြီး ရီဖူရှင်း၏ လမ်းကို ပိတ်ဆို့ကာရံလိုက်သည်။ ထိုလူအားလုံးသည် စွမ်းအားကြီးအရှိန်အဝါရှိကြပြီး ရီဖူရှင်းကို စိုက်ကြည့်ကာ မေးလိုက်ကြသည်။
“မင်းက ဘယ်ဘက်ကလဲ”
ရီဖူရှင်းက ထူးဆန်းသောမျက်နှာထားပြုလိုက်၏။ သူ့ကို မှတ်မိသည့်သူ များစွာ မရှိပေ။
ထိုလူများသည် ကောင်းကင်ဒေသမှ ဟုတ်ပုံမပေါ်ချေ။
ရီဖူရှင်းသည် မေးခွန်းကို လျစ်လျူရှုလိုက်ပြီး သူရှိနေသောနေရာမှ ပျောက်ကွယ်သွားလေသည်။ အခြားသူများ၏ မျက်နှာထားသည် ရုတ်ခြည်းပြောင်းလဲသွားပြီး အံ့အားသင့်သွားကြသည်။ သူသည် ဤကဲ့သို့ပင် ထွက်ခွာသွားပြီလော။
“အဲဒါက ရီဖူရှင်းပဲ”
ထူးကဲသောဟန်ပန်ရှိသည့် အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“သူက စစ်မြေပြင်ကို လာလောက်မယ်လို့ ငါမထင်ဘူး”
“မူလဘုံရဲ့ နံပါတ်တစ်လား...”
လူငယ်တစ်ဦးက မေးလိုက်၏။ သူတို့သည် ရီဖူရှင်းအကြောင်းကို သိကြောင်း ထင်ရှားပေသည်။ ယခုတွင် ဘုံခြောက်ဘုံရှိ ထိပ်သီးများထဲတွင် ရီဖူရှင်းကို မသိသည့်သူမှာ အနည်းငယ်သာ ရှိပေတော့သည်။
“ဟုတ်တယ်... သူ စစ်မြေပြင်ကို လာလိမ့်မယ်လို့ မထင်ထားမိဘူး။ ဒါပေမဲ့ သူက ဒီစစ်မြေပြင်မှာ ဘာလုပ်နေတာလဲ”
အစောက ပြောလိုက်သောသူသည် စိတ်ဝင်တစားမေးလိုက်သည်။
“ဘုံခြောက်ဘုံရဲ့ စစ်ပွဲကြောင့် မူလဘုံက ယာယီ ဘေးရောက်နေတာပဲ... ဘာလို့ သူက အေးအေးချမ်းချမ်း ကျင့်ကြံနေမယ့်အစား ဒီကို လာရတာလဲ”
လူငယ်က ပြုံးလျှက် ပြန်ပြောသည်။ ယခုတွင် မည်သူ့ထံတွင်မှ မူလဘုံကို အာရုံစိုက်ရန် အချိန်မရှိပေ။ ရီဖူရှင်းသည် ဤအခွင့်အရေးကို အသုံးချ၍ သူ၏အင်အားကို မြှင့်တင်ရန် အာရုံစိုက်နေသင့်သည် မဟုတ်ပါလား။
“အဲဒါက ငါတို့နဲ့ မဆိုင်ဘူး... တကယ်လို့ ဝမ်ရှောင်သာ သူဒီကိုရောက်နေတာ သိသွားရင် သူ့ကို သတ်ချင်မှာပဲ။ ဒါပေမဲ့ ရီဖူရှင်းက ဗုဒ္ဓရောင်ဝါခြေလှမ်းကို ကျင့်ကြံထားတော့ သူ့ကို ဖမ်းမိမယ်၊ မဖမ်းမိဘူးဆိုတာ အတပ်ပြောလို့မရဘူး...”
ရီဖူရှင်း ထင်ထားသကဲ့သို့ပင် ထိုလူများသည် ကောင်းကင်ဒေသမှ ကျင့်ကြံသူများမဟုတ်ကြပေ။ သူတို့သည် လူသားဘုံမှ စွမ်းအားကြီး ကျင့်ကြံသူများဖြစ်သည်။ သူတို့သည် ရီဖူရှင်းကို တွေ့တွေ့ချင်း မမှတ်မိသော်လည်း အချိန်တစ်ခုပေးလိုက်လျှင် သူတို့အားလုံး သူမည်သူဖြစ်ကြောင်း သိရှိသွားမည်သာ။
ရီဖူရှင်းသည် အခြားနေရာတစ်ခုတွင် ပြန်ပေါ်လာပြီး စစ်မြေပြင်အထက်တွင် ဆက်ပျံသန်းနေလိုက်သည်။ သို့သော် ထိုအခိုက်တွင် သူသည် တစ်စုံတစ်ယောက်က သူ့ကို နောက်ယောင်ခံလိုက်နေကြောင်း ခပ်ရေးရေးခံစားလိုက်ရ၏။ သူ မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် အသံတစ်သံက ပြောလိုက်သံကို ကြားလိုက်ရလေသည်။
“ဒကာလေးရီ... မတွေ့တာတောင် ကြာခဲ့ပြီပဲ”
ရီဖူရှင်းသည် သူ၏နတ်အာရုံဖြင့် လေ့လာလိုက်ပြီး ဦးတည်ရာတစ်ဖက်သို့ ကြည့်လိုက်ရာ သူနှင့်ခပ်လှမ်းလှမ်းရှိ ကျင့်ကြံသူတစ်စုကို မြင်လိုက်ရလေသည်။ ထိုနေရာတွင် မြင့်မြတ်သော ဗုဒ္ဓအလင်းတစ်ခု တောက်ပနေလေသည်။ သူတို့ထဲတွင် ရီဖူရှင်းနှင့် ရင်းနှီးသူများ ပါလေသည်။
သူ့ကို စကားလှမ်းပြောလိုက်သူမှာ ရဟန်းထုံချန်းဖြစ်ကြောင်း အံ့အားသင့်ဖွယ် တွေ့လိုက်ရ၏။ သူ့ဘေးတွင် ရဟန်းရှန်းယန်လည်း ရှိနေပေသည်။ သူ၏မျက်လုံးများသည် ရွှေရောင်အဖြစ် ပြောင်းနေပြီဖြစ်သည်။ ထို့အပြင် သူသည် ရီဖူရှင်းကို တိုက်ရိုက်ငေးကြည့်နေပြီး ဗုဒ္ဓအလင်းသည် အာကာပြင်ကို ဖောက်ကာ လင်းလက်နေလေသည်။
ယခုတွင် ထိုရဟန်းနှစ်ပါး၏ ကျင့်ကြံခြင်းသည် လွန်စွာလေးနက်လာပြီဖြစ်ပြီး သူတို့သည် မဟာလမ်းစဉ်ပထမကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်ပြီးကြပေပြီ။ လက်ရှိတွင် သူတို့သည် မဟာဗုဒ္ဓများဟု ဆိုနိုင်သည့်အဆင့်တွင် ရှိနေပြီဖြစ်သည်။
အခြားတစ်ဖက်တွင် ပို၍ ကြောက်မက်ဖွယ်ကောင်းသည့် ဗုဒ္ဓအရှင်များရှိပေသည်။ သူတို့ထဲတွင် ထုံချန်းဗုဒ္ဓအရှင်နှင့် ရှန်းယန်ဗုဒ္ဓအရှင်တို့ပါလေသည်။
ယခင်က ရီဖူရှင်းသည် အနောက်ဘက်ဗုဒ္ဓလောကတွင် ဗုဒ္ဓအရှင်များစွာနှင့် တွေ့ဆုံခဲ့ရပြီး သူတို့၏အကျင့်စရိုက်များကို ကောင်းစွာ သိခဲ့ရပေသည်။ ထိုဗုဒ္ဓအရှင်နှစ်ပါးသည် စစ်ပွဲတွင် ပါဝင်ရန် ရောက်လာခြင်းမှာ အံ့အားသင့်စရာမရှိပေ။ ထိုဗုဒ္ဓအရှင်နှစ်ပါးနှင့်ယှဉ်လျှင် ဝူထျန်းဗုဒ္ဓအရှင်နှင့် ထျန်းယင်ဗုဒ္ဓအရှင်တို့သည် ဗုဒ္ဓအတွေးအခေါ်နှင့် ပို၍ကိုက်ညီမှုရှိကာ သူ့အပေါ်လည်း ပို၍ဖော်ဖော်ရွေရွေ ရှိပေသည်။
“ဗုဒ္ဓအရှင်တွေကို နှုတ်ခွန်းဆက်ပါတယ်”
ရီဖူရှင်းက လေပေါ်မှ လှမ်းပြောလိုက်၏။ သို့သော် သူသည် သူတို့ကို အရိုအသေမပေးလိုက်ပေ။ သူသည် ဗုဒ္ဓလမ်းစဉ်တွင် အရိုအသေပေးသည့် လက္ခဏာဟု သတ်မှတ်ထားသည့် လက်အုပ်ချီခြင်းကို သာမန်ကာလျှံကာသာ လုပ်လိုက်သည်။ သူသည် ထိုဗုဒ္ဓအရှင်နှစ်ပါးကို မည်သည့်အခါကမှ အမြင်မကြည့်ခဲ့ချေ။ အထူးသဖြင့် သူလိပ်ပြာတောင်ကုန်းမှ ထွက်သွားပြီးနောက်တွင် ကျန်းချန်၏ လိုက်ဖမ်းမှုကို ခံရသည့်ကိစ္စ၌ ထိုဗုဒ္ဓအရှင်နှစ်ပါး၏ ပယောဂလည်း ပါဝင်လိမ့်မည်ဟု သူအတော်လေးသံသယရှိပေသည်။ ရှန်းယန်ဗုဒ္ဓအရှင်သည် နတ်မျက်စိဖြင့် သူ၏ သွားခြင်း၊ လာခြင်းများကို လျှို့ဝှက်ထောက်လှမ်းခဲ့ပြီး သူတော်စင်ကျန်းချန်ကို သူ့အားလိုက်ဖမ်းနိုင်ရန် ကူညီပေးခဲ့ခြင်းဖြစ်နိုင်လေသည်။
မည်သို့ပင်ဖြစ်စေ သူသည် ယခုတွင် သူတို့နှင့် စတင်တိုက်ခိုက်ရလောက်အောင် မမိုက်မဲပေ။ သူသည် ဗုဒ္ဓလောကနှင့် ဆက်ဆံရေးတစ်ခု ရှိသည်မဟုတ်ပါလား။ ဗုဒ္ဓအားလုံးအရှင်နှင့် အခြားဗုဒ္ဓအရှင်များသည် သူ့အပေါ် ကြင်နာခဲ့ပြီး သူ့ကို ဗုဒ္ဓကျင့်စဉ်များ သင်ကြားပေးခဲ့သည်။
ဘုံခြောက်ဘုံလုံး ပါဝင်သော ဤစစ်ပွဲသည် ထိပ်သီးကျင့်ကြံသူများအထိ ရောက်လာခဲ့ပေပြီ။ ကောင်းကင်ဒေသမှ အင်အားစုများမှလွဲ၍ ဗုဒ္ဓလောကနှင့် လူသားဘုံတို့သည် သူတို့၏ အဆင့်မြင့်ကျင့်ကြံသူများကို ဤနေရာသို့ စေလွှတ်ခဲ့ကြ၏။ ထို့အပြင် မှော်နက်လောကနှင့် နတ္တိအင်ပါယာဘုံတို့ကိုလည်း ထည့်တွက်ရမည်ဖြစ်သည်။