← Chapters

သူက နတ်ဆိုးကြယ်ပဲ

Vol. 04 Ch. 177

သူက နတ်ဆိုးကြယ်ပဲ

Vol. 04 Ch. 177

ထန်ရှုသည် အခုအချိန်တွင် မည်သည့်အရသာရှိသောအရာကိုမှ ဂရုမစိုက်နိုင်အားချေ။ သူ၏စိတ်သည် အတွေး၂မျိုးဖြင့် ပြည့်ကျပ်နေသည်။ ပထမအချက်အနေဖြင့် သူသည် ချီလင်၏ပါးစပ်အတွင်းမှ အစားအစာအား လုယူကာ လိုဏ်ဂူထဲမှ ကောင်းကင်သဲကျောက်များအား ထုတ်ယူချင်သည်။ အနည်းငယ်မျှ ထုတ်ယူနိုင်မည် ဆိုရင်တောင်မှ သူ့အတွက် ရေရှည်အသုံးပြုရန် လုံလောက်ပေသည်။ ဒုတိယအချက်အနေဖြင့် သူ ငွေရှာရန်လိုသည်။ ယခုဆိုလျှင် အကြွေး ယွမ်၂၀၀မီလီယံ ထပ်တင်နေသည့်အတွက် သူ့အား ပိုမို ဆုံးဖြတ်ချက် ခိုင်မာစေသည်။

“ဒါနဲ့.. ကျွန်တော် ခင်ဗျားတို့ ပိုက်ဆံ ရထားပြီးပြီ။ ဒါပေမယ့် ကျွန်တော် ခင်ဗျားတို့ကို တစ်ခုခု မေးလို့ရမလား။ ခင်ဗျားတို့၂ယောက်စလုံး အတော် ချမ်းသာတာလား။”

ထို၂ယောက်၏ပြုံးရွှင်နေသော မျက်နှာများအား ကြည့်ရင်း ထန်ရှုသည် သူ၏အာရုံအား ထိုသူများအပေါ်သို့ ပြောင်းလိုက်သည်။ သူ့တွင် သားရဲထိန်းချုပ်နည်းလျှို့ဝှက်ပညာထက် ၁၀ဆကောင်းမွန်သော အရာများစွာ ရှိသည်။ ရှောင်မင်ကျန်းနှင့် မြောင်ဝမ်တန်တို့သာ ဝယ်နိုင်မည်ဆိုပါက သူတို့၂ယောက်အား တစ်စုံတစ်ခု ရောင်းချရန် တွေးသည်။ အနည်းဆုံးတော့ သူ၏လက်ရှိတင်နေသော အကြွေးများအား ဆပ်နိုင်ပေလိမ့်မည်။

မြောင်ဝမ်တန်သည် ဇဝေဇဝါဟန်ဖြင့်

“ဟမ်.. ငါတို့မှာ ငွေအချို့ရှိတယ်လို့ ပြောနိုင်ပါတယ်။ ဒါနဲ့ ညီအစ်ကိုထန်…မင်း ပိုက်ဆံ အသည်းအသန် လိုအပ်နေတာလား။”

“အသည်းအသန်ပဲ။”  ထန်ရှု ဖြေလိုက်သည်။

မြောင်ဝမ်တန်သည် ပြုံးရင်းနှင့်

“ဘယ်လောက် လိုလို့လဲ။ မင်းလိုတဲ့ပိုက်ဆံ ငါတို့မှာ ရှိသမျှ ပိုက်ဆံ အရင်ယူထားနိုင်တယ်။”

ထန်ရှုသည် ခေါင်းကို ယမ်းလိုက်ရင်း

“ဟင့်အင်း။ ခင်ဗျားတို့မှာ ပိုက်ဆံအလုံအလောက်ရှိရင် အပေးအယူတစ်ခုလုပ်ဖို့ စဉ်းစားထားတယ်။ ဒါပေမယ့် ခင်ဗျားတို့မှာ အဲ့ဒီဟာအတွက် ပိုက်ဆံအလုံအလောက်ရှိမှ ရမယ်။”

မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြရင်း တစ်ယောက်ပြီးတစ်ယောက် ဖြေလိုက်ကြသည်။

“ငါက ၁.၅ဘီလီယံလောက်တော့ ပြသနာ မရှိဘူး။”

“ငါကတော့ ၁ဘီလီယံ။”

ထန်ရှု၏မျက်နှာထက်တွင် အပြုံးတစ်ပွင့် ပေါ်ထွက်လာခဲ့ပြီး

“ကျွန်တော် အကြွေးတင်နေတာ ခင်ဗျားတို့အတွက် ကံကောင်းသွားတယ်။ ကျွန်တော် ခင်ဗျားတို့၂ယောက်ကို အင်မော်တယ်ကျင့်စဉ်တစ်စုံလုံးကို ၂.၅ဘီလီယံနဲ့ ရောင်းမယ်။ ဘယ်လိုသဘောရလဲ။”

အင်မော်တယ်ဥပေဒေသနဲ့ကျင့်စဉ် ဟုတ်လား။

မြောင်ဝမ်တန်၏ မျက်နှာထက်တွင် တုန်လှုပ်သွားသော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာပြီး အပြုံးတစ်ခုကို ဖျစ်ညှစ်ပြုံးလျက်

“ညီအစ်ကို ထန်… အခြားတစ်စုံတစ်ခုဆိုရင် ငါတို့ ဝမ်းမြောက်ဝမ်းသာနဲ့ လက်ခံမှာပါ။ ဥပမာပြောရရင် သားရဲထိန်းချုပ်နည်းလျှို့ဝှက်ပညာလိုမျိုးပေါ့။ ဒါပေမယ့် ငါတို့က ကျင့်ကြံသူတွေဖြစ်ပြီးတော့ ငါတို့မှာလည်း ကိုယ်ပိုင်ကျင့်ကြံနည်းဥပဒေသတွေနဲ့ ကျင့်စဉ်တွေ ရှိတယ်။ မင်း ငါတို့ကို တခြားကျင့်ကြံမှုကျင့်စဉ်တစ်စုံလုံးကို ရောင်းရင်တောင်မှ ငါတို့ ကျင့်ကြံနိုင်မှာ မဟုတ်ဘူးလေ။”

ရှောင်မင်ကျန်းလည်း ခေါင်းကိုညိတ်ကာ

“ကျင့်ကြံမှုနည်း၂မျိုးကို လေ့ကျင့်တာ ဘယ်ဟာမှ အောင်မြင်မှာ မဟုတ်ဘူး။ တစ်မျိုးကို အာရုံစိုက်ပြီး လုပ်တာ ပိုကောင်းတယ်လို့ ငါ ထင်တယ်။ အဲ့ဒါအပြင်ကို အဲ့ဒါကိုစဖို့ ငါတို့မှာ စွမ်းအားအကန့်အသတ်ရှိတယ်။”

ထန်ရှုသည် ခေါင်းကို ယမ်းလိုက်ရင်း

“မဟုတ်ဘူး။ ခင်ဗျားတို့ ကျွန်တော် ပြောတာ သေချာမကြားဘူးနဲ့ တူတယ်။ ကျွန်တော် ခင်ဗျားတို့ကို ရောင်းမှာက တာအိုကျင့်ကြံနည်းကျင့်စဉ် မဟုတ်ဘူး အင်မော်တယ်ကျင့်စဉ် တစ်ခုပါ။”

ထိုစကားကို ကြားသည်နှင့် မြောင်ဝမ်တန်သည် အူလှိုက်သည်းလှိုက် ရယ်မောလိုက်ရင်း

“ညီအစ်ကိုထန်… မင်း ဘာတွေ ပေါက်ကရပြောနေတာတုန်း။ ဒီကမ္ဘာပေါ်မှာ အင်မော်တယ်ကျင့်စဉ်က ဘယ်နေရာမှာ ရှိလိမ့်မလဲ။”

ထန်ရှုသည် ခေါင်းကိုသာ ယမ်းလျက် စားသောက်ဆိုင်တန်းမှ ဝန်ထမ်းတစ်ယောက်အား လက်ယပ်ခေါ်လိုက်ကာ စာရွက်နှင့်မင်တံအား တောင်းယူလိုက်သည်။ ထို့နောက် သူသည် မူရင်းကျင့်စဉ်တစ်စုံအား လေ့ကျင့်ရန်အတွက် ရှင်းလင်းချက်များ၊ လမ်းညွှန်ချက်များဖြင့်  ရေးလိုက်သည်။ ပြီးစီးသွားသည်နှင့် မြောင်ဝမ်တန်အား ပေးလိုက်ကာ ပေါ့ပါးစွာ ပြောလိုက်သည်။

“ဒီကျင့်စဉ်တစ်စုံကို ဖတ်ကြည့်ပါ။ အဲ့ဒါက ၂.၅ဘီလီယံ မတန်ဘူးဆိုရင် ကျွန်တော် ထပ်မပြောတော့ဘူးဗျာ။”

မြောင်ဝမ်တန်သည် သံသယများဖြင့် လက်ခံယူလိုက်ပြီး ထန်ရှုရေးပေးသော အင်မော်တယ်ကျင့်စဉ်အား ရှောင်မင်ကျန်းနှင့်အတူ အလေးအနက်ထားကာ ဖတ်ရှုလိုက်သည်။

မိနစ်ဝက်ကြာပြီးသော်…

သူတို့၏မျက်နှာထက်တွင် အံ့သြသော အမူအရာ ပေါ်ပေါက်လာသည်။

တစ်မိနစ်ကြာပြီးသော်…

အံ့သြသော အမူအရာမှသည် တုန်လှုပ်သော အမူအရာသို့ ပြောင်းလဲသွားသည်။

နှစ်မိနစ်ကြာပြီးသော်…

သူတို့၂ယောက်သည် သတိမထားမိပါဘဲ တုန်ရီစွာနှင့် မတ်တတ်ရပ်လိုက်ပြီး သူတို့၏လက်ထဲမှ အင်မော်တယ်ကျင့်စဉ်အား စူးစိုက်စွာ ကြည့်မိသည်။

ငါးမိနစ်ကြာပြီးသော်…

သူတို့နှစ်ယောက်သည် ခေါင်းအား ခက်ခက်ခဲခဲ လှည့်လိုက်ပြီး ထန်ရှုအား အံ့သြတုန်လှုပ်စွာ ကြည့်ကာ အချိန်အတန်ကြာမျှ စကားမဆိုနိုင်ခဲ့ပေ။

“မင်း.. ဒီ..ဒီဟာကို တကယ် ယွမ်၂.၅ဘီလီယံနဲ့ ရောင်းချင်တာလား။” နောက်ဆုံးတွင် မြောင်ဝမ်တန်သည် တုန်ရီနေသောအသံဖြင့် မေးလာသည်။

“ဟုတ်တယ်။”  ထန်ရှုသည် တည်ငြိမ်အေးဆေးစွာ ဖြေလိုက်သည်။

မြောင်ဝမ်တန်သည် စားပွဲအား ဒုန်းကနဲနေအောင် ထုလိုက်လိုက်ရင်း ကျယ်လောင်စွာ ပြောလိုက်သည်။

“အလုပ်ဖြစ်တယ်။ ၂.၅ဘီလီယံနဲ့။ ငါတို့ ဒီဟာအတွက် အရာရာကိုတောင် စွန့်လွှတ်လို့ရတယ်။ ရက်နည်းနည်းတော့ စောင့်ပေးဦး။ မင်းရဲ့ဘဏ်အကောင့်ထဲ ပိုက်ဆံ လွှဲပေးလိုက်မယ်။”

ရှောင်မင်ကျန်းလည်း ကျယ်လောင်စွာဖြင့်

“မဟုတ်ဘူး။ နှစ်ရက်တောင် မကြာပါဘူး။ ငါက လုပ်ငန်းက အထွေထွေမန်နေဂျာဆီ ဆက်သွယ်ပြီး မင်းအကောင့်ထဲ အမြန်ဆုံး လွှဲခိုင်းလိုက်မယ်။ ငါနဲ့ ညီအစ်ကို မြောင် စပ်တူ ပေးလိုက်မယ်။”

အပြင်ဘက်မှ ၁၀မီတာအကွာတွင်…

ဓားအမာရွတ်နှင့်ချန်နှင့်အတူ သောက်စားနေကြသောအဖွဲ့သည် မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့၏ ရုတ်တရက် အော်ပြောသံများအား ကြားလိုက်သောအခါ လန့်ဖျပ်သွားကြသည်။

မျက်နှာနီအောင် သောက်ထားသော လူထွားကြီးတစ်ဦးမှ သုန်မှုန်စွာဖြင့်

“အဲ့ဒီစားပွဲကလူတွေက တကယ် ကျပ်မပြည့်တဲ့ကောင်တွေပဲ။ သူတို့လုပ်တာနဲ့ ဒီဖေဖေကြီးတောင် လန့်ပြီး ဘောင်းဘီထဲ သေးထွက်ကျတော့မယ်။ ငါ့လို လူကြောက်လေးကို မင်းတို့က ခြောက်လှန့်လိုက်တယ်။ အဲ့ဒီအတွက် မင်းတို့ရဲ့ဝေစု မျှရမယ်။”

နောက်တစ်ယောက်မှလည်း ကျယ်လောင်စွာဖြင့်

“ဟုတ်တယ်။ ငါတို့အသည်းက နုနုလေး။ ဘာ၂.၅ဘီလီယံလား။ မင်းတို့ အဲ့ဒါကို ကြွားချင်တယ်ဆိုရင်တောင်မှ ဘေးဘီဝဲယာ ကြည့်သင့်တယ်။ တချို့သရဲတွေက မင်းတို့ကို မှုတ်ထုတ်လိုက်မှာ မကြောက်ဘူးလား။ မင်းသာ ၂.၅ဘီလီယံရှိရင် ယီးလိုမှ ဒီလို စားသောက်ဆိုင်တန်းမှာ ဘာလို့ လာစားနေသေးတုန်း။”

ဓားအမာရွတ်နှင့်ချန်သည်လည်း ရှောင်မင်ကျန်းနှင့် မြောင်ဝမ်တန်တို့အား ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သို့သော် သူ၏အကြည့်သည် ပြုံးနေသော ထန်ရှုဆီသို့ ရောက်သွားသောအခါ ရုတ်တရက် အေးခဲသွားတော့သည်။ စက္ကန့်ပိုင်းပင် မကြာလိုက်ဘဲ ဓားအမာရွတ်နှင့်ချန်သည် သူ၏ကုလားထိုင်မှ ခုန်ထလာကာ သူ၏ညီအစ်ကိုနှစ်ယောက်၏ခေါင်းအား ပြင်းစွာ ရိုက်လိုက်ပြီး ဆဲဆိုတော့သည်။

“သောက်နေတဲ့အချိန်မှာ မင်းတို့ကောင်တွေ မဆူလို့ မရဘူးလား။ ဟိုအစ်ကိုကြီး၂ယောက်က စကားပြောတာ အသံကျယ်သွားတာလေးကို ယီးလိုမှ ဘာတွေ မှားသွားလို့လဲ။ မင်းတို့ကို သေအောင် ရိုက်မိတော့မယ်။”

လူထွားကြီး၂ယောက် ကြက်သေ သေသွားသည်။ ဓားအမာရွတ်နှင့်ချန်သည် မည်သည့်အကြောင်းကြောင့် ထိုကဲ့သို့ လုပ်သည်ကို သူတို့ မစဉ်းစားတတ်လောက်အောင် ဖြစ်နေသည်။

ဓားအမာရွတ်နှင့်ချန်သည် သူတို့အား လစ်လျူရှုကာ စားသောက်ဆိုင်တန်းပိုင်ရှင်ထံသို့ သွားကာ ဈေးအကြီးဆုံး အရက်၂ပုလင်းအား ယူလာခဲ့သည်။ ထိုပုလင်းတို့အား သူ၏ဒဏ်ရာမရသော လက်ဖြင့် ကိုင်လျက် ထန်ရှုဆီသို့ အပြုံးမျက်နှာဖြင့်် လျှောက်လာပြီး အရိုအသေပေးလျက်

“ညီအစ်ကို… ငါ တကယ် တောင်းပန်ပါတယ်။ ငါ့ညီအစ်ကိုတွေက တအားမူးနေလို့ပါ။ သူတို့အပြုအမူတွေကို  စိတ်ထဲမထားဖို့ ငါ မျှော်လင့်ပါတယ်။ ဒီအရက်ပုလင်း၂လုံးကို တောင်းပန်တဲ့အနေနဲ့ ကျေးဇူးပြုပြီး သဘောထားပေးပါ။ ပျော်ရွှင်စွာ သောက်သုံးနိုင်ပါစေ။”

ဓားအမာရွတ်နှင့်ချန်၏ညီအစ်ကိုတစ်ယောက်သည် သူ၏အပြုအမူအား ငူငူကြီး ကြည့်နေမိသည်။ သတိပြန်ဝင်လာသောအခါ သူသည် မချိပြုံး ပြုံးလျက်

“အစ်ကိုချန်… မင်းရဲ့ဘဝသစ်ကို စတင်မယ်ဆိုတဲ့ ရည်ရွယ်ချက်က အလွန်မြန်လွန်းတယ်လို့ မဟုတ်ဘူးလား။ မင်းက အရင်တုန်းက သွေးဆူလက်ပူတဲ့ လူတစ်ယောက်ပါ။ ဘယ်လိုဖြစ်ပြီး အခုလို အလျှော့ပေးသမား ဖြစ်သွားတာလဲ။ သူတို့ကို ဘာအတွက် တောင်းပန်ရမှာတုန်း။ သူတို့ကတောင် ကျွန်တော်တို့ကို လက်ဆောင်ပေးပြီး တောင်းပန်တာက မှန်လိမ့်မှာပေါ့။”

“ယီးလိုမှပဲ ပါးစပ်ပိတ်ထား။”

ဓားအမာရွတ်နှင့်ချန်သည် သူ၏ပြန်လည်ကုသထားသော ညာဘက်လက်အား မြှောက်ကာ ထိုသူအား ဒေါသတကြီး ဟန့်တားအော်ဟစ်လိုက်သည်။

မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့သည် ဓားအမာရွတ်နှင့်ချန်၏အပြုအမူအား ကြည့်ကာ စိတ်ရှုပ်ထွေးနေဟန်ရှိသည်။ စိတ်မထိန်းချုပ်နိုင်ဘဲ အသံကျယ်လောင်စွာ ပြောဆိုမိသည်ကို သူတို့ကိုယ်သူတို့ နားလည်သည်။ သို့သော် ဓားအမာရွတ်နှင့်လူထွားကြီးသည် သူတို့ဆီသို့ လာကာ တောင်းပန်ရန် ကြိုးစားနေသည်ကို နားမလည်နိုင်ဖြစ်နေကြရသည်။ သူ၏မျက်လုံးများထဲတွင် ကြောက်ရွံ့နေဟန်ရှိသည်ကိုလည်း မြင်တွေ့နေရသည်။

ထန်ရှုသည် အမူအရာကင်းမဲ့စွာဖြင့်

“ဘာမှ မဖြစ်ခဲ့လို့ ဘာမှ တောင်းပန်စရာ မရှိပါဘူး။ အဲ့ဒါကြောင့် မေ့လိုက်ပါ။ ခင်ဗျား လုပ်နေတာတွေ ကောင်းတယ်။ ခင်ဗျားအတွက် ကျွန်တော် အတော် ဝမ်းသာမိပါတယ်။”

ဓားအမာရွတ်နှင့်ချန်သည် ထိုစကားအား ကြားသော် ချက်ချင်း ပျော်ရွှင်သွားဟန်ရှိပြီး ခေါင်းအထပ်ထပ် ညိတ်လျက်

“ညီအစ်ကို… နားလည်ပေးတာရော ချီးမွမ်းတာအတွက်ရော ကျေးဇူးတင်ပါတယ်။ ငါ့ ညီအစ်ကိုတွေက အရမ်း နမော်နမဲ့ ဖြစ်သွားလို့ပါ။ သူတို့ကို ဒီကို ဆွဲခေါ်လာပြီး လေးစားမှုကို ပြတဲ့အနေနဲ့ အနည်းငယ် သောက်ခိုင်းလိုက်ရင်ရော။”

ထိုသို့သာ သူ ပြောနေရသော်လည်း အမှန်တကယ်တွင် စိတ်ထဲ တုန်လှုပ်နေရသောကြောင့် သည်နေရာမှ အမြန်ပြန်ပြီး ထွက်ပြေးချင်စိတ်ပေါက်နေပြီဖြစ်သည်။ ထန်ရှု မည်မျှ ကြောက်စရာကောင်းသည်ကို သူ မြင်ခဲ့ပြီးဖြစ်သည်။ သူ၏ရင်ထဲတွင် ထန်ရှုသည် သနားညှာတာမှု ကင်းမဲ့သော နတ်ဆိုးကြယ်တစ်ပွင့်ဟု စွဲမှတ်ထားသည်။

သို့သော် ဓားအမာရွတ်နှင့်ချန် ပိုမို တုန်လှုပ်မိရအောင်လောက်ပင် ထန်ရှုသည် ခေါင်းကို ယမ်းလိုက်ပြီး

“ခင်ဗျားညီအစ်ကိုတွေ ကျွန်တော့်ကို တောင်းပန်ဖို့ မလိုပါဘူး။ ဒါပေမယ့် ခင်ဗျား..။ ကျွန်တော် ခင်ဗျားနဲ့ တစ်ခုခု ဆွေးနွေးဖို့ ရှိနေတယ်။ ခင်ဗျား လုပ်စရာလေးတွေ ပြီးသွားရင် ကျွန်တော် ဖုန်းခေါ်တာ စောင့်ပေးပါ။”

“ဟမ်… ဘာ..”

ဓားအမာရွတ်နှင့်ချန် ကြက်သေ သေသွားတော့သည်။ သူသည် အပြုံးတစ်ခုအား ဖျစ်ညှစ်ပြုံးလိုက်ရသော်လည်း သူ၏အမူအရာသည် ငိုနေသည်ထက်ပင် ရုပ်ဆိုးနေပေသည်။ သူ အမှန်တကယ်ကို ထွက်ပြေးချင်နေသည်။ သို့သော် ထန်ရှုအား မနာခံမည့်အတွေး သူ့တွင်  မရှိပါချေ။ အဆုံးသတ်တွင် သူသည် ခေါင်းညိတ်ရုံသာ တတ်နိုင်ပြီး စိတ်မပါလက်မပါ ကတိပေးလိုက်ရလေသည်။

သူ၏စားပွဲဆီသို့ ပြန်အရောက်တွင် လူထွားကြီးတစ်ယောက်မှ ဇဝေဇဝါဟန်ဖြင့်

“အစ်ကိုချန်… အဲ့ဒီချာတိတ်က ဘယ်သူတုန်း။ သူ့ကို မြင်တာနဲ့ သရဲတစ်ကောင်တွေ့သလို ဘာလို့ ခုန်ထသွားပြီး သူ့အရှေ့မှာ ကြောက်နေရတာလဲ။”

ဓားအမာရွတ်နှင့်ချန်သည် တံတွေးတစ်ချက် မျိုချလိုက်သည်။ ထန်ရှုအား တစ်ချက် လှည့်ကြည့်လိုက်ရာ သူ့အား အာရုံစိုက်နေသည်ကို မတွေ့ရတော့မှ စိတ်သက်သာရာ ရသွားတော့သည်။ ထို့နောက် သူသည် လေသံနှိမ့်လျက်

“ယီးလိုမှပဲ မင်းတို့ကလည်း ပါးစပ်ပိတ်ထားကြပါဟ။ ငါ့လက်ကျိုးတာ မင်းတို့ တွေ့တယ်မဟုတ်လား။ အဲ့ဒါ ကျွမ်းကျင်သူက လုပ်ထားတာ။ သူပဲ။ ငါ့ကိုရော ငါ့လူတွေကိုရော အလျင်အမြန် အလွယ်တကူ လှဲသိပ်သွားတာ။ ချိန်ထားတဲ့ ငါ့လက်ထဲက သေနတ်ကို ဆတ်ကနဲ ယူလိုက်နိုင်တယ်။ မင်းတို့တွေရော သူ့ပြိုင်ဖက်လို့ ထင်မိလား။”

“ရွှီး…”

စားပွဲတွင် အတူဝိုင်းထိုင်နေသော လူထွားကြီးများ လေအေးတစ်ချက် ရှူသွင်းလိုက်ရသည်။

ဓားအမာရွတ်နှင့်ချန်သည် မမျှော်လင့်ဘဲ သွေးအေးရက်စက်သော သူတစ်ယောက်နှင့် ကြုံတွေ့ကာ မည်သို့ဖြစ်ပျက်ခဲ့သည်ကို သူတို့ ကြားခဲ့သည်။ ထိုသူအား ဓားပြတိုက်နိုင်မည့်အစား အဆုံးသတ်တွင် ဓားအမာရွတ်နှင့်ချန်တို့အဖွဲ့သာ ထိုပြောသောသူ၏ ဓားပြတိုက်ခြင်းကို ခံလိုက်ရသည်။ အစောပိုင်းက ရန်စွာနေခဲ့သော လူထွားကြီး၂ယောက်၏နဖူးထက်မှ အေးစက်နေသည့် ချွေးများ စီးကျလာရပြီး  ဓားအမာရွတ်နှင့်ချန်အား ကျေးဇူးတင်သောအကြည့်ဖြင့် ကြည့်မိကြသည်။

“သူ့သူငယ်ချင်း၂ယောက်ကို ငါ မြင်ဖူးတယ်။ ငါတို့မြို့က ဟိုတယ်မှာ တည်းနေကြတာ။ ငါ မင်းတို့ကို ပြောပြဦးမယ်။ သူတို့မှာ သက်တော်စောင့်တွေ အများကြီးပါလာတယ်။ ဒါပေမယ့်…”

လူထွားကြီးတစ်ယောက် စကားစလိုက်ပြီးမှ ချီတုံချတုံ ဖြစ်သွားရသည်။

“ဒါပေမယ့် ဘာလဲ..”  ဓားအမာရွတ်နှင့်ချန်သည် ဇဝေဇဝါဟန်ဖြင့် မေးလိုက်သည်။

“သူတို့ ဘယ်လိုလူစားတွေမှန်း ငါ မသိပေမယ့် သာမန်လူစားတွေ မဟုတ်တာတော့ သေချာတယ်။ သက်တော်စောင့်တွေ ပါတဲ့ အဲ့ဒီလူနှစ်ယောက်က နွေဦးသစ်တော တောင်တန်းကို စွန့်စားခန်းထွက်ခဲ့ကြပြီး ပြန်လာတော့ ဒဏ်ရာတွေ အများကြီးရလာကြတယ်။ မင်းတို့သိတဲ့အတိုင်း ငါ့မိန်းမက အဲ့ဒီဟိုတယ်က ဝန်ထမ်းဆိုတော့ သူ့မှာ သက်သေအကုန်ရှိတယ်။ သေတဲ့သူတွေကို ကားနဲ့ ပြန်သယ်လာပြီး အဲ့ဒီ၂ယောက်မှာလည်း ဒဏ်ရာတွေ ဘယ်လောက် ပြင်းသလဲဆိုတာ လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်တော့ဘူး။ ဒါပေမယ့် အဆန်းကြယ်ဆုံးက သူတို့တွေရဲ့ဒဏ်ရာတွေက ၂ရက် ၃ရက်အတွင်း ပျောက်ကင်းလုနီးပါး ဖြစ်သွားတာကိုပဲ။”

“ကြောက်စရာကောင်းလှချည်လား။”

ဓားအမာရွတ်နှင့်ချန်နှင့် အခြားညီအစ်ကိုများ တုန်လှုပ်သွားရသည်။ ထိုကဲ့သို့သော အဖြစ်အပျက်သည် အမှန်တကယ်ပင် မယုံကြည်နိုင်ဖွယ်ပင် ဖြစ်တော့သည်။

သူတို့သည် ထန်ရှုတို့၃ယောက်အား ဒေါသထွက်အောင် မလုပ်မိသောကြောင့် ကြိတ်ပြီး ပျော်ရွှင်လိုက်မိသည်။

တစ်နာရီကြာပြီးနောက်…

ထန်ရှုတို့၃ယောက်သည် ဆာလောင်မှုအတွက် ဗိုက်ပြည့်အောင် စားသောက်လိုက်ကြပြီး ပိုက်ဆံရှင်းတော့မည့်အချိန်တွင် ဆိုင်ပိုင်ရှင်မှ ဓားအမာရွတ်နှင့်ချန်သည် သူတို့ စားသောက်ထားသည်များအား ရှင်းပေးပြီးဖြစ်ကြောင်း ပြောပြခဲ့သည်။

ထန်ရှုသည် ထိုစားပွဲအား လှမ်းကြည့်လိုက်ရာ ဓားအမာရွတ်နှင့်ချန်အား တစ်ယောက်တည်း ထိုင်စောင့်နေသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် သူသည် မြောင်ဝမ်တန်တို့၂ယောက်အား

“ခင်ဗျားတို့၂ယောက် အရင်ပြန်နှင့်ပါ။ ကျွန်တော် ကိုယ်ရေးကိုယ်တာလေးတွေ လုပ်စရာ ရှိနေသေးလို့။”

“ကောင်းပြီ။”

မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့ အလျင်အမြန် နာခံလိုက်ပြီး ဟိုတယ်သို့ လမ်းလျှောက်ကာ ပြန်သွားကြသည်။ ထန်ရှုတွင် စွမ်းအားကြီးသော အရည်အချင်းများရှိသောကြောင့် မတော်တဆဖြစ်ရန်အတွက် သူတို့၂ယောက် တွေးမပူမိပေ။

စားသောက်ဆိုင်တန်းထဲတွင်…

ထန်ရှုသည် လက်ကို ဝှေ့ယမ်းပြလိုက်ရာ ဓားအမာရွတ်နှင့်ချန်သည် ရောက်လာသဖြင့် ကုလားထိုင်တစ်လုံးအား ညွန်ပြရင်း အပြုံးဖြင့် စကားဆိုလိုက်သည်။

“ထိုင်ပါ။”

ဓားအမာရွတ်နှင့်ချန်သည် နာခံစွာ ထိုင်လိုက်ရသော်လည်း သူ၏ရင်ထဲတွင် ဆောက်တည်ရာမရ ဖြစ်နေသောကြောင့် မေးလိုက်သည်။

“ညီအစ်ကို… ငါ့ကို ချန်နေခိုင်းခဲ့တာ ဘာဖြစ်လို့လဲ။ ညွန်ကြားစရာ တစ်ခုခုများ ရှိနေလို့လား။”

“ဒီနေ့ ခင်ဗျားလုပ်ဆောင်ချက်တွေ ကြည့်ရတာ ကျွန်တော် တကယ် ပျော်ပါတယ်။ ကျွန်တော့်အကြံဉာဏ်ကို တကယ်လိုက်နာတယ်ဆိုတာ ဘဝသစ်စဖို့ ဆုံးဖြတ်ပြီး လုပ်နိုင်တယ်။ အဲ့ဒါကြောင့် ကျွန်တော် ခင်ဗျားကို အခွင့်အရေးတစ်ခု ပေးချင်တယ်။”

“အခွင့်အရေးတစ်ခု ဟုတ်လား။ ဘယ်လိုအခွင့်အရေးမျိုးလဲ။” ဓားအမာရွတ်နှင့်ချန်သည် ပဟေဠိဖြစ်စွာ မေးလိုက်သည်။

“ခင်ဗျားက ဝိုင်ဖောက်ရာမှာ ကောင်းမွန်တယ်လို့ ကျွန်တော် ကြားလိုက်မိတယ်။ ကောင်းမွန်တဲ့ ဝိုင်ဖောက်တဲ့နည်းစနစ်တွေလည်း ခင်ဗျားမှာ ရှိတယ်မဟုတ်လား။” ထန်ရှု မေးလိုက်သည်။

ဓားအမာရွတ်နှင့်ချန်သည် အလျင်အမြန်ပင် တုံ့ပြန်လိုက်သည်။

“ငါ့ရဲ့ဝိုင်ဖောက်တဲ့နည်းစနစ်တွေက အဖေ့ရဲ့အမွေကို ဆက်ခံခဲ့တာပါ။ အသက်၂၅နှစ်မရောက်ခင်ထိ အဖေ့ကို ဝိုင်ဖောက်ရာမှာ ကူညီခဲ့တယ်။ သူ ကွယ်လွန်ပြီး အနောက်ဘက်ကောင်းကင်ဘုံကို ပြန်သွားတော့ ငါလည်း မိသားစုဝိုင်ဖောက်လုပ်ငန်းကို စွန့်လွှတ်ပြီး ဒေသခံလူမိုက်အုပ်စုတစ်ခုထဲမှာ အချိန်တွေကို အကျိုးမရှိ ကုန်ဆုံးစေမိတယ်။ သူတို့နဲ့အတူနေတာ ကြာလာတော့ သူတို့ခေါင်းဆောင်အဖြစ် နာမည်ကြီးလာခဲ့တာလေ။ အာ.. ညီအစ်ကို.. ငါ့ခေါင်းထဲမှာ ရှိတဲ့ အဲ့ဒီအောင်မြင်မှုတွေကို ပြောမိသွားတယ်။ မင်းသာ ငါ့ကို ပြင်းထန်တဲ့ သင်ခန်းစာတစ်ခု မပေးခဲ့ရင် အနာဂတ်မှာ ငါ့ကိုယ်ငါ ဒုက္ခရောက်မယ်ဆိုတာ သိနေတာတောင်မှ တူညီတဲ့ အမှားတွေ ထပ်ကာထပ်ကာ လုပ်နေမိလိမ့်မယ်။”

***

All Chapters