ထုံချန်း၏စိတ်ယုတ်မာ
Vol. 184 Ch. 2632
သူ နတ်ဆိုးဘုံကို သွားခဲ့ခြင်းနှင့် ချင်းယောင်နှင့်တွေ့ဆုံခဲ့ခြင်းတို့သည် ကိုယ်ရေးကိုယ်တာ ကိစ္စများသာဖြစ်သည်။ ရီဖူရှင်းက စီဝေ့အင်ပါယာနန်းတော်၏ နန်းတော်သခင်တစ်ဦးအနေဖြင့် သူလုပ်သည့်ကိစ္စများသည် ထုံချန်းဗုဒ္ဓအရှင်နှင့် မည်သို့မှမသက်ဆိုင်ဟု ခံစားနေရသည်။
ထိုဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူများသည် ရီဖူရှင်းကို ငေးကြည့်နေရုံသာ တတ်နိုင်ပေသည်။ ရီဖူရှင်းက တစ်ချိန်က ဗုဒ္ဓအားလုံးကို အနိုင်ယူခဲ့သော ကျင့်ကြံသူဖြစ်လေသည်။ သူသည် လိပ်ပြာတောင်ကုန်းတွင် ကျင့်ကြံနေစဉ်ကလည်း ထူးကဲသောပါရမီကို ပြသခဲ့သည်။ သူသည် သူ့ကို ဗုဒ္ဓတန်ခိုးတော်ခြောက်ပါးထဲမှ တစ်ပါးဖြစ်သည့် ဗုဒ္ဓရောင်ဝါခြေလှမ်းသင်ကြားပေးခဲ့သော ဗုဒ္ဓအရှင်အချို့ထံမှ လမ်းညွှန်ပြသမှုများကိုပင် ရရှိခဲ့သည်။
နောက်ပိုင်းတွင် ရီဖူရှင်းက ဗုဒ္ဓရောင်ဝါခြေလှမ်းကြောင့် မည်သူမှ သူ့ကိုခြေရာမခံနိုင်သလို သူ့နောက်သို့လည်းမလိုက်နိုင်သဖြင့် ကောင်းကင်ဒေသတွင် ပြိုင်ဘက်ကင်းဖြစ်ခဲ့သည်ဟု သူတို့ကြားခဲ့ရသည်။
ဗုဒ္ဓရောင်ဝါခြေလှမ်းသည် ရီဖူရှင်း၏ အမှတ်အသားဖြစ်လာပြီး သူသည် စိတ်ရှိသကဲ့သို့ လွတ်လွတ်လပ်လပ် သွားနိုင်ကြောင်း အသိအမှတ်ပြုခဲ့ကြရသည်။
“မင်းက ဗုဒ္ဓလမ်းစဉ်ကို ကျင့်ကြံပြီးတော့ မူလဘုံကိုပြန်ပြီး စီဝေ့ကြယ်ကောင်းကင်ကို အုပ်စိုး၊ မင်းရဲ့ကိုယ်ပိုင်လို့ မင်းဘာသာခေါ်တဲ့ နယ်မြေတစ်ခုရဲ့ အရှင်သခင်လုပ်နေတယ်ပေါ့လေ။ မင်းက မင်းရဲ့စွမ်းရည်ကို ဘယ်ကရခဲ့လဲဆိုတာ မေ့သွားပြီး အောက်ခြေလွတ်နေတဲ့ပုံပဲ”
ထုံချန်းဗုဒ္ဓအရှင်ဘေးရှိ ရှန်းယန်ဗုဒ္ဓအရှင်က တည်ငြိမ်စွာ မှတ်ချက်ပြုလိုက်သည်။
“မင်းရဲ့ လက်ရှိ အဆင့်အတန်းအရ မင်းအတော်လေး မောက်မာနေတာ အံ့အားသင့်စရာ မရှိပါဘူး...”
ရှန်းယန်ဗုဒ္ဓအရှင်၏မျက်လုံးထဲတွင် ရီဖူရှင်း၏ လက်ရှိအောင်မြင်မှုနှင့် သူ၏စွမ်းရည်သည် သူကျင့်ကြံခဲ့သော ဗုဒ္ဓကျင့်စဉ်များကြောင့်သာဖြစ်သည်ဟု မြင်နေပေသည်။ ရီဖူရှင်းတွင် ရှိသမျှသည် သူ၏ဗုဒ္ဓလမ်းစဉ်အုတ်မြစ်တွင် အခြေခံထားသည်ဟုပင် သူထင်နေလေသည်။ ဗုဒ္ဓရောင်ဝါခြေလှမ်းသာမရှိလျှင် သူသည် ဤအဆင့်အထိ ရောက်လာနိုင်မည်မဟုတ်ပေ။
“မောက်မာတယ်ဟုတ်လား...”
သူသည် သူ့ကိုယ်သူစိတ်ကြီးဝင်ကာ မောက်မာနေသည်ဟု သူတို့ထင်နေကြခြင်းပင်။
“လိပ်ပြာတောင်ကုန်းက ခင်ဗျားပိုင်တဲ့နေရာလိုမျိုး ခင်ဗျားက ပြောနေတာပဲ။ ခင်ဗျားကလည်း ဓမ္မကို ရှာဖွေဖို့ လိပ်ပြာတောင်ကုန်းကို သွားခဲ့တဲ့ ကျင့်ကြံသူတွေအများကြီးထဲက တစ်ယောက်ပဲဆိုတာကို ခင်ဗျားမေ့နေတဲ့ပုံပဲ”
ရီဖူရှင်းက ခနဲ့စကားဆိုလိုက်သည်။ ထို့နောက်တွင် သူသည် ရှန်းယန်ဗုဒ္ဓအရှင်ကို လုံးဝလျစ်လျူရှုလိုက်သည်။ အားလုံးသည် ကိုယ့်အမြင်ကိုသာ ဆွဲကိုင်ထားကြသည်။ သူတို့၏ အမြင်ကို ဆွဲကိုင်လိုက်ပြီးသည်နှင့် အခြားသူများသည် သူတို့၏အမြင်ကို ပြောင်းရန် အလွယ်တကူ မဖျောင်းဖျနိုင်တော့ပေ။ ရှန်းယန်ဗုဒ္ဓအရှင်သည်လည်း ထိုကဲ့သို့သောသူဖြစ်သည်။ သူသည် ထိုသို့မြင်နေခြင်းဖြစ်ရာ ရီဖူရှင်းအနေဖြင့် သူနှင့်ဆက်၍ ငြင်းခုန်နေလျှင်လည်း အကျိုးရှိမည်မဟုတ်ပေ။
သူသည် ထိုသို့ပြောလိုက်ပြီးနောက် နောက်လှည့်ကာ ထွက်သွားရန် ဟန်ပြင်လိုက်သည်။
“နေဦး...”
ထီမထင်သောအသံတစ်သံက ရီဖူရှင်းကို တားလိုက်သည်။ ထို့နောက်တွင် ထုံချန်းဗုဒ္ဓအရှင်သည် လက်အုပ်ချီကာ သူ့ကို ဆက်ပြောလိုက်သည်ကို သူမြင်လိုက်ရ၏။
“မင်းက နတ်ဆိုးဘုံနဲ့ မှော်နက်လောကနဲ့ ဘာသဘောတူညီချက် လုပ်ထားတာလဲ”
သူ၏အသံသည် ထိုထက်ပို၍ မခက်ထန်နိုင်တော့ပေ။ ရီဖူရှင်း ထိုသို့လုပ်ထားသည်မှာ သေချာကြောင်း သူ့စိတ်ထဲတွင် ဆုံးဖြတ်ထားပြီး ဖြစ်နေပြီဖြစ်သည်။ ရီဖူရှင်းနှင့် ထိုအဓိကလောကကြီးနှစ်ခုမှ ကျင့်ကြံသူများသည် သဘောတူညီချက်တစ်ခုယူ၍ ကောင်းကင်ဒေသကို တိုက်ခိုက်ရန် အင်အားပူးပေါင်းကြလိမ့်မည်ဟု သူကျိန်းသေတွက်ထားပြီးဖြစ်နေသည်။
“ကျုပ် ထပ်ပြောမယ်... ကျုပ် ဘာလုပ်ဖို့ရွေးချယ်တယ်ဆိုတာ ခင်ဗျားဝင်ရှုပ်ရမယ့်ကိစ္စမဟုတ်ဘူး”
ရီဖူရှင်းက သူတို့ကို ဖြေရှင်းချက်ပေးမနေတော့ပေ။ သူသည် သူတို့ကို ဖြေရှင်းချက်ပေးရမည်ကို လွန်စွာစိတ်ပျက်နေသဖြင့် ထိုကဲ့သို့ ခပ်ပြတ်ပြတ် ပြန်ပြောလိုက်ခြင်းဖြစ်နိုင်ပေသည်။
ရီဖူရှင်းက ထိုသို့ပြောပြီးသောအခါ ထုံချန်းနှင့်ဆက်၍ စကားရှည်မနေလိုတော့သဖြင့် နောက်လှည့်ကာ ထွက်သွားရန် လုပ်လိုက်သည်။
ဗုဒ္ဓအရှင်များစွာထဲတွင် ထုံချန်းဗုဒ္ဓအရှင်သည် သူ့ကို အမြဲ မကောင်းမြင်နေကြောင်း သူယခင်ကတည်းက သိရှိထားပေသည်။ သူသည် ထုံချန်း၏ စွမ်းအားကြီးမိတ်ဆွေနှစ်ဦးကို သတ်ခဲ့သည်။ ထိုနှစ်ဦးစလုံးသည် သူနှင့်ရင်းနှီးပေသည်။ သူတော်စင်ကျန်းချန်နှင့် စဦးသမာဓိအရှင်တို့သည် သူ့လက်ချက်ဖြင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။
ထိုလူများသည် သူနှင့်မျိုးဆက်တူသော သူ၏မိတ်ဆွေများဖြစ်သည်။
ယနေ့တွင် သူတို့အားလုံးသည် သေဆုံးခဲ့ပေပြီ။ ရီဖူရှင်းသည်သာ မည်သည့်ဘေးဒုက္ခမှ မကြုံရဘဲ ဆက်ရှင်သန်နိုင်ခဲ့ကာ မူလဘုံတွင် ပို၍ပင် စွမ်းအားကြီးလာခဲ့သည်။ ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခု၏ မဟာမိတ်တပ်ပေါင်းစုသည်ပင် သူ့ကို အနိုင်မယူနိုင်ခဲ့ပေ။
ထိုကဲ့သို့သော သမိုင်းကြောင်းကြောင့် ထုံချန်းဗုဒ္ဓအရှင်သည် ရီဖူရှင်းအပေါ် မည်သို့သဘောထားနေမည်ကို တွေးကြည့်နိုင်ပေသည်။
“အတင့်ရဲလိုက်တာ...”
ထုံချန်းဗုဒ္ဓအရှင်သည် လက်အုပ်ချီလိုက်ပြီး ဗုဒ္ဓတရားသံသည် ကောင်းကင်နှင့်မြေကြီးအကြားတွင် ပဲ့တင်ထပ်သွားသည်။ ရီဖူရှင်းအထက်ရှိကောင်းကင်သည် ဗုဒ္ဓတရားသံ၏ လွှမ်းမိုးမှုကို ရုတ်ခြည်းခံလိုက်ရ၏။ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ကျဆင်းလာပြီး ဗုဒ္ဓမဟာလမ်းစဉ်စက်ကွင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရီဖူရှင်းကို အတွင်း၌ ဖမ်းချုပ်လိုက်သည်။
ရီဖူရှင်းက ချက်ချင်း ပြန်မတိုက်ခဲ့ပေ။ သူသည် ပတ်ဝန်းကျင်အခြေအနေကို လေ့လာလိုက်ပြီး အေးစက်သောမျက်နှာထားဖြင့် သူ၏ပြိုင်ဘက်ကို ကြည့်လိုက်လေသည်။ ထုံချန်းဗုဒ္ဓအရှင်သည် သူ့ကို တိုက်ရိုက်စစ်ကြေညာခဲ့ပေပြီ။
ဧရာမ မဟာဗုဒ္ဓပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်နှင့်နေမင်းကို ကာရံသွားသည်။ ၎င်းသည် ဤနေရာရှိကောင်းကင်ကို ဗုဒ္ဓလောကတစ်ခုအဖြစ် ပြောင်းလဲလိုက်ကာ ရီဖူရှင်းကို အတွင်း၌ ပိတ်ထားလိုက်၏။
ရီဖူရှင်းသည် ဤအကြိမ်တွင် ဗုဒ္ဓရောင်ဝါခြေလှမ်းကို သုံးကာ ထွက်မပြေးခဲ့ဘဲ မဟာလမ်းစဉ်စက်ကွင်းကို ပေါ်လာစေကာ သူ့ကို အတွင်း၌ ပိတ်ဆို့ခွင့်ပြုလိုက်လေသည်။ ထိုမြင်ကွင်းကြောင့် ယင်းဗုဒ္ဓကျင့်ကြံသူများသည် ရီဖူရှင်းမှာ အမှန်ပင် စိတ်ကြီးဝင်နေသူဖြစ်ကြောင်း ပို၍သေချာသွားလေသည်။
“အရင်တုန်းက မင်းကို ဗုဒ္ဓကျင့်စဉ်သင်ပေးတာက အကြံကောင်းလို့ ငါမထင်ခဲ့ဘူး... ဒါပေမဲ့ တခြားဗုဒ္ဓတွေက ရက်ရောပြီး ကရုဏာကြီးမားကြလို့ မင်းကို ဗုဒ္ဓကျင့်စဉ် ကျင့်ကြံခွင့်ပြုခဲ့ကြတယ်... အဲဒါကြောင့် အခု မင်းက ဘယ်လို အရူးတစ်ယောက် ဖြစ်လာလည်းဆိုတာ ကြည့်စမ်းပါဦး။ ဗုဒ္ဓတွေက မင်းကို ကျမ်းစာတွေသင်ပေးခဲ့ပြီး လိပ်ပြာတောင်ကုန်းပေါ်မှာ ကျင့်ကြံခွင့်ပြုခဲ့တယ်... ဗုဒ္ဓအားလုံးအရှင်ကိုယ်တိုင်တောင် မင်းက ဗုဒ္ဓလမ်းစဉ်နဲ့ ရေစက်ပါတယ်လို့ မင်းအတွက် ပြောပေးခဲ့တယ်။ ဒါပေမဲ့ မင်းက အဲဒါတွေကို မထောက်ထားဘဲနဲ့ နတ်ဆိုးဘုံနဲ့ မှော်နက်လောကတို့နဲ့ ပူးပေါင်းခဲ့တယ်”
ထုံချန်းဗုဒ္ဓအရှင်သည် ရီဖူရှင်းကို စူးစူးဝါးဝါးကြည့်ကာ ပြောသည်။ သူ၏လေသံသည် တည်ငြိမ်နေပြီး ထိုအသံနောက်တွင် ဗုဒ္ဓတရားသံများ ပျံ့လွင့်နေပေသည်။ သူ့တစ်ကိုယ်လုံးကို ဗုဒ္ဓမှော်စွမ်းအားက ကာကွယ်ပေးထားပြီး သူသည် အစစ်အမှန်ဗုဒ္ဓဖြစ်သော ရှေးဟောင်းဗုဒ္ဓတစ်ပါးအဖြစ် ပြောင်းလဲသွားလေသည်။
“မင်းက နတ်ဆိုးဘုံနဲ့ မှော်နက်လောကတို့နဲ့ ပူးပေါင်းနေရင် ငါက ဗုဒ္ဓလမ်းစဉ် ကျင့်ကြံသူတစ်ယောက်အနေနဲ့ မင်းလို လမ်းမှားရောက်နေတဲ့တပည့်မျိုးကို သုတ်သင်ရှင်းလင်းပြီး အတိတ်တုန်းက ဗုဒ္ဓလမ်းစဉ်က ပြုလုပ်ခဲ့တဲ့ အမှားတွေကို ပြန်ပြင်ပေးရမှာပဲ”
ထုံချန်းဗုဒ္ဓအရှင်၏ စကားသံသည် အာကာပြင်တွင် ပဲ့တင်ထပ်သွားပြီး ထိုကြောက်မက်ဖွယ်မြင်ကွင်းသည် အဝေးမှ ကျင့်ကြံသူများကို စိတ်ဝင်စားသွားစေလေသည်။ သတင်းရခဲ့သော ကောင်းကင်ဒေသမှ ကျင့်ကြံသူများအပါဝင် လူများစွာသည် ဤနေရာသို့ ရောက်လာကြသည်။
“ခင်ဗျားက ကိုယ့်ကိုယ်ကို အမှန်တရားဘက်တော်သားလို့ ထင်နေတာပဲ”
ရီဖူရှင်းက ထုံချန်းဗုဒ္ဓအရှင်ကိုကြည့်၍ ရွဲ့တဲ့တဲ့ပြောသည်။
“ခင်ဗျားလို ကြွက်မျိုးက ကိုယ့်ကိုယ်ကို ‘ဗုဒ္ဓ’လို့ ခေါ်ဖို့မထိုက်တန်ဘူး”
သူ၏အသံပျောက်ကွယ်သွားသောအခါ သူ့ကိုယ့်ပေါ်မှနေ၍လည်း ဗုဒ္ဓအလင်း တောက်ပစွာ လင်းလက်လာသည်။ မိုးကောင်းကင်ထက်တွင် ဗုဒ္ဓအလင်းသည် လွတ်လပ်စွာ စီးဆင်းနေပြီး စုဝေးကာ ဧရာမဗုဒ္ဓပုံရိပ်ကြီးနောက်တစ်ခု ဖြစ်ပေါ်လာလေသည်။ ရုတ်တရက် ဧရာမ ဗုဒ္ဓပုံရိပ်ကြီးနှစ်ခုသည် နေရာတစ်ခုစီကို လွှမ်းခြုံထားပြီး တစ်ခုနှင့်တစ်ခု အလျှော့မပေးဘဲ အားပြိုင်နေကြ၏။ ထိုပုံရိပ်ကြီးနှစ်ခုသည် အဆုံးမဲ့ နတ်အရောင်အဝါများကို ထုတ်လွှတ်နေကြလေသည်။
ဝှီး...
ထုံချန်းဗုဒ္ဓအရှင်သည် အတွေးတစ်ချက်ဖြင့် လေပေါ်သို့ ပျံတက်လာပြီး သူ့အနောက်တွင် ဗုဒ္ဓအလင်းလှည့်ပတ်နေလေသည်။ ထို့နောက်တွင် အတုမဲ့ ဧရာမ ဝမ်စာလုံးသင်္ကေတကြီးများ ထွက်ပေါ်လာ၏။ ကောင်းကင်ထက်တွင် ဧရာမဗုဒ္ဓပုံရိပ်ကြီး၏လက်သည် ရီဖူရှင်းကို ရိုက်ချလိုက်သည်။ ထိုရိုက်ချက်သည် ဝမ်စာလုံးသင်္ကေတများစွာ ပါဝင်သော ရိုက်ချက်ဖြစ်သည်။ ထိုသင်္ကေတများသည် လည်ပတ်နေပြီး ဝမ်စာလုံးသင်္ကေတအတွင်းရှိ ဧရမ နတ်ချိပ်စည်းဖြင့် ရောယှက်သွားကာ ရီဖူရှင်းထံသို့ ပျံဝင်လာလေသည်။
“ဝမ်စာလုံးသင်္ကေတ...”
ဝမ်စာလုံးသင်္ကေတသည် အင်အားအကြီးဆုံးဗုဒ္ဓချိပ်စည်းများထဲမှ တစ်ခုဖြစ်ပြီး ခက်ထန်ကာ လွှမ်းမိုးအားကြီးပေသည်။ ၎င်း၏စွမ်းအားသည် ကျင့်ကြံသူတစ်ဦးချင်းစီ၏ သိမြင်နားလည်မှုအပေါ်မူတည်၍ ကွဲပြား၏။
ရီဖူရှင်းက သူ့အရှေ့သို့ တစ်ချက်ကြည့်လိုက်ပြီး လက်အုပ်ချီလိုက်ရာ သူဆင့်ခေါ်ထားသော ဧရာမဗုဒ္ဓပုံရိပ်ကြီးသည်လည်း ဝမ်စာလုံးသင်္ကေတကို ထုတ်လွှတ်ရန် လက်မြောက်လိုက်သည်။ သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး အတန်ငယ်ပင် တုံ့ဆိုင်းခြင်းမရှိဘဲ ရင်ဆိုင်နေကြခြင်းပင်။
ဧရာမ ဝမ်စာလုံးသင်္ကေနှစ်ခုသည် တစ်ခုနှင့်တစ်ခု ထိတိုက်သွားကြသည်။ ခေတ္တမျှ အာကာပြင်သည် ပြိုပျက်သွားသည်ဟု ထင်လိုက်ရပြီး ကြောက်မက်ဖွယ် စွမ်းအားတစ်ခုသည် ထိုနေရာရှိ ကောင်းကင်ကို ရိုက်ခတ်သွားသည်။ ဗုဒ္ဓလောကစက်ကွင်းပင် ပျက်စီးသွားလေသည်။ အလွန်တောက်ပသော ဗုဒ္ဓအလင်းသည် ကြောက်မက်ဖွယ်မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အာကာပြင်ထက်တွင် ဗြောင်းဆန်သွားလေသည်။ အဝေးနေရာများမှ ကျင့်ကြံသူများပင် နတ်ဆိုးဘုံမှ ကျင့်ကြံသူများ ထပ်မံကျူးကျော်လာသည်အထင်နှင့် ဤဘက်သို့ လှမ်းကြည့်လိုက်ကြပေသည်။
ရီဖူရှင်းနှင့် ထုံချန်းဗုဒ္ဓအရှင်တို့သည် မုန်တိုင်းအလယ်တွင် ရပ်နေကြပြီး သူတို့သည် တစ်ဦးကိုတစ်ဦး အသာမယူနိုင်ကြပေ။ ထိုဝမ်စာလုံးသင်္ကေတတစ်ခုစီတွင် သူတို့သည် သူတို့၏ ကိုယ်ပိုင်သိမြင်နားလည်မှုကို ထည့်သွင်းထားကြ၏။ သို့သော် သူတို့သည် လက်ရည်တူနေလေသည်။ တစ်ယောက်ကိုတစ်ယောက် တူညီသော ဗုဒ္ဓအစွမ်းကို အသုံးပြု၍ တိုက်ခိုက်ချိန်တွင် သူတို့ထံတွင် သိသိသာသာ ပိုသာသော အင်အားမရှိပါက အလုံးစုံအနိုင်ယူနိုင်ရန် မဖြစ်နိုင်ချေ။
“ကျုပ်က ဆယ်စုနှစ်နည်းနည်းလောက်ပဲ ဗုဒ္ဓလမ်းစဉ်ကို ကျင့်ကြံရသေးတာတောင် ခင်ဗျားရဲ့ နှစ်ထောင် ကျင့်ကြံမှုထက် အများကြီးသာနေပြီ။ ကျုပ်အရှေ့မှာ ခင်ဗျားက ကိုယ့်ကိုယ်ကို ဗုဒ္ဓလို့ ဘယ်လိုလုပ် ခေါ်ဝံ့သေးတာလဲ”
ရီဖူရှင်းက ထုံချန်းဗုဒ္ဓအရှင်ကို ကြည့်၍ ပြောသည်။ သူ၏စကားလုံးများသည် ဓားသွားကဲ့သို့ ထက်ရှပေသည်။ ထုံချန်းဗုဒ္ဓအရှင်သည် သူက နတ်ဆိုးဘုံနှင့် မှော်နက်လောကတို့နှင့် ပူးပေါင်းကာ ကောင်းကင်ဒေသ၏ မဟာမိတ်တပ်ပေါင်းစုကို တိုက်ခိုက်ချင်နေသည်ဟု စွပ်စွဲခဲ့သည်။ ယခုတွင် သူသည် မိစ္ဆာကိုသုတ်သင်ကာ ဓမ္မကို ကာကွယ်မည်ဟုဆို၍ တိုက်ခိုက်ခဲ့သည်။
ထိုကဲ့သို့သော အခြေအနေအောက်တွင် သူသည် အခြားသူများကို လေးလေးစားစား ဆက်ဆံနေရဦးမည်လော။
မုန်တိုင်းပျောက်ကွယ်သွားပြီး သူ့တို့နှစ်ယောက် ပတ်ပတ်လည်ရှိ နေရာတွင် ကျင့်ကြံသူများစွာ ထွက်ပေါ်လာလေသည်။ သူတို့ထဲတွင် ကောင်းကင်ဒေသမှ ထိပ်သီးများစွာ ပါပေသည်။
ဤစစ်ပွဲသည် နတ်ဆိုးဘုံက ကောင်းကင်ဒေသကို ကျုးကျော်သဖြင့် ဖြစ်ပေါ်လာသော စစ်ပွဲဖြစ်သည်။ ထို့ကြောင့် စစ်ပွဲတွင်ပါဝင်သူအများစုမှာ ကောင်းကင်ဒေသနှင့် နတ်ဆိုးဘုံမှ ကျင့်ကြံသူများဖြစ်ကြပြီး ထိုထဲတွင် စွမ်းအားအကြီးဆုံး ကျင့်ကြံသူများလည်း ပါပေသည်။ ကျန်ဘုံလေးဘုံမှာမူ မူလတွင် ထောက်ပံကူညီရုံသာ ကြံရွယ်ထားသော်လည်း စစ်ပွဲပို၍ပြင်းထန်လာသည်နှင့်အမျှ စစ်ပွဲတွင်ပါဝင်သော သူတို့၏အင်အားများလည်း တဖြည်းဖြည်း ပိုများလာပေသည်။
“ရီဖူရှင်း...”
ကောင်းကင်ဒေသမှ ကျင့်ကြံသူများသည် မည်ကဲ့သို့ သူ့ကို မမှတ်မိဘဲ နေမည်နည်း။
ထျန်းယန်မြို့မှ ကျင့်ကြံသူများလည်း ရောက်ရှိလာကြသည်။ ဝမ်ရှောင်သည် ရီဖူရှင်းရှိနေသောနေရာကို ချက်ချင်း ကြည့်လိုက်သည်။ သူ၏ ရွှေရောင်မျက်ဝန်းများထဲတွင် ကြောက်မက်ဖွယ် တိုက်ခိုက်လိုသည့်အငွေ့အသက်တစ်ခု ရုတ်ခြည်းထွက်ပေါ်လာလေသည်။
ရီဖူရှင်းသည် အဘယ်သို့ ကောင်းကင်ဒေသထဲတွင် ထွက်ပေါ်လာဝံ့သနည်း။