မင်းရဲ့သွေးက လမ်းခင်းပေးလိမ့်မယ်
Vol. 184 Ch. 2633
ရီဖူရှင်းက ဝမ်ရှောင်ဘက်သို့ အာရုံစိုက်လိုက်သည်။ ဤနှစ်ပိုင်းအတွင်း၌ ဝမ်ရှောင်၏ကျင့်ကြံခြင်းအစွမ်းသည် ယခင်ကထက် ပို၍ကြောက်မက်ဖွယ်ကောင်းလာပြီး သူသည် မဟာလမ်းစဉ်ဒုတိယကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ပြီးခဲ့ပြီဖြစ်သည်။
အာခီမီမြို့မှပြိုင်ပွဲ ပြီးဆုံးခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း ထိုနှစ်များအတွင်း၌ ဝမ်ရှောင်တစ်ယောက် နောက်တစ်ဆင့်သို့ တက်နိုင်ခဲ့ခြင်းမှာ ရှားပါးဖြစ်စဉ်ပင် ဖြစ်သည်။ ထို့အပြင် လက်ရှိဝမ်ရှောင်သည် ယခင်ကဝမ်ရှောင်နှင့် များစွာကွားခြားနေခဲ့ပေပြီ။ သူသည် ရွှေရောင်မီးတောက်ချပ်ဝတ်ကို ဝတ်ဆင်ထာပြီး သူ့တစ်ကိုယ်လုံးသည် တောက်ပနေလေသည်။
ဝမ်ရှောင်သည် ယခင်ကထက် များစွာပို၍သန်မာလာပြီဖြစ်ပြီး ယခင်ကဝမ်ရှောင်နှင့် မတူတော့ပေ။
သူ မည်သည့်ကိစ္စများကို ဖြတ်ကျော်ခဲ့ရခြင်းနည်း။ ရီဖူရှင်းက အတန်ငယ်အံ့အားသင့်စွာ တွေးတောလိုက်သည်။ အဘယ်ကြောင့် ဝမ်ရှောင်သည် ဤမျှ ကြီးမားစွာပြောင်းလဲခဲ့ရသနည်း။
ယခင်က ဝမ်ရှောင်သည် သူနှင့် လုံးဝ မယှဉ်နိုင်ခဲ့ပေ။ သို့သော် ယနေ့ဝမ်ရှောင်သည် သူ့ကို ယှဉ်နိုင်လာသည့်ပုံပင်။
ဝမ်ရှောင်၏အနောက်တွင် ထျန်းယန်မြို့သခင် ရှိ၏။ သူသည် အေးစက်သောမျက်လုံးများဖြင့် ရီဖူရှင်းကို စိုက်ကြည့်နေပြီး သူ့ကိုယ်ပေါ်ရှိ သတ်ဖြတ်လိုသောအငွေ့အသက်သည် ယခင်ကထက် ပို၍ ပြင်းထန်နေလေသည်။
တစ်ချိန်က ရီဖူရှင်း၏စွမ်းအားသည် ဒုတိယကပ်ဘေးအဆင့် ကျင့်ကြံသူများကို သတ်ဖြတ်နိုင်ရန် လုံလောက်ခဲ့သဖြင့် သူတို့သည် ရွေးစရာမရှိတော့ဘဲ မူလဘုံမှ ဆုတ်ခွာခဲ့ကြရသည်။ ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခု၏ ပူးပေါင်းဆောင်ရွက်မှုသည် ရှုံးနိမ့်ခဲ့ပြီး သူတို့၏ရှုံးနိမ့်မှုသည် အကြီးအကျယ် အရှက်ရစရာဖြစ်ခဲ့သည်။ သို့သော် လက်ရှိဝမ်ရှောင်သည် ယခင်ကဝမ်ရှောင် မဟုတ်တော့ပေ။
ထျန်းယန်မြို့သခင်သည် ဤစစ်ပွဲပြီးလျှင် ဝမ်ရှောင်ကို မြို့သခင်ရာထူး လွှဲပြောင်းပေးရန်ပင် ရည်ရွယ်ထားပေသည်။ သူသည် ကန့်လန့်ကာနောက်ကွယ်တွင်သာနေ၍ ဝမ်ရှောင်အတွက် အရာအားလုံးကို စီစဉ်ပေးမည်ဖြစ်သည်။
မဟာအင်ပါယာတစ်ပါးကို ပျိုးထောင်ပေးရန်မှာ ထျန်းယန်မြို့သခင်၏ အကြီးမားဆုံးဆန္ဒဖြစ်သည်။ ထိုသို့ဖြစ်လာလျှင် ထျန်းယန်မြို့သည် အမှီအခိုကင်းသော အင်အားစုတစ်စုဖြစ်လာမည်ဖြစ်ပြီး တစ်ကိုယ်တော်ရပ်တည်နိုင်ပေလိမ့်မည်။ သူတို့သည် ကောင်းကင်ဒေသ၏ အုပ်ချုပ်မှုကို ခံရတော့မည်မဟုတ်ဘဲ မူလဘုံ၏ ကုန်းမြေများကိုပင် သွားရောက်သိမ်းပိုက်နိုင်မည်ဖြစ်သည်။
အရှင်ဒွန်ဟောင် မလှုပ်ရှားခြင်းသည် သူတို့လည်း မလှုပ်ရှားဟု ဆိုလိုခြင်းမဟုတ်ပေ။
ထိုသို့ကြံစည်နိုင်ရခြင်းမှာ ထျန်းယန်မြို့တွင် နောက်မဟာအင်ပါယာတစ်ပါး ဖြစ်လာနိုင်သည့် အရည်အသွေးရှိသော ဝမ်ရှောင်ရှိနေသောကြောင့်ပင်။
“ရီဖူရှင်း... မင်းက နတ်ဆိုးဘုံနဲ့ မှော်နက်လောကနဲ့ ပူးပေါင်းခဲ့တာပဲ။ ပြီးတော့ မင်းက ဗုဒ္ဓလောက,က မင်းကို ဗုဒ္ဓကျင့်စဉ်သင်ပေးခဲ့တဲ့ ဗုဒ္ဓအရှင်နဲ့လည်း တိုက်ခိုက်ခဲ့တယ်... မင်းက တကယ့်ကို ကျေးဇူးကန်းတာပဲ”
ထျန်းယန်မြို့သခင်သည် အေးစက်စက်လေသံဖြင့် ကြိမ်းမောင်းလိုက်သည်။ သူသည် မီးလောင်ရာလေပင့်နိုင်မည့် ရှားပါးအခွင့်အရေးကို မည်သို့ လက်လွတ်ခံနိုင်မည်နည်း။ သူသည် ရီဖူရှင်း၏အပြစ်ကို ပို၍ကြီးလာအောင် လုပ်နိုင်မည့် အခွင့်အရေးကို အမိအရဆုပ်ကိုင်ထားမည်ဖြစ်ပြီး သူ့ကို အခြားသူများအားလုံးနှင့် ကင်းကွာသွားအောင်လုပ်မည်ဖြစ်သည်။
“သူက တစ်ချိန်က ကောင်းကင်ဒေသက ကျင့်ကြံသူတစ်ယောက်ပဲ... ဒါပေမဲ့ အခုတော့ သူက ကောင်းကင်ဒေသကို သစ္စာဖောက်ပြီး သူ့ကိုယ်ပိုင်ကုန်းမြေတစ်ခုမှာ အရှင်သခင်လုပ်နေရုံတင်မကဘူး မူလဘုံမှာရှိတဲ့ ကောင်းကင်ဒေသက ကျင့်ကြံသူတွေကိုတောင် မောင်းထုတ်ခဲ့သေးတယ်။ အရင်တုန်းကတော့ သူအဲဒီလိုလုပ်ခဲ့တာက သူနဲ့ကောင်းကင်ဒေသကြားမှာ နက်ရှိုင်းတဲ့ရန်ငြိုးတွေရှိလို့လို့ အားလုံးကတွေးခဲ့ကြတယ်... ဒါပေမဲ့ အခုတော့ သူက နတ်ဆိုးဘုံနဲ့ မှော်နက်လောကနဲ့ ပူးပေါင်းနေတာဆိုတာ သိခဲ့ရပြီ”
အခြားတစ်ယောက်က ထပ်ပြောသည်။ ရီဖူရှင်းက ကောင်းကင်ဒေသမှ အင်အားစုများစွာကို မကျေမနပ်ဖြစ်စေခဲ့ကြောင်း ထင်ရှားလေသည်။
ထို့အပြင် သူသည် အာရုံစိုက်မှုများစွာ ခံနေရပြီး ကျင့်ကြံသူများစွာသည် ရီဖူရှင်း ဒုက္ခရောက်သည်ကို အလွန်မြင်လိုနေကြပေသည်။
“ကိုယ်တော်တို့ရဲ့ ဗုဒ္ဓအားလုံးအရှင်က ကရုဏာတရားကြီးမားလို့ သူ့ကို ဗုဒ္ဓလမ်းစဉ် သင်ပေးခဲ့တာပဲ... ဒါပေမဲ့ အဲဒါက သူ့ကို လောကအတွင်းမှာ မကောင်းမှုတွေ လုပ်စေဖို့ မဟုတ်ဘူး။ ကံဆိုးတာက ဒါက ဗုဒ္ဓလမ်းစဉ်က ပြုလုပ်မိခဲ့တဲ့ အပြစ်တစ်ခုပဲ”
မဟာဗုဒ္ဓတစ်ပါးသည် လက်အုပ်ချီ၍ ပြောသည်။ ဗုဒ္ဓအလင်းသည် သူ့အပေါ်တွင် တောက်ပနေပေသည်။ ထိုဗုဒ္ဓအရှင်သည် ထုံချန်းဗုဒ္ဓအရှင်တို့နှင့် တစ်ဖွဲ့တည်းဖြစ်ပြီး ရီဖူရှင်းအပေါ် သိပ်၍အမြင်မကြည်ချေ။
ရီဖူရှင်းက ထိုနေရာတွင် မှင်တက်ကာ ရပ်နေလေသည်။ သူသည် ဤနေရာမှ ဖြတ်သွားရုံသာဖြစ်ပြီး စစ်မြေပြင်အခြေအနေကို လာကြည့်ခြင်းသာဖြစ်သည်။ သူသည် လူထု၏ ဘုံရန်သူဖြစ်လာပြီး လူများစွာသည် သူ့ကို အန္တရာယ်ပြုချင်နေကြမည်ဟု သူမမျှော်လင့်ခဲ့ပေ။
သူသည် ထျန်းယန်မြို့သခင်ကို တစ်ချက်ကြည့်လိုက်၏။ သူ့မျက်ဝန်းများထဲတွင် အထင်အမြင်သေးမှုတစ်ခု ရှိနေလေသည်။ သူသည် ထျန်းယန်မြို့သခင်နှင့် ဖက်ပြိုင်ရမည်ကိုပင် ရွံရှာနေသည့်ပုံပင်။
“ထျန်းယန်မြို့က အတိတ်တုန်းက ဘာတွေဖြစ်ခဲ့လဲဆိုတာ မေ့သွားတဲ့ပုံပဲ”
ရီဖူရှင်းက ရွဲ့၍ပြောသည်။ သူဆက်ပြောလိုက်၏။
“ကျုပ်နဲ့ ဗုဒ္ဓလောကရဲ့ ပတ်သက်မှုကိုတော့ ကျုပ် ရှင်းရှင်းလင်းလင်း ရှင်းပြပြီးသွားပါပြီ။ ကျုပ်က ဗုဒ္ဓလမ်းစဉ်ကို ကျင့်ကြံခဲ့ပြီး ဗုဒ္ဓဓမ္မကို အမြဲလေးစားခဲ့ပါတယ်။ အဲဒါကြောင့်လည်း ကျုပ်ရှေ့က လူတွေကို ရိုသေသမှုနဲ့ ဆက်ဆံတာပါ။ ဒါပေမဲ့ သူတို့ထဲကတချို့ကတော့ ဗုဒ္ဓလမ်းစဉ်အောက်က အရေခြုံတွေပဲ... မပြောပလောက်တဲ့ ကိစ္စလေးတွေအကုန်လုံးအတွက် လက်စားချေချင်ပြီး ဘာသည်းခံစိတ်မှ မရှိတဲ့သူတွေပဲ။ သူတို့ပါးစပ်ဟလိုက်တိုင်း တခြားသူတွေကို အပြစ်တင်တော့တာပဲ... အဲဒါက ဗုဒ္ဓလမ်းစဉ်ရဲ့ သင်ကြားမှုတွေနဲ့ လုံးလုံးဆန့်ကျင်နေတယ်။ သူတို့က ဗုဒ္ဓလို့ အခေါ်ခံရဖို့ မထိုက်တန်ဘူးလို့ ကျုပ်ထင်တယ်။ သူတို့သာ ဗုဒ္ဓလမ်းစဉ်ကို ကျင့်ကြံတာနဲ့ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်တာအပေါ်မှာသာ အာရုံမစိုက်ဘူးဆိုရင် ဒီလူတွေပဲ မိစ္ဆာလမ်းစဉ်ထဲကျသွားပြီး နောက်လာမယ့် ရာစုနှစ်တွေမှာ ဘေးဒုက္ခတွေကို ဖြစ်စေလိမ့်မယ်”
“ရိုင်းစိုင်းလိုက်တာ...”
ရှန်းယန်ဗုဒ္ဓအရှင်သည် အေးစက်စွာ ဟိန်းဟောက်လိုက်သည်။
တဖြည်းဖြည်းဖြင့် ထိုနေရာတွင် ကျင့်ကြံသူများပိုများလာလေသည်။ ရှန်းယန်ဗုဒ္ဓအရှင်က ပြောလိုက်၏။
“သူက ရိုင်းစိုင်းမောက်မာပြီး ရိုသေလေးစားမှု တစ်စက်မှ မရှိပါဘူး။ အခု သူက နတ်ဆိုးဘုံနဲ့ မှော်နက်လောကတို့နဲ့ ပူးပေါင်းနေပြီဆိုတော့ ကိုယ်တော်တို့ သူ့ကို ဒီမှာ ဖမ်းချုပ်ထားကြမလား”
ကျင့်ကြံသူအားလုံးသည် ရီဖူရှင်းကို စိုက်ကြည့်လိုက်သည်။ ယနေ့ ဤနေရာတွင် တစ်နည်းနည်းဖြင့် စွမ်းအားကြီးကြသော ထိပ်တန်းအင်အားစုများစွာ ရှိနေ၏။
စွမ်းအားကြီး ကျင့်ကြံသူများလည်း များစွာရှိနေရာ ရီဖူရှင်းကို ဖမ်းချုပ်ရန်သည် မဖြစ်နိုင်သည့်ကိစ္စမဟုတ်ပေ။
ထို့အပြင် ရှန်းယန်ဗုဒ္ဓအရှင်သည် နတ်မျက်စိအတတ်တွင် ဆရာတစ်ဆူဖြစ်သဖြင့် ရီဖူရှင်းတစ်ယောက် ဗုဒ္ဓရောင်ဝါခြေလှမ်းကို အသုံးပြု၍ ထွက်ပြေးလိုလျှင်ပင် လွယ်မည်မဟုတ်ပေ။
“အဲဒီလို ဖြစ်သင့်တာပေါ့...”
ထျန်းယန်မြို့သခင်က အရင်ဆုံး ပြန်တုံ့ပြန်လိုက်သည်။
“ကျုပ်တို့သာ သူ့ကို ထွက်သွားခွင့်ပြုလိုက်ရင် သူက နတ်ဆိုးဘုံနဲ့ မှော်နက်လောကကို သွားပြီး သူတို့နဲ့ ပူးပေါင်းမှာပဲ။ သူ့စွမ်းရည်နဲ့ဆိုရင် နောက်ထပ် ကပ်ဘေးကြီးတစ်ခု ထပ်ဖြစ်လာနိုင်တယ်”
ထျန်းယန်မြို့သခင်သည် ရီဖူရှင်းက နတ်ဆိုးဘုံနှင့် အမှန်တကယ် ပူးပေါင်းလိမ့်မည်ဟု မထင်သော်လည်း သူ့ကို ထိုကဲ့သို့ အပြစ်အတုအယောင်ဖြင့် စွပ်စွဲရန် အားထက်သန်နေပေသည်။ ထိုနည်းဖြင့် ရီဖူရှင်းသည် အခြားတစ်ဖက်တွင် ရပ်ရန် ဖိအားပေးခံရပေလိမ့်မည်။ ထိုအခါ ဒွန်ဟောင်အင်ပါယာနန်းတော်သည် သူနှင့် စီဝေ့ကြယ်ကောင်းကင်ကို ဆက်၍လွှတ်ထားပေးနိုင်တော့မည်မဟုတ်ပေ။
ထိုသို့ဖြစ်လာလျှင် အင်ပါယာနန်းတော်သည် ရွေးစရာမရှိတော့ပဲ သူ့ကို တိုက်ခိုက်ရပေလိမ့်မည်။
“ကျုပ်ကို ဖမ်းထားချင်တယ်ဟုတ်လား...”
ရီဖူရှင်းက ထိုကျင့်ကြံသူများကို ကြည့်လိုက်၏။ ထို့နောက်တွင် သူသည် ထျန်းယန်မြို့သခင်တစ်ဦးတည်းကိုသာ စိုက်ကြည့်လိုက်သည်။
“ခင်ဗျားက အရင်နှစ်တွေတုန်းက သင်ခန်းစာကို မေ့သွားတဲ့ပုံပဲ။ ခင်ဗျားက ထျန်းယန်မြို့ကို ဆုံးရှုံးချင်နေတာလား”
ထျန်းယန်မြို့သခင်၏ မျက်နှာထားသည် အတန်ငယ် ပြောင်းလဲသွားသည်။ ထိုမျက်နှာထားသည် မလှပေ။
ရီဖူရှင်းက အခြားသူများကို အေးစက်စက်အထင်သေးမှုဖြင့်သာ ကြည့်ကာ ရှန်းယန်ဗုဒ္ဓအရှင်ကို ဆက်ကြည့်လိုက်ပြီး ပြောသည်။
“ကျုပ်က ဗုဒ္ဓလမ်းစဉ်ရဲ့ ကောင်းချီးပေးမှုကို ခံထားရတာပဲ။ ပြီးတော့ ကျုပ်က ဗုဒ္ဓဂိုဏ်းနဲ့ ပြဿနာမဖြစ်ချင်ပါဘူး။ ဒါပေမဲ့ ခင်ဗျားတို့က ကျုပ်တို့ရဲ့ ကိုယ်ရေးကိုယ်တာရန်ငြိုးတွေကြောင့် ကျုပ်ကို ဆက်ပြီးစွပ်စွဲနေဦးမယ်ဆိုရင်တော့ ခင်ဗျားတို့နဲ့ တိုက်ခိုက်ရတော့မှာပဲ။ ဒါပေမဲ့ ဒီအရှုပ်အထွေးကြားထဲမှာ တခြားသူတွေကို ခင်ဗျားတို့နဲ့အတူ ဆွဲမသွင်းပါနဲ့။ ကျုပ်က ဒီစစ်ပွဲထဲမှာ ဝင်ပါဖို့ စိတ်ကူးမရှိဘူး... စစ်မြေပြင်ရဲ့ ရလဒ်ကို လွှမ်းမိုးဖို့လည်း စိတ်မဝင်စားဘူး”
သူသည် စကားပြောပြီးသွားသောအခါ ပို၍မြင့်သော ကောင်းကင်ထက်သို့ ဆက်ပျံတက်သွားလေသည်။ သူသည် ခေါင်းငုံ့၍ အောက်ဘက်ရှိ ကျင့်ကြံသူများကို ကြည့်ရှုကာ ပြောသည်။
“ကျုပ်ကို သတ်ချင်တဲ့သူတွေ ပျံတက်လာပြီး ကိုယ့်ဘာသာ စမ်းကြည့်ကြပေါ့... ဒါပေမဲ့ သူများတွေကိုတော့ သွေးမထိုးနဲ့။ စစ်ပွဲကို အကြောင်းပြချက်အနေနဲ့ သုံးဖို့က ပိုတောင်မလိုသေးတယ်။ ကျုပ်က စီဝေ့ကြယ်ကောင်းကင်က လူတွေကို ဦးဆောင်ပြီး မူလဘုံမှာ ကျင့်ကြံနေတာပဲ... ကျုပ်တို့က ဒီစစ်ပွဲကို လုံးဝစိတ်မဝင်စားဘူး။ ဒါပေမဲ့ ခင်ဗျားတို့က ကျုပ်ကို ဘက်ရွေးဖို့ ဖိအားပေးနေကြတယ်... အဲဒါဘာလို့လဲ”
ဝမ်ရှောင်သည် လေထဲသို့ မြောက်တက်သွားပြီး မြင့်မားသောကောင်းကင်ထက်သို့ ပျံသန်းသွားလိုက်သည်။ သူ့မျက်ဝန်းများထဲတွင် အားကောင်းသော တိုက်ခိုက်လိုသည့်အငွေ့အသက် ရှိနေပြီး သူ့ခန္ဓာကိုယ်မှနေ၍ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထွက်နေကာ ရီဖူရှင်းကို ချိန်ရွယ်ထားပေသည်။
ဝမ်ရှောင်သည် သူ၏ကိုယ်ပိုင်နတ်ခန္ဓာကိုရရှိခဲ့ပြီဖြစ်ပြီး စစ်မြေပြင်တွင် ဖျက်ဆီး၍မရနိုင်ဖြစ်နေပေသည်။ ယခုတွင် သူသည် စစ်မြေပြင်တွင် ရီဖူရှင်းနှင့် ထပ်တွေ့ရသဖြင့် ဤအခွင့်အရေးကို အသုံးချ၍ သူနှင့် ထပ်မံယှဉ်ပြိုင်မည်ဖြစ်သည်။
“မင်း အရင်တုန်းကလည်း ငါ့ကို မနိုင်ခဲ့ပါဘူး... အခုလည်း အတူတူပဲ ဖြစ်မှာပဲ။ မင်းသာ မဟာအင်ပါယာအဆင့်လက်နက်တွေ မသုံးရင် မင်းက ငါ့ရဲ့ ပြိုင်ဘက်မဟုတ်ဘူး”
ရီဖူရှင်းက ဝမ်ရှောင်ကို မျက်စိစွေကြည့်၍ အထင်သေးစွာ အေးစက်စက်ပြောသည်။
ယနေ့အခြေအနေတွင် သူသည် မတိုက်ခိုက်လိုပေ။ သို့သော် ထိုလူများသည် အလျှော့ပေးမည်မဟုတ်ပေ။ သို့ဆိုလျှင် သူသည် သူ့ကို မည်သူလာတိုက်မည်ကို စိတ်ဝင်တစား စောင့်ကြည့်ရုံသာ ရှိပေတော့သည်။
“တကယ်လား...”
ဝမ်ရှောင်သည် ရီဖူရှင်းကို စိုက်ကြည့်နေသည်။
“ဒါပေမဲ့ ဒီတစ်ခေါက်တော့ ကွဲပြားမှာပါ”
ဝမ်ရှောင်သည် ရီဖူရှင်း၏လက်ချက်ဖြင့် အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ပြီးနောက်တွင် ရီဖူရှင်းကို သူ့ဘဝ၏ အကြီးမားဆုံး ရန်သူအဖြစ် သတ်မှတ်ထားလေသည်။ သူ၏အကြီးဆုံးရည်ရွယ်ချက်မှာ ရီဖူရှင်းကို သတ်၍ သူ့သွေးကိုသုံးကာ သူမဟာအင်ပါယာတစ်ပါးဖြစ်လာမည့် လမ်းကို ခင်းရန်ဖြစ်သည်။ ရီဖူရှင်းက သူ့လမ်းခရီးတွင် အကြီးမားဆုံး အဟန့်အတားဖြစ်ကြောင်း သံသယဖြစ်ရန်မရှိပေ။
သူသည် အရှင်ထျန်းယန်၏ စွမ်းအားဖြင့် သူ၏ခန္ဓာကိုယ်ကို မွမ်းမံခဲ့ကာ သူ၏ ပြိုင်ဘက်ကင်းကိုယ်ပိုင်နတ်ခန္ဓာကို ရအောင်လုပ်ခဲ့သည်။ သူ၏ခန္ဓာကိုယ်သည် ဖျက်ဆီး၍မရနိုင်ဘဲ သူ မဟာအင်ပါယာအဆင့်လက်နက်ကို မသုံးလျှင်ပင် ဤလောကထဲ၌ မဟာအင်ပါယာများအောက်တွင် သူ့ကို အနိုင်ယူနိုင်မည့်သူ များစွာမရှိချေ။
“ကွဲပြားမှာ မဟုတ်ပါဘူး...”
ရီဖူရှင်းက တည်ငြိမ်စွာ ပြောသည်။
“အရှုံးသမားတစ်ယောက်က ဘယ်တော့မှ သူ့ရဲ့အခြေအနေကို ပြောင်းနိုင်မှာ မဟုတ်ဘူး”
သူ မပြောင်းနိုင်လေသလော။ ဝမ်ရှောင်တွေးလိုက်သည်။
ဝမ်ရှောင်၏နတ်ခန္ဓာသည် တလက်လက်လင်းလက်လာပြီး အလင်းသည် မျက်စိကျိန်းလောက်ဖွယ်တောက်ပကာ ကောင်းကင်ကို အလင်းပေးနေလေသည်။ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုသည်လည်း အဆုံးမဲ့အာကာပြင်ကို လွှမ်းခြုံသွားသည်။ သူသည် ရီဖူရှင်းကို စိုက်ကြည့်၍ ခက်ထန်စွာ ပြောသည်။
“ငါ မင်းရဲ့သွေးကိုသုံးပြီး ငါ မဟာအင်ပါယာတစ်ပါးဖြစ်လာစေမယ့် လမ်းကို ခင်းမယ်”
ရီဖူရှင်းက ဝမ်ရှောင်၏စကားကိုကြားလိုက်သော်လည်း သူ၏မျက်လုံးများသည် တည်ငြိမ်နေသေးသည်။ ဝမ်ရှောင်သည် သူ့ကို သူ့ဘဝတစ်လျှောက်တွင် မဖြစ်မနေ အနိုင်ယူရမည့် ပြိုင်ဘက်တစ်ဦးအဖြစ် သတ်မှတ်ထားကြောင်း ရီဖူရှင်းသိ၏။ သူတို့နှစ်ဦးသည် ထာဝရ ရန်သူများဖြစ်နေမည်ဖြစ်သည်။
သို့သော် ရီဖူရှင်းအတွက်မူ ဒွန်ဟောင်တိယွမ်တစ်ဦးတည်းသာ သူ၏ပြိုင်ဘက်အစစ်အမှန်ဖြစ်ရန်နှင့် သူ၏ရန်သူတော်ကြီးအဖြစ် သတ်မှတ်ရန် အရည်အချင်းပြည့်မီသည်ဟု တွေးပေသည်။
ဝမ်ရှောင်သည် ထိုသို့သတ်မှတ်ခံရရန် မထိုက်တန်ပေ။
“ငါကတော့ မင်းကို ဘယ်တုန်းကမှ တကယ့်ပြိုင်ဘက်တစ်ဦးအနေနဲ့ မသတ်မှတ်ခဲ့ဖူးဘူး။ မဟာအင်ပါယာဖြစ်ဖို့ လျှောက်လှမ်းတဲ့ လမ်းမှာ မင်းက ငါ့အတွက် ခလုတ်ကန်သင်းတစ်ခုအဆင့်တောင် မရှိဘူး။ မင်းရဲ့ဖြစ်တည်မှုက တကယ့်ကို အရေးမပါဘူး...”
ရီဖူရှင်းက အရေးမစိုက်ဟန်ဖြင့် ပြောသည်။ သူ၏တည်ငြိမ်သောလေသံသည် အထင်အမြင်သေးမှုဖြင့် ပြည့်နှက်နေပေသည်။ သူ၏အပြုအမူသည် ဝမ်ရှောင်ကို ပို၍ ဒေါသထွက်သွားစေလေသည်။
သူသာ ရီဖူရှင်းကို အနိုင်မယူနိုင်ခဲ့လျှင် သူ့ဘဝတစ်လျှောက်တွင် မည်သည့်အခါမှ မဟာအင်ပါယာတစ်ပါးဖြစ်မလာတော့မည်ကို သူစိုးရိမ်နေပေသည်။ ရီဖူရှင်းက ဝမ်ရှောင်အတွက် အကြီးမားဆုံး စိတ်ဓာတ်အတားအဆီးတစ်ခု ဖြစ်နေပေပြီ။
ထျန်းယန်မြို့သခင်သည် ရီဖူရှင်း၏စကားများကို ကြားသောအခါ မျက်နှာပျက်သွားပြီး လွန်စွာညိုမှိုင်းလာလေတော့သည်။ ရီဖူရှင်း၏ မောက်မာသောစကားလုံးများသည် ဝမ်ရှောင်၏စိတ်ဓာတ်ကို တိုက်ခိုက်ခြင်းဖြစ်ပြီး ဝမ်ရှောင်၏အတွေးထဲတွင် သံသယအရိပ်တစ်ခုကို ထည့်ပေးနေခြင်းဖြစ်သည်။
ဤတိုက်ပွဲအတွင်းတွင် ဝမ်ရှောင်သည် အတိတ်မှအရှက်ရမှုများကို အပြီးတိုင်း ရှင်းထုတ်နိုင်ရန် သူမျှော်လင့်ပေသည်။
ပြီးခဲ့သောနှစ်များအတွင်း၌ မဟာအင်ပါယာသည် သူ၏ကျင့်ကြံခြင်းတွင် ကူညီပေးခဲ့သဖြင့် ဝမ်ရှောင်သည် လုံးဝပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ဝမ်ရှောင်သည် မည်မျှ တိုးတက်လာခဲ့ပြီး သူ၏အင်အားအစစ်အမှန်သည် မည်သို့ရှိသည်ကို သူသာ သိပေသည်။ ဝမ်ရှောင်သည် မြို့သခင်ဖြစ်သော သူ့ကိုပင် မီတော့မည်ဖြစ်သည်။
ထို့ကြောင့် သူသည် မြို့သခင်ရာထူးကို ဝမ်ရှောင်ကိုလွှဲပေး၍ သူ့အား ထျန်းယန်မြို့ကို အုပ်ချုပ်ခွင့် ပြုလိုခဲ့ခြင်းပင်။ သူသည် ထျန်းယန်မြို့၏ တာဝန်ကို ပခုံးထမ်း၍ အထွတ်အထိပ်လမ်းစဉ်ကို လျှောက်လှမ်းကာ ထျန်းယန်မြို့ကို အတိတ်ကကဲ့သို့ ပြန်၍ဂုဏ်ရှိန်ပြောင်လာအောင် လုပ်ရမည်ဖြစ်သည်။
ဤလောကကြီးသည် ချပ်ဝတ်လက်နက်ပြုလုပ်မှုအပိုင်းတွင် မဟာအင်ပါယာတစ်ပါး ဖွားမြင်လာသည်ကို မည်သို့ ငြင်းဆန်နိုင်မည်နည်း။
ဝုန်း...
ဝမ်ရှောင်သည် ရှေ့သို့ တိုးလိုက်ပြီး သူ့ထံမှနေ၍ နတ်အလင်းထွက်ပေါ်လာကာ သူလှုပ်ရှားလိုက်သောအခါ အာကာပြင်သည် တုန်ခါသွားခဲ့သည်။ ကြောက်မက်ဖွယ် မဟာလမ်းစဉ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ရီဖူရှင်းထံ ခုန်ဝင်သွားသည်။ ထိုအရှိန်အဝါနှင့်အတူ ပါလာသည့် အလျှံတညီးညီးတောက်လောင်နေပြီး လွှမ်းမိုးအားကြီးသော မုန်တိုင်းကြောင့် ဝမ်ရှောင်သည် ယခင်ကနှင့် မတူတော့ကြောင့် ရီဖူရှင်း သိရှိသွားသည်။ ယခင်ကနှင့်ယှဉ်လျှင် သူသည် ပို၍ သန်မာလာပြီဖြစ်သည်။
ဝမ်ရှောင်သည် မည်သည့်ကိစ္စများ ကြုံတွေ့ခဲ့ရသနည်း။
“မင်းက မဟာအင်ပါယာရှန့်ကျားရဲ့ ခန္ဓာကိုယ်ကို သိမြင်နားလည်သွားပြီးတော့ မင်းရဲ့ခန္ဓာကိုယ်ကို စွမ်းအားကြီးအောင် ပြုလုပ်နိုင်ခဲ့တယ်။ အခု ငါ့မှာလည်း နတ်ခန္ဓာတစ်ခု ရှိနေပြီ... မင်းရဲ့ မဟာလမ်းစဉ်ခန္ဓာက ဘယ်လောက်သန်မာလည်းဆိုတာ ကြည့်ကြတာပေါ့”
ဝမ်ရှောင်သည် ဝံ့ကြွားစွာ ပြောသည်။ သူ့နတ်ခန္ဓာအထက်တွင် ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ပေါ်ထွက်လာလေသည်။ သူတို့ ပတ်ဝန်းကျင်မှ ကျင့်ကြံသူများစွာသည် သူတို့ကို အာရုံစိုက်ကာ ကြည့်ရှုနေကြပေသည်။
ဝမ်ရှောင်၏ခန္ဓာကိုယ်သည် သူတို့ကို အားကောင်းသည့် အင်အားအငွေ့အသက်တစ်ခုကို ပေးနေပေသည်။
“မင်း သဘောရှိပါပဲ...”
ရီဖူရှင်းက ပုံမှန်အတိုင်း တုံ့ပြန်လိုက်သည်။ သူ၏အသံထွက်ပေါ်လာချင်းချင်းမှာပင် သူ့ပတ်ပတ်လည်တွင် မဟာလမ်းစဉ်နတ်အလင်း လည်ပတ်လာပြီး မျက်စိကျိန်းလောက်အောင် တောက်ပနေလေသည်။
ရွှီး...
ဝမ်ရှောင် ပျောက်ကွယ်သွားသည်။ သူ၏ ရွှေရောင်ချပ်ဝတ် ဝတ်ဆင်ထားသော နတ်ခန္ဓာသည် ရီဖူရှင်း၏အရှေ့သို့ ရုတ်ခြည်းရောက်ရှိသွားပြီး တစ်ချိန်တည်းမှာပင် သူ၏လက်သီးချက်သည် ရီဖူရှင်းထံ ပျံဝင်သွားသည်။ ထိုအာကာပြင်ကို ကြောက်မက်ဖွယ် လေပူလှိုင်းတစ်ခုက ဝါးမျိုးသွားပြီး ရီဖူရှင်းကို လွှမ်းမိုးသွားကာ သတ်ဖြတ်ရန် လုပ်လိုက်လေသည်။
ထိုလက်သီးချက်သည် ဟင်းလင်းပြင်ထဲတွင် ရွှေရောင်မီးတောက်လှိုင်းတစ်ခုကို ဖြစ်ပေါ်လာစေ၏။
ရီဖူရှင်း၏မျက်လုံးများသည် ကြောက်မက်ဖွယ်ကောင်းနေပေသည်။ သူသည် ဝင်ရောက်လာသော တိုက်ခိုက်မှုကို တွေ့လိုက်သောအခါ လက်မြှောက်၍ လက်ဝါရိုက်ချက်တစ်ချက် ထုတ်လွှတ်လိုက်သည်။ ထိုလက်ဝါးပြင်ပေါ်တွင် ဝမ်စာလုံးသင်္ကေတတစ်ခု ရှိနေပြီး ကြောက်မက်ဖွယ်ဗုဒ္ဓအလင်းသည် ၎င်းကို လှည့်ပတ်နေလေသည်။ ယင်းလက်ဝါးချက် ကျဆင်းလာသောအခါ ၎င်းသည် ကောင်းကင်တစ်ခွင်လုံးကို ကာရံသွားသည်ဟုထင်ရ၏။ ၎င်းနှင့်အတူ ယင်စွမ်းအားပါလာပြီး အာကာပြင်ကို ရပ်တန့်သွားစေလေသည်။
တိုက်ခိုက်မှုနှစ်ခု ထိတိုက်သွားပြီး ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုသည် အာကာပြင်ထဲတွင် ပျံ့လွင့်သွားသည်။ သူ့တို့ပတ်ပတ်လည်တွင် အဖျက်မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ဤတိုက်ပွဲမှ နောက်ပြန်ဆုတ်ရန် လမ်းမရှိတော့ချေ။ သူတို့ခန္ဓာကိုယ်များ၏ သန်မာမှုသည် တွေးမကြည့်နိုင်လောက်အောင် စွမ်းအားကြီးပေသည်။
ရီဖူရှင်း၏ မဟာလက်ဝါးပြင်သည် ပြိုင်ဘက်၏ တိုက်ခိုက်မှုအပေါ် ကျဆင်းသွားသောအခါ ၎င်းသည် ဖျက်ဆီး၍မရနိုင်သော နတ်ဘုရားလက်နက်တစ်ခုကို ရိုက်ချလိုက်သကဲ့သို့ပင် ထင်လိုက်ရလေသည်။ ဝမ်ရှောင်၏ခန္ဓာကိုယ်သည် အသွေးအသားသာမဟုတ်ဘဲ နတ်လက်နက်တစ်ခုလည်း ဖြစ်ပုံပေါ်၏။
သူ၏ခန္ဓာကိုယ်သည် နတ်ဘုရားလက်နက်တစ်ခုကို ပြုလုပ်သကဲ့သို့ မွမ်းမံသန့်စင်ခံထားရခြင်းပင်။
ထို့ကြောင့် ဝမ်ရှောင်သည် သူ၏ကိုယ်ပိုင်နတ်ခန္ဓာတစ်ခုကို ပြုလုပ်ထားနိုင်ပြီဖြစ်ကြောင်း ပြောဝံ့ခြင်းပေလော။
သို့သော် ထိုနည်းဖြင့် နတ်ခန္ဓာတစ်ခုရအောင် ပြုလုပ်ရန် ဝမ်ရှောင်သည် မည်သည့်တန်ကြေးကို ပေးခဲ့ရသနည်း။