← Chapters

မင်းက အဆင့်မမီဘူး

Vol. 184 Ch. 2634

မင်းက အဆင့်မမီဘူး

Vol. 184 Ch. 2634

ကျင့်ကြံခြင်း လမ်းသည် နေ့ချင်း၊ ညချင်း ပြီးမြောက်နိုင်သောအရာ မဟုတ်ပေ။ ဝမ်ရှောင်သည် ဤလမ်းခရီးကို များစွာခုန်ကျော်လွှားနိုင်ခဲ့သည်။ ထိုခုန်ကျော်လွှားမှုသည် သူ၏ကိုယ်ပိုင်စွမ်းရည်ဖြင့် စွမ်းဆောင်နိုင်မှုထက် များစွာပိုပေသည်။

သူသည် နတ်လက်နက်များနှင့် ယှဉ်နိုင်သော နတ်ခန္ဓာတစ်ခုကို ပြုလုပ်နိုင်ခဲ့သည်။ ဝမ်ရှောင်သည် ထိုအတွက် တန်ကြေးကြီးကြီးတစ်ခု ပေးခဲ့ရမည်ဖြစ်ကြောင်း တွေးကြည့်ရန် မခက်ပေ။

သို့သော် ရီဖူရှင်း၏နတ်ခန္ဓာကိုလည်း လျှော့တွက်၍မရပေ။ ဝမ်ရှောင်သည် လက်ရှိအခြေအနေအထိ စွမ်းအားကြီးနေသော်လည်း ရီဖူရှင်းသည် သူ၏တိုက်ခိုက်မှုများကို အလွယ်တကူ ထပ်ခါ၊ ထပ်ခါ ထိပ်တိုက် ရင်ဆိုင်နိုင်ပေသည်။ လက်ဝါးရိုက်ချက်နှင့် လက်သီးချက်များ အဆက်မပြတ် ထိတိုက်နေသည်။ တိုက်ပွဲကို ကြည့်ရှုနေသော ထိုကျင့်ကြံသူများသည် တဒင်္ဂအတွင်းမှာပင် ထိုတိုက်ခိုက်မှုနှစ်ခုသည် အကြိမ်များစွာ ထိတိုက်သွားသည်ကို တွေ့လိုက်ရ၏။

၎င်းတို့ ထိတိုက်သွားသည့် အကြိမ်တိုင်းတွင် ပြင်းထန်သော ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး အံ့အားသင့်ဖွယ် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပေသည်။ ထိုအချိန်တွင် ကျယ်ပြောသောအာကာပြင်သည် မွန်းကျပ်ဖွယ် ဖိအားတစ်ခုဖြင့် ပြည့်နှက်နေပေပြီ။ အာကာပြင်သည် ပြိုပျက်တော့မည်ဟုပင် ထင်ရလေသည်။ အထူးသဖြင့် တိုက်ပွဲပြင်အလယ်တွင် ထိုအဖျက်အရှိန်အဝါသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလေသည်။

“ဝမ်စာလုံးသင်္ကေတ”

ဗုဒ္ဓဂိုဏ်းမှ ကျင့်ကြံသူများသည် ရီဖူရှင်း၏တိုက်ခိုက်မှုများကို သေချာကြည့်ရှုနေကြပြီး ထိုလက်ဝါးရိုက်ချက်သည် ဝမ်စာလုံးသင်္ကေတမှ ဆင်းသက်လာခြင်းဖြစ်ကြောင်း တွေ့လိုက်ကြရသည်။ တိုက်ခိုက်မှုတိုင်းတွင် မိစ္ဆာနတ်ဆိုးအားလုံးကို ဖိနှိပ်နိုင်စွမ်းရှိသော ကြောက်မက်ဖွယ် ဗုဒ္ဓစွမ်းအားပါဝင်၏။ ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ ထိုဝမ်စာလုံးသင်္ကေတသည် ရီဖူရှင်းမှတဆင့် ပြောင်းလဲမှုနှင့် ကြုံတွေ့ခဲ့ရပြီးဖြစ်ကာ ရီဖူရှင်းက ထိုသင်္ကေတထဲတွင် သူ၏စွမ်းရည်များကို ပေါင်းစပ်ထားခြင်းပင်။ လက်ဝါးရိုက်ချက်များ ထွက်ပေါ်လာချိန်တိုင်းတွင် ဗုဒ္ဓတရားသံသည် သစ္စာမန္တရားကဲ့သို့ ထွက်ပေါ်လာကာ ဗုဒ္ဓလမ်းစဉ်၏ အကန့်အသတ်မဲ့စွမ်းအားကို ပို၍ တိုးမြှင့်ပေးနေလေသည်။

ထို့အပြင် ဝမ်စာလုံးသင်္ကေတထွက်ပေါ်လာတိုင်းတွင် သူတို့သည် ဤအာကာပြင်ကိုပင် အေးခဲသွားစေနိုင်သည့် ကြောက်မက်ဖွယ်အေးစက်မှုတစ်ခုကို ခံစားလိုက်ရပြီး ထိုအအေးဓာတ်သည် သူတို့၏စိတ်ဝိညာဉ်များနှင့် ဝမ်ရှောင်၏ခန္ဓာကိုယ်အတွင်းသို့ ဖောက်ဝင်သွား၏။

ကြည့်ပါ။ ထိုအာကာပြင်သည် အေးခဲသွားလုနီးပါး ဖြစ်နေပေသည်။ ဝမ်ရှောင်၏ နတ်ခန္ဓာမှ ရွှေရောင်နတ်မီးတောက်များ‌ကြောင့်သာ မဟုတ်လျှင် သူသည် ယခုတွင် လုံးဝအေးခဲရပ်တန့်သွားပြီးလောက်ပေပြီ။ ကျင့်ကြံသူအချို့သည် တိုက်ပွဲပြင်တွင် ဖြစ်ပျက်နေသည်များကိုကြည့်ကာ အံ့အားသင့်နေကြလေသည်။

ရီဖူရှင်းသည် အမှန်ပင် ပို၍သန်မာလာပေသည်။ သူတို့သည် သူတို့၏စွမ်းအားကို လွန်စွာတိကျအောင် ထိန်းချုပ်ထားသဖြင့် သူတို့နှစ်ဦးအကြားမှ ထိတိုက်မှုများသည် ပတ်ဝန်းကျင်သို့ ကျယ်ကျယ်ပြန့်ပြန့် မရိုက်ခတ်သော်လည်း ကြည့်ရှုနေသူအားလုံးသည် သူတို့၏တိုက်ခိုက်မှုများနောက်ရှိ စွမ်းအားအစစ်အမှန်ကို ခံစားရပေသည်။

မျက်နှာအပျက်နေဆုံးသူမှာ ထျန်းယန်မြို့သခင်ဖြစ်၏။ အနီးကပ်တိုက်ပွဲများတွင် ဝမ်ရှောင်၏စွမ်းအားသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သူ ကောင်းစွာသိလေသည်။ သူပင် သူ့ကို အနီးကပ်တိုက်ပွဲတွင် ထိပ်တိုက်မတိုက်နိုင်ချေ။ သို့သော် ဝမ်ရှောင်သည် အရေးနိမ့်နေပေသည်။

ထိုအချိန်တွင် နောက်ထပ် ပြင်းထန်သော ပေါက်ကွဲသံတစ်သံကို ကြားလိုက်ရပြီး ဝမ်ရှောင်၏ခန္ဓာကိုယ်သည် ထိုတိုက်ခိုက်မှုကြောင့် နောက်သို့လွင့်သွားလေသည်။ သို့သော် သူ၏မျက်လုံးအကြည့်များသည် အရှေ့ရှိ ရီဖူရှင်းထံမှ မခွာပေ။

သူ၏ဖိနှိပ်ခံနေရသော်လည်း ယခုတွင် သူ၏ခန္ဓာကိုယ်သည် ဖျက်ဆီး၍မရနိုင်သော ခန္ဓာတစ်ခုဖြစ်နေပေပြီ. သူ၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်သည် ပြောင်းလဲသွားပြီဖြစ်သဖြင့် ရီဖူရှင်း၏ လက်ဝါးချက်အတွင်း၌ ပါဝင်သော မဟာလမ်းစဉ်စွမ်းအား၏ ကျူးကျော်မှုကို ခံရသည်ပင် သူသည် အထိအခိုက်မရှိသေးပေ။

ထို့ကြောင့် သူသည် ရီဖူရှင်းကို မဟာအင်ပါယာအဆင့်လက်နက်များ မပါဘဲနှင့် တိုက်ခိုက်ဝံ့ခြင်းဖြစ်ပြီး ထျန်းယန်မြို့သခင်သည် သူ့ကို မတားခဲ့ခြင်းဖြစ်သည်။

ယခုတွင် ဝမ်ရှောင်သည် သတ်၍မရနိုင်သော သူတစ်ယောက် ဖြစ်နေပေပြီ။

ဝုန်း...

ဝမ်ရှောင်ထံမှ ကြောက်မက်ဖွယ်မုန်တိုင်းတစ်ခု ထွက်ပေါ်လာပြီး သူ့အနောက်တွင် ကြောက်မက်ဖွယ်မြင်ကွင်းတစ်ခု ပေါ်လာလေသည်။ ၎င်းသည် မဟာလမ်းစဉ်နတ်ဘီးလုံးမှ ပေါက်ဖွားလာသော နတ်ကွန်ရက်တစ်ခု ဖြစ်သည်။ ၎င်းသည် ကောင်းကင်နှင့်မြေကြီးအကြားရှိ လမ်းစဉ်ကို သန့်စင်မွမ်းမံနိုင်စွမ်းရှိပေသည်။ ထိုနတ်ကွန်ရက်သည် ဝမ်ရှောင်၏ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက်ပေါင်းစည်းသွားပြီး ရုတ်ခြည်းအတွင်းမှာပင် သူ၏ခန္ဓာကိုယ်သည် ကွန်ရက်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ထိုနေရာရှိ လောကကို သန့်စင်မွမ်းမံလိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် အတုမဲ့စွမ်းအားဖြင့် ပြည့်နှက်နေလေသည်။

သူသည် လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ အရှေ့ရှိ ရီဖူရှင်းကို ဆက်၍ စိုက်ကြည့်နေလိုက်သည်။

ဝှီး...

ဝမ်ရှောင် ဟင်းလင်းပြင်ထဲတွင် ရှေ့သို့ လျှောက်လှမ်းလိုက်ရာ စွမ်းအားကြီး၍ ကြောက်မက်ဖွယ်ကောင်းသော မဟာလမ်းစဉ်လှိုင်းတစ်ခု ထွက်ပေါ်လာသည်။ သူသည် သူရှိနေသောနေရာမှ ပျောက်ကွယ်သွား၏။ သူသည် ကြောက်မက်ဖွယ်လျှပ်စီးအဖြစ် ပြောင်းလဲသွားပြီး ရီဖူရှင်းထံ ပျံဝင်သွားလေသည်။

သူ၏လက်သီးနှစ်ဖက်စလုံး ပျံဝင်သွားသောအခါ ကြောက်မက်ဖွယ် အဟုန်လှိုင်းများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ လူတိုင်း၏ ခန္ဓာကိုယ်များနှင့် စိတ်ဝိညာဉ်များကို ဖျက်ဆီးသွားသည်ဟုပင် ထင်လိုက်ရ၏။ ၎င်းတိုက်ခိုက်မှု၏ စွမ်းအားကြီးမှုဖြင့်ပင် ဝမ်ရှောင်၏ အဆင့်အတန်းကို သိနိုင်ပေသည်။ သူသည် မြေကမ္ဘာပေါ်သို့ နတ်ဘုရားတစ်ပါးကဲ့သို့ ကျဆင်းလာကြောင်းကို မည်သူမှ မငြင်းနိုင်ချေ။

သို့သော် တစ်ချိန်တည်းမှာပင် ရီဖူရှင်းကလည်း လှုပ်ရှားလိုက်သည်။ ပတ်ဝန်းကျင်လောကသည် ဗုဒ္ဓလမ်စဉ်စက်ကွင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူ့အနောက်တွင် ဧရာမ ဗုဒ္ဓပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ ဗုဒ္ဓအားလုံးနှင့် ဆက်နွယ်သွားသည်။ တစ်ချိန်တည်းမှာပင် ဧရာမလက်ဝါးချက်ကြီးတစ်ခု ကျဆင်းလာပြီး ရီဖူရှင်းအထက်ရှိ ကောင်းကင်မှ ဧရာမဗုဒ္ဓကြီးသည် အကန့်အသတ်မဲ့ ဝမ်စာလုံးသင်္ကေတတစ်ခုကို ထုတ်လွှတ်လိုက်သည်။

ဝမ်စာလုံးသင်္ကေတ ထွက်ပေါ်လာသည်နှင်တစ်ပြိုင်နက် ကောင်းကင်နှင့် နေမင်းကို အပြည့်အဝကာရံသွားသည်။ ၎င်း ရှေ့သို့ ပျံထွက်သွားသောအခါ အတွင်း၌ ပုန်းကွယ်နေသည်ဟု ထင်ရသော အာကာပြင်တစ်ခု ပေါ်လာသည်။ ဝမ်ရှောင်သည် ဝမ်စာလုံးသင်္ကေတအတွင်းရှိ အာကာပြင်ထဲသို့ တစ်နည်းနည်း ရောက်ရှိသွားသည်ဟု ခံစားနေရသည်။ ထိုလောကထဲတွင် သူမြင်နိုင်သည်မှာ အဆုံးမဲ့ သင်္ကတပုံစံများသာဖြစ်လေသည်။ ထိုသင်္ကေတတစ်ခုတိုင်းသည် ယခုတွင် အခက်ထန်ဆုံး တိုက်ခိုက်မှုအဖြစ် ပြောင်းလဲသွား၏။

ထန်း...

ကျယ်လောင်သောအသံတစ်သံနှင့်အတူ ဝမ်ရှောင်၏လက်သီးနှစ်ဖက်သည် လေးလံသော တိုက်ခိုက်မှုကို ထုတ်လွှတ်လိုက်ကာ မရေမတွက်နိုင်အောင်များပြားသော ဝမ်စာလုံးသင်္ကေတများကို ဖျက်ဆီးပစ်လိုက်သည်။ သို့သော် ထို အကန့်အသတ်မဲ့ ဧရာမဝမ်စာလုံးသင်္ကေတကြီးမှာမူ ဝမ်ရှောင်၏အရှေ့သို့ ရောက်ရှိလာသည်။ သူ၏လက်သီးများသည် ၎င်းကို ထိုးချလိုက်သည်။ သို့သော် သူသည် ၎င်းကို မဖျက်ဆီးနိုင်ခဲ့ပေ။ ထိုအစား သူသည်သာ အောက်သို့ တွန်းထုတ်ခံလိုက်ရ၏။

အားလုံးသည် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကြပြီး ရင်တုန်သွားကြသည်။ ဝမ်ရှောင်သည် ထိုထဲတွင် နစ်နေပုံပေါ်ပြီး ဖိနှိပ်ခံရကာ အောက်သို့ ရိုက်ချခံလိုက်ရ၏။

“နောက်ဆုတ်ကြ...”

ထိုကျင့်ကြံသူအားလုံးသည် တိုက်ပွဲပြင်အောက်မှနေ၍ တစ်ယောက်ပြီးတစ်ယောက် အလျင်အမြန်ဆုတ်သွားကြသည်။

ဝုန်း...

ကောင်းကင်ကိုပင် တုန်ခါသွားစေနိုင်သော ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာသည်။ ဝမ်စာလုံးသင်္ကေတကြီးသည် မြေပြင်ပေါ်သို့ ကျဆင်းသွားပြီး မြေပြင်သည် အဆုံးမဲ့ အက်ကြောင်းများဖြင့် အက်ကွဲသွားသည်။ ထိုအက်ကြောင်းများသည် အဝေးအထိ ဆက်၍အက်ကွဲသွားသည်။ ထိုကြောက်မက်ဖွယ်တိုက်ခိုက်မှု ပျောက်ကွယ်သွားသောအခါ မြေပြင်ပေါ်တွင် ဧရာမဝမ်စာလုံးသင်္ကေတကြီးတစ်ခု၏ပုံ ချိုင့်ကြီးတစ်ခု ထင်သွားသည်။

အတွင်းမှနေ၍ လူတစ်ယောက် ထွက်လာသည်။ ထိုသူသည် ဝမ်ရှောင်ပင်။ သူသည် လေထဲသို့ ထပ်၍ ပျံတက်သွားပြီး ရီဖူရှင်း၏ မျက်နှာချင်းဆိုင်နေရာတွင် ရပ်လိုက်လေသည်။ သူ၏မျက်လုံးများသည် အေးစက်နေပြီး သူ၏အသက်ရှူနှုန်းသည် နှေးညင်းနေ၏။ သို့သော် သူသည် အပြင်းအထန် ဒဏ်ရာ ရမသွားခဲ့ပေ။

သူ့ခန္ဓာကိုယ်အပေါ်သို့ ထိုသို့ ပြင်းထန်သည့်တိုက်ခိုက်မှုများ ကျရောက်လာသည်ပင် သူသည် မည်သည့်ဒဏ်ရာမှ မရသေးချေ။

ထိုခန္ဓာကိုယ်သည် မည်သို့သောခန္ဓာကိုယ်နည်း။ ရီဖူရှင်း တွေးလိုက်မိသည်။ ဝမ်ရှောင်သည် အမှန်ပင် ကွဲပြားခဲ့ပေပြီ။ သူသည် အမှန်ပင် ထူးကဲသော တစ်စုံတစ်ခုနှင့် တွေ့ကြုံခဲ့ရခြင်းဖြစ်ပေမည်။ မဟုတ်လျှင် သူသည် ဤကဲ့သို့ အခြေအနေအထိ မတိုးတက်လာနိုင်ပေ။

ဒွန်ဟောင်တိယွမ်သည်ပင် ဝမ်စာလုံးသင်္ကေတတိုက်ခိုက်မှုကို ခံခဲ့ရလျှင် ဝမ်ရှောင်ကဲ့သို့ ကောင်းကောင်းမွန်မွန် ခံနိုင်မည်မဟုတ်ချေ။

“ငါ ပြုလုပ်ထားတဲ့ နတ်ခန္ဓာက ဖျက်ဆီးလို့ မရနိုင်ဘူး”

ဝမ်ရှောင်သည် ရီဖူရှင်းကို စိုက်ကြည့်၍ ပြောသည်။ သူ၏လေသံသည် အေးစက်နေပြီး သူ၏မျက်လုံးများမှနေ၍ ရွှေရောင်မီးတောက်များ ထွက်နေပေသည်။ သူသည် ထိုကဲ့သို့ ဖျက်ဆီး၍မရနိုင်သော နတ်ခန္ဓာတစ်ခုကို ပိုင်ဆိုင်ထားပြီး အနှေးနှင့်အမြန်ဆိုသလို ရီဖူရှင်း၏အလောင်းပေါ်ကို ဖြတ်ကာ လျှောက်သွားနိုင်ပေတော့မည်ဖြစ်သည်။

ကောင်းကင်နှင့်‌မြေကြီးအကြားတွင် ဗုဒ္ဓများ ဆက်နွယ်သွားပြီး ဗုဒ္ဓမဟာလမ်းစဉ်မန္တရားသည် ဟင်းလင်းပြင်ထဲတွင် ပဲ့တင်ထပ်သွားသည်။ ရီဖူရှင်းက ဝမ်ရှောင်ကို ပြန်စိုက်ကြည့်လိုက်ပြီး နောက်ထပ် လက်ဝါးရိုက်ချက်တစ်ချက်ကို ထုတ်လွှတ်လိုက်သည်။ ရုတ်တရက် ဝမ်စာလုံးသင်္ကေတအားလုံးသည် အောက်ဘက်သို့ ကျဆင်းသွားပြန်လေသည်။

ဝုန်း...

လွှမ်းမိုးအားကောင်းသော ဗုဒ္ဓချိပ်စည်းတစ်ခုသည် တုံ့ဆိုင်းမှုမရှိဘဲ အောက်သို့ ကျဆင်းလာပြီး ဝမ်ရှောင်ကို မြေပေါ်သို့ ထပ်မံ ရိုက်ချလိုက်သည်။ ဗုဒ္ဓချိပ်စည်းသည် မြေပေါ်တွင် နောက်ထပ် ချိုင့်ကြီးတစ်ခု ဖြစ်သွားစေသည်။

ကျင့်ကြံသူအားလုံးသည် တိုက်ပွဲအခြေအနေကို မြင်လိုက်ရသောအခါ အတော်လေး စိုးရိမ်သွားကြသည်။ ရီဖူရှင်း၏ တိုက်ခိုက်မှုသည် လွန်စွာခက်ထန်ကာ လွှမ်းမိုးအားကြီးပေသည်။ ဝမ်ရှောင်သည် နတ်ခန္ဓာကိုရရှိထားသော မွေးရာပါ ပါရမီရှင်တစ်ဦးဖြစ်နိုင်သော်လည်း ယခင်ကကဲ့သို့ပင် ရီဖူရှင်း၏ ဖိနှိပ်မှုကို ခံခဲ့ရပေသေးသည်။ သူသည် ရီဖူရှင်းနှင့် လက်ရည်တူပင် မဟုတ်ပေ။

သို့သော် သူ၏နတ်ခန္ဓာသည် ကြောက်မက်ဖွယ်ကောင်းပေသည်။ ရီဖူရှင်း၏ အလွန်ကြောက်မက်ဖွယ် တိုက်ခိုက်မှုများပင် သူ့ကို မဖျက်ဆီးပစ်နိုင်သဖြင့် ၎င်းသည် အမှန်ပင် ဖျက်ဆီး၍မရနိုင်သော နတ်ခန္ဓာတစ်ခုဖြစ်လေသည်။

“ဝမ်ရှောင်...”

ထျန်းယန်မြို့သခင်သည် ဖြစ်ပျက်သွားသည်များကိုကြည့်၍ မျက်စိပျက်၊ မျက်နှာပျက် ဖြစ်နေသည်။ ရီဖူရှင်းသည် ထိုမျှပင် အစွမ်းကြီးနေပြီလော။ သူ၏တိုက်ခိုက်မှုသည် ဝမ်ရှောင်၏ တိုက်ခိုက်များကိုပင် ဖျက်ဆီးပစ်နိုင်လောက်သည်အထိ စွမ်းအားကြီးပေသည်။

ထိုစဉ်တွင် ရီဖူရှင်းကလည်း မျက်မှောင်ကြုတ်လိုက်သည်။ သူသည် အောက်ဘက်ရှိ ဝမ်ရှောင်ကို စိုက်ကြည့်၍ တွေးတောလိုက်သည်။ သူသည် အမှန်ပင် ဝမ်ရှောင်ကို မသတ်နိုင်လေသလော။

ဝမ်ရှောင်သည် မည်သည်ကို တွေ့ကြုံခဲ့ရသနည်း။

ထိုအချိန်တွင် ကောင်းကင်နှင့် မြေကြီးသည် ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ် မဟာလမ်းစဉ်စက်ကွင်းတစ်ခု ထွက်ပေါ်လာလေသည်။ ထျန်းယန်မြို့သခင်သည် မဟာလမ်းစဉ်စက်ကွင်းအတွင်းရှိ နေရာကို ပိတ်ဆို့ရန် တစ်နေရာတွင် ထွက်ပေါ်လာသည်။ သူသည် ရီဖူရှင်းကို ထွက်မသွားစေလိုသည့်ပုံပင်။

သူသည် တစ်ယောက်တည်းမဟုတ်ပေ။ ကျင့်ကြံသူများစွာသည်လည်း နေရာအနှံ့တွင် ရပ်နေလေသည်။ ထိုကျင့်ကြံသူများသည် ဒေသအသီးသီးမှ ထိပ်သီးများဖြစ်သည်။ သူတို့အများစုသည် ရီဖူရှင်းကို အလွန်ရန်လိုနေကြပြီး အရာအားလုံးထက် သူ့ကို ဖမ်းမိနိုင်ရန် ပိုအလိုရှိနေကြ၏။

“ဝမ်ရှောင်... မဟာအင်ပါယာအဆင့်လက်နက်ကို ယူပြီး အခု သူ့ကို အဆုံးသတ်လိုက်တော့”

ထျန်းယန်မြို့သခင်က ပြောသည်။ ရီဖူရှင်းသည် ဝမ်ရှောင်၏စိတ်ထဲတွင် အတားအဆီးတစ်ခုအဖြစ် ရှိကြောင်း သူသိလေသည်။ ထို့ကြောင့် ဝမ်ရှောင်သည် ရီဖူရှင်းကို ကိုယ်တိုင်သတ်နိုင်စေရန် သူမျှော်လင့်နေပေသည်။

သူ၏မူလရည်ရွယ်ချက်သည် ဝမ်ရှောင်ကို ရီဖူရှင်းအား သတ်စေ၍ သူ့စိတ်အတွင်းရှိ အတားအဆီးအားလုံးကို ဖယ်ရှားပစ်စေရန်ဖြစ်သည်။ ဤနည်းဖြင့် ဝမ်‌ရှောင်၏ စိတ်ပိုင်းဆိုင်ရာအတားအဆီးကို ဖယ်ရှားပစ်နိုင်မည်ဟု မျှော်လင့်နိုင်ပေသည်။ ထို့နောက်တွင် သူသည် ရီဖူရှင်း၏အလောင်းပေါ်မှ ဖြတ်ကျော်၍ မဟာအင်ပါယာတစ်ပါး ဖြစ်လာမည့် လမ်းစဉ်ကို လျှောက်လှမ်းနိုင်ပေလိမ့်မည်။

သို့သော် ဝမ်ရှောင်သည် ပြောင်းလဲသွားပြီးနောက်တွင်ပင် ရီဖူရှင်း၏ပြိုင်ဘက်မဟုတ်သေးကြောင်း သူသိရှိခဲ့ရလေသည်။

ဝမ်ရှောင်သည် ရီဖူရှင်းကို သူ၏မဟာရန်သူတော်ကြီးအဖြစ် သဘောထားပေသည်။ သို့သော် ရီဖူရှင်း၏မျက်လုံးထဲတွင် ဝမ်ရှောင်မရှိပေ။ ထိုသို့ အဖန်ဖန် ရှုံးနိမ့်မှုသည် ဝမ်ရှောင်တစ်ယောက် ဘယ်တော့မှ နိုးထမလာနိုင်သည့် အိပ်မက်ဆိုးတစ်ခု ဖြစ်သွားနိုင်ပေသည်။

ယခုတွင် သူသည် အနာဂတ်တွင် ဖြစ်လာနိုင်သည့် ပြဿနာများကို အညွှန့်ချိုးထားနိုင်ရန် ဝမ်ရှောင်ကို မဟာအင်ပါယာအဆင့်လက်နက်များကိုသုံး၍ ရီဖူရှင်းအား သတ်ပစ်စေလိုနေပေသည်။

“မဟာအင်ပါယာအဆင့် လက်နက်တွေကို ယူပြီး ရီဖူရှင်းကို အဆုံးသတ်ပစ်ရမယ် ဟုတ်လား”

ဝမ်ရှောင်သည် ကောင်းကင်ထက်ရှိ လူကို ကြည့်လိုက်သည်။ သူသည် ထိုသို့လုပ်ချင်ခဲ့ခြင်းမဟုတ်ပေ။

သို့သော် သူ၏အင်အားနှင့်သာဆိုလျှင် သူ့အရှေ့ရှိ ထိုကျင့်ကြံသူသည် သူ ဘယ်တော့မှ မကျော်လွှားနိုင်မည့် အတားအဆီးတစ်ခု ဖြစ်နေမည်ဖြစ်သည်။ သူ မဟာအင်ပါယာတစ်ပါး ဖြစ်လာလျှင်ပင် ရလဒ်သည် အတူတူပင် ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့် ထိုသို့ ဖြစ်ရသနည်း။

သူသည် တတ်စွမ်းသမျှ အားထုတ်ခဲ့ပြီး ကြီးမားသော တန်ကြေးတစ်ခုကို ပေးခဲ့သည်။ သို့သော် ရလဒ်သည် အတူတူပင် ဖြစ်နေပြီး မည်သည်မှ မပြောင်းလဲသွားသေးပေ။

သူသည် ရီဖူရှင်းကို အနိုင်မယူနိုင်သေးပေ။

ထို့ကြောင့် သူသည် မဟာအင်ပါယာအဆင့်လက်နက်များကို မသုံးဘဲ သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် ရီဖူရှင်းကို ဘယ်တော့မှ အနိုင်မယူနိုင်မည့် ကံကြမ္မာပါလာခြင်းလော။

ဝမ်ရှောင်သည် ထိုကိစ္စကို လျစ်လျူမရှုနိုင်ပေ။ သူသာ ရီဖူရှင်းကို အနိုင်မယူနိုင်ခဲ့လျှင် သူ့စိတ်ထဲရှိ အတားအဆီးကို မည်သို့ ဖယ်ရှားနိုင်မည်နည်း။ သူသည် မဟာအင်ပါယာတစ်ပါးဖြစ်လာမည့် လမ်းပေါ်သို့ မည်သို့စတင်ခြေချနိုင်မည်နည်း။

အကယ်၍ သူသည် လောကထဲတွင် အစစ်အမှန် ပြိုင်ဘက်ကင်းတစ်ဦး ဖြစ်မလာနိုင်ပါက၊ ပြိုင်ဘက်ကင်းဟူသော ဂုဏ်ပုဒ်ကို မောင်ပိုင်စီးမထားနိုင်ပါက သူအနေဖြင့် မဟာအင်ပါယာတစ်ပါးဖြစ်လာနိုင်ရန် မည်သို့ အဆင့်မီမည်နည်း။

ရီဖူရှင်းက အောက်ရှိ ဝမ်ရှောင်ကို ကြည့်လိုက်သည်။ သူ့အနေဖြင့် ဝမ်ရှောင်ကို သတ်ရန် ဖြစ်နိုင်ချေသိပ်မရှိကြောင်း သူသိပေသည်။ ပတ်ဝန်းကျင်တွင် ကျင့်ကြံသူများ စီတန်းရှိနေပြီး ရီဖူရှင်းသည် သူတို့ဘာတွေးနေသည်ကို ကောင်းကောင်းသိ၏။ သူသည် အောက်ဘက်သို့ ဝေ့ဝဲကြည့်ရှုလိုက်ပြီး အရေးမစိုက်ဟန်ဖြင့် ပြောသည်။

“မင်း အထူးနည်းလမ်းတစ်ခုကိုသုံးပြီး အဲဒီခန္ဓာကိုယ်ကို ရထားရင်တောင် မင်းရဲ့ အစွမ်းအစက မပြောင်းလဲသေးဘူး။ မင်း ဒီဘဝမှာ ငါ့ကို ကျော်နိုင်မှာ မဟုတ်ဘူး။ ငါ အသက်ရှင်နေသ၍ မင်းက ငါ့အောက်မှာပဲ ရှိနေဦးမှာပဲ။ ငါ ရှိနေသ၍ မင်းဘယ်‌တော့မှ ထိပ်ဆုံးကို မရောက်နိုင်ဘူး။ အဲဒီ ပြိုင်ဘက်ကင်းဆိုတဲ့ဟာက ဟာသတစ်ခုပဲ။ မင်းက မဟာအင်ပါယာ လမ်းစဉ်ကို လျှောက်လှမ်းဖို့ အဆင့်မမီဘူး”

“သူ့ကိုသတ်...”

ထျန်းယန်မြို့သခင်သည် ရီဖူရှင်းက ဝမ်ရှောင်၏ စိတ်အားငယ်နေသည့် အခြေအနေကို အခွင့်ကောင်းယူကာ စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေသည်ကို မြင်လိုက်သောအခါ ကျယ်လောင်စွာ အော်ပြောသည်။ သူသည် ဝမ်ရှောင်ကို မဟာအင်ပါယာအဆင့်လက်နက်များကိုသုံး၍ ရီဖူရှင်းအား အပြီးပိုင် ရှင်းပစ်စေလိုနေခြင်းသာဖြစ်သည်။

ထိုအခိုက်တွင် အဝေးမှနေ၍ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး အားလုံးကို ထိုဘက်သို့ ကြည့်လိုက်စေလေသည်။ သူတို့ အတန်ငယ် မျက်မှောင်ကြုတ်လိုက်ကြသည်။

အခြားတစ်ဖက်မှ တစ်စုံတစ်ယောက် ရောက်လာရှိပုံပင်။

All Chapters