ရတနာများ အလစ်သုတ်ယူခြင်း
Vol. 04 Ch. 178
ဓားအမာရွတ်နှင့်ချန်၏ရှက်အမ်းအမ်းအပြုံးအား အေးဆေးစွာ ကြည့်နေရင်း ထန်ရှု အတော် စိတ်ကျေနပ်မိသည်။ သူသည် ခေါင်းညိတ်လိုက်ရင်း
“ခင်ဗျား လက်ထပ်ပြီးပြီလို့ ကြားတယ်။ ခင်ဗျားတို့လင်မယားမှာ ကလေးရော ရှိလား။”
“ငါ့မှာ သားတစ်ယောက်ရှိတယ်။ မူလတန်းကျောင်း တက်နေပြီ။ ငါ သူ့ကို ပညာရေးမှာ ထူးချွန်စေချင်လို့ မြို့ထဲက နာမည်ကြီးမူလတန်းကျောင်းမှာ ထား ထားတယ်။ ငါ့မိန်းမက သူ့ကို ဂရုစိုက်ဖို့အတွက် သူနဲ့အတူ နေတယ်။”
“ခင်ဗျားမိန်းမနဲ့ကလေးကို အခြေကျအောင် ပို့ပေးထားတယ်ဆိုတော့ အနာဂတ်မှာ စီးပွားရေးတစ်ခု အခြေတကျ ရှိစေချင်တယ်မဟုတ်လား။ အဲ့လိုဆိုမှဖြင့် ခင်ဗျားကို အခွင့်အရေးတစ်ခု ပေးမယ်။”
“ဘယ်လိုအခွင့်အရေးလဲ။” ဓားအမာရွတ်နှင့်ချန်သည် အံ့အားသင့်စွာ မေးလိုက်သည်။
“ကျွန်တော့်မှာ ရှေးဟောင်းဝိုင်ဖောက်နည်းတစ်ခုရှိတယ်။ ခင်ဗျား လိုအပ်ချက်တွေကို လိုက်နာစောင့်ထိန်းနိုင်တယ်ဆိုရင် ကျွန်တော် ခင်ဗျားကို အဲ့ဒီနည်းပေးပြီး ကျွန်တော် လိုအပ်တဲ့ဝိုင်တွေ ဖောက်စေမယ်။ ကျွန်တော် ဝိုင်လုပ်ငန်းတစ်ခု တည်ထောင်ပြီးတော့ ခင်ဗျား စီမံခန့်ခွဲဖို့ ပေးမယ်။ ခင်ဗျားက စီမံခန့်ခွဲတာ မလုပ်ချင်ဘူး ဝိုင်ဖောက်တာကိုပဲ လုပ်ချင်တယ်ဆိုရင်လည်း ရတယ်။ ခင်ဗျားကို ရှယ်ယာ၁၀% ပေးနိုင်ပြီးတော့ ခင်ဗျားလည်း အဲ့ဒီမှာ ဝိုင်ဖောက်တဲ့ဆရာကြီး ဖြစ်နိုင်တယ်။”
“မင်း… မင်းမှာ ဒီဝိုင်လုပ်ငန်းကို ရင်းနှီးဖို့ ငွေ ဘယ်လောက်ရှိနေလို့လဲ။”
“အခုလောလောဆယ်တော့ ငွေပမာဏ အတိအကျ မပြောနိုင်သေးဘူး။ အနည်းဆုံး လုပ်ငန်းကြီးတစ်ခု အဖြစ် တည်ထောင်ချင်တယ်။ ထုတ်လုပ်မှုအပိုင်းက တည်ငြိမ်သွားပြီဆိုတာနဲ့ အရောင်းအတွက်က ပြသနာမရှိဘူး။ ဒီဝိုင်လုပ်ငန်းက ကျွန်တော့်လုပ်ငန်းစုအောက်မှာ လုပ်ငန်းခွဲတစ်ခုအဖြစ် တည်ရှိပြီးတော့ ခင်ဗျားလည်း ဒါရိုက်တာရာထူး ယူနိုင်တယ်။” ထန်ရှု ပြုံးရင်း ပြောပြသည်။
“မင်းရဲ့လုပ်ငန်းစုနာမည်က…”
“ခမ်းနားသော ထန် စီးပွားရေးလုပ်ငန်းစု”
ဓားအမာရွတ်နှင့်ချန်သည် ထိုအမည်အား မကြားဖူးသော်လည်း ခေါင်းညိတ်လိုက်ရင်း
“မင်း ငါ့ကို စဉ်းစားဖို့ အချိန် ပေးနိုင်မလား။ ဒါက ငါ့ဘဝအတွက် ကြီးမားပြီး အရေးကြီးတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်နေတယ်။”
“ကျွန်တော့် ဖုန်းနံပါတ် ပေးထားခဲ့မယ်။ ဒီမှာ ရက်ပိုင်းလောက် ကျွန်တော်ရှိနေဦးမှာမို့ ကျွန်တော် မပြန်ခင် အဖြေပေးနိုင်ဖို့ မျှော်လင့်တယ်။ အာ… ကျန်သေးတယ်။ ခင်ဗျား ကျွန်တော်နဲ့ လိုက်ဖို့ ဆုံးဖြတ်တယ်ဆိုရင် ကြယ်တာရာမြို့ကို လိုက်ခဲ့မှရမယ်။ ခမ်းနားသော ထန်လုပ်ငန်းစုက ကြယ်တာရာမှာ ရှိတာမို့လို့ ဝိုင်လုပ်ငန်းကိုလည်း အဲ့ဒီမှာပဲ ကျွန်တော် လုပ်ဖြစ်မယ်။”
“ကောင်းပါပြီ။” ဓားအမာရွတ်နှင့်ချန် ခေါင်းညိတ်ပြလိုက်သည်။
နောက်တစ်နေ့ နေ့လည်ဘက်တွင်…
မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့၏လူများသည် လိုအပ်သည်များကို စန်းပေမြို့မှ ဝယ်ယူကာ ချင်ရှန်မြို့သို့ ပြန်ရောက်လာကြသည်။ သူတို့သည် ပေါက်ကွဲစေသည့်အရာများအား ရှာမတွေ့နိုင်ခဲ့သော်လည်း မီးရှူးမီးပန်း အမြောက်အမြားအား ဝယ်ယူခဲ့ကြသည်။
လူ၉ယောက် ပါဝင်သောအဖွဲ့သည် နွေဦးသစ်တော တောင်တန်းများဆီသို့ စွန့်စားခန်း တစ်ဖန် ထွက်လာကြပြီဖြစ်သည်။ သည်တစ်ကြိမ်တွင်တော့ ထန်ရှုသည် မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့၏လူများအား တောင်နံဘေးတွင် မနေခိုင်းတော့ဘဲ မိုးထိလိုဏ်ဂူသို့ ခေါ်ဆောင်လာကာ ကျောက်တုံးများ သယ်မခြင်း၊ လိုအပ်သည်များကို ပြင်ဆင်ခြင်းနှင့် ထိုပြင်ဆင်ပြီးသည်များ ကြိုးများဖြင့် အောက်သို့ ပို့ခြင်းစသည်တို့တွင် ကူညီလုပ်ကိုင်စေသည်။
နှစ်ရက်လုံးလုံး ဆောင်ရွက်ပြီးသည့်အခါ အရာရာသည် ထန်ရှု၏စီမံမှုအောက်တွင် အဆင်သင့် ဖြစ်နေခဲ့ပြီဖြစ်သည်။
မိုးထိလိုဏ်ဂူဘေးတွင် မတ်တတ်ရပ်နေရင်း မြောင်ဝမ်တန် မေးလိုက်သည်။
“ညီအစ်ကို ထန်.. အရာရာတိုင်းက အဆင်သင့်ဖြစ်နေပြီ။ ငါတို့လူတွေကိုလည်း အားလုံးပြင်ဆင်ပြီးသွားတော့ ပြန်လွှတ်ထားလိုက်ပြီ။ အခု ငါတို့၃ယောက် ဘာလုပ်ကြမလဲ။”
“ကျွန်တော်တို့ စောင့်ကြမယ်။”
“ငါတို့ စောင့်ကြမယ် ဟုတ်လား။” မြောင်ဝမ်တန်သည် ပဟေဠိဖြစ်စွာ မေးလိုက်သည်။
“ခင်ဗျားနဲ့ ရှောင်မင်ကျန်းတို့အော်ရာတွေ ဒီရက်ပိုင်း ပြောင်းလဲနေတာ ကျွန်တော် ခံစားမိတယ်။ ကျွန်တော် ရောင်းလိုက်တဲ့ အင်မော်တယ်ကျင့်စဉ်ကို ခင်ဗျားတို့ စကျင့်နေပြီ မဟုတ်လား။ ခင်ဗျားတို့အခြေခံမကောင်းတာ အတော်ဆိုးတာပဲ။ အဲ့ဒါဆိုရင် အစစ်အမှန်ချီကနေ အစစ်အမှန်စွမ်းအားကို ပြောင်းလဲမြှင့်တင်ဖို့ အချိန်ကြာလိမ့်မယ်။ ဒါနဲ့.. ကျွန်တော်တို့ရဲ့ အခြေအနေတွေ အကောင်းဆုံးထိ ပြန်ရဖို့ မနက်ဖြန်မနက်ထိ အနားယူရမယ်။ မနက်ဖြန် သေမလား ရှင်မလားဆိုတာ ကျွန်တော်တို့ ကိုယ့်ကိုကိုယ်အပေါ် လုံးဝမူတည်နေတယ်။”
ထန်ရှု ရှင်းပြလိုက်သည်။
“နားလည်ပါပြီ။” မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့ တစ်သံတည်း ထွက်လာသည်။
နောက်တစ်နေ့…
အရုဏ်တက်သည်နှင့် ထန်ရှုတို့၃ယောက်သည် မိုးထိလိုဏ်ဂူ၏အောက်ခြေသို့ ရောက်လာကြသည်။ သူတို့၃ယောက်စလုံး ဆလိုက်မီးများ ပါဝင်သော ဦးထုပ်များ ဆောင်းထားကြပြီး လက်ထဲတွင် ဓာတ်မီးတစ်လက်စီ ကိုင်ဆောင်ထားကြသည်။ လွတ်မြောက်ရန်အတွက် ပြင်ဆင်ထားသော ကြိုးများသည် မိုးထိလိုဏ်ဂူအပေါ်မှ ကျဆင်းနေသည်။ သူတို့၏ခါးတွင် နိုင်လွန်အိတ်များလည်း ချိတ်ဆွဲထားသည်။
“အစ်ကိုမြောင်… ကျွန်တော်တို့ အထဲဝင်ပြီး ၂မိနစ်ကြာတာနဲ့ သေနတ်ယမ်းမှုန့်တွေကို ဖောက်ခွဲလိုက်ပါ။ အဲ့ဒီပေါက်ကွဲသံတွေက အထဲက မီးချီလင်ကို ဖြားယောင်းလိမ့်မယ်။ အဲ့ဒါဆို ကျွန်တော်တို့ အထဲက ပစ္စည်းတွေကို ဖျတ်ကနဲ ယူဖို့ အခွင့်အရေး ရလိမ့်မယ်။သတိရပါ.. အစ်ကို့တာဝန်က ကျွန်တော်တို့ကို ကူညီပေးဖို့ပဲ။ဒီနေရာမှာ စောင့်ပြီး အပေါ်နဲ့ ချိတ်ဆက် ကြိုးချည်ထားတဲ့ ဝါးခြင်းကြီးတစ်လုံးကို ပြင်ဆင်ထားပေးပါဦး။ ပြီးရင် ကျွန်တော်တို့ အော်ခေါ်သံကြားတာနဲ့ ချက်ချင်းဆွဲတင်ပေးပါ။”
ထန်ရှု ညွှန်ကြားလိုက်သည်။
“ပြသနာ မရှိဘူး။ ငါ့စိတ်ထဲ စွဲနေအောင် မှတ်ထားပါမယ်။” မြောင်ဝမ်တန် ပြောလိုက်သည်။
ထန်ရှုနှင့် ရှောင်မင်ကျန်းတို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး သက်ပြင်းကိုယ်စီ ချလိုက်မိသည်။ ထို့နောက် သူတို့သည် ဓာတ်မီးများကို မြှောက်လျက် လိုဏ်ဂူအဝင်ဝသို့ လမ်းလျှောက်လာကြသည်။ ၂မိနစ်ကြာပြီးနောက် မီးရှူးမီးပန်းများ၏ပေါက်ကွဲသံအား သူတို့ ရှင်းလင်းစွာ ကြားလိုက်ရလေသည်။
“အခု”
ထန်ရှုသည် လိုဏ်ဂူအတွင်းရှိ နေရာလွတ်မှ မီးချီလင်အား ရှာဖွေရန် သူ၏စိတ်ဝိညာဉ်အာရုံအား အသုံးပြုနေပြီဖြစ်သည်။ ပေါက်ကွဲမှုကြားရာဘက်သို့ ရှေးရှူကာ မီးချီလင်သည် ချက်ချင်းပင် လျင်မြန်စွာ ပြေးထွက်လာသည်ကို တွေ့ရသောကြောင့် သူနှင့် ရှောင်မင်ကျန်းတို့သည် အတွင်းသို့ ရုတ်ခြည်းပင် အပြေးသွားကြသည်။
“အဲ့ဒါတွေကို အမြန်ထည့်။”
ထန်ရှုသည် လိုဏ်ဂူအတွင်းရှိ ကျယ်ဝန်းသော နေရာလွတ်သို့ ရောက်သည်နှင့် ချက်ချင်းပင် သစ်သားစားပွဲသို့ ပြေးကာ စားပွဲပေါ်ရှိ ကျောက်စိမ်းသေတ္တာနှင့် ရှေးဟောင်းဓားအား ပြင်ဆင်ယူလာသော အိတ်ထဲသို့ အလျင်စလို ထည့်လိုက်သည်။ ထို့နောက် ပေါင်တစ်ရာစီအလေးချိန်ကိုယ်စီရှိသော ကောင်းကင်သဲကျောက်များဆီသို့ သွားကာ ၂တုံးယူလိုက်ပြီး အိတ်ထဲထည့်လိုက်ပြန်သည်။ သူ၏ခွန်အားသည် အလွန် သန်စွမ်းလှသော်လည်း ရှောင်မင်ကျန်းသည် ပို၍ပင် သန်မာနေသေးသည်။
ထန်ရှုသည် တစ်မိနစ်မျှ တုံ့ဆိုင်းခြင်းမရှိဘဲ ထိုအရာများအား ကောက်ထည့်လာခဲ့ပြီး အလင်း၏အလျင်နှုန်းအတိုင်း ဥမင်လိုဏ်ခေါင်းလမ်းကြောင်းအတိုင်း တဟုန်ထိုး ပြေးထွက်လာခဲ့သည်။ တစ်ဖက်မှ ရှောင်မင်ကျန်း၏လှုပ်ရှားမှုသည်လည်း အလွန်မြန်ဆန်လှသည်။ ကောင်းကင်သဲကျောက်၃တုံးအား ယူဆောင်လာသောအိတ်ထဲ အမြန်ကောက်ထည့်လိုက်ပြီး တစ်တုံးအား လက်မှကိုင်ကာ ထန်ရှုနောက်မှ တဟုန်ထိုး ပြေးလိုက်လာခဲ့သည်။
အစမှအဆုံးထိ ကြာချိန်သည် ၁၀စက္ကန့်ပင် မရှိပါချေ။လိုဏ်ဂူအောက်ခြေရောက်သည်နှင့် ထန်ရှုသည် ချက်ချင်းပင် နိုင်လွန်အိတ်အား ဝါးခြင်းကြီးထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် ရှောင်မင်ကျန်းလက်ထဲမှ ကောင်းကင်သဲကျောက်တစ်တုံးအား ချိုင်းကြားတွင် ညှပ်လိုက်ပြီး အပေါ်သို့ စတက်လိုက်သည်။ ရှောင်မင်ကျန်းသည်လည်း အလွန် လျင်မြန်သော လှုပ်ရှားမှုဖြင့် နိုင်လွန်အိတ်အား သူ၏လက်တွင် ချည်ကာ အပေါ်မှ မြောင်းဆီသို့ လျင်မြန်စွာ တက်လာလေသည်။ ရက်စက်တင်းမာသော သားရဲဆီမှ သူတို့၏အသက်အား လွတ်မြောက်စေရန် အချိန်နှင့်အမျှ လှုပ်ရှားနေရသည်။
မိုးထိလိုဏ်ဂူ၏ထိပ်သို့ သူတို့တက်လာသည်နှင့် မြောင်ဝမ်တန်သည် ဝါးခြင်းကြီးအား ဆွဲတင်ထားပြီးဖြစ်သည်။
ထိုခဏတွင်ပင် ကျယ်လောင်သော ဟိန်းသံကြီးတစ်ခုသည် မိုးထိလိုဏ်ဂူ၏အောက်ခြေရှိ လိုဏ်ဂူဝင်ပေါက်မှ ထွက်ပေါ်လာခဲ့တော့သည်။
“အခုပြေးပြီး လွတ်မြောက်အောင် အကောင်းဆုံးသာ လုပ်တော့။ ဒီသဘာ၀ ဝင်္ကပါထဲက လွတ်သွားရင် ကျွန်တော်တို့ လုံခြုံပြီ။” ကောင်းကင်သဲကျောက်တုံးအား ကိုင်ထားသော ထန်ရှုသည် သူ့တွင် ရှိသော အခြားအရာများအား ဖြုတ်ချကာ ပြေးတော့သည်။
ဝှစ်…ဝှစ်…ဝှစ်…
သရဲများအလား ပုံရိပ်၃ခုသည် သစ်တောများထူထပ်သော တောင်တန်းများထဲတွင် တဟုန်ထိုး ပြေးနေကြသည်။
“ဝေါင်း….”
သူတို့၃ဦးသည် ဝင်္ကပါထဲသို့ ရောက်ရုံရှိသေးစဉ် ကြောက်မက်ဖွယ်ရာကောင်းသော အပူလှိုင်းသည် ရှေ့သို့ လှိမ့်တက်လာခဲ့သည်။ ဟိန်းသံများသည်လည်း ပိုမို ကျယ်လောင်လာသောကြောင့် နားစည်များ တုန်ခါလာပြီး နားအူသည့်ဒဏ်အား ခံစားလာရသည်။
မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်တို့သည် ပြေးနေရင်းဖြင့် တစ်ခဏမျှ နောက်သို့ ခေါင်းလှည့်ကြည့်လိုက်မိရာ သူတို့မြင်လိုက်ရသောအရာကြောင့် သည်းတုန်အူတုန် ဖြစ်သွားကြရသည်။ သူတို့ ရှင်းရှင်းလင်းလင်း မြငလိုက်ရသည်မှာ ၄မီတာ သို့မဟုတ် ၅မီတာအမြင့်ရှိသော မီးချီလင်တစ်ကောင်သည် ရဲရဲတောက်နေသော မီးလျှံများ ဝန်းရံကာ မိုးထိလိုဏ်ဂူမှ ခုန်ထွက်လာနေခြင်းပင် ဖြစ်ပေတော့သည်။
“ပြေး…”
ကြောက်ရွံ့ထိတ်လန့်ခြင်းမှ လှုံ့ဆော်သောကြောင့် သူတို့၏လုပ်နိုင်စွမ်းသည်လည်း နိုးထလာပြီး တစ်ချိန်တည်းမှာပင် သူတို့၏အလျင်အား မြှင့်တင်နိုင်လာသည်။ သူတို့သည် ထန်ရှုထက်ပင် ၂ဆ ပိုမြန်နေသေးသည်။ သူတို့သည် ပြေးရင်းဖြင့် ထန်ရှုအား မှီလာကြသည်။
တစ်ယောက်နှင့်တစ်ယောက် အလွန်အမင်း သိသော အပြန်အလှန် နားလည်မှုများဖြင့် ထန်ရှု၏ပခုံးများအား သူတို့၏လက်များဖြင့် ဘေးတစ်ဖက်တစ်ချက်ဆီမှ ဆုပ်ကိုင်လိုက်ကြသည်။
ဝှစ်….
သူတို့၃ယောက်စလုံး သဘာ၀ ဝင်္ကပါအစီအရင်ထဲမှ ထွက်လာတော့မည့်အချိန်တွင် သူတို့၏နောက်ကျောဘက်မှ ပူလောင်ခြင်းအား ခံစားလိုက်ရတော့သည်။
စက္ကန့်ပိုင်းလေးအတွင်း သူတို့၏အဝတ်အစားများသည် ပြာများအဖြစ် လောင်ကျွမ်းသွားတော့သည်။ အပူသည် သူတို့၏နောက်ကျောအရေပြားကိုလည်း လောင်ကျွမ်းသွားစေရာ အရေပြားနှင့်အသားညှော်နံ့အား ရနေစေတော့သည်။
ပြေး… ပြေး… ပြေး…
ထိုခဏတွင် မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်း၏ရင်ထဲတွင် အတွေးတစ်ခုသာလျှင် ရှိတော့သည်။ ပိုပြီး မြန်မြန်ဆန်ဆန်နှင့် ကောင်းကောင်းမွန်မွန် ပြေးနိုင်ရန်အတွက် ခြေထောက်များ ထပ်ရှိလိုခြင်းပင်ဖြစ်တော့သည်။ ထန်ရှု ပြောထားခဲ့သည့်အတိုင်း သည်သဘာ၀ ဝင်္ကပါထဲမှ လွတ်မြောက်သွားပါက သူတို့သည် ဘေးကင်းလုံခြုံသွားပြီး နောက်တွင်ကျန်ရစ်ခဲ့သော အရာအားလုံးအား လုံး၀ မေ့ပျောက်နိုင်သွားမည်ဖြစ်သည်။
သူတို့သည် တောင်ခြေထိ ပြေးလာခဲ့ကြပြီးနောက် ဟောဟဲဆိုက်နေကြသည်။ သူတို့သည် ပြေးရာမှ ရပ်တန့်လိုက်ကြပြီး နောက်သို့ လှည့်ကြည့်လိုက်ရာ မီးချီလင် ထပ်မံ မလိုက်လာသည်ကို တွေ့တော့မှ အကြီးအကျယ် စိတ်သက်သာရာ ရသွားတော့သည်။
“အဟွတ်..ဟွတ်… ချီးတဲ့မှပဲ… သေတော့မလို့။”
သူတို့သည် ထန်ရှုအား အောက်သို့ ချပေးလိုက်ပြီး မြောင်ဝမ်တန်သည် ဖြူဖတ်ဖြူလျော်ဖြင့် အမောတကော ပြောလိုက်သည်။
ထန်ရှုသည် ထို၂ယောက်အား ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်လိုက်ပြီး
“ကယ်တင်ပေးတဲ့အတွက် ခင်ဗျားတို့၂ယောက်စလုံးကို ကျေးဇူးတင်ပါတယ်ဗျ။ ခင်ဗျားတို့သာဆွဲမခေါ်လာရင် မီးချီလင်ကြောင့် ကျွန်တော် သေသွားတော့မှာ။”
မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့သည် တစ်ယောက်နှင့်တစ်ယောက် ကြောင်ကြည့်နေကြရင်း ရုတ်ခြည်းပင် အားပါးတရ ရယ်မောလိုက်ကြသည်။ သူတို့ ဘေးဆိုးတစ်ခုမှ အသက်ရှင်ပြန်လာရုံရှိသေးသဖြင့် အလွန် ပျော်ရွှင်လျက်ရှိကြသည်။ သည်အတွေ့အကြုံကြောင့် သူတို့နှင့် ထန်ရှုအကြားတွင် ပိုပြီးရင်းနှီးလာသည်ဟု ခံစားမိရလေသည်။
မြောင်ဝမ်တန်သည် ရယ်မောရင်းနှင့်
“ဟား..ဟား..ဟား.. ညီအစ်ကို ထန်ကလဲ.. မင်းရဲ့အစီအစဉ်သာမရှိခဲ့ရင်လည်း ငါတို့ အတွင်းထဲက ပစ္စည်းတွေကို အလစ်သုတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူးကွာ။ ငါတို့ရဲ့အစီအစဉ်ကို လုပ်ပေးတဲ့သူတွေ့တာလို့တောင် ပြောနိုင်တယ်။ အဲ့ဒါကြောင့် ငါတို့အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် ကျေးဇူးစကားတွေ ပြောဖို့မလိုပါဘူးကွ။ ဒါပေမယ့် ချီးပဲကွာ။ မီးချီလင် မှုတ်လိုက်တဲ့ မီးတောက်က တအားကြောက်ဖို့ကောင်းတာပဲ။ ငါ့နောက်ကျောက တကယ်ကို နာနေတယ်။”
ရှောင်မင်ကျန်းလည်း ပြုံးလျက်
“အဲ့ဒါ တကယ်နာတာကွ။ ဒါပေမယ့် ပြန်ရတာနဲ့ဆိုရင် ထိုက်တန်ပါတယ်လေ။ အဲ့ဒါတွေ ယူပြီး ဒီနေရာက အမြန်ထွက်ကြရအောင်။ မီးချီလင် သဘာ၀ ဝင်္ကပါထဲက ထွက်လာပြီး ငါတို့နောက်လိုက်လာရင် လွတ်နိုင်မယ်မထင်ဘူး။
ထန်ရှုသည်လည်း သူ၏နောက်ကျောမှ နာကျင်မှုအား ခံစားနေရသော်လည်း သူသည် အာရုံမထားဘဲ အပြုံးဖြင့် ပြောလိုက်သည်။
“ဟင့်အင်း… အဲ့ဒီမီးချီလင်က သဘာ၀ ဝင်္ကပါထဲက ထွက်လာနိုင်မှာ မဟုတ်ပါဘူး။ ဒီအစီအရင်က သူ့ရဲ့ကျင့်ကြံမှုထက် ၁၀ဆ ပိုပြီး အစွမ်းထက်တယ်။ သူသာ ထွက်လာနိုင်မယ်ဆိုရင် ဟိုးအစောကြီးကတည်းက ထွက်သွားနိုင်လောက်ပြီ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဒီနေရာကနေ ရတနာတွေနဲ့ အမြန် ပြန်သွားကြရအောင်။”
“ကောင်းပြီ။ သွားကြစို့။”
၃ယောက်သား မဆိုင်းမတွပင် လေနှင့်အလင်း၏အလျင်အလား ချင်ရှန်မြို့သို့ ရှေးရှူကာ အမြန်ပြေးကြတော့သည်။
တောင်ကုန်းများနှင့် ချိုင့်ဝှမ်းများအား တစ်ရက်ကျော် ဖြတ်ကျော်ပြီးသွားပြီးနောက် ချင်ရှန်မြို့သို့ အလျင်စလို ပြန်ရောက်လာကြချိန်တွင် ထန်ရှုတို့၃ယောက်သည် အသက်ထွက်လုမတတ် ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။
ဟိုတယ်အတွင်းတွင်…
ထန်ရှုသည် ရေအမြန်ချိုးကာ သန့်ရှင်းသော အဝတ်အစားများအား လဲလှယ်ပြီးနောက် သူ၏အခန်းထဲမှ ထွက်လာခဲ့သည်။ ရှောင်မင်ကျန်းသည်လည်း သူ၏အခန်းထဲမှ ထွက်လာသည်ကို တွေ့လိုက်ရပြီး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ပြီး ပြုံးလိုက်ကာ မြောင်ဝမ်တန်၏တံခါးအား ခေါက်လိုက်ကြသည်။
“အထဲကို အမြန် လာပါ။”
မြောင်ဝမ်တန်သည် ရေစိုနေသော ခေါင်းအား တဘက်တစ်ထည်ဖြင့် သုတ်ရင်း တံခါးဖွင့်ပေးလာသည်။ သူတို့၂ဦးသည် အထဲရောက်လာပြီးနောက် အကြည့်များသည် ကောင်းကင်သဲကျောက်များနှင့် ၎င်းတို့အပေါ်မှ နိုင်လွန်အိတ်၂လုံးဆီသို့ ရောက်သွားသည်။
ထန်ရှုသည် ထိုနေရာသို့ လျှောက်သွားလိုက်ပြီး အိတ်နှစ်လုံးမှ ကောင်းကင်သဲကျောက် ၆တုံးအပြင် ကျောက်စိမ်းသေတ္တာနှင့် ရှေးဟောင်းဓားပါ ထုတ်လိုက်သည်။ ကောင်းကင်သဲကျောက်သည် သူတို့၃ဦး အညီအမျှပင် တစ်ယောက်၂တုံးစီရမည်ဖြစ်ပေသည်။
မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့သည် ရှေးဟောင်းဓားအား စိတ်မဝင်စားကြောင်း ပြောလာကြပြီး သူတို့၏အကြည့်များသည် ကျောက်စိမ်းသေတ္တာပေါ်တွင် စူးစိုက်နေကြသည်။ ရှေးဟောင်းဓားကို ဆွဲထုတ်လိုက်သော ထန်ရှုတစ်ယောက်သာလျှင် ဓားအား စစ်ဆေးလိုက်ရာ သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု တွဲလွဲခိုလာခဲ့သည်။
သည်ဟာသည် အင်မော်တယ်ဓားတစ်ချောင်း မဟုတ်ပေ။
၎င်းသည် အမှန်တကယ်အားဖြင့် တာအိုကျင့်ကြံသူတစ်ယောက် အသုံးပြုခဲ့သော ဓားပျံတစ်ချောင်း ဖြစ်သည်။ လိုဏ်ဂူအတွင်းထဲတွင် သည်ဓားပျံသည် မည်ကဲ့သို့ ကျန်နေခဲ့သည်ကို ထန်ရှုမသိလင့်ကစား ၎င်းအား ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့သည်။ ထိုဓားအား ရောစပ်ပြီးသည်နှင့် ပထမတန်းစား ဓားပျံတစ်ချောင်းအဖြစ် သန့်စင်နိုင်လိမ့်မည်ဟု သူ့ကိုယ်သူ ယုံကြည်မှုရှိသည်။ အင်မော်တယ်ကမ္ဘာတွင် ပထမတန်းစား ဓားပျံတစ်ချောင်းအား အမှိုက်သဖွယ် သဘောထားနိုင်ကြမည်ဖြစ်သော်လည်း ကမ္ဘာပေါ်တွင် ရရှိရန် ခက်ခဲသော ရတနာတစ်ပါးဖြစ်သည်။
သူ၏အကြည့်တို့သည် ကျောက်စိမ်းသေတ္တာဆီသို့ ရွှေ့ပြောင်းသွားခဲ့သည်။ ကျောက်စိမ်းသေတ္တာသည် အရှည် ၃၀စင်တီမီတာ၊ ဗြက် ၁၅စင်တီမီတာနှင့် ထု ၁၀စင်တီမီတာ ရှိပြီး ကျောက်စိမ်းသေတ္တာပေါ်တွင် လှပသော ပုံရိပ်လှိုင်းတစ်ခု ရေးဆွဲထားသည်။
“အဲ့ဒါကို ဖွင့်ပြီး အထဲကို တစ်ချက်လောက် ကြည့်ပါဦး။”
မြောင်ဝမ်တန်သည် လေသံတိမ်တိမ်ဖြင့် ပြောလိုက်သည်။
***