← Chapters

မည်သည့် ‌ရွေးချယ်စရာ ရှိသနည်း...

Vol. 184 Ch. 2635

မည်သည့် ‌ရွေးချယ်စရာ ရှိသနည်း...

Vol. 184 Ch. 2635

ကောင်းကင်ထက်တွင် အဝေးမှ ရောက်လာသော တိမ်မည်းများ ပြည့်နှက်နေသည်။ အားလုံးသည် အဝေးမှ ကြောက်မက်ဖွယ်အရှိန်အဝါကို ခံစားနေရသော်လည်း ထိုအရှိန်အဝါသည် အတော်ဝေးဝေးမှာပင် ရှိပေ‌သေးသည်။ ကျင့်ကြံခြင်းအဆင့်မြင့်သူများသာ ထိုအရှိန်အဝါကို ကောင်းစွာ ခံစားနိုင်ပေသည်။

“တက်ကြ...”

အဝေးမှ အသံတစ်သံက ပြောသည်။ ကျင့်ကြံသူများသည် ထိုအသံကိုကြားလိုက်သောအခါ မျက်မှောင်ကြုတ်သွားကြသည်။ ထိုလူများသည် အချိန်ကောင်းတွင် ရောက်လာခြင်းပင်။

“စစ်ပွဲအတွက် ပြင်ဆင်ကြ...”

ကျင့်ကြံသူများစွာသည် ရှေ့သို့ ထွက်သွားကြပြီး စစ်မြေပြင် ထိပ်ပိုင်းသို့ ဦးတည်သွားလိုက်ကြသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ဒေသမှ ကျင့်ကြံသူများသည် စွမ်းအားကြီးမဟာကွန်ရက်တစ်ခုကို စတင်ဆင်လိုက်ကြသည်။ ရုတ်ခြည်းအတွင်း ကွန်ရက်မှ အလင်းသည် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုနှင့်အတူ ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။

“ရှန်းယန်ဗုဒ္ဓအရှင်...”

ကောင်းကင်ဒေသမှ ထိပ်သီးကျင့်ကြံသူတစ်ဦးက နတ်မျက်စိများကိုကြည့်လိုက်ရာ ရှန်းယန်ဗုဒ္ဓအရှင်သည် ရန်သူဘက်ကို လေ့လာရန် သူ၏တတိယမျက်လုံးကို ဖွင့်လိုက်ပြီဖြစ်ကြောင်း တွေ့လိုက်လေသည်။ ထို့နောက် ရှန်းယန်ဗုဒ္ဓအရှင်သည် မှတ်ချက်ပေးလိုက်သည်။

“သူတို့က ဒီကို စစ်ပွဲပြန်စဖို့ ရောက်လာပုံတော့မပေါ်ဘူး... သူတို့နောက်မှာ မဟာစစ်တပ်ကြီး လိုက်မလာဘူး”

“အင်း...”

ထိုလူက ခေါင်းညိတ်လိုက်၏။ အဖက်ဖက်မှ ကျင့်ကြံသူများသည် လူစုခွဲလိုက်ပြီး ဟင်းလင်းပြင်ထဲတွင် ဖြန့်ကျက်ကာ နေရာအသီးသီးယူလိုက်ကြသည်။ မဟာလမ်းစဉ် လေထုသည် ချောင်ကျသောနေရာများကိုပင် လွှမ်းခြုံသွားသည်။

အဝေးမှ ကျင့်ကြံသူများသည် နီးကပ်မလာသေးသော်လည်း ကြောက်မက်ဖွယ် တိမ်မည်းများသည် ဤဘက်သို့ ဆက်၍ စုဝေးနေလေသည်။ သို့သော် ကောင်းကင်ထက်တွင် နတ်အလင်းသည် တောက်ပစွာလင်းလက်လာပြီး အကန့်အသတ်မဲ့ ဟင်းလင်းပြင်ကို လွှမ်းခြုံသွားသည်။ ၎င်းသည် တစ်ဖက်မှ ကျူးကျော်ဝင်ရောက်လာသော တိမ်မည်းများကို ကာရံတားဆီးလိုက်ပြီး ကောင်းကင်ထက်တွင် ကွာခြားမှုတစ်ခုကို ဖြစ်ပေါ်စေသွားသည်။

ကောင်းကင်ဒေသဖက်မှ ကျင့်ကြံသူများသည် ဖြန့်ကျက်ထားသော်လည်း ရီဖူရှင်းသည် သူတို့ကြား၌ပင် ရှိပေသေးသည်။ ထျန်းယန်မြို့သခင်၏ မဟာလမ်းစဉ်စက်ကွင်းသည် သူနှင့် ဝမ်ရှောင်တို့ရှိနေသောနေရာကို ကာရံထားသည်။ သို့သော် ထိုအခိုက်တွင် သူတို့သည် အဝေးမှနေရာကိုသာ အာရုံစိုက်နေကြလေသည်။

နတ်ဆိုးဘုံသည် ဤအချိန်ကို ရွေးချယ်၍ စစ်ပွဲပြန်စတော့မည်လော။

“နတ်ဆိုးဘုံက နန်း‌တော်သခင်ရီကို လာရောက် ကြိုဆိုပါတယ်”

အဝေးမှနေ၍ အသံတစ်သံ ရောက်ရှိလာပြီး ကောင်းကင်ဒေသဘက်ရှိ တပ်စခန်းများတစ်ခွင်တွင် ပဲ့တင်ထပ်သွားသည်။ ကောင်းကင်ဒေသမှ စစ်တပ်ထဲရှိ လူအားလုံးသည် ထိုအသံကို ကျယ်လောင်ပြတ်သားစွာ ကြားလိုက်ကြရလေသည်။

“ခင်ဗျားတို့က သိပ်မဟုတ်ဘူးပဲ... ထိပ်သီးတွေအများကြီးက လူတစ်ယောက်တည်းကို ဝိုင်းပြီး တိုက်ခိုက်နေကြတယ်”

ထိုသို့ပြောလိုက်သူမှာ မှော်နက်နန်းတော်မှ မှော်နက်သူတော်စင် ဟွာယွင်ထင်းဖြစ်သည်။ သူ၏အသံသည် အရမ်းမကျယ်သော်လည်း လေသံမာကာ စွမ်းအားကြီးပေသည်။

“ရီဖူရှင်း... မင်းဒီတစ်ခေါက်ခရီးမှာ ကောင်းကင်‌ဒေသ၊ ဗုဒ္ဓလောကနဲ့ လူသားဘုံတို့ရဲ့ ကြောင်သူတော် ကြွက်သူခိုးအကျင့်ကို ထင်ထင်ရှားရှား မြင်ရပြီမလား”

ဗလာနတ္တိဘုံမှ မိစ္ဆာသူတော်စင် မိုချင်းကောသည်လည်း ထပ်၍ ပြောသည်။ သူနှင့် ဟွာယွင်ထင်းတို့ နှစ်ဦးစလုံးသည် ယခင်က ထျန်းယန်မြို့၏ ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲတွင် ရီဖူရှင်းကို တွေ့ခဲ့ဖူးပေသည်။

“ကောင်းကင်ဒေသက အဲဒီဘုံသုံးဘုံက သူတို့ကိုယ်သူတို့ သူတော်ကောင်းတွေလို့ ပြောတယ်... အဲဒါက ဟာသပဲ”

ထိုဖက်မှနေ၍ လှောင်ပြောင်သည့်စကားများကို ကြားလိုက်ရ၏။ ကြောက်မက်ဖွယ်လေထုသည် ဆက်လက် ဖောက်ဝင်နေပြီး ဤဘက်သို့ တဖြည်းဖြည်း ရောက်လာလေသည်။

သူတို့သည် ရီဖူရှင်းကို ခေါ်ဆောင်ရန် လာခဲ့သည့်ပုံပင်။

မှော်နက်နန်းတော်မှ လူများကြားတွင် ဝတ်ရုံခြုံထားသည့် လူတစ်ယောက်လည်းပါ၏။ ထိုလူသည် ရီချင်းယောင်ဖြစ်ကြောင်း သံသယဖြစ်စရာ မရှိပေ။ သို့သော် သူမသည် စကားမပြောဘဲ သူမ၏ဝတ်ရုံကို ဆက်ခြုံထားပြီး လွန်စွာ လျှို့ဝှက်ဆန်းကြယ်သည့်ဟန်ပေါ်နေလေသည်။

သို့သော် ဝတ်ရုံအောက်ရှိ မျက်လုံးများသည် ရီဖူရှင်းကို ကြည့်နေပုံပေါ်၏။

“ရီဖူရှင်းက ကောင်းကင်ဒေသကို ကျူးကျော်တဲ့ နတ်ဆိုးဘုံနဲ့ ပူးပေါင်းလိုက်ပြီ။ နောက်ကျရင် သူက မူလဘုံက ကျင့်ကြံသူတွေကို ဦးဆောင်ပြီး ကောင်းကင်ဒေသမှာ သတ်ဖြတ်မှုတွေ လုပ်လာမှာ ကျုပ်စိုးရိမ်မိတယ်။ ဒီအခွင့်အရေးကို အသုံးချပြီး သူ့ကို ဒီနေရာမှာပဲ ရှင်းပစ်ကြရအောင်”

ထျန်းယန်မြို့သခင်က ကျယ်လောင်စွာ ပြောသည်။ နတ်ဆိုးဘုံ၏ အဓိကဘုံကြီးသုံးဘုံ၏ အပြုအမူများက ရီဖူရှင်းသည် သူတို့နှင့်မဟာမိတ်ဖွဲ့ထားပြီးဖြစ်ကြောင်း ထပ်မံအတည်ပြုပေးလိုက်သလို ဖြစ်နေသည်။

ထိုအခြေအနေအောက်တွင် ထျန်းယန်မြို့သခင်သည် ရီဖူရှင်းကို ဤနေရာတွင်ပင် သတ်ပစ်နိုင်မည့် အခွင့်အရေးကို မည်သို့ လက်လွတ်ခံနိုင်မည်နည်း။

“ဝမ်ရှောင်... လုပ်လိုက်တော့။ ကောင်းကင်ဒေသအတွက် လုပ်လိုက်တော့... ရီဖူရှင်းကို သတ်ပစ်လိုက်။ အဲဒါက မှန်ကန်တဲ့ လုပ်ရပ်ပဲ”

သူ အော်ပြောသည်။ ဤအခြေအနေတွင် ရီဖူရှင်းကို သတ်ပစ်ခြင်းသည် ကောင်းကင်ဒေသအတွက် ကောင်းပေသည်။ ရီဖူရှင်း သေသွားလျှင် သူ နတ်ဆိုးဘုံနှင့် ပူးပေါင်းသည်ဟူသော စွပ်စွဲမှုကို ရှင်းလင်းပေးနိုင်တော့မည်မဟုတ်ပေ။

“ကျုပ်ကို သတ်မယ်ဟုတ်လား...”

ရီဖူရှင်းက ထျန်းယန်မြို့သခင်ထံမှ ထွက်ပေါ်လာသော စကားများကို ကြားလိုက်သောအခါ သရော်ဟန်ဖြင့် ပြောသည်။ သူသည် လွန်စွာအထင်သေးဟန်ဖြင့် ပြန်ပြောလိုက်၏။

“ကျုပ်တို့က မဟာလမ်းစဉ်စက်ကွင်းထဲမှာ ရောက်နေတယ်ဆိုရင်တောင် သူက မဟာအင်ပါယာအဆင့်လက်နက်တွေနဲ့ ကျုပ်ကို သတ်နိုင်လိမ့်မယ်လို့ ခင်ဗျားထင်လို့လား... သူ့မှာ ကျုပ်ကိုသတ်ဖို့ စွမ်းအားအလုံအလောက်ရှိတယ်လို့ရော ခင်ဗျားထင်လား။ အပြင်မှာရှိတဲ့ လူတွေအားလုံး... ဘယ်သူ အထဲကို ဝင်လာချင်သေးလဲ။ ခင်ဗျားတို့အားလုံးက ဒီအရူးတွေနဲ့အတူ သေချင်နေတာလား”

သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်နှင့်ဆိုလျှင် အကယ်၍ ဝမ်ရှောင်သာ သူ့ကို သတ်လိုပါက သူ၏ကိုယ်ပိုင်စွမ်းအားဖြင့်ပင် ရမည်မဟုတ်ဘဲ မဟာအင်ပါယာအဆင့်လက်နက်ကိုသုံးရန် သေချာပေါက်လိုအပ်မည်ဖြစ်သည်။ ဝမ်‌ရှောင်သည် ရီဖူရှင်းကို သတ်ရန်အတွက် အံ့အားသင့်၊ ကြောက်မက်ဖွယ် စွမ်းအားဖြင့် အပြင်းအထန် တိုက်ခိုက်ကောင်း တိုက်ခိုက်နိုင်ပေလိမ့်မည်။ သို့သော် ထိုကဲ့သို့သော စွမ်းအားမျိုးသာ ထွက်ပေါ်လာလျှင် ရီဖူရှင်းသည် သေမည့်သူမှာ သူတစ်ယောက်တည်းဖြစ်မည်မဟုတ်ကြောင်း အတပ်ပြောနိုင်ပေသည်။

“ဒီနေ့ ဒီနေရာမှာရှိတဲ့ ခင်ဗျားတို့အများစုက အတိတ်တုန်းက ကျုပ်နဲ့ ရန်ငြိုးတွေရှိခဲ့ကြတယ်။ အခု ကျုပ်က ခင်ဗျားတို့ကို အခွင့်အရေးတစ်ခုပေးနေတော့ ဘယ်သူမှ မလိုချင်ကြဘူးဖြစ်နေတယ်။ အဲဒီအစား ခင်ဗျားတို့က ကျုပ်ကို မဟာအင်ပါယာအဆင့်လက်နက်နဲ့ သတ်ချင်နေကြတယ်။ ပြီးတော့ ခင်ဗျားတို့က ကျုပ်ကို ဟာသဆန်တဲ့ ပေါက်ကရစွပ်စွဲချက်တွေနဲ့ လက်စားချေဖို့ လုပ်နေကြတယ်... ဒါက တော်တော် ရယ်စရာကောင်းတာပဲ”

ရီဖူရှင်းက ဆက်၍ သရော်လိုက်သည်။

“ထျန်းယန်မြို့က အခုတလော အားယားပြီး လုပ်စရာမရှိဖြစ်နေတဲ့ပုံပဲ”

ထျန်းယန်မြို့သခင်သည် ရီဖူရှင်း၏စကားများကို ကြားလိုက်သောအခါ သူ့ကို ပို၍ပင် သတ်ချင်သွားလေသည်။ သူ့ရင်ထဲတွင် သတ်ဖြတ်လိုသောဆန္ဒသည် ပို၍ပြင်းထန်လာသည်။ တစ်ချိန်တည်းမှာပင် ဝမ်ရှောင်သည် ခေါင်းမော့၍ ရီဖူရှင်းကို စိုက်ကြည့်လိုက်သည်။

ရီဖူရှင်း ဆက်၍အသက်ရှင်နေလျှင် ထျန်းယန်မြို့အတွက် အမှန်ပင် အန္တရာယ်များပေသည်။

ရွှီး...

ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး အားကောင်းသောအဟုန်လှိုင်းတစ်ခု ရိုက်ခတ်သွားသည်။ ဝမ်‌ရှောင်ရပ်နေသောနေရာတွင် မဟာအင်ပါယာအရောင်အဝါ တောက်ပလာပြီး သူ့ကို ဝန်းရံထားလေသည်။ သူ့လက်ထဲတွင် ကောင်းကင်တုန်ဟည်းနတ်တူ ထွက်ပေါ်လာသည်။ ၎င်းသည် လွန်စွာ ခက်ထန်နေ၏။ ၎င်းကို သူ၏လက်ထဲတွင် ကိုင်ထားရုံဖြင့်ပြင် ၎င်း၏အတုမဲ့စွမ်းအားကို ခံစားရနိုင်၏။

တုန်ခါလှိုင်းများ တစ်ခုပြီးတစ်ခု ရီဖူရှင်း ရှိရာဘက်သို့ ထွက်သွားလေသည်။ ရီဖူရှင်းသည် ရွှေရောင်အလင်းများ တောက်ပနေ၏။ သူ့တစ်ကိုယ်လုံးသည် ချပ်ဝတ်တစ်ခုကို ဝတ်ဆင်ထားသကဲ့သို့ တလက်လက်တောက်ပနေလေသည်။ မဟာလမ်းစဉ်သင်္ကေတများသည် သူ့ကိုဗဟိုပြု၍ လှည့်ပတ်နေပြီး နတ်အရိပ်တစ်ခု ထွက်ပေါ်လာလေသည်။

ထိုကြောက်မက်ဖွယ်တုန်ခါလှိုင်းများသည် ရီဖူရှင်းအပေါ်သို့ ရောက်ရှိသွားသည်။ သို့သော် သူသည် ထိုနေရာတွင် တည်ငြိမ်စွာ ရပ်နေလေသည်။ ဝမ်ရှောင်၏ ကျင့်ကြံခြင်းသည် ပြောင်းလဲသွားပြီး မဟာအင်ပါယာအဆင့်လက်နက်မှ ထွက်ပေါ်လာသော စွမ်းအားသည် သူ့ကို ယခင်ကထက် ပို၍စွမ်းအားကြီးသွားစေသော်လည်း ထိုစွမ်းအားသည် မဟာအင်ပါယာအဆင့်လက်နက်တစ်ခုမှ စွမ်းအားသာဖြစ်ပေသည်။ သူသည် ရီဖူရှင်းကို အနိုင်ယူနိုင်လိမ့်မည်ဟု အိပ်မက်ပင် မက်နိုင်မည်မဟုတ်သေးပေ။

ရီဖူရှင်း၏ခန္ဓာကိုယ်သည် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းကို ဝမ်ရှောင် ကောင်းစွာသိ၏။ ထို့ကြောင့် သူသည် သူ့ကိုယ်ပိုင်နတ်ခန္ဓာတစ်ခုကိုရအောင် လုပ်ခဲ့သည်။ သို့သော် သူသည် ရီဖူရှင်းနှင့် ထိပ်တိုက်ရင်ဆိုင်သောအခါ အသာစီးမရနိုင်ခဲ့သေးပေ။ သူ၏ပြိုင်ဘက်သည်လည်း နတ်ဘုရားလက်နက်နှင့် ဆင်တူသည့် စွမ်းအားကြီးကာ သန်မာသော နတ်ခန္ဓာတစ်ခုကို ပိုင်ဆိုင်ထားပေသည်။

ဝမ်ရှောင်၏လက်များအတွင်းမှနေ၍ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ထွက်လာ၏။ သူသည် လက်ထဲတွင် ကောင်းကင်တုန်ဟည်းနတ်တူကို ကိုင်၍ ရီဖူရှင်းအပေါ်တွင်သာ အာရုံစိုက်ထားပေသည်။ သူသည် ခြေလှမ်းတစ်လှမ်း လှမ်း၍ ရီဖူရှင်းထံသို့ လွန်စွာလျင်မြန်သောအရှိန်ဖြင့် ပျံတက်သွားလိုက်၏။ သူသည် ရီဖူရှင်းကို ပို၍တိကျစွာ တိုက်ခိုက်နိုင်ရန် ရီဖူရှင်းနှင့် နီးနိုင်သမျှနီးနီးသို့ ကပ်သွားလိုနေသည်။ သို့ဆိုလျှင် ပြင်ပလောကကိုအပေါ် အဖျက်အားသက်ရောက်မှုကိုလည်း လျှော့ချနိုင်မည်ဖြစ်သည်။

ဝမ်ရှောင်လှုပ်ရှားလိုက်သည့် တစ်ချိန်တည်းမှာပင် နတ်ဆိုးဘုံမှ ထိပ်သီးကျင့်ကြံသူများကလည်း လှုပ်ရှားလိုက်သည်။ ဝတ်ရုံနက်ကို ခြုံထားသော သေမင်းသည် သူတို့အားလုံးထဲတွင် အမြန်ဆုံးဖြစ်ပြီး ထိုနေရာအတွင်းသို့ တိုက်ရိုက်ဝင်လိုက်လေသည်။ သူမ ရောက်လာသည့်နှင့်တစ်ပြိုင်နက် လောကတစ်ခွင်လုံးသည် သေခြင်းစက်ကွင်းတစ်ခု အဖြစ်ပြောင်းလဲသွားသည်။ သက်ရှိအားလုံးသည် ခြောက်ကပ်ကာ လျင်မြန်စွာ ကြွေလွင့်သွားကြပြီး သေခြင်းအရှိန်အဝါဖြင့် အစားထိုးခံလိုက်ရလေသည်။

ကောင်းကင်ဒေသဘက်တွင် မဟာစစ်တပ်ကြီးသည် အကာအကွယ်မဟာကွန်ရက်ကြီးတစ်ခုကို ဆင်နေကြ၏။ သူတို့သည် ပဋိပက္ခကြားတွင် ဝင်မပါကြဘဲ ခုခံရန်သာ အာရုံစိုက်ထားကြသည်။ သူတို့သည် ထိုအဆင့်ရှိသည့် စစ်ပွဲတွင် ဝင်ပါရန် အဆင့်မမီပေ။

“သူ့ကိုတား...”

ကောင်းကင်ဒေသမှ ထိပ်သီးကျင့်ကြံသူများစွာသည် ‌ရှေ့သို့ ထွက်လာကြသည်။ သို့သော် တစ်ဖက်မှလည်း ရီချင်းယောင်အပြင် အခြားစွမ်းအားကြီးထိပ်သီးများလည်း ထွက်လာသည်။ သူတို့ထဲတွင် မှော်နက်သူတော်စင် ဟွာယွင်ထင်းလည်း ပါဝင်ပေသည်။ သူ၏မျက်လုံးများသည် သူ့အရှေ့ရှိ နေရာကို ကြည့်ရှုလိုက်ပြီး ကောင်းကင်နှင့်မြေကြီးအကြားတွင် အနက်ရောင် အဖျက်မုန်တိုင်းကြီးတစ်ခု ထွက်ပေါ်လာလေသည်။

မှော်နက်သူတော်စင်သည် နတ်ဆိုးဘုံမှ နတ်ဆိုးသူတော်စင်ကဲ့သို့ပင် ထိပ်ပိုင်းအဆင့်တွင် ရှိသူတစ်ဦးဖြစ်သည်။

လွန်ခဲ့သောနှစ်ရာပေါင်းများစွာက ပရမ်းပတာစစ်ပွဲကြီးထဲတွင် အဓိကလောကကြီးအားလုံးသည် ကျင့်ကြံသူများစွာကို ဆုံးရှုံးခဲ့ရသည်။ ထိပ်သီးများစွာ သေဆုံးခဲ့ရပြီး သူတို့သည် သမိုင်းမြစ်ကြောင်းတစ်လျှောက်တွင် မေ့လျော့ခြင်းခံခဲ့ရလေသည်။ အဓိကလောကကြီးများသည် မျိုးဆက်သစ်ကျင့်ကြံသူများကို ပြန်လည်ပျိုးထောင်နိုင်ခဲ့သော်လည်း များစွာဆုံးရှုံးခဲ့ပေသေးသည်။

သို့သော် နတ်ဆိုးသူတော်စင်နှင့် မှော်နက်သူတော်စင်တို့ကဲ့သို့သောသူများသည် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးသော စွမ်းအားကြီးထိပ်သီးများဖြစ်ပေသည်။ သူတို့သည် မဟာအင်ပါယာအဆင့် အင်အားစုများ၏ ထိပ်ပိုင်းတွင် ရှိသူများဖြစ်သဖြင့် အတိတ်မှ မဟာစစ်ပွဲကြီးများတွင် ရှင်သန်ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။ သူတို့၏အင်အားသည် သာမန်လူများ တွေးကြည့်နိုင်သည်ထက် များစွာသာလွန်ပေသည်။

ကျန်ကျင့်ကြံသူများသည်လည်း အရှေ့သို့ထွက်လာကြပြီး ထိုတိုက်ပွဲထဲတွင် ဝင်ပါလာကြသည်။ နတ်ဆိုးဘုံမှ အဓိကအုပ်စုသုံးစုသည် ရီဖူရှင်းက သူတို့နှင့် မဟာမိတ်မဖွဲ့ထားကြောင်း သိပေသည်။

သို့သော် ကောင်းကင်ဒေသသည် ရီဖူရှင်းကို ခြိမ်းခြောက်၍ ဘက်ရွေးရန် ဖိအားပေးနေသဖြင့် သူတို့သည် ထိုအခြေအနေကို အခွင့်ကောင်းယူ၍ ရီဖူရှင်းနှင့် ကောင်းကင်ဒေသကြားတွင် လုံးဝရေစက်ပြတ်သွားအောင် လုပ်ကြမည်ဖြစ်သည်။ သို့ဆိုလျှင် စီဝေ့ကြယ်ကောင်းကင်သည် စစ်ပွဲအတွင်းသို့ ပါဝင်လာရတော့မည်ဖြစ်သည်။

သူတို့သည် ထိုရလဒ်ကို သဘောကျပေသည်။

ရီဖူရှင်းရှိနေသော တိုက်ပွဲပြင်တွင် ဝမ်ရှောင်သည် ကောင်းကင်တုန်ဟည်းနတ်တူကို ကိုင်ကာ ရီဖူရှင်းထံသို့ ဦးတည်ပျံသန်းလာလေသည်။ ကောင်းကင်တုန်ဟည်းနတ်တူသည် ရီဖူရှင်း၏ကိုယ်ပေါ်သို့ ကျဆင်းလာသည်။ သို့သော် ရီဖူရှင်းသည် ချက်ချင်း ပျောက်ကွယ်သွားပြီး ကြောက်မက်ဖွယ်တုန်ခါလှိုင်းများသည် လေထုကိုသာ ရိုက်ခတ်မိသွားလေသည်။ ထိုလှိုင်းများသည် ရည်ရွယ်ထားသော ပစ်မှတ်ကို လွဲချော်သွားသဖြင့် မဟာလမ်းစဉ်စက်ကွင်းအပေါ်သို့ ကျရောက်သွားကြပြီး ထျန်းယန်မြို့သခင်ကို ခပ်အုပ်အုပ် ညီးတွားသွားစေလေသည်။

“မင်းတွေးနေတာက အရူးအိပ်မက်တစ်ခုထက် မပိုဘူး”

ဝမ်ရှောင်နောက်တွင် အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုသို့ပြောလိုက်သူမှာ ရီဖူရှင်းပင်။

သူသည် ဗုဒ္ဓရောင်ဝါခြေလှမ်းကို အသုံးပြုနိုင်သဖြင့် ဝမ်ရှောင်ကို ထိပ်တိုက်ရင်ဆိုင်ရန် မလိုပေ။ သို့သော် ဝမ်ရှောင်သည် ထိုသို့လုပ်နိုင်ပါမည်လော။

သူ့ကို သတ်ရန် တစ်နည်းသာ ရှိပေသည်။ စက်ကွင်းကကာရံထားသော ဤနေရာထဲတွင် အဆင့်နိမ့်သောတိုက်ခိုက်မှုများသည် အသုံးမဝင်ပေ။ တိုက်ခိုက်မှုသည် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်လောက်သည်အထိ စွမ်းအားကြီးရပေမည်။ သူ့ကိုသတ်နိုင်ရန်အတွက် သာမန်တိုက်ခိုက်မှုများသည် လုံလောက်မှုမရှိပေ။

ထို့ကြောင့် တိုက်ခိုက်မှုသည် ပစ်မှတ် ပတ်ပတ်လည်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည်အထိ စွမ်းအားကြီးရမည်ဖြစ်သည်။ သို့သော် ထိုတိုက်ခိုက်မှုနှင့်ဆိုလျှင် ထျန်းယန်မြို့သခင်သည် သူနှင့်အတူ သေဆုံးသွားနိုင်ပေသည်။

ဝုန်း...

စွမ်းအားကြီး အဖျက်အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေကြီးအကြားရှိ ဝမ်ရှောင်၏အနောက်တွင် ကြောက်မက်ဖွယ်မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။  အရှင်ထျန်းယန်ကိုယ်တိုင် လောကအတွင်းသို့ သက်ဆင်းလာသကဲ့သို့ ဝိညာဉ်ပုံရိပ်တစ်ခု ပေါ်ပေါက်လာ၏။ သူသည် လက်တစ်ဖက်ထဲတွင် ကောင်းကင်တုန်ဟည်းနတ်တူကို ဆွဲကိုင်ထားသည်။ သူသည် ယခင်ကထက် ပို၍ အရှိန်အဝါကြီးကာ ကြောက်မက်ဖွယ်ကောင်းနေသည်။ သူသည် ရီဖူရှင်းကို လွန်စွာမနှစ်မြို့ဟန်ဖြင့် ကြည့်လိုက်သည်။ မဟာအင်ပါယာတစ်ပါး ပြန်လည်အသက်ဝင်လာသကဲ့သို့ပင် ထင်ရလေသည်။

ကြောက်မက်ဖွယ် တုန်ခါလှိုင်းများသည် ရီဖူရှင်းထံသို့ ပျံ့လွင့်လာသည်။ ကောင်းကင်တုန်ဟည်းနတ်တူသည် တုန်ခါလှိုင်းများကို စုစည်းလိုက်ပြီး ရီဖူရှင်း၏ခန္ဓာကိုယ်ပေါ်သို့ ချိန်ရွယ်လိုက်သည်။ ရီဖူရှင်း၏ကိုယ်ပေါ်တွင် ကြောက်မက်ဖွယ် အဖျက်နတ်အလင်းများ လွှမ်းခြုံသွားသည်။

ရီဖူရှင်းသည် မဟာလမ်းစဉ်စက်ကွင်းအစွန်တွင် ရပ်နေပြီး နတ်အလင်း၏ ဝန်းရံမှုကို ခံထားရလေသည်။ သူသည် ထိုကြောက်မက်ဖွယ် တုန်ခါလှိုင်းများကို သူ့နတ်ခန္ဓာပေါ်သို့ ရိုက်ခတ်ခွင့် ပြုလိုက်သည်။ သူသည် အလွန်တည်ငြိမ်စွာပင် ရပ်နေလေသည်။ သူ၏မျက်လုံးများသည် ဝမ်ရှောင်ကို စိုက်ကြည့်နေပြီး ကြောက်လန့်သည့် အရိပ်အယောင်တစ်ခုပင် မပြချေ။

ဝမ်ရှောင်သည် သူ့ကို သေစေနိုင်လောက်သည့် တိုက်ခိုက်မှုမျိုး ထုတ်လွှတ်ဝံ့၊ မထုတ်လွှတ်ဝံ့ကို သူစိတ်ဝင်စားနေသည်။

“ဝမ်ရှောင်... သူ့ကိုသတ်လိုက်”

ထျန်းယန်မြို့သခင်၏ စကားကို ကျယ်လောင်ပြတ်သားစွာ ကြားလိုက်ရ၏။ သို့သော် ရီဖူရှင်းသည် အဆက်မပြတ် နေရာ ရွှေ့ပြောင်းနေပေသည်။ သူသည် ဝမ်ရှောင်အနောက်ရှိ ကောင်းကင်ပေါ်က ထျန်းယန်မြို့သခင်နှင့်တစ်နေရာတည်းတွင် ပြန်ပေါ်လာသည်။

ဝမ်ရှောင်သည် သူ့ကိုသတ်မည်လော။

“လုပ်လိုက်... ငါ မဟာအင်ပါယာအဆင့်လက်နက်ကိုသုံးပြီး ငါ့ကိုယ်ငါ ကာကွယ်ထားမယ်”

ထျန်းယန်မြို့သခင်သည် ကျယ်လောင်စွာ အော်ပြောသည်။ ဤကဲ့သို့သော အခြေအနေမျိုးအောက်တွင်ပင် သူသည် ဝမ်ရှောင်ကို သေစေလောက်သော တိုက်ခိုက်မှု ထုတ်လွှတ်ရန် လှုံ့ဆော်နေပေသေးသည်။

ဝုန်း...

အဖျက်လျှပ်စီးများ ထွက်ပေါ်လာပြီး ကောင်းကင်တုန်ဟည်းနတ်တူသည် ရှေ့သို့ ပျံထွက်သွားသည်။ စွမ်းအားကြီး ကမ္ဘာဖျက်စွမ်းအားတစ်ခုသည် ရီဖူရှင်းဘက်သို့ ပျံဝင်လာပုံပင်။

All Chapters