← Chapters

အိမ်အပြန်

Vol. 04 Ch. 179

အိမ်အပြန်

Vol. 04 Ch. 179

ကျောက်စိမ်းသေတ္တာအား ဖွင့်လိုက်သည်နှင့် လတ်ဆတ်သော ရနံ့သည် ချက်ချင်း ပျံ့နှံ့လာပြီး ဟိုတယ်အခန်းတစ်ခုလုံး မွှေးကြိုင်လာပြီး သူတို့၏နှာခေါင်းများအား ကလူကျီစယ်သွားတော့သည်။ ထန်ရှု၊ မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်တို့၏ စိတ်ဝိညာဉ်များသည် ချက်ချင်းပင် တုန်လှုပ်သွားရပြီး သူတို့၏မွှေးညှင်းပေါက်များသည် ပွင့်လာခဲ့သောကြောင့် သက်တောင့်သက်သာရှိမှုကို ခံစားနေရသည်။

ကျောက်စိမ်းသေတ္တာအတွင်းထဲတွင် နီစွေးနေသည့် ဖော်စပ်ထားသော ဆေးနှစ်လုံး ရှိနေသည်။ ထိုမွှေးပျံ့နေသော ရနံ့သည် ထိုဆေးနှစ်လုံးမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

“အဲ့ဒါ ဘာလဲ။”

မြောင်ဝမ်တန်သည် သူ၏ဘေးတွင် ရှိနေသော ထန်ရှုအား ကြည့်လိုက်သည်။ သူ၏စိတ်ထဲတွင် ထန်ရှုသည် အလွန် လျှို့ဝှက်ဆန်းကြယ်လှသည်။ သူသည် အင်မော်တယ်ကျင့်စဉ်တစ်စုံနှင့် သားရဲထိန်းချုပ်နည်း လျှို့ဝှက်ကျင့်စဉ်ကိုတောင်မှ သူတို့ကို ရောင်းချပေးထားသူဖြစ်သည်။ ထို့ကြောင့် ထိုဆေးလုံး၂လုံးအား ထန်ရှု ကောင်းစွာ သိလိမ့်မည်ဟု ထင်ထားခဲ့မိသည်။

သို့သော် သည်တစ်ကြိမ်တော့ အမှန်တကယ် သူ အထင်မှားသွားဟန်တူသည်။

ထန်ရှု မျက်မှောင်ကြုတ်ကာ စဉ်းစားနေရင်း ခေါင်းကို ယမ်းလိုက်ကာ

“ကျွန်တော် ဖော်စပ်ထားတဲ့ဆေးလုံးတွေ အများကြီး တွေ့ဖူးပါတယ်။ ဒါပေမယ့် ဒီဆေးလုံးတွေရဲ့အမျိုးအစားနဲ့ အကျိုးအာနိသင်ကို မသတ်မှတ်နိုင်ဘူးဖြစ်နေတယ်။”

မြောင်ဝမ်တန်သည် ချီတုံချတုံဟန်ဖြင့်

“ဒီဆေးလုံးတွေရဲ့အမျိုးအစားနဲ့ အကျိုးအာနိသင်ကို မသိဘူးဆိုမှတော့ ငါတို့ ဘယ်လိုသောက်ရဲတော့မလဲ။”

ရှောင်မင်ကျန်းလည်း ခေါင်းညိတ်လိုက်ရင်း

“ဒါမှန်တယ်။ ဒီဆေးလုံးတွေရဲ့ရနံ့ကသာ ဒါက သာမန်မဟုတ်မှန်း ငါ သိတယ်။ ဒါပေမယ့် ဒီဆေးလုံးတွေရဲ့အမျိုးအစားနဲ့ အကျိုးအာနိသင်ကို ငါတို့မသိရင် ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်မလားပဲ။ အထောက်အပံ့မဖြစ်ဘဲ ဆိုးကျိုးတွေ သယ်လာခဲ့ရင် ငါတို့ ဆုံးရှုံးရတာနဲ့ ကာမှာ မဟုတ်ဘူး။”

“ကျွန်တော့်ကို ဓားတစ်ချောင်းပေးပါ။”  ထန်ရှု ပြောလိုက်သည်။

“အမ်..ဓားက ဘာအတွက်လဲ။” မြောင်ဝမ်တန် ဇဝေဇဝါ ဖြစ်သွားသည်။

“ကျွန်တော် ဒီဆေးလုံးကို စမ်းမြည်းကြည့်မလို့။” ထန်ရှု ဖြေလိုက်သည်။

သည်ဆေးလုံးကို စမ်းမြည်းကြည့်မလို့ ဟုတ်လား။

မြောင်ဝမ်တန်သည် တစ်ခဏမျှ ကြက်သေ သေသွားပြီး ချက်ချင်းပင် ချွန်ထက်သော ဓားတစ်ချောင်းအား ယူဆောင်လာခဲ့သည်။

ထန်ရှု၏ ခွန်အားအပေါ် ထိန်းချုပ်နိုင်စွမ်းသည် သိမ်မွေ့တိကျသည်။ သူသည် ဓား၏ထိပ်ချွန်ပိုင်းဖြင့် ဆေးလုံးအား အနည်းငယ်မျှ အသာထိုးသွင်း ယူလိုက်ပြီး လျှာပေါ်တွင် တင်ကာ စမ်းကြည့်လိုက်သည်။ သူ၏မျက်လုံးများအား ဖြည်းညှင်းစွာ မှိတ်ကာ ဆေးလုံးထဲတွင် ပါဝင်သော ပစ္စည်းများ၏ဖော်စပ်ပုံနှင့် အကျိုးအာနိသင်အား တိတ်ဆိတ်စွာ စဉ်းစားသုံးသပ်နေသည်။

“ဘာလဲ။ သူ့မှာ ဘယ်လိုအကျိုးအာနိသင်ရှိတာလဲ။”

ထန်ရှု မျက်လုံးများ ဖွင့်လိုက်သည်ကို ကြည့်ပြီး မြောင်ဝမ်တန် အလျင်စလို မေးလိုက်သည်။

ထန်ရှုသည် အပြုံးတစ်ခုအား ဖျစ်ညှစ်ပြုံးလိုက်ရင်း

‘ကျွန်တော် သည်ဆေးကို တစ်ကြိမ် သုံးဖူးတယ်။ အဲ့ဒါ သားရဲတစ်သောင်းဆေးလုံးလို့ ခေါ်တယ်။ စိတ်ဝိညာဉ်သားရဲတစ်သောင်းရဲ့သွေးအဆီအနှစ်တွေကို အသုံးပြုပြီး ဆေးပင်တစ်သောင်းကို ပေါင်းစပ်လို့ နှစ်တရာနီးပါး သန့်စင်ထားပြီးမှ ဒီဆေးလုံး ဖြစ်လာတာ။ သူရဲ့အာနိသင်က ကျင့်ကြံမှုအဆင့်တိုးတက်ဖို့နဲ့ ကျင့်ကြံမှု အကြီးအကျယ် တိုးတက်စေဖို့ပဲ။ ကျောက်စိမ်းသေတ္တာထဲက ဆေးလုံးတွေက သားရဲတစ်သောင်းဆေးလုံးနဲ့ နှိုင်းယှဉ်ရင် နေ့နဲ့ညလို ဆိုပေမယ့်လည်း ခင်ဗျားတို့ ကျင့်ကြံမှုကို အကောင်းဆုံး သက်ရောက်မှုတော့ ရှိပါသေးတယ်။”

စိတ်ဝိညာဉ်သားရဲတစ်သောင်းရဲ့သွေးအဆီအနှစ်တွေလား။

ဆေးပင်တစ်သောင်းကို ထပ်ပြီး ပေါင်းစပ်ထားသေးတာလား။

နှစ်တရာနီးပါး သန့်စင်ထားရတာတဲ့လား။

မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့သည် ထန်ရှုအား ထူးဆန်းသောအမူအရာဖြင့် ကြည့်နေကြသည်။ ထန်ရှုသည် အလွန်အမင်း ဘဝင်မြင့်လွန်းသည်ဟု တွေးနေမိသည်။ ကြွားဝါတတ်သော လူများအား သူတို့ မြင်ဖူးသော်လည်း ထိုမျှလောက အလွန်အကျူး ဒီဂရီဖြင့် ကြွားဝါသူအား မမြင်ဖူးပါချေ။ သူတို့သည်လည်း ကျင့်ကြံသူများ ဖြစ်ကြသည့်အတွက် ကျင့်ကြံသူတစ်ယောက်၏အဆင့်အား တိုးမြင့်ခြင်းနှင့် ထိုသို့တိုးမြင့်လာသည်နှင့်အမျှ အသက်ရှည်လာခြင်းတို့အား သိကြပါသည်။ သို့သော် လူတစ်ယောက်သည် ဆေးလုံးတစ်လုံးအား နှစ်တရာမျှ သန့်စင်ဖော်စပ်နိုင်သည်ဟု ဆိုခြင်းအား မကြားဖူးပါချေ။

သည်ဟာသည် တစ်ထောင့်တစ်ညပုံပြင်တစ်ပုဒ်ကဲ့သို့ပင် ဖြစ်တော့သည်။

ထို့နောက် မြောင်ဝမ်တန် မေးလိုက်သည်။

“သည်ဆေးလုံးတွေက ငါတို့အတွက် တကယ် ကျင့်ကြံမှုတိုးတက်စေနိုင်တာလား။”

“ဟုတ်တယ်။” ထန်ရှုသည် ပြတ်သားခိုင်မာသော အဖြေ ပေးလိုက်သည်။

“ဘေးထွက်ဆိုးကျိုး လုံးဝမရှိဘူးလား။” ရှောင်မင်ကျန်း ဆက်မေးလိုက်သည်။

ထန်ရှုသည် တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ဖြည်းညှင်းစွာဖြင့်

“ခင်ဗျားတို့အတွက် ဘေးထွက်ဆိုးကျိုး နည်းနည်း ရှိနိုင်တယ်။”

ရှောင်မင်ကျန်း အလျင်စလို မေးလိုက်သည်။

“ဘာဘေးထွက်ဆိုးကျိုးလဲ။”

ပြုံးခြင်းမမည်သော အပြုံးဖြင့် ထန်ရှုသည် ပြန်ဖြေလိုက်သည်။

“ခင်ဗျားတို့ အခုကျင့်ကြံမှုအဆင့်နဲ့ အဲ့ဒါကို တန်းသောက်လိုက်ရင် ဒီဆေးလုံးမှာရှိတဲ့ ကြီးမားတဲ့စွမ်းအားကို မထိန်းချုပ် မချေဖျက်နိုင်ခဲ့ရင် ခင်ဗျားတို့ ပေါက်ကွဲပြီး သေနိုင်တယ်။”

“ဘာ” နှစ်ဦးသား အံ့သြတုန်လှုပ်သွားရသည်။

လက်ရှိ သူတို့၂ဦး၏ကျင့်ကြံမှုအဆင့်သည် မြင့်မားသောအဆင့်တစ်ခုသို့ ရောက်နေပြီ ဖြစ်သည်။ သို့သော် သည်ဆေးလုံးအား သောက်သုံးပါက သူတို့၏ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်နိုင်သေးသည်တဲ့လား။ သည်ဆေးလုံးသည် သန်မာသောစွမ်းအားကိုပင် ပေးနိုင်သေးသည်လား။

မြောင်ဝမ်တန်သည် တံတွေးတစ်ချက် မျိုချလိုက်ပြီး

“ညီအစ်ကို ထန်.. အဲ့ဒါဆို ငါတို့အတွက် သည်ဆေးကို စားဖို့ ဘယ်အချိန်က သင့်တော်မလဲ။”

“ခင်ဗျားတို့ ကျင့်ကြံမှုအဆင့် အနည်းဆုံး ၂ဆင့်အထက် တက်တဲ့အထိ စောင့်ပါ။”

“ဒါ…”

သူတို့နှစ်ယောက်သည် စိတ်ထဲမှ မချိပြုံးသာ ပြုံးနိုင်တော့သည်။ သူတို့၏ ယခုလက်ရှိကျင့်ကြံမှုအဆင့်နှင့်ပင် နောက်တစ်ဆင့်အား ချိုးဖြတ်ရန် အလွန် ခက်ခဲလှပေသည်။ ၎င်းသည် နှစ်အနည်းငယ် သို့မဟုတ် ဆယ်စုနှစ်များစွာလည်း ဖြစ်သွားနိုင်ပေသည်။ သူတို့၏အဆင့်အား ၂ဆင့်ကျော်လွန်မှ ထိုဆေးအား သုံးစွဲရမည်ဆိုပါက မည်သည့်အချိန်ထိ စောင့်စားရလိမ့်မည်ဆိုတာသည် ဘုရားမှပင် သိပေလိမ့်မည်။

“ဒါနဲ့ ဒီဆေး၂လုံးကို ခင်ဗျားတို့၂ယောက် တစ်ယောက်တစ်လုံးစီ ယူလိုက်ပါ။ ကျွန်တော့်အတွက်က ဘာမှ သုံးစရာမရှိဘူး။ ဒီကျောက်စိမ်းသေတ္တာလေးတော့ ကျွန်တော် ယူလိုက်မယ်။ နောက်ပိုင်း ဆေးလုံးသိမ်းစရာရှိရင် အသုံးပြုလို့ရအောင်။”

“မင်းအတွက် အဆင်ပြေရဲ့လား။”

မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြရင်း ချီတုံချတုံ အမူအရာများ ဖြစ်သွားကြသည်။

“ရှေးဟောင်းဓားလေး ကျွန်တော် ယူပြီးပြီလေ။ အဲ့ဒါလေးကလည်း ကောင်းတဲ့ဟာပဲ။ နောက်ပြီး ကျွန်တော် ဒီဆေးလုံးကို ယူရင်တောင်မှ ဘယ်အချိန်စောင့်ရမလဲဆိုတာ ကျွန်တော် မသိဘူးလေ။”

မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့နှစ်ယောက်သည် ထန်ရှု၏စကားများမှာ ကျိုးကြောင်းဆီလျော်သည်ဟု တွေးလိုက်ကြသည်။ သူတို့၏ကျင့်ကြံမှုအဆင့်နှင့်ပင် ထိုဆေးလုံးမှီဝဲရန် အဆင့်၂ဆင့်ကျော်မျှ လိုအပ်နေသေးရာ ထန်ရှု၏လက်ရှိအဆင့်နှင့်ဆိုပါက ဆယ်စုနှစ်များစွာ လိုအပ်ပေလိမ့်မည်။

သို့သော်လည်း ထိုဆေးလုံးသည် ရတနာတစ်ပါး ဖြစ်နေသေးသည်။ ယခုသောက်သုံးလျှင် သူတို့၏ခန္ဓာကိုယ်အား မထောက်ပံ့ပေးနိုင်ဘဲ ပေါက်ကွဲသွားမည်ဟု ဆိုရင်တောင်မှ အလွန်တန်ဖိုးရှိသောဆေးလုံးအဖြစ် စဉ်းစားနိုင်သေးသည် မဟုတ်ပါလော။

“ဒီကောင်လေးသည် တကယ်ကို တစ်ကိုယ်ကောင်းမဆန်၊ လောဘမကြီးတဲ့သူ ဖြစ်ပေသည်။”

မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့သည် စိတ်ထဲမှ သက်ပြင်း ကြိတ်ချလိုက်သည်။ ထန်ရှုသည် ပိုမိုငယ်ရွယ်ပြီး သူတို့၏အသက်ထက်ဝက်မျှသာ ရှိသေးသော်လည်း သူ့အား အမှန်တကယ်ပင် သူတို့ လေးစားမိလေသည်။

ရှောင်မင်ကျန်းသည် ထန်ရှု စမ်းထားသဖြင့် ပိစိမျှပဲ့နေသော ဆေးလုံးအားဂရုတစိုက် ယူလိုက်သည်။

“ညီအစ်ကို ထန်.. မင်းက ဒီလိုပြောလာပြီဆိုမှဖြင့် ငါတို့ ဒါကို ယူဖို့ အားမနာတော့ဘူးနော်။ ဒါပေမယ့် နောက်ပိုင်း မင်း လိုအပ်တာ တစ်ခုခု ရှိခဲ့မယ်ဆိုရင် ငါတို့ကို အားမနာတမ်း ပြောပါ။ ငါနဲ့မြောင်ဝမ်တန် မင်းအပေါ်မှာ အကြွေးတစ်ခု တင်ကျန်နေတယ်လို့ ပြောနိုင်တယ်။”

မြောင်ဝမ်တန်လည်း ခေါင်းကို ညိတ်လျက်

“ဟုတ်တယ်။ မင်းသာ မဟုတ်ရင် ငါတို့ ဒီလို တန်ဖိုးကြီးပြီး အံ့အားသင့်စရာကောင်းတဲ့ ဆေးလုံးကို ရလိမ့်မှာမဟုတ်ဘူး။ ငါတို့ ဒီမျက်နှာပေးမှုကို မှတ်သားထားပါ့မယ်။”

ထန်ရှုသည် ခေါင်းကိုယမ်းလိုက်ရင်း

“မဟုတ်ပါဘူး။ ဒီဟာကို ရဖို့ ကျွန်တော်တို့ အတူတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပဲလေ။ ဒီဟာက အဲ့ဒီက ရလာတဲ့ အကျိုးအမြတ်ကို ခွဲရုံလေးပါပဲ။ ဘာမှ ထပ်မရှိတော့ဘူး။ ဒါပေမယ့် ကျွန်တော့်ကို ပေးစရာရှိတဲ့ ပိုက်ဆံကိုတော့ အာရုံစိုက်ပေးဖို့ လိုတယ်။ မနက်ဖြန် ကျွန်တော် ကြယ်တာရာကို ပြန်တော့မှာဆိုတော့ ကျွန်တော် ဒီပိုက်ဆံနဲ့ လုပ်စရာတွေအများကြီး ရှိတယ်။”

ထိုစကားကြားသည်နှင့်  မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့သည် သူတို့၏ဖုန်းများကို အမြန် ထုတ်လိုက်ကြသည်။ ယခင် ၁ဘီလီယံတွင် ယခု၁.၅ဘီလီယံ ထပ်ပေါင်းထည့်ပေးရမည် ဖြစ်သည်။ ထို၂ယောက်သည် သူတို့၏ငွေကြေးများအား အလျင်အမြန် စုဆောင်းလိုက်ကြသည်။ အားလုံးစီမံပြီးသည့်နောက်တွင် ထန်ရှု၏ဘဏ်အကောင့်ထဲသို့ မနက်ဖြန်ညနေတွင် ငွေများ ဝင်လာမည်ဖြစ်ကြောင်း ပြောပြလိုက်သည်။

“ညီအစ်ကို ထန်… ငါတို့ မိုးထိလိုဏ်ဂူကနေ သယ်လာတဲ့ ကျောက်တွေက ဘာအမျိုးအစားတွေလဲ။ ငါ့မှာ ဗဟုသုတအချို့ရှိပေမယ့် ဒီဟာကို မမြင်ဖူးဘူး။ ဒီကျောက်တွေက စနစ်တကျ သပ်သပ်ရပ်ရပ် ဖြတ်တောက်ထားတာမို့ ကောင်းတဲ့အရာပဲ မဟုတ်လား။”

ဖော်စပ်ထားသော ဆေးလုံးကို လက်ခံပြီးနောက် ရှောင်မင်ကျန်း၏အကြည့်သည် ကောင်းကင်သဲကျောက်များဆီသို့ ရောက်သွားကာ မေးမြန်းလိုက်သည်။

ထန်ရှုသည် အလေးအနက် ထားသော အသံဖြင့် ရှင်းပြလိုက်သည်။

“ခင်ဗျားတို့၂ယောက်စလုံး ကျွန်တော် ဒီနေ့ ပြောတာကို စိတ်ထဲမှာပဲ ထားပေး။ ဒီကျောက်တွေက ဆေးလုံးတွေထက် ပိုပြီး တန်ဖိုးရှိတယ်။ ဒီကျောက်တွေရဲ့အကြောင်းသာ အပြင်ကို ပေါက်ကြားသွားပြီး ဒါတွေအကြောင်း သိတဲ့ စွမ်းအားကြီးတဲ့ ကျင့်ကြံသူတွေသာ သိရှိသွားရင် သူတို့ကို ဆွဲဆောင်နိုင်ပြီးတော့ ခင်ဗျားတို့ကို လုယက်ဖို့ လိုက်ရှာကြလိမ့်မယ်။”

ရှောင်မင်ကျန်း အလန့်တကြား ရေရွတ်လိုက်မိသည်။

“အဲ့ဒါက ဆေးလုံးထက်တောင်မှ အဖိုးတန်တယ်ဟုတ်လား။ ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါက ကျောက်တစ်လုံးပဲဟာကို။ အများဆုံးမှ သူ့ကို လက်နက်အဖြစ် သန့်စင်ပြီးတော့ လူတွေကို အကျိုးပြုနိုင်ရုံပဲမဟုတ်လား။”

ထန်ရှုသည် ပေါ့ပါးစွာဖြင့်

“အဲ့ဒီကျောက်တွေက ကျွမ်းကျင်သူ ပညာရှင်လက်ထဲမှာ နတ်ဘုရားလက်နက် သို့မဟုတ် အသုံးအဆောင်အဖြစ် ထုလုပ်ခံရရင်”

ရှောင်မင်ကျန်း မျက်လုံး အဝိုင်းသား ဖြစ်သွားရသကဲ့သို့ မြောင်ဝမ်တန်သည်လည်း တုန်လှုပ်သွားရသည်။

နတ်ဘုရားလက်နက်နှင့် အသုံးအဆောင် ဟုတ်လား။

ဒီကျောက်တွေက နတ်ဘုရားလက်နက်နှင့် အသုံးအဆောင်အဖြစ် ထုလုပ်သန့်စင်ခံနိုင်တာလား။

သူတို့နှစ်ယောက်သည် အဆင့်အနိမ့်ဆုံး သာမန်လက်နက်များမှသည် သံတုံးအား တိုဟူးသဖွယ် လှီးဖြတ်နိုင်သော လက်နက်အသုံးအဆောင်များအထိ လက်နက်များ၏ အဆင့်အတန်းသတ်မှတ်မှုအား သိကြသည်။ ထိုအထဲတွင် အချို့လက်နက်များသည် ကိုယ်ပိုင် အသိစိတ် ဝိညာဉ်ရှိကြပြီး အခြားတစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင်လည်း ရတနာများသဖွယ် ရှိနိုင်ကြသည်။ ကောင်းကင်ဘုံမှ တန်ခိုးရှင်များ၏ အင်မော်တယ်လက်နက်များ သို့မဟုတ် နတ်ဘုရားလက်နက်များအား အသုံးပြုခြင်းသည် ဒဏ္ဍာရီလာပုံပြင်များသဖွယ် ဖြစ်သည်။

ထိုကဲ့သို့သော ရတနာများအား သူတို့ လက်ဝယ်ရထားမည်ဆိုပါက သူတို့၏အိပ်မက်အတိုင်း လုပ်ဆောင်နိုင်မည်ဖြစ်သည်။

“ညီအစ်ကိုထန်… မင်း ကြည့်ရတာ အများကြီး သိတဲ့ပုံပဲ။”

တစ်ခဏမျှ ချီတုံချတုံ ဖြစ်ပြီးမှ ရှောင်မင်ကျန်းသည် တုန်လှုပ်စွာ ရေရွတ်မိသည်။

ထန်ရှုသည် ထိုနှစ်ယောက်အား အများကြီး ဖော်ပြလိုက်မိသည်ကို နားလည်လိုက်ပြီး သူတို့၏ စိတ်ဝင်စားမှုအား နှိုးဆွလိုက်သည့်နှယ် သူ၏ပုံရိပ်အား စူးစမ်းလိုစိတ်အား တိုးပွားသွားစေသည်ကို သိလိုက်ရသည်။ သို့သော် အင်မော်တယ်ကမ္ဘာမှ ပြန်လာခြင်းသည် သူ၏ အကြီးမားဆုံး လျှို့ဝှက်ချက် ဖြစ်သည်။ ဂူယန်အာနှင့် ကျိချွိမိန်တို့မှတစ်ပါး ကမ္ဘာမြေပေါ်မှ အခြားသက်ရှိများအား သိခွင့်မပြုနိုင်ချေ။

“စကားပုံတွေတောင် ရှိသေးတယ်မဟုတ်လား.. အသိပညာဗဟုသုတ ကြွယ်ဝဖို့ဆိုရင် စာဖတ်ရုံသာမက မင်း ခရီးတွေပါ သွားပြီး ရှာမှီးရမယ်..ဆိုတာလေ။ နောက်ဆို ခင်ဗျားတို့ ရှေးဟောင်းစာအုပ်မှတ်တမ်းတွေကို အချိန်ပေးပြီး ဖတ်ရင် ခင်ဗျားတို့ရဲ့ကျင့်ကြံမှုအတွက် အကျိုးကျေးဇူး ရလိမ့်မယ်။”

သည်ဟာသည် လိမ်ညာမှုတစ်ခု ဖြစ်သည်။

သို့သော် တစ်ခါတရံတွင် လိမ်ညာခြင်းသည် တခြားသူများအား လှည့်စားရန်အတွက် အသုံးပြုခြင်းမဟုတ်သော်လည်း ကိုယ့်ကိုကိုယ် ကာကွယ်ရန်အတွက် အသုံးပြုသော နည်းလမ်းတစ်ခု ဖြစ်ပေသည်။

ရရှိလာသော အကျိုးအမြတ်အား  ခွဲဝေယူကြပြီးနောက် ထန်ရှုသည် သူ၏အခန်းသို့ ပြန်ခဲ့သည်။ သူ၏ဖုန်းအား ဖွင့်လိုက်ရာ အိုးရန်လူလူထံမှ ဖုန်းခေါ်ဆိုခြင်းမဟုတ်ဘဲ ပေးပို့ထားသော စာတိုများအား ဒါဇင်မက မြင်လိုက်ရတော့သည်။

ထန်ရှုသည် ကူကယ်ရာမဲ့သည့်နှယ် ခံစားလိုက်ရသည်။

ဝိုင်ဖောက်ရာတွင် သူ့အား ကူညီမည့်လူတစ်ယောက်အား လိုအပ်နေသောကြောင့် သူသည် ဓားအမာရွတ်နှင့်ချန်၏ ဖုန်းခေါ်ဆိုမှုအား စောင့်ဆိုင်းနေခြင်းဖြစ်သည်။ အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ သူသည် ပိုမိုကြီးမားသော ပြသနာများအား ရင်ဆိုင်လာရဖွယ်ရှိပြီး အကြီးမားဆုံး လိုအပ်မှုမှာ ငွေကြေးလိုအပ်မှုပင် ဖြစ်တော့သည်။ လက်ရှိတွင် သူသည် ကမ္ဘာမြေတွင် နေထိုင်နေခြင်းဖြစ်ပြီး ဝိုင်ဈေးကွက်သည် အမြတ်အစွန်းများစွာ ရရှိနိုင်သည်ကို သူ တွေ့ရသည်။ သူသည်သာ ဝိုင်လုပ်ငန်းကြီးတစ်ခုအား တည်ထောင်နိုင်ခဲ့ပါလျှင် ငွေ အများအပြား ရှာဖွေနိုင်မည်ဖြစ်သည်။

မွှေးကြိုင်သင်းပျံ့သော ဝိုင်များသည် မှောင်မိုက်နေသောလမ်းကြားအား မကြောက်သကဲ့သို့ အရည်အသွေးကောင်းသည့် ထုတ်ကုန်များသည် ကြော်ငြာရန်လိုမည်မဟုတ်ချေ။

“အား… ငါ့မှာ တကယ့်ကို အရည်အချင်းရှိတဲ့သူတွေ နည်းနေသေးတာပဲ။”

ထန်ရှုသည် သူ၏နဖူးအား နှိပ်နေရသည်။ သူသည် ခုထိအိပ်မပျော်သောကြောင့် ပြတင်းပေါက်ဆီသို့ လျှောက်သွားကာ မှောင်မိုက်နေသော အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ သူ၏ထက်မြက်သော အမြင်အာရုံတို့ကြောင့် မည်သည့်မှောင်မိုက်မှုသည် သူ၏မြင်ကွင်းအား မပိတ်ဆို့ မဖုံးကွယ်နိုင်ပါပေ။ အမှိုက်ပုံးပတ်ပတ်လည်တွင် မာန်ဖီလှည့်လည်နေသော လေလွင့်ကြောင်များကို ရှင်းလင်းစွာ မြင်နိုင်ပေသည်။

“အာ…”

ရုတ်တရက် သူသည် ယွမ်ကျန်းရွှမ်ပေးထားသော အငြိမ်းစားအထူးတပ်ဖွဲ့ဝင်များ၏ နာမည်စာရင်းအား သတိရသွားသည်။

“ငါ မှတ်မိသလောက်ဆိုရင် စန်းပေမြို့မှာ ဝမ်မင်းဆိုတဲ့လူတစ်ယောက်နေတယ်။”

ထန်ရှုသည် မျက်တောင်ခတ်လိုက်ရင်း ဆုံးဖြတ်ချက်တစ်ခုအား ခဏအတွင်းမှာပင် ချလိုက်သည်။ ထန်ရှုသည် ဝမ်မင်းအား တွေ့လိမ့်မည်ဖြစ်ပြီး သူသည်သာ လုံလောက်သော အရည်အချင်းရှိပါက သူ့အား အသုံးပြုရန် ခေါ်ဆောင်သွားမည်ဖြစ်သည်။

နောက်တစ်နေ့ မနက်ခင်း…

အရုဏ်တက်ခဲ့ပြီဖြစ်သည်။ ထန်ရှုသည် သူ၏ခရီးဆောင်အိတ်အား သယ်ဆောင်ကာ ဟိုတယ်အပေါက်ဝသို့ ထွက်လာခဲ့သည်။ အပြင်ဘက်တွင် ရှောင်မင်ကျန်းနှင့် မြောင်ဝမ်တန်တို့အား တွေ့ရသောကြောင့် မေးလိုက်သည်။

“ခင်ဗျားတို့၂ယောက်လည်း ဒီနေ့ ပြန်မှာလား။”

မြောင်ဝမ်တန်သည် ညှိုးငယ်နေဟန်ရှိပြီး ခေါင်းညိတ်ပြလျက်

“ဟုတ်တယ်။ ဒီကိုလာတဲ့ ငါတို့ ရည်ရွယ်ချက်က အောင်မြင်ခဲ့ပြီမို့လို့ အိမ်ပြန်တော့မယ်။ ငါတို့ အကျိုးအမြတ်တွေ အများကြီးရသလို အများကြီးလည်း ဆုံးရှုံးခဲ့ရတယ်။ ငါတို့ ပြန်ရောက်ရင် ကျဆုံးသွားတဲ့ ငါတို့လူတွေရဲ့မိသားစုတွေကို ဂရုစိုက်ပေးရမယ်။”

“ဟုတ်တယ်။ နစ်နာကြေးလည်း ပေးသင့်သလို အနာဂတ်မှာလည်း သူတို့ကို သေချာ ဂရုစိုက်သင့်ပါတယ်။”  ထန်ရှု ပြောလိုက်သည်။

“စိတ်မပူပါနဲ့။ ငါတို့လည်း အဲ့ဒါကို ကောင်းကောင်းသိတာမို့လို့ လုပ်လိုက်ပါမယ်။ ဒါနဲ့ မင်းလည်း စန်းပေမြို့ကို သွားမှာမဟုတ်လား။ ငါတို့ မင်းကို လိုက်ပို့ပေးမယ်။”

“ကောင်းပါပြီ။”

ထန်ရှုသည် ခေါင်းညိတ်ပြလိုက်ရင်း မြောင်ဝမ်တန်၏လူများသည် SUVကားနောက်ဖုံးအား ဖွင့်နေသည်ကို ကြည့်လိုက်ပြီး သူ၏ခရီးဆောင်အိတ်အား သယ်ကာ ထည့်လိုက်သည်။

“နေပါဦး။”

အနီးရှိထောင့်တစ်နေရာမှ ဓားအမာရွတ်နှင့်ချန်၏အသံသည် ထွက်ပေါ်လာခဲ့သည်။

ထန်ရှုသည် အသံလာရာဘက်သို့ ကြည့်လိုက်ရာ ဓားအမာရွတ်နှင့်ချန်သည် သောက်လက်စ စီးကရက်အား မြေပေါ်သို့ ပစ်ချပြီး ခြေထောက်ဖြင့် နင်းကာ ငြိမ်းသတ်နေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် ထန်ရှုထံသို့ ခြေလှမ်းကြဲကြီးများဖြင့် လျှောက်လာသည်။ သူ ရပ်ခဲ့သောနေရာတွင် စီးကရက်တိုများ ပြန့်ကြဲနေသည်ကို တွေ့လိုက်ရသဖြင့် သိသာထင်ရှားစွာပင် ထိုနေရာတွင် ရှိနေခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်လိမ့်မည်။

“ခင်ဗျား စဉ်းစားပြီးပြီလား။”  ထန်ရှုသည် အေးဆေးစွာ မေးလိုက်သည်။

ဓားအမာရွတ်နှင့်ချန်သည်

“ဟုတ်တယ်။ ငါ ကောင်းကောင်း စဉ်းစားပြီးပြီ။ ဒါပေမယ့် ငါ လစာ ဘယ်လောက်ရမလဲလို့ သိချင်ပါတယ်။”

ထန်ရှုသည် တစ်ခဏမျှ စဉ်းစားပြီးနောက် ဖြည်းညှင်းစွာဖြင့်

“ခင်ဗျား နှစ်စဉ်လစာ ၁မီလီယံနဲ့ ၁၀%ရှယ်ယာ ရလိမ့်မယ်။ ဒါပေမယ့် ခင်ဗျားက ဝိုင်စက်ရုံရဲ့ ဒါရိုက်တာအဖြစ်ရော ဝိုင်နည်းပညာကျွမ်းကျင်သူအဖြစ်ရော တာဝန်ယူရလိမ့်မယ်။”

***

All Chapters