ခွဲခွာခြင်း
Vol. 04 Ch. 180
ဓားအမာရွတ်နှင့်ချန်သည် အံ့သြတကြီး ရေရွတ်မိသည်။
“နှစ်စဉ်လစာ တစ်မီလီယံ ဟုတ်လား။ ၁၀%ရှယ်ယာရောပါတယ်လား။ ဝိုင်လုပ်ငန်းကို မင်း အမှန်တကယ် ဘယ်လောက် ရင်းနှီးမြှုပ်နှံမှာလဲ။”
“ဘယ်လောက်မှန်း ကျွန်တော် မသိသေးဘူး။ ဒါပေမယ့် ကနဦးရင်းနှီးမြှုပ်နှံမှုမှာတော့ အများကြီး ထည့်နိုင်ဦးမယ် မထင်ဘူး။”
ဘေးတစ်ဖက်မှ မြောင်ဝမ်တန်သည် ဇဝေဇဝါဟန်ဖြင့်
“ညီအစ်ကို ထန်…ငါတို့ မင်းကို ၂.၅ဘီလီယံ အခုလေးတင် လွှဲပေးလိုက်ပြီးပြီလေ။ ဘယ်လိုဖြစ်ပြီး မင်းမှာ ပိုက်ဆံအများကြီး မရှိတော့တုန်း။ နောက်ပြီး ညီအစ်ကိုထန်ရဲ့စကားကို နားထောင်ရတာ စီးပွားရေးအသစ်တစ်ခု စမည့်ဟန်ပဲ။ ဘယ်လိုစီးပွားရေးမျိုးလဲ။”
“ဝိုင်ဖောက်တဲ့လုပ်ငန်းပါ။ ဝိုင်လုပ်ငန်းစီးပွားရေးကို တည်ထောင်ချင်တာ။”
ထန်ရှု အေးဆေးစွာ ပြောလိုက်သည်။
ဓားအမာရွတ်နှင့်ချန်သည် ထန်ရှုနှင့် မြောင်ဝမ်တန်အား မယုံကြည်နိုင်သော အကြည့်များဖြင့် တုန်လှုပ်စွာ ကြည့်လိုက်မိသည်။
စုစုပေါင်း ၂.၅ဘီလီယံလေ။ အဲ့ဒီငွေပမာဏက အများကြီးမဟုတ်သေးဘူးလား။
ဓားအမာရွတ်နှင့်ချန်၏အမူအရာအား ကြည့်ကာ ထန်ရှုသည် သူ၏စိတ်ထဲတွင် မည်သည့်အကြောင်းအရာ တွေးနေသည်ကို သိလိုက်သောကြောင့် ရှင်းပြလိုက်သည်။
“ကျွန်တော့်မှာ ၂.၅ဘီလီယံ အကြွေးရှိတယ်။ ကျွန်တော့်လုပ်ငန်းစုက စတင်လည်ပတ်နေရုံပဲ ရှိသေးတော့ အရင်းအနှီး ထပ်လိုနေသေးတယ်။ အဲ့ဒါကြောင့် ဝိုင်လုပ်ငန်းမှာ အများကြီး အားမထည့်နိုင်သေးဘူး။ ဒါပေမယ့် ကနဦး ရင်းနှီးမြှုပ်နှံမှုက ယွမ်၁၀၀မီလီယံဝန်းကျင်တော့ အနည်းဆုံး ရှိပါလိမ့်မယ်။”
“ရှူး…”
ထိုစကားကို ကြားလိုက်ရသော ဓားအမာရွတ်နှင့်ချန်သည် လေအေးတစ်ချက် ရှူသွင်းလိုက်ရသည်။
ကနဦးရင်းနှီးမြှုပ်နှံငွေ ယွမ်၁၀၀မီလီယံက ရင်းနှီးမြှုပ်နှံငွေနည်းနည်းလေးတဲ့လား။ ဘယ်လောက်တောင် ကြီးတဲ့ ဝိုင်စက်ရုံကို တည်ထောင်ပြီး ဘယ်လောက်ကြီးမားကျယ်ပြန့်တဲ့ ဝိုင်လုပ်ငန်းကို သူဋ္ဌေးက အမှန်တကယ် လုပ်ချင်နေတာလဲ။
မြောင်ဝမ်တန်သည် ထန်ရှုအား ထူးဆန်းသောအမူအရာဖြင့် ကြည့်လိုက်ပြီး
“ညီအစ်ကို ထန်.. မင်းမှာ တကယ် ငွေလိုနေတယ်ဆိုရင် ငါ နည်းလမ်းတစ်ခု စဉ်းစားလိုက်မယ်။ ငါ့ကို ၂ရက်လောက် အချိန်ပေးရင် ငါ ယွမ်မီလီယံရာဂဏန်းကျော်လောက် စုပေးနိုင်တယ်။ ဒါနဲ့ မင်းဆီက ရှယ်ယာအချို့လောက် ဝယ်ရင်ရော ဘယ်လိုလဲ။ စီမံခန့်ခွဲတာတွေ ငါ ဝင်မစွက်ဖက်ဘူး။ ရှယ်ယာကနေ အမြတ်ဝေစုခွဲပေးရင်ကို ရပြီ။ ဘယ်လိုသဘောရလဲ။”
ရှောင်မင်ကျန်းလည်း အလျင်အမြန် ဝင်ပြောလိုက်သည်။
“ငါလည်း ရှယ်ယာဝယ်ဖို့ ယွမ်၁၀၀မီလီယံ ပြင်ထားလိုက်မယ်။”
ဓားအမာရွတ်နှင့်ချန်၏ခန္ဓာကိုယ်သည် တုန်ရီနေပြီဖြစ်သည်။ ရှယ်ယာ၏၁၀%ကို သူအား ပေးမည်ဟူသော ထန်ရှု၏ကတိစကားအား တွေးတောနေသည်။ ထိုပမာဏသည် သူ့အတွက် ကောင်းမွန်သောဘဝဖြစ်ရေးအတွက် လုံလောက်သောငွေဖြစ်သည်။ ၁၀၀မီလီယံ၏ ၁၀%သည် ၁၀မီလီယံဖြစ်ရာ မီလီယံရာနှင့်ချီကာ ထပ်ပေါင်းထည့်လာပါက သူသည် လျင်မြန်စွာပင် မီလျံနာတစ်ယောက် ဖြစ်လာပေတော့မည်။
ဒါ… ကောင်းကင်ဘုံက ပြောသလို ကောင်းသောလူများအတွက် ကောင်းမွန်တာရမည်ဟူသော စကားရပ် ဖြစ်နိုင်တာလား။
သို့သော် ထန်ရှု၏တုံ့ပြန်စကားသည် သူ့အား အံ့အားသင့်စေရသည်။
“ခင်ဗျားတို့၂ယောက် နောက်ပိုင်း အခြားစွန့်စားစရာတွေရှိလာရင် ကျွန်တော့်ကို အချိန်မရွေး ဆက်သွယ်ပါ။ ဒါပေမယ့် စီးပွားရေးနဲ့ပတ်သက်တဲ့ အရာတွေတော့ မေ့လိုက်ပါဗျ။ ကျွန်တော့်ဘာသာပဲ စီးပွားရေး လုပ်ပါရစေ။”
မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းသည် စိတ်ပျက်သွားဟန်ဖြင့် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြရင်း မချိသွားဖြဲ ဖြစ်နေရသည်။ ထန်ရှု တည်ဆောက်ရန် လုပ်နေသည့် ဝိုင်စက်ရုံသည် သေချာပေါက် ရိုးရှင်းလိမ့်မည်မဟုတ်ဟု သူတို့ ခန့်မှန်းထားသည်။ သူ့တွင် ဝိုင်စီးပွားရေးလုပ်ငန်းအား ကြီးမားကျယ်ပြန့်အောင် လုပ်ကိုင်နိုင်သည့် နည်းလမ်းများစွာ ရှိလိမ့်မည်။ ထိုကဲ့သို့ အခွင့်အရေးတစ်ခုသည် သူတို့နှင့် လွဲချော်သွားရပေပြီဖြစ်တော့သည်။
ထန်ရှုသည် ဓားအမာရွတ်နှင့်ချန်အား ကြည့်ကာ စကားဆိုလိုက်သည်။
“ဒါနဲ့ ခင်ဗျားနာမည်က ဘယ်သူလဲ။ ကျွန်တော် ခင်ဗျားကို ဘယ်လို ခေါ်ရမလဲမသိဘူး။”
ဓားအမာရွတ်နှင့်ချန်သည် အလျင်အမြန် ပြောလိုက်သည်။
“သူဋ္ဌေး… ငါ့နာမည်က တိုင်ချန်ပါ။ ဒါပေမယ့် မင်း ငါ့ကို ဓားအမာရွတ်နှင့်ချန် ဒါမှမဟုတ် ချန်လေးလို့ စိ်တ်ထဲအဆင်ပြေသလို ခေါ်နိုင်ပါတယ်။”
“ခင်ဗျားရဲ့ပေါင်းသင်းဆက်ဆံတဲ့ လူမှုအသိုင်းအဝိုင်းက ဓားအမာရွတ်နှင့်ချန်လို့ ခေါ်ကြတော့ ကျွန်တော်လည်း အဲ့ဒီလိုပဲ ခေါ်လိုက်ပါတော့မယ်။ ဒါနဲ့ ချင်ရှန်မြို့ကနေ မကြာခင် ပြန်ပြီး လုပ်စရာ တစ်ခုခုရှိနေလို့ စန်းပေမြို့ကို သွားတော့မယ်။ ပြီးမှ ကြယ်တာရာကို ပြန်မယ်။ ခင်ဗျား ကျွန်တော်နဲ့ တစ်ခါတည်း လိုက်မလား ဒါမှမဟုတ် လက်စသတ်စရာလေးတွေရှိရင် အဲ့ဒါကို အရင်လုပ်ပြီးမှ လိုက်လာမလား။”
“မနေ့ကပဲ အားလုံး လုပ်ပြီးသွားပါပြီ။ ဇနီးသည်ကိုလည်း ပြောပြီးပြီ။ ငါ ကြယ်တာရာမှာ အခြေကျတာနဲ့ သူမနဲ့ကလေးကို အဲ့ဒီကို ခေါ်ပြီး ကြယ်တာရာမှာ ကျောင်းထားလိုက်ပါမယ်။”
ဓားအမာရွတ်နှင့်ချန် ပြန်ဖြေလိုက်သည်။
“အိုခေ… ခင်ဗျားသား အဲ့ဒီကို ရောက်ရင် ကျောင်းထားဖို့စီစဉ်တဲ့အခါ ကျွန်တော် ခင်ဗျားကို ကူညီမယ်။”
ကျေးဇူးတင်သော အမူအရာဖြင့် ဓားအမာရွတ်နှင့်ချန်သည်
“ကျေးဇူးအများကြီးတင်ပါတယ် သူဋ္ဌေး။”
ထန်ရှုသည် လက်ကို ဝှေ့ယမ်းလိုက်ရင်း
“အခု သွားကြရအောင်။”
မြောင်ဝမ်တန်၊ ရှောင်မင်ကျန်းနှင့် သူတို့၏လူများအား ကြည့်ပြီး ဓားအမာရွတ်နှင့်ချန်သည် တွန့်ဆုတ်ကြောက်ရွံ့နေသည်။ သူသည် အခြားလူများအား ဓားပြတိုက်ခဲ့ပြီး သူ၏လက်တွင် သွေးများစွန်းနေပြီးဖြစ်သည်။ သို့သော် မည်သည့်အကြောင်းကြောင့်ရယ်မသိ ထန်ရှု၊ မြောင်ဝမ်တန်၊ ရှောင်မင်ကျန်း သို့မဟုတ် ထိုသန်မာသောလူထွားကြီးများသည် သူ့အား အန္တရာယ်ဟူသော ခံစားမှုကို ပေးနေသကဲ့သို့ဖြစ်သည်။
ထန်ရှု ထိုသူများ၏ကားပေါ်သို့ တက်တော့မည့်ဟန်ပြင်နေသည်ကို မြင်ပြီး သူသည် လေသံတိမ်တိမ်ဖြင့် လှမ်းပြောလိုက်သည်။
“သူဋ္ဌေး… ငါ ကားမောင်းပြီး သူဋ္ဌေးတို့နောက်က လိုက်ခဲ့ရမလား။”
“ခင်ဗျားမှာ ကားပါတာလား။”
မြောင်ဝမ်တန်၊ ရှောင်မင်ကျန်း လမ်းဘေးနားတွင် ရပ်ထားသော တိုယိုတာလင့်ခရူဆာ ပါရာဒိုကားကြီးအား ညွှန်ပြလိုက်ပြီး
“အဲ့ဒါ ငါ့ကားပါ။”
ထန်ရှုသည် ခဏမျှ တွေးတောလိုက်ပြီး မြောင်ဝမ်တန်အား ကြည့်ကာ ပြောလိုက်သည်။
“ဓားအမာရွတ်နှင့်ချန်မှာ ကားပါတယ်ဆိုမှတော့ ကျွန်တော် သူ့ကားနဲ့ လိုက်သွားတော့မယ်။ စန်းပေကို သွားပြီး အဲ့ဒီမှာ လမ်းခွဲကြတာပေါ့။”
“ကောင်းပြီ။”
မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့၂ယောက် ခေါင်းညိတ်ပြလိုက်သည်။
ထန်ရှု၏စကားကြားသော ဓားအမာရွတ်နှင့်ချန်သည် ချက်ချင်းပင် ကျေနပ်သွားသည့်ဟန်ရှိသည်။ သူသည် လူထွားကြီးတစ်ယောက်နှင့်အတူ SUVကား၏နောက်ဖုံးသို့သွားကာ ထန်ရှု၏ခရီးဆောင်အိတ်အား ယူရန် လက်လှမ်းလိုက်သည်။
“ကျွန်တော့်ဘာသာ လုပ်ပါမယ်။” ထန်ရှုသည် ကားဆီသို့ အေးဆေးစွာ လျှောက်လာသည်။
ဓားအမာရွတ်နှင့်ချန်သည် အပြုံးတစ်ခုအား ဖျစ်ညှစ်ပြုံးလိုက်ပြီး
“သူဋ္ဌေး… ခရီးဆောင်အိတ်သယ်တာလို အသေးအမွှားလေးတွေ ကိုယ်တိုင်မလုပ်ပါနဲ့။ ကျွန်တော် လုပ်ပါမယ်။”
ပြောပြောဆိုဆိုဖြင့် သူ၏လက်များသည် ခရီးဆောင်အိတ်သို့ လှမ်းသယ်လိုက်သည်။
“အာ… အဲ့ဒါ ဘာမို့လို့တုန်း။”
ဓားအမာရွတ်နှင့်ချန်သည် ကြက်သေ သေသွားသည်။ သူသည် အားစိုက်ပြီး ထန်ရှု၏အိတ်အား ၂ကြိမ်တိုင်တိုင် ကြိုးစား မယူလိုက်သည်။ ထိုခဏတွင် သူ၏ခွန်အားအကုန်လုံး အားစိုက်မသည့်တိုင် ထိုအိတ်သည် စင်တီမီတာ အနည်းငယ်ခန့်သာ မြင့်တက်လာလေသည်။ မထားသည်မှာ လျော့သွားသောကြောင့် အိတ်သည် ကားပေါ်သို့ ပြန်ကျသွားလေသည်။
ထန်ရှုသည် သူ၏ပခုံးအား အသာပုတ်လိုက်ကာ ပြုံးလျက်
“ကျွန်တော့်အိတ် ကျွန်တော် ယူခဲ့ပါမယ်။”
ဆွစ်…
ထန်ရှုသည် ထိုအိတ်အား ငှက်မွှေးတစ်ချောင်းသဖွယ် သာတောင့်သာယာ မသွားသည်ကို မြင်လိုက်ရသော ဓားအမာရွတ်နှင့်ချန်၏မျက်နှာသည် နီရဲလာပြီး သူ့ကိုယ်သူ စိတ်ပျက်လက်ပျက် ဖြစ်သွားတော့သည်။ သူ့အား အာရုံစိုက်စေရန် ချီးမြှင့်မြှောက်စားစေရန် ကြိုးစားလိုသမျှသည် မိမိကိုယ်ကို အရှက်ခွဲလိုက်သည့်နှယ် ဖြစ်သွားရလေသည်။
သို့သော် သူသည် စိတ်ထဲတွင် ကြိတ်ကာ တုန်လှုပ်နေမိသည်။ ထိုအိတ်ထဲတွင် မည်သည့်အရာရှိမှန်း သူ မသိသော်လည်း ထန်ရှု သူ့အား ပြသွားသော ခွန်အားသည် ထိတ်လန့်ဖွယ်ပင်ဖြစ်သည်။ ထန်ရှု အားမစိုက်ရဘဲ လုပ်သွားသည်ကို ကြည့်ရင်း ထန်ရှု၏ခွန်အားသည် သူ့ထက် အဆအနည်းငယ် ပိုသန်မာမည်ကို သေချာပေါက် သူ ပြောရဲသည့်အပြင် လူသန်ကြီး ဟာကြူလီနှင့်ပင် နှိုင်းယှဉ်နိုင်ပေမည်။
“သူဋ္ဌေး… အိတ်ထဲမှာ ဘာထည့်ထားတာလဲ။ အရမ်းလေးလိုက်တာ။”
ဓားအမာရွတ်နှင့်ချန်သည် သူ၏စိတ်အားငယ်ရမှုအား ဖုံးကွယ်ပြီး သိလိုစိတ်ဖြင့် မေးလိုက်သည်။
“ကျောက်တုံး၂တုံးပါပဲ။” ထန်ရှု ပေါ့ပေါ့ပါးပါး ဖြေလိုက်သည်။
ကျောက်တုံး ဟုတ်လား။
ဓားအမာရွတ်နှင့်ချန်သည် ကြက်သေ သေသွားရပြီး ဘာမှမပြောနိုင်ပင် ဖြစ်သွားသည်။ ထိုသူဋ္ဌေးကြီးများသည် ထိုကဲ့သို့ ထူးခြားသော ဝါသနာများ မည်သို့ကြောင့်ရှိကြသည်ကို သူ့အနေဖြင့် မတွေးတတ်အောင်လောက်ပင် ရှိတော့သည်။ သူတို့တွင် ကောင်းမွန်လှပသော နေ့စဉ်ဘဝများ သေချာစွာတည်ရှိနေကြသော်လည်း ချင်ရှန်မြို့သို့ အပြေးလာပြီး ကျောက်တုံး၂တုံးအား အိမ်အပြန် သယ်သွားကြသေးသည်လား။ ထိုသူများသည် သူတို့၏ ငြိမ်းချမ်းသောဘဝတွင် ဘာမှ လုပ်စရာမရှိဘဲ အဲ့လိုမျိုး ကိုယ်လုပ်ချင်တာလေးတွေ လုပ်ကြတာများလား။
စန်းပေမြို့တွင်…
အောင်လံဒေသ၏ကျောက်လမ်းမကြီး…
တောက်ပအနာဂတ်မော်တော်ကားစက်ပြင်လုပ်ငန်းတွင်…
ဝမ်မင်းသည် သူဋ္ဌေးပေးလာသော စာအိတ်အား ယူလိုက်သည်။ အထဲတွင် ငွေမည်မျှပါသည်ကို မမြင်ရသော ထိုစာအိတ်အား သူ၏အလုပ်သမားဝတ်စုံထဲသို့ ထည့်လိုက်သည်။ သူသည် အခြားသော လုပ်ဖော်ကိုင်ဖက်များနည်းတူ စစ်တပ်မှ အငြိမ်းစားယူပြီးနောက် တိုင်းပြည်မှ စီစဉ်ပေးသော အလုပ်အား ငြင်းပယ်ခဲ့ကာ ဇာတိမြို့သို့ ပြန်လာခဲ့သည်။ သူ့တွင် မိသားစု မရှိသော်လည်း အရွယ်ရောက်လာသော ညီငယ်တစ်ယောက်ရှိသည်။
ကံမကောင်းလှစွာဖြင့် သူ၏ညီငယ်သည် ပညာကောင်းစွာ မတတ်မြောက်ရုံမျှမက မည်သည့်ကျွမ်းကျင်မှုမှလည်း မရှိချေ။ သူတို့၏မိဘများသည် လွန်ခဲ့သော နှစ်အနည်းငယ်က ယာဉ်တိုက်မှုတွင် ဆုံးပါးသွားကြသောကြောင့် သူ၏ညီငယ်အား မည်သူမျှ ထိန်းကျောင်းစီမံပေးမည့်သူ မရှိခဲ့ချေ။ ထို့ကြောင့် ညီငယ်သည် လူမိုက်များ၊ လူရမ်းကားများ၊ ဆိုးသွမ်းလူငယ်များနှင့် အကြိမ်များစွာ ပေါင်းဖက်မိသည်။ ကျောင်း ခဏခဏ ပြေးလွန်းသဖြင့် ကျောင်းထုတ်ခံလိုက်ရပြီး ညီငယ်၏ဘဝသည် အိမ်ခြေမဲ့ အလုပ်အကိုင်မဲ့ ဂျလေဘီဘ၀ ဖြစ်လာသည်။
သူသည် ညီငယ်အား မည်သည်က ကောင်းသည်၊ဆိုဆုံးမပြီးဖြစ်သည်။ ဆူပူခြင်း၊ ရိုက်နှက်ခြင်းပင် လုပ်ကာ ထိန်းကျောင်းသော်လည်း အကျိုးသက်ရောက်မှု မရှိပေ။ ယခု သူသည် ညီငယ်အား နေရာတူတွင် အလုပ်အတူတူ လုပ်ကာ မော်တော်ကားစက်ပြင်လုပ်ငန်းတွင် စက်ဆရာဖြစ်လာစေရန် တွန်းအားပေးနိုင်တော့သည်။ သူ၏မျက်စိအောက်တွင် ထားခြင်းဖြင့် ညီငယ်၏အကျင့်စရိုက်စိတ်နေသဘောထားအား ထိန်းကျောင်းရာတွင် ပိုမိုလွယ်ကူစေမည်ဖြစ်သည်။
“အစ်ကိုကြီး… အစ်ကိုကြီးပိုက်ဆံ ကျွန်တော့်ကို ပေး။”
ဝမ်ရှန်သည် သူ၏ပိုက်ဆံအား အိတ်ထဲထည့်ထားပြီးနောက် ပလာယာတစ်ချောင်းကိုင်လျက် ဝမ်မင်း၏ရှေ့သို့လျှောက်လာကာ လက်ဝါးဖြန့်ပြီး တောင်းလိုက်သည်။
ဝမ်မင်းသည် မျက်မှောင်ကြုတ်လိုက်ရင်း ခပ်ဖျော့ဖျော့အသံဖြင့်
“ဘာအတွက် ပိုက်ဆံလိုတာလဲ။”
“ကျွန်တော် ဖုန်းအသစ်တစ်လုံး ဝယ်ချင်လို့။” ဝမ်ရှန် ပြောလိုက်သည်။
ဝမ်မင်း တစ်ခဏမျှ တိတ်ဆိတ်သွားပြီးမှ ဝန်ရှန်၏အကျီၤအိတ်ကပ်အား လှမ်းကြည့်လိုက်သည်။
“ငါ မှတ်မိသလောက်ဆိုရင် ပြီးခဲ့လကမှ ယွမ်၃၀၀၀ကျော် တန်ကြေးရှိတဲ့ ဖုန်းအသစ်တစ်လုံး မင်း ဝယ်ထားသေးတယ်မဟုတ်လား။”
ဝမ်ရှန်သည် အေးစက်စွာ နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး
“အဲ့ဒါက ခေတ်မီတဲ့ဟာမဟုတ်ဘူးလေ။ ဖုန်းအသစ်တစ်လုံးမဟုတ်တောင်မှ ဖုန်းကောင်းတစ်လုံး ကျွန်တော် မဝယ်နိုင်ရဘူးလား။ အစ်ကိုကြီး ကျွန်တော့်ကို ပိုက်ဆံ ပေးမှာလား မပေးဘူးလား။ အပိုဝင်ငွေရှာဖို့ကျတော့လည်း အစ်ကိုကြီးက ခွင့်မပြုဘူး။”
ဝမ်မင်းသည် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ယခုလေးတင်မှ ထုတ်လာသော သူ၏လခလေးအား အိတ်ကပ်ထဲမှ ယူကာ ညီဖြစ်သူအား ပေးလိုက်သည်။ သူ၏ညီဖြစ်သူ ဝမ်ရှန်သည် ထိုပိုက်ဆံအား ဖုန်းအသစ်တစ်လုံးအား ဝယ်ရန် သုံးမည်မဟုတ်ဘဲ လည်ပတ်စားသောက်ရန် သုံးမည်ကို သူ သေချာပေါက် သိနေသည်။
“ဒီနေ့တော့ ခွင့်တစ်ရက် တောင်းရမယ်။” ဝမ်ရှန်သည် ပိုက်ဆံရပြီးနောက် ထိုစကားများ ရေရွတ်ရင်း ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
ထိုခဏတွင်….
တိုယိုတာလင့်ခရူဆာ ပါရာဒိုကားတစ်စီးသည် သူတို့၏အလုပ်ရုံရှေ့တွင် ထိုးဆိုက်လာသည်။
ထန်ရှုသည် ကားပေါ်မှ ဆင်းလိုက်သည်နှင့် အလုပ်ရုံရှေ့မျက်နှာစာတွင် ရပ်နေသောသူသည် ဝမ်မင်းမှန်း သိရှိလိုက်သည်။ ယွမ်ကျန်းရွှမ် သူ့ကို ပြသောနာမည်စာရင်းတွင် ဝမ်မင်း၏ဓာတ်ပုံအား သူ မြင်ဖူးထားသည်။
“ဝမ်မင်း..”
ထန်ရှု လျှောက်လာပြီး ခေါ်လိုက်သည်။
ဝမ်မင်းသည် အမူအရာကင်းမဲ့စွာဖြင့် ထန်ရှုအား ကြည့်လိုက်ပြီး
“ငါပဲ။ မင်းက ဘယ်သူလဲ။”
“ငါက မင်းကို လာရှာတာ။ မင်းရဲ့အတိတ်ကိုလည်း ငါသိပြီးတာမို့လို့ ငါ့ရဲ့လက်အောက်မှာ မင်း အလုပ်လုပ်နိုင်မယ်လို့ မျှော်လင့်တယ်။ လစာအနေကတော့ မင်း စိတ်မပျက်စေရဘူးလို့ ငါ သေချာပြောနိုင်တယ်။”
ထန်ရှု၏စကားအား ကြားလိုက်ရသောကြောင့် ထွက်ခွာရန်ဟန်ပြင်နေသော ဝမ်ရှန်၏မျက်လုံးများသည် ရုတ်ခြည်းပင် အရောင်တောက်ပလာခဲ့သည်။
“မင်း ငါ့အစ်ကိုကို လစာ ဘယ်လို ပေးမှာလဲ။ တစ်လ ဘယ်လောက်ပေးမှာလဲ။”
“ဝမ်ရှန်… ပါးစပ်ပိတ်ထားစမ်း။” ဝမ်မင်းသည် သူ့အား လေသံတိုးတိုးဖြင့် အော်လိုက်သည်။
ဝမ်ရှန်သည် သရော်သည့်နှယ် နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။
“အစ်ကိုကြီး… ဒီအလုပ်ရုံမှာ စက်ပြင်တာ ငါတို့ဘယ်လောက်ရလို့လဲ မင်းသိရဲ့လား။ လစာက ငါ ဝိုင်နည်းနည်းသောက်ဖို့တောင် မလောက်ဘူး။ ပေးဆပ်ခဲ့ရတာ ဘယ်လိုပဲထိုက်တန်တယ်ပြောပြော မင်းက သေနတ်ကိုင်ခဲ့တဲ့ စစ်သားတစ်ယောက်မို့ ကောင်းမွန်တဲ့ဘဝတစ်ခုတော့ ရှိသင့်တယ်လို့ မင်း မတွေးဘူးလား။ မင်း တစ်ခါမှ မတွေးဘူးဆိုတာဖြစ်ရင်ဖြစ်နိုင်ပေမယ့် ငါကတော့ တွေးတယ်။”
ထန်ရှုသည် သူ့အား ခံစားချက်ကင်းမဲ့စွာဖြင့် လှမ်းကြည့်လိုက်သည်။
“အဲ့ဒီတော့ မင်းက သူ့ရဲ့အသုံးမကျတဲ့ ညီငယ်လေးပေါ့။ ဒါပေမယ့် မင်း အခုပြောလိုက်တဲ့စကားကတော့ အမှန်တရားပဲ။ မင်း ဥပဒေအတိုင်း နေထိုင်နိုင်ပေမယ့် အရည်အချင်းရှိတဲ့သူတွေကပဲ အောင်မြင်နိုင်တယ်။ တစ်ချိန်တုန်းက မင်းဟာ သေနတ်ကိုင်ပြီး လူတွေကို သတ်ဖြတ်ပြီး မင်းရဲ့လက်တွေမှာ သွေးစွန်းရင် စွန်းနေလိမ့်မယ်။ ဒါပေမယ့် အဲ့ဒါက မင်းကိ အတိတ်မှာပဲ နေ နေရမယ် ရှင်သန်နေရမယ်လို့ မဆိုလိုဘူး။ ဘဝက မင်းကို အဲ့ဒီဟာကို လှည့်ကြည့်ပြီး ရင်ဆိုင်ဖို့အတွက် တွန်းအားပေးလိမ့်မယ်။”
ဝမ်မင်း မျက်မှောင်ကြုပ်သွားကာ ထန်ရှုအား စိုက်ကြည့်လိုက်ရင်း လေးနက်သောအသံဖြင့်
“ချီးတဲ့မှပဲ မင်းက ဘယ်သူတုန်း။”
“စီးပွားရေးသမားတစ်ယောက်ပဲ။ မင်းကို ကွဲပြားတဲ့ဘဝတစ်ခုကို ပေးနိုင်တဲ့သူလို့ ပြောရင်လည်း ရတယ်။ ဆိုတော့ မင်းနဲ့ ငါ စည်းမျဉ်းတွေ အခွင့်အရေးတွေ ပြောလို့ရပြီလား။”
အေးစက်တင်းမာသော အမူအရာဖြင့် ဝမ်မင်းသည် ခေါင်းခါပြလိုက်သည်။
“မင်း ဘာ စည်းမျဉ်းတွေ အခွင့်အရေးတွေပြောပြော မင်းဖြစ်ချင်တာ ရမှာမဟုတ်ဘူး။ ငါလည်း မင်းအတွက် အလုပ်မလုပ်ဘူး။ အခု လိမ့်တော့။”
ထန်ရှုသည် တွေးတွေးဆဆ ပြောလိုက်သည်။
“အစစ်အမှန်စစ်သားတွေက အခွင့်အရေးကို ဘယ်လိုဆုပ်ကိုင်ရမလဲဆိုတာသိတယ်လို့ ငါထင်ခဲ့တာ။ စစ်သားအစစ်အမှန်တွေက အကောင်းဆုံး သည်းခံမှုတွေ၊ အမြင်တွေနဲ့အတူ ရင့်ကျက်တယ်၊ တည်ငြိမ်တယ်၊ စေ့စေ့စပ်စပ် တွေးတယ်လို့ ငါ ထင်နေခဲ့မိတာ။ ဒါပေမယ့် မင်းက ငါမင်းကို ပေးမယ့်အခွင့်အရေးတွေကို နားတောင် မထောင်ချင်ဘူးဆိုမှတော့ မင်းက ကြီးကျယ်ခမ်းနားတဲ့ ဘဝရည်မှန်းချက်တစ်ခု ဒါမှမဟုတ် ကောင်းမွန်တဲ့ စိတ်ဝိညာဉ်တောင်မှ ရှိမယ့်ဟန်မရဘူး။ မင်းရဲ့မျက်လုံးအမြင်တွေက ဂုဏ်တွေ၊ မာနတွေနဲ့ ပိတ်ဖုံးနေခဲ့ပြီပဲ။ အရိုးထိအောင်စွဲနေတဲ့မာနတွေက ကိစ္စရပ်တိုင်းကို မိုက်မဲတဲ့ အပြုအမူတွေနဲ့ပဲ ဖြေရှင်းနေစေတယ်။ အဲ့ဒီလိုဖြစ်ရတဲ့အကြောင်းကလည်း မင်းကြားနေကျစကားတွေက နားဝင်မချိုသာ မပျော်ရွှင်နိုင်စရာတွေ ဖြစ်နေလို့ပဲ။”
ဝမ်မင်းသည် ခနဲ့လိုက်သည်။
“ယီးလိုမှ… မင်းက ငါ့အကြောင်း ဘယ်လောက်သိလို့လဲ။”
ထန်ရှု၏မျက်နှာထက်တွင် စိတ်ပျက်လက်ပျက် အမူအရာများ ပေါ်ထွက်လာခဲ့ပြီး ခေါင်းသာ ယမ်းနေမိတော့သည်။
“အမှန်တကယ်တော့ မင်းအကြောင်း ငါ ဘာမှ မသိပါဘူး။ အမှန်အတိုင်း ပြောရရင် ငါ မင်းကို အများကြီး မျှော်လင့်ထားခဲ့တာ အခုမြင်တွေ့ရသလောက်ဆိုရင် အတော် စိတ်ပျက်စရာပဲ။ ကြည့်ရတာ ဒီပုံဆို မင်းတို့ခေါင်းဆောင် ဒဏ္ဍာရီလာ ဝံပုလွေခေါင်းကို ငါရှာဖို့ မလိုလောက်တော့ဘူး။ မင်းလိုလူတောင် သူ့လက်အောက်မှာရှိစေတယ်ဆိုတော့ သူလည်းပဲ အမှိုက်တစ်စပဲဆိုတဲ့ သဘောပဲ။”
ရုတ်ခြည်းပင် ဝမ်မင်း၏နဖူးထက်တွင် သွေးကြောစိမ်းများ ထောင်လာသည့်အထိ ဒေါသထွက်သွားပြီး ထန်ရှုအား ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ခွေးမသား.. မင်းပါးစပ်ပေါက် ပိတ်လိုက်စမ်း။ အကြီးအကဲဝံပုလွေက မင်း ပြစ်မှားနိုင်တဲ့ လူ မဟုတ်ဘူးကွ။”
ထန်ရှု ခနဲ့လိုက်သည်။
“ဘာလဲ။ အမှိုက်လို့ အပြောခံရတာ မှားတယ်လို့ ထင်နေတာလား။ ရှက်တာလား။ အနိုင်ကျင့်တယ်လို့တောင်မှ ထင်နေပြီလား။”
***