← Chapters

ငါ သူ့ကိုနားလည်တယ်.........

Vol. 31 Ch. 424

ငါ သူ့ကိုနားလည်တယ်.........

Vol. 31 Ch. 424

ထိုအမျိုးသမီး၏ ဆံသားများသည် ခရမ်းရောင်ဖြစ်ပြီး အလွန် လှပ၏...

သူမသည် အသက် နှစ်ဆယ့်​ခြောက်၊ နှစ်ဆယ့်ခုနှစ်နှစ်ခန့် ရှိပေမည်။သူမသည် အရပ်ရှည်သော အမျိုးသမီးတစ်ဉီးဖြစ်သည်...သူမသည် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အဖြူရောင်ကြာပွတ်တစ်ခုကို ခါးပေါ်တွင် ချည်နှောင်ထားသောကြောင့် သူမ၏လှပသော ခန္ဓာကိုယ် ကောက်ကြောင်းကို ပို၍ပေါ်လွင်စေသည်။

သူမ လှုပ်ရှားလိုက်တိုင်း ဆံနွယ်များသည် လေထဲတွင် လူးလွန့်နေ၏...သူမ၏ အေးစက်သောအကြည့်များနှင့် လှပသောမျက်နှာလေးပေါ်က အေးစက်မှုများကြောင့် သူမအား ရေခဲဖြင့်နှိုင်းယှဉ်​ခြင်းသည် ချဲ့ကားခြင်းဟုမဆိုသာပေ....အထူးသဖြင့် အမျိုးသမီး၏ လှပသော မျက်နှာသည် သူမ၏ လျစ်လျူရှုမှုနှင့် တွဲလိုက်သောအခါထူးခြားအေးမြသော အလှတရားကို ပေးစွမ်းနေသည်။

စုမင်သည် မျက်နှာပေါ်တွင် မျက်နှာဖုံးစွပ်ထားသောကြောင့် မည်သည့်အရိပ်အမြွက်မျှ မတွေ့နိုင်သော်လည်း စိတ်ထဲတွင်မူ ခါးသက်စွာရယ်နေမိသည်။ သူ ဒီအမျိုးသမီးကို သိသည်။…  ပိုတိကျအောင်ပြောရမည် ဆိုပါက ထိုအမျိုးသမီးအား အဝတ်ဗလာဖြင့် မြင်ခဲ့ဖူးခြင်းဖြစ်သည်။

ထိုအမျိုးသမီးသည် စုမင်၏ခန္ဓာကိုယ်အား ဟုန်လော့ထိန်းချုပ်ထားစဉ်က တွေ့ခဲ့ဖူးသော ရှာမန်နတ်ဘုရားကျောင်းတော်မှ အမျိုးသမီးဖြစ်ပြီး သူမတွင် ယင်ဓာတ်လုံလောက်စွာမရှိသောကြောင့် ဟုန်လော့သည် သူမအပေါ် ယင်ဖီးနစ်နဂါးပညာရပ်သုံး၍မရခဲ့ပေ....

" ဟုန်လော့....ခင်ဗျား ဘာလို့များ စုမင်လို့ပြောခဲ့တာလဲ...."

စုမင်သည် စိတ်ထဲ၌ ပို၍ခါးသီးစွာ ရယ်မောလိုက်ပြီး ခေါင်းကိုက်လာသလိုခံစားနေရ၏.....ထိုအမျိုးသမီးကို မြင်သောအခါ သူ့ကိုယ်သူ မတရားစွပ်စွဲခံရသူတစ်ယောက်ဖြစ်နေသလို ခံစားနေရပြီး ထိုအကြောင်းအရာများနှင့်ပတ်သက်ပြီး ဘာမှ​မပြောနိုင်ခဲ့ပေ.....

သူ နိုးလာသည့်​အခါမှသာ ဟုန်လော့ သူ့ခန္ဓာကိုယ်အား ထိန်းချုပ်ထားခဲ့စဉ်က အဖြစ်အပျက်များကို သိမြင်ခဲ့ရခြင်းဖြစ်သည်။ သူသည် ဟုန်လော့ ခံစားခဲ့ရသမျှတိုင်းကိုလဲ ခံစားနိုင်ခြင်းကြောင့် အမုန်းတရားများပြည့်နှက်နေသော ထိုအမျိုးသမီး၏ မျက်ဝန်းများကို ရှင်းလင်းစွာ မှတ်မိနေခဲ့ပါသည်။

' ငါမှန်းသာ  ဒီအမျိုးသမီးသိသွာရင်....ဟားးး "

စုမင်သည် စိတ်ထဲမှ ခံစားချက်များကို ဖယ်ထုတ်လိုက်ပြီး ထိုအမျိုးသမီးအား တည်ငြိမ်စွာကြည့်လိုက်သည်။

နန်ကုန်းဟန်သည် အစပိုင်းတွင် ပြုံးနေသော်လည်း ထိုအမျိုးသမီးကို မြင်လိုက်သောအခါ သူ၏ အပြုံးများသည် အေးခဲသွားကြသည်။သူ့မျက်နှာပေါ်တွင် စုမင်ကဲ့သို့ပင် ခါးသက်သောအပြုံးတစ်ခုဖြစ်ပေါ်လာလေ၏....

နန်ကုန်းဟန်သည် အရှက်ပြေချောင်းဟန့်လိုက်ပြီး....

" အပြင်ထွက်မလို့လား ညီမတော်...."

" နင်မသေသေးဘူးပေါ့..."

ထိုအမျိုးသမီးသည် စုမင်တို့နှင့်ဆယ်ပေအကွာသို့ရောက်သောအခါ ထိုသို့မှတ်ချက်ပြုလိုက်၏...အေးစက်မှုများကို ဖယ်ထုတ်လိုက်ပါက သူမ၏အသံသည် တကယ်ပင် နားဝင်ချိုလှပေသည်။

နန်ကုန်းဟန်သည် နောက်တစ်ကြိမ် အရှက်ပြေချောင်းဟန့်နေရပြန်သည်။ တခဏအကြာတွင် အူကြောင်ကြောင်နိူင်လှသော အပြုံးတစ်ခုဖြင့်....

"ကိုယ့်အစ်ကိုကို ဘယ်လိုတွေပြောနေတာလဲ ညီမ​​တော်ရယ်...သြော်....မင်းနဲ့ မိတ်ဆက်ပေးရဉီးမယ်.....ဒါက...."

" စိတ်မဝင်စားဘူး...."

ထိုအမျိုးသမီးသည် စုမင်အား တစ်ချက်လေးမှ စောင်းငဲ့မကြည့်ဘဲ ဘေးနားကနေ ဖြတ်လျှောက်သွားလေ၏....

နန်ကုန်းဟန် အလျင်စလို လမ်းဖယ်ပေးလိုက်သည်ကိုမြင်သောအခါ စုမင်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး လမ်းဖယ်ပေးခဲ့သည်။ ထိုအမျိုးသမီးသည် မြို့တံခါးကို ဖြတ်ကျော်၍ အပြင်သို့ထွက်သွားခဲ့လေပြီ....

"အဲဒါဘယ်သူလဲ?"

စုမင် တခဏမျှတုံ့ဆိုင်းနေခဲ့သော်လည်း မေးလိုက်သေးသည်။ အနာဂတ်တွင် သူမကို ရှောင်ရှားရန် နည်းလမ်းများကို တွေးဆနိုင်စေရန်အတွက် သူမ၏ အထောက်အထားကို သိထားမှဖြစ်ပေမည်။

" သူက ကျူပ်ညီမလေး နန်ကုန်းရှန်ပါ...သူကျင့်ကြံတဲ့ နည်းစနစ်ကြောင့် အရင်ကနဲ့မတူဘဲ ဘာကိုမှ စိတ်မဝင်စားတော့ဘဲ လျစ်လျူရှုတတ်လာတယ်...ကြီးကြီးမားမားမဟုတ်ပေမယ့် လွန်ခဲ့တဲ့တစ်နှစ်လောက်က သူတစ်ယောက်တည်း သီးသန့်ကျင့်ကြံနေတုန်း တစ်ခုခုဖြစ်ခဲ့ပုံရတယ်...အဲ့ကတည်းက သူ့မှာ ယင်အငွေ့အသက်တွေ ပိုသိပ်သည်းလာပြီး အခုလိုဖြစ်လာတော့တာပါပဲ...."

နန်ကုန်းဟန်သည် ခါးသီးစွာရယ်မောလိုက်ပြီး စုမင်နှင့်အတူ ရှာမန်မြို့ထဲသို့ ဝင်ခဲ့ကြသည်။

နားထဲသို့ ဆူညံသံများဝင်ရောက်လာသည့်အခါ မြို့ကြီး၏ သက်ဝင်လှုပ်ရှားမှုများကို မြင်တွေ့နိူင်ခဲ့သည်။ မြို့ထဲတွင် ရှာမန်အမြောက်အမြားရှိနေသောကြောင့် ယင်ကိုးကမ္ဘာသို့ရောက်နေသည်ကိုပင် မေ့နေခဲ့မိသည်။

နန်ကုန်းဟန်ပြောပြသော လွန်ခဲ့သော တစ်နှစ်ကျော်က မတော်တဆမှုအကြောင်း နားထောင်မိပြီး စုမင် အနည်းငယ်အပြစ်ရှိသလို ခံစားနေမိခဲ့ပြီး တိတ်တခိုးသက်ပြင်းချနေမိခဲ့သည်။ ခရီးလမ်းမှာ တွေ့ခဲ့သော နန်ကုန်းဟန်သည် ထိုအမျိုးသမီး၏ အစ်ကိုဖြစ်နေမယ်မှန်း မျှော်လင့်မထားမိခဲ့ပေ....

" သူဒီမှာရှိနေမယ် ထင်မထားမိဘူး...ညီလေးမော့...ကျူပ်ညီမရဲ့ အေးစက်တဲ့အ​ပြု

အမူကို စိတ်မရှိပါနဲ့ဗျာ...ဟား...မတော်တဆမှုအ​ကြောင်းဆက်ပြောရမယ်ဆို...လွန်ခဲ့တဲ့ တစ်နှစ်လောက်က ရှာမန်နယ်မြေမှာ ရုတ်ရက်ပေါ်လာတဲ့ အနှိုင်းမဲ့ရှာမန်တစ်ယောက်အကြောင်း ညီလေးမော့ ကြားလိုက်မိသေးလား..."

နန်ကုန်းဟန် ခေါင်းခါလိုက်ပြီး ညီမဖြစ်သူ၏ ကိုယ်ရည်ကိုယ်သွေးကြောင်းရှင်းပြပြီးတာနဲ့ ပေါ့ပါးစွာ ပြောဆိုနေ၏....

စုမင် ခါးသီးစွာရယ်နေမိပြန်သည်။ နန်ကုန်းဟန်ကို ကြည့်လိုက်သောအခါ သူ့ (စုမင်) အကြောင်းကို သာမာန်ကာလျှံကာပြောဆိုနေသည်ကိုမြင်သောကြောင့် စုမင် ခေါင်းခါလိုက်မိတော့သည်။

" ကျုပ် သီးသန့်ကျင့်ကြံနေတာကြာပြီ...တခြားသူတွေ ပြောနေတာတော့ ကြားမိပေမယ့် သေချာတော့ မသိဘူး..."

နန်ကုန်းဟန် သက်ပြင်းတစ်ချက်ချလိုက်ပြီး စုမင်နှင့် လူငယ်သုံးဉီးတို့ကို ရှာမန်မြို့၏လမ်းများဆီသို့ ခေါ်ဆောင်သွားခဲ့လေသည်။လမ်းမဘေးနှစ်ဖက်စလုံးတွင် ဆိုင်ခန်းများဖြင့် သက်ဝင်စည်ကားနေ၏...ဆိုင်အများစုတွင် ရှာမန်တို့အတွက် မရှိမဖြစ်လိုအပ်သော အရာများကိုရောင်းချနေပြီး ယင်ကိုးကမ္ဘာတွင်သာတွေ့နိုင်သော ထူးခြားသည့်ပစ္စည်းများကိုရောင်းချနေသည့် ဆိုင်ခန်းများလဲ ရှိသေးသည်။

ပြင်ပအန္တရာယ်များနှင့် နှိုင်းယှဉ်ပါက ဤနေရာသည် မယုံနိုင်လောက်အောင်အေးချမ်းလှသည့် အပန်းဖြေစခန်းတစ်ခုနှင့်ပင်တူနေတော့သည်။

" လွန်ခဲ့တဲ့ တစ်နှစ်ကအကြောင်း ပြောရမယ်ဆို...ငါတို့နယ်မြေမှာ အနှိုင်းမဲ့ရှာမန်တစ်ယောက်ပေါ်လာတယ်....သူ့ရဲ့ကျင့်ကြံမှုအဆင့်က အရမ်းမြင့်တဲ့အတွက် အဆုံးသတ်ရှာမန်တွေကို ဖိနှိပ်ထားနိုင်တယ်...."

ထိုစကားများပြောနေစဉ်အတွင်း နန်ကုန်းဟန်၏မျက်နှာပေါ်တွင် လေးစားမှုများထင်ဟပ်နေ၏....

" တကယ်တော့ သူ့မှာ အဆုံးသတ်ရှာမန်တွေထက်သာလွန်တဲ့စွမ်းအားတွေပိုင်ဆိုင်ထားတယ်....ကျုပ်လဲ အံ့သြမိတယ်....သူပေါ်လာပြီး ရက်အနည်းငယ်အတွင်း အစွမ်းထက်တဲ့ရှာမန်တွေကို ဆက်တိုက်စိန်ခေါ်တော့တာပဲ....သူ့ကိုရှုံးသွားတာနဲ့ အထူးနည်းလမ်းကိုသုံးပြီး ရှုံးတဲ့သူဆီကနေ စွမ်းအားတစ်ဝက်ကို စုပ်ယူသွားတယ်....."

" တော်တော်များများက သူ့ကိုယုတ်မာတယ်လို့ထင်နေကြပေမယ့် ကျူပ်ကတော့ အဲ့လိုမထင်ဘူး...."

နန်ကုန်းဟန်၏ အသံထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အမြွက်များ ပေါ်လာခဲ့သည်။

စုမင် တိတ်ဆိတ်နေ၏....

" သူက  'အစွမ်းထက် ရှာမန် 'လို့ ခေါ်နေကြသူတွေက ကျင့်ကြံခြင်းကနေ ပေါက်ဖွားလာတဲ့ စွမ်းအားတွေနဲ့ မထိုက်တန်ဘူးလို့ ထင်တဲ့အတွက် ရှုံးနိမ့်သူတွေရဲ့ အသက်ကိုယူမယ့်အစား စွမ်းအားတစ်ဝက်ကိုပဲယူသွားတယ်ဆိုတာ ကျုပ်သိတယ်....သူက  ' မင်းတို့ငါ့ကို အနိုင်တိုက်နိုင်တဲ့တစ်နေ့ ငါယူသွားတဲ့စွမ်းအားတွေကို လာပြန်ယူလှည့်...' ဆိုတဲ့စကားကို ဒီနည်းလမ်းနဲ့တစ်ဖက်လှည့်ပြောသွားတာ....."

" သူပြောချင်တာကို ကျုပ်သိတယ်...သူ့ကို နားလည်တယ်..သူပြောတာကို လက်ခံတယ်..."

" ဒါက ဒီလူရဲ့ မြင့်မြတ်တဲ့စိတ်ဓာတ်ကို ဖော်ပြနေတာပဲ....ဒီလိုစိတ်ဓာတ်မျိုးဆိုတာ မြင့်မြတ်တဲ့စစ်သည်​တော်တွေမှာပဲ ရှိနိုင်တာ....ကျရှုံးသူတိုင်း စွမ်းအားကိုလက်လျော့ရမယ်...ဒါက ကျုပ်တို့ရှာမန်တွေအတွက် လှုံ့ဆော်မှုတစ်ခုပဲ ...."

"  ကျုပ်ယုံကြည်တယ် ဒီလူက ရှာမန်တစ်ယောက်ပဲ ဖြစ်ရမယ်....နို့မို့ဆို အစွမ်းထက်ရှာမန်တွေအပေါ်  ဒီလို​ဂရုဏာမျိုးထားပါ့မလဲ....လေ့ကျင့်ရေးမှာ တွန်းအားဖြစ်စေဖို့ သူဒီလိုတွေ လုပ်နေတာပေါ့.....ကျုပ်တို့ရှာမန်တွေ တိုးတက်စေဖို့ ပုဂ္ဂိုလ်ရေးအရ လှုံ့ဆော်ပေးနေတာ...."

နန်ကုန်းဟန်သည်  စိတ်လှုပ်ရှားအပြည့်ဖြင့်ပြောဆိုနေသည်။

စုမင် အံ့အားသင့်​နေမိသည်။

" ညီလေးမော့ ကျုပ်မင်းကို အမှန်တိုင်းပြောပြနေတာပါ....ကျုပ်တစ်ယောက်တည်းဒီလိုတွေးနေရတာ မဟုတ်ဘူး....ရှုံးနိမ့်ခဲ့သူတွေထဲမှာလဲ ကျုပ်လို တွေးမိသူတွေ အများကြီးပဲ..."

" ကျုပ် အဲ့ဒီ့အနှိူင်းမဲ့ရှာမန်ကို ရင်ထဲနေ​လေးစားနေမိတာ...သူက ရက်စက်ကြမ်းကြုတ်တဲ့သားရဲတွေကိုတောင် လှုံ့ဆော်ပေးခဲ့တယ်လေ....ဒါမျိုးကိုတောင် လုပ်နိုင်တယ်ဆိုမှတော့ ဘယ်လောက်တောင် စိတ်ထားမြင့်မြတ်လိုက်သလဲ...."

" အဲ့ရက်တွေတုန်းကဆို ကံကောင်းလွန်းတဲ့ သားရဲကြီးတွေက သူ့ဆီ ပြေးသွားကြတော့ သူတို့တွေအကုန်လုံး နှိုးဆွခံလိုက်ရတယ်..သူတို့ထဲက တစ်ကောင်က မြင့်မြတ်တဲ့သားရဲ ဖြစ်လာလိမ့်မယ်..."

စုမင်သည် စကားလုံးဝမပြောဘဲ ငြိမ်နေခဲ့၏။သူ့နှာခေါင်းကို ထိဖို့ လက်ကို မြှောက်လိုက်ပေမယ့် ထိုအစား မျက်နှာဖုံးကိုသာ ထိလိုက်မိသည် ။

နန်ကုန်းဟန်၏ စကားသံကို ကြားလိုက်သောအခါ လန်လန်နှင့် အားဟူ၏ မျက်လုံးများသည် တောက်ပနေခဲ့သည်။ သူတို့၏ နှလုံးသားများသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး ပီတိဖြစ်နေသည်ကို တွေ့နိူင်လိမ့်မည်။လက်မောင်းတစ်ဖက်ပိန်လှီနေသော ကောင်လေး၏မျက်နှာပေါ်တွင်လည်း လေးစားမှုနှင့် စိတ်အားထက်သန်မှု အရိပ်အယောင်များကို တွေ့မြင်နေရ၏......

"ဒါဆို... သူက ဘယ်လောက်တောင် သန်မာတာလဲ"

လန်လန် မမေးဘဲမနေနိုင်တော့ပေ...

" ဟား ဟား ဘယ်လောက်တောင်သန်မာတာလဲတဲ့.. ...လက်နဲ့ အသာအယာပုတ်ထုတ်လိုက်ရုံနဲ့ ဆောင်းဉီးပင်လယ်မျိုးနွယ်စုက သခင်ကုန်းစီကို ကောင်းကင်ပေါ်မှ လှုပ်မရအောင် ချိတ်ဆွဲထားလိုက်တယ်...ပြီးတော့ ဆောင်းဉီးပင်လယ်မျိုးနွယ်စုတစ်ခုလုံးကို မြေကြီးပေါ် ပြားပြားဝပ်နေအောင် ဖိနှိပ်ထားပြီး သူတို့ရဲ့ မြင့်မြတ်သောမိန်းမပျိုကို ခါးကနေပွေ့ပြီး ခေါ်ထုတ်သွားခဲ့တယ်....."

" ဒါက အချစ်ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ...ကျုပ် တကယ်ကို မနာလိုဖြစ်မိပါရဲ့...."

နန်ကုန်းဟန် သက်ပြင်းချလိုက်လေ၏....

စုမင် ချောင်းဟန့် လိုက်မိသည်။တစ်ခြားသူတွေပါးစပ်ထဲရောက်တာနဲ့ ဇာတ်လမ်းက ပျက်တော့တာပဲ....အမှန်တရားသည် နန်ကုန်းဟန် ပြောသည့်အတိုင်းဟုတ်မနေခဲ့ပေ...

ဒီစကားကို ကြားချိန်မှာ လန်လန့်ရဲ့ မျက်ဝန်းတွေ တောက်ပနေသည်ကို အားဟူမြင်လိုက်မိသည်။ထို့ကြောင့် အားဟူသည် နှလုံးသားထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်လေတော့သည်။

" ဆောင်းဉီးပင်လယ်မျိုးနွယ်စုရဲ့ မြင့်မြတ်သောမိန်းမပျိုက ရက်အနည်းငယ်ကြာတော့ အဲ့လူပေးလိုက်တဲ့ သွေးနဂါးနဲ့ မျိုးနွယ်စုဆီပြန်ရောက်လာတယ်...အခုဆို ဆောင်းဉီးပင်လယ်မျိုးနွယ်စုမှာ မက်ကရယ်ငါးကြီးအပြင် သွေးနဂါး ပါရှိနေပြီ...."

" ဟား တကယ်ဆို ကျုပ် ညီမလေးကလဲ မဆိုးပါဘူး....ဘာလို့ သူ့ကို မရွေးခဲ့တာလဲ..."

နန်ကုန်းဟန် စုမင်ကို ကြည့်လိုက်သောအခါ စုမင်၏ လက်ရှိအမူအရာနှင့်ပတ်သက်၍ တစ်ခုခု ထူးဆန်းနေသည်ဟု ထင်နေမိသည်။

" ဘာဖြစ်လို့လဲ ညီလေးမော့...."

" ဘာမှမဖြစ်ပါဘူး..... အဲ့လူရဲ့ လုပ်ရပ်တွေကြောင့် စိတ်လှုပ်ရှားနေမိလို့ပါ..."

"အမှန်တိုင်းပြောရရင် ကျုပ် ညီမလေးကလဲ အဲ့လူနဲ့တွေ့ခဲ့တယ်...ဒါပေမယ့် သူတို့နှစ်ယောက်က ကံမပါကြဘူး....ဒါ့ကြောင့်လည်း ညီမလေးက သူ့ရဲ့တဖက်သတ်ဆန်တဲ့ခံစားချက်တွေကို ချုပ်နှောင်ထားပြီး အဲ့လူကို နာကျည်းနေတာ....အခုဆို ပိုပြီးတော့တောင် သီးသန့်ဆန်လာတယ်...."

နန်ကုန်းဟန်သည် စုမင်တို့နှင့်အတူ လမ်းအချို့ကို ဖြတ်လျှောက်နေရင်း သက်ပြင်းချနေရှာသည်။

" သူ အခုဘယ်မှာလဲ...သူ့နာမည်ကရော..."

အားဟူ မမေးဘဲ မနေနိူင်တော့ပေ....

" ပျောက်သွားပြီ....ရှာမန်နယ်မြေထဲမှာ သူ လှုံ့ဆော်ပေးဖို့ ဘယ်သူမှမကျန်တော့တာကြောင့် ထွက်သွားခဲ့တာပဲဖြစ်မယ်...သူ့နာမည်က စုမင်...."

" ဆံနီစုမင်...."

ထိုအမည်နာမကို ပြောနေစဉ်တွင် နန်ကုန်းဟန်၏ မျက်နှာပေါ်တွင် ပုဂ္ဂိုလ်ရေးရာအရလေးစားမှုများ ထပ်မံထင်ဟပ်လာပြန်သည်။

စုမင် တခဏမျှ ဆွံ့အနေခဲ့ပြီး ရယ်လိုက်မိတော့သည်။ အရာအားလုံးအတွက် ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း နားနဲ့ဆတ်ဆတ်ကြားလိုက်ရသည့်အခါ သူ မျှော်လင့်ထားသည်များနှင့် အနည်းငယ်ကွာခြားနေသလို ခံစားနေရသည်။

စုမင် ချောင်းဟန့်ပြီး စကားလမ်းကြောင်းလွှဲဖို့ပြင်လိုက်ချိန်တွင် အားဟူ၏ မေးမြန်းသံထွက်ပေါ်လာသည်။

" ဆံနီ....သူ့ဆံပင်တွေက အနီရောင်လား...."

" အဟုတ်ပဲ... ..သူ့မှာ အနီရောင်ဆံပင်ရှည် ၊ခရမ်းရောင် နှုတ်ခမ်းနဲ့  မျက်ခုံးနှစ်ခုအလယ်မှာ မက်မွန်ပွင့်သဏ္ဍာန်အမှတ်အသားတစ်ခုရှိမှန်း လူတိုင်းသိတယ်.....ဒီအချက်တွေက အဲ့လူရဲ့ ထူးခြားတဲ့ လက္ခဏာတွေပဲ....မင်း သူနဲ့တွေ့ခွင့်ကြုံခဲ့ရင် ဉီးညွှတ်ကိုးကွယ်လိုက်ပေတော့...သူ့ရဲ့ ကြီးမြတ်မှုကို သာမာန်လူတွေနားလည်နိူင်မှာ မဟုတ်ဘူး.....ဒါပေမယ့် ငါ နားလည်တယ်..."

" သူ လုပ်နေတာတွေကို ငါ နားလည်တယ်..သူ့ အပြုအမူတွေကိုလဲ ငါ နားလည်တယ်....."

“ဆံပင်အနီရောင်.... ဖြူဖျော့နေတဲ့မျက်နှာ...

ခရမ်းရောင်နှုတ်ခမ်း… မက်မွန်ပွင့်သဏ္ဍာန်အမှတ်အသား…....”

လန်လန် တီးတိုးရေရွတ်နေသည်။

သူမသည် ထိုကဲ့သို့သော ထူးခြားချက်များရှိ

သူကို  မြင်ခဲ့ဖူးသည်ဟု ခံစားနေရပြီးသူမခေါင်းကို မော့ကာ စုမင်ကို လှည့်ကြည့်လိုက်သောအခါ သူမ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားလေတော့သည်။

သူမ သတိရခဲ့လေပြီ.... လွန်ခဲ့သည့်တစ်နှစ်ခန့်က ထိုသို့သောအသွင်အပြင်ရှိသော လူတစ်ဦးသည် သူမတို့ မျိုးနွယ်စုအထက်တွင် ပေါ်လာပြီး တစ်နှစ်အကြာတွင် ဤလူသည် မျက်နှာဖုံးစွပ်ထားပြီး သူမ ရှေ့တွင် ရပ်နေ၏.....

လန်လန်သည် နန်ကုန်းဟန်၏နောက်တွင်ရှိနေသောကြောင့် သူမ၏ ပြောင်းလဲသွားသောအမူအရာများကို နန်ကုန်းဟန် မမြင်နိုင်ခဲ့ပေ...သို့သော် စုမင်၏ အကြည့်များက သူမကို ထိတ်လန့်တုန်လှုပ်စေသည်။သူမ ခေါင်းကို အမြန်ငုံ့ချလိုက်ပြီး စိတ်နှလုံးသားထဲတွင်မူ ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်နေ၏.....

အားဟူ၏ မျက်နှာသည် စက္ကူတစ်စနှယ်ဖြူဖျော့သွားသော်လည်း စုမင်၏ မျက်နှာကို မြင်လိုက်သောအခါ သူ့အမူအရာသည် ဘာမှမဖြစ်သကဲ့သို့ ချက်ချင်းပင် ပုံမှန်ဖြစ်သွားသည်။ သူသည် လန်လန်၏လက်ကို ဆုပ်ကိုင်ထားသော်လည်း သူ့နောက်ကျောတွင် အေးစက်သော ချွေးစေးများစီးကျနေ၏.....

စုမင်သည် လန်လန်နှင့် အားဟူတို့ဆီမှ အကြည့်လွှဲလိုက်ပြီး နန်ကုန်းဟန်ဘက်သို့ လှမ်းကြည့်လိုက်သည်။

" ခင်ဗျား သူ့ကို တွေ့ဖူးလား "

All Chapters